Saturday, August 4, 2012

ကျနော် သန်းကြွယ်သူဋ္ဌေး ဖြစ်ခဲ့စဉ်က.. (ပန်းချီ ထိန်လင်း)

များသောအားဖြင့် ဒီလိုခေါင်းစဉ်မျိုးဟာ ကျဖမ်း စကားပြောပြိုင်ပွဲတွေမှာ မဲပေါက်တတ်တဲ့ ခေါင်းစဉ်မျိုးပါ။ ဟုတ်တာ မ ဟုတ်တာအပထား စိတ်ထဲရှိတာ လျောက်ပြီး အချိန် မစေ့မချင်း ပြောရတော့တာပေါ့။ ဒါပေမယ့် အခုကတော့ စိတ်ကူး တည့်ရာ မဟုတ်ဘဲ တကယ်ကို သန်းကြွယ် သူဋ္ဌေး ဖြစ်ခဲ့တုန်းက အကြောင်းကို ပြောမလို့ပါ။
ပန်းချီထိန်လင်း တယောက် သန်းကြွယ် သူဋ္ဌေး ဖြစ်ခဲ့တုန်းက ဘဝ ဆိုတော့ သစ်ကုန်ကူးတဲ့ အကြောင်းပဲ ပြောပြမှာ လား၊ ကျောက်အောင်ခဲ့တာပဲ ဖတ်ရမလားလို့ စာဖတ်သူက တွေးကောင်း တွေးမိနိုင်ပေမယ့် ကျနော့်အကြောင်း သိကြ တဲ့ အများစုကတော့ ပေါက်တတ်ကရ၊ ကမောက်ကမတွေ ဖြစ်ခဲ့တဲ့အထဲက တခုခုကို ဘာလုပ်ဇာတ် ခင်းလာဦးမလဲ မ သိဘူးလို့ ကြိုတင် တွေးနေလောက်ပါပြီ။ ဟုတ်ပါတယ် ခုပြောပြမယ့် အကြောင်းကတော့ ပိုက်ဆံ သန်းချီချမ်းသာတဲ့ သန်းကြွယ် သူဋ္ဌေးတယောက် ဘဝမဟုတ်ပဲ ကိုယ့်ချစ်ဦးခေါင်းမှာ သန်းလေးတွေဝေ ဆိုတဲ့ နောက်တီးနောက်တောက် သီချင်းလို သန်းဂျီးမတွေ ကြွယ်ဝခဲ့တဲ့ တခါက ဘဝလေး တခုကို ရေးပြမလို့ပါ ခင်ဗျ။ ကျနော်ကိုယ်က သန်းတွေအ ကြောင်း မပြောခင် သန်းရှာခြင်း ယဉ်ကျေးမှု အကြောင်း ပထမ ပွားချင်ပါ သဗျ။
လွန်ခဲ့တဲ့ ခြောက်လလောက်က စာရေးဆရာမ ခက်မာရေးတဲ့ အက်ဆေးလေးတခုမှာ ခေါင်းမှာတွယ်တဲ့ သန်းတွေအ ကြောင်း ဖတ်ခဲ့ရကတည်းက ဒီစာလေးကို ရေးချင်ခဲ့တာပါ။ ပြောရရင်တော့ သူရဲ့ သန်းတွေအကြောင်းဖတ်ရင်း ကိုယ်ပါ ယားလာတယ် ဆိုပါတော့ဗျာ။
ကမ္ဘာကသိတဲ့ မြန်မာပန်းချီဆရာကြီး ပေါ်ဦးသက်ရဲ့ ရေဆေး ကာတွန်းပန်းချီကားလေးတွေထဲမှာ ရှေ့နောက် တန်းစီပြီး သန်းထိုင်ရှာနေတဲ့ မိန်းမတွေကို မကြာခဏ ဆွဲပြခဲ့ဘူးတာ အမှတ်ရသဗျ။ ကျနော်တို့ ငယ်ငယ် ရုပ်ရှင် ဇာတ်ကားတွေထဲ က အတင်းပြောတဲ့ ဇာတ်ဝင်ခန်းတွေမှာ မိန်းမတွေ (တချို့လည်း ရင်ရှားနဲ့) တန်းစီပြီး သန်းရှာကြ၊ သန်းတုပ်ကြရင်း၊ အ တင်းပါ တုပ်ကြတဲ့ပြကွက်မျိုးတွေလည်း မကြာခဏ ကြည့်ခဲ့ဖူးကြပါလိမ့်မယ်။
ငယ်ငယ်က ရွာမှာ နေ့လည်၊ နေ့ခင်းဆိုရင် အရိပ်ကောင်းတဲ့ မန်ကျဉ်းပင်ကြီးအောက်မှာ မိန်းမကြီးတွေဟာ သူတို့ ဘီး ဆံထုံးတွေ ဖြေချပြီး ဆံပင်ဖါးယားကြီးတွေနဲ့ တန်းစီထိုင်ပြီး တယောက်ခေါင်းကို တယောက်ဖွပြီး သန်းရှာ သန်းတုပ်နေ ကြတာ အမြဲ တွေ့ရပါတယ်။ သန်းတုတ် သန်းရှာကောင်းတဲ့သူဟာ ရွာမှာ တော်တော်လေး ပေါ်ပြူလာ ဖြစ်တယ်ခင်ဗျ။ နောက်ပြီး သန်းရှာကောင်းတဲ့သူဆိုရင် ရွာထဲမှာ ဟိုလူကခေါ်ရှာခိုင်း ဒီလူကခေါ်ရှာခိုင်းရင်းနဲ့ လူတကာနဲ့ ဆက်ဆံရတာ မို့ သတင်းကလည်း သူ့ဆီမှာ စုံတတ်သဗျ။ ဒါကြောင့် တချို့က သန်းရှာတဲ့ နေရာကို သန်းမရှိပေမယ့် သတင်းစုံ အတင်း စုံကြားချင်လို့ လာကြတာလဲ ရှိသဗျ။ အခုခေတ် သတင်း သိချင်လို့ အွန်လိုင်းပေါ် တက်ကြသလိုပေါ့ခင်ဗျာ။ အဲဒီထဲမှာမှ စောစောက သန်းရှာကောင်းတဲ့ သူတွေကျတော့ ခုခေတ် သတင်းပေါင်းချုပ် ဘလော့ခ်ဂါ ဒေါက်တာလွဏ်းဆွေတို့လို သိ ချင်တာ အားလုံး ရှိတတ်တာမို့ သူရှိတဲ့ သန်းရှာဝိုင်းမှာ မိန်းမတန်းက ပိုရှည်တတ်ပါတယ်။
အရင်ခေတ်တွေက အိမ်မှာ လူတယောက် အလုပ်လုပ်ရင် မိသားစုတစုလုံး ထိုင်စားလို့ ရနေတဲ့ခေတ်ကိုး။ ခုခေတ်မှာ တော့ ရွာတွေမှာ သန်းတုပ်သန်းရှာတဲ့ ဓလေ့ မရှိသလောက် ဖြစ်သွားပါပြီ။ ခက်တာက မြန်မာ့ရိုးရာ သန်းရှာ၊ သန်းတုပ် တဲ့ ဓလေ့ မပျောက်ပျက်အောင် သက်ဆိုင်ရာတွေက ထိမ်းသိမ်းကြပါဘို့ ခုခေတ်စားနေတဲ့ ဖေ့ဘွတ်တို့၊ တွတ်တာတို့ (တွတ်တီး၊ တွတ်တာ) ပေါ်ကနေ အော်ဂနိုက်ဇ် လုပ်ကြည့်ဘို့ စဉ်းစားသေးသဗျ။ နောက်တော့ ကိုယ့်ဖေ့ဘွတ် စာမျက် နှာမှာ ဒီလို အရေးမပါတဲ့ စိတ်ကူးမျိုး ရေးရကောင်းလားဆိုပြီး ပွက်လောထသွားနိုင်တာမို့ လက်လျော့လိုက်ပါတယ်။
သေချာမှတ်မိတာက ကျနော် စတုတ္ထတန်းနှစ်က ကျနော့် ရှေ့ခုံမှာ ထိုင်တဲ့ ဋ္ဌေးရီဆိုတဲ့ ကျနော့် သူငယ်ချင်းခေါင်းမှာ သန်းတွေ သန်းနဲ့ချီပြီး ရှိနေတယ်လို့ ထင်ရလောက်အောင် တရွရွနဲ့ ပြေးလွား ရွေ့ရှားနေသဗျ။ သူ့ခေါင်းကိုကြည့်ရင် တစိ စိနဲ့ စိတ်ထဲမှာ ယားလာအောင် များလှပေမယ့် ကျနော်တို့ သူငယ်ချင်း ဋ္ဌေးရီကတော့ သူ့ခေါင်းမှာ သန်းတွေကို ရှိတယ် လို့ အမှုမထားပါဘူး။ ဒါကြောင့် နောင်အခါ သန်းထူတဲ့ခေါင်း မယား ဆိုတဲ့ စကားပုံကို ကြားဖူးတဲ့အခါ ငယ်ငယ်က သူ ငယ်ချင်း သန်းကြွယ်သူဋ္ဌေး ဋ္ဌေးရီမျက်နှာကို ပြန်သတိရမိပြီး ဟုတ်ပါပေတယ်၊ မှန်ပါပေတယ်လို့ လက်ခံရပါတယ်။
