ကိုဖိုးစန်းရေးတဲ့စာ (စ - ဆုံး)
by ဘရာဇီး ငှက်ရိုး on Tuesday, July 3, 2012 at 11:02am ·
ရော်နယ်ကြီးသို့ ............(ဖိုးစန်း) ဥပဒေနဲ့အညီ တွေးမိတွေးရာ(ဖိုးစန်း)(၁၂.၃.၂၀၁၂)
နေ့ထုတ်Messengerဂျာနယ်ဖတ်ရတော့မောင်ဖိုးစန်းတို့ ဆံပင်တွေထောင်ပြီး၊
ခေါင်းတွေ ပြန် ကျိန်းလာတယ်ဗျ။ ဒေါက်တာရော်နယ်အောင်နိုင်က သူတို့
ဖုံးကွယ်ခဲ့တာ၊ စည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့ လွဲချော် ပြီး လုပ်ခဲ့တာ
ဘာမှမရှိဘူးလို့ ပြောထားတာလေး ဖတ် လိုက်ရလို့ပါ။ဟုတ်ပေတာပေါ့...
မောင်ဖိုးစန်းတို့တောထဲသွား စပိုင်လုပ်ခဲ့ပြီး မြို့ပေါ် မှာ
နှစ်ပေါင်းနှစ်ဆယ်ကျော် ဟုတ် လှပြီဆိုပြီး တိတ်တိတ်လေး ဒူးနှံ့နေ တာ.. .
ရော်နယ်ကြီး တို့ကလည်း နားလည်ပေးပါတယ်။ မောင်ဖိုးစန်းတို့ကို ဘာတွေပါ။
ညာတွေပါဆိုပြီး မပြောပေးရှာပါဘူး။ ခုဆို မောင်ဖိုးစန်းတို့အဖွဲ့တွေဟာ
စပိုင့်ချစ်သူတွေ၊ စပိုင့်ဇနီးတွေ၊ စပိုင့်သားသားမီးမီးတွေနဲ့ အေးချမ်းလို့
ပျော်ရွှင်လို့... ဒီအချိန်မှာ ဘယ်သကောင့်သားတွေက ရောနယ်ကြီးတို့ကို
သွားဆွတယ်မသိဘူး... ကျုပ်ထင်ပါတယ်... မြို့ကြီး သားစပိုင်တွေထဲက
ကွန်ပျူတာဝယ်နိုင်၊ အင်တာနက် လိုင်းဝယ်နိုင်တဲ့ သူတွေပဲ ဖြစ်မှာပေါ့...
မောင်ဖိုးစန်းတို့ က တောသား၊ မနက်ဖြန်မနက် ဆန်အိုးထဲ ဆန်ရှိဖို့ ရုန်း
ကန်နေရတာ... နိုင်ငံရေးတွေ ဘာတွေလည်း နားလည် တာဟုတ်ဖူးရယ်... စပိုင်ပဲ
လုပ်တတ်တာ ... သြော် ကြုံတုန်း ပြောရဦးမယ် မောင်ဖိုးစန်းတို့ ကသာ က ဘယ်
လောက်ထိ စပိုင်လုပ်စားကြလဲဆို ကိုးယောက်သွားတာ တောထဲရောက်လို့
ရော်နယ်ကြီးတို့နဲ့လည်း တွေ့ရော ကိုးယောက်စလုံး စပိုင်ဖြစ်ရော...
အဲဒီလောက်ထိ လုပ် စားကြတာ... အဲ ... အဲဒီမြို့ကြီးသားစပိုင်တွေက
ရော်နယ်ကြီးတို့ကို သွားပြီး ဥပဒေနဲ့ မညီဘူးတို့ ဘာတို့ သွားပြောတယ်
နေမှာပေါ့...ရော်နယ်ကြီးတို့ ခမြာ သနားပါတယ်... တောထဲ နေတုန်းကလည်း
တော်လှန်ရေးကို ဖြောင့်ဖြောင့်မလုပ် နိုင်ရှာဘူး...
