
တလောက သန်းဂျီးမတွေ အကြောင်း ရေးလိုက်တော့ တချို့လည်း သဘောတွေ့ကြ တချို့ကလည်း ပူပန်ကြ အသံမျိုးစုံ ကြားခဲ့ရပါတယ်။ ဒီတခါတော့ တမျိုးပြောင်ပြီး “ပိုး” တွေအကြောင်းရေးမယ် စိတ်ကူးမိပါတယ်။ ပိုးက ရိုးရိုးပိုးမျိုး မဟုတ် ပါဘူး ဂီတပိုး၊ အနုပညာပိုးများ အကြောင်းပါ။ သန်းဂျီးမတွေကို ရေနွေးတွေကြိုထားတဲ့ ဒယ်အိုးထဲထည့်လိုက်တော့ အား လုံးကြွကုန်ပေမယ့် ဒီအနုပညာပိုးက ရေနွေးအိုးထဲထည့်လည်း မသေ၊ လျှပ်စစ်နဲ့ တို့လို့လည်း မသေ၊ အင်မတန် ချိုးရ နှိမ်ရခက်တတ်ပါတယ်။
၁၉၉၈ နေ ၂၀၀၄ နှစ်ကုန်ပိုင်းထိ အင်စိန်ထောင်၊ မန်းထောင်နဲ့ မြောင်းမြထောင်သုံးထောင်ကို ဂန္ဓာရီလှည့်လည် စံမြန်း စဉ်ကာလ ခြောက်နှစ်ခွဲအတွင်း ထောင်အာဏာပိုင်နဲ့ အရှင်းရဆုံးအမှုဟာ ထောင်တွင်း သီချင်းအော်ဆိုမှု အများဆုံးပါ။ တခါကဆို သီချင်းအသစ်တပုဒ်ကို စိတ်နဲ့ရေးပြီးစ သီချင်းတပုဒ်ကို ထ အသံစမ်းဆိုကြည့်တော့ထောင် ၀န်ထမ်းတွေ နံ ပတ်တုတ်တွေ တိုက်ထဲကို အလန့်တကြားပြေးဝင်လာ ကြပါတယ်။ နောက်တော့ ကျနော် သီချင်းဆိုတာဆိုလည်းသိရော ဆဲလိုက်ဆိုလိုက်တာ မိုးမွှန်နေသွားတော့တာပါပဲဗျာ။ သူတို့ အဆိုအရ ကျွန်တ်ာသီချင်းဆိုသံဟာ ခွေးဟောင်သံထက်ကို ဆိုးတယ်လို့ဆိုပါတယ်။ အဲဒီလောက်ထိ ပါရမီ ထူးခြားပါတယ်။ အဲဒီကြားထဲက ကိုထိန်လင်းက စိတ်ကူးလွဲနေတာ ပန်းချီ ဆွဲရမှာ မဟုတ်ဘူးဗျ သီချင်းဆိုရမှာလို့ တခါတလေ ကာရာအိုကေမှာ တစုံတယောက် ပြောလာရင်တော့ ကျနော်လက် ထဲက မိုက်ကရိုဖုန်းဟာ ဆွဲလုမယူခဲ့ရင် တခြားလူရဘို့ မမြင်တော့ပါဘူး။ အဲလောက်ရူးပါတယ်။
ရူးတဲ့အထဲမှာတော့ ကာလတခုမှာ လူကက်ဆတ် ဖြစ်သွားတဲ့အထိပါ။ အဲဒီကာလက စီဒီတွေ မပေါ်သေးတဲ့ ကတ်ဆတ် ခေတ်ဖြစ်တာမို့ လူကတ်ဆတ် ဖြစ်သွားရတာပါ။ ခုလို စီဒီခေတ်၊ အိုင်ပေါ့ခေတ်ဆိုရင်တော့ လူစီဒီ၊ လူအိုင်ပေါ့တို့ ဘာတို့ ဖြစ်သွားနိုင်ပါတယ်။ လူကတ်ဆက်က ဘယ်တုန်းက ဖြစ်ခဲ့ဘူးပြန်တာတုန်းဟု မေးသော် ၁၉၉၁ စက်တင်ဘာ နောက် ပိုင်းကနေ ၁၉၉၂ မိုးလယ်ပိုင်းအတွင်း ကချင်ပြည်နယ် ပါဂျောင်ဒေသ ABSDF (NB) ထပ်ဖွဲ့၏ အကျဉ်းသား ဘ၀က ဟု တိတိကျကျ ပြောမှဖြစ်ပါလိမ့်မယ်။
အဲဒီလိုပြောရတဲ့ အကြောင်းကတော့ တောင်ပိုင်း ထိုင်းနယ်စပ်မှာ ABSDF တပ်ဖွဲ့ဟာ တော်လှန်ရေး တပ်ဖွဲ့တခုအဖြစ် ဆက်လက် ရပ်တည်နေပြန်ပါတယ်။ အဲဒါကြောင့် မဆီမဆိုင် အလကားနေရင်းမတ်တတ် တချို့က ဒီတပ်ဖွဲ့က ရဲဘော် တွေကို ဒီပြဿနာတွေနဲ့ ဆက်စပ်ပတ်သတ် နေသယောင် ထင်ယောင်ထင်မှား မဖြစ်ရဘို့ တိတိကျကျ ကြိုပြောထားရ ခြင်း ဖြစ်ပါသဗျ။ ပြဿနာက တောင်ပိုင်းတပ်ဖွဲ့ ဦးဆောင်သူတွေထဲမှာက ကိုမျိုးဝင်း နာမည်တူက ရှိနေတော့ အလကား နေရင်း ကိုမျိုးဝင်း အိပ်ယာအောက် ရေ၀ပ်တဲ့ကိန်း ၀င်နိုင်တာ မြင်ယောင်မိလို့ပါ။
ကျနော်အနေနဲ့ ဒီအကြောင်းအရာကို ရေးသားဘို့ လက်တွန့်တဲ့အထဲမှာ အဓိက အချက်တခုကတော့ နှစ်ပေါင်း၂၀ ကျော် လာတဲ့ ကျောင်းသားတော်လှန်ရေးသမိုင်း အလံတော်ကို မည်သို့ပင်ဖြစ်စေ ချစ်နေဦးမည်ဆိုတဲ့ စာသားလို ဒုက္ခအပေါင်း ခါးစည်းခံပြီး စွဲစွဲမြဲမြဲ လုပ်နေတဲ့ပုဂ္ဂိုလ်တွေလည်း ရှိနေသေးတယ်ဆိုတာကိုလည်း သိနေတဲ့အခါ အတော်လက်တွံ့မိတယ် ဆိုတာ ရိုးသားစွာ ၀န်ခံပါတယ်။
ပြည်ပကို ထွက်ခွင့်စပြီးရတော့ ချင်းမိုင်ကို ပန်းချီပြပွဲ ကိစ္စနဲ့ လာတဲ့အချိန်မှာ လက်ရှိ အေဘီခေါင်းဆောင် (ကို) သံခဲက သမီးလေးနဲ့အတူ ဆိုင်ကယ်လေးနဲ့ လေယဉ်ကွင်းလာ ကြိုသဗျ။ ကျနော်တို့ တောစခိုကာစက အိန္ဒိယ လေခွန်းစခန်းမှာ ကျနော့်အနွံအတာ အများကြီးသည်းခံနားလည်မှု ပေးခဲ့တဲ့သူငယ်ချင်း ဖြစ်လို့ပါ။ ပန်းချီပြပွဲ ဖွင့်ပွဲအပြီး နောက်တရက်မှာ တော့ သံခဲက မင်းကို ဒီနေ့ စပါယ်ရှယ်ဒင်နာ ကျွေးမယ်ဆိုပြီး လာခေါ်ပါတယ်။ သိတဲ့အတိုင်း လက်ရှိ အေဘီ ဥက္ကဋ္ဌ တ ဦးက တည်ခင်းမယ့် ညစာဆိုတော့ တော်တော်လေး စိတ်ဝင်စားပြီး သူ့ဆိုင်ကယ်လေးနောက်ကနေ လိုက်သွားပါတယ်။ လမ်းမှာ စမူဆာတို့၊ နံပြားတို့၊ ဒန်ပေါက်တို့ရတဲ့ ကုလားဆိုင်တဆိုင်ကို ၀င်ပြီး ပဲဟင်းနဲ့ ကြက်သားဟင်း ၂ထုပ် ၀င်ဝယ် သဗျ။ ပြီးတဲ့အခါကျတော့ သူတို့မိသားစု ငှါးထားတဲ့ အခန်းလေးကို သွားကြပါတယ်။
