Friday, July 27, 2012

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၁၀-)

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၁၀-)

by Aung Moe Win on Sunday, February 19, 2012 at 9:02am ·
မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ရဲ့ အဆင့် (၃) ကို ရောက်လာပြီ။ ဒီအဆင့်ဟာ ကြိုတင်ပြောထားသလိုပဲ၊ မုန်တိုင်းပိုထန်လာမယ်။ မျက်နှာဖုံးတွေ ပိုကွာကျလာမယ်။  စည်းဝိုင်းအတွင်းမှာ တရားဝင် ရင်ဆိုင်ဖို့ ကမ်းလှမ်းကြတော့မယ်။  နန်းအောင်ထွေးကြည်ကတော့ လူသတ်သမားရော်နယ်အောင်နိုင်နဲ့ တာဝန်ရှိသူများကို ကဗျာတပုဒ်နဲ့ ရာဇသံပေးလိုက်တယ်။ ပြည်တွင်းမှာ ရှိတဲ့ ကျောင်းသားတွေကလည်း သူတို့သာ ထောက်လှမ်းရေးမှန်ရင် သက်သေပြပါ ဆိုတဲ့ စိန်ခေါ်မှုတရပ်ကို တရားဝင်ကြေငြာခဲ့တယ်။ တကယ်တော့ အမှန်တရားဖေါ်ထုတ်ရေးအဆင့်က ပြီးဆုံးသွားပြီ။ ဘယ်သူတွေက လက်နက်ကိုင် တော်လှန်ရေးကို ဖျက်ဆီးခဲ့သူတွေလဲ၊  ဘယ်သူတွေက ဒီမိုကရေစီရေးလှုပ်ရှားသူအစစ်လဲ ဆိုတာတွေကလည်း ရှင်းရှင်းကြီးဖြစ်သွားပြီ။ မြောက်ပိုင်းဒေသ အရိုးတွန်သံများ ( အပိုင်း- ၁၀- ) ကို ဆက်လက်တင်ပြလိုက်ပါတယ်။
(၁)
“ ကိုထွန်းအောင်ကျော် ကို ပုဂ္ဂိုလ်ရေးအရတော့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ လက်နက်ကိုင်တော်လှန်ရေးမှာတော့ ကိုယ်တာဝန် ကိုယ်ကျေအောင်လုပ်ရတာပါပဲ” တဲ့
ရော်နယ်အောင်နိုင်ရဲ့ဧရာဝတီ မဂ္ဂဇင်းအင်တာဗျူးကို ဖတ်လိုက်မိတဲ့  မိတ်ဆွေတယောက်က
“ အောင်မလေး အင်တာဗျူးတွေက သောက်ကျိုးနည်းလောက်အောင် ကြီးကျယ်လှချည်လားကွာ။ လက်နက်ကိုင်တော်လှန်ရေး ဆိုပါလားဟေ့။ မန္တလေးဆန္ဒပြပွဲမှာတောင် သွေးမရှိခဲ့တဲ့ကောင်က ဘယ်နေရာမှာ သွားပြီး လက်နက်ကိုင်ပြီး တိုက်ပွဲဝင်သလဲ မသိဘူး” လို့ ပြောဆိုပြီး ခုံကို ပုတ်လိုက်တယ်။ ကျနော်ကတော့ စိတ်မပါတပါ ပြုံးနေမိတယ်။
 “ မန္တလေးသားတွေနဲ့ ဗကသ များအဖွဲ့ချုပ်ဟာ “ ထွန်းအောင်ကျော် ကို ချစ်သလား၊ ရော်နယ်အောင်နိုင် ကို မုန်းသလား” ဆိုတာ ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ ကျင်းပတဲ့ပွဲက တဆင့်၊ ဖေ့ဘွတ် စာမျက်နှာတွေကတဆင့်၊ ရှင်းလင်းတဲ့အဖြေတခုပေးပြီးပြီလို့ ထင်ပါတယ်။  ၁၉၉၂ မှာ ကျောင်းသား (၁၅) ယောက်ကို ခေါင်းဖြတ်သတ်အပြီးမှာတော့ ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ရဲ့ အပုတ်နံ့တွေက နိုင်ငံတကာမှာ တထောင်းထောင်းထနေပြီ။ ထိုင်းနိုင်ငံသတင်းထောက်၊ ရင်ဒီ က၊ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ခေါင်းဆောင်တွေနဲ့တွေ့ပြီး အင်တာဗျူးတဲ့အခါ၊ သူတို့က အတည်ပေါက်ပဲ၊ ရဲရဲကြီး ဂတိပေးခဲ့တယ်။
“ အသတ်ခံရသူတွေထဲမှာ ကျောင်းသားစစ်တယောက်မှားပါခဲ့မယ် ဆိုရင် ကိုယ့်စိတ်နဲ့ကိုယ်  ကြိုးစင်တက်သွားမယ်” ဆိုပဲ။  အင်း- ကိုယ့်ဘာသာ စိန်ခေါ်မှုအရဆိုရင်တော့၊ ကြိုးမိန့်ကျမှာက တကြိုးတောင် မကဘူး၊ အပြင် (၃၇) မင်း၊ အတွင်း (၃၇) မင်းပါ ပင့်ပြီး (၃၈) ကြိုးတောင်း၊  အခမ်းအနားလုပ်၊ ကွပ်မျက်ရမလို ဖြစ်နေပြီ။
(၂)
နန်အောင်ထွေးကြည်ရဲ့ ရာဇသံ ကဗျာ ကို ဖတ်အပြီးမှာတော့                                                           “ဗမာပြည်တော်လှန်ရေးသမိုင်းမှာ အမျိုးသမီးတယောက်က သူပုန် လို ဟန်ဆောင်နေတဲ့ ယောင်္ကျားရင့်မာကြီးတွေကို စိန်ခေါ်တာ ဒီတခါပဲ ရှိမယ်ထင်တယ်” လို့ တွေးလိုက်မိတယ်။ “ကျနော်တို့မှာ ခိုင်မာတဲ့ သက်သေတွေရှိပါတယ်” ဆိုတဲ့သူတွေရဲ့ ငြိမ်သက်မှုကလည်း သူရဲဘောကြောင်တာထက် ဆိုးဝါးလွန်းလှတယ်။ ဘာပဲဖြစ်ဖြစ် သုတေသနစာတမ်းအတွက် စိတ်ဝင်စားစရာ အကောင်းဆုံးက     “ ရေလှိုင်းစစ်ဆင်ရေး” ဆိုတဲ့ ဝေါဟာရ ပဲ ဖြစ်တယ်။ ဒီ ဝေါဟာရဘယ်လိုပေါ်ပေါက်ခဲ့သလဲ၊ ဘယ်လို ဇာတ်လမ်းမျိုးဖြစ်မလဲ ဆိုတာကို ကာယကံရှင်တွေရဲ့ ရှင်းလင်းချက်စာတမ်းတွေကို စောင့်မျှော်နေခဲ့တယ်။
ဒီတပတ်မှာ ကိုအောင်ထူး ရဲ့လက်မှတ်နဲ့ထုတ်ဝေခဲ့တဲ့ ABSDF စတိတ်မန့် ( ၁၉၉၂ မတ်လ ၁ ရက်) နဲ့ ဒေါက်တာနိုင်အောင်ရဲ့ သတင်းစာရှင်းလင်းပွဲ ( ၁၉၉၂ မေလ ၃၁) ကို နှိုင်းယှဉ် သုံးသပ်ကြဖို့ တင်ပြလိုက်ပါတယ်။
မြောက်ပိုင်း ကျောင်းသားတပ်မတော်တွင် ဖမ်းဆီးခံထားရသည့် ရန်သူ့သူလျှိုများနှင့် ပတ်သက်ပြီး                       ကျောင်းသားတပ်မတော် ဥက္ကဋ္ဌ ၏ သတင်းထုတ်ပြန်ချက်