နောင် ကျနော် အလယ်တန်း ကျောင်းသားဘဝလောက် ရောက်တဲ့ အချိန်မှာတော့ ကျနော့် ဆံပင်ထဲမှာ သန်းများ ခို အောင်းနေသည်ကို သိရှိခဲ့ရပြီး ကျောင်းအားရက်တွေမှာ အမေရဲ့ ညွန်ကြားချက်နဲ့ ဘီးစိပ် တိုက်ရပါတော့တယ်။ ပထမ ဗလာစာအုပ် (သို့) သတင်းစာ အလယ်စာမျက်နှာကို ဖြန့်ချထား ပြီးတော့မှ ခေါင်းကို ငုံ့ပြီး ဝါးဘီးစိပ်နဲ့ တိုက်ချရပါတယ်။ အဲဒီမှာ သန်း သကောင့်သားတွေ ခမျာ ဆံကြားမှာ မနေသာဘဲ သတင်းစာပေါ်ကို တဖေါက်ဖေါက် ပြုတ်ကျ လာရပါ တော့တယ်။ နောက်တော့ ကျနော့် ညီမနဲ့ ကျနော်တို့ဟာ ဘယ်သူ့ခေါင်းက ဘယ်လောက်ရတယ်ဆိုတာကို ပြိုင်ပွဲလုပ် ကြပါတယ်။ ပြီးတဲ့အခါမှာတော့ လက်မနဲ့ လိုက်တုပ်တော့တာပေါ့ ခင်ဗျာ။ သန်းတုပ်တဲ့အခါ တဖေါက်ဖါက်နဲ့ မြည်တဲ့ အ သံကြောင့် ပိုပိုပြီး တုပ်ချင်လာတတ်သဗျ။ အဲဒီ နေ့မျိုးဟာ ကျနော်တို့ ခေါင်းပေါ်က သန်းတွေအတွက်ကတော့ ကမ္ဘာ ပျက်တဲ့ နေ့ပေါ့ ခင်ဗျာ။ နောက် ရွာဘုရားတန်ဆောင်းတခုမှာ သန်းတုတ်သူများ ခံစားရသော ငရဲ ဆိုတဲ့ ပန်းချီကားတွေ့ လိုက်တော့ နည်းနည်းတော့ ဖျား သွားသဗျ။ အဲဒီနောက်ပိုင်းမှာတော့ ကျလာတဲ့ သန်းတွေကို အိမ်ပြင်ဘက်သွားခါချ ဖြစ်ပါတယ်။
အဲဒီလို  ဘီးစိပ်တိုက်လို့ သန်းမကြီးတွေ ကျလာရင် အားရဝမ်းသာနဲ့ အဖွားလုပ်တဲ့လူကို ပြတော့ ဂျပန်ခေတ်က ဆပ်ပြာ တွေ ပြတ်လတ်ပြီး လူတွေကိုယ်မှာ သန်းဂျီးမတွေ တွယ်ကပ်တဲ့ အကြောင်းတွေကို အဖွားက လွမ်းလွမ်းမောမော ပြောပြ တတ်ပါတယ်။ အဲဒီလို ဂျပန်ခေတ်အကြောင်း ပြောပြီဆို ကျနော်ဆိုတဲ့ကောင်က အဲဒီခေတ်မျိုး မရှိတော့လို့ ဝမ်းသာရ မယ့်အစား အဲဒီခေတ်ကို မမီလိုက်တာဘဲ နာသလိုလို တွေးမိခဲ့သဗျ။ အဲဒီလို တွေးခဲ့ဘူးလို့လား မသိပါဘူးဗျာ အဲဒီ သန်း ဂျီးမ ဆိုတာကြီးနဲ့ ဘဝတကွေ့မှာ တည့်တည့်ကြီးကို သွားကြုံမိပါတော့တယ်။
နေရာက ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ် KIA ဌာနချူပ် လိုင်စင်နဲ့ ကပ်လျက်မှာ ABSDF (NB) ပါဂျောင် စခန်းရဲ့ အ ကျဉ်းစခန်းတခုမှာ ကျနော်အပါအဝင် လူ ၇ဝ လောက်ဟာ စစ်အစိုးရက လွတ်လိုက်တဲ့ သူလျှိုတွေဆိုပြီး စွပ်စွဲကာ ဖမ်း ဆီးနှိပ်စက် ညှင်းဆဲမှုတွေနဲ့ ကြုံနေရချိန်မှာ ကိုရွှေသန်းဂျီးမနဲ့ လာဆုံ တွေ့ရပါတော့တယ်။ ကျနော်တို့ကို ဖမ်းဆီးထားတဲ့ ထောင်ဆိုတဲ့ အဆောက်အဦက တကယ်တော့ သာမာန် မြေစိုက် ယင်ပေါင်ကြမ်း (ကတ္တရာပြားတွေ) မိုးပြီး ဝါးခြမ်းသေး သေးလေးတွေနဲ့ ကာထားတဲ့ တဲကြီးဗျ။
ဒါကြောင့်မို့ ကျနော်တို့ကို ညပဲဖြစ်ဖြစ် နေ့ပဲဖြစ်ဖြစ် ထိပ်တုံးရှည်ကြီးတွေထဲခြေ ၂ ဖက်လုံးကို ထည့်ခတ်ထားပါတယ် (သို့မဟုတ်) သံကြိုးကြီးတွေနဲ့ ခြေကျင်းဝတ်ကို ခတ်ထားပါတယ်။ ညဘက် လှဲချ မအိပ်ခင်မှာတော့ လက်တွေကို လက် ကောက်ဝတ်ကနေ ကြိုးနဲ့ ပူးတုပ်ထားပါတယ်။ ပြီးတော့ မျက်နှာကို ပိတ်စနဲ့ တင်းကြပ်နေအောင် စည်းပြီးမှ အိပ်ကြရပါ တယ်။ အိပ်ယာကတော့ မြေကြီးပေါ်မှာ ကတ္တာရာပြားစတွေ ခင်းထားတဲ့ ဘူမိကဗ္ဗလာ မြေမွေ့ယာပါ။ မအိပ်ခင်မှာ လုံခြုံ ရေးအဖွဲ့ (သို့) ကျနော်တို့ကို ဖမ်းဆီးထားတဲ့ အဖွဲ့ရဲ့ခေါင်းဆောင် ပုဂ္ဂိုလ်တွေကို သီချင်းတွေ ဘာတွေနဲ့ ဖျော်ဖြေ တင် ဆက်ရသေး သဗျ။ ခိုင်းရင်ပေါ့လေ။ ပြီးလို့ အိပ်ချိန် လှဲချပြီးပြီ ဆိုရင်တော့ လူးလွန့် လှုပ်ရှားခွင့် မရှိတော့ပါဘူး။
ညလယ်ကောင်မှာ ဆီးသွားဘို့ နိုးတဲ့အချိန်မှာ လှဲချနေရာက ထ၊ ခြေရင်းမှာ ချထားတဲ့ ဂလူးကို့စ် ပုလင်းလွတ်တွေထဲကို သေသေချာချာချိန်ပြီး ရှူရှူးပေါက်ထည့် ရပါတယ်။ ပြီးပြန်အိပ်ပေါ့ဗျာ။ အဲအိပ်ချိန်မှာ လူးလွန့်တာများတဲ့ သူတွေကိုတော့ မနက်လင်းချိန် တန်းစီချိန် ဆီးပုလင်းတွေ သွန်ပြီးတာနဲ့ နာမည်တွေ ခေါ်လိုက်ပြီရင် မြေကြီးပေါ် ဝမ်းယား တိုးပေးထား ရပါတယ်။ အဲဒီမှာ ထောင်မှူး ဆိုတဲ့လူ ဒါမှမဟုတ် အရိုက်အနှက် အင်မတန် ကြမ်းပါပေတယ်လို့ နာမည်ကောင်း ထွက် ချင်တဲ့ လုံခြုံရေးတာဝန်ကျ ပုဂ္ဂိုလ်တွေရဲ့ မနက်ခင်း သွေးပူလေ့ကျင်ခန်း စ ပါတယ်။ သုံးလက်မ ပတ်လည်နီးပါး တုတ် တဲ့ လက်ကိုင်တုတ်ရှည်ကြီးဟာ ကျနော်တို့ရဲ့ ကျော (သို့) ခါးရိုးပေါ်ကို စုံကိုင် ရိုက်ချလိုက်သူရဲ့ စေစားရာအတိုင်း အ လည်အပတ်ကျရောက် လာပါတော့တယ်။
သို့ပေမယ့် သို့ကလို ကျရောက်လာတဲ့ တုတ်ချက်တွေဟာ ကျနော်တို့ အဖို့တော့ ထမင်းစား ရေသောက်လို ပါပဲ။
အဲဒီမတိုင်ခင်က စစ်ကြောရေးလို့ ခေါ်တဲ့ ငရဲခန်းမှာ ကျနော်တို့ကို ဖမ်းဆီးစစ်ဆေးတဲ့ ကျောင်းသားတပ်ဖွဲ့ ထောက်လှမ်း ရေးရဲ့ တုတ်ချက်၊ ဓါးချက်တွေ၊ မီးရှို့ချက်တွေ၊ လျှပ်စစ်တို့ချက်တွေ၊ ရေနှစ်ချက်တွေနဲ့ ယှဉ်တဲ့အခါ ကလေးကစားသလို ဖြစ်နေပါတယ်။ ဒီငရဲခန်းရဲ့ ညှဉ်းပန်းမှုနဲ့ ရှေ့မှာ ဘဝဆုံးပါးသွားတဲ့ ကိုတင်မောင်အေး (ကသာ) နိုင်ငံရေးတာဝန်ခံ ပီကင်းပြန် ဦးစိန်၊ စမ်းချောင်းက ကိုပြည့်စိုးနိုင်၊ ကိုစိုးကြီးတို့လို တုတ်ချက်နဲ့ အသက်ထွက် မခံလိုလို့ တော်လှန်ရေးသ မား ဘဝကနေ မဆလလွတ်လိုက်တဲ့ စစ်ထောက်လှမ်းရေးတွေပါလို့ ရင်နာနာထွက်ဆိုပြီး အသက်ကို ဆက်မွေးဘို့ ကြိုး စားနေတဲ့ ဒီဇာတ်ထုပ်မှာတော့ ဒီလိုကျရောက်လာတဲ့ တုတ်ချက်တွေဟာ သိပ်အဆန်း မဟုတ်တော့ပါဘူး။
