Sunday, August 5, 2012

ရော်နယ် အောင်နိုင် ရဲ့ ဖြောင့်ချက်

ရော်နယ် အောင်နိုင် ရဲ့ ဖြောင့်ချက်

by ဘရာဇီး ငှက်ရိုး on Friday, April 13, 2012 at 1:23pm ·
နယ်စပ်မှာ ဂျာနယ်လစ်သင်တန်းပေးတော့ ဗမာ၊ ကရင်စကားပြန်တွေနဲ့ အလုပ်လုပ်ရပါတယ်။ ဘာသာပြန် တစ်ယောက်ကတော့ အောင်နိုင်ပါ။ သူက ဂျာနယ်လစ်တစ်ယောက်ဖြစ်ပြီး နိုင်ငံရေးအမြင်ရှိသူ၊ ဟာသဥာဏ်ရွှင်သူပါ။ သူနဲ့ အလုပ်လုပ်ရတာအဆင်ပြေပါတယ်။ ဒါပေမယ့် သူ့ မှာအင်မတန်စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇတ်လမ်းတစ်ခုရှိပြီး ကျနော်က ဒါကိုပိုသိချင်နေပါတယ်။

သူ့ မျက်နှာသွင်ပြင်က ရိုးသားတဲ့ပုံပန်းသဏ္ဍာန်တော့ မဟုတ်ပါဘူး။ ဝတ်စားဆင်ယင်ထားတာတော့ ဆရာဝန် တစ်ယောက်လိုပါပဲ။ အပြာရောင်ရှပ်အင်္ကျီကို အညိုရောင်ဘောင်းဘီနဲ့ သပ်သပ်ယပ်ယပ်ဝတ်ဆင်ထားပါတယ်။ အင်္ဂလိပ်စကားပြောကတော့ အလွန်ကောင်းပါတယ်။ သူ့ဘဝရဲ့ကြေကွဲစရာဇတ်လမ်းတွေကို အေးအေးဆေးဆေး ပြက်လုံးထုတ်ရယ်မောသူပါ။ တစ်ချိန်က သူဟာ ကျောင်းသားတပ်မတော်မြောက်ပိုင်းရဲ့ဥက္ကဌတစ်ဦး ဖြစ်ခဲ့သလို ကျောင်းသားတပ်မတော်ရဲ့နှလုံးသည်းပွတ်ကို ထိမှန်ခဲ့တဲ့အကြီးမားဆုံး နာမည်ပျက်မှုမှာ အဓိက နေရာက ပါဝင်ခဲ့သူတစ်ဦးပါ။ ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျောင်းသားစစ်သားတွေဟာ သူတိုရဲ့ရဲဘော်ရဲဘက် ၁၅ ယောက်ကို အစိုးရရဲ့သူလျှိုလို့ စွပ်စွဲပြီး သုတ်သင်ခဲ့ပါတယ်။ ကျနော်က ဒီကိစ္စနဲ့ပတ်သက်ပြီး အောင်နိုင်ကို အင်တာဗျူး လုပ်ချင်နေပါတယ်။ ဘာလို့ လည်းဆိုတော့ သူက ဒီသုတ်သင်မှုကို အမိန့်ပေးခဲ့တဲ့ ခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်နေလို့ ပါ။ ဒီအင်တာဗျူးက သူ့ ကိုအကျပ်အတည်းထဲ ပို့လိုက်သလိုပါပဲ။ ဒီကိစ္စကို အရင်က တစ်ယောက်မှ သူ့ကို အင်တာဗျူး လုပ်မယ့်သူ မရှိခဲ့လို့ သူအံ့သြသွားပုံပါ။ အင်တာဗျူးဖို့ သူက သဘောတူပါတယ်။ ကျနော်တို့ မဲဟောင်ဆောင်မှာ တွေ့ ကြတယ်။ သူ့ အတန်းက အဖွဲ့တွေ အဲဒီမှာရှိကြတယ်။ မြန်မာဒေါက်တာတွေနေတဲ့အိမ်ပေါ့။ အဲဒီမှာ ကျနော်လည်းနေတယ်။ ကျနော့် မှတ်စုစာအုပ်နဲ့  တိပ်ရီကော်ဒါကို စားပွဲပေါ်ပြင်လိုက်တဲ့အချိန်မှာ အောင်နိုင်က ဒီညတော့ ညတာရှည်ဦးတော့မှာပဲလို့ ဆိုတယ်။ ဝီစကီနဲ့ ရေခဲနဲ့ ။ ဝီစကီသောက်ရင်း ကျနော့် မေးခွန်းတွေကို သူက ဖြေပါတယ်။ သူ့ ထွက်ဆိုချက်တွေအတွက် တိပ်ရီကော်ဒါကို ကျနော် စဖွင့်လိုက်ပါတယ်။