ကချင်ဒေသကိုတစ်လကြာ အလည်သွားပြီးတဲ့နောက်မှာ ကျနော်အနေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့စစ်အစိုးရ အပေါ် ယခင်ကထက်ကိုပိုပြီး ခါးသီးစွာခံစားခဲ့ရပါတယ်၊ အဖမ်းဆီးခံနေရသူများရဲ့ပြောကြားထွက်ဆိုချက်အားလုံးကို  ရိုးရိုးသားသား ဖတ်ရှု့နားထောင်ခဲ့ပါတယ်၊ ငြိမ်ဝပ်ပိပြားရေး အဖွဲ့(SLORC)ရဲ့ဖိနှိပ်ရေးယန္တယားတစ်ခုဖြစ်နေသော
မြန်မာနိုင်ငံအမျိုးသားထောက်လှမ်းရေးအဖွဲ့(NIB)ဟာ  ရှစ်လေးလုံးပြည်သူအုံကြွမှုကြီးကို  ဝရုန်းသုန်းကားဖြစ်အောင်၊ မင်းမဲ့စရိုက်ဖြစ်လာအောင်ဖန်တီးခဲ့မှုတွေမှာ အဓိက တာဝန်ရှိခဲ့ပါတယ်၊သူတို့ဟာစနစ်ကျခိုင်မာတဲ့စီမံချက်နဲ့အတူ မိမိတို့ အတိုက်အခံအင်အားစုတွေအတွင်းကို ထိုးဖေါက်ဝင်ရောက်ပြီး ရှုပ်ထွေးမှု၊ ညီညွတ်ရေးဖြိုခွဲမှုတို့ကို ဖန်တီးကာ၊ အပေါ်စီးက ရအောင် ကြိုးစားခဲ့ကြပါတယ်။ သူတို့ရဲ့ လူတွေကိုသတင်းပေးသမား၊ထောက်လှမ်းသမားများအဖြစ်အသုံးချပြီး နည်းမျိုးစုံနဲ့
ထိုးဖေါက်ဝင်ရောက်လာကြတာဖြစ်တယ်၊ သူတို့ရဲ့အဓိကပြစ်မှတ်ကတော့ ထင်ရှားတဲ့ခေါင်း ဆောင်များနဲ့အတိုက်အခံ အင်အားစုတွေပဲဖြစ်တယ်၊ သူတို့ရဲ့ မဟာဗျူဟာ တစိတ်တပိုင်းအရ၊ ABSDF ဟာ ပစ်မှတ်တခုဖြစ်ခဲ့ပြီး၊  သူတို့ရဲ့ သူလျှိုတွေကို  “ရေလှိုင်းစစ်ဆင်ရေး” ခေါင်းစဉ်အောက်မှ ထိုးဖေါက်ဝင်ရောက်နိုင်ရေးပင်ဖြစ်တယ်၊ သူတို့အဓိကလုပ်ဆောင်ရမဲ့အရာတွေကတော့

၁၊ အဖွဲ့အစည်းများအတွင်းမတည်မငြိမ်ဖြစ်အောင်ဖန်တီးလုပ်ဆောင်ရေး

၂၊ အဆင့်မြင့်ရာထူးနေရာတွေကိုရယူထားရှိရေး
၃၊ မဟာမိတ်အဖွဲ့များနဲ့ထောက်ခံအားပေးသောအဖွဲ့အစည်းများနှင့်နားလည်မှုလွှဲမှားရေး

၎၊ ခိုင်မာတဲ့အတိုက်အခံခေါင်းဆောင်တွေကိုလုပ်ကြံသတ်ဖြတ်ရေးတို့ပင်ဖြစ်သည်၊

နောက်ဆုံးအပြီးသတ်ဆောင်ရွက်ရမဲ့အချိန်ကတော့ အမျိုးသားညီလာခံကျင်းပမည့်အချိန်ဖြစ်သည့် ၁၉၉၂နှစ်ကုန်ပိုင်း တွင် ဖြစ်ပါသည်၊ တစ်ချို့အုပ်စုတွေကတော့အမျိုးသားညီလာခံမကျင်းပခင်အလင်းဝင်ကြရန်ဖြစ်တယ်။ ကျန်နေမဲ့အုပ်စုတွေကိုတော့ ဖိအားတွေကိုအပြင်းအထန်ပေးပြီးအမျိုးသားညီလာခံအပြီးတွင်ဖြစ်လာမည့်  အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ပေးသည့်အချိန်တွင်အလင်းဝင်ကြရန်ပင်ဖြစ်သည်၊
(ဒီစပိုင်အဖွဲ့ရဲ့ခေါင်းဆောင်တွေကတော့  အမျိုးသားညီလာခံကို ၁၉၉၂ ကုန်ပိုင်းမှာ ကျင်းပလိမ့်မယ် ဆိုတဲ့အချက်ကို သိရှိပြီးသားဖြစ်တယ်) လွတ်ငြိမ်းချမ်းသာခွင့်ပေးအပြီး၊ နောက်ဆုံးကျန်ရှိနေဦးမည်ဖြစ်သည့်အုပ်စုတွေကတော့ ပြင်းထန်တဲ့စစ်ဆင်ရေးနဲ့အတူချေမှုန်းခံရလိမ့်မည်ဖြစ်သည်၊
ကျနော်အနေနဲ့ ရန်သူ့သူလျှို (၁၅) ယောက်ကို ကွပ်မျက်သတ်ဖြတ်ပစ်လိုက်ခြင်းဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ် လို့ ယုံကြည်တာကြောင့် ထပ်မံအငြင်းပွားစရာ မရှိတော့ပါ။  ဗဟိုကော်မီတီဟာ ယခုဆုံးဖြတ်ချက် လုပ်ငန်းစဉ်တလျှောက်လုံးမှာ လုံးဝပါဝင်ပတ်သက်ခဲ့ခြင်းမရှိသော်လည်း ဗဟိုကော်မတီ ကိုယ်စား ကျနော့်အနေနဲံ့ တာဝန်ရှိခဲ့တယ်ဆိုတာလက်ခံပါတယ်၊
 ဖမ်းဆီးထားတဲ့ ကျန်ရှိနေသေးသော ရန်သူ့သူလျှိုတွေကို အပြုသဘောဆန်စွာဖြေရှင်းသွားမယ်ဆိုတဲ့ အကြောင်းကို နိုင်ငံတကာ အသိုင်းအဝိုင်း ထံ ရှင်းပြချင်ပါတယ်။

မကြာသေးခင်ကပဲ ကျနော်၊ ABSDF မြောက်ပိုင်းကော်မတီ နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီး အောက်ပါဆုံးဖြတ်ချက်တွေချမှတ်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်၊

၁၊ ABSDF အနေဖြင့် နောက်ထပ်ကျန်ရှိနေသေးတဲ့စပိုင်တွေကို သေဒဏ်မပေးရေး

၂၊ မိမိတို့တော်လှန်ရေးလှုပ်ရှားမှုအပေါ် ရပ်တည်ချက်မှန်မှန်ပြောင်းလဲလာသူတွေအားလုံးကို သာမန်အဖွဲ့ဝင်တွေအဖြစ်ပြန်လည်လက်ခံသွားရန်၊

၃၊ ကျနော်တို့ အနေဖြင့်လုံးဝလက်မခံနိုင်သောရန်သူ့ သူလျှိုများကိုမူ ၄င်းတို့၏အနာဂတ်လုံခြုံရေး အတွက် နိုင်ငံတကာအဖွဲ့အစည်းများသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်၊  နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဒီမိုကရက်တစ် အစိုးရများ အနေဖြင့်လည်း သူလျှိုများအား မြန်မာပြည်ဒီမိုကရေစီရေးပြောင်းလဲမှုရရှိသည်အထိလက်ခံသွားပါရန် ABSDF အနေဖြင့် မေတ္တာရပ်ခံသွားမည်ဖြစ်သည်၊

၎၊ အကယ်၍သူတို့ကိုပြည်ပနိုင်ငံတွေမှာလက်ခံထားရှိပေးနိုင်ခဲ့ခြင်းမရှိခဲ့လျှင်၊ သူတို့ကိုထောင်ဒဏ်တစ်နှစ်စီချမှတ်ပြီး  မိဘဆွေမျိုးတို့၏ခံဝန်ချက်ဖြင့်ပြန်လွှတ်ပေးသွားမှာဖြစ်သည်၊သူတို့တစ်တွေဟာ ကျနော်တို့ရဲ့ရန်သူတွေဖြစ်ခဲ့သော်လည်းပဲ သူတို့ဟာ ယုတ်မာရက်စက်တဲ့ အာဏာရှစ်စနစ်ရဲ့သားကောင်တွေအဖြစ်လက်ခံထားပါတယ်၊ ဒါဟာကျနော်တို့ရဲ့ အနာဂတ်အကျိုးစီးပွါးနဲ့လူအခွင့်အရေးကိုစာနာထောက်ထားလို့ပဲဖြစ်ပါတယ်၊ ပြီးရင်ကျနော်တို့အနေဖြင့် သူတို့နဲ့ပတ်သက်တဲ့ ရန်သူ့သူလျှို မှတ်တမ်း အထောက်အထားအသေးစိတ်တွေကိုလူသိရှင်ကြားဖေါ်ပြပေးသွားမှာဖြစ်တယ်
ထို့အတွက်ကြောင့် ကျနော်တို့အနေဖြင့်နိုင်ငံတကာအဖွဲ့အစည်းတွေကိုပန်ကြားလိုသည်မှာ ရန်သူ့သူလျှိုတွေရဲ့ အနာဂတ်အတွက်
ကျနော်တို့ကို နားလည်စွာဖြင့်ပူးပေါင်းဆောင်ရွက်မှုပေးသွားကြ ပါရန်မေတ္တာရပ်ခံအပ်ပါသည်၊