ကျနော်တို့လို အသက်ကို မွေးပေမယ့် မိမိတို့ ကိုယ်လက်အင်္ဂါ တချို့ကို ပေးလိုက်ရသူတွေလည်း ရှိတာမို့ ကျနော်တို့ ထောင်အိပ်ခန်းဟာ ဈေးက အမဲသားတန်းထက်တော့ ပိုပြီး သွေးညှီနံ့ လွှမ်းပါတယ်။ လက်ကောက်ဝတ်က ဖြတ်ထားခံ ရတဲ့ ယူဂျီတာဝန်ခံ ကိုချိုကြီး (နောက်တော့ ခေါင်းပါဖြတ်ပေး လိုက်ရ) လက်ချောင်းတွေ ခုတ်ထားခံရတဲ့ ကိုအောင်ဖိုး တို့ ခြေထောက်ထဲကို ဖနောင့်ကနေ သံချောင်းကို မီးဖုတ်ပြီး လျှိုသွင်းခံထားရတဲ့ ကျောင်းသားခေါင်းဆောင် ကိုထွန်း အောင်ကျော် တို့ဆီက သွေးညှီနံ့တွေအပြင် ရံဖန်ရံခါ အကွဲအပြဲ အဖြတ်အတောက်တွေကြားမှာ ကျနော် ကိုယ်တိုင် လည်း ခေါင်းကိုမကြာခဏ အစိမ်းချုပ် ချုပ်ခံရတတ်တာမို့ ကိုယ်ပေါ်က အဝတ်တွေမှာ သွေးနံ့စွဲနေတာ အဆန်းမဟုတ် တော့ပါ။
ခက်တာက သွေးပေလို့မို့လည်း အင်္ကျီကို လဲမပစ်သာပါဘူး။ လဲစရာလည်း မပေးပါဘူး။ အဲဒီ ပါဂျောင်ဒေသဆိုတာက တရုတ်မြန်မာ နယ်စပ် ကေအိုင်အေ ဌာနချုပ် လိုင်စင် စခန်းနဲ့ တဆက်တည်း အမြင့်ပေ ခုနှစ်ထောင်ကျော်ရှိတာမို့ ဆောင်းမှာ အရိုးကွဲအောင် အေးစက်ပါတယ်။ ဒါကြောင့်မို့ စောင်မရှိဘဲ (တခါတရံ စောင်ပါးလေး တထည် ၂ယောက်မျှ) မြေပေါ်လှဲအိပ်ရတဲ့ ကျနော်တို့အဖို့ သွေးဘယ်လို ရွှဲနေပေမယ့် အဲဒီအင်္ကျီကို မပစ်နိုင်ပါဘူး။ အနည်းဆုံး လေးထပ် လောက် ထပ်ဝတ်ထားတာတောင် အဆောက်အဦ ထရံကြဲကြဲကြားက တိုက်လာတဲ့ တောင်ပေါ်ဆောင်းလေကြောင့် ရိုက်ထားတဲ့ ဒဏ်တွေက အရိုးကွဲအောင် အေးမြလှပါတယ်။
နောက်ပြီးတော့ စပြီး ဖမ်းဆီးနှိပ်စက်ပြီး ချုပ်ထားကတည်းက တခါမှ ရေချိုးခွင့်လည်း မပေးသလို၊ ကျနော်တို့ဘက်က လည်း ထပ်အသားနာခံပြီး ရေချိုးခွင့် တောင်းဆိုဘို့ဆိုတာ စိတ်ကူးထဲတောင် မရှိပါဘူ။ ဒါကြောင့် အဝတ်အစားတွေမှာ သွေးတွေကခြောက်ပြီး ချပ်ခေါက်ကြီး ဖြစ်တဲ့နေရာ၊ ဆီးနံ၊ သွေးနံ့နဲ့ ဖုန်မှုန့်တို့ လိမ်းကျံနေခဲ့တာ လနဲ့ချီပြီး ကြာလာတာ တဲ့နောက် ကျနော်တို့ကိုယ်ပေါ်မှာ ဘယ်အချိန်က စတင် ပေါက်ဖွားခဲ့တယ်လို့ မသိနိုင်တဲ့ သန်းဂျီးမလို့ ခေါ်တဲ့ ကိုယ် သန်းတွေနဲ့ အဆွေခင်ပွန်း ဖွဲ့မိကြပါတော့တယ်။
အမှန်တော့ ကျနော်တို့ ကိုယ်မှာ ခုလို ကိုယ်သန်းတွေရှိနေတာကို ဘယ်အချိန်က စ သတိထားမိ ဘယ်သူက စ သတိ ထားမိတယ်ဆိုတာ မှတ်မှတ်သားသား ရှိသင့်ပါလျက် မရှိတာကတော့ အဲဒီအချိန်က ဘယ်အချိန်ခေါ်ပြီး ရိုက်စစ်ဦးမလဲ။ လျှော့ခ်တိုက်ပြီး အစစ်ခံရ ဦးမလဲ။ မီးမြှိုက်ခံရဦးမလဲ ဆိုတာကို နေ့နေ့ညည လန့်နေရလို့ပါ။ အစစ်မခံရတဲ့ အချိန်တွေ မှာလဲ သူတို့ခိုင်းတဲ့ အလုပ်ကြမ်းတွေကို ကျွဲလို နွားလို လုပ်ရတဲ့ ကျွန်တပိုင်း ဖြစ်နေတာမို့ သတိမထားမိကြတာပါ။
အဲနောက်တော့ တယောက်သောသူက စပြီး သူ့ကိုယ်ပေါ်မှာ သန်းတွေ ရှိနေတယ်လို့ စကြေညာလိုက်ပြီးတဲ့ နောက်မှာ တော့ ကျနော်တို့တွေ အလုပ်နားတဲ့ အချိန် အင်္ကျီတွေကို တလွှာချင်း ချွတ်ပြီး သေချာ စစ်ကြည့်သောအခါမှာတော့ အင်္ကျီရဲ့ ချုပ်ရိုးကြောင်းတွေ ကြားမှ ခိုအောင်းနေတဲ့ (အထူးသဖြင့် ဂျိုင်းနဲ့ လက်ပြင် အဆက် ချုပ်ရိုးတွေကြား) သန်းဖြူ ဖြူကြီးတွေကို တွေ့ရပါတယ်။
လူ့စိတ်ဟာ တော်တော်တော့ ဆန်းတယ်ခင်ဗျ။ ဒီ ကိုယ်သန်းကြီးတွေကို စတွေ့တော့ ဒါဟာအင်မတန် လန့်စရာကောင်း တဲ့ကိစ္စကို အန္တရာယ်လို့မမြင်ဘဲ ငါ့အမေကြီး (အဖွါး) ပြောတဲ့ ဂျပန်ခေတ်လို ခေတ်ပျက်ကာလမျိုးမှာမှ ကြုံရတဲ့ သန်းဂျီး မကြီးတွေ ကိုယ်တိုင် ငါ့ခန္ဓာကိုယ်ပေါ်မှာ ကိုယ်ကပ်နေပါပေါ့လား ဆိုပြီး ကြိတ်ဝမ်းသာမိနေသေးဗျ။ ဒါပေမယ့် ကြာကြာ မစောင့်လိုက်ရပါဘူး ညလည်း ရောက်ရော သတ္တိပြတော့တယ်ဗျာ။ ခက်တာက ညဘက် မခံမရပ် နိုင်အောင် ဒင်းတို့က ကိုက်ပေမယ့် စောစောက ပြောခဲ့သလို လက်ပြန်ကြိုးက တုပ်ထားတဲ့အပြင် နည်းနည်းလေး လှုပ်ချင်လွန်းပြီဆိုရင် ခွင့်ပြု ချက် အရင်တောင်းရတာမို့ စိုင်းထီးဆိုင် သီချင်း အလိုက်နဲ့ ပြောရရင် ယားတော့ယားတာပေါ့ ဒါပေမယ့် မကုတ်နဲ့ လို့ပဲ ဆိုသလို ဖြစ်နေတာပေါ့ဗျာ။
အမှန်တော့ ညည ကျနော်တို့ အကျဉ်းစံ ရဲဘော်တချို့ဟာ ခွင့်ပြုချက်မတောင်းဘဲ လူးတယ်လွန့်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မနက်မနက် တုတ်ချက် ထိခံနေရတာ တော်တ်ာကြာနေပါပြီ။ အရိုက်သာ ခံနေရတယ် ကိုယ်ဖာသာ လူးမိလွန့်မိသလား မသိရဘဲ အသလွတ်အနွှာခံနေရတာက တော်တော်ကြာနေပြီ ခင်ဗျ။ မနက်ကျ စာရင်းက ထွက်လာပြီ လူးတယ်လွန့် တယ်တဲ့။ နောက်မှ အဖြေက ပေါ်တော့တာကိုးဗျ။ ဒီကောင်ကြီးတွေ အင်္ကျီအတွင်းထဲမှာ ကိုက်နေတာဆိုတော့ လူးတော့ တာပေါ့ဗျာ။ လွန့်တော့တာပေါ့ဗျာ။
