
“ကျနော်ကတော့ ရေနံချောင်းက ဖေကံကောင်း ကိုးဗျ။ သပိတ်မှောက်ရင်း လာခဲ့တယ်။ (ဝါးဟားဟား)”
“လောကလည်တဲ့ တနေ့တော့ မနက်စာကို ညမှ ပေါင်းစားရတယ် (ဝါးဟားဟားဟား)”
“တနေ့ကလည်း လူသုံးယောက် ကျနော့်ကို ဝိုင်းရိုက်တာ၊ ဘယ်ရမလဲဗျ။ သူတို့က ဘူ။ ကျုပ်က ကုလားသုံးစီး။ (ဝါးဟားဟား)”
“သောက်ဆိုလည်း သောက်လိုက်တာပဲ။ တနေ့က ပုလင်းဆွဲပြီး ဂတ်တဲရှေ့ ဖြတ်လျောက်သွားတော့ ဌာနာအုပ်က မေး တယ် ဘယ်သွားမလို့လဲတဲ့။ ကျနော် မကြောက်ပါဘူး။ ပြောင်ပြောင်ပဲ ပြောလိုက်တယ်။ ရေနံဆီ ဝယ်သွားမလို့ပါ။ (ဝါးဟားဟားဟား)”
ဒီပြက်လုံးတွေကိုတော့ မဆလခေတ် ရေဒီယိုတွေကို နားထောင်ခဲ့လေ့ရှိတဲ့ သူတွေကတော့ ရင်းရင်းနှီးနှီး မှတ်မိနေပါ လိမ့်မယ်။ ဟုတ်ပါတယ် ရှေးခေတ်လူရွှင်တော်ကြီး ဦးဓါတ်ဆီ၊ ဦးဓါတ်ဆံ၊ ဦးကြင်ခဲတို့ရဲ့ နာမည်ကြီး ရေဒီယိုပြက်လုံး တွေပါ။

၁၉၉၂
ဖေဖဝါရီ ၁၃ ရက် The Nation သတင်းစာတွင် ဖေါ်ပြခဲ့သည့် ဓါတ်ပုံ (ဝဲ မှ ယာ:
ကိုကျော်နိုင်ဦး၊ မနန်းအောင် ထွေးကြည်၊ ကိုနိုင်ဝင်းအောင်၊ ကိုညီညီ၊
ကိုတိုးကြည်)
ဒီလောက် နာကျင်ဖွယ်ကောင်းတဲ့ အခြေအနေထဲမှာတောင် ဒီလူတွေ အားလုံးဟာ တဝါးဝါး၊ တဟားဟားနဲ့ ပွဲကျအောင် အသံတု (၂) မျိုး၊ (၃) မျိုးလောက်နဲ့ ဖမ်းစားနိုင်တယ်ဆိုတော့ ကျနော်ဟာ နိုင်ငံတော်အဆင့် “စည်သူနေမျိုးဗလ အလင်္ကာကျော်ခေါင် ဟာသဝိဇ္ဇာ” ဆိုတဲ့ ဘွဲ့မျိုးတောင် ရသင့်ပေတယ်လို့ စာရှုသူတွေး မိသွားနိုင်ပါတယ်။ လူရွှင်တော် ဘဝမှာ ပွဲတပွဲမှာ ပြက်သမျှ ပရိတ်သတ်က ရီကြတယ်ဆိုတာမျိုးက အလွန်ရှားပါတယ်။ ဘယ်လောက်နာမည်ကြီးတဲ့ လူပြက်ပဲ ဖြစ်ဖြစ်၊ ပရိတ်သက်က မသိလိုက်ရလို့ ရှော်သွားတဲ့ အလုံးဆိုတာကတော့ ရှိစမြဲပဲဗျ။ အခုပွဲမှာကတော့ ပရိတ် သတ်က ရာခိုင်နှုန်း ပြည့်အူလှိုက်၊ သည်းလှိုက် ရီကြသဗျ။ တခါတလေဆို မရီရမယ့် နေရာတွေမှာပါ လိုက်ပြီး အူလှိုက် သည်းလှိုက် ရီကြသဗျ။
ဘယ်မရီလို့ ရမလဲဗျာ။ ထောင်မှူးဆိုတဲ့ ယမမင်း လက်သစ်က ဗီအိုင်ပီ ဖျော်ဖြေရေးပွဲမို့ အမိန့်က ကြိုထုတ်ပြီးသားဗျ။ အကုန်ထထိုင်ရမယ် လူရွှင်တော်ဘောကြီးရဲ့ ပြက်လုံးမှာ ရီရမယ့်နေရာ ရောက်ရင် ရီရမယ် ဆိုတာ ကြိုအမိန့်က ထုတ် ထားဗျ။ စောစောပိုင်း ပြက်လုံးတခုနှစ်ခုလောက်မှာ မသဲကွဲလို့ သူများနဲ့ ရောယောင် မရီပဲ အူကြောင်ကြောင် ဖြစ်နေတဲ့ တယောက်ကို မင်းက ဘာလို့ မရီတာလဲဆိုပြီး “ဂွမ်း” ကနဲ့ ခေါင်းကို တချက်ကျွေး လိုက်တဲ့အသံကို အားလုံးကြားလိုက် ရပြီးတဲ့နောက်မှာ ကျန်တဲ့သူအားလုံးဟာ ကျနော် တလုံးပြက်ပြီးတာနဲ့ “ဝါးကနဲ၊ ဝါးကနဲ” ရေဒီယို ဟာဒယရွှင်ဆေးမှာ နောက်ကလိုက်ရီပေးတဲ့ လူတွေအတိုင်း လိုက်လိုက်ရီလိုက်ကြတာ တခါတခါ သူတို့ရီသံက ရှေ့က ပြက်လုံးပြက်နေတဲ့ ကျနော်တောင် လန့်လန့်သွားတဲ့အထိဗျ။ သူတို့ ရီသံကြောင့် နောင်ပြည်တွင်းပြန် အငြိမ့်ကဖြစ်ရင် ရှေ့က ဝါးရင်းတုတ် တချောင်းနဲ့ ခေါက်တုန့်၊ ခေါက်ပြန် ရီဘို့လှုံ့ဆော်ပေးနေတဲ့ မောင်မင်းကြီးသားကို ခေါ်သွားချင်စိတ်တောင် ပေါ်မိပါ သဗျာ။ တကယ်ပါ။
ကဗျာဆရာ မာယောကော့စကီးနဲ့ ကျနော်တို့ခေတ်ရဲ့ ကဗျာဆရာ ကိုချော (မောင်ချောနွယ်) တို့ စကားလုံးတွေ ငှါး သုံးရရင် ဒါဟာဖြစ်ခဲ့တယ်။ ပါဂျောင်မှာ ဖြစ်ခဲ့တယ်။ အရှေ့ ခွန်နှစ်ဘဝ၊ အနောက် ခွန်နစ်ဘဝ အနုပညာ မရတဲ့ကောင် တွေအတွက် ဖျော်ဖြေရေးမှာ ဖြစ်ခဲ့တယ်လို့ ပြောရပါလိမ့်မယ်။ ကျနော် အနေနဲ့ သူတို့ နေရာကနေ တွေးကြည့်လိုက် တော့ လွန်ခဲ့တဲ့ တခါက မြန်မာပြည်ကို အုပ်ချုပ်သွားခဲ့တဲ့ အင်္ဂလိပ် ဘုရင်ခံတောင် မရှူစားခဲ့ရဘူးတဲ့ ပါဖေါင်းမင့် ရှိုးမျိုး ပေါ့ဗျာ။ လက်နောက်ပြန်တုပ်၊ မျက်လုံးတွေ အဝတ်စည်း၊ ငုပ်တုပ် ခစားရင်းက ပြက်လုံး အလိုက်နဲ့ တဝါးတဟားဟား အော်ရီ ပေးနေရရှာတဲ့ သားကောင်တွေရှေ့မှာ ခေါက်တုန့်၊ ခေါက်ပြန် လျောက်ရင်း မိမိတို့ရဲ့ ငရဲပြည်တမျှ ကြီးကျယ် ခမ်းနားတဲ့ စည်းစိမ်ကို မြိန်ရည် ရှက်ရည် ခံစားနေကြသဗျ။
တခါတခါကျတော့လည်း ကျနော်တို့ကို ဖမ်းဆီးထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တွေဟာ များသောအားဖြင့် တော့ ညဘက်စုပြီး အရက်သောက်ဖြစ်ပြီး တော်တော်လေး ရေချိန်ကိုက်လာပြီဆိုရင် တရားခံတွေကို သွားရိုက်ရအောင် ဆိုပြီး အုပ်စုလိုက်ကြီး တက်လာတတ်ကြသဗျ။ အဲလိုညမျိုးကတော့ ကျနော်တို့အဖို့ သူတို့တင်ဆက်တဲ့ ပါဖေါင်းမင့်ကို ခံစားကြရတော့တာပေါ့ဗျာ။ အဲလိုမျိုးဆိုရင်တော့ “တရားခံတွေ ထကြစမ်း” ဆိုတဲ့ အသံနက်ကြီးကို စကြားရသဗျ။ ညှဉ်း ဆဲထားလို့ တုတ်တုတ်မှ မလှုပ်နိုင်တော့တဲ့ လူကလွဲလို့ အားလုံးဖေးကာ၊ တွဲကာ ထကြရသဗျ။ လူတွေဟာ ဗြိတိသျှ ပန်း ပုကျော် ဟင်နရီမိုးစ်ရဲ့ စစ်အတွင်း လန်ဒန်မြေအောက် လှိုင်ခေါင်းထဲမှာ တုံလုံးပက်လက်လဲနေတဲ့လူတွေကို ဆွဲထားတဲ့ ပန်းချီကားထဲကလိုပေါ့ဗျာ။
အမျိုးမျိုးသော ဆဲဆိုကြိမ်းမောင်းသံတွေ ဘွတ်ဘိနပ်တွေ ရှပ်တိုက်ရွေ့လျှားနေသံတွေ ဆူနေတဲ့ကြားမှာ “ခွမ်း” “ခွမ်း” ဆိုတဲ့ အသံကြီးဟာ ထိုင်နေတဲ့ ကျနော်တို့လူတန်း တဖက်ထိပ်ကနေ တရွေ့ရွေ့နီးလာနေသလို အဲဒီနောက်ကနေ “ဟို တယောက် ကွဲသွားပြီ” စတဲ့ ခပ်အုပ်အုပ် အချင်းချင်း ပြောသံတွေလည်း ကြားနေရတာမို့ မိမိ ခေါင်းကို ရိုက်လာမဲ့ တုတ် နဲ့ အံကိုက်လောက်ဖြစ်အောင် စိတ်မှန်းနဲ့ ချိန်ပြီး စောင့်နေလိုက်သဗျ။ အဓိက ရည်မှန်းချက်ကတော့ ကိုယ့်ခေါင်းက အ မာနေရာပေါ် တုတ်ကျပြီး ပထမ တုတ်ချက်မှာတင် ခေါင်းကွဲသွားဖို့ဗျ။ ဒီလိုနဲ့ ခွမ်းကနဲ ကိုယ့်မျက်စိထဲ ဝင်းကနဲ တချက် ဖြစ်ပြီး လဲအကျ “ဘောကြီးခေါင်းကွဲသွားပြီ” လို့ နောက်ကလိုက်ကြည့်နေတဲ့ လူရဲ့ မှတ်ချက်အပြီးမှာ ကျနော့်မျက်နှာပေါ် သွေးတွေစီးကျလာတဲ့နောက် စိတ်ထဲမှာ နည်းနည်းပေါ့ သွားပါတယ်။ အစိမ်းချုပ်ချုပ်မယ့် သူနာပြုတွေ မကြာခင်တော့ ရောက်လာပါလိမ့်မယ်။ ဘာပဲပြောပြော “နောက်တစ်ခါ လာပြန်ပြီဟေး ဝေးဝေး” ဆိုတဲ့ မူးမူးနဲ့ ကြွေးကြော်ရိုက်နှက်ဦး မယ့် နောက်အကြော့တွေမှာ ကိုယ်လွတ်သွားပါတယ်။ ဒီလို စောစာစီးစီး တချက်တည်းနဲ့ကွဲသွားတဲ့ ကိုယ့်ခေါင်းရဲ့ ထိ လွယ်၊ ကွဲလွယ်မှုအပေါ် တော်တော်ဂုဏ်ယူသွားသဗျ။
