Sunday, August 12, 2012

အတိတ်မှအရိပ်များ(၉)

အတိတ်မှအရိပ်များ(၉)

Friday, March 23, 2012

တစ္ဆေကြီး သုံးကောင်ပါ တဲ့ ဇာတ်လမ်း

by Kyaw Gyi AB on Friday, 23 March 2012 at 16:33 ·

ခင်စန်းနွယ်၊ ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၁၂


ဧပြီလ ၂၃ ရက်နေ့မှာ ကျမကို ရဲသတင်းတပ်ဖွဲ့က ကားနဲ့ လာခေါ်ပါတယ်။ အင်းစိန်ထောင်ဗူးဝ ရောက်တော့ အရှေ့ဘက်မှာရှိတဲ့ တိုက်ပုကလေးတွေနေရာမှာ ကျမကို ထားခဲ့ပါတယ်။ မနက် ၁၀ နာရီလောက်မှာ အချုပ်ကားကြီး ထွက်လာတာ တွေ့ရတယ်။ လူတွေ ဆင်းလာပြီး အနောက်ပေါက်ကနေ တရားရုံးထဲကို သွင်းလာတာ တွေ့ရတယ်။ တအုပ်စုက ၇ ယောက်၊ တအုပ်စုက ၈ ယောက် ပါ။ ကိုဇာနည်အဒေါ်နဲ့ အမကလည်း သူ့သမီးနဲ့အတူ ထမင်းချိုင့်လေးနဲ့လာပြီး စောင့်နေရှာပါတယ်။ မကြာမီမှာ ကျမတို့အပြင်ကစောင့်နေတဲ့ မိသားစုတွေကို ၀င်ခွင့်ပြုပါတယ်။ ဒါနဲ့ ကျမတို့ အထဲကို ၀င်ပြီး ခုံတန်းပေါ်မှာ ထိုင်လိုက်ကြတယ်။ ကိုဇာနည်တို့အုပ်စုကို တရားခံနေရာမှာ ထိုင်ခိုင်းတာ တွေ့ရတယ်။ ကျမ ကိုဇာနည်ကို ကြည့်လိုက်တော့ အရမ်းအံ့သြမိတယ်။ ကိုဇာနည်က နှာတံပေါ်ပေါ်၊ မဟာနဖူးနဲ့ မျက်ခုံးကတန်းတန်း၊ မျက်နှာကတော့ လေးထောင့်မကျတကျ သွယ်သွယ်လေး ပါ။ ၀တ်လိုက်ရင်လည်း စတစ်ကော်လံ လည်ကတုံးနဲ့ ကချင်ပုဆိုးနဲ့ အင်မတန် ကျက်သရေရှိပြီး ရုပ်ရှင်မင်းသား လင်းထင်နဲ့ ဆင်တူပါတယ်။ ဒီလိုလူတယောက်ကို ဘယ်လောက်ထိ နှိပ်စက်ထားသလဲဆိုရင် မျက်နှာကြီးက နံပြားလို ဖြစ်နေပြီး အဖုအပိမ့်တွေနဲ့လည်း ဖြစ်နေတဲ့အပြင် ကိုယ်ကြီးက ကိုင်းနေကာ မျက်စေ့ကလည်း ဘာကိုမှ မမြင်သလို ဖြစ်နေတယ်။ ဖွဲအိတ်ကြီးတခု ထောင်ထားသလို ဖြစ်နေတယ်။ ခါးဆစ်ပိုင်း ရိုက်နှက်ထားလို့လဲ လမ်းလျှောက်တာာ တွဲလာတာ တွေ့ရပါတယ်။ သူ့ပုံစံ ကြည့်ရတာ တော်တော် နှိပ်စက်ခံထားရတယ်ဆိုတာ ထင်ရှားနေပါတယ်။ ကျမကြည့်ရင်း မျက်ရည်လည်မိပါတယ်။ ကျမစိတ်တင်းပြီး သူ့အတွက် အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မကြာခင်မှာပဲ တရားစစ်ဆေးဘို့ စတော့မှာဖြစ်လို့ တရားသူကြီး ၀င်လာပါတယ်။ ရုံးကတော့ အထူးခုံရုံးဆိုတာ သိထားပါတယ်။ ကိုဇာနည်ဘက်က ရှေ့နေက ဦးခင်မောင်လတ် တို့သားအဖ ပါ၊ အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်ရဲ့သားမက် ပါ။ ဒီလိုနဲ့ သက်သေနှစ်ဦး စစ်ပြီးသွားတော့ ကျမအလှည့် ရောက်ပါတယ်။ ကျမကို ရဲ သတင်းတပ်ဖွဲ့ (SB) ကိုမြင့်အေးက မေးခွန်းမေးပါတယ်။ “ကာဘိုင်တလက်သုံးထောင်နဲ့ ငါးလက်အတွက် တသောင်းခွဲကို ဦးနုက ပိုက်ဆံပေးတယ်။ ကိုဇာနည်က ၀ယ်ဖို့ တာဝန်ယူတယ်။ ဒီအချိန်မှာ ခင်ဗျားအနားမှာ ရှိတယ်။ အဲဒါကို မြင်တယ် သိတယ် မဟုတ်လား” လို့ မေးပါတယ်။ ကျမက “မဟုတ်ပါဘူး။ ကြည်း၊ ရေ၊ လေအဖွဲ့တွေ ပြည်သူဖက်ကိုပါလာလို့ ကိုဇာနည်ကို ရိက္ခာဝယ်ဖို့ ပေးတာပါ” လို့ ထွက်ဆိုလိုက်ပါတယ်။ တရားခွင် ခဏနားတော့ ကိုမြင့်အေးက ကျမဆီလာပြီး စားပွဲခုံကို လက်သီးနဲ့ထုကာ “ခင်ဗျား လိမ်ထွက်ပေမယ့် ကျုပ်က သူ့ကို လွှတ်မပေးဘူး၊ ထောင်ချမယ်။ အဲဒီကောင်ကို ထမင်းမကျွေး နဲ့ ထောင်ထဲ ပြန်ပို့လိုက်” လို့ ပြောပါတယ်။ ခင်ဗျားလည်း သတိကောင်းကောင်းထားလို့ ကြိမ်း မောင်းပြီး ကျမကို ပြန်ခိုင်းလိုက်ပါတယ်။ ကိုဇာနည်ကို ထောင်ဒဏ် (၃) နှစ် ချလိုက်ကြောင်း သိ ရတယ်။ ကိုဇာနည်ဟာထောင်ထဲမှာ လုံးဝ လမ်းမလျှောက်နိုင်ဘဲ ပက်လက်နေခဲ့ရရှာပါတယ်။ ထောင်ဆေးရုံမှာ ၀မ်းတွေသွားတော့ ကိုယ်တိုင်လည်း မလုပ်နိုင်၊ လုပ်ပေးမယ့်သူလည်းမရှိနဲ့ ဆင်းရဲတွင်းနက်နေရပါတယ်။
၁၉၉၀ခုနှစ်မှာ ထောင်ဆူတော့ ကိုဇာနည် ပါဝင် ပတ်သက်တယ်ဆိုပြီး သာယာဝတီထောင်ကို ပို့လိုက်တယ်။ သာယာဝတီထောင်မှာ ခြောက်လလောက်ကြာတော့ ကိုဇာနည်ဟာ လေဖြတ်သလိုဖြစ်ပြီး စကားလည်း လုံးဝ မပြောနိုင်တော့ဘူး။ သာယာဝတီဆေးရုံကို တင်လိုက်တယ်။ ဆရာဝန်က ဒီမှာကုသဖို့ အခြေအနေမပေးဘူး ဆိုပြီး ရန်ကုန်ဆေးရုံကြီးကိုပို့ဘို့ မှတ်ချက်ပေးတာကြောင့် ရန်ကုန်ဆေးရုံကြီးကို ပြောင်းပေးလိုက်ပါတယ်။ ထောက်လှမ်းရေးက ကိုဇာနည်ကို ရန်ကုန်ဆေးရုံကြီးကနေ အိမ်ပြန်ခွင့်ပြုလိုက်တာကြောင့် အမေ အဖေနဲ့ သမားတော်တွေအပြင် မြန်မာဆေးဆရာတွေနဲ့ပါ ဂရုစိုက်ပြီး ကုသလို့ အသက်မသေပဲရှိနေပေမယ့် အခုချိန်အထိ လမ်းမလျှောက်နိုင်ပါဘူး။ ခါးဆစ်ရိုးနဲ့ အာရုံကြော ထိခိုက်သွားတယ်လို့ သိရတယ်။ သူ့ကို ထောက်လှမ်းရေးက အမြဲတမ်း စောင့်ကြည့်နေပါတယ်။ ကိုဇာနည်ရဲ့ အတွေးအခေါ်တွေ၊ ဒဿနတွေဟာ သိပ်ပြီးကောင်းတာကြောင့် တိုင်းပြည်အတွက် အကျိုးများလှပါတယ်။ သူ့ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အလွန်ပင် လေးစားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် အကျယ်ချုပ်မှ လွတ်မြောက်လာတော့ ပထမဆုံး တွေ့ချင်သူတွေထဲမှာ ကိုဇာနည်လည်း ပါဝင်ခဲ့ပါတယ်။ သူ့ကို လူနာတင်ကဒ်နဲ့ တင်ခေါ်ပြီး တက္ကသိုလ်ရိပ်သာလမ်းထဲကျမှ ဘီးတပ်ကုလားထိုင် (Wheel Chair) ပေါ် ထိုင်ခိုင်းရပါတယ်။ ထိုင်ရင်လည်း သားရေအမာကြီးကို ရင်ဘတ်နဲ့ကျောမှာ ကပ်ချည်ထားမှ ထိုင်လို့ ရပါတယ်။ ကျမတို့ ထောင်ထဲမှာရှိစဉ်ကလည်း ကိုဇာနည်က လွတ်ပြီး ၁၉၉၂ မှာ ကုလသမဂ္ဂ လူအခွင့်အရေးကိုယ်စားလှယ် မစ္စတာ ယိုကိုတာက ကိုဇာနည်ကို တွေ့ချင်ကြောင်း မေးမြန်းလို့ ထောင်လှမ်းရေး ၆ က ကိုဇာနည်ဆီလာပြီး ကဒ်နဲ့ချည် ဖမ်းဆီးခေါ်သွားပါတယ်။ ယိုကိုတာ သိသွားပြီး မတွေ့တော့ပါဘူး၊ ပြန်ပါတော့မယ်လို့ ပြောတော့မှ ၁၄ ရက်မြောက်နေ့မှာ ပြန် ပို့ပေးခဲ့ပါတယ်။ ကိုဇာနည့်အကြောင်းကနေ မူလဖြစ်စဉ်ကို ပြန်လည် ပြောပြလိုပါတယ်။ အဲဒီအချိန်မှာ ကိုမိုးသီးဇွန်ကလည်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ထောင်နေပြီ။ လှည်းတန်းလမ်း၊ မော်တင်မှာ ဖွင့်ထားတဲ့ လူ့ဘောင်သစ်ပါတီရုံးကို ကျမ ရောက်သွားခဲ့ပြီး ထိုင်းနိုင်ငံမှာ ရနောင်းမြို့မှာ ကိုမောင်မောင်ကျော်ကို ကေအင်ယူ ဗကအုန်းသွင်က လိုက်လံဖမ်းဆီးနေတယ်။ အဲဒီအနWရာယ်ကြောင့် မဲဆောက်ဘက်ကို ထွက်သွားတယ်လို့ သိခဲ့ရကြောင်းနဲ့ စာကို ဘန်ကောက်မြို့တက်မယ့် မခင်ဥမ္မာနဲ့ ဇော်ဇော်တို့ကို ပေးလိုက်ကြောင်း ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ကျမ တရားရုံးသွားရတဲ့အကြောင်းတွေ သူ့ကို ပြောပြလိုက်ပါတယ်။ ကျမတို့ လုပ်နေတဲ့ စီမံကိန်းမှာ သူလည်း ပါဝင်တာမို့ ကျမကို သူ အလွန်ပဲ စိတ်ပူသွားပါတယ်။ သူကလည်း “ကျနော်လည်း အခြေအနေအရ ပါတီလုပ်နေရပေမယ့် မကြာခင် ကျနော် ပြေးရမယ်လို့ ထင်တယ်” လို့ ပြောပါတယ်။ ကျမကိုသူက အိန္ဒိယဘက်ကို ပြေးစေချင်ပါတယ်။ လမ်းကြောင်းနှစ်ခုလည်း ပေးလိုက်ပါတယ်။ ဒါနဲ့ ကျမလည်း အိမ်ပြန်လာပြီး ကိုထွန်းထွန်းဦးနဲ့ ချစ်ကိုကိုတို့ကို တိုင်ပင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုန်သွယ်ရေးလက်နက်တွေ ဖွက်ထားတဲ့ သုံးနေရာလုံးကို ကျမ သိနေတယ်။ ပြီးတော့ ကျမတို့ရဲ့စီမံကိန်းက လူကြီးတွေ ပါဝင်တဲ့အတွက် မိခဲ့ရင် ကျမ အနှိပ်စက်ခံရရင် ဖော်ထုတ်မိမှာ စိုးရိမ်နေကြတာပါ။ ဒီကြားထဲ မြိတ်မြို့ ၀တ်တိုက်ကျောင်းက ဦးကေသရ ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်ကြောင်း ပြောတာကြောင့် ကျမက ဒေါ်အောင်ဆန်းစုကြည်အိမ်ကို လိုက်ပို့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဆိုဖာပေါ်မှာ ဦးကေသရကို သီတင်းသုံးခိုင်းပြီး သူက အောက်မှာထိုင်ကာ ကန်တော့ပါတယ်။ ဦးကေသရက “ဒကာမကြီး ဘုန်းကြီး ခွင့်ပြုပါတယ်” လို့ဆိုမှ ခပ်လှမ်းလှမ်းက ဆိုဖာမှာထိုင်ပြီး စကားပြော ကြပါတယ်။ “တိုင်းပြည်ရဲ့အခြေအနေတွေ သိထားပြီဆိုတော့ ဒကာမကြီး ဘာ ဆက်လုပ်မလဲ” လို့မေးတော့ “တပည့်တော်မက ဒီလူထုရဲ့အားကိုယူပြီး ပါတီ ထောင်မယ်၊ နိုင်ငံရေးနည်းအရ တပည့်တော်ဆက်ပြီး လှုပ်ရှားမယ်၊ ဒီမိုကရေစီနိုင်ငံတော် ဖြစ်အောင်လုပ်မှ တပည့်တော်တို့နိုင်ငံ အဆင်ပြေမယ်“ လို့ လျှောက်ထားပါတယ်။ ဒါ့အပြင် ဆရာတော်နဲ့အရေးကြီးတဲ့ကိစ္စတွေ အများကြီး ဆွေးနွေးတာ ကြားခဲ့ရပါတယ်။ စကားပြောပြီးတော့ ကျမတို့ပြန်ဖို့ ပြင်ဆင်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က လက်နှိပ်စက် ကို မ, ရင်း ကျမကို “ကျမ ပါတီထောင်မယ်၊ ပါဝင်ပြီး ကူညီပါလား” လို့ ပြောပါတယ်။ ကျမက “အမကို လေးစားပါတယ်။ ကျမ ပါတီနိုင်ငံရေး မကြိုက်ဘူး။ လက်နက်ကိုင်ပြီး ပြန် တိုက်ဖို့ဘဲ ဆုံးဖြတ်ထားတယ်” လို့ ပြန်ပြောခဲ့ပါတယ်။ ကျမက ဆရာတော်ဦးကေသရကို အိမ်ကို ပင့်လာပါတယ်။ ဒီလိုနဲ့ ရန်ကုန်မြို့မှာ အခြေအနေတွေက တဖြေးဖြေး ဆိုးလာနေပါပြီ။ ဖမ်းဆီးမှုတွေကို အမြဲ ကြားနေရပါတယ်။ ကိုဇာနည်ကိုလည်း ထောင် သုံးနှစ် ချလိုက်ပါတယ်။ ကျမ ရင်ထဲမှာ တော် တော်လေး ခံစားရပါတယ်။ ဒါနဲ့ ကျမလည်း အခြေအနေကြည့်နေတုန်း ကျမတို့ရပ်ကွက်မှာနေတဲ့ တပ်ကြပ်ကြီးတင်မောင်ဝင်းကို အရေးအခင်းကာလတုံးက ဖမ်းမိပြီး ညောင်တုန်းကျောင်းတိုက်မှာ စစ်ဆေး မေးမြန်းပြီး ပြန်လွှတ်တော့ ကားပေါ်ကို လိုက်တင်ပေးလိုက်ပါတယ်။ အဲဒီအချိန်မှာ ကိုသောင်းစိန် ရဲ့ညီ တုတ်ပေါဆိုတဲ့ကလေးက တင်မောင်ဝင်းရဲ့ကျောကို ပုတ်ပြီး ငါ့နံမည် တုတ်ပေါလမှတ်ထား ဆိုပြီး နောက်ပြောင်လိုက်တာ မကြာမီမှာပဲ အဲဒီကလေးကိုလည်း ဖမ်းခေါ်သွားပါတယ်။ သူက ၁၉ နှစ် ပဲ ရှိပါသေးတယ်။ နောက်ပိုင်း ရဲဘက်စခန်းမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။ အကြောင်းစုံ သိချင်ရင် ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မှာ သူ့ရဲ့အဒေါ် ဒေါ်အေးကြည် ရှိပါတယ်။ မေးကြည့်နိုင်ပါတယ်။ ကျမလည်း စိတ်မကောင်း တော်တော်ဖြစ်မိပါတယ်။ ကျမတို့ ရဟန်း ရှင်လူ ကျောင်းသားပြည်သူတွေဟာ ခွင့်လွှတ်တတ်သလောက် သူတို့ (စစ်တပ်) ဖက်က ပြတ်ပြတ်သားသား ခြေမှုန်းတယ်ဆိုတာကတော့ ထင်ရှားနေပါတယ်။ ဒါကြောင့် တခုခုကို ဆုံးဖြတ်ချက်ချမှ ဖြစ်မယ်လို့ စဉ်းစားမိပါတယ်။ ကျမတို့သူငယ်ချင်းတစု ရွှေတိဂုံဘုရားပေါ်မှာ အင်္ဂါနေ့ပြန်ဆုံကြဘို့ ချိန်းခဲ့ကြပြီး လူစု ခွဲလိုက်ပါတယ်။ အင်္ဂါနေ့ရောက်တော့ ချစ်ကို၊ ဒေ၀ရှင်၊ ၀ဏ္ဏရှင် (ခ) ကျော်လင်း ၊ဇော်မင်း (၁)၊ ဇော်မင်း (၂)၊ ကိုထွန်းထွန်းဦး၊ တူးမာ၊ မင်းရန်အောင်ထွန်း၊ ဘိုဘို၊ စိုးထက်ခိုင်၊ ကိုထွန်းဝင်းသန်း၊ ကျော်ဝဏ္ဏ၊ မျိုးသန့်၊ ညီညီ၊ ၀င်းလွင်ဦးတို့အားလုံးနီးပါး ရောက်လာကြပါတယ်။ ရွှေတိဂုံစေတီတော်မြတ်ဟာ ခါတိုင်းထက်ပိုပြီး ကြည်ညိုစရာကောင်းလောက်အောင် သပ္ပါယ်နေပါတော့တယ်။ စေတီတော်မြတ်ရဲ့ရွှေအဆင်းဟာ နေရောင်နဲ့အတူ ၀င်းလက်ဖြာထွက်နေပါတယ်။ ကျမတို့သူငယ်ချင်းတစု ပန်းအိုးတွေကို တိုက်ချွတ် ဆေးကြော သန့်စင်ကြတဲ့အပြင် ဂြိုဟ်တိုင်တွေကိုပါ သန့်စင်ကြရင်း ကုသိုလ်ယူကြပါတယ်။ အားလုံးပြီးတော့ အောင်သစ္စာ အင်္ဂါသန့်ရှင်းရေးအသင်း တန်ဆောင်းမှာ ခါတိုင်းလို ဘုရားဝတ်တက်တာ မလုပ်တော့ဘဲ ပခေါယှိဘုရားနောက်ဖက် သရက်ပင်အောက်မှာ ထိုင်ကြပြီး ဆွေးနွေးဖြစ်ကြပါတယ်။ ဥက္ကဋ္ဌဘိုဘိုက အရင် စပြီး ပြောတာကတော့ သူက ပါတီနိုင်ငံရေး သဘောကျတယ် တဲ့။ အဲန်အယ်ဒီ ပါတီထဲမှာ ၀င်ပြီး လုပ်မယ်။ တပ်ဦးက အခုအချိန်မှာ လှုပ်ရှားလို့ မရတော့ဘူး။ လှုပ်ရှားရင် အားလုံး အဖမ်းခံကြရတော့မယ် တဲ့။ သူနဲ့အတူပါတီမှာ ၀င်လုပ်ဖို့ ဘယ်သူ စာရင်းပေးမလဲလို့ မေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘဘဦးကြည်မောင်က ခေါ်တယ်လို့ ပြောပါတယ်။ အားလုံးက ချက်ခြင်း အဖြေမပေးနိုင်ကြသေးပဲ သရက်ပင်အောက်ကနေ ရွှေတိဂုံစေတီရင်ပြင်ဘက်ဆီ မျှော်ကြည့်နေကြတာ တွေ့ရပါတယ်။ ကျမကတော့ ကိုသီဟနဲ့ ကိုထွန်းထွန်းတို့အုပ်စု ရွှေတိဂုံရင်ပြင်ပေါ်မှာ ရိုက်နှက်ခံရပြီး လူစုခွဲတဲ့မြင်ကွင်းကို မြင်ယောင်နေမိတယ်။ ရွှေဂုံတိုင်မှာ အသတ်ခံကြရတာတွေ၊ မြေနီကုန်းမှာ အရိုက်ခံကြရတာတွေ၊ ရွှေတိဂုံမှာ ကျမတို့အဖမ်းခံခဲ့ရတာတွေ တွေးလာမိတော့ ကျမ ချက်ခြင်းဘဲ ဆုံးဖြတ်ချက်တခု ချလိုက်မိတယ်။ “ဥက္ကဋ္ဌရေ၊ ကျမကတော့ တောခိုဖို့ ဆုံးဖြတ်လိုက်ပြီ။ ပါတီနိုင်ငံရေး ကျမ စိတ်မ၀င်စားဘူး။ သူတို့ကို မယုံကြည်ဘူး။ ဒီမိုကရေစီလည်း ပေးမှာမဟုတ်ဘူး။ ဒါကြောင့် ကျမလက်နက်ကိုင်တဲ့ လမ်းစဉ်နောက် လိုက်မယ်” လို့ ပြောလိုက်တယ်။ ကိုဘိုဘိုက “ဒါဆိုရင် ကျနော်တို့ ဒီမိုကရေစီတပ်ဦးအနေနဲ့ လုပ်သွားမယ်။ လိုက်ချင်တဲ့သူလဲ လိုက်နိုင်တယ်။ ဒါပေမယ့် အရေးကြီးတာကတော့ သစ္စာ မဖောက်ကြပါနဲ့၊ အချင်းချင်း ရိုင်းပင်း ကူညီပြီး စိတ်ကို အရောင်မဆိုးကြပါနဲ့” လို့ ဆုံးမစကား ပြောပါတယ်။ ကျမနောက်ကို ကိုထွန်းထွန်းဦး၊ ညီညီတို့ လိုက်မယ်လို့ ဂတိပေးခဲ့ပါတယ်။ ကျမတို့အားလုံး အရှေ့ဘက်မုခ်ကဆင်းခဲ့ကြပြီး ကြားတောရလမ်းက ရခိုင်မုန့်တီဆိုင်မှာ မုန့်တီ ၀င်စားကြတယ်။ ပြီးတော့ ဗိုလ်ကြီးဘထွန်းရဲ့အအေးဆိုင်မှာ အအေးသောက်ကြပြီး တသက်တာ လမ်းခွဲခဲ့ကြရပါတော့တယ်။ အဲဒီနေ့ကလေးကိုတော့ ဘယ်တော့မှ မမေ့နိုင်တော့ပါဘူး။ အခုချိန်ထိ လွမ်းမော တမ်းတနေမိတော့တယ်။
 
( လင်္ကာမှကူးယူဖေါ်ပြပါသည် )
 
 

No comments:

Post a Comment