၁၉၈၈ မှာ ကျနော်က မန္တလေးဆေးကျောင်းမှာ တက်နေပါတယ်။ ဆန္ဒပြပွဲတွေဖြစ်တော့ ကျနော်က ကျောင်းသားခေါင်းဆောင်တစ်ယောက်ပါ။ အစိုးရက နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် စွပ်စွဲဖမ်းဆီးမှုတွေ လုပ်တဲ့အခါ ၁၉၈၉ မှာ မန္တလေးကနေ မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ရောက်ခဲ့ပါတယ်။ တော်တော်ခက်ခဲကြမ်းတမ်းပါတယ်။ ကျနော်တို့ က မြို့ကကျောင်းသားတွေပါ။ အများစုက တောထဲမှာနေဖူးတဲ့အတွေ့ အကြုံ မရှိကြပါဘူး။ ကျနော်တို့ နေဖို့ ဝါးတဲတွေ ဆောက်ကြတယ်။ ကေအိုင်အိုက ရိက္ခာ ထောက်ပါတယ်။ ရပ်တည်ဖို့ ခက်ပါတယ်။ ကျနော်တို့ က ဗမာတွေဆိုတော့ ကချင်တွေက အပြည့်အဝ မယုံပါဘူး။ ငွေရဖို့ အတွက် ကျောက်စိမ်းရှာဖို့ ကျောက်ကွင်းတစ်ခု ပေးပါတယ်။ ပေ ၈ဝဝဝ ထောင် လောက်မြင့်ပါတယ်။ ကျောက်တောင်တွေဖြစ်လို့ စပါးကောက်ပဲသီးနှံ စိုက်ဖို့ ခက်ပါတယ်။ ထောက်ပံ့တာနဲ့ မှီခိုရပါတယ်။ မိုးရောက်တော့ ဗမာစစ်တပ်က လာတိုက်ပြီး ကျနော်တို့ စတိုကို ဖျက်ဆီးလိုက်ပါတယ်။ ဆားမရှိ စားစရာမရှိနဲ့ ဆယ်ရက်လောက်ဖြစ်သွားတယ်။ အားပြတ်ပြီး ငှက်ဖျားတွေလည်းဖြစ်လို့ တချို့လည်း သေကုန်ကြတယ်။ သူငယ်ချင်းတော်တော်များများကို ဆုံးရှုံးခဲ့ရတယ်။ တချို့ဆို ဆယ့်ရှစ်နှစ်လောက်ပဲ ရှိသေးတယ်။ တစ်ယောက်ကို တစ်လ ၅ဝ ကျပ်လောက်ပဲ သုံးဖို့ ရတယ်။ ကျနော်တို့  မျောက်တွေထောင်တယ်။ မျောက်၊ ကြွက်၊ ဖြူကောင် ရတာ အကုန်စားတယ်။