ဒီလိုနဲ့ အကျဉ်းသားများ ရိုက်နှက်ခြင်း အနုပညာလို့ ခေါ်မယ်ဆို ခေါ်လို့ရတဲ့ အကြောင်းမယ် ကျနော်တို့ အကျဉ်းကျနေ တဲ့ ဒုက္ခိတတွေကို အရက်မူးပြီး တက်ရိုက်တဲ့ အကျင့်ဟာ ABSDF (NB) ဆိုတဲ့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်တွေ ကြားမှာ ယဉ်ကျေးမှူသဖွယ်ဖြစ်လာပါတယ်။ ဥက္ကဋ္ဌ၊ ရင်းမှူး၊ ခွဲမှုး၊ ထောက်လှမ်းရေးမှုး၊ တခါတလေ အထူးဧည့်သည် တွေရော ပေါ့ဗျာ။ နောက်ပိုင်းမှာတော့ မရိုက်ခင်ကတည်းက အကွဲချုပ်မယ့် သူနာပြု ရဲမေတွေကိုပါ တခါတည်း ခေါ်လာ တတ်သဗျ။ မုဆိုးစိုင်သင်ဆိုသလို ပေါ့ဗျာ။
ဒီမြင်ကွင်းကို မြန်မာ့စာပေလောကမှာ သရော်စာ အလွန်အရေးကောင်းလှတဲ့ ဆရာကြီးမောင်ထင်များ တွေ့ရင် ဒီလိုများ ရေးမလားမသိဘူးဗျ။
“မိမိတို့ နိုင်ငံအတွက် အသက်ကိုပင်မငှဲ့ကွက်ဘဲ ပေးလှူထားသော တော်လှန်ရေးခေါင်းဆောင်ကြီးများပီပီ ရဲစိတ်၊ ရဲမာန် တို့ကို အခါမလပ် ဖြစ်ပေါ်နေစေရေးအတွက် အထောက်အပံ့ကောင်း အလို့ငှါ အရက်သေစာတို့ကို သောက်ကြ စားကြရ သော်လည်း မြို့ကြီးများပေါ်တွင် စည်းစိမ်ယစ်ကာ အပျော်အပါးကြားမျောပါ နေသူများကဲ့သို့ သူရာမူးယစ်ပြီးချိန်တွင် အ နှိပ်ခန်း၊ ကာရာအိုကေ၊ နိုက်ကလပ်များသို့ သွားရောက် ကခုန်ခွင့်မျိုး စိုးစဉ်းမျှ မရနိုင်သော ဘဝမျိုးတွင် နေရရှာသော တော်လှန်ရေး ခေါင်းဆောင်များခမျှာ မိမိတို့ ဖမ်းဆီးထားသော တရားခံများအား သွားရောက် ရိုက်နှက်ခြင်းဖြင့်သာ အ ပန်းဖြေရရှာလေသည်။” … လို့လေ။
အဲဒီတော့ ရိုက်နှက်မှုဟာ ယဉ်ကျေးမှုတရပ်ဖြစ်လာပြီး သူ့ထက်ငါသာအောင် လာရောက် ရိုက်နှက်တဲ့ ဓလေ့ ထွန်းကား နေချိန်မျိုးမှာ အစောပိုင်းက တင်ပြခဲ့သလို “ကျမကတော့ ရန်ကုန်မြို့ .. ဒေါ်ကြင် ဒေါ်ကြင်နဲ့ … အပျိုကြီးပေါ့ရှင်။ က လေးကို ငါးဆယ်ကျော်နေပြီ။” လို့ ကျနော်ရှေ့က ပြောသွားတဲ့ နောက်မှာ “ဝါးဟားဟား” လို့ အားရပါးရ ပါတီစီဖင့် လုပ်ရတဲ့ အလုပ်မျိုးလောက်ကတော့ အီးစီးဂျော့ ပေါ့ဗျာ။ အဲဒီအချိန်မျိုးမှာ ခင်ဗျားကလာပြီး “ဒါသက်သက် လူအချင်း ချင်းခြေနဲ့ နင်းတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုကြီးပဲ” ဆိုပြီးတော့ လာတော့မတားလေနဲ့။ ကျုပ်တို့နဲ့ပါ ရန်သူဖြစ်သွားနိုင် သဗျ။ စောစောကပြောသလို စိတ်ပြောင်းပြီး ထုတ်သွားဆွဲတော့ ခင်ဗျားက ဘာတတ်နိုင်တာ မဟုတ်ဘူးဗျ။
ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဒီလိုပဲ ဆူဆူဆဲဆဲ လူကက်ဆက်ညတွေဟာ ကျနော်တို့ရဲ့ လူသားဘဝကို ပြန်ရတဲ့ ညတွေမို့ ခုလို တကူးတက ရေးပြရပါသဗျ။ ကျန်တဲ့အချိန်တွေကတော့ ခင်ဗျားတို့ ဖေ့ဘွတ်ပေါ်မှာ ဖတ်ဖူးကြသလို တိရိစ္ဆာန်တမျှ ဘဝတွေကိုး။
ပထမဦးဆုံး ကိုနေဝင်းရေးပြီး ခိုင်ထူးဆိုခဲ့တဲ့ “ခတ္တာ” သီချင်းကို အမြဲဆိုလေ့ရှိတဲ့ လူကက်ဆက်ကတော့ ကသာမြို့က နေတောခိုလာတဲ့ မောင်မောင်ခင်(ခေါ်) ဒဿပါ။ နာမည်ရင်းက မောင်မောင်ခင်။ မောင်မောင်ခင်ဆိုတဲ့ နာမည်ကလည်း ABSDF (NB) အဖွဲ့မှာ နှစ်ယောက်ရှိသဗျ။ အခု နောက်ဆုံးထွက်တဲ့ ရမ်ဘို ဇာတ်ကားနဲ့ The Lady ဇာတ်ကားတွေမှာ နအဖစစ်ဗိုလ်အဖြစ် ဝင်သရုပ်ဆောင်တဲ့ ကိုမင်းဌေး (ခေါ်) မောင်မောင်ခင် ကလည်း အေဘီ မြောက်ပိုင်းကပဲဗျ။ သူက ကံကောင်းသွားတာက ကျနော်တို့ ပြသနာတွေ ဖြစ်နေချိန်မှာ မြစ်ကြီးနားဘက် ရှေ့တန်းစခန်းတခုကို ရောက်နေတယ် လို့ သူပြောပြဘူးသဗျ။ ဒီ အနိဌာရုံတွေမကြုံ လိုက်ရဘူး ပေါ့ဗျာ။ ကျနော်ခုပြောတဲ့ မောင်မောင်ခင်က နောက်ပိုင်း ကျနော်တို့နဲ့အတူ ထွက်ပြေးလွတ်မြောက်လာတဲ့ အထဲမှာပါလာပြီး ခုတော့ ကသာမှာပဲ နေနေတယ်ဗျ။ ကျနော်တို့ ပြန် လွတ်လာတဲ့ အထဲမှာ ဒဏ်ရာအများဆုံးပေါ့။
သူ့ကို ဘယ်လောက်ရိုက်ရိုက် “ကျောင်းသားကွ ထောက်လှမ်းရေး မဟုတ်ဘူး” လို့ပဲ ထွက်ဆိုသတဲ့။ ဒါကြောင့် နောက် ဆုံးမှာတော့ ကိုယ်တုံးလုံးချွတ်ပြီး ကိုယ်ပေါ်ကို “ရင်ပေါင်ကြမ်း” လို့ခေါ်တဲ တရုတ်ပြည်ဘက် အိမ်မိုးကတ္တရာပြားတွေ ကိုမီးရှို့ပြီး ကတ္တရာစက်တွေကို ကိုယ်ပေါ်ချတော့မှ ကိုယ်တော်က ကျွန်တ်ာနဲ့ ဘဝတူ ထောက်လှမ်းရေး ဖြစ်လာတဲ့ သူ ပါ။ တကယ်က လူပျော်ပါ။ ဒုက္ခတွေထဲမှာကို တခါတခါ ဟာသ ပြောတတ်ပါသေးတယ်။ မီးလောင်ရာတွေကတော့ သူ့ ကိုယ်အနှံ့ သေရာပါခဲ့သဗျ။ ထန်းသမားများ အမူးပြေ ထန်းနို့မော့ကြည့် ဆိုသလို တောထဲက ပြေးလာပြီး နောက်ပိုင်း ၁၉၉၅ လောက်က စာပေးစာယူ စာမေးပွဲဖြေကြတဲ့အချိန် ကျောင်းတွေပိတ်လိုက်ရတဲ့ လှုပ်ရှားမှုမှာ ဒဿတို့က ဇာတ် လိုက်တဲ့ဗျ။
သူ့လိုပဲ “ရင်ပေါင်ကြမ်း” ဒဏ်ကြောင့် NIP က ထောက်လှမ်းရေး ဗိုလ်ကြီးပါလို့ ထွက်ချက်ပေးလိုက်ရသူက ဥက္ကဋ္ဌ ကို ထွန်းအောင်ကျော်ပါ။ မြေပေါ်မှာ ငုတ်လေးငုတ်ရိုက်ပြီးတော့ ပက်လက်လှန်ပြီး လက်ရောခြေထောက်ကိုပါ တုပ်ပြီးတော့ မှ ဝမ်းဗိုက်ပေါ်မှာ “ရင်ပေါင်ကြမ်း” စကို ခင်းပြီး မီးဖိုခဲ့တယ်လို့ ထောက်လှန်ရေး စစ်ကြောရေးတာဝန်ခံ တက်ကြပ်ကြီး သန်းဇော်က ကျနော်တို့ကို လာပြောလို့သိရတာပါ။ နောက်တော့ ဖနောင့်ကနေ သံချောင်းကို မီးတို့ပြီးရိုက်ထည့်ပါတယ်။ ဒီလောက်ထိ သွေးအေးအေးနဲ့ ရက်ရက်စက်စက်လုပ်လို့သာ ကိုထွန်းအောင်ကျော်ဟာ သူ့ကိုယ်သူ ထောက်လှမ်းရေးပါ လို့ ပြောခဲ့ရတာ ဖြစ်ပါတယ်။
ကျနော်တို့နဲ့ အတူ ချုပ်ထားစဉ် တလျောက်လုံး ကိုထွန်းအောင်ကျော်ဟာ ဝမ်းဗိုက်က မီးလောင်ထားတဲ့ ဒဏ်ရာ ခြေသ လုံးထိ သံကိုရိုက်သွင်းထားတဲ့ ဒဏ်ရာတို့ကြောင့် လမ်းကောင်းကောင်း မလျောက်နိုင်တော့ပါဘူး။ ဒီလို ဒဏ်ရာတွေ ကြောင့် မထနိုင်လောက်အောင် ဖြစ်နေပေမယ့် လူကက်ဆက်အဖြစ် ပျော်တော်ဆက်ရတဲ့ အဖြစ်ကလည်း မလွတ်ခဲ့ပါ ဘူး။ သူ့ကိုက ညှိုးတေးထားလေတော့ သီချင်းသာ ဆိုရတယ်၊ အဆဲအဆို အကန်အကြောက် လည်း ခံရရှာပါတယ်။ အစောပိုင်းရက်များမှာ သူသီဆိုတဲ့ သီချင်းကတော့ “တိမ်တမာန်” သီချင်းပါ။
… “မှိုင်းပြာမှုန်ဝေ တိမ်မဲညိုရိပ်တွေ ….. တောင်ပြန်လေ” ……..