 ဆန္ဒမွန်များဖြင့်
( လက်မှတ်)
မေလ(၃၁)ရက်နေ့၊ ၁၉၉၂ခုနှစ်

ဒေါက်တာနိုင်အောင်
ဥက္ကဌ

ဗဟိုကော်မီတီ

ABSDF

(၃)
တကယ်တော့ တတိယအဆင့်မှာ မုန်တိုင်းရဲ့ ဗဟိုချက်မဟာ ဘယ်ကိုဦးတည်တော့မယ်ဆိုတာ လူတိုင်းနီးပါးသိနေပြီ။ ဒါပေမဲ့ မိုးပြိုနေတာကို မသိတဲ့ ပရွက်ဆိတ်တကောင်ကတော့၊ နိုင်ငံရေးလူပျက်တယောက် လို လုပ်နေတဲ့အခါ ကျနော့မှာ သူ့ကို ကြည့်စေချင်တဲ့ ရုပ်ရှင်ကားလေးတကားနဲ့ နှုတ်ဆက်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။  

In The Bedroom ဆိုတဲ့ ရုပ်ရှင်လေးအကြောင်းကို ပြောပြချင်ပါတယ်။ ၂၀၀၁ ခုနှစ်က အကယ်ဒမီ (၅) ဆုရတဲ့ကားလေးပါ။ အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်ရဲ့ ဆိတ်ကမ်းမြို့လေးတမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ ရာဇဝတ်မှုလေးတခုအကြောင်းကို ရိုက်ကူးထားတဲ့ ကားလေးပါ။ ဇာတ်လမ်းအတိုချုပ်ကို ပြောရရင်၊  ဒေါက်တာ “မက်” နဲ့ “ရုဒ်” လို့ခေါ်တဲ့ လင်မယားနှစ်ယောက်မှာ ဖရန့် လို့ ခေါ်တဲ့သားလေးတယောက်ပဲရှိတယ်။ သူ့တို့ရဲ့သာလေး ဖရန့်က “နက်တလီ” လို့ခေါ်တဲ့ အသက်ကြီးကြီး မိန်းမတယောက်နဲ့ချစ်ရည်မျှနေခဲ့တယ်။ “နက်တလီ” ရဲ့ ယောင်္ကျားဟောင်း “ရစ်ချတ်”က အင်မတန်ဆိုးသွမ်းတယ်။ မိန်းမဟောင်း နက်တလီ ဆီကို လာလာပြီး နှိပ်စက်ရိုက်နှက်လေ့ရှိတယ်။ တရက်မှာတော့ နက်တလီကို လာနှိပ်စက်လေ့ရှိတဲ့“ရစ်ချတ်” နဲ့ “ဖရန့်” ထိပ်တိုက်တွေ့ကြ၊ ထိုးကြကြိတ်ကြပြီး၊ ရစ်ချတ် ဆိုတဲ့လူဆိုးက “ဖရန့်”ကို ပစ်သတ်ပစ်လိုက်တယ်။
ဒီအမှုဟာ တရားရုံးကိုရောက်ရှိခဲ့ပေမဲ့၊ လူသတ်မှုကို မျက်မြင်သက်သေအဖြစ်ထွက်ဆိုမဲ့သူမရှိဘူး။ “နက်တလီ” ဆိုတဲ့ အမျိုးသမီးကလည်း သူမရှေ့မှာ ဖြစ်ပျက်ခဲ့တာကို ကိုယ်တိုင်မြင်ခဲ့ပေမဲ့ ရစ်ချတ် ရဲ့ အန္တရာယ်ကို ကြောက်နေတာကြောင့်၊ အဖြစ်မှန်ကို မထွက်ဆိုရဲဘူး၊ တရားသူကြီးကလည်း လုံလောက်တဲ့ မျက်မြင်သက်သေမရှိခဲ့တဲ့အတွက် ရစ်ချတ်ကို လူသတ်မှုနဲ့ အပြစ်ပေးလို့မရဘူး၊ ဒီလိုနဲ့ လူသတ်သမား ရစ်ချတ်တယောက် ရာဇဝတ်မှုကနေ ကွင်းလုံးကျွတ်လွတ်သွားခဲ့တယ်။ ဒေါက်တာ “မက်” နဲ့ “ရုဒ်” အတွက်တော့၊ သူတို့သားကို သတ်သွားတဲ့ လူသတ်သမား ရစ်ချတ် ကို မြို့ကလေးမှာ တွေ့တွေ့နေရခြင်းဟာ ခြောက်လှန့်နေတဲ့အိပ်မက်ဆိုးတခုကို မက်နေရသလိုမျိုးပါပဲ။  သူတို့နှစ်ယောက် ညရောက်ရင် အိပ်ယာပေါ်မှာ အဲ့ဒီ စိတ်မသက်မသာဖြစ်စေတဲ့ ခံစားမှုတွေကို ပြောကြတယ်။ အိပ်မပျော်ကြဘူး။ အသတ်ခံရတဲ့ ဖရန့် ရဲ့ အမေဖြစ်သူ “ရုဒ်” ဟာ ခံစားရတာတွေများလာတော့ အိမ်မှာ ယောင်္ကျားဖြစ်သူ ဒေါက်တာ မက် ကို အော်ဟစ် တောင်းဆိုတယ်။ “ ရှင်တခုခု လုပ်စမ်းပါရှင်၊ ကျမ ဒါတွေကို ဆက်မခံစားနိုင်တော့ဘူး” တဲ့။
ဒေါက်တာရစ်ချတ် တယောက် ဆေးခန်းပိတ်ပြန်တဲ့အခါ အိမ်ကို မပြန်သေးပဲ ဘား တခုကိုသွားတယ်။ မိတ်ဟောင်းဆွေဟောင်းတချို့နဲ့ တိုင်ပင်တယ်။ နောက်မကြာဘူး။ သူတို့ရဲ့ အစီအစဉ်ကို စတင်တော့တယ်။ တညမှာ “ရစ်ချတ်” နေတဲ့အိမ် ကို သွားပြီး စောင့်တယ်။ အပြင်ကပြန်လာတဲ့ “ရစ်ချတ်” ကို သေနတ်နဲ့ချိန်ပြီး၊ သူ့ရဲ့ အဝတ်အစားတွေကို အိပ်ထဲထည့်ခိုင်းတယ်။ စားပွဲပေါ်မှာ ခရီးသွားသလိုလို သက်ရောက်စေမဲ့ လေယာဉ်လက်မှတ် ဖြတ်ပိုင်းလေးကို တင်ထားခဲ့တယ်။ “ရစ်ချတ်” ကတော့ သူသတ်ခဲ့တဲ့ ဖရန့် ရဲ့ အဖေ ဒေါက်တာ“မက်” က သူ့ကို ဒီမြို့ကလေးမှာ မမြင်စေချင်တော့လို့၊ မြို့ကနေ ထွက်သွားခိုင်းတာ လို့ ထင်နေတယ်။ တကယ်တော့ မဟုတ်ဘူး။ ဒေါက်တာ “မက်” က ရစ်ချတ် ဆိုတဲ့ကောင်ကို တောအုပ်တခုထဲမှာ ခေါ်သွားပြီး ပစ်သတ်ပစ်လိုက်တယ်။ မနက်လင်းတော့ အိမ်ပြန်လာတဲ့ ဒေါက်တာ ရစ်ချတ်ကို သူ့အမျိုးသမီး ရုဒ် က တချက်ကြည့်ပြီး ဘာမှမမေးတော့ဘူး။ ဇာတ်လမ်းလေးက အဲ့သလို အဆုံးသတ်ထားတယ်။
အပေါ်ယံဇာတ်လမ်းကို ကြည့်လိုက်မယ် ဆိုရင်တော့ In the Bedroom ရုပ်ရှင်ကားဟာ  လက်စားချေမှုတခုကို ရိုက်ပြတာလို့ ထင်စရာရှိပါတယ်။  ဒါပေမဲ့ နိုင်ငံတကာရုပ်ရှင်အသိုင်းအဝိုင်း၊ အနုပညာအသိုင်းအဝိုင်းတခုလုံးက ဒီဇာတ်ကားကို တခုတ်တရ အမွှန်းတင်ပြောဆိုကြသလို၊ နယူးယောက်တိုင်းမ် သတင်းစာကြီးက ဆိုရင် “ဆယ်စုနှစ်တွေအတွင်းမှာ အရေးကြီးဆုံးရုပ်ရှင်ကား တကား နဲ့ ဒီကိစ္စဟာ ဘာကြောင့်အရေးကြီးသလဲ” ဆိုတဲ့ ဆွေးနွေးထောက်ခံဝေဖန်မှုတွေကို ဝေဝေဆာဆာရေးသားခဲ့တယ်။
ဒီကားကို ဘာကြောင့် အကယ်ဒမီ ဆု (၅) ဆုပေးခဲ့တာလဲ။ ရာဇဝတ်မှု ဇာတ်လမ်းနဲ့ နောက်ခံထားတဲ့ ရုပ်ရှင်ကားတကားကို နိုင်ငံတကာပြည်သူတွေ ဘာကြောင့်ကြိုက်ခဲ့ကြသလဲ။ အဓိကအချက်တွေကတော့ လင်မယားနှစ်ယောက် ညတိုင်ရင် အိပ်ယာပေါ်မှာ ရင်ဖွင့်ပြောဆိုကြတဲ့ အပြန်အလှန်စကားပြောခန်းတွေ၊ စိတ်ခံစားမှုတွေပဲဖြစ်တယ်။ သူတို့နှစ်ယောက်ပြောဆိုနေကြတဲ့ ခံစားမှုတွေ၊ ဒဿန တွေကို လူတွေက ခံစားနားလည်နိုင်ခဲ့ကြတယ်။                                      
ဒါကြောင့်လည်း အဆင့်အတန်းရှိတဲ့ နိုင်ငံတကာအနုပညာအသိုင်းအဝိုင်းဟာ၊ စာနာနားလည်ခံစာနိုင်မှု ကို အရေးပါတဲ့ ကျင့်ဝတ်အဖြစ်ထည့်သွင်းပြီး အမှတ်ပေးခဲ့ကြတာဖြစ်တယ်။