လူတွေသေကြတာ ကြည့်ပြီးရှော့ရတယ်။ ကျနော့်မှာ စစ်ပွဲအတွေ့အကြုံ မရှိဘူး။ ဒါပေမယ့် ကျနော်တိုက်တယ်။ ၁၉၉ဝ မှာ ရက်လေးဆယ်လောက် စစ်တိုက်ရတယ်။ အဲဒီတိုက်ပွဲမှာ ခေါင်းဆောင် ဒဏ်ရာရတော့ ကျနော်က အမိန့် ပေးရတယ်။ ကေအိုင်အိုဆီက လက်နက်တချို့ရတယ်။ သေသွားတဲ့ ရန်သူစစ်သားတွေဆီကလည်း လက်နက်ရတယ်။

အဲဒီအချိန်က ကျနော်ကရွေးကောက်ခံရတဲ့ အထွေထွေအတွင်းရေးမှူးပါ။ မြေအောက်လှုပ်ရှားမှုတွေကို တာဝန်ယူရပါတယ်။ ဗမာပြည်ထဲမှာ တပ်သားသစ် စုဆောင်းပါတယ်။ တစ်ခုသတိပြုလာမိတာက ရန်သူ့လိုင်းတွေ ကြားထဲမှာ ပြဿနာတစုံတရာမရှိပဲ သွားလို့ ပြန်လို့  ရနေတာပါ။ စစ်ထောက်လှမ်းရေး မိသားစုနဲ့ ဆက်နွယ်နေတဲ့ကျောင်းသားတစ်ချို့  တပ်သားသစ်စုဆောင်းရေးထဲမှာ ပါလာတာပါ။ အချိန်ခဏလေးအတွင်းမှာ တပ်သားအရေအတွက် ၈ဝဝ ကျော်အထိ တိုးလာပါတယ်။ စစ်ထောက်လှမ်းရေးနဲ့  ချိတ်ဆက်နေသလား သံသယဖြစ်လာပါတယ်။ ရှေ့တန်းကရတဲ့ သတင်းတွေအရလည်း ကျနော်တို့ဘက်က ကျဆုံးနေပါတယ်။ အခြေအနေက သံသယဖြစ်စရာ အခြေအနေပါ။ နအဖစစ်သားတွေကို ကျနော်တို့  တည်နေရာကို လမ်းညွှန်ပေးနေတဲ့ အမှတ်အသားတွေကို သစ်ပင်တွေမှာ ရဲဘော်တွေက သတိပြုမိပါတယ်။ ဒါနဲ့ တချို့ ကို စောင့်ကြည့်ပါတယ်။ လေးငါးယောက်လောက်ကိုဖမ်းပြီး စစ်ကြောရေးလုပ်တော့ ထောက်လှမ်းရေးစာရင်းတချို့ရပါတယ်။ အဲဒီစာရင်းထဲမှာဗဟိုကော်မတီ အဖွဲ့ဝင်တွေ ပါပါနေတယ်ဗျ။ တချို့ ကထောက်လှမ်းရေး လေ့ကျင့်ပေးထားတဲ့စပိုင်တွေဖြစ်ပြီး တချို့ က အင်ဖော်မာသတင်းပေးတွေပါ။ တချို့ ဗမာလူမျိုးကြီးဝါဒအမြင်နဲ့ လှုပ်ရှားနေတယ်လို့ ထင်ပါတယ်။ ဘာလုပ်ရမလဲဆိုတာ စဉ်းစားရတော်တော်ခက်ပါတယ်။ လူ့ အခွင့် အရေးတို့ ဘာတို့ ဆိုတာလည်းကျနော်တို့  အဲဒီအချိန်က နားမလည်ခဲ့ပါဘူး။ စပိုင်စာရင်းက အယောက်ရှစ်ဆယ်ကျော် ဖြစ်နေတယ်။ ကျနော်တို့ကို မယုံမှာစိုးလို့  ရိုက်ထားတဲ့ဗွီဒီယိုခွေပါ ရှိပါတယ်။ ဒီစပိုင်တွေကို သံခြေကျင်းတွေခတ်ပြီး ဘားတိုက်ထဲမှာ ပိတ်ထားလိုက်ပါတယ်။