သီချင်းစာသားတွေအတိုင်း သူ လွမ်းလွမ်းဆွေးဆွေး သီဆိုတိုင်း ကျနော်တို့ဟာ သူနဲ့အတူ လွင့်ပါ ခံစားခဲ့ကြရပါတယ်။
ကိုထွန်းအောင်ကျော်ဟာ နောက်ပိုင်းရောက်လာတဲ့ အခါမှာတော့ ထောင်လုံခြုံရေးက “ဘယ်သူ သီချင်းဆိုပြမလဲ” လို့ မေးရင်ကို တခါတရံမှာ သူ့ သဘောနဲ့သူကို ထထိုင်ပြီး ကိုနေဝင်းရဲ့ အားလုံးကို ကျော်ဖြတ်ရမယ်ဆိုတဲ့ သီချင်းကို ဆို လေ့ရှိပါတယ်။ အသတ်ခံရကာနီး ရက်ပိုင်းတွေမှာတော့ မင်းမင်းလတ်ရဲ့ “ယုဇနပင်နဲ့ ဖဲကြိုးဝါ” သီချင်းကို သီဆိုသဗျ။ ဒီအကျဉ်းကျနေတဲ့ ဘဝနဲ့ ဒီသီချင်းဟာ ကိုထွန်းအောင်ကျော်မှာ ဖဲကြိုးဝါလေးတွေ သစ်ပင်မှာချည်ပြီး စောင့်နေမယ့်သူ များ ရှိခဲ့လေသလားလို့ တွေးမိပေမယ့် မမေးသာလို့ မမေးဖြစ်ခဲ့ပါဘူး။
တကြိမ်မှာတော့ သူနဲ့ကျနော် မိုးကာစတခုထဲမှာ ထမင်းပုံစားခွင့် ရခဲ့သဗျ။ သူက ပတ်ဝန်းကျင်ကို အသာလေး ခိုးကြည့် ပြီး “ကိုဘောကြီး ကျနော်ကိုတော့ သူတို့ အရှင်ဆက်ထားမယ် မထင်ဘူး။ တကယ်လို့များ ခင်ဗျား ဆက်ပြီးအသက်ရှင်ခဲ့ ရင်တော့ အဖြစ်မှန်ကို အခွင့်သာရင် ဖေါ်ထုတ်ပေးပါဗျာ။” လို့ တိုးတိုးလေး ကပ်မှာပါတယ်။ စကားပြောနေတာကို မြင်ပြီး ဆဲဆိုသံတွေနဲ့ ပစ်ပေါက်တာ ခံလိုက်ရတာမို့ “စိတ်ချပါလို့” ကမန်းကတန်း သူ့ကို အဖြေပေးပြီး နောက်မှာ စကားပြောခွင့် မသာတော့ပါဘူး။
ကိုထွန်းအောင်ကျော်ရဲ့ သီချင်းတွေအကြောင်းကို ဒီလောက် ဖွဲ့နွဲ့နေရတာက အကြောင်းရှိသဗျ။ သူဆိုတဲ့ ပုံက တကယ့် အဆိုတော်တယောက်လို ဆိုနိုင်သလို တလုံးတလေ ယိုင်သွားတာ တိမ်းသွားတာမျိုးကို မရှိပါဘူး။ ဂစ်တာနဲ့ ကီးဘုတ် (၂) မျိုးကို ကျွမ်းကျွမ်းကျင်ကျင် တီးနိုင်သလို အနောက်တိုင်း ဂီတသင်္ကေတကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တတ်ကျွမ်း တယ်လို့ သိရပါတယ်။ သီချင်းတပုဒ်ကို ဖွင့်နားထောင်ပြီး သင်္ကေတကို ဒါရိုက် နောက်က လိုက်ရေးနိုင်သဗျ။ ဒါကြောင့် လည်း အေဘီတပ်ဖွဲ့က ရဲဘော်၊ ရဲမေတိုင်းက အကိုကြီးတယောက်လို ချစ်ကြတာပါ။
ကျနော် အံ့သြတာကတော့ အင်မတန် စရိုက်ကြမ်းတဲ့ တာတီး ဆိုတဲ့ လုံခြုံရေး တာဝန်ကျတဲ့ လူက တခြားလူတွေ လစ် ရင် သူ့ဆီကို ဂစ်တာကို ဝှက်ယူလာပြီး အကိုကြီး တပုဒ်လောက် တီးပြပါလို့ ယဉ်ယဉ်ကျေးကျေး တောင်းဆိုတာမျိုး တွေ့ ဖူးလို့ပါ။ ကိုထွန်းအောင်ကျော် ဂစ်တာကို စိတ်ကြိုက် ကြိုးညှိပြီး တာတီး အတွက် စိုင်းထီးဆိုင်ရဲ့ နာမည်ကြီးသီချင်းတ ပုဒ်ဖြစ်တဲ့ “ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ” သီချင်းကို တီးပြတဲ့ နေ့ကိုတော့ မေ့မရနိုင်တော့ပါဘူး။ ကျနော်တို့အပေါ် အဆဲအဆို အကန်အကြောက် နာမည်ကြီးတဲ့ တာတီး တယောက် စကားမပြောနိုင်ဘဲ ငြိမ်နေပြီး တော်တော်ကြာမှ “ကျေးဇူးပါပဲ အကိုကြီးရာ” လို့ ပြောသွားတာ ကြားရတော့ တကယ့်ကို အံ့သြမိပါတယ်။
နောက်ပိုင်း ကျနော် အစိုးရရဲ့ အထူးဧည့်သည်အဖြစ် မန္တလေးထောင်မှာ စံမြန်းရင်း မန္တလေး နိုင်ငံရေး အသိုင်းအဝိုင်းနဲ့ နီးနီစပ်စပ် နေခွင့်ရတော့မှ သိလာရတာကတော့ ကိုထွန်းအောင်ကျော်တို့က မန္တလေးမှာ ရွှေမျိုးအသိုင်းအဝိုင်း တော် တော် တောင့်တင်းတယ်လို့ ဆိုတာပါပဲ။ အထူးသဖြင့် ဆရာမကြီး လူထုဒေါ်အမာတို့နဲ့ ဆွေရိပ်၊ မျိုးရိပ် မကင်းဘူးဆိုတာ သိလာရသလို ကိုထွန်းအောင်ကျော် တို့ ညီအကိုတွေဟာ အိမ်မှာ အပျော်တမ်းတီးဝိုင်းတခု ထောင်ထားတဲ့အထိ ဂီတ ဝါသနာကြီးတယ်လို့ ဆိုပါတယ်။
ကိုထွန်းအောင်ကျော်ရဲ့ “ယုဇနပင်နဲ့ ဖဲကြိုးဝါ” သီချင်းကို ဂစ်တာနဲ့ တီးတာကို တကြိမ်မှာတော့ ကျနော်တို့ နားထောင် ခွင့် ရခဲ့ဖူးပါတယ်။ အဲဒါ အသတ်မခံရမီ ရက်ပိုင်းအလိုကပါ။ ဒီလို စပါယ်ရှယ်ဂစ်တာနဲ့ ဆိုပြတာကို နားထောင်ခွင့်ရတာ က နားထောင်ချင်တယ်လို့ တောင်းဆိုတဲ့သူက ဥက္ကဋ္ဌ လုပ်တဲ့ ကိုအောင်နိုင် ဖြစ်လို့ပါ။ ကျနော်တို့အားလုံး အကိုကြီးက တခုခုများ ပြန်ပြောလိုက်လေမလား နားကိုအသားကုန် စွင့်ထားကြပါတယ်။ ခဏလေတော့ အကိုကြီး ဂစ်တာလက်ခတ် သံ ညက်ညက်လေး ထွက်လာပါတယ် တိုးလျသော်လည်း ခွန်အားရှိတဲ့ သူ့အသံကို ဒီနေ့ထိ နားထဲက မတွက်ပါဘူး။
…….. “အိုး…… ခေါင်းမှာစည်းတဲ့ ဖဲကြိုးဝါတွေ တပုံကြီး၊ အများကြီး အများကြီး တွေ့တယ်။” …………
ကိုထွန်းအောင်ကျော်လိုပဲ ဂီတမှာ ကျွမ်းကျင်သူကတော့ ကျနော်တို့အခေါ် မငယ်(ခေါ်)နန်းအောင်ထွေးကြည်ပါ။ မငယ် က အေဘီတီးဝိုင်းမှာ သီချင်းဆိုရင် ဂစ်တာကို ကိုယ်တိုင်တီးဆိုတတ်သလို ကိုယ်တိုင်လည်း အေဘီတပ်ဖွဲ့အတွက် တော်လှန်ရေးသီချင်းတွေ ရေးခဲ့သူပါ။ မငယ်က ရန်ကုန်တက္ကသိုလ်က စိတ်ပညာအဓိက နောက်ဆုံးနှစ်မှာ တောခိုလာ တာပါ။ မငယ်တယောက် NIP က လွတ်လိုက်တဲ့ အရာရှိပါလို့ ကိုယ့်ကိုကိုယ် ထွက်ချက်ပေးလာအောင် ဘယ်လို ညဉ်း ဆဲခံခဲ့ ရတယ်ဆိုတာ မဖေါ်ပြပါရစေနဲ့။ ကေအိုင်ကေ က ဗိုလ်ချုပ်ဇော်မိုင်တို့က ကယ်ထားလိုက်ပြီး နောက်ပိုင်း သြစ တေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ဘယ်မြန်မာ အသိုင်းဝိုင်းကိုမှ အဆက်အသွယ်မလုပ်ဘဲ နှစ်ပေါင်း (၂ဝ) နီးပါး ဇာတ်မြှုပ်နေ တာ ခုထိပါပဲ။ မငယ်က သီချင်းဆိုခိုင်းပြီ ဆိုရင် မြန်မာပြည်သိန်းတန်ရဲ့ “တောင်ပြာတန်းက မောင့်အချစ်ကို” ဆိုတဲ သီချင်း အမြဲဆိုလေ့ ရှိသဗျ။
