Saturday, August 4, 2012

ဦးစိန်သမီးပြောတဲ့....ဦးလေးစိန်အကြောင်း

1992 မြောက်ပိုင်း ABSDF တွင် ရက်စက်စွာလုပ်ကြံစွပ်စွဲခံခဲ့ရသောသူများထဲမှလူတစ်ယောက်၏ မိသားစုဘဝ

by Sein Sein Thu on Sunday, March 18, 2012 at 7:17pm ·
         ကျွန်မဖေဖေ၏ သေဆုံးမှုတွင် ရက်စက်စွာပါဝင်ဆင်နွှဲခဲ့ကြသောသူများသည်လည်း မိဘ၊မိသားစုဘ၀မျှော်လင့်ချက်၊အနာဂတ်ဘ၀ ဆိုတာ ရှိကြမှာပင်။ သို့သော် လူသားချင်းစာနာစိတ် ၊ ကိုယ်ချင်းစာစိတ်ကင်းမဲ့စွာ ဖေဖေအပါအ၀င်လူပေါင်းများစွာ၏အသက်၊ မိသားစုဘ၀၊  အနာဂတ်ပေါင်းများစွာကို ရက်ရက်စက်စက် ဖျက်ဆီးခဲ့ကြပါသော လူတစ်စုသည် အမှန်တကယ်ရှိခဲ့ပါတယ်။ထိုလူတစ်စု၏ လုပ်ကြံစွပ်စွဲမှုကို ခံခဲ့ရသော အမှန်တကယ်နစ်နာသူ များစွာထဲက တစ်ဦးဖြစ်
သည့် ကျွန်မဖေဖေ၏ဘ၀ အကြောင်းကို ပြောပြလိုပါတယ်။


         ဖေဖေဦးစိန်ကို 1944 ခု မတ်လ 28 ရက်နေ့မှာ ပဲခူးတိုင်း စစ်ကွင်းမြို့တွင် မွေးဖွားခဲ့ပါတယ်။ဦးသန်း၊ဒေါ်စောညွန့်တို့၏သားသမီး (၆)  ယောက်တွင် အငယ်ဆုံးသားပါ။ ကျွန်မ အဖွား မေမေကြီးဒေါ်စောညွန့် ကျွန်မကို ပြောခဲ့သောစကားတစ်ခွန်းရှိပါတယ်။ " ငါ အချစ်ဆုံးနဲ့ အမုန်းဆုံးက တစ်ယောက်တည်း" ဟုပါ။ ထိုသူမှာ ဖေဖေဦးစိန်ပဲ ဖြစ်ခဲ့ပါတယ်။ ပညာတတ်ရှားပါးသော လယ်သမားမိသားစုဘ၀ အတွင်းမှ ဥာဏ်ပညာထက်မြက်သော ခေတ်ပညာတတ် သားငယ်ကို ရန်ကုန်မြို့ကြီးမှာ တင့်တောင့်တင့်တယ်နေစေလိုခဲ့သည်မှာ မေမေကြီး ၏ ဆန္ဒပင်ဖြစ်ပါတယ်။ ဒါပေမယ့် တက္ကသိုလ်ကျောင်းသားဘ၀မှ စ၍ ယုံကြည်ရာလုပ်ရင်း အမေ၊ ဇနီးမယား၊ သားသမီးများကို ထားခဲ့ပြီး  ထွက်သွားရာမှ နောက်ဆုံးပြန်မဆုံနိုင်ခဲ့ခြင်းအတွက် ၀မ်းနည်းဒေါသမှန်း ကျွန်မ နားလည်ခဲ့ပါတယ်။

         ဖေဖေငယ်စဉ်က အ.ထ.က(စစ်ကွင်း)တွင် ပညာသင်ယူခဲ့ပါတယ်။ ထိုခေတ် ပညာရေးစနစ်အရ ဥာဏ်အလွန်ကောင်းသော ဖေဖေ သည် န၀မတန်း နှင့် တက္ကသိုလ်ဝင်တန်းကို တစ်နှစ်တည်းဖြင့်ဖြေဆိုအောင်မြင်ခဲ့ပြီး 1960 တွင် တက္ကသိုလ်ပညာရေးကို စတင် သင်ကြားခွင် ရခဲ့ပါ တယ်။တက္ကသိုလ်တက်ရောက်ပြီး ဇူလိုင် ၇ အရေးတော်ပုံမှ အစပြုကာ ဖေဖေသည် သူယုံကြည်ရာ လမ်းကို လျှောက်ခဲ့ သူ ဖြစ်ပါတယ်။