နောက်ဆုံး မြောက်ပိုင်းကျောင်းသားတပ်မတော်ဗဟိုကော်မတီက စပိုင် ၁၅ယောက်ကို သေဒဏ်ချဖို့  ဆုံးဖြတ်ခဲ့ပါတယ်။ ကျနော်တို့ စစ်ဖြစ်နေတာပါ။ စစ်တပ်နဲ့ လက်နက်ကိုင်စစ်ပွဲ ဆင်နွှဲနေတာပါ။ စပိုင်ကို သေဒဏ်ပေးရမယ်လို့ ကျနော် တို့ ဖွဲ့ စည်းပုံနဲ့ ဥပဒေမှာ ရေးသားထားပါတယ်။ ကျနော်တို့ ရဲဘော်တွေဟာ ဒီစပိုင်တွေကြောင့် အသတ်ခံခဲ့ကြရပါတယ်။ တချို့ အဖွဲ့ဝင်တွေက စပိုင်အယောက်ရှစ်ဆယ်လုံးကို သေဒဏ်ပေးဖို့ တောင်းဆိုပါတယ်။ ငြင်းရင်းခုန်ရင်းနဲ့ နောက်ဆုံးမှာ ၁၅ ယောက်နဲ့ သဘောတူညီချက်ရပါတယ်။ ဒီသေဒဏ်စီရင်ချက်က စပိုင်တွေလုပ်ခဲ့တဲ့လုပ်ရပ်တွေနဲ့  စစ်အစိုးရအတွက် သူတို့ ဘယ်လောက် အရေးပါသလဲဆိုတဲ့ အချက်အပေါ်မူတည်ပြီး ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။

သတ်ပွဲဖြစ်ခဲ့တဲ့အကြောင်းရင်းတွေကို ပြောနေတဲ့အောင်နိုင်ဟာ အဖြစ်အပျက်တွေကို တွေးပြီး စိတ်ဆင်းရဲနေပုံပါပဲ။ ဘယ်လို ဘယ်ပုံ သေဒဏ်ပေးခဲ့သလဲလို့ မေးကြည့်တဲ့အခါ သူ့ ကိုကြည့်ုပြီး ပိုလို့ စိတ်မသက်မသာဖြစ်ရပါတယ်။

တချို့ကိုပစ်သတ်တယ်။ တချို့ကိုခေါင်းဖြတ်သတ်တယ်။ ကျနော်တို့ အရာရှိတွေက သူတို့ကို အနီးကပ် ပစ္စတိုနဲ့ ပစ်သတ်တယ်။ သေနတ်နဲ့ ပစ်သတ်တာ ပိုပြီးဝေဒနာခံစားရတယ်လို့ ကျနော်တို့ ထင်ပါတယ်။ ဓားကို ပြောင်းသုံးရင် သူတို့ ဝေဒနာခံစားရ နည်းနည်းသက်သာမယ်လို့ ထင်တဲ့အတွက် ဓားကို ပြောင်းသုံးပါတယ်။ ဒါပေမယ့် ခေါင်းက တိတိရိရိ မပြတ်ဘူးဗျ။ သတ်တာကို ကျနော် စောင့်ကြည့်တယ်။ ဒါဟာ ကျောင်းသားတပ်မတော်စစ်သားတွေရဲ့ အရှေ့မှာ ဖြစ်ခဲ့တာပါ။