မငယ်ရဲ့ ထူးခြားမှု နောက်တခုက သူ့ အလှပါ။ အေဘီ ရဲဘော်အသိုင်းအဝိုင်းတင်မက ကေအိုင်အေ မိသားစုတွေထဲထိ သူ့အလှက ကျော်ကြားပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ အလှကြောင့်ပဲ ဒုက္ခတွေ့တာတော့ ပြောပါရစေ။ ထုံးစံအတိုင်း အဲဒီည က ခေါင်းဆောင်တွေ တော်တော် မူးလာကြသဗျ။ သူတို့ ရှေ့က ပုလင်းတွေထဲက အရက်တွေ တဖြည်းဖြည်း ကုန်လာ တာနဲ့အမျှ သူတို့ခန္ဓာကိုယ်တွေထဲက တော်လှန်ရေးစိတ်ဓါတ်တွေဟာလည်း တရိပ်ရိပ် တက်လာကြပုံရပါတယ်။ နောက် ဆုံးမှာတော့ ကျနော်တို့ဆီရောက်လာပြီး လူကက်ဆက်တွေ ထလုပ်တာပေါ့ဗျာ။ အဲဒီမှာ မငယ်က သီချင်းဆိုရသဗျ။ မငယ်က သီချင်းဆိုကောင်းသလို ရုပ်ရည်ကလည်း ချောတော့ တက်လာတဲ့ ခေါင်းဆောင်ကြီးများလည်း တော်တော် လေး မျောသွားပုံရသဗျ။ အဲဒီမှာတင် သူတို့ထဲက တပ်ရင်းမှုး ဦးအောင်သန်းဆိုတဲ့ ပုဂ္ဂိုလ်က အလယ်မှာဖိုထားတဲ့ မီးပုံ ကြီးထဲက ထင်းစကြီးတခုကို ကောက်ယူပြီး သီချင်းဆိုနေတဲ့ မငယ်ရဲ့ မျက်နှာကို ထိုးထည့်ပါရောဗျာ။ ပြီးတော့လည်း အယုတ္တ၊ အနတ္တတွေပေါ့ဗျာ။ ကျနော်ထင်ပါတယ် ထောက်လှမ်းရေးမ ဆိုပြီး ထပ်ထပ်ခေါ်နေတာက ဆဲဆို ကန်ကြောက် နေတာထက် ပိုနာမယ် ထင်ပါတယ်။ မျက်နှာပြင်မှာ သေရာပါ မီးလောင်ရာကြီး ပါပါရောလားဗျာ။
ဒီနေရာမှာ ဖြတ်ပြီး ပြောလိုတာက လူကက်ဆက် အပိုင်းတစ်ကို ဖတ်ပြီး ပြည်တွင်းမှာရှိတဲ့ လူကက်ဆက် ဟောင်းတွေ ဆီက ကွန်ပလိန်း တက်လာတာလေး ပြောချင်သဗျ။ အကိုရေးတဲ့ ဆောင်းပါးမှာ ကက်ဆက် ဖန်ရှင်တွေ ကျန်ခဲ့တယ် တဲ့ဗျ။ ဒါကြောင့် ဖန်ရှင်တွေအကြောင်း နည်းနည်းဖြည့်ပါရစေလား။ ဒီလိုဗျ သူတို့က ကက်ဆက် အဖွင့်နဲ့ အပိတ် ဘယ် လိုလုပ်တယ်ဆိုတာ ရေးပြထားပေမယ့် အသံ အတိုးအကျယ်စနစ်ကို ဘယ်လိုလုပ်တယ်ဆိုတာ ကျန်နေလို့ပါ။ အဲဒါက တော့ သူတို့ နားသယ်မွှေးကို စုပြီး ဆွဲလှည့်ပြီး အတိုးအကျယ် သူတို့လိုတဲ့အတိုင်း လိုက်သီဆို ရပါသဗျ။ နားသယ်မွှေး တိတဲ့ လူကျတော့ နားရွက်ပေါ့ဗျာ။
မန်းလေးက အေဘီယူဂျီ တာဝန်ခံ ကိုချိုကြီးက မန်းသားပီပီ “ပန်းပုသူဇာ” သီချင်းကို ဆိုပါသဗျ။ လူပုံက အရပ်ရှည်ရှည် အသံက ခပ်သြသြဗျ။ ကျနော် အဖမ်းမခံရသေးခင် တရက်မှာ ကိုချိုကြီးကို ကားစင် တင်ထားတဲ့အကြောင်း သတင်းပြန် ကြားဌာနမှာ အတူလုပ်နေတဲ့ ဖိုးဆန်း (ကသာ) က မျက်စိပျက် မျက်နှာပျက်လာပြောလို့ တဲအပြင်ထွက်ပြီး စစ်ရုံးနောက် က တောင်ကုန်းပေါ် ကြည့်လိုက်တော့ လက်ဝါးကပ်တိုင်မှာ လက်ဝါးနှစ်ဖက်ကို သံရိုက်ဖေါက်ပြီး ကားရားကြီး ဖြစ်နေတာ မျက်စိနဲ့ တွေ့ခဲ့ရဖူးပါတယ်။ နောက်ပိုင်းမှာတော့ အကျဉ်းကျခံရင်း သူခေါင်းဖြတ် အသတ်မခံရခင်အထိ အတူနေခဲ့ရပါ တယ်။
မန္တလေးမှာ နေစဉ်က ကိုချိုကြီးက ကိုယ်ခံပညာထဲက (ကရာတေးထင်ပါတယ်) သင်တန်း ဖွင့်ခဲ့ဖူးတာကြောင့် သူ့ကို ပြင်းပြင်းထန်ထန် နှိပ်စက်တာကို ခံခဲ့ရသဗျ။ နောက်ဆုံးတော့ ကိုချိုကြီး လက်ကို ခုတ်ဖြတ်ခဲ့တာပါပဲ။ လက်ပြတ်သွား ပြီးတဲ့ နောက်မှာတော့ ကိုချိုကြီးရဲ့ သွင်ပြင်ကို ကြည့်ရတာ သူ့ကိုယ်သူ သေလူလို့ စိတ်ဒုန်းဒုန်း ချလိုက်ဟန်တူပါတယ်။ ပိုပြီး တည်ငြိမ်လာတာ တွေရပါတယ်။ နောက်ဆုံး သူတို့ကို ကွက်မျက်ခဲ့ပုံကို မြင်တွေ့ဘူးတဲ့ သူတွေ အပြောအရလည်း တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး သေခြင်းတရားကို ရင်ဆိုင်သွားတယ်လို့ ဆိုပါတယ်။
သူ့ကိုယ်သူ သေလူလို့ သတ်မှတ်လိုက်ပြီး နောက်ပိုင်းကာလတွေမှာ ကိုချိုကြီးဟာ ဒဏ်ရာတွေ ကိုက်ခဲတဲ့ ညတွေကလွဲ ရင် ညဘက် လူကက်ဆက် ဘဝမှာ စန္ဒရားလှထွဋ်ရဲ့ “ငှက်တေလေ” သီချင်းကိုပဲ ဆိုပါတော့တယ်။ ကျနော့် အနေနဲ့ ဒီ သီချင်းကို မင်းသားကြီးဝင်းဦး သီဆိုတာကို မကြာခဏ ကြားဖူးပေမယ့် တကယ့်သီချင်းရဲ့ ကဗျာဆန်မှုကိုတော့ ကိုချိုကြီး အဆိုကြောင့်သာ နက်နက်နဲနဲ ခံစားသိရှိခွင့် ရခဲ့ပါတယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ် ဒီသီချင်းကိုကြားရင် ကိုချိုကြီးကို သတိရ ပြီး ကျေးဇူးတင်မိရပါတယ်။
အထူးသဖြင့် … “လေကိုဆန်ကာ၊ ပြေးလေသလားငှက်ငယ် မြေကိုလှန်ကာ ပြေးလေသလားငှက်ငယ်၊” ဆိုတဲနေရာနဲ့ “ညဥ့်လွှာရုံ၊ မဲမဲထဲဝယ်၊ ကဗျာတေးများလည်း မဖွေရှာစမ်း ချင်ပါနဲ့ကွယ်၊ အခက်ပွေသေးတယ်၊ ငှက်တေလေကလေး ရယ်၊” … ဆိုတဲ့ နေရာရောက်ရင် ဘဝအဓိပ္ပါယ်ပြည့်ဝတဲ့ သီချင်းတပုဒ်ကို မိတ်ဆက်ပေးခဲ့ပြီး လောကထဲကနေ လေကို ဆန်ကာ ပြေးထွက်သွားခဲ့တဲ့ ကိုချိုကြီးကို အမြဲ အမှတ်ရနေမိပါတယ်။
ကိုထွန်းအောင်ကျော်တို့အရင် အသတ်ခံရသူ ကိုကျော်ဝေက ကိုနေဝင်းရဲ့ “မောင့်လပြည့်ဝန်း” သီချင်းတပုဒ်ထဲကိုပဲ အ မြဲဆိုတတ်တာမို့ မောင့်လပြည့်ဝန်း ကျော်ဝေ လို့တွင်တဲ့ထိပါ။ တကယ်က ကိုကျော်ဝေက မန္တလေး ဘွဲ့ရကျောင်းသား များ ဒီမိုကရက်တစ်ပါတီကလို့ သိရပါတယ်။ ကိုကျော်ဝေနဲ့ ကျနော်တို့ အားလုံးကြား ကွဲပြားမှုတခုကတော့ သူ့လည်ပင်း မှာ ကြိုးနဲ့ဖေါက်ထားတဲ့ သူ့ရဲ့ ခြေသန်းပြတ်လေးကို အမြဲဆွဲထားရပါတယ်။ အဲဒီခြေသန်း ပျောက်သွားရင် သတ်မယ်လို့ ကြိမ်းထားတာမို့ သူမသေခင်ထိ လည်ပင်းမှာ ဆွဲထားရတဲ့ ဒီခြေသန်းကို မြင်ရတိုင်း ကျနော်တို့မှာ ဘယ်လို နာကျင်ရ မှန်းမသိအောင် နာကျင်ခဲ့ရပါတယ်။ ကိုကျော်ဝေဟာ ညဉ်းဆဲမှုတွေကြောင့် သူ့ကိုယ်သူ ထောက်လှမ်းရေးပါလို့ ဝန်ခံ ထွက်ဆိုခဲ့ရပေမယ့် နောက်ဆုံး သတ်ကာနီးမှာတော့ …
… “ကျော်ဝေဟာ တော်လှန်ရေးသမား စစ်စစ်ကွ၊ ကျောင်းသား စစ်စစ်ကွ” …
လို့ ကြွေးကြော်ပြီးမှ အသတ်ခံသွားခဲ့တယ်လို့ ဆိုပါတယ်။
ခုဖေ့ဘွတ် စာမျက်နှာတွေပေါ်မှာ ရေးကြတဲ့ မြောက်ပိုင်းကိစ္စတွေမှာ ကိုထွန်းအောင်ကျော်နဲ့ တနေ့တည်း ကွက်မျက်ခံ ခဲ့ရတဲ့ မခင်ချိုဦး အကြောင်းကို ဖတ်ရသူတိုင်း အလန့်တကြား ဖြစ်ကြရတာမို့ ကျနော်ထပ် မရေးပြချင်တော့ပါဘူး။ မချို ဟာ အသက်အရွယ်နဲ့ မမျှတဲ့ လောကဒဏ်ကို ရင်ဆိုင် သွားခဲ့ရသဗျ။ ကျနော်တို့ထဲမှ မိန်းကလေး အကျဉ်းသားတွေက အကျဉ်းသား အားလုံးအတွက် ထမင်းချက်ကျွေးရပါတယ်။ ထမင်းချိန်မှာ ကျနော်တို့က သတ်မှတ်ထားတဲ့ နေရာမှာ ခေါင်းငုံ့ ထိုင်နေချိန်မှာ မချို၊ မငယ်၊ နန်းစောတို့က တပေပတ်လည်လောက်ရှိတဲ့ မိုးကာစ ထမင်းတွေထည့်ပြီး လိုက်ချ ပေးရသဗျ။ ဟင်း လား ဆားပေါ့ဗျာ။ မချိုတို့က ထမင်းအိုးမှာ ကပ်နေတဲ့ ချိုးလေးတွေကို ခွါပြီး ကျနော်တို့ကို ထမင်းနဲ့ တို့စားရအောင် မျှဝေပေးတတ်ပါတယ်။ မချိုကို ကြည့်ရတာ သီချင်းတွေဘာတွေဆိုတာ ဝါသနာရှိပုံမရသလို ဆိုလည်း ဆိုဘူးပုံမရပါဘူး။ ဘယ်လိုပဲ ဝါသနာမပါပေမဲ့ လူကက်ဆက်အဖြစ် ရွှေနားတော်သွင်းဘို့ ဝဋ်ကြွေးတခုအရ အလှည့်ကျ လာတဲ့အခါ မချိုမှာ ဆိုပြရရှာပါတယ်။ သူအမြဲ ဆိုပြတတ်တဲ့ သီချင်းကတော့ ဆရာမြို့မငြိမ်းရဲ့ “မပြီးသေးသောပန်းချီ ကား” သီချင်းပါ။