လူစိတ်ဟာ အင်မတန် ဆန်းသဗျ။ ပထမဆုံး ကျနော်တို့ ကိုယ်ပေါ်မှာ ဒီကိုယ်သန်းကြီးတွေ ရှိနေတယ်ဆိုတာ စသိတဲ့ ညကိုမှာတော့ ညအိပ်ဘို့ ခေါင်းချပြီး မိနစ်အတွင်းမှာပဲ အင်္ကျီအထပ်ထပ် အတွင်းက ကိုယ်ခန္ဓာမှာ မကြုံစဖူး ထူးထူးခြား ခြား ယားလာပါတော့တယ်။ သန်းဂျီးမ တပ်ဖွဲ့ဟာ  တညတာ စစ်ဆင်ရေး စတင်ဘို့အတွက် တပ်ချီ တပ်ပြောင်းတွေ လုပ် နေပုံ ရပါတယ်ဗျ။ သိတဲ့အတိုင်း ခြေထောက် ၂ ချောင်းကလည်း သံကြိုးကွင်းထဲမှာ။ လက် ၂ ဖက်ကို ကျောနောက်ပို့ပြီး လက်ကောက်ဝတ်ကနေ ပူးတုပ်ထားတာမို့ လှဲချလိုက်ပြီဆိုတာနဲ့ လူက ပုံစံအရကို မလူးမလွန့် နိုင်တော့ပါဘူး။ ငယ်ငယ် က ဘူတာရုံမှာ ခြေလေးချောင်းလုံးကို ပူးတုပ်ထားတဲ့ ဝက်တွေ ပုံစံပါပဲဗျာ။ မျက်စေ့ကိုလည်း ပိတ်စနဲ့ အမြဲတင်းနေ အောင် ချည်ထားတာဆိုတော့ နားကို အမြဲစွင့်ထားတဲ့ အလေ့က ရှိနေသဗျ။ ဘယ်သူ့ခေါ်ထုတ် သွားပြီလဲ။ ဘယ်သူ ဝင် လာပြန်ပြီလဲ စသည်ဖြင့်ပေါ့။ ညဘက်တွေမှာ ခေါ်ပြီး စစ်ဆေးတာကိုးဗျ။ ဘယ်သူတော့ဖြင့် စစ်ရင်း လက်လွန်သွားလို့ ပြန်မလာနိုင်တော့ဘူး စသည်ဖြင့်ပေါ့ … ဆိုတော့ နားကတော့ စွပ်စွင့်ထားရတယ်။ ဘဝက။
ပြောရင်တော့ ပိုလွန်းတယ် ပြောကြမှာပဲ။ တကယ်ပါဗျာ နောက် အာရုံစိုက်ထားတဲ့ အချိန်ဆိုရင် အဲဒီ ကိုရွှေသန်းဂျီးမ တပ်ဖွဲ့ အထဲမှာ ပြေးလွှားလှုပ်ရှားတဲ့ အသံကို နားထဲမှာ တခါတခါ ကြားရသဗျ။ အရေပြားပေါ်မှာ ပြေးနေရင်လည်း သိ နေသဗျ။ ကိုက်တာကတော့ မပြောပါနဲ့ တော့ဗျာ။
သူတို့တွေကလည်း သိပုံရတယ်ဗျ။ ခုငါတို့ သွေးစုတ်နေတဲ့ လဒတွေဟာ ငါတို့ကို ဘာမှ မတုံ့ပြန်နိုင်တဲ့ ကောင်တွေလို့ ကောင်းကောင်း သိနေပုံရတယ်ဗျ။ အဲဒီတော့ ညရောက်တာနဲ့ ကျနော်တို့ ခန္ဓာကိုယ်ကြီးဟာ သူတို့အတွက် အကောင်း ဆုံး ပျော်ပွဲစားရုံကြီးတွေ ဖြစ်သွားတော့တာမို့ တညလုံး စိတ်ကြိုက် ပွဲတော်တည်ကြပါတော့တယ်။ ကျနော်တို့ သန်းတွေ ကပ်နေတာ စသိတဲ့ ညကတော့ ဘာပြောကောင်းမလဲဗျာ။ အရင်ကနဲ့ မတူအောင်ယား။ မတူအောင် နာတော့ကိုး။ အဲဒီ တော့ လက်ပြန်ကြိုးတုပ်ထားတော့ ဘာမှလုပ်မရပေမယ့် နည်းနည်းလေး သက်သာလို သက်သာငြား လူးကြည့် လွန့်ကြည့်ချင်တဲ့စိတ်က ဘယ်လိုမှ တားမရဘူး ခင်ဗျ။
ယားနေတာကို အာရုံစိုက်ပြီး မြေကြီးနဲ့ ကြိတ်သတ်ဖို့ လုပ်ကြည့်တာပေါ့ဗျ။ ဘာပြောကောင်းမလဲဗျာ။ တညလုံးဟာ တ ယောက်ပြီး တယောက် နည်းနည်း လှုပ်ပါရစေဗျ ဆိုတာချည်း ဖြစ်ကုန်တာပေါ့။ ခက်တာက အကုန်လုံးက ကုပ်ချင် လှုပ် ချင်တဲ့ လူတွေချည်း ဖြစ်နေသလို ကုပ်ဖို့အရေး ခွင့်ပြုချက်ရဘို့ကလည်း အလွန်အရေးကြီးတာကိုးဗျ။ ကျနော် နည်းနည်း လှုပ်ပါရစေဗျ လို့ပြောပေမယ့် လှုပ်လို့ ခွင့်ပြုချက်ကျဘို့ စောင့်ရတာက တခါတခါ တကမ္ဘာလောက် ကြာနေသလိုပဲ။ ကိုယ့်အလှည့်တောင် မရောက်သေးဘူး နောက်က တယောက်က ကျနော်လည်း ကုတ်ပါရစေ ဖြစ်လာပြန်ရော။ သိတဲ့အ တိုင်းဗျာ တာဝန်ကျတဲ့ အစောင့်ဆိုတာကလည်း အမျိုးမျိုးကိုး။ အဲဒီတော့ နောက်ဆုံးရလဒ်ကတော့ မနက်လင်းလို့ ကွင်း ထဲမှာလည်း တန်းစီရော ဘာမှ ပြောမနေနဲ့ အစောင့်ကျတဲ့ လူအားလုံးက တုတ်ကိုယ်စီနဲ့ စောင့်နေတော့တာပေါ့။ ညက လှုပ်တဲ့လူ မလှုပ်တဲ့လူ ခွဲမနေတော့ဘူးလေ အားလုံးမြေကြီးပေါ် ဝမ်းယားမှောက်ထားစေ ဆိုတာမျိုးနဲ့ အဝ စားရတော့ တာပေါ့ ဗျ။
အဲဒီ နောက်ပိုင်းမှာတော့ ကျနော်တို့ ဘဝမှာ ကျနော်တို့ကို ဖမ်းထားပြီး မကြာခဏ အကြီးအကျယ် နှိပ်စက်နေတဲ့ ငရဲ သားတွေရဲ့ ရန်ထက်၊ နောက် ရန်သူတော်အသစ် သန်းဂျီးမတွေကို ပိုပြီး ထိန့်လန့်လာပါတော့တယ်။ ညတိုင်း ဘယ်လို အချိန်မှာ လူးခွင့်တောင်းရပါ့မလဲ ဆိုတာမျိုးကိုချည်း ချောင်းနေရတာကိုး။ သန်းဂျီးမတွေကလည်း လည်တယ်ဗျ။ ညဆို သူတို့ ပုန်းအောင်းနေတဲ့ နေရာကနေ လက်မောင်းတလျောက် ဆင်းလာပြီး လက်ပြန်ကြိုးတုပ် ထားတဲ့ လက်ကောက် ဝတ်က ကြိုးချည်ထားတဲ့ နေရာတဝိုက်ကို ဆင်းလာပြီး ကိုက်တတ်သဗျ။ တိုတိုပြောရရင်တော့ ညမလှုပ်ဘဲလည်း မနေ နိုင် မနက်ကျတော့မှ ရိုက်ပါစေတော့ဆိုပြီး လှုပ်ရာက အရိုက်ခံရတာ ကြာလာတော့ ဒီသန်းဂျီးမတွေ ရန်က လွတ်ဘို့အ ရေးဟာ တို့တာဝန် အရေးတပါး ဖြစ်လာတော့တာပေါ့ဗျာ။
ပထမဆုံး စစ်ဆင်ရေးကတော့ အပြင်မှာ အလုပ်တွေ ထွက်လုပ်ရာကအပြန် ထောင်ရှေ့ကွင်းထဲ ခဏထိုင် လူရေတွက် ချိန်မှာ ခွင့်တောင်းပြီး အင်္ကျီ အထပ်ထပ်ကို ချွတ်ပြီး အောက်ဆုံးထပ်ကို ထားပြီး ကျန်အထပ်တွေကို ပြန်ဝတ်ပြီး (ပြန်မ ဝတ်လို့ကလည်း မဖြစ်ဘူး တခါတလေဆို ရေခဲအောင် အေးတဲ့ နေရာကိုး) တော့ ရတဲ့အချိန်အတွင်းမှာ အဲဒီအင်္ကျီရဲ့ ချုပ်ရိုးကြောင်းတွေအတိုင်း ခိုအောင်းနေတဲ့ ရန်သူတော် သန်းဂျီးမတွေကို လက်စားချေကြပါတော့တယ်။