ကျနော်တို့ သူတို့ အားလုံးကို လွှတ်လိုက်ချင်ပါတယ်။ ဒါပေမယ့် လွှတ်လိုက်ရင် ကျနော်တို့ သူလျှိုတွေကို ကြိုဆိုသလိုဖြစ်နေမယ်။ ဒီဆုံးဖြတ်ချက်ချရတာ တော်တော်ခက်ခဲပါတယ်။ ဒီလိုမကွက်မျက်ခင်မှာ ကေအိုင်အိုကနေ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ၊ ကမ္ဘာ့ကြက်ခြေနီတို့ကို ချဉ်းကပ်ပါသေးတယ်။ အကျဉ်းသားတွေကို သူတို့ ဆီကိုလွှဲဖို့ ကျနော်တို့အကူအညီလိုပါတယ်လို့။ သူတို့ပြောတာက သူတို့  တရုတ်မြန်မာနယ်စပ်ကို မရောက်နိုင်တဲ့အတွက် သူတို့ မကူညီနိုင်ပါဘူးတဲ့။ ဒီကိစ္စဟာ ကျနော်အတွက် အခက်ခဲဆုံး ကိစ္စတစ်ခုပါပဲ။ ဒါပေမယ့် ကျနော်တို့မှာ ရွေးစရာလမ်းမရှိဘူးလို့ ခံစားရတယ်။

သူလျှိုတွေကို သတ်ပစ်တာ ဗမာပြည်မှာ သိပ်တော့မဆန်းလှပါဘူး။ ဗမာစစ်တပ်က သူလျှိုမိရင် တရားရုံး တွေတင်မနေပဲ နေရာမှာတင် သတ်ပစ်ပါတယ်။

အောင်နိုင်အခန်းပြင်ကို ထွက်သွားပါတယ်။ ပြန်ဝင်လာတော့ စကားမဆက်ခင် လေကိုခပ်ပြင်းပြင်းရှူသွင်း လိုက်ပါတယ်။

ဘဝတွေက ငြိမ်းချမ်းနေရင်တော့ စံချိန်စံနှုန်းတွေနဲ့ သွားဖို့ လွယ်ပါတယ်။ ဒါပေမယ့် စစ်တိုက်နေတဲ့ အချိန်ကတော့ မတူပါဘူး။ တောထဲမှာ နိုင်ငံရေးလုပ်ဖို့ တစ်ခုတည်းသောလမ်းက လက်နက်နဲ့ပါ။ ဒီလိုသတ်လိုက်လို့  နိုင်ငံရေးအရ ရှေ့ကိုတိုးတက်သွားတယ်လို့ ဆိုတယ်။ ဒါပေမယ့် တယောက်မှ နိုင်ငံရေး အကျိုးအမြတ် မရခဲ့ဘူး။ ကျနော်တို့ထဲမှာ အကွဲအပြဲမရှိခဲ့ပါဘူး။ တစ်ယောက်မှ ဘာတစ်ခုမှ မရခဲ့ဘူး။ ဒီသတ်ပွဲ မတိုင်ခင်က ငပိနဲ့ စားတယ်။ သတ်ပွဲပြီးတော့လည်း ငပိနဲ့ပဲ။ ၁၅ ယောက် အစား အယောက်ရှစ်ဆယ် ဖြစ်သွားနိုင်တာပါ။ မိသားစုတွေက စိတ်ဆိုးကြမယ်၊ စိတ်ထိခိုက်ကြမယ်ဆိုတာ နားလည်ပေးနိုင်ပါတယ်။ မိဘတွေကို လာဖို့ ကျနော်တို့ နဲ့ စကားလာပြောဖို့ ကျနော်တို့ ဖိတ်ခေါ်ပါတယ်။

