Friday, July 27, 2012

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၂-)

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၂-)

by Aung Moe Win on Saturday, December 24, 2011 at 10:36am ·
ခုခံချေပချင်သူတွေဘက်မှ ကျောင်းသားတယောက်ကနေ ဖေ့ဘွတ်မှာ မှတ်ချက်တခုပေးထားတာကို ဖတ်လိုက်ရပါတယ်။                “  တာဝန်ရှိသူတွေကလည်း ဒီကိစ္စ ကို ပြန်လည်တုန့်ပြန်ဖို့ လုပ်နေတယ်” ဆိုတဲ့ စကားပါ။ ကျေးဇူးတင်ပါတယ်။ မင်းသိင်္ခ ရဲ့ မမင်းဖြူမှန်မှန်ပြော ဝတ္ထုထဲက စကားလို၊ “ အိုင်ပီ အောင်သင်းရေ- ဒီ ကွင်းဆက် က စိတ်ဝင်စားစရာ အကောင်းဆုံးပဲဗျ၊ ဇာတ်လမ်းကတော့ အထွဋ်အထိပ် ကို ရောက်လာပြီဗျို့” လို့ ပြောရမလို ဖြစ်လာပါပြီ။ ကျနော်တို့ လိုချင်တာလည်း “ အဲ့ဒီ တာဝန်ရှိသူတွေဆိုတာ ဘယ်သူလဲ” ဆိုတဲ့မေးခွန်းပါပဲ။ သွေးအေးအေးနဲ့ လူသတ်ခဲ့တဲ့သူတွေကို ဘဝမှာ တခါတလေလောက်တော့ ပြန်ပြီး အမဲလိုက်ကြည့်ချင်စိတ်က ပေါ်နေတာ အခုမှ မဟုတ်ပါဘူး။ ဇာတ်လမ်းတခုပြောပြမယ်ဗျာ။
မသတ်ရသေးပဲ ဖမ်းဆီးချုပ်နှောင်ထားတဲ့ ကျောင်းသား (၅၀) ကျော် အကျဉ်းထောင်က ဖောက်ထွက် လွတ်မြောက်သွားပြီ ဆိုတာ ကို သိလိုက်တဲ့ “မျိုးဝင်း” ဟာ အရုပ်ကြိုးပြတ်လဲကျသွားပြီး “ ဟာကွာ ငါ့ဘဝတော့ သွားပါပြီ” လို့ ငြီးငြူတယ်ဆိုပဲ။ သူမတရားသဖြင့် နှိပ်စက်နိုင်ခွင့်ရှိတဲ့ ကမ္ဘာမြေဟာ စတင်မီးလောင်ပြီးပြိုကျနေပြီ။ သိတ်မကြာဘူး။ အကုသိုလ်ကံက သူ့နောက်ကို လိုက်ပါလာတယ်။ နောက်ကျည်ထိ သေဆုံးသွားတယ်။ (တချို့ကတော့ နှုတ်ပိတ်ခံရတယ် လို့ ဆိုတယ်) တကယ်တော့ သူ့ကို မသေစေချင်ပါဘူး။ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ အဲ့သလို မြန်မြန်အသက်ထွက်သွားတာ မတန်လိုက်တာဗျာ။ တကယ်ဆို သံချောင်းလိုပဲ အကျဉ်းထောင်ထဲမှာ ကြိုးမိန့် (၅) ခါလောက်ကျရမှာ။ အင်း- ရော်နယ် အောင်နိုင် ကတော့ ဒီကိစ္စတွေကို ဘယ်သူ တာဝန်ခံဖြေရှင်းမှာလဲ။ အဖွဲ့ကို ဖျက်ပစ်မှဖြစ်မယ် လို့ အကြံပေးသတဲ့။ ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ရဲ့ သမိုင်းကို ခြေရာဖျောက်ဖို့ ကြိုးစားတဲ့သူတွေက သွေးရောတကယ်ရှိလို့လား။ စိတ်ဝင်စားတယ်ဗျာ။ “ ဟော့ဒီ အစုလိုက်အပြုံလိုက် လူသတ်မှုကို ဘယ်သူက တာဝန်ယူဖြေရှင်းပေးမလဲ” ဆိုတဲ့အချက် ကိုပေါ့။
 နေပါအုံး။ တာဝန်ရှိသူတွေထဲမှာ “ လှဆိုင် ( ကချင်သံဝဲဝဲနဲ့ပြောရရင် လှဆောင် ပေါ့ဗျာ) ဆိုတဲ့သူရောပါမလား။ သူက တရုပ်နယ်စပ်မှာ ဇာတ်မြှုပ်နေနေသူ လို့ သိရတယ်။ အာသံကုန်းမှာ မျိုးဝင်းနဲ့အတူ ကျောင်းသားတွေကို ဓါးနဲ့အပိုင်းပိုင်းခုတ်သတ်ခဲ့သူ လို့ နာမည်ကြီးတာပဲ။ တွေ့ချင်ပါသေးတယ်ဗျာ။  ဒီလောက် ဘီလူးသရဲစီးနေတဲ့ နှလုံးသား ဘယ်လို ဆဲလ်နဲ့များဖွဲ့စည်းထားသလဲ လို့ပါ။                             
(က)
ဒုတိယပိုင်းကို ဆက်ရေးတဲ့အခါ ခံစားမှုပြင်းထန်စွာနဲ့ ဝင်ရောက်မှတ်ချက်တွေရေးပေးတဲ့ မိတ်ဆွေတချို့ကို အနူးအညွတ်မေတ္တာရပ်ခံ ချင်တာတခုရှိပါတယ်။ ကျောင်းသားတပ်မတော် (ABSDF) ရဲဘော်တွေကို ထိခိုက်စေမဲ့ ပြီးစလွယ်ကောက်ချက်ချမှုတွေကို ရှောင်ကျဉ်စေချင်ပါတယ်။ ပြည်တွင်းမှာ နိုင်ငံရေးစိတ်မဝင်စားတဲ့ကျောင်းသားတွေက  မိဘတွေနဲ့အတူနေ၊ စာသင်ကျောင်းတွေမှာပျော်ပါး၊ စီးပွားရေးလုပ်၊ ဘဝရဲ့အနာဂတ်အတွက် ပြင်ဆင်နေကြချိန်မှာ၊ အေဘီရဲဘော်တွေဟာ ငှက်ဖျားတောထဲမှာ ဘဝကို စတေးပြီး တိုင်းပြည်ကိုချစ်ခဲ့ကြတယ်။ သူတို့ရဲ့ပုဂ္ဂလိက ဘဝတွေစွန့်လွှတ်ခဲ့ကြရတယ်။ တိုင်းရင်းသားနယ်မြေတွေမှာ နားလည်မှုတခုတည်ဆောက်ဖို့အတွက် ဘဝပေါင်းများစွာပေးဆပ်ခဲ့ကြရတယ်။ ဒါကြောင့်  နေဝင်း၊ သန်းရွှေ ဖက်ဆစ်အစိုးရကို ဆန့်ကျင်ခဲ့ကြတဲ့ အေဘီအပါအဝင်၊ ဒီမိုကရေစီရေး တိုက်ပွဲဝင်သူတွေရဲ့ ပေးဆပ်မှုတွေကို အသိအမှတ်မပြုချင်နေပါ။ ထိခိုက်စော်ကားစေတဲ့ စကားလုံးတွေ မပေးစေချင်ပါဘူး။  လူတစုရဲ့ သွေးစွန်းတဲ့လုပ်ရပ်ကို ကြည့်ပြီး၊ ကျောင်းသားတပ်မတော် ဆိုတာ ဒီလိုရက်စက်သလား ဘာညာ အတွေးတွေ မတွေးစေချင်ပါ။ သူတို့တတွေဟာ နှလုံးသားတွေထိခိုက်ခံစားလွယ်လို့၊ တိုင်းပြည်ထဲက ပြည်သူတွေဆင်းရဲဒုက္ခတွေက လွတ်မြောက်စေဖို့အတွက် တောခိုလက်နက်ကိုင်ကြတယ်၊ ဘဝကိုမြှုပ်နှံစတေးခဲ့ကြတယ် ဆိုတဲ့အချက်ကို လက်ခံစေချင်ပါ။  ရဲဘော်တွေက ရိုးသားချစ်စရာကောင်းပါတယ်။  ကျနော်တို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် နဲ့ ကျောင်းသားတပ်မတော်ဆိုတာ ဒင်္ဂါးပြားတခုရဲ့ ခေါင်းနဲ့ပန်းလို ပဲ၊ ခွဲခြားမရပါဘူး။ ဒီလိုခွဲမရတဲ့ ညီညွတ်မှုကို အိပ်မက်ဆိုးတွေကြားမှာ သတ်ပစ်ချင်တဲ့ လူတစုကတော့ ကိုထွန်းအောင်ကျော် လို မန္တလေး ဗမာနိုင်ငံလုံးဆိုင်ရာ၊ ညီလာခံက တရားဝင်တင်မြောက်ခဲ့တဲ့ ခေါင်းဆောင်တယောက်အပါအဝင်၊ ကျောင်းသား (၃၀) နီးပါးကို သတ်ဖြတ်ပြလိုက်ပြီး၊ ကျောင်းသားတပ်မတော်နဲ့ ရန်ကုန်၊ မန္တလေး ကျောင်းသားတွေကြားမှာ ခါးခါးသီးသီး နာကျင်မှုတခုဖြစ်သွားအောင် ကြံစည်ခဲ့ကြပါတယ်။ တကယ်ပဲ အောင်မြင်ခဲ့ပါတယ်။ မန္တလေးကျောင်းသားထုဟာ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ခေါင်းဆောင်ဆိုသူတွေကို အမှုန့်ချေပစ်နေချင်ကြတာ အမှန်ပါ။ ဒါပေမဲ့ မကောင်းမှုဆိုတာ စိတ်ကွယ်ရာ မရှိပါဘူး။ ပြဿနာတွေကို သတိတရားနဲ့ချည်းကပ် အဖြေရှာကြည့်ကြမယ်။ အဖွဲ့အစည်းတွေကြား အက်ကွဲကြောင်းတွေ၊ စိတ်ဒဏ်ရာတွေ ထင်အောင် ဘယ်သူလုပ်ခဲ့သလဲ ဆိုတာကို စမ်းစစ်ကြည့်ကြမယ်။  ဒီစာကိုရေးနေတဲ့အချိန်အထိ၊ ကျနော်ဟာ ကျောင်းသားတပ်မတော်ရဲဘော်တွေနဲ့ ခံစားချက်တူ၊ ရည်ရွယ်ချက်တူ တည်ရှိနေမယ်။ မြောက်ပိုင်း ကျောင်းသားတပ်မတော်ရဲ့ (၇၀၁) တပ်ရင်းကို စတင်ဖွဲ့စည်းစဉ်တုံးက ကျနော်တို့ကိုယ်တိုင်၊ မန္တလေးမြို့ မျက်ပါးရပ် စစ်တပ်နားမှာ စာရွက်တွေဝေခဲ့ဘူးခဲ့တယ်။ မန္တလေးမြို့ကို ကျောင်းသားတပ်မတော် နဲ့အတူပြန်လာမဲ့ သူငယ်ချင်းတွေကို မျှော်ခဲ့ဘူးတယ်။