         1963-64 တွင် လသာမြို့နယ်တွင်းရှိ ကျောင်းတစ်ခုတွင် ကျောင်းဆရာလုပ်နေရာမှ စက္ကူစက် ပညာတော်သင်လျှောက်ရာ ရွေးချယ်ခံရပြီး 1965 မှ 67 အတွင်း တရုတ်ပြည်တွင် ၂ နှစ်ကြာ စက္ကူစက် ပညာတော်သင်သွားရောက်ခဲ့ပါတယ်။ ပညာတော်သင်မှ ပြန်ရောက်လာပြီး ပထမဦးစွာ လမ်းနီလေး သုတေသနရုံး ၊ ထို့နောက် စစ်တောင်းစက္ကူစက် တွင် လက်ထောက်ဖိုမင် တာဝန်ထမ်းဆောင် ခဲ့ပါတယ်။ 1967 တွင် ကျွန်မ မေမေ ဒေါ်ကျင်အေး နှင့်အိမ်ထောင်ပြုခဲ့ပါတယ်။ ကျွန်မဖေဖေဟာ ယောက္ခမချစ်အောင်နေတတ်ခဲ့သော  သမက်တစ်ယောက်ဖြစ်ပါတယ်။ ကျွန်မ၏ ကြီးတော် (မေမေ့အစ်မ) က အခုချိန်ထိ စကားစပ်မိတိုင်း ပြောတတ်ပါတယ်။"မောင်စိန့်ကို   အမေ(မေမေ့အမေ)က ကိုသိန်းထွန်း(ကျွန်မကြီးတော်၏ယောက်ျား)ထက် ပိုချစ်တယ်။ အမေ့ရွာ (ဝေါမြို့နယ်အတွင်းက မေမေတို့ဇာတိ ရွာပါ) ကို သွားလည်ရင်  လိုက်သွားပြီး ငါးတွေမျှား၊ အမျိုးတွေအိမ် လျှောက်သွား။ အမေချက်ကြွေးတာတွေကို ကောင်းလိုက်တာဆိုပြီး  တော့စား၊ အမေ သဘောကျအောင်နေတတ်တယ်။" ဟု ပြောလေ့ရှိပါတယ်။

        ကျွန်မဖေဖေက သားသမီးတွေပေါ်မှာလည်း ရည်ရွယ်ချက် ကြီးမားသောအဖေမျိုးပါ။ သမီးဦးဖြစ်သောကျွန်မ အစ်မကို တရုတ်   အမျိုးသမီး ချောအိမန် ကိုအားကျ၍ ငယ်စဉ်က ချောအိမန် ဟု ခေါ်ခဲ့ပြီး ကျောင်းနာမည်ကို စာရေးဆရာမ ခင်မာသစ်ကိုသဘောကျ၍  ခင်မာသစ် ဟု ပေးခဲ့ပါတယ်။ သားသမီး (၅)ယောက်စလုံးကို ခေတ်ပညာတတ် ထူးထူးချွန်ချွန်တွေ ဖြစ်စေချင်ခဲ့တယ်။ နယ်တွင် တွဲဖက် ကျောင်းဆရာလုပ်နေစဉ် အိမ်ကိုစာရေးတိုင်း ကျွန်မတို့ မောင်နှမတတွေ၏ ပညာရေးအတွက် အမြဲ လှမ်း၍ ဆုံးမတတ်ပါတယ်။ ထို့ကြောင့်ပင် ဖေဖေထွက်သွားစဉ်က (၄) နှစ်အရွယ် အငယ်ဆုံး ညီမလေး အပါအ၀င် မောင်နှစ်မ (၅)ယောက် စလုံးကို ကျွန်မ မေမေ သည် ဆင်းရဲဒုက္ခပေါင်းများစွာခံကာ ပညာဖြင့်ရပ်တည်နိုင်သောဘ၀မျိုးရောက်အောင် မေမေ ကြိုးစားခဲ့ပါတယ်။ ဖေဖေမရှိဘဲ ဖေဖေကိုယ်စား သားသမီးများကို ကြိုးစားထူထောင်ပေးခဲ့ရသော မေမေ့ ဆင်းရဲဒုက္ခများက အလွန်များခဲ့ပါတယ်။

       ဖေဖေသည် စစ်တောင်စက္ကူစက်တွင် တာဝန်ထမ်းဆောင်နေရာမှ 1970 တွင် အတွင်းဝန်ရုံး ပတ်လည်တွင် စက္ကူစက်အလုပ်သမား များ ဆန္ဒပြမှုဖြင့် အလုပ်ပြုတ်ခဲ့ပါတယ်။