ကျနော်တို့ကိုသစ္စာဖောက်သူတွေဟာ ကျနော်တို့ရဲ့သူငယ်ချင်းတွေပါပဲ။ ကျနော့်သူငယ်ချင်း ထွန်းအောင်ကျော် (အဲဒီအချိန်က ကျောင်းသားတပ်မတော်ရဲ့ဥက္ကဌပါ) အသတ်ခံခဲ့ရပါတယ်။ သူက ကျနော့် အကိုကြီးလိုပါပဲ။ ကျနော်တို့ အရမ်းကို ရင်းနှီးပါတယ်။ သူက သူလျှိုလို့ ဝန်မခံပါဘူး။ ဒါပေမယ့် သက်သေအထောက်အထားတွေအရ သူက သူလျှိုပါ။ တိုက်ပွဲက ပြင်းထန်ပါတယ်။ စစ်ဆိုတာဟာ ကွဲပြားခြားနားတဲ့ အမှန်တရားတခုပါ။ ကျနော်တို့က သီးခြားဖြစ်နေပြီးတော့ လူ့ အခွင့်အရေးအဖွဲ့တွေနဲ့လည်း အဆက်အသွယ်မရှိပါဘူး။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးတွေကို သင်ကြားဖို့လည်း အခွင့်အလမ်း မရှိပါဘူး။ တကယ်လို့များရှိခဲ့ရင် အခြေအနေက တစ်မျိုးဖြစ်သွားနိုင်ပါတယ်။ ကျနော် တာဝန်ယူပြီး ပြဿနာကို ဖြေရှင်းဖို့ လိုအပ်တယ်လို့ ကျနော်ယုံကြည်ပါတယ်။ တောင်အာဖရိက အမှန်တရားကော်မရှင်လိုမျိုး စုံစမ်းစစ်ဆေးရေးတစ်ခု ဖြစ်သင့်ပါတယ်။ ဘာတွေဖြစ်ခဲ့သလဲဆိုတာ လူတွေ သိဖို့လိုအပ်ပါတယ်။

ကျနော်တို့ ရဲ့သူရဲကောင်းအောင်ဆန်းကို အတုခိုးပြီး ကျနော်တို့ နိုင်ငံလွတ်မြောက်ရေးအတွက် တောခိုခဲ့ကြတယ်လို့ ထင်ခဲ့ကြတာပါ။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်ကြီးကြောင့် ဗမာပြည်လွတ်လပ်ရေးရခဲ့တယ်ဆိုတာတောင် မသိခဲ့ပါဘူး။ အဲဒီတုန်းက ကျနော့်အသက် ၂၄ နှစ်ပါ။ ကျနော့်ကိုယ်ကျနော် လူကြီးဖြစ်ပြီလို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအတွေ့ အကြုံပြီးတဲ့နောက်ပိုင်းမှာ ခေါင်းဆောင်တစ်ယောက် ဖြစ်ဖို့ ကျနော်အရမ်းငယ်ပါသေးလားဆိုတာ သဘောပေါက်သွားပါတယ်။ နိုင်ငံရေးအပြင်ဖက်ကို ရောက်လာတဲ့အတွက် ကျနော်ဝမ်းသာတယ်။

အင်တာဗျူးအပြီး ရက်အနည်းငယ်အကြာမှာ မဲဟောင်ဆောင်မှာ အောင်နိုင်နဲ့ ကျနော် နေ့လည်စာစားပါတယ်။ ကျနော်က အနံ့ ပြင်းပြင်းနဲ့ ဟင်းခွက်ကို ဘာလဲလို့ မေးကြည့်တော့ သူကရီပါတယ်။ ပြီးတော့မှပြောတာက မျောက်အူတွေပါတဲ့။