(ခ)
 အဖြစ်အပျက်တွေကို တင်ပြတဲ့အခါ၊ လူတိုင်းမှာ လက်ခံပိုင်ခွင့်၊ ငြင်းဆန်ပိုင်ခွင့်ရှိပါတယ်။ လူတွေအားလုံးမှာ သူတို့ရဲ့အမြင်တွေကို တင်ပြနိုင်တဲ့ အခင်းအကျင်းတခုရရှိထားကြပြီးသားပါ။ မြောက်ပိုင်း၊ ကချင်ဒေသမှာ လုပ်သွားခဲ့သလိုမျိုး၊ ဝန်မခံရင် နှိပ်စက်၊ နှုတ်တိုက်သင်ပေးထားတာကိုပြောရမယ်ဆိုတဲ့ ဇွတ်အတင်း၊ အကြမ်းဖက်အနိုင်ကျင့်တဲ့ အလုပ်မျိုး၊ စွပ်စွဲချက်မျိုးတွေကို၊ ကျနော်တို့ မလုပ်ပါဘူး။ ခုခံချေပချင်တဲ့သူတွေမှာလည်း ချေပပိုင်ခွင့်ရှိစေ ရပါမယ်။ ကျနော်တို့ကလည်း နားထောင်ချင်ပါတယ်။ ခင်ဗျားတို့ဆီမှာ စာရွက်စာတမ်းတွေ မပြည့်စုံဘူး ဆိုရင်လည်း ဖြည့်ဆည်းပေးဖို့ အသင့်ပါ။
“ဒါတွေဟာ တကယ်ဖြစ်ခဲ့တာတွေမှ ဟုတ်ရဲ့လား။ ကျောင်းသားချင်း ဒီလိုလုပ်တာ ဖြစ်နိုင်ပါ့မလား”  လို့ သံသယနဲ့ကောက်ချက်ချသူ တယောက်ရဲ့ စကားလုံးတွေကို ကျနော်သဘောကျမိပါတယ်။ ဒီလိုဆို ကျနော်တို့ဘက်က ပြန်လည်မေးမဲ့ မေးခွန်းတခု ကို ဖြေဖို့ အသင့်ပြင်ထားပေးပါ။ ဒီအဖြစ်အပျက်တွေဟာ တကယ်ဖြစ်ပျက်ခဲ့တယ်ဆိုရင်၊ ကျောင်းသားတွေကို အစုလိုက်အပြုံလိုက် သတ်ခဲ့တဲ့ သူတွေဟာ ကျောင်းသားဖြစ်နိုင်ပါ့မလား။ လူသတ်မှုကို ယဉ်ပါးကျွမ်းဝင်နေတဲ့ ( စံနစ်တကျလေ့ကျင့်သင်ကြားထားတဲ့ စစ်ထောက်လှမ်းရေးတွေရောမဖြစ်နိုင်ဘူးလား)။ မန္တလေးသားတွေက မေးခွန်း( ၃) ခု နဲ့ စောင့်နေပါ့မယ်။
(၁) ကျောင်းသားချင်းသတ်တာလား
(၂) ကျောင်းသားတွေက စစ်ထောက်လှမ်းရေးတွေကို သတ်တာလား
(၃) စစ်ထောက်လှမ်းရေးတွေက ကျောင်းသားတွေကို သတ်တာလား
ဇာတ်လမ်းတခုလုံး ဇာတ်ရည်လည်လာတဲ့အခါကျရင် ဒီမေးခွန်းသုံးခုထဲက တခုခုကို စာဖတ်သူတွေ ဖြေနိုင်ကြမှာပါ။
 (ဂ)
ဒီကိစ္စကို ကျနော်က ဦးဆောင်ပြောပြနေတာ ကျနော့မှာ အကြောင်းရှိပါတယ်။ မျိုးဝင်း ( မိုးညှင်း) ဆိုတာ ကျနော်တို့ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတဦးဖြစ်သလို၊ သမိုင်းဆောင် အတူတကွ နေထိုင်ပျော်ပါးခဲ့ကြဘူးသူတွေပါ။ သမိုင်းဆောင်မှာကတည်းက သွေးဆာပြီး လက်ယဉ်လေ့ရှိတဲ့ မျိုးဝင်း တယောက် အရေးတော်ပုံအပြီး၊ မြောက်ပိုင်းဒေသမှာ လက်နက်ကိုင်တော်လှန်ရေးလုပ်နေတယ် ဆိုတော့ ဘုရားတလိုက်မိတယ်။ နိုင်ငံရေးအတွေးအခေါ်မရှိတဲ့ လူမိုက်တွေ လက်နက်ကိုင်တဲ့အခါ၊ တော်လှန်ရေးသမားဖြစ်မလာနိုင်ပါဘူး။ အကြမ်းဖက်သမား၊ ဓါးပြဂိုဏ်းလောက်သာဖြစ်လာမှာ အသေအချာပါ။ ဒါကြောင့်လည်း သူရှိနေတဲ့ မြောက်ပိုင်းကို သွားမယ်ဆိုတဲ့အတွေးမျိုးတခါမှ မတွေးခဲ့ပါဘူး။ ကိုထွန်းအောင်ကျော်၊ ရော်နယ်အောင်နိုင်၊ ကိုစိုးလင်း ( အေဘီ ဗဟိုမှာ ဖမ်းဆီးခံရသူ) သုံးယာက်က မန္တလေးသားတွေပါ။ ခုတော့- ရော်နယ်အောင်နိုင် တယောက်သာ မဲဆောက်မှာ ကြီးပွားချမ်းသာပြီး၊ ပါတီပွဲတွေမှာ သောက်စားမူးယစ် အဆီယစ် ရီဝေနေတဲ့ မျက်နှာကြီးကို ကြိမ်ဖန်များစွာတွေ့ရ၊ ဖေ့ဘွတ်မှာ မိန်းကလေးတွေကို အီစကလီ စာလေးတွေ လိုက်ရေးနေတာကိုတွေ့ရပေမဲ့၊ ကိုထွန်းအောင်ကျော် ( ဗကသ-အထက်ဗမာပြည် ဒု-ဥက္ကဋ္ဌ၊ ကျောင်းသားတပ်မတော်၊ မြောက်ပိုင်း-ဥက္ကဋ္ဌ) က အသတ်ခံရ၊ ကိုစိုးလင်းက မန္တလေးကို ပြန်လည်ထွက်ပြေးလာရပါတယ်။
မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ပြီး စစ်အစိုးရက ၁၉၉၂ ဇွန်လ(၃) ရက်၊ ဗုဒ္ဓဟူးနေ့ မှာ သတင်းစာရှင်းလင်းပွဲလုပ်ပါတယ်။ ( မပူပါနဲ့။ သူတို့ရဲ့ အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ကျနော်ပြောနေတဲ့အချက်အလက်တွေ ဘယ်သူက မှန်သလဲ ဘယ်သူက ပိုပြီး အသေးစိတ်လဲ ဆိုတာ သိရဖို့ ယှဉ်ပြီးတင်ပေးသွားပါမယ်။ Far Eastern Economic Review ( ၁၉၉၂ ဂျူလိုင် ၁၆)  မှာပါတဲ့ Bertil Lintner ရဲ့ Loss of innocence ဆောင်းပါးတွေကိုလည်း ဖတ်ကြရမှာပါ။ )  စစ်အစိုးရဆိုတာ ယုံကြည်ရတဲ့သူတွေမဟုတ်တော့ ကျနော်တို့က သူတို့ရဲ့ဝါဒဖြန့်ချီရေးဆောင်းပါးတွေ၊ သတင်းစာရှင်းလင်းပွဲတွေကို အရေးလုပ်ဖတ်လေ့မရှိပါဘူး။ သူတို့က မြစ်ထဲရေရှိတယ်ပြောနေရင်တောင်မှ ပြေးပြီးကြည့်ရအုံးမှာပါ။ တလျှောက်လုံးလိမ်ဆင်တွေပဲ ပြောနေတော့၊ သူတို့ဘာပြောပြော ယုံကိုမယုံခဲ့တာပါ။ ဒီအချက်အလက်တွေကို ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ စစ်ထောက်လှမ်းရေးဆီက ရတာလား လို့ နာမည်ဝှက်သုံးပြီး အပေါစားပျက်လုံး နဲ့ အောက်ဖဲ နဲ့ လာရှိုးနေသူတွေကို တခုပဲပြောလိုက်ပါရစေ။ ကျနော့အကြောင်းသိချင်ရင်၊ ABSDF မိုးညှင်းအုပ်စု က  RIT ကျောင်းသာတွေကို မေးကြည့်လိုက်ပါ လို့ အကြံပေးချင်ပါတယ်။  မျိုးဝင်းဆိုတဲ့ ပုဂ္ဂိုလ်ကတော့ သေသွားတော့ ထားလိုက်ပါတော့။ ဘယ်ကရလဲ သိချင်ရင် စိတ်မလောပါနဲ့။ သိလာရပါစေမယ် လို့ ဖြေထားပါရစေ။  တခုတော့ သတိပေးလိုက်ပါရစေ။ တခါတုံးက ABSDF ( မြောက်ပိုင်း) ခေါင်းဆောင်တွေကို ထောက်ခံခဲ့သူတွေဟာ အခုချိန်မှာ ထိတ်လန့်တုန်လှုပ်ပြီး ဖြောင့်ချက်တွေပေးထားခဲ့တယ် ဆိုရင် ခင်ဗျားတို့ဘယ်လိုနေမလဲ။
(ဃ)
ထောက်လှမ်ရေးလို့ စွပ်စွဲခံရတဲ့ ကျောင်းသားတွေဟာ ပြည်တွင်းကို ပြန်ဝင်လာတော့လည်း စစ်အစိုးရက ဖမ်းပြီး ထောင်ဒဏ်နှစ်ရှည်တွေချခဲ့ပြန်ပါတယ်။ ပါဂျောင်ဒေသမှာတုံးက ကိုယ်တိုင်ကိုယ်ကျ စစ်ကြောရေးစခန်းမှာ ဝင်ရောက်နှိပ်စက် ရိုက်နှက်ခဲ့တဲ့၊ လက်နက်မှုနဲ့ကျတယ်ဆိုတဲ့ ကျောင်းသားတပ်မတော် ရဲဘော်တချို့ကတော့ ထောင်ဒဏ် (၂) နှစ်လောက်နေရပြီး၊ တက္ကသိုလ်တွေမှာ ကျောင်းပြန်လာတက်ကြပြန်တယ်။ သူတို့ကလည်း မိုးညှင်းဘက်က ကျနော့သူငယ်ချင်းတွေပါ။  စက်မှုမေဂျာ က တယောက်ဆို၊ “နန်းစော” ဆိုတဲ့ကောင်မလေးကို ကောင်းကောင်းနှိပ်စက်၊ ရိုက်နှက်ခဲ့တဲ့ထဲမှာ ပါခဲ့သေးတယ်။ အဲ့ဒီအချိန်က စပြီး မြောက်ပိုင်းဒေသရဲ့အဖြစ်အပျက်တွေကို စတင်ခြေရာခံလိုက်ခဲ့မိတော့တယ်။ စစ်ကြောရေးစခန်းက ထွက်ပြေးလွတ်မြောက်လာသူတွေရော၊ စစ်ကြောရေးမှာ ပါဝင်ခဲ့သူတွေရော၊ နှစ်ဘက်လုံးက ကျနော်နဲ့ရင်းနှီးခဲ့တဲ့ မိတ်ဆွေသူငယ်ချင်းတွေဖြစ်နေတယ်။ နှစ်ဘက်လုံးက ရင်ဖွင့်သံတွေကို ရင်နာနာ နားထောင်ခဲ့ရတော့တယ်။                          “ဘုရားရေ- ဘာတွေဖြစ်ကုန်တာလဲ” လို့ တနေခဲ့ရတယ်။ တကယ်တော့ ခေါင်းဖြတ်အသတ်ခံရသည့် (၁၅) ယောက်အပြင်၊ စစ်ကြောရေးစခန်းမှာ ညှင်းပမ်းနှိပ်စက် လို့ သေဆုံးသွားခဲ့သူ  (၁၄) ယောက်ရှိပါတယ်- နောက်ပိုင်းမှာ နာမည်တွေကို အသေးစိတ်ဖေါ်ပြထားပါတယ်။
ကဲ- ဟော့ဒီ စာရင်းတွေကရော၊ အစိုးရထောက်လှမ်းရေးဆီက ရတယ်လို့ ပြောချင်ပါသေးလား။
ခံခဲ့ရခဲ့သူတွေက ဘယ်မှာ မေ့နိုင်မှာလဲ။ လူတိုင်းမှာ ဝှက်ဖဲတွေ ရှိတယ်ဆိုတာ မမေ့ဖို့လိုတယ်။
ထောက်လှမ်းရေး သူလျှို လို့ စွပ်စွဲပြီး တာဝန်ခံဖမ်းဆီးသူတွေကတော့
(၁) ဗိုလ်မှူးသံချောင်း (ခ) မြင့်စိုး ( ဗဟိုစစ်ရေးတာဝန်ခံ)
(၂) အတွင်းရေးမှူး အောင်နိုင် ( ဥက္ကဋ္ဌ အဖြစ် ရာထူးတိုးမြင့်ခံခဲ့ရသည်)
(၃) ဗိုလ်ကြီး မျိုးဝင်း ( တွဲဘက် အထွေအထွေ အတွင်းရေးမှူး-တစ်-၊ ဒု -စစ်ရေးတာဝန်ခံ ) မိုးညှင်း- နန်းမား
(၄) တပ်ကြပ်ကြီး သန်းဇော် ( မန္တလေး- ဗဟိုထောက်လှမ်းရေး တာဝန်ခံ)
(၅) တပ်ကြပ်ကြီး ဇော်ဇော်မင်း ( မိုးညှင်း- ဗဟိုထောက်လှမ်းရေး)
(၆) ဒုတပ်ကြပ် အောင်စိုးမြင့် ( မိုးညှင်း- ဗဟို ထောက်လှမ်းရေး)
(၇) တပ်ကြပ်ကြီး ကျော်ထင်ဦး ( မိုးညှင်း- ဗဟိုထောက်လှမ်းရေး)
(၈) ရဲဘော် မောင်ထွေး ( ဗန်းမော်)
(၉) ရဲဘော် ဖိုးနှောင်း ( ဗန်းမော်)
(၁၀) ရဲဘော် သက်လင်း ( ဗန်းမော်)
စစ်ကြောရေးအဖွဲ့ဝင်များ
(၁) လှဆိုင်း ( မြစ်ကြီးနား) တွဲဘက် အထွေထွေ အတွင်းရေးမှူး -၂
အာသံကုန်း ခေါင်းဖြတ်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ဓါးကိုင်ပြီး သတ်ဖြတ်ခဲ့သူဖြစ်တယ်။ လှဆိုင်း ( လှဆောင်) ဆိုသူဟာ တရုပ်နယ်စပ်မှာ ဇာတ်မြှုပ်နေနေတယ် လို့ သိရတယ်။
(၂) စိန်အေး ( မိုးညှင်း- ကချင်ဒေသ ခရိုင်မှူး)
(၃) အောင်သန်း (မိုးညှင်း ( ၇၀၁ ) တပ်ရင်းမှူး)
(၄) သက်ထွန်း ( မိုးညှင်း            တပ်ခွဲမှူး)
(၅) စောရင်ထွေး ( ရွှေကူ          တပ်ခွဲမှူး)
(၆) သိုက်ထွန်းဦး ( ရန်ကုန်- ၅၀၁ တပ်ရင်းမှူး)
(၇) ရဲလင်း ( ရန်ကုန်- ရန်ကုန်ဒေသ ခရိုင်မှူး ( သူလည်း ထောက်လှမ်းရေးအဖြစ် ဖမ်းခံရပြန်တယ်)
(၈) ညီညီကျော်- ( မန္တလေး- မန္တလေး ဒေသခရိုင်မှူး) ( ထောက်လှမ်းရေးအဖြစ် ဖမ်းခံရပြန်တယ်)
ထောင်မှူးတာဝန်ခံများ
(၁) ဒုအရာခံဗိုလ် အောင်မင်း ( မိုးညှင်း)
တပ်ကြပ်ကြီး ထိန်လွန် ( ဗန်းမော်)
(၂) တပ်ကြပ်ကြီး အေးမောင် ( မိုးညှင်း)
ရဲဘော် လက်သီး
(၃) တပ်ကြပ်ကြီး တာတီး ( မိုးညှင်း)
တပ်ကြပ်ကြီး စောမြမောင်
(၄) တပ်ကြပ်ကြီး လှမျိုးအောင် ( မိုးညှင်း- တာဝန်ပေါ့လျော့မှုဖြင့် သေဒဏ်ချ သတ်ဖြတ်ခံရသည်)
ခေါင်းဖြတ်သတ်ခံရတဲ့ ကျောင်းသား (၁၅) ယောက်အပြင်၊ စစ်ကြောရေးစခန်းမှာ လူမဆန်သည့် ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့တဲ့ ကျောင်းသားတပ်မတော်ရဲဘော် (၁၄) ယောက်ကတော့
(၁) ရဲဘော် စိုးမင်းအောင်
(၂)  ဗဟိုကော်မတီဝင် ဦးစိန်
(၃) ရဲဘော် ပြည့်စိုးနိုင် ( ရန်ကုန်)
(၄) ရဲဘော် အေးကျော်
(၅) ရဲဘော် ကျော်ဋ္ဌေး
(၆) ရဲဘော်ကျော်ကျော်ဦး
(၇) ဒုအရာခံဗိုလ် အောင်ကိုး ( ဗန်းမော်)
(၈) တပ်ကြပ်ကြီး ဇော်ဝင်းချစ် (ဗန်းမော်)
(၉) ဗဟိုကော်မတီဝင် ခင်မောင်အေး (စစ်ကိုင်း)
(၁၀) ရဲဘော်တင့်လွင် ( မြစ်ကြီးနား)
(၁၁) အောင်မင်း ( မန္တလေး)
(၁၂) အရှည်ကြီး ဝင်းသိန်း
(၁၃) ရဲဘော် စိုးကြီး
(၁၄) ရာကွတ်ဘိုင် ( တရုပ်ပြည်၊ ယင်ကျန်း)
ဘာကြောင့် ဒီလို အစုလိုက်အပြုံလိုက် လူသတ်ပွဲတွေဖြစ်ခဲ့ရတာလဲ။ ပြဿနာရဲ့ အဓိကတရားခံဟာ ဘယ်သူတွေလဲ။ ဇာတ်လမ်းတခုလုံးကို တတိယပိုင်းမှာ ရေးသွားပါမယ်။ ခုခံချေပ ချင်သူတွေရဲ့ ဇာတ်လမ်းတွေကိုလည်း ဖတ်ချင်ပါတယ်။ ပြည်သူလူထု ဆိုတာ အကောင်းဆုံး ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေပါ။
 “ ဒီအိမ်ပေါ်မှာ ကောင်းချီးမင်္ဂလာရောက်စေသော်” တဲ့
ခရစ်စမတ်မှာ မိတ်ဆွေတွေအားလုံး ကံကောင်းကြပါစေ။
· · Share