သူတို့မိသားစု သုံးယောက်နေတဲ့ အခန်းလေးထဲရောက်တော့ မဒမ်သံခဲက ကျနော်အတွက် အထူးစီမံထားတဲ့ ဟင်းတ ခွက်နဲ့ စောင့်နေပါတယ်။ တခြားဟုတ်ပါရိုးလားဗျာ။ ကျနော်တို့ အိန္ဒိယမှာ နေခဲ့စဉ်က ရွှေလှံဗိုလ်လို့ နာမည်ကြီးတဲ့ ကု လားအော်ငြုပ်သီးကို ငပိနဲ့ ထောင်းထားသဗျ။ ပြောစရာတခုရှိတာကတော့ မဒမ်သံခဲ (ကျနော်တို့အခေါ် ဒေါ်လှိုင် ခေါ် မခင်ဆွေလှိုင်) ဟာ ကျနော်တို့ မြောက်ပိုင်းပြဿနာတွေ ဖြစ်နေချိန်မှာ ပါဂျောင်မှာ တထိတ်ထိတ် တလန့်လန့်နဲ့ ဖြစ် ပျက်သွားတဲ့ အနိဋ္ဌာရုံ အားလုံးကို မြင်တွေ့ခဲ့ရတဲ့ မျက်မြင်တဦးလည်း ဖြစ်ပါသဗျ။ ဒီလိုနဲ့သုံးဦးသား ရှေးဟောင်းနှောင်း ဖြစ်တွေပြောရင်း မျက်ရည်ဖြိုင်ဖြိုင် ကျရပါတယ်။ (ရွှေလှံဗိုလ် ငြိုပ်သီး ကြောင့်ပါ ဒီငြုပ်သီးက စားတဲ့သူတိုင်း မျက်ရည် ကျအောင် စပ်ပါတယ်။)
ထမင်းစားပြီးတော့ စကားပြောကြရင်း ကိုထွန်းအောင်ကျော်တို့တွေ ထောက်လှမ်းရေးအဖြစ် စွပ်စွဲခံခဲ့ရပြီး ကျဆုံးခဲ့ရတာ နဲ့ ပတ်သက်ပြီး လက်ရှိတောင်ပိုင်း ABSDF (NB) က တော်လှန်ရေးသမား ကျောင်းသား ရဲဘော်တွေသာ ဖြစ်တဲ့အ ကြောင်း ကြေညာချက်ထုတ်ပေးဘို့ သင့်၊ မသင့်ကိစ္စ စကားပြောမိကြပါတယ်။ ဒီတော့ သူက ခပ်ရှင်းရှင်းပဲ ဒီလိုပြောပါ တယ်။ သူငယ်ချင်း မင်းစဉ်းစားကြည့် ဒီကိစ္စ ဖြစ်နေချိန် ငါက အနောက်ပိုင်း (အိန္ဒိယ) ဘက်မှာပဲ ရှိသေးတာ၊ မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာလည်း မဟုတ်ဘူး။ ပြီးတော့ ဒီကိစ္စမှာ တိုက်ရိုက်ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ သက်ရှိထင်ရှား ရှိနေပါရက်နဲ့ ဘာမသဘောထားမှ မပေးဘဲ ရေငုံနေကြတာကို ငါက သဘောထားထုတ်ပေးဘို့ ဘာမှ မလိုဘူးထင်တယ်လို့ ပြောပါ တယ်။ သူပြောတာ အမှန်ပါပဲ။ အမှန်ကတော့ ကျနော်တို့ မသေဘဲ ကျန်နေသူတွေ လုပ်ရမယ့် အလုပ်ပါ။ ကျနော်တို့ တွေရဲ့ အားနည်းချက်။ ကျနော်တို့တွေရဲ့ တာဝန်ပျက်ကွက်မှု သက်သက်ဖြစ်ပါတယ်။
ပြီးတော့ ဆက်ပြောတာက ငါတို့က အခုလက်ရှိ ရှိနေတဲ့ အခြေအနေကို ထိမ်းထားနိုင်ဘို့ကို မနည်းရုန်းကန် နေရတာ။ အပြင်ရောက်နေတဲ့ ကိုယ့်မြန်မာတွေ ကူညီနေလို့ ဒီလောက်ထိ ရပ်တည်နေနိုင်တာ။ ဒါလည်းအမှန်ပါ။ လောလောဆယ် ကျနော်တို့ သုံးယောက် ထမင်းစားနေရတာကိုက သူတို့မိသားစု အိပ်ခန်းထဲမှာ စားနေရတာပါ။ အိပ်ခန်းနဲ့ မီးဖိုချောင်နဲ့ ထမင်းစားခန်းကို ပေါင်းထားတဲ့ သရီး အင်န် ၀မ်း အခန်းလေးကို ကြည့်ပြီး လက်ရှိ အေဘီ အတွက် စခန်းပြင်ထွက်ပြီး လှုပ်ရှားနေတဲ့ ခေါင်းဆောင်တဦးတောင် ခုလို ကြပ်ကြပ်တည်းတည်း ချို့ချို့တဲ့တဲ့ နေရရင် အထဲမှာ ရုန်းနေရတဲ့ ရဲဘော် တွေခမြာ ဘယ်လောက် ခက်ခဲကြမလဲဆိုတာကို ခန့်မှန်းမိပြီး စာနာမိပါတယ်။ ဒီလို အကြပ်တည်းကြား ခရီးဆက်နေတဲ့ သူတို့စိတ်ဓါတ်ကိုလည်း လေးစားမိသွားပါတယ်။ ဒါကြောင့် အခုရေးသားမယ့် လူကတ်ဆက် အဖြစ်အပျက်များမှာ လက် ရှိ ABSDF တပ်ဖွဲ့မှာ တာဝန်မရှိပါကြောင်း ကြိုတင် ပြောထားရပါတယ်။
ရိုးရိုးသားသားပြောရရင် ခုလို ကြိုတင်ရှင်းလင်းထားရတာကလည်း သတင်းတွေထဲမှာ အမြဲပါပါလာတတ်တဲ့ ရဲဘော် သံခဲ ဆိုတဲ့ ဒီပုဂ္ဂိုလ်ကို နည်းနည်းလန့်တာလည်း ပါပါတယ်။ မလန့်လို့လည်း မရဘူးဗျ။ ကျနော်ရဲ့ ငယ်ကျိုး ငယ်နာအား လုံးကို ဒီငသိက သိထားတာ၊ မတော် အိန္ဒိယစခန်းမှာနေခဲ့တုန်းက ကျနော်ကြောင်ခဲ့တဲ့ ကသည်းမတွေထဲက တယောက် ယောက်နာမည်ကို မှားရိုက်သလိုနဲ့ အွန်လိုင်းကနေ ကျနော့်မိန်းမ မေးလ်ထဲ ရိုက်ထည့်လိုက်တာမျိုးပေါ့ဗျာ။ ဆောရီး တလုံးထဲနဲ့တင် ကျနော် စပွန်ဆာပျောက်သွားနိုင်တဲ့ အကွက်လေးတွေက ရှိနေတော့ ကြိုခင်းရကျင်းရ တင်ရမြောက်ရ တာလေးတွေတော့ ရှိတာပေါ့ဗျာ။ ကျနော်တို့ လူပြက်တွေ ပြက်လုံးပြက်တာတောင်မှ မပြက်ခင်မှာ ရပ်ရွာ အခြေအနေ ကြည့်ပြီး ပဏာမ အမှုနဲ့ ဂါရ၀ပြုပါသည် ဆိုတာလေးတွေက လုပ်ရသေးတာကိုး။ နို့မဟုတ်ရင် ပွဲခင်းထဲ ဖါးခုန်ဝင်လာတာ ကနေ ကျားခုန်ဝင်လာတယ် ဖြစ်လို့ ပြေးပေါက်တွေမှားခဲ့ရဘူးတဲ့ ကိုယ်တွေ့တွေက ရှိခဲ့တာကိုး။