စပိုင်တွေလိုက်ဖမ်းနေရတာနဲ့ အချိန်ကို ကုန်ရော... စပိုင်ဖမ်းအလုပ်များ
လိုက်ပုံများ ပညာရှိ သတိဖြစ်ခဲဖြစ်ပြီး သူနဲ့အတူလာတဲ့ ကိုထွန်းအောင်ကျော်
တို့ စပိုင်ဖြစ်နေတာတောင် နောက်ဆုံးအချိန်မှ သိရရှာ တာ...ခုလည်း
နိုင်ငံတကာထွက်ပြီး နိုင်ငံ့အရေး အားသွန် ခွန်စိုက်လုပ်နေပါပြီဆိုမှ
ဘာညာသွားလုပ်တော့ မအား တဲ့ကြားက ရော်နယ်ကြီးတို့ခမျာ ဟိုရှင်းရ
သည်ရှင်းရနဲ့ ... မြို့ကြီးသား စပိုင်တွေကို မောင်ဖိုးစန်း စိတ်ဆိုး တယ်...
အားကြီးစိတ်ဆိုးတယ်...ဒီကျောင်းသား ဆယ့်ငါးယောက်ကို ဥပဒေနဲ့ အညီ
ငှက်ကြီးတောင်ဓားနဲ့ ဇက်ကိုပိုင်းတာများ၊ အားကြီး
ရေးကြီးခွင်ကျယ်လုပ်နေကြတယ်... ဇက်ကို ပိုင်းတုန်းက ဥပဒေနဲ့အညီ တစ်ချက်ပဲ
ခုတ်လို့ မသေရင် ဥပဒေနဲ့အညီ ခေါင်းတန်းလန်းနဲ့တန်းလန်းနဲ့ လွှတ်ပေး မယ်လို့
ရော်နယ်ကြီးတို့ စိတ်ထဲဥပဒေနဲ့အညီ တွေးထား တာကို မြို့ကြီးသား စပိုင်တွေ
မသိဘူးလား... အတယ် ... မောင်ဖိုးစန်းတို့ တောသားတွေတောင် သိသေးတယ် ...
တွေးတတ်ရင် လွယ်လွယ်လေးကို ... ဒါနဲ့များ ရော်နယ်ကြီးတို့ကို သွားစတယ်...
ဒီမြို့ကြီးသားစပိုင် တွေကို မောင်ဖိုးစန်း စိတ်ဆိုးတယ် ... အားကြီး စိတ်
ဆိုးတယ်။ဥပဒေနဲ့အညီ လက်လေးကို ဖြတ်တာ၊ ခြေမလေး ကို ဖြတ်တာ၊ ဥပဒေနဲ့အညီ
ကျဉ်စက်လေးနဲ့ တို့တာ ... ခန္ဓကိုယ်ကို မီးရှို့တာ... အားလုံးက ဥပဒေနဲ့ ညီ
နေတော့ အဲဒီတုန်းက မောင်ဖိုးစန်းတို့ ဘာမှ ပြန်မပြော နိုင်ဘူး...
စပိုင်ဟုတ်ပါတယ်လို့ ဝန်ခံချက်ပေးခဲ့ရတာ ပေါ့... ခုတစ်ခါ
ရော်နယ်ကြီးတို့ကို သွားဆွတော့ ရော် နယ်ကြီးတို့က နောက်တစ်ခါမြို့ပေါ်လာပြီး
ဥပဒေနဲ့အညီ စစ်ဆေးရင် အမလေးဗျာ မတွေးရဲတော့ပါဘူး... ဂုတ် ကပဲ ယားသလိုလို
... ကျောကပဲ နာသလိုလိုဖြစ်လာ ပြီ ... စိတ်ဆိုးတယ်နော်...တစ်ခုတော့
ရှိတာပေါ့လေ ... ရော်နယ်ကြီးတို့က ခုလို ပြောလာဆိုလာဆိုတော့
ရော်နယ်ကြီးတို့ မသေသေး ပါလား... ရှိသေးတယ်ဆိုတာ သိရတော့ တအား ဝမ်း
သာတယ်... မောင်ဖိုးစန်းကတော့ ရော်နယ်ကြီးကို မသေ စေချင်သေးဘူး... အဲ...
အပြစ်တင်မစောနဲ့ဗျ ... ဒါ ကမ္ဘာ့အရေး ... နှယ်နှယ်ရရမဟုတ်ဘူး ... ကျုပ်
ပြောပြမယ်...အနောက်နိုင်ငံတွေက စပိုင်ဝတ္ထုအရေးကောင်းတဲ့ စာရေးဆရာတွေ
ဘယ်ရောက်နေလဲ ... စဉ်းစားလို့ မရဘူး ... လူနှစ်ရာရှိတဲ့အဖွဲ့မှာ
တစ်ရာဝန်းကျင်က စပိုင်တွေ၊ ဒီလောက်ခိုင်တဲ့ ဇာတ်အိမ်၊ ဒီလောက်များ တဲ့
ဇာတ်ဆောင်၊ ဒီလောက်ကောင်းတဲ့ ဇာတ်လမ်းကို ခုချိန်ထိ ခြေရာမခံမိသေးဘူး ...