  • 51 shares
  • 50 of 52
    • Aung Zaw Very complicated killing process.In combodia,there is a killing field by Pol Pot.At the moment,UN is involving to solve these killing problem.How about nothern Killing Field ABSDF,who will solve it?
    • Shwe Zaw Naing ဖတ်ရင်းဒေါသထွက်ရတယ်အကိုရေ.....
    • San Yu
      သတင်းစာရှင်းလင်းပွဲမလုပ်ခင်မှာနန်းတွင်းသီးသန့်ထောင်မှာအကျဉ်းကျနေတဲ့ကျွှန်တော့်ကိုထုတ်ပြီးထောက်လှမ်းရေးကစစ်ပါတယ်။တောထဲမှာရက်စက်စွာအသတ်ခံခဲ့ရတဲ့ကျောင်းသားရဲဘော်တွေရဲ့ဓာတ်ပုံတွေပြပြီးနာမည်တွေကိုအတည်ပြုချက်ယူပါတယ်။ဒီအချက်ကဘာကိုဖေါ်ပြနေသလဲဆိုတော့ကျန်ခဲ့တဲ့သူတွေထဲမှာထောက်လှမ်းရေးတပ်ဖွဲ့လက်ထဲကိုဓာတ်ပုံတွေရောက်သွားအောင်ပို့ပေးနိုင်သူတွေကျန်ရစ်နေခဲ့တယ်ဆိုတာပါပဲ။တကယ်ထောက်လှမ်းရေးနဲ့မသက်ဆိုင်တဲ့ရဲဘော်တွေကတော့မတရားစွပ်စွဲချက်တွေနဲ့အသက်ဆုံးရှုံးခဲ့ပြီးဖြစ်နေပါပြီ။အဆောင်ပြန်ရောက်တော့ဘာမှရှင်းမပြနိုင်ပဲငိုခဲ့ရတဲ့နေ့တွေပါ။
    • Bamar Blood
      Aung Moe Win