နောက်ပြဿနာတခုကတော့ ကိုထွန်းအောင်ကျော် နာမည်တူပြဿနာပါ။ ခက်တာက ၂ ယောက်စလုံးက အေဘီဥက္ကဋ္ဌ တွေချည်း ဖြစ်နေတာပါ။ ခုလောလောဆယ် အမေရိကားမှာရှိနေတဲ့ ကိုထွန်းအောင်ကျော်က တောင်ပိုင်းက ဥက္ကဋ္ဌ ဟောင်း ဖြစ်ပြီး ကျနော်တို့ရှေ့က ၁၉၇၄ မျိုးဆက်က ဖြစ်ပြီး ကျနော်တို့ထက်အရင် ထောင်ပုံစံထမင်းကို စားခဲ့သူပါ။
ဒီလောက် နိဒါန်းပျိုးပြီးပြီ ဆိုရင်ဖြင့် ကျနော့် လူကက်ဆက်ဖက်ကို လှည့်လို့ရပြီ ထင်တယ်ဗျာ။ ပြောမယ့်သာ ပြောရတာ အွန်လိုင်းမှာ စာရေးရတာလည်း မလွယ်ဘူးဗျ။ ပြောသလိုအ င်မတန် ၀ဋ်ကြွေးမကင်းတဲ့ လူတွေ လုပ်တဲ့အလုပ်ဗျ။ ရေး တဲ့စာမူက စာရိုက်လို့ မပြီးသေးခင် ကွန်မင့်က အောက်က အရင်တက်လာတဲ့ ခေတ်ကြီးကိုး။
ကျနော်တို့ ပါဂျောင်မှာ ဖြစ်ပွါးခဲ့တဲ့ သန်းဂျီးမ အတွေ့အကြုံကို ဖတ်ပြီးကြတဲ့နောက်မှာ အမျိုးမျိုး တုန့်ပြန်လာတာ တွေ့ရ ပါတယ်။ ကျနော်ကိုလည်း ဒီပြဿနာကို ဘယ်သူတွေ ကျူးလွန်တယ်။ ဘယ်သူတွေ ဘယ်ပုံ သေဆုံးခဲ့ရတယ်။ ဘယ်သူ တွေ အသက်မသေပဲ ကျန်နေတယ် … စသည်ဖြင့်ပေါ့ဗျာ။ ပြောရရင် ကျနော်နဲ့အတူ ထွက်ပြေးလာကြတဲ့ ရဲဘော် ၅၀ လုံး ပြည်တွင်းမှာ အသက်ရှိထင်ရှား ရှိနေကြသလို တိကျတဲ့ စာရင်းဇယားနဲ့ ထုတ်ဘို့လည်း လုပ်နေတယ်ဆိုတာ ကြား ရပါတယ်။
နောက် တကယ်ကြုံခဲ့ရတဲ့ ရဲဘော်တွေရဲ့ ပြောကြားချက်တွေကတဆင့် အချက်အလက်တွေကို ဖေ့ဘွတ် စာမျက်နှာပေါ် တက်လာတာလည်း တွေ့နေရတာမို့ အချက်အလက်တွေ သိချင်ရင်တော့ အဲဒီ စာမျက်နှာတွေကိုပဲ ညွန်းဆိုရပါတယ်။ ကျနော်အဓိက ရေးချင်တာက အဲဒီ ကာလဆိုးကြီးမှာ ကျနော်တို့ ဘယ်လိုခံစားရသလဲ၊ ဘယ်လို အသက်ရှင်အောင် မွေးခဲ့ကြသလဲ၊ ဘယ်လို အမှားတွေ ရှိခဲ့သလဲဆိုတဲ့ အချက်တွေကိုပါ။
ဒီလိုဗျ ဒီပြဿနာတွေ မဖြစ်ခင်က ABSDF(NB) အဖွဲ့ရဲ့ ဥက္ကဋ္ဌက ကိုထွန်းအောင်ကျော် ပါ။ ဥက္ကဋ္ဌ အပါအ၀င် ဗဟိုကော် မတီ ၀င်အားလုံးလိုလို ကို ထောက်လှမ်းရေးတွေ ဆိုပြီး ဖမ်းဆီးခဲ့တဲ့ အဖွဲ့မှာ ဥက္ကဋ္ဌ လုပ်ခဲ့သူက ကိုအောင်နိုင်။ အတွင်း ရေးမှုးက ကိုမျိုးဝင်း ပါ။ စစ်ရေးတာဝန်ခံက ကိုသံချောင်း ပါ။ ကျနော်တို့ကို ဖမ်းဆီးနှိပ်စက် စစ်ဆေးတဲ့ ကိစ္စတွေကိုတော့ ကျောင်းသားတပ် ထောက်လှမ်းရေးတပ်ဖွဲ့က ဆောင်ရွက်ပြီး ကိုမျိုးဝင်းက ဦးစီးသဗျ။
အဲဒီကာလမှာတော့ ထောက်လှမ်းရေးတပ်ဖွဲ့ဟာ ထင်တိုင်းကြဲခွင့် ရှိပါတယ်။ ကျနော်တို့ကိုလည်း အချိန်မရွေး ထောင်က နေ ခေါ်ထုတ်ပြီး အချက်အလက် လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ ခေါ်ယူပြီး ကြိုက်တဲ့နည်းနဲ့ စစ်ဆေးလို့ရပါ တယ်။ ညှဉ်းပန်းနည်း မျိုးစုံကိုလည်း တီထွင်ခွင့် ရှိပါတယ်။ ဒီလိုပြောရတာကတော့ တကြိမ်မှာ ကျနော်ကိုခေါ်ပြီး ပါးစပ် ထဲကို ၀ါယာကြိုး ၂ ပင် ပူးထည့်ပါတယ်။ ပြီး ပါးစပ်ကို တိတ်နဲ့ ပိတ်လိုက်ပါတယ်။ ပြီးတော့ ၀ါယာစကို လက်နဲ့လှည့်ခေါ် ရတဲ့ တယ်လီဖုန်းနဲ့ဆက်ပြီး လျှပ်စစ်ဓါတ် ထွက်လာတဲ့အထိ လှည့်ပြီး ညှဉ်းဆဲပါတော့တယ်။ အမှန်တော့ စမ်းသပ်တာပါ။ အဲဒီကထွက်လာတဲ့ လျှပ်စစ်ဓါတ်ကြောင့် ကျနော့် ခေါင်းတ၀ိုက်မှာ လျှပ်စစ်စီးနေတာကို မျက်လုံးမှိတ် အော်နေတဲ့ အာ ရုံမှာ မြင်နေရတဲ့ အထိပါပဲ။ စစ်နေတဲ့ ချာတိတ်တွေက ကျနော့်ကိုကြည့်ပြီး တခွီးခွီး သဘောကျ ရယ်ပါတယ်။ အကြောင်း ကတော့ ကျနော့် မျက်နှာဟာ လျှပ်စစ်စီးဆင်းမှုကြောင့် တွန့်လိမ်ရှုံ့တွ နေတဲ့ကြားက ကြွက်သားတွေ တဆတ်ဆတ် ဖြစ်သွားပုံဟာ တော်တာ် ရီစရာ ကောင်းနေပုံ ရပါတယ်။ အဲဒါကိုပဲ ထပ်ခါထပ်ခါ လုပ်ပြီး တခွိခွိ ဖြစ်နေပါတယ်။