ကျနော်တို့ရဲ့ အင်္ကျီတွေက စစ်ရောင်တွေမို့ စစ်စိမ်းရောင် အင်္ကျီချုပ်ရိုးကြားမှာ ခိုနေတဲ့ ဒင်းတို့ကိုရှာရတာ ဘယ်ခက် လိမ့်မလဲဗျာ။ ဒီဖြူဖြူဖွေးဖွေး ဆန့်စေ့ကြီးတွေလို ကပ်နေတဲ့ဟာ။ အမယ် တကယ်လိုက်ရှာပြီး ရှင်းနေပြီဆိုတာ သိတော့ ဒင်းတို့ကလည်း ပြေးချင်တယ်ဗျ။ ဒါပေမယ့် ဘယ်ရလိမ့်မလဲဗျာ ညပေါင်းများစွာ အညှိုးကြီး ညှိုးထားတဲ့ ကျနော်တို့ လက်က လွတ်အောင် မပြေးနိုင်ကြပါဘူး။ အတုံးအရုံးပေါ့ဗျာ။ ဒါပေမယ့်ခက်တာက သူတို့ကို ကုန်စင်သွားအောင် ရှာဘို့ ကျနော်တို့မှာက လုံလောက်တဲ့ အချိန် မရှိတာဘဲဗျ။ ပြီးတော့ နေ့စဉ်ကလည်း မရှာနိုင်တာတော့ အရင်လိုပဲ နေ့ကျ အ စောင့်နဲ့ စစ်ကြောရေး ပြုသမျှနုကြရပြီး ညညမှာတော့ ဒင်းတို့ပြုသမျှ နုရတဲ့ ဘဝမှာပဲ စင်းခံခဲ့ရသဗျ။
အဲဒီလို စင်းခံနေရတဲ့ ဘဝကနေ တယောက်သောသူက သူ့ အတွေ့အကြုံတခု ဝေငှလာသဗျ။ အဲဒါကတော့ ညအိပ်ယာ ဝင်ခါနီး လက်ပြန်ကြိုး ချည်ကာနီးမှာ အတွင်းဆုံးက အင်္ကျီကို ချွတ်ပြီး အပေါ်ဆုံးကို ပြောင်းပြီးဝတ်တဲ့နည်း ခင်ဗျ။ များ သောအားဖြင့် ဒီသန်းဂျီးမတွေက အောက်ဆုံးက အင်္ကျီမှာ တွယ်ကပ် နေတတ်ထာဆိုတော့ ဒီဟာကို အပေါ်ဆုံးထပ်ကို ပြောင်းဝတ်လိုက်ပြီးတော့ မျက်စိလည်အောင် လုပ်တဲ့စိတ်ကူးဖြစ်ပါတယ်။ တကယ်တမ်း လုပ်ကြည့်တဲ့အခါ ဟုတ်သဗျ။ ညဦးပိုင်းမှာတော့ နည်းနည်းသက်သာသလိုလို ဖြစ်ပြီး နောက်ပိုင်းမှာတော့ အတိုးချပြီး အပြတ်အသတ် နွှာပါတော့တယ်။ ငါတို့ကို မလိမ့်တပတ်နဲ့ လုပ်တဲ့ ကောင်တွေဆိုပြီး တကယ်နွှာတဲ့အခါ တော်တော်ခံစား ရသဗျ။ ဒီတော့ နေနှင့်ဦးပေါ့ကွာ ဆိုပြီး ကြိတ်ပြီး ကြိမ်းဝါးနေခဲ့ရတာပေါ့ ခင်ဗျာ။
ဒီလိုနဲ့ ဆောင်းတွင်းကြီး တတွင်းလုံးမှာ ရေခဲတွေ လွှမ်းတဲ့ဆောင်း၊ အရိုက်ကြမ်း အဖြတ်အတောက် ကြမ်းတဲ့ စစ်ကြော ရေးနဲ့ သွေးအစုပ်ကြမ်းတဲ့ သန်းဂျီးမတို့နဲ့ လုံးထွေးရင်း ရက်စက်အမှုအပေါင်း သရဖူဆောင်းတော့သည် ဆိုသလိုပဲ ကျနော်တို့ထဲက ရဲဘော်တချို့ မကြွေသင့်ဘဲ၊ ကြွေလွင့်ခဲ့ရပြီး ဆောင်းအလွန် နှင်းခဲပျော်ချိန် ရောက်လာပါတယ်။
ကျနော်တို့တွေလည်း ငရဲမှာ နည်းနည်း အသားကျလာပါတယ်။ တရက်မှာတော့ ကျနော်တို့ အကျဉ်းသားတွေထဲမှာ တန်းစီး တာဝန်ယူထားရတဲ့ ကသာက ကိုမြင့်သိန်းက အရဲ့စွန့်ပြီး အထူးအရေးကြီးတဲ့ စီမံကိန်းတခုကို လုံခြုံရေး ယူ ထားတဲ့ တာဝန်ခံကတဆင့် တင်ပြလိုက်ပါသဗျ။
အဲဒါကတော့ ခုလို နှင်းတွေပျော်လို့ ထောင်ကုန်းက ဆင်းတဲ့ တောင်ကြား စမ်းချောင်းလေး ပေါ်လာတဲ့ နေရာမှာ ကျနော် တို့ကို ရေချိုးခွင့်ပြုဘို့နဲ့ အဝတ်တွေကိုလည်း ရေနွေးနဲ့ စိမ်ပြီး ပြုတ်လျော်ခွင့် ပေးဘို့ ဖြစ်ပါတယ်။
အဲဒီချိန်က ကျနော်တို့အားလုံး ရေမချိုးရတာ လေးလ ကျော်နေပါပြီ။ နောက်ဆုံးတော့ အစောင့်အကြပ် စုံလင်စွာနဲ့ သ ဘောတူညီချက်များစွာနဲ့ ရေချပွဲ အခမ်းအနား လုပ်ဖြစ်ပါတော့တယ်။ အချိန်က မနက် ၁ဝ နာရီလောက် နေထွက်ချိန် လောက်မှာ စဖြစ်ပါတယ်။ ကျနော်တို့ ထောင်ကုန်းနဲ့ အာသံကုန်း နှစ်ခုကြားမှာ နှင်းပျော်ချိန်ဆို ခြေကျင်းဝတ်လောက် နက်ပြီး လေးပေလောက်ကျယ်တဲ့ စမ်းချောင်းလေး ရှိသဗျ။ အာသံကုန်းလို့ ခေါ်ရတာကတော့ ကေအိုင်အေတပ်မှာ စစ် သင်တန်းလာယူတဲ့ အိန္ဒိယနိုင်ငံ အာသံပြည်ကလာတဲ့ သူပုန်တွေထဲက စစ်စည်းကမ်း မလိုက်နာတဲ့ စစ်သားတချို့ကို ခေါင်းဖြတ် သတ်ခဲ့ဖူးတဲ့ ကုန်းဖြစ်လို့ပါ။
နောင် အဲဒီ တောင်ကုန်းပေါ်မှာပဲ ၁၉၉၂ ဖေဖေါ်ဝါရီလ ၁၂ရက် ညနေ လေးနာရီလောက်မှာ ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော် အပါအဝင် တော်လှန်ရေး ကျောင်းသားခေါင်းဆောင် ရဲဘော် ၁၅ ဦးကို တချိန်တည်း အမိန့်ထုတ် ခေါင်းဖြတ် သတ်ခံခဲ့ရတာလည်း အဲဒီကုန်းပေါ်မှာ ဖြစ်ခဲ့တာပါ။
ပထမဦးစွာ ကျနော်တို့က အဲဒီစမ်းချောင်းလေးကို လူတယောက်လှဲပြီး စိမ်လို့ရအောင် ပြုပြင်ရပါတယ်။ တဖွဲ့ကတော့ မိုး ဗြဲဒယ်ကြီး တလုံးထဲ ရေဖြည့်ပြီးတော့ ကျောက်တုံးသုံးတုံးကို ဖိုခနောက်ဆိုင်ပြီး ထင်းမီးဖိုကြီးတခု တည်ပါတယ်။ အဲဒီ မိုးဗြဲဒယ်ကြီး ပွက်လာတာကို ကြည့်ပြီး ကျနော်တို့အားလုံးဟာ တော်တော် စိတ်လှုပ်ရှားနေကြပါတယ်။ ရေတွေ ကျွက် ကျွက်ဆူလာတဲ့အခါမှာ ကျနော်တို့ရဲ့ သန်း နှိမ်နင်းရေး စီမံကိန်းကြီးကို စတင်ပါတော့တယ်။