· · Share

  • Phonemo Mo and 3 others like this.
  • 16 shares
    • Kyawnaing Oo အောင်နိုင်ရေညာတဲ့သူကညာရင်းညာရင်းနဲ့အဲ့ဒီအမှားကိုအမှန်လို့ယုံကြည်လါတယ်လို့မင်း ပြောခဲ့တဲ့စကားလေးကိုသတိရရင်အမှန်တရားကိုငါတို့ရဲရဲရင်ဆိုင်ကြရအောင်သေချာဒါတငါတို့ဘယ်သူ့ညွှန်ကြားချက်လေါင်းရိပ်အောက်မှာမနေခဲ့ဘူးထမင်းတလုပ်အတွက်တိုင်းပြည်နဲ့ AB ပေါ်သစ်စာမဖေါက်ခဲ့ဘူးဘူး ငါတို့ကိုစွပ်စွဲလိုကရပါတယ်မင်းအကိုကြီးလို့ပြောပြီးထောက်လှန်းရေးဆိုပြီးတံတွေးနဲ့ထပ်မထွေးပါနဲ့တော့ကွာ မှားခဲ့တဲ့အမှားပေါ်ထပ်မမှားစေချင်ဒါငါ့စေတနာပါ
      April 13 at 5:37pm · · 6
    • မာမီ ထား ဒါက ဖြောင့်ချက်မှမဟုတ်တာ သူဟာသူပြောချင်တာ ပြောသွားတဲ့ဟာ။ ဘယ်လိုမှ ဖြောင့်ချက်လို့ သတ်မှတ်လိုမ၇ပါဘူး။
      April 13 at 9:45pm · · 6
    • ဘရာဇီး ငှက်ရိုး ဒီပို့စ် တင်ရတာက လက်ရှိဥက္ကဌကတော် ဒေါ်ခင်ရွှေလှိုင်ရေးတဲ့ အပိုင်းတွေထဲမှာ ရော်နယ်အောင်နိုင်က ဘုမသိဘမသိနဲ့ ဥက္ကဌနေရာ လုပ်မဲ့သူ မရှိလို့ ဥက္ကဌ ဖြစ်သွားရပါတယ်လို့ သနားစဖွယ်လေး ရေးပြလိုက်လို့ပါ...
      April 13 at 10:18pm · · 7
    • Min Thit ဟုတ်ပါ့ ကျနော်တောင်မျက်ရည်ကျလုလုဖြစ်သွားရသေးတယ်
    • Min Thit မာမီထား ရေ ဖြောင့်ချက်လို့မသတ်မှတ်ရင် သွေးရူးသွေးတန်းပြောတယ်လို့သတ်မှတ်ရမှာလား သူကဘယ်သူ့ဖိအားမှမပါဘဲ သူ့ကိုသူလုံခြုံနေတယ်လို့ ယူဆရချိန်မှာ ပြောထားတဲ့စကား။ သူ့စိတ်ထဲက သူ့ရင်ထဲက အမှန်ဆုံးစကားကိုပြောထားတာ
    • Maungmaung Skw
      အောင်နိုင်ပြောတော့ထွန်းအောင်ကျော်
      က ဝန်မခံဘူး ဒါပေမဲ့သူဟာစပိုင်ပါ
      သေချာပါတယ် တဲ့။ခင်ရွှေလှိုင်ကို နိုင်
      အောင်ရေးပေးထားတာကျတော့ နောက်
      ဆုံးအချိန်အထိ ဘယ်သူမှ မငြင်းဘူးဆို
      ...See More
    • ဘရာဇီး ငှက်ရိုး ထွက်လာသမျှ လူတွေ အကုန်လုံး ဗရုတ်သုတ်ခတွေ များပါတယ်... ခက်တာက အမှုမှန် ပေါ်စေချင်တဲ့ စေတနာ တပြားသားမှ မပါဘူး... စစ်အာဏာရှင် ထက်တောင် ဆိုးတဲ့ ထမိန်ခြုံတွေလို့ ပြောလိုက်ရင် ထမိန်ခြုံစစ်စစ်တွေတောင် သိက္ခာကျတယ်...
    • Tom Soe အချိန်ပေးနေရင်ဒါမျိုးတွေအများကြီးပေါ်လာအုံးမှာပါ
    • Ye Swe Win ရင်နင့်စရာအဖြစ်အပျက်တွေပါ။ ဒါမျိုးတွေနောက်ထပ် မဖြစ်ဖို့ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပါတယ်။
    • Koko Optional May အမှုမှန်ကိုဖော်ထုတ်ပေးကြပါ...မျိုးဆက်သစ်လူငယ်တစ်ဦး
    • Zaw Win အမှုမှန်ကို အမှန်အကန်ဖော်ထုတ်ပေးစေချင်ပါတယ် ....မျိုးဆက်ဟောင်းကျောင်းသားတစ်ဦး

No comments:

Post a Comment