နောက်တော့ သူတို့ရဲ့ ရှာဖွေတွေ့ရှိချက်ကို ဥက္ကဋ္ဌကို ခေါ်ပြလိုက်ပါသေးတယ်။ ကြည့်ကြည့် နည်းနည်းလေး လှည့်ရင် နည်းနည်းလေး ရွှဲ့တယ် များများလှည့်ရင် များများရွှဲ့တယ် စသည်ဖြင့်ပေါ့ဗျာ။ အဲဒီချိန်က ကျနော့်ကို နှိပ်စက်နေတဲ့ထဲက ဖိုးနှောင်းဆိုတဲ့ ကောင်လေးဆိုတာကလည်း ၁၈ နှစ်လောက် ရှိပါဦးမယ်ဗျာ။ တခါကျတော့လည်း ကျနော်ကို ထင်တိုင်း လှိမ့်ရိုက်နေရာက သူတို့ တချက်ရိုက်ရင် ကျနော်က ဒူဝေေ၀လို့ အော်ပေးရမယ်လို့ ပြောလာပြန်သဗျ။အဲဒီတော့ ကျနော့် လိုကောင်မှာလည်း ပေါကြောင်ကြောင်နဲ့ ဒူဝေေ၀ ရတာပေါ့ဗျာ။ နောက်တော့ နာလွန်းမက နာတော့လည်း ဒူဝေေ၀ တင် မက ဒူဝေးဝေးဝေးဝေး ထိကွန့်ရတဲ့ထိ ပေါ့ဗျာ။
အဲလို ထောက်လှမ်းရေး နှိပ်စက်ချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေကတော့ ကျနော်တို့တွေဟာ အကျဉ်းထောင်တာဝန်ကျ တဲ့ အဖွဲ့ရဲ့ လက်ထဲမှာပဲ နေရသဗျ။ အဲဒီ ထောင်ကုန်း တာဝန်ခံဆိုတဲ့ အဖွဲ့ကလည်း သူတို့ ခေါင်းဆောင်ပိုင်းနဲ့ ထောက် လှမ်းရေးအဖွဲ့က အယုံကြည်ရဆုံးထဲမှာမှ လက်ရဲဇက်ရဲ နာမည်ရသူတွေကို တပ်ဖွဲ့ ဖွဲ့ပေးထားတာမို့ ထောင်လုံခြုံရေး အဖွဲ့က ဒုတိယ တန်ခိုးထွားဆုံးပေါ့ဗျာ။
အဲဒီလုံခြုံရေးလက်မှာ ကျနော်တို့အသက်ကို ၀ကွက် အပ်ထားရတာမို့ သူတို့ပြုသလို နုရပါတယ်။ သူတို့ကလည်း သူတို့ ခန့်ထားတဲ့ တာဝန်နဲ့လျော်ညီစွာ လက်စွမ်းလက်စ အပြိုင်ပြရပါတယ်။ တညမှာတော့ ကျနော်တို့ကို မျက်နှာတွေစည်း ထားပြီး အိပ်ယာထဲ လှဲခါနီးမှာ လူကက်ဆက် အထူးဖျော်ဖြေရေး အစီအစဉ် ဖြစ်ပေါ်လာပါတယ်။ အဲဒါကတော့ မင်းတို့ အထဲက ဘယ်သူ သီချင်းကောင်းကောင်းဆိုတတ် သလဲကွတဲ့။ အားလုံး တိတ်ပြီးနေပါတယ်။ ဘာများ လုပ်ဦးမလို့လဲ ပေါ့လေ။ လုပ်ပါကွတို့က ဒီကုန်းပေါ်မှာ နေ့နေ့ညည စောင့်နေရတာ။ ပျင်းစရာကြီး အပျင်းပြေ သီချင်းဆိုတဲ့ အစီအစဉ် လေး လုပ်ရအောင်ဆိုတော့ တယောက်က ကိုဘောကြီး ဆိုတတ်တယ်ဆိုပြီး ကျနော်ဆီကို ကျနော်တို့ထဲက တယောက် က ချွန်တွန်းလုပ်လွှတ်လိုက်ပါတယ်။
ကျနော် အဖမ်းမခံရခင်မှာ အူကျသလို ဖြစ်လို့ ခွဲစိတ်မှုတခု လုပ်ခဲ့တာကို စွဲပြီး ကျနော့်ကို ဖမ်းတဲ့အခါမှ မင်းလို ထောက် လှမ်းရေးက မတန်မရာ ဗိုလ်ချုပ်ငယ်နာမည် မှည့်ရကောင်းလားဆိုပြီး နောက်နာမည်တခုရှိလား မေးပါတယ်။ အဲဒီမှာ တယောက်က တလောလေးက ဒီကောင် ဘောခွဲထားတာ ဘောကြီးလို့ ခေါ်ရအောင်ဆိုပြီး နံနှိမ်လိုက်ပြီးတဲ့နောက် ကျနော် နာမည်ဟာ ဘောကြီး ဖြစ်လာပါတယ်။
နောက်ဆုံးတော့ ကျနော်က တတ်သည့်ပညာ မနေသာဆိုသလို ဓနုဖြူစိုးသိန်းရဲ့ လူပျိုကြီးသီချင်းကို ခပ်နောက်နောက် လေး ဆိုပြလိုက်ပြီးတဲ့ နောက်မှာတော့ ကျနော်ဟာ ထန်းပင်တက်လက်မှတ်ရတဲ့လူ တယောက် ဖြစ်သွားပြီး မကြာခဏ ဆိုသလို ဒီသီချင်းကို ဆိုပြရတဲ့ ဘ၀ ရောက်ပါတော့တယ်။ အဲဒီနောက်တော့ စောစောက သီချင်းဆိုခိုင်းတဲ့ လူက ကျနော့်မျက်နှာနား လာရပ်ပြီး ပါးစပ်ဟလို့ ဆိုပါတယ်။ ကျနော်ပါးစပ် ဟလိုက်တော့ သူသောက်နေတဲ့ ဆေးပေါ့လိပ်ကို လာတပ်ပေးပြီး သောက်လို့ပြောပါတယ်။ ဘယ်ပြောကောင်းမလဲဗျာ ကျနော်ဟာ နေရင်းထိုင်ရင်း လူ ၇၀ ကျော်လောက် ထဲမှာ ဆေးပေါ့လိပ် ပထမဆုံး စသောက်ခွင့်ရတဲ့ ကံထူးသူ ဖြစ်သွားတာပေါ့။ သောက်တယ်ဆိုတာကလည်း သူ့စေတနာ ရှိသလောက် သုံးလေးဖွါပေါ့ဗျာ။ လက်ပြန်ကြိုး ချည်ထားတဲ့အပြင် မျက်လုံးကလည်း စီးထားသေးတာကိုး။
ဒီလိုနဲ့ ကျနော်တယောက် ဆေးလိပ်ကလေး သောက်ခွင့်ရပြီး ထောင်စောင့်နဲ့ ကောင်တွေရဲ့ မျက်နှာသာရတာလေး ကြားတဲ့အခါ နောက်ဘယ်သူ သီချင်း ဆိုချင်သေးလဲ ဆိုတဲ့အခါ နောက်ထပ် ဖိုးဆိုချင်လေးတွေ ပေါ်လာပါတယ်။ တ ယောက်က ဆိုနေချိန်မှ ကျန်တဲ့လူတွေက လှဲနေကြရပါတယ်။ သီချင်းဆိုတဲ့ သူကပဲ ထထိုင်ပြီး မျက်နှာစည်းထားရက် က ဆိုပြရပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီညလေးဟာ ကျနော်တို့ ဘ၀မှာတော့ လက်ရှိခံနေရတဲ့ ဒဏ်ရာတွေ ဒုက္ခတွေထဲက နေ အပြန်အလှန် ဆိုပြကြတဲ့ သီချင်းလေးတွေထဲ စီဆင်းမျောပါ သက်သာခွင့်လေး တခဏရခဲ့တဲ့ ညလေးတည အစဖြစ် ခဲ့ပါတယ်။