ပထမဆုံး ရေချိုးမယ့် တသုတ်ခွဲလိုက်ပြီး သူတို့ အားလုံးရဲ့ အဝတ်တွေအားလုံးကို ချွတ်ပြီး အငွေ့တထောင်းထောင်း ထ နေတဲ့ ရေတွေထဲကို ပစ်ထည့်လိုက်ကြပြီး ဝါးလုံရှည်နဲ့ ထိုးနှစ်လိုက်ပါတယ်။ အားလုံးရဲ့ မျက်လုံးတွေကလည်း စိတ်ဝင် စားစွာနဲ့ ဒယ်အိုး ရေမျက်နှာပြင်ကို စိုက်ကြည်နေလိုက်ပါတယ်ဗျာ။ တထည် ပစ်လိုက်တာနဲ့ ရေပြင်ပေါ်ကို တက်လာ လိုက်တဲ့ သန်းဂျီးမဖွေးဖွေးကြီးဗျာ။ ဖွေးကနဲ ဖွေးကနဲ ရေပြင်ပေါ် တက်လာလိုက်တာ။ နောက်ဆုံး ညစ်မဲနေတဲ့ ဒယ်အိုး ရေမျက်နှာပြင်တခုလုံးမှာ ပေါလောမျောနေတဲ့ သန်းဂျီးမတွေနဲ့ အပြည့် ဖုံးသွားလိုက်တာ ရေမဲညစ်ညစ်တွေတောင် ပျောက်သွားတဲ့ အထိပါပဲ။
ကျနော်တို့ အကုသိုလ်ကလည်း မသေးလှဘူး ခင်ဗျ။ ဒီလောက် ဘယ်နေ့ ထုတ်ရိုက်လို့ သေမလဲဆိုတာကို တထိတ် ထိတ် ဖြစ်နေရတဲ့အထဲ ဒီသန်းဂျီးမတွေက အကုန်ကြွသွားတာကို အားရပါးရအရသာခံပြီး ကြည့်နေကြသေးတယ် ခင်ဗျ။ ပြောရရင်တော့ သူတို့ ပေးထားတဲ့ ဒုက္ခကလည်း မသေးဘဲကိုးဗျ။ အဲဒီနေ့ ညမှာတော့ ကျနော်တို့ အားလုံးဟာ သန်းဂျီးမ တွေရဲ့ ဘေးရန်က လွတ်မြောက်ပြီး အေးေးအချမ်းချမ်း အိပ်စက်ရပါတော့တယ်။
ဒါပေမယ့် သိပ်တော့ မကြာပါဘူး ဒင်းတို့ အတိုးချ နှိပ်စက်တဲ့ ဒဏ်ကို ပြန်ခံရပြန်ပါတယ်။ အကြောင်းကတော့ ကျနော်တို့ ခန္ဓာကိုယ်ကို ရေချခွင့်ရတဲ့နေ့က နှိပ်စက်ထားလို့ မထနိုင်တဲ့လူတွေ လောလောလတ်လတ် လက်ခြေပြတ်ထားတဲ့ ဒဏ်နဲ့ ရေလုံးဝ ထိလို မရတဲ့ ရဲဘော်တချို့က ထောင်တွင်းဆောင်မှာ ကျန်ခဲ့တာမို့ သူတို့ အဝတ်အစားတွေမှာနဲ့ ကျနော်တို့ အိပ်တဲ့ နေရာခင်းတို့ စောင်တို့မှာ အသက်ဆက်ရှင်သန်နေတဲ့ သန်းဂျီးမတို့ဟာ သန်းဂျီးမမျိုးနွယ် မတိမ်ကောရေး အ တွက် သံဝါသအမှုကို အရင်ကထက် နှစ်ဆအတိုးချပြီး လုပ်အားပြကြပုံရပါတယ်။ မကြာခင်မှာပဲ မျိုးဆက်တွေ ပြန့်ပွါးပြီး ကုတ်ပါရစေ ဘဝ။ လူးပါလွန့် ပါရစေ ဘဝကို ပြန်ကျရောက်ရပြန်ပါတယ်။
ဒီလိုနဲ့ သန်းဂျီးမ စစ်ဆင်ရေးတခုကို ဆင်နွဲဘို့ အခွင့် လျောက်ရပြန်ပါတယ်။ ဒီလိုနဲ့ နဝတ ခေတ်ဦး မြို့ပြစီမံကိန်းတွေမှာ စစ်တပ်နဲ့ပေါင်းပြီး သန်းကြွယ်သူဋ္ဌေးတွေ ဖြစ်ဘို့ အလုအယက် စီးပွါးရှာနေကြတဲ့ ခေတ်ကြီးထဲမှာ ကျနော် အပါအဝင် ကံထူးသူ ငမိုက်သား တသိုက်ကတော့ သန်းကြွယ် သူဋ္ဌေးတွေ ဘဝကနေလွတ်ဘို့ အသည်းအသန် ကြိုးစားနေခဲ့ကြရ သဗျ။
မှတ်မှတ်ရရ သန်းဂျီးမတွေနဲ့ အပြန်အလှန် ခင်းခဲ့တဲ့ စစ်ပွဲကို ကျနော်တို့ ဘက်ကနေ တဖက်သက် ရပ်စဲလိုက်တဲ့ အချိန် ကတော့ စောစောကပြောသလို ကျနော်တို့နဲ့ ဘဝတူ ရဲဘော်တချို့ ကွက်မြက်ခံခဲ့ရပြီးနောက်ပိုင်းမှာ ဖြစ်ပါတယ်။
ကျနော်တို့ ဇက်ပေါ်ကို တကယ်ဓါးဝဲခဲ့တဲ့ အတွေ့အကြုံအရ တိရိစ္ဆာန်ပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် ကိုယ့်အသက် သေမှာတော ကြောက်ရှာမှာပဲလို့ ကိုယ်ချင်းစာမိလာတာလည်း ပါသလို၊ နေ့စဉ်အလုပ်ခွင် ထင်းထမ်း၊ ထင်းဖြတ်၊ ကျောက်ထု၊ ကျောက်သယ် လုပ်ကြရတိုင်း ရဲဘော်တွေ ကွက်မြက်ခံခဲ့ရတဲ့ အာသံကုန်း (နောင်အခါ ကိုထွန်းအောင်ကျော် ကုန်း) ဘေးက နေ့စဉ်ဖြတ်သွားလာရင်း စဉ်းစားမိတဲ့ အချက်တခုရှိပါတယ်။
ဗုဒ္ဓကျမ်းဂန်တခုမှာ ရဟန်းကြီးတပါးဟာ ပျံလွန်တော်မူချိန်မှာ မိမိရဲ့ သင်္ကန်းကို စွဲလန်းမိခဲ့လို့ သင်္ကန်းမှာ ကပ်ညိပြီး သန်းဂျီမ ဖြစ်ရရှာတဲ့ ဇာတကရှိပါတယ်။ ကျနော်တို့ ရဲဘော်တွေထဲက တချို့ဟာ ကျနော်တို့ကိုများ နောက်ဆုံးအချိန်မှာ စိတ်မှာစွဲသွားခဲ့သော် ဆိုတဲ့ အတွေးတခု ရလာပြီးတဲ့နောက် ဒီလိုအတွေးကို အချင်းချင်း ဝေငှပြီးတဲ့နောက်မှာတော့ ကျနော်တို့ရဲ့ မိုးဗြဲဒယ်စစ်ဆင်ရေးကို တဖက်သတ်ရပ်ဆိုင်းပြီး သန်းကြွယ်သူဋ္ဌေးတွေ ဘဝမှာပဲ လူးရင်း လွန့်ရင်း ကြိတ် ခံကြတာ နွေ .. တနွေကုန်လို့၊ မိုးကူးပြီး မိုးသည်း ညတညမှာ ပါဂျောင်စခန်းက စွန့်ခွာထွက်ပြေးခဲ့တဲ့တိုင်အော င်ပါပဲ။
နောက်ဆုံး အလင်းဝင်ဘဝနဲ့ ကြက်ခြေနီအဖွဲ့ကပေးတဲ့ အဝတ်အစားသစ်တွေကို ပြောင်းလဲခွင့်ရချိန်မှာ သန်းဂျီးမတွေနဲ့ ကတ္တီပါ လမ်းခွဲပေါ့ခင်ဗျာ။ အမှန်တော့ ကိုခင်ဝမ်းရဲ့ နှုတ်ဆက်ခဲ့ပါတယ်ဆိုတဲ့ သီချင်းလေးနဲ့ နှုတ်ဆက်ချင်ပေမယ့် သန်း ဂျီးမဆိုတာ့လည်း အနုပညာတွေဘာတွေ နားလည် ခံစားနိုင်မှာမဟုတ်တော့ မဆိုပြဖြစ်ခဲ့တော့ပါဘူး။
တကယ်တွက်ကြည့်တော့ ဒီအိမ်မက်ဆိုးကြီး မက်ခဲ့တဲ့ သန်းကြွယ် သူဋ္ဌေးဘဝဟာ ခုဆိုရင် နှစ်ပေါင်း နှစ်ဆယ် တင်း တင်း ပြည့်မြည်ခဲ့ပါပြီ။ လာမယ့် ၂ဝ၁၂ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ နိုင်ငံတော်လှန်ရေးတခုအတွက် မွန်မြတ်တဲ့စိတ်နဲ့ စွန့်လွှတ် စွန့်စားမယ်ဆိုပြီး ထွက်လာခဲ့တဲ့ အထက်ဗမာပြည်က ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော် အပါအ ဝင် ရဲဘော်တွေ ကွက်မြက်ခံခဲ့ရတာ နှစ်ပေါင်း နှစ်ဆယ်တင်းပြည့်ခဲ့ပါပြီ။