(၄)
စာနာနားလည်မှုမရှိတဲ့ အနုပညာသမားတွေရဲ့ အောက်ခြေလွတ်မှု၊ အတ္တကြီးမားမှုတွေကိုလည်း ကျနော်တို့လောကထဲမှာ တခါတလေတွေ့ရတတ်ပါတယ်။ အပြင်လောကမှာ ဘာတွေဖြစ်နေမှန်းမသိပဲနဲ့ အငြိမ့်စင်က မီးစလိုက်ကို စိတ်ဆွဲနေသလိုမျိုး ဟိုဟာပြောရင် ဒီကိစ္စက မှိန်သွားမယ် ပြောလို့ပြော၊ ပုရွက်ဆိတ်နဲ့ ပုရုတ်ဆီကို ဥပမာပေးလို့ပေး ခက်တော့တာပဲ။ ယုတ်မာရက်စက်သူနဲ့ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းဆိုတာ ဘယ်တုံးကမှ အချင်းချင်းမဖြစ်ခဲ့သလို၊ ရန်သူ လို့ သတ်မှတ်ထားသူတွေဆီကနေ “ အဘ ကျနော်နိုင်ငံခြားသွားမလို့ မုန့်ဘိုးပေးပါအုံး” ဆိုတဲ့ မျက်နှာပြောင်ပြောင် အလုပ်တွေလည်း ကျနော်တို့မလုပ်ခဲ့ပါဘူး။ မိသားစုတခုလုံးလည်း နိုင်ငံခြားကို ပို့မထားခဲ့ပါဘူး။ “ခွှင့်လွတ်ခြင်းတရားတွေ တသွင်သွင်ပြောပြီး ကိုယ်ကဘယ်လိုသဘောထားကြီးကြောင်း ပြောဆိုနေမှုတွေဟာ မရိုးသားတဲ့ လေလံတင်မှု၊ လက်ခုပ်သံမျှော်မှု တခုဖြစ်တယ်” တဲ့။ ကိုယ့်ဘာသာ သတိထားရမှာက  အဇာတသတ်နောက်လိုက်မဖြစ်မိဖို့ရယ်၊ လူရည်လည်သူတွေချင်းဆက်သွယ်ပြီး NGOs တွေနဲ့ပေါင်းစီးပွားရေးလုပ်ဖို့ကြိုးစားနေကြတဲ့  နိုင်ငံရေးစားကျက်ထဲမှာ မမျောပါမိဖို့ရယ် ဆိုတဲ့အချက်ပါပဲ။  
(၅)
 “ရန်သူစစ်တပ်က ထောင်ချီသတ်တာကျတော့ ဘာမှမပြောဘူး။ လူ (၁၅) ယောက် (၃၀) လောက် သတ်ခံရတာကို ပြောနေတယ်၊ ငါတို့ရဲဘော်တွေ ဘယ်လိုပေးဆပ်ခဲ့ရတယ်” ဆိုတဲ့စကားကို ကြားမိတော့ ကျနော်တို့အညာဘက်မှာ နောက်ပြောင် ပြောဆိုနေတဲ့ “တံတားကြိုး သခင်များ” ဆိုတဲ့ဝေါဟာရကို သွားသတိယမိတယ်။
ဒုတိယကမ္ဘာစစ်အပြီး ဖက်ဆစ်ဂျပန်တွေ စစ်ရှုံးဆုတ်ခွာသွားတော့၊ တော်လှန်ရေးမှာလေးလေးနက်နက်မပါဝင်ခဲ့ဘူးသူတွေက လက်ပတ်တွေစည်း၊ လက်နက်တွေကိုင်ပြီး တော်လှန်ရေးခေါင်းဆောင်ယောင်ယောင်ထွက်လာကြတော့တယ်။ ရွာထိပ်က တံတားကြီးကို ချိုးကြပစ်လိုက်ပြီး၊ သူတို့တိုက်ထုတ်လိုက်လို့ ဖက်ဆစ်ဂျပန်တွေပဲထွက်ပြေးသွားသလိုလို၊ လုပ်ကြတော့တယ်။  မကြာပါဘူး။ သခင် ဆိုတဲ့နာမည်တွေကို ရှေ့မှာတပ်ပြီး၊ တည်ငြိမ်မှုမရှိသေးတဲ့ ရွာမှာ ရွာသားတွေကို အနိုင်ကျင့်တော့တယ်။  အကြောင်းသိသူတွေကတော့ သူတို့ကို တံတားကျိုးသခင် များလို့ ခေါ်ဝေါကြတာပေါ့။ ဒါပေမဲ့ သူတို့က အုပ်စုဖွဲ့ပြီး                    “ ငါတို့က ဘယ်လိုအနစ်နာခံခဲ့တယ်” ဆိုတာတွေပြော၊ ထန်းတောထဲမှာလည်း ညနေတိုင်ရင်မူးရူး၊ သောက်ထားတဲ့အရက်ဖိုး၊ ထမင်းဖိုးကိုလည်းမပေး၊ တွေ့ကရာ စော်ကားတော့တာပဲ။  အခုကျနော်တို့တတွေ ကြုံတွေ့နေရတဲ့ ပြည်ပနိုင်ငံရေးမှာလည်း အဲ့သလို “တံတားကျိုးသခင်များ” က နေရာအနှံ့တွေ့နေရတယ်။ တကယ် လက်နက်ကိုင်တိုက်လာတဲ့ ရဲဘော်တွေက အမှန်တရား နဲ့ ရိုးသားမှု ကို ဘာနဲ့မှ မလဲဘူး။ သူတို့ပေးဆပ်ခဲ့ရတာတွေကိုလည်း စာဖွဲ့ပြောမနေဘူး။ “ကိုယ့်အဖွဲ့အစည်းကို ဘယ်လိုချစ်ကြောင်း၊ လက်နက်ကိုင်တော်လှန်ရေး ကို ဆက်ဆင်နွဲရမယ်၊ ဘုံရန်သူကို မျက်ခြေမပြတ်နဲ့” လို့ ဟစ်ကြွေးနေသူတွေကို ကြည့်လိုက်တော့၊ တော်တော်များများက နိုင်ငံတကာ ဒိုနာတွေဆီက ငွေလိမ်တောင်းနေသူတွေ၊ တတိယနိုင်ငံတွေမှာ သောက်စားမူးယစ်နေသူတွေ၊ အစိုးရဆီက လူမှုဖူလုံရေးလိမ်တောင်းစားနေသူတွေကိုသာ တွေ့ရတယ်။