        ထို့နောက် ဒလသင်္ဘောကျင်းတွင် ဘွဲ့ရအလုပ်သင်အဖြစ် အလုပ်ဝင်ခဲ့ပါတယ်။ 1976 တွင် မီးမောင်းစာစောင်ထုတ်ဝေမှု ၊ မှိုင်းရာပြည့် အရေးတော်ပုံ လှုပ်ရှားမှု များအတွက် ပေါင်းပြီး ထောင်ဒဏ် (18 )နှစ် ကျခံခဲ့ရပါတယ်။ သို့သော် 1980 တွင် လွတ်ငြိမ်းချမ်း သာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ပြီး စစ်ကွင်းမြို့တွင် မေမေကြီး နှင့် အတူ လယ်လုပ်ငန်းကို ပြန်လည်လုပ်ကိုင်ခဲ့ပါတယ်။

     သို့သော် ရန်ကုန်မြို့တွင်ပြန်လည်နေထိုင်စေချင်သော ဖေဖေ၏ တွဲဖက် သူငယ်ချင်းများ ၊ နိုင်ငံရေးလှုပ်ရှားဖက်များ၏ တိုက်တွန်းမှု ကြောင့်ဖေဖေသည်  1982 တွင် ရန်ကုန်မြို့တွင် ပြန်လည်နေထိုင်ခဲ့ပါတယ်။

      1986-87 တွင် ဇလွန်မြို့နယ်တွဲဖက် အ.ထ.က (ကော့ကပ်) ၊ 1988 တွင် မြောင်းမြမြို့နယ် တွဲဖက် အ.ထ.က (မြင်းကားဆိပ်)တွင် ကျောင်းဆရာလုပ်ခဲ့ပါတယ်။ ဖေဖေနှင့်အတူ ကျောင်းဆရာ လုပ်ခဲ့ဘူးသော ဖေဖေ့သူငယ်ချင်းများက ကျွန်မတို့အိမ်ရောက်တိုင်း ကိုစိန် စာသင်တုန်းကလေဟု အစချီကာ ဖေဖေနှင့် စာသင်ခန်း အတွေ့ အကြုံများကို ကျွန်မတို့ကို ဖောက်သည်ချတတ်ပါတယ်။

      ဖေဖေ အိမ်က စတင် ထွက်သွားသည့် 1989 ဇူလိုင် 14 ရက် နေ့မှာ ကျွန်မတို့ မိသားစုတွေ အတွက် မှတ်မှတ်ရရပါ။ ကျွန်မမွေးနေ့  လည်းဖြစ်သလို လပြည့်ဟုခေါ်သော ၀ါဆိုလပြည့်နေ့တွင် မွေးသည့် ကျွန်မမောင် မွေးနေ့ နှစ်ခု တိုက်ခဲ့လို့ပါ။ မေမေသည် ကျွန်မတို့  မောင်နှစ်မ မွေးနေ့အတွက် မုန့်ဖက်ထုပ်များလုပ်ပြီး အိမ်နီးနားချင်းများကို ဝေခဲ့ပါတယ်။ ကျွန်မတို့က မေမေ နှင့် ဖေဖေ အတွက်ဟုဆို ကာ မုန့်ဖက်ထုပ်အကြီးကြီး ၂ ခု လုပ်ထားခဲ့ပါတယ်။ မေမေ့အတွက်ကို မေမေကစားခဲ့ပြီး၊ အပြင်ထွက်သွားသော ဖေဖေ့အတွက်မုန့်ကို ဘုရားစင်တွင် တင်ထားပြီး သိမ်းထားခဲ့ပါတယ်။ ညရောက်သည့်တိုင် ပြန်မလာခဲ့သော ဖေဖေ့အတွက် အိပ်ရာခင်းပြီး ကျွန်မစောင်နေခဲ့ ပေမယ့် ထိုညမှစ၍ ဖေဖေပြန်မလာခဲ့သည်မှာ ယနေ့တိုင်ပါ။

      1992 ဇူလိုင်တွင် ဖေဖေဆုံးပြီဆိုသည့်သတင်း ကြားသည့်တိုင် ကျွန်မတို့ အတွက်တော့ မယုံကြည်နိုင်ခဲ့၊ လက်မခံနိုင်ခဲ့ပါ။ ဒါတောင် အဲဒီအချိန် ကျွန်မတို့သိခဲ့သော ဖေဖေသေဆုံးပုံသည် ယခုသိရသောအဖြစ်မှန်ကဲ့သို့ အလွန်ဆိုးရွားသော ခြေအနေမှန်း ကျွန်မတို့မိသား  စု မသိခဲ့ရပါ။ ခရီးထွက်သွားသော ဖခင်အပြန်ကို စောင့်မျှော်နေသည့်မိသားစုတွေလိုပဲ ကျွန်မတို့သည် ဖေဖေများ ပြန်လာမလား။ဆက် သွယ်လာမလား။ဘယ်တော့လောက်ဖုန်းဆက်မလဲ ဆိုတာမျိုးသည် ပြန်မလာနိုင်မှန်း သိခဲ့ရသည့် ယခုအချိန်ထိလည်း ရှိနေဆဲပါ။