နေပေါ့... ဘက်ဆဲ လားဖြစ်ပြီး သူဌေးဖြစ်မယ့်အရေး..တော်တော်ညံ့တဲ့
စာရေးဆရာတွေ ... သူတို့ကိုလည်း စိတ်ဆိုးတာပဲ...နောက် ... စီအိုင်အေ၊
မော့ဆက်၊ ကေဂျီဘီ၊ အက်ဘီအိုင် ... ဒီအဖွဲ့တွေ ဘာလုပ်နေလဲ ... ရော်နယ်ကြီး
တို့နဲ့ တွေ့ပြီး စပိုင်တွေကို ဘယ်လို ခြေရာခံမိလဲ... ဘယ်လိုဖော်ထုတ်ပြီး
ဘယ်လိုဖမ်းလဲ၊ ကိုယ်နဲ့ တောထဲ အတူလာတဲ့ သူကို စပိုင်မှန်းသိလျက်နဲ့
ဘယ်လိုသဘော ထားကြီးကြီးထားပြီး ငှက်ကြီးတောင်နဲ့ ပိုင်းလဲ... ဒါတွေ
လေ့လာရမှာ ... နည်းယူရမှာ... အဲဒီရလာတဲ့ နည်းတွေ ဘယ်နေရာ
သုံးမလဲ...မောင်ဖိုးစန်း စဉ်းစားမိတာ ပြောမယ်... ခုကမ္ဘာ ကြီးမှာ
လေမုန်တိုင်းတိုက်တာ၊ ငလျင်လှုပ်တာ၊ ရေ ကြီးတာ၊ မီးတောင်ပေါက်ကွဲတာ၊ ငတ်ကြ
ပြတ်ကြတာ၊ ဆင်းရဲတာ၊ ကမ္ဘာကြီးပိုပူလာတာ အာရပ်တွေ နိုးကြွ လာတာတွေဟာ
သူ့အလိုလိုဖြစ်လာတာမဟုတ်ဘူး... ကမ္ဘာမြေကြီးစိမ်းလန်းစိုပြည်တာကို
မနာလိုမရှုစိမ့်တဲ့ တခြားဂြိုဟ်ကမ္ဘာက ရုပ်ဆိုးဆိုးနဲ့ အီးတီတွေက လူသား
ယောင်ဆောင်ထားတဲ့ စပိုင်တွေ လွှတ်ပြီး ကမ္ဘာမြေပျက် စီးအောင် လုပ်နေတာဗျ ...
ဒါကို ရော်နယ်ကြီးတို့ရဲ့ နည်းတွေနဲ့ အဲဒီစပိုင်တွေကို ဖော်ထုတ်လိုက်ရင်
ကျုပ် အထင် စပိုင်သန်းပေါင်း နှစ်ထောင်၊ နှစ်ထောင့်ငါးရာ လောက်
သုတ်သင်နိုင်မှာဗျ... ဒါဆို ကျန်တဲ့သူတွေ နေစရာ ထိုင်စရာ ချောင်ချိ လာမယ်
... စားစရာတွေ လည်းပေါလာမယ် ... စစ်မက်တွေ ဘေးအန္တရာယ် တွေမရှိတော့ဘူး...
ဘယ်လောက်နိပ်လဲ ... စီအိုင်အေ တို့၊ အက်ဘီအိုင်တို့ ရော်နယ်ကြီးတို့နဲ့
တွေ့ဖြစ်အောင် တွေ့စမ်းပါဗျာ ... အဲတစ်ခုတော့ ရှိတယ်... ရော် နယ်ကြီးနဲ့
တွေ့ရင် ဥပဒေနဲ့တော့ ညီပစေပေါ့ဗျာ...ရော်နယ်ကြီးရေ ကျုပ်ရေးတဲ့ထဲ ဥပဒေနဲ့
မညီတာ ပါခဲ့ရင် ခွင့်လွှတ်ပါဗျာ (ဟဲဟဲ)........................ဖိုးစန်း


No comments:
Post a Comment