နန်းစောက ဗန်းမော်မြို့ကဗျ။ ၁၆ နှစ်တောင် မပြည့်သေးပဲ တောခိုလာသတဲ့။ ၉ တန်း ကျောင်းသူဘဝပဲ ရှိသေးသတဲ့။ ငယ်ပေမယ့် တောထဲမှာ သေနတ်ပစ်ပြိုင်ပွဲမှာ ချန်ပီယံဆု ရဘူးတယ်ဆိုပြီး ခုထိ ဂွင်ကြုံရင် ကြုံသလို ကြွားတတ်ပါတယ်။ အဲဒါဟုတ်၊ မဟုတ် မသိပေမယ့် ကျနော်တို့နဲ့ ထွက်ပြေးလာပြီး နောက်ပိုင်းမှာ ရန်ကုန်မှာ ဘွဲ့ရတဲ့ထိ ပညာကြိုးစားသင်ခဲ့ တာတာ့ အသိအမှတ်ပြုရပါတယ်။
၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာတော့ ကျောင်းသားခေါင်းဆောင် ကျော်ကိုကိုရဲ့ နောက်ကွယ်ကနေ ပံ့ပိုးမှူတွေ လုပ်ခဲ့တဲ့အတွက် ကိုရွှေထောက်လှမ်းရေးများ လိုက်လို့ ပြေးရ၊ ပုန်းရပါတယ်။ နောက်ဆုံးတော့ နန်းစောကို မတွေ့တဲ့ အ ဆုံး သူတည်းနေတဲ့ အိမ်က ဘိုဘို့ အမေ ဒေါ်မြင့်မြင့်ကြည်ကို ဖမ်းပြီး နန်းစောဘယ်မှာ လည်းမေးကာ ရိုက်တဲ့သတင်း မီဒီယာမှာ ပါလာတဲ့ထိပါ။ လူကက်ဆက်လုပ်တိုင်း သူဆိုတဲ့ သီချင်းက ကိုရဲလွင်ရေးပြီး ကိုခင်ဝမ်းဆိုခဲ့တဲ့ “ပန်းခရမ်းပြာ” သီချင်းပါ။ သိကြတဲ့အတိုင်း အင်းလျားကန်ဘေးက ခရမ်းပြာဆောင်လေးမှာ နေခဲ့တဲ့ ကိုရဲတို့ ဘဝကို ဖွဲ့ထားတဲ့ ဒီသီချင်း နဲ့ ၉ တန်းနဲ့ တောခိုလာတဲ့ ဗန်းမော်သူ ဘယ်လိုဆက်စပ်ပြီး ရွေးဆိုတယ်ဆိုတာကို ဒီနေ့ထိ စဉ်းစားမရခဲ့ပါဘူး။ ဖြစ်နိုင် တာကတော့ သူ့ခမျှာလည်း ဒီသီချင်းတပုဒ်ပဲ အစအဆုံး ရပုံပေါက်ပါတယ်။
မျိုးချစ်လူငယ်များ အစည်းအရုံးမှာ ဒု-ဥက္ကဋ္ဌ လုပ်ခဲ့ဘူးတဲ့ ကိုရဲလင်းက “သက်ဆိုင်သူသို့” သီချင်း ဆိုပါတယ်။ အေဘီ ဗဟိုကော်မတီဝင် အဖြစ်ကနေ ထောက်လှမ်းရေးဆိုပြီး ဝန်ခံခဲ့ ရသဗျ။ တညမှ သီချင်းဆိုနေရင် တပ်ရင်းမှူး အောင် သန်းရဲ့ တုတ်ချက် တော်တော်ပြင်းပြင်း ထိသွားပြီး လုံးဝ သတိလစ်သွားပါတယ်။ ကျနော်တို့ကတော့ ကိုရဲကို သေပြီလို့ ထားရာက (၂) ရက်လောက်မှာ သတိလည်လာပါတယ်။ နောက်တာ့ (၂) ပတ်လောက် ဘာမှမေးလို့မရဘဲ အူကြောင် ကြောင် ဖြစ်နေပါသေးတယ်။ ကံကောင်းလို့ မသေမပျောက်ပဲ မြေပေါ် ပြန်ရောက်လာတော့မှ သိရတာက သူ့မှာ ချစ်သူ ကျောင်းဆရာမလေး တယောက်က သူ့ကို စောင့်နေတာပါ။ ဆရာမလေးနဲ့ ပြန်ဆုံခွင့်ရလို့မှ မကြာခင် ၁၉၉၈ မှာ ကျနော် တို့နဲ့ ထောင်ကျပြန်တော့ ထောင်တွင်းမှာ ဆက်ပြီး “သက်ဆိုင်သူသို့ ပို့မေတ္တာ တေးမဏ္ဏာချွေ” ရပြန်ပါတယ်။သူ့ မေတ္တာ ကြောင့် သစ္စာစူးတာကတော့ ကျောင်းဆရာမလေးဟာ (၇) နှစ်တိတိ သူပြန်လာတာကို သစ္စာရှိရှိ စောင့်နေတာပါပဲ။
ထူးထူးခြားခြား ခင်မောင်တိုးရဲ့ “လောကတလင်းပြင်” ကိုပဲ သီဆိုသူက ဝဏ္ဏဇော်ပါဗျ။ ဒီမောင်က တချိန်က နာမည်ကြီး မင်းသားကြီး ဇော်ခင်ရဲ့ သားတော်မောင်ပါ။ အရပ်မောင်းက ကောင်းကောင်း ပြည်ငြိမ်း တို့လို ဆိုက်ဂိုက် မျိုးမို့ ဓါတ်ရှင် မင်းသား ဘဝနဲ့ ကျော်ကြားနိုင်ပါရက်နဲ့ တောထဲမှာလာပြီး NIP ကပါလို့ ထွက်ဆိုရပါတယ်။
သူပြန်ပြောပြတာကတော့ သူ့ကို နှိပ်စက်မှု တလျောက်လုံးမှာ အမှန်အတိုင်းပဲ ထွက်ဆိုခဲ့ရင်းကနေ မီးဖုတ်ထားတဲ့ ဓါး မြောင်နဲ့ သူ့ခြေသလုံးကို ကပ်တဲ့နောက်မှာတော့ ထောက်လှမ်းရေးက လွတ်လိုက်တဲ့ တပ်သားတယောက်ပါလို့ လိမ် ညာ ထွက်ဆိုခဲ့တယ်ဆိုပါတယ်။ ကျနော် ရန်ကုန်ကိုပြန်ရောက် ပန်းချီဆရာတဦးအဖြစ် ကျင်လည်ရင်း တရက်မှာတော့ အရက်ဆိုင်မှာ မင်းသားကြီး ဦးဇော်ခင်နဲ့ ဆုံပါတယ်။ ကျနော်လည်း ကိုယ့်ကိုကိုယ် မိတ်ဆက်ပြီး ဝဏ္ဏ သူငယ်ချင်းပါ။ တောထဲမှာ ဆုံဘူးတတယ်လို့ ပြောတော့ မင်းသားကြီးက တအံ့တသြ မျက်လုံးပြူးကြည့်ပါတယ်။ ပြီးတော့ ခေါင်းကို သွက်သွက်ခါရင်း “ဆိုးပါတယ်ဗျာ။ ဆိုးလွန်းပါတယ်ဗျာ။” ဆိုတာကိုပဲ ခဏခဏ ပြောပြီး ခေါင်းပဲ ခါနေတာ မှတ်မိနေ သဗျ။
ခု မြောက်ပိုင်းကိစ္စတွေကို အင်္ဂလိပ်ဘာသာနဲ့ ဝတ္ထုအသွင်ရေးခဲ့တဲ့ ဆမား ညီညီ (ခေါ်) ကိုညီညီက လည်း မကြာခဏ အဖွင့်ခံရတဲ့ လူကက်ဆက်ပဲ ခင်ဗျ။ အေဘီ အတွက် မြေအောက်လုပ်ငန်းတွေကို မန်းလေးမှာ နေပြီး လုပ်ပေးရင်းက ဗဟိုကို ခဏတက်လာရင်း ငှက်သင့်တဲ့ ပုဂ္ဂိုလ်ပေါ့ဗျာ။ မန်းလေးမှာ ကိုယ်ပိုင် အင်္ဂလိပ်စာ သင်တန်းကျောင်းလေးဖွင့် အ သက်မွေးတယ် ဆိုသဗျ။ ဒါကြောင့် အီးလဲလ်ရဲ့ “ဟော်တယ်ကယ်လီဖိုးနီးယား” သီချင်းနဲ့ “By the rivers of Babylon” “Country Road” စတဲ့ အင်္ဂလိပ် သီချင်းတွေကို ဆိုတတ်တာမို့ အထူးသဖြင့် ဘို သီချင်းတွေ နားထောင်ချင်တဲ့ ဥက္ကဋ္ဌ လေးနဲ့အဖွဲ့ တက်လာပြီဆိုရင်တော့ ထောင်မှုးလက်ဝါးက ကိုညီညီ ဆိုတဲ့ ကုလားရဲ့ ပါးပေါ် (ကိုညီက ဘာသာရေးကိုင်း ရှိုင်းသူ အစ္စလမ်ဘာသာဝင် တဦးပါ) ကျရောက်ပါတော့တယ်။ ကိုညီညီဟာလည်း ပြင်းထန်တဲ့ စစ်ကြောရေးဒဏ် ခံခဲ့ရ သဗျ။ သူနဲ့ နောက်ပိုင်း စကားပြောခွင့်ရတော့ သူဟာ မော်ဒန်အနုပညာကို ထဲထဲဝင် နားလည်တဲ့သူဖြစ်သလို မန္တလေး မှာ ပန်းချီချမ်းအေး၊ ကဗျာဆရာမ ဖြူမွန်တို့ ဇနီးမောင်နှံရဲ့ မိတ်ဆွေ တယောက်ဆိုတာလည်း သိရသဗျ။ ခေတ်သစ် ပန်း ချီကျော် ခင်ဝမ်းက သူ့ ဖေးဖရိတ်တဲ့ဗျ။ ဒါကြောင့် မြန်မာသီချင်းဆို ခိုင်းပြီဆိုရင်တော့ ခင်ဝမ်းရဲ့ မြားဘုရင် သီချင်းတ ပုဒ်ကိုပဲ ရွေးဆိုလေ့ရှိပါတယ်။