လူမှုတော်လှန်ရေးတရပ်လုပ်တယ်ဆိုတာ ဖက်ဆစ် အစိုးရကျူးလွန်နေတဲ့စရိုက်တွေကို အတုယူဖို့မဟုတ်ဘူး။ တော်လှန်ရေးလုပ်ခဲ့တာကို အကြောင်းပြပြီး အခွင့်အရေး ယူဖို့မဟုတ်ဘူး။ အစိုးရဘက်က သတ်တာတွေကိုပြောပြီး၊ ငါတို့ဘက်က ယုတ်မာတာတွေကို ပါးစပ်ပိတ်ထားလို့ အဆိုပြုတဲ့သူဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းဆောင်တဲ့ ကြံ့ဖွံ့အဖွဲ့ဝင်တွေနဲ့ အတူတူပဲဖြစ်သွားမှာပေါ့။  လူနေမှုအဆင့်မြင့်တဲ့နိုင်ငံတွေမှာ နေပြီး ကြံ့ဖွံ့လို စိတ်ဓါတ်တွေ မွေးနေကြ၊ ခြစားအကျင့်ပျက်သူတွေနဲ့ သူတော်ချင်းချင်းသတင်းလွေ့လွေ့လုပ်နေကြတာတော့ စိတ်မကောင်းစရာပဲ။
ပြောသာပြောရတာပါ။ ဘာမှမဟုတ်ပဲ စစ်သွေးကြွပုံစံတွေနဲ့ ကိုယ့်ဘာသာ ကိုယ်ရှိန်ကိုယ်ဝါတောက်ပပြနေတဲ့ လူတွေက လက်ချိုးရေ လို့ရပါတယ်။ သူတို့က ကျောင်းသားတပ်မတော်ကို ချစ်ဟန်ဆောင်ပြီး၊ အကျင့်ပျက်လူတယောက်နှစ်ယောက်ကို အကာအကွယ်ပေးနေတာ လူတိုင်းက သိနေပေမဲ့ သူတို့လို လိုက်အဆင့်မနိမ့်ချင်လို့ ယှဉ်ပြီး မပြောပဲနေကြတာ။ တကယ်တိုက်လာခဲ့တဲ့ ဒီမိုကရေစီရေးလိုလားသူတွေနဲ့ ကျောင်းသားတပ်မတော်က ရဲဘော်တွေ က အမှန်တရားနဲ့ ရိုးသားမှုကို ချစ်တယ်။ မြောက်ပိုင်းလူသတ်မှုကို အကြီးအကျယ်ရှုတ်ချပြီး စာနာနားလည်စွာပါဝင်နေကြတယ်။  ပြည်တွင်းကို သဝဏ်လွှာတွေပို့ကြတယ်။
အဲ့သလို ခိုင်မာတည်ကြည်တဲ့ ABSDF ရဲဘော်တွေရှိနေမှတော့ ကျန်တဲ့ ပြည်ပရောက် ကြံ့ဖွံ့တွေဆိုတာ၊ ဓါတ်တိုင်အောက်မှာ ပျံဝဲနေတဲ့ တရာသီစာ ပရစ်အော်သံတွေ အဖြစ်သာ ဆူညံကျန်ရစ်ခဲ့တာပါ။   
တရားမျှတမှုအတွက် တောင်းဆိုတိုက်ပွဲဝင်သံတွေ မကြာခင်ကြားကြရပါလိမ့်မယ်။
အောင်မိုးဝင်း







· · Share

  • 59 shares
    • Saw Wunna Lin အစိုးရဘက်က သတ်တာတွေကိုပြောပြီး၊ ငါတို့ဘက်က ယုတ်မာတာတွေကို ပါးစပ်ပိတ်ထားလို့ အဆိုပြုတဲ့သူဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းဆောင်တဲ့ ကြံ့ဖွံ့အဖွဲ့ဝင်တွေနဲ့ အတူတူပဲဖြစ်သွားမှာပေါ့။
    • Aye Aye Soe Win It (this posting) had raised a lot of philosophical questions not in the form of direct questions to the culprits, but more to the friends of those whom have been so wrong for so long. How many of them will see things through in time ?
    • Thone Drae Oo ဒီမိုကရေစီ ရဲ့ အနှစ်သာရကို နားလည်သူတိုင်း ရပ်တည်ရမဲ့ဘက်ကို ပြတ်ပြတ်သားသားမြင်နိုင်ကြပါစေ...tag အတွက် ကျေးဇူးတင်ပါတယ် KAMW...
    • Hlaing Bwa ကျေးဇူးပါ အောင်မိုး ညီ...
    • Vi Ya မိသားစုတခုလုံးလည်း နိုင်ငံခြားကို ပို့မထားခဲ့ပါဘူး။ “ခွှင့်လွတ်ခြင်းတရားတွေ တသွင်သွင်ပြောပြီး ကိုယ်ကဘယ်လိုသဘောထားကြီးကြောင်း ပြောဆိုနေမှုတွေဟာ မရိုးသားတဲ့ လေလံတင်မှု၊ လက်ခုပ်သံမျှော်မှု တခုဖြစ်တယ်” တဲ့။
    • မိုး စဲ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကတော့ ရှင်းနေပါပြီ..တံတာချိုးသခင်များ..ထူးဆန်းစွာ ဘာသံမှ ထွက်မလာပါလား...တောသပိတ်မှာ ရောယောင် သပိတ်ခေါင်းဆောင်လုပ် ကျောင်းသားတော်လှန်ရေး ကျောင်းသားသမိုင်း မသိပဲနဲ့ ကျောင်းသားတွေ သတ်ခဲ့ပြီး ကိုယ်ကိုတိုင်ပဲ တော်လှန်ရေးသမားကြီး လုပ်နေတဲ့သူတွေ ကာယကံရှင် မိန်းကလေး တယောက်က စိန်ခေါ်တာတောင် ဘာသံမထွက်အောင် သတ္တိတွေရှိနေကြပါလား..အဲ့ဒါပဲဗျ..ကျောင်းသာသွေး စစ်ရင် လုပ်ရဲရင် ခံရဲရတယ်..သွေးမစစ်တဲ့ကောင်တွေ..
    • Aung Moe Win တံတားကြိုး သခင်များ ကို တံတားကျိုး သခင်များ လို့ ဖတ်ပေးပါရန်-- ဆောရီးပါဗျာ
    • Min Tharr ကေါင်းလိုက်တဲ့ နာမ၀ိသေသနလေး တံတားကျိုးသခင်များတဲ့။
    • Soe Naing အောင်မိုးဝင်းရေ ကိုမောင်မောင်ဝမ်းကို သတိပေးလိုက်ပါဦး အမေရိကား ရောက်တာ ငါးခြောက်တဖတ်မပြောနဲ့ ရေတခွက်တောင် မသောက်ခဲ့ရပါဘူးလို့ အပြောခံနေရဦးမယ်လို့။
    • Maungmaung Skw
      ကြိုက်တယ်ဗျာ တံတားချိုးသခင်တွေ တဲ့
      ကျွန်တော် တနေ့မနေ့ကအထိ လေးစား
      နေခဲ့တဲ့ သူတစ်ယောက်ကို ပြောချင်နေ
      တဲ့စကား တစ်ခွန်းရှိတယ်။ပါးစပ်ကပြော
      မထွက်ခဲ့ဘူး။ဒီနေ့တော့ ပြောလိုက်ပါရ
      စေတော့ မထိမ်းနိုင်တော့လို့ပါ-
      "နောက်ဆုံးတော့ လူပျက်ဟာ လူပျက်ပါ
      ဘဲလားဗျာ" ။
    • Soe Naing ဖြစ်နိုင်ရင်တော့ ခွင့်လွှတ်ပေးလိုက်ကြပါကွာ အဲဒီလူက အရူးလက်မှတ် ကိုင်ထားရင်းနဲ့ ငါ့အထင်တော့ တကယ်ကို ရူးသွားပြီထင်တာပဲ။
    • Min Tharr အင်း လူ ၃၀၀ လောက်ရှိတဲ့စခန်းမှာ စပိုင်က အယေါက် ၁၀၀ ကျော်ဆိုတော့ ကျန်တဲ့လူ ၂၀၀ လောက် တောခိုဖို. အဲဒိဒေသကိုခြေချ တာနဲ.တင် သေသွားအောင်လုပ်လို.ရတယ်။ မလုပ်နိုင်တာ အဲဒိစပိုင်တွေညံ့လိုလား စပိုင်ဖေါ်ထုတ်ေ၇း စက်ကြိးကပဲ ကေါင်းလို.လား မသိဘူးနော်
    • Kyaw Soe Win ‎"ကျတော်တို့နိုင်ငံဟာ အဲ့သလောက် ဘယ်တုန်းကမှ ဆိုးရွားတဲ့လူသတ်မူတွေမဖြစ်ခဲ့ဘူး" "ဦးကြည်မောင်စကားတစ်ခွန်းနဲ့ ညီလာခံပျက်ခဲ့ရတဲ့အထိဖြစ်ခဲ့တယ်" "ခင်ဗျားတို့ ပိုင်ရင်တော့ လုပ်ကြပေါ့ဗျာ"