ရာသီဥတုတွေ ပြောင်းလဲသလိုပဲ ကျနော်တို့ လုံခြုံရေးတဖွဲ့ရဲ့ သဘောထားကလည်း အမျိုးမျိုးပြောင်းနေတာမို့ တညမှာ တော့ လုံခြုံရေးတာဝန်ခံတဲ့ အဖွဲ့ရော ထောက်လှမ်းရေးတာဝန်ခံတဲ့ အဖွဲ့တွေရော တပ်ဖွဲ့ကို ခေါင်းဆောင်တဲ့ လူတွေပါ ထောင်ကုန်းအောက် တနေရာရာမှာ သောက်ကြပြီး တော်တော်ရေချိန် မှန်လာတော့မှ တက်လာကြပါတယ်။ ဒီလိုညမျိုး တွေဟာ ကျနော်တို့တွေအတွက်တော့ မြိုင်ရာဇာတွတ်ပီ စကားကို ငှါးပြောရမယ်ဆိုရင်တော့ ဒီည ကံမကောင်းပါလားလို့ ပြောရမယ့်ညပါ။ ထုံးစံအတိုင်း တရားခံတွေထ ဆိုတော့ ထထိုင်နေရပြီး မျက်နှာတွေ စည်းထားတဲ့ ကျနော်တို့ရှေ့က အလာလမ်းပေါ်မှာ လူတွေ လမ်းတွေ လျောက်နေကြသံ ဆဲဆိုကြိမ်းမောင်းသံတွေပဲ ကြားနေရပြီး သူတို့ကိုတော့ ဘယ် မြင်ရမလဲဗျာ။ တယောက်က ဟာဒီကောင်တွေ သီချင်းဆိုကောင်းတယ်ဗျ ဆိုပြီး စလာပါတော့တယ်။
အဲဒီ အချိန်မှာ ထောင်မှူးလုပ်တဲ့ ကောင်က အားလုံးနားထောင် ခုချိန်ကစပြီး မင်းတို့က လူကက်ဆက်တွေ လုပ်ရမယ်။ မင်းတို့ကို ဘယ်ဘက်ပါးကို ရိုက်လိုက်ရင် အဲဒါ ကက်ဆက်ဖွင့်တာပဲ။ မင်းတို့ရတဲ့ သီချင်းကို ဆိုရမယ်။ ညာဘက်ပါးကို ရိုက်လိုက်ရင် stop ပဲ နားလည်လားလို့ အော်လိုက်တော့ အားလုံးကလည်း နားလည်ပါတယ်လို့ ပြန်ဖြေလိုက်ရတာပေါ့ ဗျာ။ အဲဒီလို ပြန်ဖြေပြီး သူတို့ကြားမှာ ဘယ်ကက်ဆက်ကို စဖွင့်ရင် ကောင်းမလဲဆိုတာ နည်းနည်းကြိတ်ပြောသံ တိုးတိုးကြားနေရပြီး ဘောကြီး၊ ဘောကြီး ဆိုတာလဲကြားရသဗျ။ စက္ကန့်ပိုင်းအတွင်းမှာပဲ ဖြန်းကနဲ ကျနော့်ဘယ်ဘက်ပါး ပူကနဲ ဖြစ်သွားတာမို့ ကောက်ကာငင်ကာနဲ့ လူပျိုကြီး သီချင်းရဲ့ အင်ထရိုတီးလုံးလေး ပြာပြာသလဲကောက် ပါးစပ်နဲ့ဆို ရင်း လူကက်ဆက်ဘ၀ အရှင်လတ်လတ် ကျရောက်သွားပါတော့တယ်။
ပြောရရင်တော့ အဲဒီညက ကျနော်ကနေ အစပြုပြီး သီချင်းဆိုတတ်တဲ့ အကျဉ်းသားရဲဘော် အတော်များများဟာ လူစင် စစ်ကနေ လူကက်ဆက်ဘ၀ ရောက်သွားခဲ့ရသဗျ။ ပါးရိုက်တဲ့ လက်ဆတွေကတော့ အမျိုးမျိုးပေါ့ဗျာ။ တချို့ကျတော့ လည်း ဆိုနေရင်းက ညာဘက်ပါးကို ပြင်းပြင်းရိုက်ပြီး ပိတ်လိုက်တော့ အူကြောင်ကြောင်နဲ့ ဘာဆက်လုပ်ရမယ်မသိ ဖြစ် နေချိန်မှာ ပြန်အိပ်တော့လေဆိုပြီး ရင်ဝကို ဘိနပ်နဲ့ ဆောင်ကန်လိုက်တာခံ ရပြီးမှ လန်ကျသွားတဲ့သူတွေလည်း ရှိပေါ့ ဗျာ။
တကယ်စေ့စေ့တွေးကြည့်တော့ ဒါဟာ အကြီးအကျယ် စော်ကားတဲ့ကိစ္စပါ ဒါပေမဲ့ ကျနော်ဆိုတဲ့ ကောင်က ဘယ် လောက်ထိ ရူးသလဲဆိုတော့ အဲဒီအစီအစဉ်ကို စပြောပြ နေတုန်းက တော်တော်ဆန်းပြားတဲ့ စိတ်ကူးလေးပဲ တော်တော် စိက်ကူးကောင်းတဲ့လူလို့ စိတ်ထဲက တွေးမိနေသေးဗျာ။ ပါးရိုက်ချလိုက်တော့မှ ဘုရားတမိတာဗျ။ အဲဒီနောက်ပိုင်းက စလို့ ကျနော်တို့ အားလုံးဟာ ဒီလူကက်ဆက်တွေအဖြစ် အစောင့်တွေနဲ့ ထောင်ကုန်းပေါ်တက်လာတဲ့ ဗီအိုင်ပီတွေကို ဖျော်ဖြေရတာဟာ အစဉ်အလာတခု ယဉ်ကျေးမှုတခု ဖြစ်လာပါတော့တယ်။
ကျနော်အတွက်တော့ စောစောကလို လူက ၀မ်းတွင်းရူး ဖြစ်နေကြောင့်လည်းဖြစ်လို ဒီသီချင်းသီဆိုတဲ့ အစီစဉ်မှာ ပါဝင်ရ တဲ့ လုံလောက်တဲ့ နောက်အကြောင်းတခု ရှိပါတယ်။ သီချင်းဆိုခိုင်းတဲ့ လူက ကျနော်တို့ကို နှိပ်ကွပ်နေတဲ့ ထောင်အာ ဏာပိုင်တို့ ထောက်လှမ်းရေးတို့ ဖြစ်ပေမယ့် နားထောင်နေတဲ့လူ အများစုကတော့ ထောက်လှမ်းရေးရဲ့ နှိပ်စက်မှုဒဏ်နဲ့ သေလုမြောပါး ဖြစ်နေရသူတွေ ဘယ်နေ့ထုတ်ပြီး သတ်မလဲဆိုတာ တထိတ်ထိတ် ဖြစ်နေရတဲ့ ဘ၀တူ တော်လှန်ရေး ရဲဘော်တွေ ဖြစ်နေလို့ပါ။ တကယ်လည်း နေ့မြင် ညပျောက် သွားတာတွေကလည်း မနည်းမနောကိုးဗျ။ ဒါကြောင့် ဘာ ပဲဖြစ်ဖြစ် အသက်ရှင်ခွင့် ရတဲ့အချိန်လေးတခုမှာ စိတ်လေးခဏ အနုပညာကြောင့် သက်သာရာရလည်း မနည်းဘူးဆိုတဲ့ စိတ်နဲ့ ပါးရိုက်ရိုက် မရိုက်ရိုက် သီချင်းဆိုကြချိန်တွေတိုင်း အရိုက်ခံပြီး ၀င်ဆိုခဲ့တဲ့အပြင် နောက်ပိုင်းမှာ တကိုယ်တော် အငြိမ့်ပြက်လုံး အစီအစဉ်လေးတွေပါ ဆောင်းပြီး တင်ဆက်ဖြစ်ပါတယ်။