သေရေးရှင်ရေး ဖြစ်လာတော့ လူတကိုယ် သီချင်းတပုဒ်တော့ရဘို့ ဖြစ်လာတဲ့ ခေတ်ကြီးမှာ ဘဝမှာ သီချင်းတခါမှ မငြင်း ဘူးတဲ့ ကိုကြောင် (ခ) ကျော်နိုင်ဦးလို လူမျိုးလည်း ကြုံခဲ့ရဖူးပါတယ်။ သာယာဝတီ အကျဉ်းထောင်ကို ဖြတ်သန်းဘူးတဲ့ အကျဉ်းသားမှန်ရင် သာယာဝတီဈေးထဲ ဦးကျားကြီးဆေးဆိုင်ကို မသိတဲ့ လူ ရှိကိုမရှိဘူးလို့ ပြောချင်သဗျ။ နိုင်ငံရေး အ ကျဉ်းသားတွေကို ကူညီတဲ့အလုပ်ကို ကိုယ့် အသိစိတ်နဲ့ကိုယ် သတ္တိရှိရှိ လုပ်ခဲ့တဲ့ သာယာဝတီ အယ်နယ်ဒီပါတီဝင် ဦး ကျားကြီးလို လူမျိုးမြန်မာပြည်မှာ တော်တော်ရှားပါတယ်။ မန်းလေးထောင်လောကမှာ ဒေါ်ဝင်းမြမြတို့ကို မသိဘူးဆိုရင် မန်းထောင်နေခဲ့သူလို့ ပြောမရသလိုမျိုးပါပဲ။ အဲဒီလို ထင်ရှားတဲ့ ဦးကျားကြီးသား ကိုကျော်နိုင်ဦးကို NIP က ဗိုလ်ဆိုပြီး စွဲချက်တင် စစ်ပါတယ်။ ကိုကြောင် (ခ) ကိုကျော်နိုင်ဦး (ဓါတ်ပုံထဲ အစွန်လူ) ခမျာ လူကက်ဆက်ဘဝမှာ နောက်ဆုံး တော်တော် အကြပ်ရိုက်ရှာပါတယ်။ နောက်ဆုံး နားဆူချင် ဆူစေတော့ ပါးပူတော့ မခံတော့ဘူးလို့ ဆုံးဖြတ်ပြီး ကိုကြောင် တယောက် သူ အစအဆုံး ကောင်းကောင်းရတဲ့ သီချင်းတပုဒ်ကို ဟဲ ချလိုက်ပါတယ်။
“ရောင်စုံ ဘောလုံး ရောင်စုံ ဘောလုံး တလုံးငါးပြား” … ပါ။
ကျနော်တို့ကို ၁၉၉၈ ခုမှာဖမ်းတော့ ကိုကြောင်ကို ထောက်လှန်းရေးက လိုက်ပါတယ်။ ခုတော့ သူ့ကို လိုက်ခဲ့တုန်းက ထောက်လှမ်းရေးတွေလည်း ၂ဝဝ၄ မှာ ထောင်ထဲ ရောက်ကုန်ပါတယ်။ ၂ဝဝ၅ မှာတော့ အေဘီက ကိုသံချောင်းကို အ စိုးရ ဖမ်းမိပြီး သေဒဏ်ချလိုက်ပြီး ကိုသံချောင်း တယောက် သာယာဝတီထောင် ရောက်လာတယ်ဆိုတာ ကိုကြောင်က ပြောပါတယ်။ ပြီးတော့ ကိုသံချောင်းကို အပြင်ကနေ တတ်သလောက် ကူညီပေးသင့်တယ်လို့ ပြောတဲ့အခါ ကျနော်တို့ ထဲမှာ ပစ်ထားလိုက်လို့ တယောက်မှ သဘောထား ပေးမလာတဲ့အတွက်တော့ ဒီနေ့ထိ ကျေနပ်မိပါတယ်။ ကျနော်တို့ သဘောကတော့ ကိုသံချောင်း ပြုခဲ့တဲ့ကံက သူ့အကျိုး သူပေးပါလိမ့်မယ်။ ကျနော်တို့ ကြုံခဲ့ရဘူတဲ့ ငရဲမျိုးက သဘော ထားမျိုးကိုတော့ ကျနော်တို့နဲ့ ဆက်စပ်လာမယ့် အနာဂတ်မှာ သမိုင်းဘီး နောက်တပါတ် ထပ်မလည်ကြဘို့က အရေးကြီး ဆုံး ဖြစ်ပါတယ်။ ကျနော်တို့က ဦးကျားကြီးသား ကိုကြောင်ကို “ကျားဆရာ၊ ကြောင်” လို့ နောက်လေ့ရှိပါတယ်။ ငါ့သား ကို တောထဲမှာ ရက်ရက်စက်စက် လုပ်ခဲ့တဲ့ကောင်တွေပဲ “ထောင်ထဲမှာ အခု ခံစမ်း” လို့ ပစ်မထားတဲ့ ဦးကျာကြီးရဲ့ စိတ် ဓါတ်ကို ပိုလို့လေးစားမိပါတယ်။
ပြောတော့ ရန်ကုန်သား၊ ဆိုတော့ “အမေနဲ့ရွာကိုလွမ်းတယ်” လို့ မကြာခဏ ပြောတာခံရသူက စမ်းချောင်း အ၊ထ၊က ကျောင်းသားများသမဂ္ဂ ခေါင်းဆောင်လုပ်ခဲ့တယ်ဆိုတဲ့ ဖိုးကျော် (ခ) ကျော်ဝင်းဆွေပါ။ တွံတေးသိန်းတန်ရဲ့ သီချင်းတွေ ကို တွံတေးသိန်းတန် လေသံအတိုင်း ဆိုတတ်ပါသဗျ။ တညမှာတော့ တွံတေးရဲ့ “အသီးတရာ၊ အညှာတခု” ကို ပိုင်ပိုင် နိုင်နိုင် ချွဲချွဲနွဲ့နွဲ့ ဆိုတာမို့ ကျနော်တို့အားလုံး စာသားအတိုင်း စီးမျောနေကြပါတယ်။ မကြာပါဘူး ဖိုးကျော်ဟာ ချွဲချွဲနွဲနွဲ့ ဆိုနေရာကနေ ရုတ်တရက်ကြီး အလန့်တကြား ထိုးရပ်လိုက်သလို ကျနော်တို့လည်း သူနဲ့အတူ လိုက်ပါနေရာက ရယ်ရ မလို ငိုရမလို စိတ်မောလိုက်ရသဗျ။ တခြားနေရာ ဟုတ်ပါရိုးလား။ ကြည်းရေလေ တပ်မတော်တွင်းက သူငယ်ချင်းတွေ ဆိုတဲ့နေရာပေါ့ဗျာ။ ကံကောင်းလို့ အဲဒီညက တုတ်စာမဖြစ်တာ။
တညမှာတော့ ထောင်မှူးတာဝန်ကျတဲ့ ကိုလမျိုးနောင်ဆိုတဲ့ ပုဂ္ဂိုလ်က တော်တော့်ကို မူးနေသဗျ။ ထုံးစံအတိုင်း ကျနော် တို့ကို တယောက်ပြီးတယောက် ထခိုင်းပြီး စည်းစိမ်ယူနေရာ မန္တလေးတက္ကသိုလ်က မြန်မာစာတတိယနှစ် ကျောင်းသား ကိုအောင်မင်း (ခ) ထိန်လင်း အလှည့် ရောက်လာပါသဗျ။ ကိုအောင်မင်းက တခါမှ သီချင်းဆိုဘို့ ခိုင်းတာ မခံဘူးရလေ တော့ ကျနော်တို့တွေလည်း လှဲနေရာနေ ကိုအောင်မင်း ဘာများဆိုမလဲ နားစွင့်နေကြသဗျ။ “ကိုယ် အတန်တန်တားရက် နဲ့ သွားတော့မှာလား။ အို တခါတရံအမှား အတွက်နဲ့၊ အပြစ်ပုံပြီလား” ဆိုတဲ့ ကိုနေဝင်းရဲ့ သီချင်းစာသားတွေ ကိုအောင် မင်းဆီက ထွက်လာပါတယ်။ ကျနော်တို့အားလုံး ကိုနေဝင်းရဲ့ သီချင်းစာသားတွေ အတိုင်းစီးမျော ပါသွားပါတယ်။ ကိုအောင်မင်းက ကိုနေဝင်း ခရေဇီကိုး။
…… “ကာယကံရှင် လူကိုယ်တိုင်၊ အသိထက် ဘယ်ပိုနိုင်မှာတုန်း၊ အများနဲ့ တယောက်တုဖက်ပြောရင်၊ အားနည်းတဲ့ တယောက်က အရှုံးပေါ့၊ မသွားလည်းပဲ ရောက်ခဲ့မိပြီကိုး” ……
သီချင်းရဲ့ စာသား ရောသံစဉ်ပါ အားအကောင်းဆုံး အလှဆုံးနေရာ အရောက်မှာ “ဖုန်း” “ဖုန်း” ဆိုတဲ့ အသံနဲ့ အတူ ကိုအောင်မင်း သီချင်းဆိုသံ ထိုးရပ်သွားပြီး ထပ်ကာထပ်ကာ ဆဲသံနဲ့ ရိုက်သံတွေပဲ ထွက်လာပါတယ်။
“မင်းက အများနဲ့ တယောက်မို့ ခံရသလေး ဘာလေးနဲ့ မင်းတို့ကို ငါတို့က မတရားစွပ်စွဲ ဖမ်းထားတယ်လို့ ဆိုလိုတာပေါ့။ အေး ငါ့ နံချပ်ကူ အစွမ်းပြရသေးတာပေါ့ကွာ။ မင်းတို့ကိုစစ်နေတဲ့ ထောက်လှမ်းရေးလောက်တော့ ငါလဲ ရိုက်တတ်ပါ တယ်ကွ”
ဆိုတဲ့ စကားနောက်မှာ တဖုန်းဖုန်း ရိုက်သံ ညဉ်းညူသံ ဆဲဆိုသံတွေဟာ ဆက်တိုက် စိတ်မချမ်းသာစရာ ထွက်ပေါ်လာ ပါတော့တယ်။
ဒီနောက်ပိုင်းမှာတော့ ရိုက်လိုက်၊ မောရင် ရိုက်တာရပ်ပြီး ဆဲဆိုနေလိုက်။ ခဏနေတော့ ရိုက်လိုက်နဲ့ စိတ်ရှိသလို ထင် တိုင်းကြဲနေတာကို ဘယ်သူ တဦးတယောက်ကမှလည်း လာမတားကြပါဘူး။ ကျနော်တို့ လှဲအိပ်နေတဲ့ လူတွေကလည်း တကယ်ကျတော့ အမှန်တရားအတွက် တိုက်ပွဲဝင်မယ်လို့ ကြွေးကြော်ချက်တွေနဲ့ တောထဲ ထွက်ခဲ့ကြသူတွေပါ။ တ ကယ်လက်တွေ့မှာတော့ ဒီလူတယောက် မတားသဖြင့် ခံနေရတာကြီးကို ကြားနေပါလျက်နဲ့ ကျနော်တို့ လူ ၈ဝ လောက် ထဲမှာ “ဟေ့လူ ဒီလူမတရားသဖြင့်တော့ မလုပ်ပါနဲ့” လို့ တယောက်မှ မပြောနိုင်ခဲ့တာ ခုထိ ရှက်လို့ မဆုံးပါဘူး။ ကိုအောင်မင်းကို လှိမ့်ရိုက်နေတဲ့ ထောင်မှုးက သူဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေတဲ့ လူ လို့ မူးမူးနဲ့ ကြွေးကြော်ရင်း ရိုက်နေခဲ့တာကို ကြားနေရတဲ့ဘဝဟာ ကိုအောင်မင်း အတွက်သာမက ကျနော်တို့ အတွက် လည်း ငရဲည ပါပဲ။