      (ဇာဂနာ(ခ) မောင် သူရ)မေရီလန်းတွင်ပြောကြားချက်
    • Min Tharr Min Tharr ဂတုံးထင်တာက သူစင်ပေါ်မှာ ပြက်လုံးထုတ်နေတယ်ထင်နေလား မသိ။ ဒါပြက်လုံးထုတ်ရမယ့် ကိစ္စမဟုတ်ဘူး။ တကယ်ဖြစ်ခဲ့တယ်။ တကယ်ခံစားခဲ့ရတယ်။ တကယ်သေခဲ့တယ်။ တကယ်ကျူးလွန်ခဲ့တယ်။
      a few seconds ago · Like
    • Thone Drae Oo ပြောတဲ့စကား လုပ်တဲ့ လုပ်ရပ်တွေအပေါ်မှာသာ တာဝန်မယူကြစတမ်းဆိုရင် သေရတဲ့လူတွေက ဟင်းရွက်ကန်စွန်းတွေမဟုတ်ဘူး..ဆိုတာရယ် ဖော်ထုတ်မှုဟာ အမှန်တရားနဲ့ ဒီမိုကရေစီရဲ့အနှစ်သာရအတွက်ဆိုတာရယ်ကိုတော့အားလုံးသဘောပေါက်ဘို့လိုပါတယ်..
    • ဘရာဇီး ငှက်ရိုး
      စာထုတ်တာက မေ၃၁၊ သတ်တာက ဖေဖော်ဝါရီ ၁၂(ပြည်ထောင်စုနေ့) ရက်ပေါင်း ၁၀၀ ကျော်ကျော်ကြာတာပဲ... ဒါဆိုရင် မသတ်ခင် ဘယ်လောက်ကြာကြာ ဖမ်းထားသလဲ (ပါဂျောင်မှာ လူဖမ်းပွဲ ဖြစ်နေတာ အေဘီတောင်ကော ဗဟိုကကော ဖြစ်ဖြစ်ချင်း သိပါသတဲ့) သတ်ပြီး ရက်၁၀၀ကျော်ထိ ဆိုတော့ "ပါဝါ၅၄" တွေ ပါဂျောင်အကျဉ်းထောင်ထဲမှာ ရူးမကုန်ဘူးလား (၅၅ယောက် အပြန်လမ်းမှာ ၁ယောက်ထပ်သေသွားတယ်) ထွက်ပြေးကြတဲ့ရက်က ဒီစာထုတ်တာထက် အများကြီးနောက်ကျနိုင်ပါသေးတယ်.. ကျနော်ကတော့ လက်ရှိအေဘီ ငြိမ်နေတာတောင် မသင်္ကာတော့ဘူး ကျနော် တောင်းဆိုချင်တာက 1992တုန်းက အေဘီမှာ မှတ်တမ်းတင်ထားတာတွေ ရှိရင်မြင်ချင်ပါသေးတယ်...
    • Aye Aye Soe Win
      Ko Zarganar is just a person, no more no less than that; why do you bother to read too much into what he said or what opinions he has got on the massacre at the ABSDF north in 1992 ? He (even someone else) has no philosophical authority over this case, which involved 39 deaths, torture and a prolong detention of more than 100 students. Whatever he said at these talk shows does not matter...He just reminds me of the political atmosphere back in early 90's when U Sein Win went around to towns and cities meeting expat Burmese just to produce no impact politics...U Zarganar's talk on this subject has no impact....
    • Shae Shae Century ကိုအောင်မိုးဝင်း ၊ တံတားကျိုးကမန်းမြို့ အနောက်မြောက်ညောင်ကွဲ အရပ်က တံတားကျိုး သုသာန်ကိုပြောတာလား. အဲဒီကရှေးလူကြီးတွေပြောတဲ့စကားက လာတာလား...
    • Marlu San ‎@ Ko Thein Htun: There are many people on your side to see the justice seved.
    • Udp Myanmar
      လွန်ခဲ့သည့် အနှစ် ၂၀ က ABSDF ဥက္ကဌ ဒေါက်တာနိုင်အောင် ပြောခဲ့တာက " ကျနော်အနေနဲ့ ရန်သူ့သူလျှို (၁၅) ယောက်ကို ကွပ်မျက်သတ်ဖြတ်ပစ်လိုက်ခြင်းဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ် လို့ ယုံကြည်တာကြောင့် ထပ်မံအငြင်းပွားစရာ မရှိတော့ပါ။ ဗဟိုကော်မီတီဟာ ယခုဆုံးဖြတ်ချက် လုပ်ငန်းစဉ်တလျှောက်လုံးမှာ လုံးဝပါဝင်ပတ်သက်ခဲ့ခြင်းမရှိသော်လည်း ဗဟိုကော်မတီ ကိုယ်စား ကျနော့်အနေနဲံ့ တာဝန်ရှိခဲ့တယ်ဆိုတာလက်ခံပါတယ်၊....ကျနော်တို့အနေဖြင့် သူတို့နဲ့ပတ်သက်တဲ့ ရန်သူ့သူလျှို မှတ်တမ်းအထောက်အထားအသေးစိတ်တွေကိုလူသိရှင်ကြားဖေါ်ပြပေးသွားမှာဖြစ်တယ်" -----ရန်သူ သူလျို(၁၅) ယောက်ကို ကွပ်မျက်သတ်ဖြတ်ပစ်လိုက်ခြင်းဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။---ဗဟိုကော်မတီ ကိုယ်စား ကျနော်.အနေနဲ. တာဝန်ရှိခဲ့တယ်ဆိုတာ လက်ခံပါတယ်။----ရန်သူ သူလျိုမှတ်တမ်းအထောက်အထား အသေးစိတ်တွေကို လူသိရှင်ကြား ဖော်ပြပေးသွားမှာ ဖြစ်တယ်---- ဒါတွေဟာ ABSDF ခေါင်းဆောင်တဦး၏ တရားဝင် ပြောဆိုချက်။ ၀န်ခံချက် အထောက်အထားတွေပါ---- ဒါပေမယ့် RFA အသံလွင့်ဌာနနဲ. ဒီလ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ.မှာ လုပ်သွား လွှင့်သွားတဲ့ မေးမြန်းချက်မှာတော့--- အဲဒီ ဥက္ကဌဟောင်းရဲ့ ပြောဆိုချက်တွေ လေသံတွေ ပြောင်းခဲ့ပါသည်။---ဒီလောက် လူတွေအများကြီး ဘယ်လို လုပ်ပြီး ထောက်လှမ်းရေးတွေ-- သူလျိုတွေ ဖြစ်နိုင်ပါ့မလား---တဲ့-။ အင်တာနက်တွေမှာ ရေးသားချက်တွေဟာ မမှန်ကန်ဘူး- အချက်အလက်တွေက မှားနေတယ်--ဒါကြောင့် ကျနော် တဦးတည်းအနေဖြင့် သဘောထား ထုတ်ပြန်ချက်တခု ထုတ်ဖို. အစီအစဉ်ရှိပါတယ်---အခု လောလောဆယ် အလုပ်တွေ များနေလို.---မထုတ် ပစ်သေးတာပါ--တဲ့။ ။ လွန်ခဲ့တဲ့အနှစ် ၂၀ ကတည်းက ကတိပေးထားတယ်--သူလျိုမှတ်တမ်းအထောက်အထား အသေးစိတ်တွေကို လူသိရှင်ကြား ဖော်ပြပေးသွားမှာ ဖြစ်တယ်---ဒီစကားက အနှစ် ၂၀ ကြာခဲ့သည်။ ။ လက်တွေ. ဖြစ်မလာသေး။ အခုအထိကို အလုပ်တွေ များနေသေးလို.---အထောက်အထားတွေက ထွက်မလားသေး--- နောက်ထပ်---ဘယ်နှစ် နှစ်များထပ်ပြီး---မှတ်တမ်းတွေ အထောက်အထားတွေကို လူတွေ သိရှိခွင့်ပေးမှာလဲ---မဟုတ်ရင် အမေရိကန် အာကာသယဉ်မှူး အမ်းစထရောင်း လကမ္ဘာပေါ် ခြေချခဲ့တာ-- ရိုက်ခဲ့တဲ့ မူရင်းဓာတ်ပုံတွေက အရည်အသွေးမကောင်းတာကြောင့်--- အဲဒီဟာတွေကို NASA က စတူဒီယိုမှာ ပြန်ရိုက်ခဲ့တဲ့ မှတ်တမ်းမျိုးတွေလား--- အခု လူတွေအများ မြင်ခဲ့ တွေ.ခဲ့ သိခဲ့တဲ့ အမေရိကန်တွေ လကမ္ဘာပေါ် ခြေတဲ့ ခြေလှမ်းတဲ့ ဗွီဒီယိုပုံရိပ်တွေဟာ တကယ် လကမ္ဘာမှာ ရိုက်ခဲ့သည့် Original Video Clip မူရင်းအစစ် မဟုတ်ပါ--- နာဆာက ပြန်ရိုက်ထားတဲ့ Reproductive-Recreated Images တွေပါ--- ဒါကြောင့် ဘာလို. ရှိတယ် ရှိတယ် ဆိုတဲ့ အထောက်အထားတွေကို လူသိအောင် ထုတ်ပြဖို.--- ဒီလောက် ကြာနေရတာလဲ--စဉ်းစားစရာပါ---အနှစ် ၂၀ ကြာတဲ့အခါ-- သူလျို မဟုတ်တာလဲ ပေါ်ခဲ့ပြီ--အမှန်တရားဆိုတာလဲ လူတွေ သိနေပြီ---အခု တတိယ ခြေလှမ်းကတော့----ရုံးကန်ကနား သွားကြတော့မည့်--ပေါင်ချိန်တို. ကျန်ကြောင်းတို.---စသည့် စသည့် ရုံးတော်ကို ဦးတိုက်ကြတော့မည်။ ။ဒါကြောင့် ဘုန်းကြီးပျံပွဲမဟုတ်လို. အငြိမ့်ပွဲလဲမလို။ လူပျက်လဲ ပါစရာ မလိုပါ---ပိုင်လို.လုပ်တာမဟုတ်ရင်တောင်---မခံနိုင်လို.-နစ်နာသူတွေအတွက်-စာနာ နားလည်မှုရှိလို.---ဆက်လျောက်ကြမှာပါ။ ။နောက်ထပ် ခြေလှမ်းတွေအတွက်---ငယ်ငယ်က မန္တလေးကျုံးကို ပတ်ပြေးခဲ့ဘူးတော့---ဂရုမစိုက်ပါ---လူရွှင်တော် မဟုတ်တော့ Funny ဖြစ်ချင်မှ ဖြစ်မှာပါ--ဒါပမေယ့်-- We are committed, We are determined & We are serious.
    • Aung Khaing Myint Thanks for sharing.please let me post in blog.http://8888newgenerations.blogspot.com/2012/02/blog-post_912.html#linksတကယ်တော့ အမှန်တရားဖေါ်ထုတ်ရေးအဆင့်က ပြီးဆုံးသွားပြီ။ ဘယ်သူတွေက လက်နက်ကိုင် တော်လှန်ရေးကို ဖျက်ဆီးခဲ့သူတွေလဲ၊ ဘယ်သူတွေက ဒီမိုကရေစီရေးလှုပ်ရှားသူအစစ်လဲ ဆိုတာတွေကလည်း ရှင်းရှင်းကြီးဖြစ်သွားပြီ။
    • ဘရာဇီး ငှက်ရိုး Udp Myanmar ရေ အထောက်အထားတွေ ပြမှာပါ အနဲဆုံး မိုးဦးကျလောက်တော့ ထွက်လာမှာပေါ့ နှစ်မျက်နှာတည်းသော အပေါ်ကတင်ထားတာတောင် ၃လကျော်ကျော်(ရက်၁၀၀ကျော်) ကြာတဲ့ နောက်တော့ လာမယ် နဲနဲကြာမယ်လေ...
    • Xman Natlumone
      ဒီနေရာတော့ သွားကြည့်လိုက်ပေါ့
      http://www.facebook.com/permalink.php?story_fbid=340865252619367&id=100000876854608
      မလာတော့ဘူး Face Book ကိုဆိုပြီး ထွက်သွားတာ အမှန်တရား ကိုသိချင်လို့ ပြန်လှည့်လာတာ http://futuredreamz.ning.com/ ဒီနေရာဟာ အဆင်သင့် ဖြစ်နေပြီ အမေရိကန်ရောက် နိုင်ငံရေးသမား များအတွက် ဟဟဟဟဟ မိုးသီဇွန်အပါ အဝင် အယောင်ဆောင်တွေ အခွင့်ရေးသမားတွေ