      ၉၁ စက်တင်ဘာမှာ ရင်း ၅၀၁ ကရင်းမှုးသိုက်ထွန်းဦးရဲ့ 
      အကူရဲဘော် စိုးမြင့်အောင်ကို စစ်တပ်နဲ့ ဆက်သွယ်တယ်
      ဆိုပြီး နှိပ်စက်သတ်ဖြတ်ခဲ့ပါတယ် ..

      ပြီးတော့ အေဘီကျားမ ၂၀ ဦးခန့် ကိုလည်း ထောက်လှမ်း
      ရေးဆိုပြီး နှိပ်စက်လို့  ၇ ဦးသေဆုံးခဲ့ပါတယ်တဲ့ ..

      ကိုးကား .. တပ်မတော်သမိုင်း သတ္တမတွဲ စာ- ၁၀၈

      ++++++

      သိလိုတာက အဲ့ဒီဖြစ်စဉ်တွေစဖြစ်တာက ၉၁ စက်တင်ဘာ
      ကတည်းကလားခင်ဗျ ..
    • Aung Moe Win Bamar Blood မဟုတ်လောက်ဘူး။ အဲ့ဒီထက် စောတယ်။ ၉၀ မတ်လ ကတည်းက ဖြစ်မယ် ဇာတ်လမ်းတွေက အများကြီပဲ၊ ဖြည်းဖြည်းမှ တင်ပေးပါ့မယ်
    • Aung Zaw May I ask you Ko Aung Moe Win about Myet Khine Thet magazines.Some stories included in this magazine is partially truth (not all)?At that time,we dont belive this magazine articles.
    • Aung Moe Win Ko Aung Zaw, အင်း ဖြစ်နိုင်လောက်ပါတယ်။ ဥပမာ- ဗကပဟောင်းတွေ ပြန်ပြန်ရေးတဲ့ဆောင်းပါးမျိုးတွေ၊ အညာတမာ တို့ ဘာတို့တွေလေ။ နင်းမကွဲခင် ဘာညာသရကာတွေပေါ့။ ဒါပေမဲ့ သိတယ်မို့လား၊ မြက်ခင်းသစ်က ရန်သူ့ဘက် ကလူတွေဆိုတော့၊ နည်းနည်းလေးဆို ပက်ပက်စက်စက် လုပ် ရေးတော့တာ။ သူတို့ချင်းကတော့ ဘယ်သူရေးတယ်ဆိုတာ သိတယ် ဆိုပဲ
    • Bamar Blood
      အေဘီ( မြောက်ပိုင်း )

      ၁၉၈၉
      ဥက္ကဋ္ဌ - ??
      စစ်ရေးတာဝန်ခံ - သံချောင်း( ခ ) မြင့်စိုး

      ၁၉၉၀
      ဥက္ကဋ္ဌ - ??
      စစ်ရေးတာဝန်ခံ - သံချောင်း( ခ ) မြင့်စိုး

      ၁၉၉၁
      ဥက္ကဋ္ဌ - ထွန်းအောင်ကျော်
      စစ်ရေးတာဝန်ခံ - သံချောင်း( ခ ) မြင့်စိုး

      ၁၉၉၂
      ဥက္ကဋ္ဌ - အောင်နိုင်
      စစ်ရေးတာဝန်ခံ - သံချောင်း( ခ ) မြင့်စိုး
      တွင်းမှူး - စိန်အေး

      ၁၉၉၃
      ဥက္ကဋ္ဌ - အောင်နိုင်
      စစ်ရေးတာဝန်ခံ - သံချောင်း( ခ ) မြင့်စိုး
      တွင်းမှူး - စိန်အေး
    • Aung Moe Win Barma Blood အင်း- ကျနော့အထင်၊ ၈၉-၉၀ မှာ နိုင်ငံရေးဗျူရို အေဘီ ရယ်လို့ ကောင်းကောင်းပုံမပေါ်သေးလောက်ဘူး။ ကျနော်လည်း ပြန်ကြည့်ရအုံးမယ်။ ခင်ဗျားကလည်း စုံပါ့ဗျာ။
    • Aung Khaing Myint ဦးနှောက်မဲ့ ခေါင်းဆောင်တွေကြောင့် အပြစ်မဲ့သူများ ကျဆုံးခဲ့ကြတယ်..ငရဲပြည်ထက်များ ရက်စက်ဆိုးဝါးတဲ့ ၀မ်းနည်းကြေကွဲခြင်းသမိုင်းဖြစ်ရပ်မှန်ကို ဖော်ထုတ်သင့်သလို အဲဒီအချိန်က တာဝန်ရှိ ခေါင်းဆောင်များ ဖြေရှင်းပေးဖို့ ပြည်သူတွေတိုယ်စား တောင်းဆိုချင်ပါတယ်.Please let me share in your great article in blog...http://8888newgenerations.blogspot.com/2011/12/blog-post_7914.html#links
    • Bamar Blood
      ၈၈ အောက်တိုဘာာ၂၈ မှာ
      ယာယီအုပ်ချုပ်ရေးကော်မတီနဲ့  ကျောင်းသားတပ်စု ၃ စု
      ဖွဲ့ စည်းပါတယ် ..

      ၈၉ ဇန်န၀ါရီ ၄ မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ
      ဒီမိုကရက်တစ်တပ်ဦး( ကချင် )ကို ဖွဲ့ စည်းပါတယ် ..

      ၈၉ ဇန်န၀ါရီ ၁၂ မှာ ရင်း ၇၀၁ ကိုဖွဲ့ စည်းပါတယ်တဲ့ ခင်ဗျ
    • Aung Moe Win ဘယ်က ရတဲ့ အချက်အလက်လဲ
    • Bamar Blood တပ်မတော်သမိုင်း သတ္တမတွဲကပါအကို ..

      ကျနော်အွန်လိုင်းကနေ ၂၀၁၀ တုန်းက၀ယ်ထားတာပါ ..
    • Aung Moe Win ပြန်တိုက်ကြည့်ဦးမယ်ဗျာ။ ကျနော်က ABSDF အဖွဲ့ဝင် မဟုတ်တော့ သူတို့လို ရက်စွဲတွေ တိတိကျကျ သိမှာမဟုတ်ဘူး။ ဒါပေမဲ့ ကြိုးစားကြည့်ပါ့မယ်။
    • Aung Zaw Ko Aung Moe Win,Thanks for your articles.Whenever I read it,I feel so sad.We still cannot construct believing each ones until now.There is the bad system due to Khin Nyutn and his parties.Now Khin Nyunt is still in Jail and Life is U-turnable.Hope comes out very justice for them (killed students).
    • Bamar Blood
      အပေါ်မှာ ကိုအောင်ဇော်ပြော
      ခဲ့သလိုပဲဗျ .. အဲ့ဒီတုန်းက အစိုးရဆောင်းပါးတွေ
      မြက်ခင်းသစ်ကဆောင်းပါးတွေမှာ အမှန်တရားအ
      ချို့ ပါ ပါတယ် ..

      အဲ့ဒီတုန်းကသာ အေဘီတာဝန်ရှိသူတွေအနေနဲ့ 
      အဲ့ဒီကိစ္စကို ဟုတ်မဟုတ် စုံစမ်း ဖေါ်ထုတ်ခဲ့ရင်
      အပြစ်ရှိသူတွေကို အစောကြီးကတည်းက အပြစ်
      ပေးလို့ ရတယ်နော် ..

      အေဘီ( တောင်ပိုင်း )က ညှင်းပန်းနှိပ်စက်မှုတွေ
      သတ်ဖြတ်မှုတွေကိုရော ဘယ်သူက ဖေါ်ထုတ်
      မှာလဲ ..