ဒီလောက်ဖြစ်နေတဲ့ကြားမှာ ၀င်ပြီး ရီစရာ ပြက်လုံးထုတ်ရတာ တော်တော်အန္တရာယ်များသလို စိန်ခေါ်ချက်လည်း များပါ တယ်။ နားထောင်နေတဲ့ လူတွက ကိုယ့်ကိုမှ မမြင်နိုင်တာကိုး ထိုင်နေရင်းကနေ လုပ်ရတာဖြစ်သလို ကိုယ့်မျက်နှာကို လည်း ပိတ်စကြီးနဲ့ စည်းထားတာဆိုတော့ နောက်ဆုံးမှာ ရေဒီယိုကလာတဲ့ ရေနံချောင်း ဖေကံကောင်းဆိုတဲ့ ဦးဓါတ်ဆီ၊ ဦးဓါတ်ဆံတို့ ပြက်လုံးကို အစအဆုံး ရနေတာမို့ အဲဒီ ပြက်လုံးကို အခြေအနေကြည့်ပြီး တိုက်ရိုက်ပြက်တဲ့ အခါ ကူပြက် နည်းနည်း လစ်ရင်လစ်သလို ကိုယ်ထည့်ပြောချင်တာလေးတွေကိုလည်း ထည့်နဲ့ ထောင်တွင်းပျော်တော်ဆက် တယောက် ဖြစ်ခဲ့ပါတယ်။
သီချင်းဆိုဘို့ တောင်းဆိုခံရတဲ့သူအတွက် တခုကောင်းတာက သူများတွေ မြေပေါ်မသက်မသာ လှဲအိပ်နေရချိန်မှာ သူ က ထိုင်နေခွင့်ရတာ နာထောင်နေတဲ့ အစောင့်က စေတနာရှိရင် ဆေးလိပ်လေးတဖွာ နှစ်ဖွာသောက် ခွင့်ရတာတို့ဖြစ်ပြီး အင်မတန် အန္တရာယ်များတာကတော့ မူးပြီးတက်လာတဲ့ လူတွေရဲ့ အဓိက ပစ်မှတ်ဖြစ်သွားတတ်ထာ ကိုယ်ရွေးလိုက်တဲ့ သီချင်းမှားလို့ နားထောင်နေတဲ့ကောင်က နားကြားမြင်းကပ်ပြီး ဆောင့်ကန်တာတို့ ခံရတတ်ပါတယ်။ ဥပမာ ထူးအိမ်သင် ရဲ့ ညီလေးရေဆိုတဲ့ သီချင်းမျိုးပေါ့ဗျာ။ အောင်မာ ထောက်လှမ်းရေးက ရာစစ မှန်ရာလုပ် ဟုတ်တာပြောဘို့ မမေ့နဲ့ လုပ် နေသေးတယ် ငါတို့ကို ရိနေတာပေါ့ ဟုတ်လား ဆိုတဲ့နောက်မှာ နှစ်ရက်၊ သုံးရက်လောက် အစာတောင်မြိုမရတဲ့ အခြေ အနေမျိုးကို ကျရောက်သွားနိုင်လို့ပါ။
မှတ်မှတ်ရရကတော့ အမရပူရဘက်လာတဲ့ အေဘီယူဂျီလောကမှာ မုန်တိုင်း ၃ လို့ သိထားကြတဲ့ စံလွင်လေး (ခေါ်) စံစံ က ခေတ်ဟောင်းတေးတွေ တော်တော်ရသလို အသံကလည်း တော်တော်ကောင်းပါတယ်။ သူမကြခဏ ဆိုလေ့ရှိတဲ့ သီချင်းကတော့ ဆရာမြို့မငြိမ်းရေးတဲ့ ရေချိုးဆိပ်နဲ့ နပန်းဆံ သီချင်းပါ။ ဒါကြောင့် မကြာခဏ သူ့ပါးကလည်း လက်ဝါး တောင်းတတ်ပါတယ်။ ဖြန်းကနဲပြီးတာနဲ့ လုပ်ပါဦးကွ အိပွဲ့ အိပွဲ့ ပြောလိုက်ရင် သူက စဆိုပါတော့တယ်။ အိပွဲ့ အိပွဲ့ ငှက် သမ္မာန် ခတ်သွားတယ်…..။
ကိုစံလွင်လေးကို စစ်ဆေးတဲ့အချိန်မှာ ဓါးမြောင်ကို မီးဖုတ်ပြီး ခြေသလုံးထဲ ထိုးထည့်တဲ့ ဒဏ်ရာကို တော်တော်ကြာကြာ ခံစားရရှာပါတယ်။ နောက်ပိုင်း စခန်းက ထွက်ပြေးကြတဲ့ထဲမှာ ကျနော်တို့နဲ့အတူ ပါလာပြီး။ ၁၉၉၈ ကျနော်တို့ နိုင်ငံရေး ပြန်လည်လှုပ်ရှားတဲ့စွဲချက်တွေနဲ့ စစ်အစိုးရက ထောင်ပြန်ချတော့လည်း ကျနော်တို့နဲ့အတူ ပျော်ပျာ်ကြီး ပါလာပါတယ်။ ၅ညနဲ့ ၇နှစ်ပါ။ မန်းလေးထောင်ထဲမှာ ကျနော်တို့နဲ့ ဆက်ပြီး အိပွဲ့ အိပွဲ့ သီချင်း ဆက်ဆိုကြပါတယ်။ ခုတော့ ထောင်က ပြန်လွတ်လာပြီး အထဲမှာစဖြစ်ခဲ့တဲ့ ခုခံအားနည်းရောဂါကြောင့် တောင်မြို့မှာ ကွယ်လွန်ပြီလို့ ကြားရပါတယ်။
နောက် အဆိုကောင်း တယောက်ကတော့ စမ်းချောင်း အခြေခံပညာသမဂ္ဂ ကျောင်းသားလေးဘ၀က တောခိုလာတဲ့ ဘိုဘို (ခေါ်) မိုးကျော်သူ ပါ။ ငယ်ငယ်လေးနဲ့ တောခိုလာလို့ လူတကာချစ်ကြတဲ့ ဘိုဘို တယောက်ဟာလည်း အသက်မ သေရေးအတွက် ကျနော် NIP က ပါလို့ ထွက်ဆိုချက်ပေးပြီး အကျဉ်းသား ဖြစ်လာရရှာပါတယ်။ ဘိုဘို ကျောင်းသားတပ် ဖွဲ့က တီးဝိုင်းမှာ ပင်တိုင်အဆိုတော်ဖြစ်ပြီး အခမ်းအနားတွေမှာ တော်လှန်ရေးသီချင်းတွေ အမြဲဆိုရတာမို့ ကျောင်သား တပ်ထဲမက ကေအိုင်အေဖက်က မိသားစုတွေက အစ ချစ်ကြခင်ကြသူပါ။ သူတပါးကို အမြဲကူညီတတ်ပါတယ်။ သူက အမြဲတမ်း “သဘာဝရဲ့ရင်သွေးငယ်” သီချင်းကို ဆိုတတ်ပါတယ်။