      တိုင်ပြည် အုပ်ချုပ်မင်လုပ်ချင်တဲ့ လူစိတ်မရှိတဲ့လူတွေ ဟဟဟ တွေ့မယ် တွေ့မယ် Xman Natlumone ဟဟဟ တွေ့ကြသေးတာပေါ့
      USA ရောက် နိုင်ငံရေးသမားများ ( F**K UP ) ရိုင်းတယ်ထင်ရင် ဆောရီး
      မယုတ်မာဘူး တကိုယ်ကောင်မဆန်ဘူး You Know Who Am I What You Talk And What You Say I Have All Fully Record And you and your wife Voice Because I work You Sushi Shop 2 month 14 Day You Know How IS my Heat But You Still talk Behind me I am Cry ဟဟဟဟဟဟဟ
    • Darli Pug ‎":ပြောသာပြောရတာပါ။ ဘာမှမဟုတ်ပဲ စစ်သွေးကြွပုံစံတွေနဲ့ ကိုယ့်ဘာသာ ကိုယ်ရှိန်ကိုယ်ဝါတောက်ပပြနေတဲ့ လူတွေက လက်ချိုးရေ လို့ရပါတယ်။ သူတို့က ကျောင်းသားတပ်မတော်ကို ချစ်ဟန်ဆောင်ပြီး၊ အကျင့်ပျက်လူတယောက်နှစ်ယောက်ကို အကာအကွယ်ပေးနေတာ လူတိုင်းက သိနေပေမဲ့ သူတို့လို လိုက်အဆင့်မနိမ့်ချင်လို့ ယှဉ်ပြီး မပြောပဲနေကြတာ။" Thank you Ko Aung Moe Win yay..Your article is great and right at all.
    • Sithu Myo တရားမျှတမှုအတွက် တောင်းဆိုတိုက်ပွဲဝင်သံတွေ မကြာခင်ကြားကြရပါလိမ့်မယ် လို့ ထပ်တူထပ်မျှ ယုံကြည်လျှက်ပါ ။
    • အိုးဝေအောင် အိုးဘားမား
      ‎((အစိုးရဘက်က သတ်တာတွေကိုပြောပြီး၊ ငါတို့ဘက်က ယုတ်မာတာတွေကို ပါးစပ်ပိတ်ထားလို့ အဆိုပြုတဲ့သူဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းဆောင်တဲ့ ကြံ့ဖွံ့အဖွဲ့ဝင်တွေနဲ့ အတူတူပဲဖြစ်သွားမှာပေါ့။ လူနေမှုအဆင့်မြင့်တဲ့နိုင်ငံတွေမှာ နေပြီး ကြံ့ဖွံ့လို စိတ်ဓါတ်တွေ မွေးနေကြ၊ ခြစားအကျင့်ပျက်သူတွေနဲ့ သူတော်ချင်းချင်း သတင်းလွေ့လွေ့လုပ်နေကြတာတော့ စိတ်မကောင်းစရာပဲ။................ ကျန်တဲ့ ပြည်ပရောက် ကြံ့ဖွံ့တွေဆိုတာ၊ ဓါတ်တိုင်အောက်မှာ ပျံဝဲနေတဲ့ တရာသီစာ ပရစ်အော်သံတွေ အဖြစ်သာ ဆူညံကျန်ရစ်ခဲ့တာပါ။ )) ...ကျနော်ကြိုက်တဲ့ စာသားလေးတွေ ကောက်နုတ်လိုက်တာပါ။ (အိုးဝေအောင်)
    • Strong Hammer
      ဒီလို ရက်ရက်စက်စက် သတ်ရဲဘို့ဆိုတာ လူတယောက်ကို အကြာကြီး စိတ်ဓာတ်ရေးရာမှာ လေ့ကျင့်ထားမှရနိုင်မယ်ထင်တယ်..သွေးအေးအေးနဲ့လုပ်ရဲသတ်ရဲ အမိန့်ပေးရဲတဲ့သူတွေသာလျှင် ရန်သူ့သူလျှိုဖြစ်နိုင်ပါတယ်.. သူ့စာတန်းအရဆိုရင် ထိပ်တန်းခေါင်းဆောင်တွေမှာ နေရာယူရေး ဆိုတော့ ဦးနိုင် အောင်(လူသတ်လို့ ဂုဏ်ထူးဘွဲ့ထူးတွေကိုမထည့်ပါ) ဟာ စစ်တပ်က သူလျှိုဖြစ်ဘို့များပါတယ်။ သတ်တဲ့သူတယောက်တိုင်းဆီဟာ ကျောင်းသားလုံးဝ မဟုတ်နိုင်ပါ..ကျောင်းသားအတုများသာ ဖြစ်နိုင်ပါတယ်။ ဒီလူတွေရဲ့နောက်ကြောင်းကို ကျွမ်းကျင်သူတွေနဲ့ အမြန်ပြန်လိုက်ဘို့လိုပါတယ်
    • Flygon Thapyay လွန်ခဲ့သော အနှစ် ၂၀ က ကြေငြာချက်....( ဒေါက်တာနိုင်အောင်ပြောကြားချက် )
      လွန်ခဲ့သည့် အနှစ် ၂၀ က ABSDF ဥက္ကဌ ဒေါက်တာနိုင်အောင် ပြောခဲ့တာက " ကျနော်အနေနဲ့ ရန်သူ့သူလျှို
      (၁၅) ယောက်ကို ကွပ်မျက်သတ်ဖြတ်ပစ်လိုက်ခြင်းဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ် လို့ ယုံကြည်တာကြောင့်
      ထပ်မံအငြင်းပွားစရာ မရှိတော့ပါ။...
    • Flygon Thapyay လွန်ခဲ့သော တစ်ပတ်ခန့်လောက်က.....( ဒေါက်တာနိုင်အောင်ပြောကြားချက် )
      (RFA အသံလွင့်ဌာနနဲ့ ဒီလ (၂၀၁၂ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့) မှာ လုပ်သွား လွှင့်သွားတဲ့ မေးမြန်းချက်မှာတော့---
      ဒီလောက် လူတွေအများကြီး ဘယ်လို လုပ်ပြီး ထောက်လှမ်းရေးတွေ--
      သူလျိုတွေ ဖြစ်နိုင်ပါ့မလား---တဲ့-။ အင်တာနက်တွေမှာ ရေးသားချက်တွေဟာ မမှန်ကန်ဘူးတဲ့ )
    • Ko Zayar http://moemaka.com/2012/02/absdf-in-1992/
      moemaka.com
      ABSDF မြောက်ပိုင်းမှာ ၁၉၉၂ ခုနှစ်က ဘာတွေဖြစ်ခဲ့သလဲ RFA ဖေဖောá...
    • ဦး ဦး နိုင်ငံရေးလူပျက်
    • Ko Baloi ကိုအောင်မိုးဝင်းရဲ့ နှိုင်းယှဉ်ပြချက်တွေဟာ....အရမ်းကို စီလျှော်ပါပေတယ်။ ကြိုက်တယ်။
    • Min Min Aung တတက်စားလဲ ကြက်သွန်ပဲ..နှစ်တက်စားလဲ ကြက်သွန်ပဲ...ဘယ်သူတွေ ဘယ်လောက် သတ်သတ်..ကိုယ်သတ်ခဲ့သူတွေရဲ့ သွေးတွေက လက်မှာမခြောက်သေးဘူး ဆိုတာ သတိရနေဖို့ပဲ...သူများသတ်တိုင်း လိုက်သတ်လို့ အရေးမယူကြစတမ်း ဆိုရင် လူသတ်ပွဲတွေ ဆုံးမှာမဟုတ်တော့ဘူး ဆိုတာလေးလဲ သိထားပေးပါ...
    • Myo Thein အခုကျနော်တို့တတွေ ကြုံတွေ့နေရတဲ့ ပြည်ပနိုင်ငံရေးမှာလည်း အဲ့သလို “တံတားကျိုးသခင်များ” က နေရာအနှံ့တွေ့နေရတယ်။ တကယ် လက်နက်ကိုင်တိုက်လာတဲ့ ရဲဘော်တွေက အမှန်တရား နဲ့ ရိုးသားမှု ကို ဘာနဲ့မှ မလဲဘူး။ သူတို့ပေးဆပ်ခဲ့ရတာတွေကိုလည်း စာဖွဲ့ပြောမနေဘူး ........... It is true....
    • Thu Rein Htun တံတားကျိုးသခင်များ တဲ့ အတော်ကောင်းတဲ့နာမည် အခုလက်ရှိအဖွဲ့အစည်းတွေထဲမှာ တံတားကျိုး သခင် တွေ တော်တော်များတယ်
    • Jar Gyi http://www.scribd.com/doc/82103436/Final-Statement-Others
      ABSDF(မပ)ကိစ္စနှင့်ပါတ်သက်၍မကဒတ-တပ်ဦးအဖွဲ့ဝင်များ။ရဲဘော်ဟောင်းများသဘောထားထုတ်ပြန်ချက်။
    • Zaw Ko Naing တော်တော်ရေးလဲ ရေးနိုင်တဲ့လူပဲ။
    • Thidar Winြ"ကာနီကန်ဆရာတော်"ရဲ့"၀ိပါတ်ကြမ္မာမပြေးသာ"တရားနားထောင်ရင်း..ရင်ထဲကခံစားချက်အပူသောကမီးတွကိုကြိုးစားမြိုချနေပါတယ်ချစ်သူငယ်ချင်းရေ.တရားနတ်စောင့်တယ်တဲ့သူ့တရားသူစီရင်ကြပါလိမ့်မယ်".ရဲဘော်မသေ..သေသော်ငရဲမလား"...ချစ်သူငယ်ချင်းကောင်းရာသုဂတိလားပါစေ..
    • Hla Yin Wine Zaw Ko Naingဘာသဘောနဲ့ဘယ်သူကိုပြောတာလဲ။ ဒါနောက်စရာ ပြောင်စရာမဟုတ်ဘူး ။
    • Aye Aye Soe Win
      Response to ABSDF(မပ)ကိစ္စနှင့်ပါတ်သက်၍မကဒတ-တပ်ဦးအဖွဲ့ဝင်များ။ရဲဘော်ဟောင်းများသဘောထားထုတ်ပြန်ချက်။How many of you support this statement? You cannot abuse the word that conveys a comprehensive meaning:"All ABSDF Overseas". It would have been a valid document if you had made efforts to put names and signatures that support your points in this funny statement. It seems seeing a news item in the government-run newspaper. How many of you now support your propaganda that there are groups attacking the ABSDF? Do not use the name of the ABSDF again and again to protect a few people responsible for things back in the past? If you use နိုင်ငံတကာရောက် မကဒတအဖွဲ့ ဝင်များနှင့်ရဲဘော်ဟောင်းများ(Stand for the ABSDF), you can be sued for putting a wrong image as if all former ABSDF members supported your ideas and propaganda. Let's go straightforward...That's the only way...The only way...
    • Myo Thida Without names and phone numbers, what are former ABSDFs, 3 or 4 RATS ?
    • ဘရာဇီး ငှက်ရိုး ကြွက်က နိုင်ငံတကာရောက် အဖွဲ့စုံက 91 ယောက်တဲ့ နောက်ခံအင်အား 1000ကျော်ဆိုလားပဲ.... ဘာတံဆိပ် ဘာအဖွဲ့မှန်းလဲ မသိ...
    • Thar Swe ကြေညာချက်နဲ့အင်တာဗျူး တလွဲဗျာ။ တခုပဲပြောစရာရှိတော့ ကျနော့် wall မှာရေးထားသလိုပါပဲ ............. နေ၀င်း က ဆိုရှယ်လစ် ဆိုပြီး ထလုပ်တော့
      သခင်စိုး ကပြောတယ်
      ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတယ်တဲ့
      ဆိုလိုတာက
      ဆိုရှယ်လစ်အမည်ခံပြီး စစ်အာဏာရှင်စနစ်ထူထောင်တယ်ပေါ့