နိဒါန်းမှာ ဖေါ်ပြခဲ့သလို ဆရာမခက်မာရဲ့ သန်းတွေအကြောင်း ဖတ်ရတဲ့အခါ နှစ်ကာလများစွာက ကိုယ်ပေါ်မှာ ညပေါင်း များစွာ သန်းဂျီးမတွေ တွားသွားခဲ့တဲ့ နေရာတွေက ယားလာပါတယ်။ အခုတခါ ယားလာတာကတော့ သန်းဂျီးမတွေ ကြောင့် မဟုတ်ပါဘူး။
နိုင်ငံအတွက် စွန့်လွှတ်ရင်း အသက်ပေးခဲ့ရတဲ့ ကိုထွန်းအောင်ကျော် အပါအဝင် ကျောင်းသားခေါင်းဆောင် ရဲဘော်ပေါင်း ၃ဝ ကျော်ရဲ့ အဖြစ်အပျက်ထဲမှာ ကိုယ်တိုင်လည်း သားကောင်တဦးအဖြစ် ပါဝင်ခဲ့ပါလျက်နဲ့ နှောင်းလူတို့ သိဘို့ တစိုးတ စိမှ မတို့ မထိခဲ့ပဲ၊ ရေငုံနေခဲ့တဲ့ မိမိကိုယ် မိမိကြည့်မိတဲ့အခါ အပြစ်မကင်းသလို ခံစားရတဲ့ စိတ်က တရွရွ ကိုယ်ပေါ် ပြေး လွားနေတာမို့ တခါက တရွရွ ပြေးလွှားခဲ့ဖူးတဲ့ သန်းဂျီးမတွေ အကြောင်းကို ခုလို ချရေးမိတာ ဖြစ်ပါကြောင်း ဝန်ခံချက် ပေးပါတယ်။
တကယ်တော့လည်း အစ မထင် သံသရာအစဉ်က ကျနော်တို့ ခန္ဓာမှာ ကပ်ညှိလိုက်ပါ တွားသွားနေတဲ့ သာမာန်မျက်စိနဲ့ မမြင်သာတဲ့ သန်းဂျီးမတွေက အချိန်တိုင်းမှာ လိုက်ပါ ပြေးလွား ကိုက်ဖဲ့ သွေးစုတ်နေခဲ့တာက…
ဘဝများစွာ၊
နှစ်များစွာ၊
လများစွာ၊
ရက်များစွာ၊
နာရီများစွာ၊
မိနစ်များစွာ၊ စက္ကန့်များစွာ မဟုတ်ပါလားခင်ဗျာ။…
(ပါဂျောင်ဒေသတွင် ကျဆုံးခဲ့ရသော ကိုထွန်းအောင်ကျော်နှင့် ရဲဘော်များသို့ ဦးညွတ်လျက်)
ပန်းချီ ထိန်လင်း
http://www.kaungkin.com မှ ကူးယူတင်ဆက်ပါသည်

10 Responses to “ကျနော် သန်းကြွယ်သူဋ္ဌေး ဖြစ်ခဲ့စဉ်က.. (ပန်းချီ ထိန်လင်း)”

  1. Aung Kyaw April 23, 2012
    Mg Dawn is son of a bait.
    Reply
  2. ကိုကောင်း February 18, 2012
    မောင်ဒေါင်းဟာ “လှဆိုင်း” ဆိုသူ ကချင်လူမျိုး AB မြောက်ပိုင်းက ကျောင်းသားသတ်သမား
    ဖြစ်နေနိုင်တယ်
    Reply
  3. As much as i know…Mg Dawn is not a kachin. He is an agent of military gov. Do not believe him.
    Reply
  4. ကိုကောင်း January 11, 2012
    မောင်ဒေါင်း ခင်ဗျားဘာမှ comment လာမပေးရင်
    ကောင်းမယ် ဟိုဟာသိသလို၊ ဒီဟာသိသလိုနဲ့
    လူမျိုးရေးစိတ်ကလဲကျဉ်းသေး
    ပြောလိုက်ရင် ဗမာ ဗမာနဲ့
    မှတ်ထား ဒို့ဗမာထဲမှာ လူမျိုးရေးစိတ်ရှိတဲ့သူနည်းတယ်
    ဘာလို့လည်းဆိုတော့ ဒို့တတွေမှာ သံသရာအယူအဆ
    ကိုလက်ခံကြတယ် ဗမာဖြစ်ခြင်း၊ကချင်၊ချင်းဖြစ်ခြင်းဟာခဏဘဲ၊
    နောင်ဘ၀တွေမှာလူဖြစ်ခဲ့ရင် လဲကံအကျိုးပေးကို
    လိုက်ပြီး ရိုဟင်ဂျာလဲဖြစ်ချင်ဖြစ်သွားမယ် လူလိုမကျင့်ရင်အပယ်ရောက်မယ် ခုနက မြောက်ပိုင်း
    ကကျောင်းသားသတ်သမားတွေလိုပေါ့
    မောင်ဒေါင်းလဲမြောက်ပိုင်းစစ်ကြောရေးအဖွဲ့ဝင်ဖြစ်
    ခဲ့လေသလားမသိ
    လူသတ်ပြီးကောင်းကင်နိုင်ငံရောက်မယ်
    (ဒါမှမဟုတ်) နောင်မှာအေးအေးနေရမယ် လို့တလွဲ
    ယုံသူတွေကြောင့်ကမ္ဘာကြီးမှာအကြမ်းဖက်တာတွေ
    လျှော့မသွားတာ
    သူခိုးဘက်ကရှေ့နေမလိုက်ပါနဲ့လေ
    Reply
  5. မောင်ဒေါင်း December 23, 2011
    ထိန်လင်းကို ထောင်ကျဆိုပြီး ကော်မင့်တွေမှာ တွေ့နေရတယ်။ ကော်မင့်တခုမှာ (၇)နှစ်ကျတယ်လို့ ပြောတယ်။ ဘယ်တုန်းက ဘာအမှုနဲ့ ဘယ်လောက် ကျတာလဲ။ ထိန်လင်းအကြောင်း သိသူများ ( အထူးသဖြင့် ဝါဝါရေ )ရေးပေးပါဦး။ ကျနော်သူ့ကို သတိထားမိတာတော့ (၂ဝဝ၆)၊ ဒီဇင်ဘာ ဘီဘီစီရဲ့ ခရစ်စမတ်အထူးအစီစဉ်ရဲ့ သံကွင်းစွပ် ရေဒီယိုဇာတ်လမ်းမှာ မင်းတရားကြီး အနေနဲ့ သရုပ်ဆောင်တဲ့ သူဟာ ထိန်လင်းဆိုပြီး ကျနော်အသိမိတ်ဆွေ ထိန်လင်းနဲ့ အတူ ကျောင်းသားစခန်းမှာ ထောင်ကျဘက်ကတယောက်က ပြောဘူးတယ်။ ဇာတ်ကားနာမည်တော့ မေ့နေပြီ။ သရုပ်ဆောင် ဒွေးနဲ့အတူ ၁၉၉၇-၉၈ ဝန်းကျင်ပိုင်းက ထွက်တဲ့ ဗွီဒီယိုဇာတ်ကားတခုမှာလည်း ဇာတ်ပို့အနေနဲ့ သရုပ်ဆောင်ထားတာကို အဲဒီအသိက ပြဘူးတယ်။ အဲဒီမိတ်ဆွေကတော့ တောထဲကနေ ပြန်ပြေးလာချင်း သတင်းစာရှင်းလင်းပွဲတွေလုပ်ပြီးနောက် ပြန်လာပြီး သူ့မိဘစီးပွားရေးလုပ်ငန်းမှာ လုပ်နေတယ်။ ၉၂ ခုနှစ် သူပြန်လာကတည်းက ထောင်မကျခဲ့ဘူး။ ထိန်လင်းက ဘာကြောင့် ထောင်ကျရတာလဲ။ စစ်တပ်မှာ ရန်သူရဲ့ သုံးပန်းဖြဖ်ခဲ့သူကို စစ်တပ်မှာ ဆက်မထားတော့ဘူး၊ အရေးယူ၊ ထောင်ချတာတွေလုပ်တယ်လို့ ကြားဘူးတယ်။ ထိန်လင်းလည်း အဲလိုမျိုး ထောင်ကျတာလား။ ဒါမှမဟုတ် ဘယ်လှုပ်ရှားမှုမှာ ပါလို့ ထောင်ကျရသလဲ။
    Reply
    • kyaw than December 24, 2011
      အခုက ထိန်လင်း ဖွတာမဟုတ်ဘူး။
      သေသွားတဲ့ ကျောင်းသားတွေရဲ့ အရိုးတွန်တာ…
      မြန်မာပြည်ဒီမိုကရေစီရေးအတွက်
      ပက်ပက်စက်စက်စတေးခံခဲ့ရတဲ့ ကိုထွန်းအောင်ကျော်နဲ့ ကျောင်းသားခေါင်းဆောင်တွေရဲ့ အရိုးတွန်တာ….
      လူလို့ တောင်ခေါ်ခံမထိုက်တဲ့လူသတ် ကောင်တွေ အတွက် လူသတ်ကုန်းက အရိုးထတွန်တာ..