      တောင်ပိုင်းက မြောက်ပိုင်းထက် သတ်ဖြတ်နှိပ်
      စက်ခံရသူ အရေအတွက် ပိုများတယ်နော် ..

      ----------------

      အခြားနေရာတွေက ပို့ စ်တွေအောက်မှာမန့် ထား
      တဲ့ကွန်မန့် တွေကို ဖတ်ပြီး ကျနော့်ဘာကျနော်
      ယူဆထားတာ တခုက ကိုအောင်မိုးဝင်းတို့ ကိုထိန်
      လင်းတို့ ရေးသားမှုတွေကို မလိုလားသူအချို့ ရှိနေ
      တာအမှန်ပဲဗျ ..

      အချို့ ကွန်မန့် တွေမှာ မျိုးဝင်း( သေဆုံး )တယောက်
      တည်းကိုပဲ အပြစ်ပုံချထားပြီး ကျန်တဲ့ အောင်နိုင်တို့ 
      သံချောင်းတို့ မှာ အပြစ်မရှိသယောင် ရေးထားတာ
      တွေ့ ရတယ် ..

      နောက်ပြီး အသတ်ခံရတဲ့ ကိုထွန်းအောင်ကျော်နဲ့ 
      ယူဂျီတာဝန်ခံကိုချိုကြီးတို့ ကိုလည်း အပြစ်အချို့ 
      လွှဲချဖို့ ကြိုးစားနေတာ တွေ့ ရတယ် ..

      အမှန်တရားတွေ မြန်မြန်ပေါ်ပါစေဗျာ ..
    • Aung Moe Win သေချာတာပေါ့ဗျာ။ တချို့က ဘယ်ကြိုက်မလဲ။ ဒါ့ကြောင့် လူသတ်တဲ့ ကိစ္စကို ရှင်းလိုက်ကြပေါ့။
    • Burma Thwe အပြစ်မဲ့တဲ့ တိုင်းပြည် ချစ်စိတ်ပြင်းထန်တဲ့ ကျောင်းသားတွေ သွေးမြေကျခဲ့ရတဲ့ သမိုင်းမှာ ဘယ်သူတွေ ရိုင်းခဲ့သလည်း ဆိုတာ ပေါ်လွင် ထင်ရှားအောင် ဖော်ထုတ်ပေးတဲ့ လူအများကို ကျေးဇူးအရမ်းတင်ပါတယ် ခင်ဗျာ ။

      ဆက်လက်စောင့်မျှော်နေပါ့မယ် အစ်ကို Aung Moe Win ခင်ဗျာ ။
    • Thura Kyaw Write more brother, bad bloody history but every body should know about this affair
    • Maung Maung Wann
      အပိုင်း ( ၁ ) ကို မအေးအေးစိုးဝင်း အင်္ဂလိပ်လိုဘာသာပြန်တာပြီးသွားပါပြီ။ မအေးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။တိကျတဲ့ အစီရင်ခံစာလည်း ထွက်လာမှာပါ၊ လာမဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ..ကိုထွန်းအောင်ကျော်နဲ့ ရဲဘော်များကျဆုံးတာ..နှစ် ၂၀ပြည့်ပါပြီ...အဲဒီ့အခန်းနားကို မန္တလေးက ထင်ရှားတဲ့..ဘုန်းကြီးကျောင်းတိုက်တခုခုမှာလုပ်ပါလိမ့်မယ်...ကျနော်က အကြံပြုထားပါတယ်...အဲဒီ့အခန်းအနား( ဆွမ်းကျွှေးပွဲပဲပြောပြောပေါ့ ) ကို ...၈၈ ကျောင်းသားခေါင်းဆောင်ပိုင်း ( ထောင်ထဲက လွတ်လာလိမ့်မယ်လို့မျှော်လင့်မိလို့ ) တက်ရောက်ပေးနိုင်အောင်ကြိုးစားပါလို့။ ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျာ ကအစ တက်ရောက်ပေးနိုင်အောင် ကျနော်တို့လည်း ၀ိုင်းဆော်သြပေးပါမယ်။မလွတ်တော့လည်းတမျိုးပေါ့ ။ဘာလို့လည်းဆိုတော့...ကိုထွန်းအောင်ကျော်က ဗကသ ကျောင်းသားခေါင်းဆောင်တယောက်၊ ပြီးတော့ တာဝန်ထောင်ဆောင်ရင်းသေသွားတာ။
    • ကိုရွှေ အိုး
      ကိုအောင်မိုးဝင်းရေ တစ်ခုတောင်းဆိုချင်ပါတယ်၊ သူတို့နှိပ်စက်တာကိုပါ ဖြစ်နိုင်ရင် အသေးစိတ်ရေးပေးပါ။ ခံခဲ့ရသူတွေ အဟောင်းက အသစ်ပြန်ဖြစ်အောင် လုပ်ချင်လို့မဟုတ်ပါဘူး၊ ဇာတ်နာအောင် လုပ်ခိုင်းတာလဲ မဟုတ်ပါဘူး။ လူသတ်သမားတွေနဲ့ သူတို့ကို ထောက်ပန့်ကူညီတဲ့လူအားလုံး ဘယ်လောက်ရက်စက်ကြလဲဆိုတာ တစ်ခြားစာဖတ်သူတွေ သိစေချင်လို့ပါ၊ သူတို့ရဲ့လူမဆန်တဲ့ လုပ်ရပ်တွေကို သေချာသိမှ အဲဒါမှ ဒီလိုလူယုတ်မာတွေ လူ့အဖွဲ့အစည်းက ဝိုင်းကျဉ်ထားတာခံရပြီး လူတောမတိုးတဲ့ ဘဝရောက်မှာပါ။
      ကျွန်တော်ဒီဖြစ်ရပ်ကို နားထောင်ရတုန်းက သိရတာတော့ ကျောင်းသားတစ်ယောက်ဆိုရင် (ကိုအားစိုက်လို့ ထင်ပါတယ်) နှိပ်စက်မှုအမျိုးဆုံအောင်အလုပ်ခံရပြီး နောက်ဆုံး စအိုထဲကို သံချောင်းသွင်း ကျဉ်စက်နဲ့ထိုးလို့ အတွင်းကလီစာတွေပျက်စီးပြီး မသေခင် ကိုယ်ခန္ဓာအောက်ပိုင်းတစ်ခုလုံး ခရမ်းပုပ်ရောင်ဖြစ်ပြီး သေသွားတယ်လို့ကြားဖူးပါတယ်။ ဒါပေမဲ့ ဒီအကိုကြီးက သတ္တိကောင်းတယ်၊ သေတဲ့အထိ ဖြောင့်ချက်ပေးမသွားဘူးလို့လဲ ကြားဖူးပါတယ်။
    • Bamar Blood
      အဓိကအကျဆုံးအချက်က အဲ့ဒါပဲဗျ ..

      လူလွန်မသားတွေကို လက်စားချေချင်လို့ မဟုတ် .. ဒါပေသိ
      လူလွန်မသားတွေအနေနဲ့ သူ့ တို့ ရဲ့ မိုက်ပြစ်ကို ရာသက်ပန်ခံ
      စားစေချင်တယ် ..

      သူတို့ ကို ပြန်လည်လက်တုံပြန်ပြီး ညှင်းပန်းနှိပ်စက်ဖို့ ကိုမလို
      လားပါဘူး .. ဒါပေသိ သူတို့ တသက်လုံး အမြဲတမ်းနောင်တ
      ရစေ့ချင်ပါတယ် ..