တိုတိုပြောရရင် နောက်တနေ့ မနက်လင်းတော့ ကိုအောင်မင်း ထောင်အပြင်ကို ထွက်တန်းမစီနိုင်တော့ပါဘူး။ ကျနော်တို့ တွေကတော့ ထုံးစံအတိုင်း ကျောက်ထု၊ လမ်းခင်း၊ ထင်းသယ် စတဲ့ အလုပ်ကြမ်းခွင်တွေဆီ ထွက်လုပ်ရတာမို့ ကိုအောင် မင်းကို ထားခဲ့ရပါတယ်။ ညနေအလုပ်တွေသိမ်းလို့ ထောင်ပြန်ရောက်တော့ ကိုအောင်မင်း အသက်ငင်နေပါပြီ။ နောက် ပိုင်း ထမင်းချက်တာဝန်နဲ့ ကျန်ခဲ့တဲ့ နန်းစောတို့ ပြောပြလို့ သိရတာက ထောင်မှူးက ညကသူရိုက်ထားလို့ မထနိုင်တဲ့ ကို အောင်မင်းကို ဘဲများပြီး (ထောင်စကား အလုပ်မလုပ်ချင်လို့ အချောင်ခိုသည့် အဓိပ္ပါယ်) နေခဲ့တာမို့ နံချပ်ကူ အသစ်ကို လမိုင်းတင်ရမယ်လို့ ပြောပြီး တနေ့ခင်းလုံး ဆက်ရိုက်နေတယ်လို့ သိရပါတယ်။ ကိုအောင်မင်း အနားကို ခွင့်တောင်းပြီး ကိုညီညီ နဲ့ ဘိုဘိုတို့က မှာစရာရှိတာမှာဘို့ မေးတော့ သွေးတွေပဲ ပါးစပ်က ဆက်ထွက်လာပြီး စကားတလုံးမှ ဆက်မ ထွက်လာဘဲ ကိုအောင်မင်း ကွယ်လွန်ခဲ့ပါတယ်။
၂ဝဝ၅ ခု ထောင်ကလွတ်လာပြီးနောက်ပိုင်းမှာ မကြခဏ ဝိုင်အမ်စီအေက ကိုရဲ (ကိုရဲလွင်) ဆီ မကြာခဏ ရောက်ဖြစ် သလို ကိုနေဝင်း နဲ့လည်း ရံဖန်ရံခါတွေ့ဖြစ် သူ့သီချင်းတွေအကြောင်း ပြောဖြစ်ပါတယ်။ ဒါပေမယ့် ကိုနေဝင်း သီချင်းစာ သားတွေ သီဆိုရင်း လူ့လောကကို ကျေခိုင်းသွားခဲ့ရဘူးတဲ့ ဒီမိုကရေစီ ဘက်တော်သားတဦး ရှိခဲ့ဖူးတယ်ဆိုများ ကိုနေ ဝင်း သိခဲ့ရင် ဘယ်လောက်များ ကြေကွဲလိုက်မလဲလို့ စိတ်ထဲက တွေးမိပါတယ်။ ထုတ်တော့မပြောဖြစ်ခဲ့ပါဘူး။ စာဖတ် သူကိုလည်း ကိုနေဝင်း တယောက်ကိုတော့ ဒီအဖြစ်ကို ပြန်မပြောမယ့် သူလို့ ယုံကြည်ပါရစေ။
ဒါဖြင့် ရိုက်သတ်လိုက်တဲ့ ကိစ္စအတွက် ထောင်လုံခြုံရေး တာဝန်ခံ ဘယ်သူကမှလည်း လာပြီးမေးမြန်းတာ အရေးယူတာ မလုပ်ခဲ့ပါဘူး။ ကိုအောင်မင်း ရုပ်အလောင်းကို ညတွင်းချင်း ထောင်အပြင်ထုတ်ထားလိုက်ပြီးတော့ ကိုလမျိုးနောင်က သူ့လုံခြုံရေးတပ်ဖွဲ့တွေဆီ အော်ပြောပါတယ်။ “အရက်တလုံးနဲ့ စကားဝါ တစည်းရမယ် ဘယ်သူတွေ တာဝန်ယူချင်လဲ” လို့ အော်မေးတာလဲ အတိုင်းသား ကြားရသဗျ။ အဲဒါက ပေါက်ဈေးပါ။ အဲဒီအချိန်က စစ်ကြောရေးကြောင့် သေတဲ့လူ တွေကို မြှုပ်ပေးမယ်ဆိုရင် မြှုပ်တဲ့အဖွဲ့က အရက်တလုံးနဲ့ စကားဝါ ဆေးပေါ့လိပ်တစည်း ရပါတယ်။
ဒါဆိုရင် ခု ကိုလမျိုးနောင် ဘယ်မှာလဲလို့ ဆောင်းပါးအောက်မှာ မေးလာမယ့် သူတွေအတွက်လည်း တခါတည်း ဖြေ လိုက်ပါမယ်။ နောက်ပိုင်းမှာ ကျနော်အပါဝင် ဖမ်းထားသူတွ ညသန်းခေါင်လောက် ထွက်ပြေးလွတ်မြောက်သွားတဲ့ ကိစ္စ အတွက် သူနဲ့ ညတာဝန်ကျတို့ကို လက်ရှိ ဗဟိုကော်မီတီအဖွဲ့က သေဒဏ်ပေးပြီး ကိုထွန်းအောင်ကျော်တို့ကို သတ်ခဲ့တဲ့ ကုန်းပေါ်မှာပဲ ခေါင်းဖြတ်ခဲ့တယ်လို့ သိရသဗျ။ ကိုလမျိုးနောင်က သူ့ကိုမသတ်မီ အရက်အဝသောက်ခွင့် တောင်းဆို တယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီ တပ်သား ရဲဘော်တဦးကို တာဝန်ပေါ့လျော့လို့သာ ခေါင်းဖြတ်ဘို့ အမိန့်ပေးလိုက်ရပေ မယ့် လူ့အခွင့်အရေးကို အပြည့်အဝ လေးစားလိုက်နာတဲ့ ကိုအောင်နိုင်၊ ကိုသံချောင်း အပါအဝင် ခေါင်းဆောင်များက ခွင့်ပြုခဲ့တာမို့ ကိုလမျိုးနောင် ခမျာ တပ်ဖွဲ့ ဘက်ဂျက်ထဲကငွေနဲ့ အရက်မူးအောင် သောက်သွားခွင့် ရသွားရှာတယ်လို့ သိ ရပါတယ်။
ဟုတ်ကဲ့။ ဒါဖြစ်ခဲ့ပါတယ်။ ဆိုးဝါးလှတဲ့ အဖြစ်တွေ ကျနော်တို့ သမိုင်းမှာ ရှိခဲ့ပါတယ်။ တကယ်က ကျနော်တို့ ဖြတ်သန်း ချိန်မှာ တာဝန်မကြေနိုင်ခဲ့ကြပါဘူး။ မိမိ အသက်ကိုငဲ့ပြီး အမှန်တရားကို မျက်ကွယ်ပြု မသိချင်ယောင်ဆောင် ရေငုံနုတ် ပိတ် နေခဲ့ရတာလောက် ပြန်တွေးတိုင်း ရှက်စရာကောင်းတာ မရှိတော့ပါဘူး။ စာကိုဖတ်သူတွေထဲမှာ ကိုအောင်မင်းနဲ့ နီးစပ်သူများရှိခဲ့ရင် ကျနော်တို့ သူရဲဘောကြောင်မှုအတွက် တောင်းပန်လိုက်ပါတယ်။
တခါတခါကျတော့လည်း ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ခွင့်လွတ်နိုင်ဘို့ ကြိုးစားရတာ သူများကို ခွင့်လွတ်နိုင်ဘို့ ကြိုးစားရ တာထက် အဆတရာ ခက်ခဲတယ်ဆိုတာ ကိုယ်တိုင် ကြုံတွေ့ရဖူးသူလောက်ပဲ နားလည်ခံစားနိုင်ပါလိမ့်မယ်။
ပန်းချီ ထိန်လင်း
http://www.kaungkin.com မှ …
တိုင်းရင်းသားအရေးကို ဆောင်ရွက်ပေးမယ်လို့ ထင်ခဲ့ကြပုံရပါတယ်။ ယုံကြည်မျှော်လင့် ခဲ့ကြပုံ ရပါတယ်။ အခုအချိန်အထိတော့ ကချင်ပြည်နယ်မှာ သတ်ဖြတ်ပြေးလွှားနေတာ ၈လပြည့်ဖို့ ၇ရက်ဘဲ လိုတော့တယ်။ သူတို့အားကိုးတဲ့ ဂျာမွန်းကတော့ တုတ်တုတ်မှ မလှုပ်။ ဟဟမှ မပြော။
ဒါပေမဲ့လည်း ဂျာမွန်းရဲ့ သားတော်မောင်တွေက တော်လှတယ်။ ထောင်က ထွက်ထွက်ခြင်း တိုင်းရင်းသားဒေသ ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးကို ဆက်တိုက်ကြွေးကြော်နေပါတယ်။ ကျေးဇူးတင်ပါတယ်။
ကချင်လူမျိုးတွေအတွက်ကတော့ ကိုယ့်သမိုင်းကိုယ်ရေးတဲ့အခါ သူများရဲ့ Ballpen နဲ့ Notebook ငှါးလို့ မရဘူး ဆိုတဲ့ သင်ခန်းစာကို ကောင်းကောင်းရသွားပါတယ်။
မြန်မာနိုင်ငံသားအားလုံး ကိုယ့်အနာဂါတ်ကို ကိုယ်ဖန်တီးနိုင်ကြပါစေ။
မင်းတော်တော်ဒုံးဝေးတဲ့ကောင်ပဲ။
ငါပြောတာရှင်းနေရောပဲ။
အခု ပါဂျောင် က သူရဲကောင်းတွေရဲ့ 
အရိုးတွေတွန်နေတာ။
မတရားစွပ်စွဲခံခဲ့ရတဲ့၊မတရားညှင်းဆဲသတ်ဖြတ်ခံ
ခဲ့ရတဲ့သူရဲကောင်းတွေရဲ့  အနှစ်၂၀ ကျော်က
့ပဲ့တင်လာတဲ့ အသံတွေ။
မင်းအခုပြောနေတဲ့သူတွေကို
မပြောပါနဲ့ လိုက်ပြောနေလို့ ၊ခု မရှင်းကြပါနဲ့ ဦးလို့ 
လိုက်ပြောနေလို့ ဒီအသံတွေတိတ်မသွားဘူး။