ဒီလိုနဲ့ တညမှာတော့ အစောင့်တာဝန်ကျတဲ့သူက ဘိုဘိုရဲ့ သဘာဝရဲ့ရင်သွေးငယ်အပြီးမှာ ကျောင်းသားတော်လှန်ရေး တပ်ဖွဲ့ သီချင်းတပုဒ်ကိုဆိုဘို့ တောင်းဆိုပါတယ်။ ဘိုဘိုက ဒီသီချင်းတော့ မဆိုပါရစေနဲ့ အကိုရယ်ဆိုပြီး တောင်းပန်ပါ တယ်။ အဲဒီလို အချီအချ ဖြစ်နေကတည်း ဘိုဘို့ ဘေးမှာကပ်ပြီး လှဲအိပ်နေတဲ့ ကျနော် စိတ်ထဲမှာ ပြဿနာတော့ စပြီဆို တာ သိနေပါတယ်။ နောက်ဆုံးတော့ ဘိုဘိုဟာ မငြင်းသာတော့ပဲ “ပျံသာပျံပါ ခွပ်ဒေါင်းနီ” ဆိုတဲ့ သီချင်းကို လွမ်းလွမ်း ဆွတ်နဲ့ စဆိုပါတော့တယ်။ ဒီလို အခြေအနေမျိုးမှာ ထွက်လာတဲ့ ဘိုဘိုရဲ့ သီချင်းသံကြောင့် ဒဏ်ရာကိုယ်စီနဲ့ မြေပေါ်မှာ မျက်နှာကို စည်းပြီး လှဲအိပ်နေကြရတဲ့ ကျနော်တို့ အားလုံးဟာ စူးနစ်တဲ့ဝေဒနာနဲ့ အတူ သီချင်းစာသားတွေနောက်မှာ မျောပါနေပါတော့တယ်။
… ပျံသာပျံပါ ခွပ်ဒေါင်းနီ မုန်တိုင်း မိုးသက်ချီ … တဲ့။
ကျနော်တို့ဟာ ခွပ်ဒေါင်းနီသီချင်းမှာ သိပ်ကြာကြာ မနစ်မျောလိုက်ပါဘူး “ဖုန်း .. ခွပ် .. အင့်” ဆိုတဲ့ အသံနဲ့အတူ ဘိုဘို ရဲ့ တကိုယ်လုံး ကျနော့် အပေါ်ပုံကျလာပါတယ်။ အကြောင်းကတော့ သူသီချင်းဆိုတဲ့ အချိန်မှာ အင်မတန် လက်ယဉ် သွေးဆာတတ်တဲ့ လက်သီးဆိုတဲ့ နောက်တန်း လုံခြုံရေးတာဝန်ကျ တယောက်ဟာ အရက်မူးဝင်လာပြီး သီချင်းဆိုနေတဲ့ ဘိုဘို့ မျက်နှာကို စစ်ဘိနပ်နဲ့ ဆောင့်ကန်ချလိုက်လို့ပါ။ ပြီးတော့ ပြန်ထခိုင်းပါတယ်။ ထောက်လှမ်းရေးက လူပါးဝလို့ ကျောင်းသားတော်လှန်ရေး သီချင်း ဆိုရကောင်းလားဆိုပြီး ပါလာတဲ့ M22 မောင်းပြန်သေနတ်ဒင်နဲ့ ခေါင်းကို ရိုက်ချ လိုက်တဲ့ အခေါက်မှာတော့ ဘိုဘို့ခေါင်းက သွေးတွေ ကျနော် မျက်နှာပေါ်ကို ပေါက်ပေါက် ပေါက်ပေါက် ကျလာပါတယ်။ အဲဒီမှာ မရပ်သေးဘဲ ပြန်ထခိုင်းလိုက် ရိုက်ချလိုက်နဲ့ အကြိမ်ကြိမ် ထင်တိုင်းကြဲနေပါတော့တယ်။
ခံရတဲ့သူမှာတော့ မသိပါဘူး ကျနော့်စောင်နဲ့ အင်္ကျီတွေကတော့ သွေးနဲ့ ရွဲနစ်နေပေမယ့် ကျနော်လည်း မလှုပ်ရဲပါဘူး။ ဘယ်သူ့ဆီကမှလည်း ဘာအသံ ထွက်မလာပါဘူး။ အမှန်တရားကို ချစ်လွန်းလို့ ကျနော်တို့ အားလုံးဟာ ကိုယ့်နားထဲမှာ အတိုင်းသား ကြားနေရတဲ့ ဒီမတရားမှုကြီးအတွက် တားမြစ်ကန့်ကွက်ဘို့နေနေသာသာ နားရွက်တောင်မခတ်ရဲဘဲ ငြိမ် စင်းနေရတဲ့အဖြစ်ကို စေ့စေ့ပြန်တွေးကြည့်တိုင်း မိမိကိုယ်မိမိ စက်ဆုပ် အော့နှလုံးနာရပါတယ်။
တကြိမ်မှာတော့ မူးနေတဲ့ လက်သီးဟာ ဘိုဘို့ကို ပြန်ထခိုင်းပြီး မျက်နှာကို သေနတ်ပြောင်းနဲ့ ဆောင့်ထိုးချလိုက်ပါတယ်။ ကံဆိုးချင်တော့ သေနတ်ပြောင်းဟာ ဘိုဘို့ကို ချော်ပြီး အိပ်နေတဲ့ ကျနော်နံကြားထဲကို အရှိန်နဲ့တိုးဝင် ဆောင့်ပါတော့ တယ်။ နံရိုးတော့ ကျိုးပြီလို့ စိတ်ထဲမှာ ခံစားလိုက်ရပါတယ်။ နောက်ဆုံး အားရအောင် နှိပ်စက်နေတဲ့ တချိန်လုံး ဘယ်သူ တဦး တယောက်ကမှ တားမြစ်ခြင်း မရှိပါဘူး။ တနာရီလောက်ကြာတော့ သူနာပြုအဖွဲ့ ရောက်လာပြီး ခေါင်းကကွဲ နေ တာတွေကို အစိမ်းချုပ်ချုပ်နေကြတာ အားလုံးနားမှာ ကြားနေခဲ့ရပါတယ်။
ဒီဘိုဘို (ခေါ်) မိုးကျော်သူ ဟာ ၁၉၉၈ ခုနှစ် ကျနော်နဲ့အတူ စစ်အစိုးရက ဖမ်းဆီးထောင်ချတဲ့အထဲမှာ အမှုတွဲဖြစ်ပြီး ကျနော်တို့က ၅ည နဲ့ ၇ နှစ် သာကျပေမယ့် မိုးကျော်သူကို ၁၂၂ ပုဒ်မနဲ့ နှစ်နှစ်ဆယ် ချလိုက်ပါတယ်။ မန်းထောင်ရဲ့ ညချမ်းဂီတ ဆည်းဆာတွေဆိုရင် အမြဲပွဲတောင်းခံရပြီး မကြခဏ “ပျံသာပျံပါ ခွပ်ဒေါင်းနီ” သီချင်းကို ဆိုလေ့ရှိပါတယ်။
၂၀၀၀ ခုနှစ် မန်းထောင် ထောင်တွင်းတိုက်ပွဲတွေမှာ ကျနော်တို့ကို ရိုက်နှက်ပြီး မြောင်းမြထောင်ကို ပို့လိုက်ချိန်မှာ ဘိုဘို တယောက်က မန်းထောင်မှာ ဆက်ကျန်နေရပြီး အဲဒီနေ့က နားကို ပိတ်ရိုက်ခံ လိုက်ရတဲ့အတွက် နားလေးသွားတယ်လို့ နောက်ပိုင်းကြားရပါတယ်။ ဟိုတလောကတော့ ဘိုဘို တယောက် ပြန်လွတ်လာပါတယ်။ အွန်လိုင်းပေါ်မှာ တနေ့က တွေ့ တော့ ခုထောင်ကလွတ်လာပြီး ဘာတွေလုပ်နေလဲဆိုတော့ ၈၈ က စပြီး ဒီမိုကရေစီတော်လှန်ရေး နှစ် ၂၀ ကာလ အတွင်း ထင်ရှားခဲ့တဲ့ တိုက်ပွဲဝင် တော်လှန်ရေး သီချင်းတွေကို ခုလူငယ်တွေ ကြားဖူးရအောင် ပြန်ဆိုမယ့် စီးရီးတခုကို လုပ်နေတယ်။ အခု အတီးပိုင်းပြီးပြီ အဆိုတွေပဲ ကျန်တော့တယ်တဲ့။ ဘယ်သူဆိုမှာလဲလို့မေးတော့ …..