      Reply
  6. မောင်ဒေါင်း December 23, 2011
    ခွေးမသား လို့  မဆဲနဲ့။ ၀ါဝါ၊ မင်းတို့ဗမာ မိဘတွေ မဆိုဆုံးမဘူးလား၊ ထိန်လင်း
    ၂၀၀၇မှာ အထိ ဗမာပြည်မှာ ရှိနေတုန်းဆိုတော့ ၂၀၀၆ ဒီဇင်ဘာမှာ ဘီဘီစီက လွင့်တဲ့ သံကွင်းစွပ် ဆိုလားမသိဘူး။ ရေဒီယို ပြဇာတ်မှာ မင်းတရားကြီးအနေနဲ့ သရုပ်ဆောင်တာ နင့်အမေလင် ထိန်လင်း မဟုတ်လား၊ ၁၉၉၇ ၀န်ကျင်က ဒွေးရဲ့ ဇာတ်ကားတခုမှာ သရုပ်ဆောင်ခဲ့တာ နင့်အမေလင် ထိန်လင်း မဟုတ်လား၊ ထိန်လင်းနဲ့ ပြေးလာသူ တယောက် အထက်ပိုင်းက မြိုတခုမှာ သွားစိုက်လုပ်ငန်းလုပ်နေတယ်။ အဲဒီကပြန်လာလို့ အဖမ်းခံရသတဲ့လား၊ ငါက ကချင်၊ ဘယ်ဗမာကိုမှ ခေါင်းဆောင်မတင်ဘူး၊ မင်းတို့အချင်းချင်းတောင် သတ်နေကြတာ။ဆဲနေကြတာ။ မင်းတို့တွေ လုပ်လို့ တို့တိုင်းရင်းသားအခွင့်အရေး ဘယ်တော့မှ မရဘူး။ မင်းတို့ တောင်းနေတဲ့ ဒီမိုကရေစိလည်း မရဘူး၊ ဒေါ် အောင်ဆန်းစုကြည်ကိုဘဲ ဗမာလူထုက အားကိုးနေတာ၊ မင်းတို့ကျောင်းသားတွေကို ဘယ်တုန်းကမှ အားမကိုးခဲ့ဘူး၊ ကိုယ့်အခြေအနေ ကိုယ်သဘောပေါက်ကြ၊
    Reply
  7. ပန်းချီထိန်းလင်းဆိုတာ အာဏာသိမ်းတော့ အိန္ဒိယဘက်ရောက်၊ အဲဒီကမှ ပြန်ဝင်ပြီး ထိုင်းနယ်စပ်ဘက် ရောက်၊ အဲဒီကမှ ကေအိုင်အေဘက်ပြန်ရောက်သွားတဲ့သူ။ မြောက်ပိုင်းကကောင်တွေက ထောက်လှမ်းရေးဆိုပြီး ဖမ်းဆီးထား၊ အဲဒီက ပြန်လွတ် လာသူပါ။ စစ်ထောက်လှမ်းရေးတွေကြီးစိုးတဲ့ခေတ်မှာ ဟိုနေရာ၊ဒီနေရာ တောခိုရဲ သူတယောက်၊ တောပြန်တယောက်က ထောက်လှမ်းရေးတွေ အမြဲမပြတ် စောင့်ကြည့် နေပါတယ်ဆိုတဲ့ ယူကေသံရုံးကို အဝင်အထွက်ကြိမ်ဖန်များစွာလုပ်ဝံ့ပါတယ်။ သံအမတ် အဖြူမကို ရအောင်ယူ၊ ပြည်ပထွက်သွားပြီး ဇတ်မြုပ်နေရာမှ ထောက်လှမ်းရေးတွေ (၂ဝဝ၄)မှာ အမြစ်ဖြတ်ချေမှုန်းခံလိုက်ရမှ မိုးဦးကျ ဖားတွေလို အသံ ဟိုတစဒီတစ ပြန်ထွက်လာတယ်။ မြောက်ပိုင်းက အသတ်မခံရဘဲ လွတ်သွားတဲ့ ထောက်လှမ်းရေးတွေ သူတို့ရဲ့ အစီအမံမအောင်မြင်တော့ အချို့ ပြည်ပထွက်သွား၊ အချို့ ပြည်တွင်း ဇာတ်မြုပ် နေတာ အများကြီးရှိနေတယ်။
    ဦးသိန်းစိန် လက်ထက်မှာတော့ ပြည်ပလူတွေ ပြည်တော်ဝင်နေချိန်မှာ အသံပို ကျယ်လာတာမို့ သတိထားသင့်ပါတယ်။ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက ဗိုလ်နေဝင်း ကို သေဒဏ်မပေးဖို့ ဗိုလ်အောင်ဆန်းကို တားမြစ်ဘူးလို့ အဲဒါ သူ့အမှားပါဆိုပြီး သခင်သန်းထွန်း နောင်တရဘူးတယ်။ အခုလည်း မြောက်ပိုင်းက ခေါင်းဆောင်တွေ နောင်တရလောက်ပြီ။
    Reply
    • ၀ါဝါ December 23, 2011
      မောင်ဒေါင်း ရေ
      မောင်ဒေါင်းကသေချာမသိဘဲရေးတယ်။ထိန်လင်းဆိုတာ လက်နက်ကိုင်တော်လှန်ဖို့အိန္ဒိယကိုရောက်တယ်။ အိန္ဒိမှာလက်နက်မရတော့ ပြည်တွင်းကနေလက်နက်ရှိရာကချင်ဘက်ကိုရောက်သွားခဲ့တယ်။ အဲဒီမှာ ကိုထွန်းအောင်ကျော်တို့နဲ့အတူ န၀တရဲ့ ထောက်လှမ်းဆိုပြီးဖမ်းဆီးနှိပ်စက်ခံခဲ့ရတယ်။ ထွက်ပြေးလွတ်မြောက်ပြီး တရုပ်ပြည်ကနေ ဗမာအစိုးရကိုအပ်ခံရတယ်။ (၂၀၀၄ ကျင်မှာထိန်လင်းဟာထောင်ထဲမှာဘဲရှိနေတုန်း။ မောင်ဒေါင်းပြောတာက အကြားနဲ့လေဖမ်းအီးရှုသလိုဖြစ်နေတယ်။)ထိန်လင်းထောင်ကလွတ်ပြီးတော့ သူယုံကြည်ရာ ပန်းချီအနုပညာလုပ်ငန်းကိုဘဲလုပ်ခဲ့တယ်။ဇာဂနာနဲ့ အနုပညာရှင်တွေသိကြတယ်။ ၈၈တွေတော်တော်များထောင်ကလွတ်ပြီးတော့မှ ၂၀၀၆ အကုန်ပိုင်းလောက် မှာထိန်လင်းက သူထောင်ထဲမှာရေးဆွဲခဲ့တဲ့ ပန်းချီကားတွေကို ပြပွဲလုပ်တယ်။ အဲဒီပြပွဲနေ့မှာအင်္ဂလန်သံရုံးတာဝန် ဗစ်ကီနဲ့စတွေ့ခဲ့တာ…..နောက်ယူလိုက်တယ်။ ၂၀၀၇ ရောက်မှာထိန်လင်းခင်ဗျာ အင်္ဂလန်သံရုံးကိုရောက်ဖူးရှာတာပါ။ မောင်ဒေါင်းလို ဘာမသိညာမသိကောင်ရေးတာမှားလို့နည်းနည်း ၀င်ရေးလိုက်တာ…. မောင်ဒေါင်းဆိုတဲ့ခွေးမသားရေ အခုချိန်မှာ ကျောင်းသားအခြင်းခြင်းသတ်ခဲ့တဲ့အမှုမှာတာဝန်ရှိတဲ့မင့်အမေလင်ခေါင်းဆောင်ကြီး က ပြည်တွင်းကိုngo အလုပ်တွေနဲ့ဝင်ဖို့ သိန်းစိန်ရဲ့ ဘောကိုမနေတာ ပြည်ပကသူတွေသိနေကြပြီ။ အဲဒီလိုကောင် ပြည်တွင်းနိုင်ငံရေးလောကမှာ လူတွင်ကျယ်မလုပ်နိုင်ရေးနဲ့ တချိန်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ခံရဖို့ အတွက် ထိန်လင်းရဲ့ သန်းကြီးမတွေက တွန်းအားပေးလိုက်တာဘဲ….. လေ့လာပါဦး မောင်ဒေါင်း ဆိုသူရေ
      Reply
    • kyaw than December 24, 2011
      မှတ်ထားကွမောင်ဒေါင်းရ
      အခုက ထိန်လင်း ဖွတာမဟုတ်ဘူး။
      သေသွားတဲ့ ကျောင်းသားတွေရဲ့ အရိုးတွန်တာ…
      မြန်မာပြည်ဒီမိုကရေစီရေးအတွက်
      ပက်ပက်စက်စက်စတေးခံခဲ့ရတဲ့ ကိုထွန်းအောင်ကျော်နဲ့ ကျောင်းသားခေါင်းဆောင်တွေရဲ့ အရိုးတွန်တာ….
      လူလို့ တောင်ခေါ်ခံမထိုက်တဲ့လူသတ် ကောင်တွေ အတွက် လူသတ်ကုန်းက အရိုးထတွန်တာ..
      Reply
       
      ( နေ့သစ်မှကူးယူဖေါ်ပြပါသည် ) 

No comments:

Post a Comment