      ဦးခင်ညွှန့် တန်ခိုးထွားစဉ်တုန်းက တောက်ပခဲ့တဲ့ထောက်လှမ်း
      ရေးတွေ အခုလမ်းတွေပေါ်မှာ အိတ်လေးတွေလွယ်ပြီး ကျီးကြည့်
      ကြောင်ကြည့်နဲ့  ဘယ်သူမှ အဖက်လုပ်မခံရသလိုမျိုး ဖြစ်စေ့ချင်
      တယ် ..
    • Bamar Blood အခုလက်ရှိမှာတော့ အားလုံးသိသလိုပဲ
      သူတို့ တွေ လူရာဝင်နေတုံးပဲ .. အေဘီ( တောင်ပိုင်း )က
      ကိစ္စတွေ ပေါ်လာရင်တော့ မြောင်းထဲဒိုးရမယ့် ဒီမိုကရေစီ
      ခေါင်းဆောင်ကြီးတွေ တော်လှန်ရေးသူရဲကောင်းကြီှးတွေ
      အများကြီးပဲ ..
    • Zaw Zaw Hlaing
      Ko Maung Maung Wann ပြောတဲ့အထဲမှာ ကိုထွန်းအောင်ကျော်နဲ့ကျဆုံးသွားတဲ့ရဲဘော်တွေအတွက် ရည်စူးပြီး နှစ် ၂၀ပြည့်အခန်းအနား.. မန္တလေးမှာ လုပ်မယ်ဆိုတာ ကောင်းပါတယ်..ကျနော်ရင်ထဲမှာ တကယ်တန်းဖြစ်ချင်တာလဲ.. ကျဆုံးသွားတဲ့ ရဲဘော်တွေကို ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ ရဲဘော်တွေအဖြစ် ထိုက်ထိုက်တန်တန် အသိအမှတ်ပြုစေချင်တာပါ.. ကျန်ခဲ့တဲ့ ရဲဘော်တွေရဲ့ မိသားစုတွေ နောက့်မျိုးဆက်ကိုလဲ ဒီရဲဘော်တွေအတွက် ဂုဏ်ယူစေချင်ပါတယ်.. အခုလို ရန်သူ သတင်းပေးတွေရဲ့ ဆွေမျိုးသားချင်းတွေအဖြစ် မျက်နှာမငယ်စေချင်တာပါ..
    • Pusuu Ma All of you are so so great!!!
    • Aye Aye Soe Win People who feel sad after Ko Aung Moe Win's Part Two, just don't hang out with these murderers at bars and meetings in Maesod, Chaigmai etc. ..This applies to those who are buddies of absdf leadership.....hammm...
    • Sliv Mmc
      အမှန်အတိုင်းပြောရရင် အဲ့အချိန်တုန်းက အစိုးရလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ က ထွက်ဆို ပြောဆိုချက်တွေကို လူထု က အယုံအကြည်နည်းခဲ့ပါလိမ့်မယ်..လုပ်ကြံပြောတယ်ပဲထင်ခဲ့မှာပါ... အခုလို အမှန်တရားကို ထုတ်ဖော်ပြောပြတဲ့အတွက် ကျေးဇူးတင်ရှိပါ၏။ ကိုယ်နဲ.မဆိုင် ၊ လက်နက်ကိုင်တိုက်ခြင်းကို အားမပေးသော်လည်း မတရားအသတ်ခံရသည့် ကျောင်းသားများအတွက် စိတ်မကောင်းဖြစ်မိပါ၏ ။ အရေခြုံ တရားခံများ ပြည်တွင်းပြန်ရောက် ချယ်လှယ်မည်ကို လည်း တစက်ကလေးမျှ မလိုလားပါ ။ ဘယ်တော့မှ မဖြစ်စေရပါ ။ ပြည်တွင်းတွင် အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် အမြန်အဆင်ပြေစေချင်ပါသည် ။ တိုင်းပြည်အတွက် တိုးတက်အောင်ဆောင်ရွက်နိုင်ကြစေချင်ပါသည် ။ တကယ့် နိုင်ငံ့အရေးကို စိတ်ဝင်စားသူ ၊ တကယ့် နိုင်ငံ့အရေး လုပ်သူများကိုသာ ကြိုဆိုစေချင်ပါသည် ။ ပြည်ပမှ မလိုအပ်သော သူများနှင့် တွေ.ဆုံအချိန်ဖြုန်းခြင်းများထက် ပြည်တွင်းမှ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တကယ့် နိုင်ငံ့အရေးလုပ်သူများနှင့် နည်းလမ်းများရှာကြံခြင်းက ပိုအကျိုးရှိစေမည် ဟု ထင်ပါသည် ။
    • Aye Aye Soe Win
      ‎@ Aung Zaw အခုလိုမျိုး နှစ်ပေါင်းများစွာ ဖုံးဖိထားခဲ့ရက်တဲ့အတွက်… Why didn't the public see any initiative by Maesod-based media clique like Irrawaddy to disclose some fragments of truth about all those murders? I am just honestly curious..Irrawaddy is quite a bit of guiding light, isn’t it?..Some of you even seem to believe that you guys contributed to the country far better than Daw Su or any struggling student in ABSDF? Isn’t the coverage of the ABSDF killings (North) worthy enough? Is it too much risk for Irrawaddy to cover the news as it was, because your location is close to the ex-slaughterer of ABSDF? When do general public get to read full explanation by ABSDF? Is there going to be any explanation? If, even if there is going to be one report by ABSDF in defense of its core members responsible for that, would it be sufficient enough to prove them innocent? I asked these questions to you, because you mentioned in your comment above: Aung Zaw: " I have been waiting for reading the both sides (killing fields in Nothern ABSDF" . Thanks in advance.
    • Sun Thun အေးဗျာ ဒါမျိုး ရှိလိမ့်မယ်လို့ကို မထင်မိဘူး ကျောင်းသားတွေရဲ့အသက်နဲ့ နိုင်ငံချစ်စိတ် တွေကို နှမြှောလိုက်တာဗျာ
    • Kyaw Hlaing Oo သံချောင်းကဖမ်းမိတာ မကြာသေးဘူးထင်ပါတယ်။ လွန်ခဲ့တဲ့ ၃-၄ နှစ် လောက်ပဲ ရှိဦးမယ်
    • Khin Nyein Thit ကိုအောင်မိုးဝင်းရေ.....နန်းစောဆိုတဲ့ ကောင်မလေးကို ထောက်လှမ်းရေးလို့ စွပ်စွဲတဲ့လူတွေမှာ ဦးနှောက်မှ ပါကြရဲ့လားဟင်။နန်းစောတောခိုစဉ်က ၁၄ နှစ်သမီးပဲရှိပါသေးတယ်။ တကယ့်ကလေးတစ်ယောက်က ထောက်လှမ်းရေးဖြစ်နိုင်ပါ့မလား။ နန်းစော မဲဆောက်ကိုရောက်လာတယ်ကြားတော့ ရောနယ်အောင်နိုင်ဆိုတဲ့ အကုသိုလ်တုံးက မိုက်ကြည့်လာကြည့်သေးတယ်။
    • Aung Zaw Ma Aye Aye Soe Win,I am not Irrawaddy Aung Zaw.
    • Aye Aye Soe Win It's ok, they read our comments..they should know what direction it has been going in the strength of the current wind.
    • Aye Aye Soe Win are you a friend of those thugs?
    • အိုးဝေအောင် အိုးဘားမား khin nyein thit>မကလျာရေ..ရောနယ်အောင်နိုင်ဆိုတဲ့ အကုသိုလ်တုံးကို ပြောရင် ကျည်လွတ်ရာကနေပြောနော်။စစ်ရေးကျွမ်းကျင်တဲ့ ကိုဌေးအောင်စိန်ခေါ်သလို သတ်ကွင်းဆီ ခေါ်နေဦးမယ်။း)
    • Aye Aye Soe Win ‎(((:- Poor Kalyar is there.. yes....she needs protection...(((:-
    • Cherry Ba Chit ကျွန်မတို.လဲးဒီသတင်းကိုကြားတာကြာပါပြီ တော်တော်လူမဆန်တဲ.ဘယ်မိဘကမွေးတဲ.ဟာတွေလဲးမသိဘူး
    • Kyaw Hlaing Oo Bro ဆက်ပြီးတင်ပါဦးနော်၊ ကျွန်တော်တို့မသိလိုက်တဲ့သမိုင်းကြောင်းတွေ စိတ်ဝင်စားလို့ပါ။
    • Ko Oo ဒီလင့်ကိုမဖတ်ရသေးတဲ့ဖတ်ကြည့်ပါ။ သိပ်ရင်နာဖို့ကောင်းတယ် http://8-8-88.blogspot.com/2011/12/blog-post_23.html?spref=fb
    • Bamar Blood
      Nineteen persons who were cruelly murdered by ABSDF (North) military operations in-charge Thangyaung (alias) Myint Soe were:

      (1) Kyaw Wai, Mandalay (beheaded on 7-2-1992)
      (2) Thadu, Yangon (shot to death on 12-2-1992)
      (3) Ma Khin Cho Oo, second year Myanmar, Yangon University (Hline Campus)
      (She was taken off clothes before others and shot to death on 12-2-1992)
      (4) Thaung Myint, near Kabo Dam, Taze village (shot to death on 12-2-1992)
      (5) Tu Tu, Myitkyina (beheaded on 12-2-1992)
      (6) Tun Aung Kyaw, second year GTI, Mandalay (beheaded on 12-2-1992)
      (7) Cho Gyi, Mandalay (beheaded on 12-2-1992)
      (8) Aye Myint, Katha (beheaded on 12-2-1992)
      (9) Maung Maung , second year International Relations, Mandalay University, Katha (beheaded on 12-2-1992)
      (10) Htay Myint Win, Yangon (beheaded on 12-2-1992)
      (11) Yan Aung, Mandalay (beheaded on 12-2-1992)
      (12) Thet Naing, Yangon (beheaded on 12-2-1992)
      (13) Aung Moe, 4th year, (Law), Correspondent, Yangon (beheaded on 12-2-1992)
      (14) Hla Myint (alias) Zaw Min Thway, Myogon (beheaded on 12-2-1992)
      (15) Kyaw Kyaw Min, Kanbalu (beheaded on 12-2-1992)
      (16) Maung Maung Kywe, adopted son of Daw Cho Cho Kyaw Nyein, Yangon (beheaded on 12-2-1992)
      (17) Soe Win Than, Mandalay (beheaded on 15-2-1992)
      (18) Win Naung, instructor of Myanmar Martial Art Federation (killed with dagger)
      (19) Aung Toe, Bhamo (shot to death).
    • Bamar Blood
      Thirteen persons who died at the torture of Thangyaung were:

      (1) Soe Min Aung (Mandalay)
      (2) Tint Lwin (Myitkyina)
      (3) U Sein (Yangon)
      (4) Kyaw Htay (Mandalay)
      (5) Yacoob Bai
      (6) Khin Maung Soe (final year, Chemistry, Mandalay University)
      (7) Tin Maung Aye (Katha)
      (8) Aung Min (alias) Htein Lin (second year, Maths, Mandalay University)
      (9) Aye Kyaw (second year, Geography, Mandalay University)
      (10) Kyaw Kyaw Oo (first year, Geography, Correspondent Course, Katha)
      (11) Pyi Soe Naing (Yangon)
      (12) Zaw Win Chit (Bhamo) and
      (13) Win Thein (Wuntho)
    • Bamar Blood http://www.myanmargeneva.org/06nlm/n060223.htm
      www.myanmargeneva.org
      YANGON, 23 Feb— On the occasion of the 22nd National Day of Brunei Darussalam which falls on 23 February 2006, Senior General Than Shwe, Chairman of the State Peace and Development Council of the Union of Myanmar, has sent a message of felicitations to His Majesty Sultan Haji Hassanal Bolkiah Mu...
    • Min Min Aung တခုလောက်သိချင်လို့ပါ...အသတ်မခံရခင် ဘယ်လောက်ကြာကြာနှိပ်စက်လိုက်တာလဲ ဆိုတာ
    • Ko Myo Min
      ”ရော်နယ်အောင်နိုင် တယောက်သာ မဲဆောက်မှာ ကြီးပွားချမ်းသာပြီး၊ ပါတီပွဲတွေမှာ သောက်စားမူးယစ် အဆီယစ် ရီဝေနေတဲ့ မျက်နှာကြီးကို ကြိမ်ဖန်များစွာတွေ့ရ၊ ဖေ့ဘွတ်မှာ မိန်းကလေးတွေကို အီစကလီ စာလေးတွေ လိုက်ရေးနေတာကိုတွေ့ရ” ကိုအောင်မိုးဝင်းကတော့ ဘယ်လို့သိလဲတော့ မသိဘူး။ ကျနော်ကတော့ ကိုယ်တွေ့ပဲ။ ပြင်တွင်းက ကျနော့်သူငယ်ချင်းမရဲ့ ဖေ့ဘွတ်မှာ အီစကလီလာလုပ်တယ်။ သူငယ်ချင်းမက ၈၈ရဲ့ ယနေ့မျိုးဆက်ဆိုတော့ အဲဒီလူအကြောင်းနဲ့ မြောက်ပိုင်းအကြောင်းကို လုံးဝမသိဘူး။ ။ တစ်ခွန်းပဲ ကျနော်ရေးပေးလိုက်တယ်။ ” မြောက်ပိုင်းကို သတိရလို့ ” ။ အဲဒါ လွန်ခဲ့တဲ့ ၆လကျော်လောက်က။
    • Aung Khin Myint
      ကိုအောင်မိုးဝင်းကို ကျနော် တစ်ခုလောက် အကြံပြုချင်ပါတယ် .... အေဘီမြောက်ပိုင်းက ပြည်တွင်း ထောက်လှမ်းရေး တာဝန်နဲ့ တာဝန် ထမ်းဆောင်ရင် မန်းတလေး စစ်ထောက်လှမ်းရေးမှာ အဖမ်းခံရတဲ့ မမူမူကျော်လွင် ဆိုတာ ရှိပါတယ်၊ အခု ကနေဒါမှာ နေထိုင်နေပါတယ်၊ ကျနော်နဲ့ အဆက်အသွယ် ပြတ်သွားတာ ကြာပါပြီ၊ ကိုသံခဲတို့ တော်တော် ရင်းနှီးပါတယ်၊ မမူမူကျော်လွင်ရဲ့ မောင်တော်စပ်သူ ကိုလတ် ဆိုတာ ရှိပါတယ်၊ ကိုလတ်က အသတ်ခံခဲ့ရတဲ့ ကိုထွန်းအောင်ကျော်တို့ မောင်မောင်ကြွယ်တို့ရဲ့ အချုပ်ခန်းကို အစောင့်အဖြစ် ကင်းကျခဲ့တဲ့သူပါ .... သူတို့နဲ့ ဆက်သွယ်လို့ရရင် အပိုင်း(၃)အတွက် အချက်အလက် များများ ထပ်ရမယ်လို့ ထင်ပါတယ် ....
    • Than Aung Naing ကိုအောင်ခင်မြင့်ပြောတဲ့ ကိုထွန်းအောင်ကျော်တို့ကို ကင်းစောင့်ခဲ့ရတယ်ဆိုတဲ့ ကိုလတ်ဆိုတာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ပုချွန်း(puchong)ရပ်ကွက်မှာ လက်ရှိနေထိုင်လျှက်ရှိပါတယ်။ ဆက်သွယ်ရန် ဖုံးနံပါတ်တော့ မသိပါဘူး။
    • Min Min Aung မကဒတ(မြောက်ပိုင်း) တွင် အသက်ပေးသွားသော ရဲဘော်များနဲ့ ရဲမေမခင်ချိုဦးအတွက် ဦးညွှတ်လိုက်ပါတယ်... http://www.facebook.com/photo.php?fbid=10150453265979811&set=a.410983319810.190075.752709810&type=1&theater
      Min Min Aung's Photos
      မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)- မြောက်ပိုင်း အာဏာရူး လူတစုရဲ့လက်အောက်တွင်တော်လှန်ရေးတာဝန်ထမ်းဆောင်ရင်း အသက်ပေးသွားကြသော ရဲရဲတောက် ရဲဘော်များနဲ့ ရဲမေ မခင်ချိုဦးအား ဒီကဗျာဖြင့် ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။
      My Art
    • KyawLwin San အသက်ပေးသွားသော ရဲဘော်များနဲ့ ရဲမေများအတွက် ဦးညွှတ် ဂုဏ်ပြုလိုက်ပါတယ်...

No comments:

Post a Comment