“အဟီး ကျနော် ပဲပေါ့” ….. တဲ့။
လူငယ်ပြောလေ့ရှိတဲ့ စကားနဲ့ပြောရင်တော့ “အင်း… မနိုင်ပါလား” လို့ တွေးမိပါတယ်။
လူကက်ဆက် ဒုတိယပိုင်းဆက်လက်မျှော်ပါ ….. ။
ပန်းချီ ထိန်လင်း
http://www.kaungkin.com မှ …
You know nothing about leikun and North West of Burma.First What did you know about Chit Thein Htun and Maung Maung Oo.Second, They are nice people .they willing to help whoever need help all Moreh and Tamu people know about it .I wanna say please learn, if you want to complain something.I wanna say Please Shut up and go to your nest. thank you.
လိပ်ခွန်းတောင်ပေါ်ကအကြောင်းတွေပြန်ပြောရရင် ပထမဆုံးပြောရမှာက ၀င်နိုင်ဦး၊သူရိန်၊နေနွယ်တို့ဆိုတာ ရုပ်ရှင်လိုဆိုရင်တော့ ဖြတ်လျောက်တဲ့အခန်းဘဲပါတာမို့အကျယ်မရေးတော့ဘူး။ သံခဲနေရာမရလို့ ထိုင်းကိုကူးသွားတယ်ဆိုကတည်းက စောက်တလွဲရေးထားတယ်၊ ရေးတဲ့သူက လိပ်ခွန်းသမိုင်းကိုမဖြတ်ခဲ့ဘူးဘဲ လေဖမ်းအီးရှုသလိုရေးတာဖြစ်နေတယ်။ လိပ်ခွန်းတောင်ပေါ်မှာ ဆေးကျောင်းနောက်ဆုံးနှစ်၃ယောက်နဲ့ဆရာဝန်၂ယောက်ရှိတယ်။ မြောက်ပိုင်းမှာ ဆေးပညာတတ်ကျွမ်းသူလိုအပ်လို့ သံခဲမြောက်ပိုင်းကိုရောက်သွားရတယ်။ နောက်ထိုင်းကိုရောက်ပြီး ဥက္ကဌဖြစ်သွားရတာ ( ဥက္ကဌရဲဘော်သံခဲဆက်ရေးပါလိမ့်မယ်။) ထိန်လင်း ပန်းချီဆွဲတတ်တာ စစ်ငြိမ်းအေးမသိဆိုတာကတော့ တကယ့်ကိုစောက်တလွဲဘဲ။ ထိန်လင်း ပြည်တွင်းမှာပန်းချီအနုပညာလောကမှာ သူ့ဆရာစစ်ငြိမ်းအေးပါလို့ပြောခဲ့တယ်။ စစ်ငြိမ်းအေးဆီမှာ ထိန်လင်းတယောက်ဘယ်လို ပန်ချီလေ့လာခဲ့တယ်ဆိုတာ လိပ်ခွန်းတောင်ပေါ်မှာ ဖြတ်လျောက်ခန်းကပါခဲ့သူတွေမသိကြတာမဆန်းပါဘူး။ လိပ်ခွန်းကိုတော်လှန်ရေးမင်းသားလုပ်ဖို့ ခနတာလာလည်ဘူးတဲ့သူတွေက ခက်ခဲဆင်းရဲမှုတွေမခံနိုင်လို့ ခွေးတိုးပေါက်နေပြန်သွားခဲ့ကြတယ်။ အဲဒီလူတွေပြန်သွားတဲ့အခါလိပ်ခွန်းတောင်ဟာ တကယ်ကိုပြသနာအနည်းအကျဉ်းတာ၇ှိပြီးငြိမ်းချမ်းသွားခဲ့ရတာပါ။
ဆေးပညာတတ် လို တယ်ဆိုလို့ ကိုသံခဲကို မြောက်ပိုင်း
လွတ်တယ်ဆိုတော့…အင်းးးး.ထားပါတော့လေ။
မောင်မောင်ဦးနဲ့ ချစ်သိန်းထွန်း ကို မိုးရေး မြို့ ထဲမှာ စစ်ခွေးတွေလက်ထဲ အပ်လိုက်ပြီးကတည်းက ပြသနာ
တွေမရှိသလောက်ဘဲဆိုပါတော့။ အဲလိုကြီးတော့
မလုပ်ကောင်းပါဘူးဗျာ။တနေ့တော့ရှင်းကြရမှာပါ။”We are not refugee ” လို့ဟောင်မိလို့ ခွေးတိုးပေါက်ကနေ
ကားစီးပြီး တောကြီးမျက်မည်းထဲမှာ စွန့်ပစ်ခံခဲ့ရတဲ့ ရဲဘော် ၄၀ ကျော်ထဲက တစ်ယောက်ပါ။လက်နက်
ကိုင်ကျောင်းသားမဖြစ်လိုက်ရတာကျွန်တော်သိပ်ကံကောင်းတယ်ဆိုတာခုသိလိုက်ရပြီဗျာ။ အကြံတခုပေး
မယ်ဗျာ,လက်နက်ကိုင်တော်လှန်ရေးလုပ်မယ်ဆို
ကျောင်းသားဆိုတာကြီးကိုခဝါချလိုက်ပါ။ဟိ..ဟိ အသက်တွေလဲ ၄၀ကျော် ၅၀ ထဲရောက်ကုန်ပြီ။
သားမောင်ပြောက်ကျား ဇာနည်ဘွား : P
ဒါပါဘဲဗျာ။ လေခွန်းရဖြူဂျီ
C/S ဘယ်အချိန်က ပန်းချီရေးဆွဲတတ်တာလဲဗျ။ကိုစစ်ငြိမ်းအေးတောင်မသိလိုက်ဘူး
Similarly, Ko Htein Win’s autobiography gravely initiate the unfolding of sorrowful true story.
“Too good illustrations”
ဆက်လုပ်-ငါ့လူ—-
အဲဒီလိုလူတွေ သက်ရှိထင်ရှားရှိနေသေးတယ်ဆိုရင် ဖော်ထုတ်ပေးကြပါ။
ကမ္ဘာမှာ တစ်ခုတည်းရှိတဲ့ကျောင်းသားတပ်မတော်သမိုင်း မရိုင်းအောင် ဖော်ထုပ်ကြပါ။
keep on write more detail and more specific about this heinous crime against student and their movement ( polity of nation). we particularly you and other victims have moral responsible to restore prestige of student movement and also prestige of fallen martyr ko tun aung kyaw and other.