ဘာလို့ လဲဆိုတော့
ဒီစကားတွေကို သူတို့ ပြောနေတာမဟုတ်လို့ ပဲ။
မင်းနားလည်ထားဖို့ က
ကိုထိန်လင်းပြောနေတာမဟုတ်ဘူး။
ကိုအောင်မိုးဝင်းပြောနေတာမဟုတ်ဘူး။
နန်းအောင်ထွေးကြည်ပြောနေတာမဟုတ်ဘူး။
ဒီစကားတွေကို အာသံကုန်းက မတရားအသတ်ခံခဲ့ရတဲ့ ကိုထွန်းအောင်ကျော်တို့ က ပြော နေတာ။
အဲဒီတော့ ခုပြောနေတဲ့သူတွေကို မင်း
မပြောကြပါနဲ့ ဦးဗျာလို့ ပြောနေလို့  အချဉ်းနှီးပဲ။
ငါ စောစောကပြောခဲ့တဲ့ နည်းနဲ့ ပဲကြိုးစားကြည့်။
မင်းကချင်မှာနေတာနီးနီးလေးပဲ။
အာသံကုန်းကိုသွား။
သူတို့ ကိုမြုပ်ထားတဲ့မြေပုံဘေး မှာဒူး ထောက်။
တိုးတိုးလေးတောင်းပန်။
အကိုတို့ ၊အမတို့ ။ခဏစောင့်ကြပါဦးဗျာလို့ ။
အဲဒီမှာသွားပြီး တားရုံကလွဲလို့ တခြားနည်းလမ်းမရှိဘူး။
ဒါမင်းကို နောက်ပြောင်ပြောနေတာမဟုတ်ဘူး။
အတည်ပြောနေတာ။
လောကကြီးမှာ မမြင်ရတဲ့အင်အားတွေရှိတယ်။
အထူးသဖြင့်အမှန်တရားရဲ့ အင်အားဟာ
ဘယ်တော့မှ ပျောက်ပျက်မသွားဘူးဆိုတာ မင်းသေတဲ့ထိခေါင်းထဲမှတ်ထားလိုက်
မောင်ဒေါင်းရေ။
နောက်တခါထပ်မပြောတော့ဘူး။
မောင်ဒေါင်းလို့ နာမည်ပေးပြီး
တော်တော်ဒူ၊တော်တော်ဝေးတဲ့ကောင်။
အေဘီအက်စ်ဒီအက်ဖ်က လူသတ်မှုကျူးလွန်တဲ့ သူတွေကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ (လုံးဝ)လုံးဝ မနှိုင်းချင်ပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းကို ယိုးဒယားနယ်စပ်ကနေ ဗမာပြည်ပြန်အဝင် ရွာသူကြီးကို သတ်ဖြတ်မှုနဲ့ တရားစွဲဖို့ကြိုးစားတဲ့ ဖြစ်ရပ် သမိုင်းလေ့လာသူတိုင်း သိပါတယ်။ ဒါက မြန်မာလူထုတရပ်လုံး လွတ်လပ်ရေး အရယူဖို့ စိတ်ထက်သန်နေချိန်မှာ စည်းလုံးညီညွတ်မှုပျက်ပြားပြီး ဗိုလ်အောင်ဆန်းအပေါ် အကြည်ညိုပျက်အောင် လုပ်တဲ့ နယ်ချဲ့အင်္ဂလိပ်တွေရဲ့ ဖျက်လိုဖျက်ဆီး အစီ အမံပါ။ အခုလည်း အေဘီအက်စ်ဒီအက်က လူသတ်တရားခံတွေကို နာမည်နဲ့တကွ ရေးနေတယ်ဆိုပေမယ့် လက်နက်ကိုင်တော်လှန်ရေးအပေါ် သွေးလန့်ခြောက်ခြားသွားအောင်၊ လက်နက်ကိုင်တော်လှန်ရေး မလုပ်ရဲအောင် ဖျက်လိုဖျက်ဆီး လှုံ့ဆော်တဲ့လုပ်ရပ်၊ ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားလက်နက်ကိုင်အကြား စိတ်ဝမ်းကွဲအောင်လုပ်တဲ့ လုပ်ရပ်ဖြစ်နေပြီး နေပြည်တော်ရဲ့ အစီအမံလို့ ယူဆစရာဖြစ်နေပါတယ်။ ကိုကောင်းမြင့်အဆိုအရ အဲဒီ ကျောင်းသားအချင်းချင်းသတ်မှုတွေဖြစ်ခဲ့တဲ့ ကျောင်းသားအဖွဲ့က ကေအိုင်အေမှာ အခု ရှိနေပြီး တိုက်ပွဲဝင်နေတယ်ဆိုတော့ အဲဒီကို မြို့ပေါ်ကကျောင်းသားတွေ တောမခိုရဲအောင် အောင်မိုးဝင်း၊ထိန်လင်းအပါအဝင် လူအချို့က အဲဒီကိစ္စကို တပြိုင်တည်း ရေးသားဖေါ်ထုတ်နေပါတယ်။ ရေးနေတဲ့ ရည်ရွယ်တာက ဘာလဲ။ အခုချိန်မှာ ဘယ်လိုအရေးယူမှာလဲ။ စစ်ရာဇဝတ်ကျူးလွန်တဲ့သူတွေကို နိုင်ငံသစ်ထူထောင်ပြီးမှ စုံစမ်းစစ်ဆေး၊ ခုံရုံးဖွဲ့ အရေးယူတာကို နိုင်ငံတကာမှာလည်း တွေ့နေရတာဘဲ။ သမိုင်းမှတ်တမ်းတင်ရုံအတွက်၊ ဒါမှမဟုတ် စိတ်ခံစားနားကျည်းမှုအတွက်နဲ့ အခုအချိန်မှာ အဲလိုရေးနေတာက မြို့ပေါ်ကကျောင်းသားတွေ လက်နက်ကိုင်တော်လှန်ရေးအပေါ် ကြောက်ရွံ့သွားအောင်၊ တောမခိုရဲအောင်၊ စိတ်ဝတ်ကွဲ မညီမညွတ်ဖြစ်အောင် ရေးသားနေသလို ဖြစ်နေပါတယ်။ အခုတောင် ခင်များတို့တတွေနဲ့ ကျနော်ကြားမှာ အမြင်မတူလို့ ဆဲဆိုတာတွေ ဖြစ်လာတယ်မဟုတ်လား။ နေပြည်တော် ဗိုလ်ချုပ်တွေအကြိုက်ဖြစ်နေတာကြောင့် အဂ္ဂမသာ ခွေးသားရေးစီသူဘွဲ့ ပေးသင့်တာပါ။
အရိုးတွေတွန်နေတာ တားဖို့ ကြိုးစားနေပြန်ပြီလား။
ဒီစာမျက်နှာကနေမင်းတားဖို့ ကြိုးစားနေလို့ အပိုပဲကွ။
မင်း ကချင်မှာနေတာပဲ။
ပါဂျောင်ကိုသွား။
အဲဒီကိုထွန်းအောင်ကျော်တို့ ကိုမြုပ်ထားတဲ့
အာသံကုန်းမှာသွား။
အကိုတို့ ခဏနေ ကြပါဦးဗျာ လို့ တောင်းပန်။
ဒါဆိုရင်တော့ အရိုးတွန်တာရပ်ကောင်းရပ်သွားလိမ့်မယ်။
ဒီကနေ မင်းပြောနေလို့ ကတော့ အပိုပဲ။
လက်ညောင်းယုံပဲကွ။
ဒါတွေတကယ်ဖြစ်ခဲ့တယ် ။ ခံခဲ့ရသူတွေ
မကြားဝံ့အောင်ကို ညှင်းဆဲခံခဲ့ရတယ်။
ညှင်းဆဲပုံတွေဟာ မစဉ်းစားရဲအောင်ပဲ။
ခုချိန်ထိလည်း ကိုထွန်းအောင်ကျော်တို့ ဟာ
သူလျှိုမဟုတ်ဘူးဆိုတာ သက်ဆိုင်တဲ့ အဖွဲ့ အစည်းကတရားဝင်ဘာမှမပြောဘူး။
အဲဒီအတွက် လူတိုင်းသိသင့်တယ်။
နအဖစစ်အာဏာရှင်အကြောင်း
စာမျက်နှာတွေမှာပလူပျံ နေလို့ လူတိုင်းသိကြတယ်။
ကျောင်းသားစစ်အာဏာရှင်တွေအကြောင်း
သိတဲ့သူနည်းတယ်။
စစ်အာဏာရှင်ဆိုရင်
နအဖစစ်အာဏာရှင်ပဲဖြစ်ဖြစ်
ကျောင်းသားစစ်အာဏာရှင် ဖြစ်ဖြစ်
ဆန့် ကျင်ရမယ်။
ကျောင်းသားမို့ မသိချင်ယောင်ဆောင်နေရမယ် ဆိုရင် ဒါ အဂတိတရားပဲ။
ဗမာပြည်ထဲမှာ အဲလိုစာအုပ်ထုတ်လိုက်လို့ကတော့ လူမှုထူးချွန်ဆု နေပြည်တော်က ပေးမှာ။ ဒါမှမဟုတ် အဂ္ဂမသာ ဂီရိကြက်သရေစီသူ ဘွဲ့ ပေးရင်ပေးနေဦးမှာ။ ကြံ့ဖွံ့အစိုးရကို လက်နက်ကိုင်တော်လှန်မှု တားဆီးရေးစာအုပ် ဆိုတော့ တခမ်းတနားကို ပေးဦးမှာ။
အနယ်နယ်အရပ်ရပ်ကလူငယ်တွေနဲ့ စုစည်းထားတဲ့ တောတွင်းအဖွဲ့မှာ အခန့်မသင့်ရင် သန်းဂျီးမ အကိုက်ခံထိနိုင်သလို လူကက်ဆက်ဖြစ်နိုင်တယ်မဟုတ်လား။ ယုတ်ဆွအဆုံး လည်ပင်းပြတ်နိုင်တယ် မဟုတ်လား။ ကြောက်စရာဗျာ။ ကျောင်းသားတွေ တောခိုမယ်ဆိုရင် အဲလို ဆောင်းပါးတွေ အရင်ဖတ်ထားသင့်တယ်ခင်ဗျာ့။ ဆရာ အောင်မိုးဝင်းရဲ့ အရိုးတွန်းသံ နဲ့ ဆရာထိန်လင်းရဲ့ဆောင်းပါးတွေ တပေါင်းတစည်းတည်းလုပ်ပြီး ကျောင်းသားလူငယ်တွေအကြား ပိုပြီး ပိုပြီး ဖြန့်သင့်တယ် ထင်တာဘဲ။ အခုလို နိုင်ငံရေးအရ အရေးကြီးနေချိန်မှာ လူငယ်တွေ မမှားသင့်တာ မမှားရအောင် အတွေးအခေါ်အမျော်အမြင်ရှိရှိ ရေးသားခဲ့ကြတဲ့ နောင်တော် ကျောင်းသားများဖြစ်တဲ့ ဆရာတို့အပေါ် အလွန်လေးစားပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။