      ဒါပါပဲ။ အဲဒီလောက်ပဲ ပြောမယ်။
    • အိုးဝေအောင် အိုးဘားမား ကြေငြာချက် ဆိတ်ခေါင်းချိတ်ပြီး-အင်တာဗျူးခွေးသားရောင်းတဲ့လုပ်ရပ်လို့ ပြောမလား။
    • Khin Nyein Thit အစကတော့ ကိုသူရ ကိုဘာမှ မဝေဖန်ပဲနေမလို့ပါ။ ပြောရမယ်ဆိုရင် နိုင်အောင်ဆိုတဲ့ ကောင်က ကိုသူရကို မွေးထားတာပဲ။ ဒါကြောင့်ျွှိုင်အောင့်ဘက်ကရပ်နေရတာပါ
    • Mg Burma share ပါရစေဗျာ ...
    • Myint Thein ‎1992ခုနှစ်မေလ(၂၁)ရက်နံက်(၂)နာရီမှာအပြီးထွက်ပြေးလွတ်မြောက်နိုင်ခဲ့တယ်။သူ့ ရဲ့ ကြေငြာချက်ကထွက်ပြေးပြီးအစိုးရလက်ထဲတောင်ရောက်သွားပါပြီးမှထွက်တာပါ။အဲဒီအချိန်စခန်းမှာမိဘနဲ့ တွေ့ ပေးပြီးပြန်လွတ်ပေးမယ်လို့ြေ.ပာပြီးမလွတ်ပေးဘဲထားတဲ့(၇)လောက်ဘဲကျန်ခဲ့ပါတယ်။
      March 9 at 7:49am · · 2
    • ဘရာဇီး ငှက်ရိုး ကိုကျော်စွာဝင်းမောင် ဖေ့စ်ဘွတ်ခ် သုံးနေပြီလို့လဲ ခေါင်းဆောင်ကြီးကို ပြောပေးကြပါ... ဟားဟား

No comments:

Post a Comment