     ကျွန်မတို့ မောင်နှမတွေမှ မေမေ့ကို အနိုင်ရချင်လျှင် " မေမေ ... ဖေဖေကနောက်အိမ်ထောင်ပြုပြီး ဇာတ်မြှုပ်နေတာနော်။မေမေ ဘာသိလို့လဲ" ဟု နောက်တတ်သလို၊ မေမေ မှလည်း ကျွန်မတို့ တတွေကို အနိုင်ရချင်လျှင် " နင်တို့ အဖေတူ အမေကွဲ မောင်နှမတွေ ပေါ်လာအုံးမယ်နော်" ဟု အနှစ် ၂၀ ကျော် ကြာခဲ့ပေမယ့် ပြန်လာနိုးမျှော်တတ်ခဲ့သော ကျွန်မတို့ မိသားစု အတွေးသည် မဖြစ်နိုင်မှန်း သေချာနေသည့် ယခုအချိန်မှာတော့ စကားအဖြစ် ကျန်နေခဲ့ပါတယ်။

     ကျွန်မ၏ အစ်မ နှင့် ညီမ (၂)ယောက် အိမ်ထောင်ကျပြီး သားလေးတွေ မွေးထားရာ ထိုကလေးတွေ၏ အမူအကျင့်၊ စရိုက်လက္ခဏာ သည် ဖေဖေနှင့် တစ်ချို့အချက်တွေ တူတတ်ရာ တစ်ခါတစ်ရံ ဖေဖေ ၀င်စားတာလား ဆိုကာ ကလေးတွေကို ကိုစိန်လေးလား မေးမိ  သည်မှာလည်း ကျွန်မတို့ မိသားစု အလုပ် တစ်ခုပါ။ သူတို့တွေမှာလည်း သူတို့သားတွေထဲမှ တစ်ယောက်ယောက်သည် ဖေဖေ၀င်စား  တာအဖြစ် ဂုဏ်ယူချင်ကြသည်။ ကျွန်မတို့ မိသားစုမှာ ဖေဖေ၏ သေဆုံးမှုကို သိပေမယ့်စိတ်ထဲက လက်မခံနိုင်ခဲ့ကြပါ။

     မည်ကဲ့သိုသောလူအမျိုးအစားဖြစ်ပါစေ ထိုသူကိုချစ်ခင်တွယ်တာသော မိဘ၊ ညီအစ်ကိုမောင်နှစ်မ၊ သားသမီး၊ သူငယ်ချင်းမိတ်ဆွေ ဆိုတာ ရှိ့စမြဲပါ။ နောက်ဆုံး တိရိစ္ဆာန်များတွင်ပင် တစ်ကောင်နှင့်တစ်ကောင် တွယ်တာစိတ်ဆိုတာရှိကြပေသည်။ သို့သော် ဖေဖေအပါ  အ၀င် ကျောင်သားများကို ရက်ရက်စက်စက်သတ်ခဲ့ကြသော ပြစ်မှုကို ကျူးလွန်ခဲ့ကြသော လူတစ်စုသည် မိသားစုဘ၀ဆိုတာ နားမ   လည် လူစိတ်ကင်းမဲ့စွာဖြင့် အမှားကြီးကို ကျူးလွန်ရဲခဲ့ကြပေသည်။
· · Share

  • 54 shares
    • Myo Naing တန်းဘိုးကြိးလှပါတယ်.......တိုင်းပြည်အတွက်တာကြယ်တစ်ပွင်.......
    • Aye Aye Soe Win well-done..Nyima
    • ဘရာဇီး ငှက်ရိုး ဖတ်ပြီး စိတ်မကောင်းဖြစ်ရပါတယ်...
    • Htay Tint
      ကိုစိန်မိသားစုတွေလိုဘဲ ။ ဌေးနိုင် မိသားစုတွေလည်း အတူတူခံစားနေရတယ် ။ နှလုံးရောဂါရှိတဲ့ ဌေးနိုင် အမေက ၂၀၁၀ အထိ သူ့ သားလေးပျောက်နေရှာတယ်ထင်တာ ။ မောင်နှမတွေကလည်း အသတ်ခံရတယ်ဆိုတာ မယုံကြည်ကြဖူး ။တစုံတရာ အကြောင်းရှိလို့  (ယူဂျီ) ဇတ်မြုတ်လိုက်တယ် ထ
      င်နေကြတာ ။ အခု အဖြစ်မှန် တွေကို တရားခံမရှိဘဲ ပ်ါလာတဲ့ အထိ မပြောပြရဲသေးဖူး ။ လူထုအတွက် တိုက်ပွဲဝင်ဖို့  လက်နက်ကိုင် နယ်မြေထဲ သွားတာ ကျန်ခဲ့သူတွေ ပြည်တွင်းမှာလည်းကြောက်နေရတာ နှစ်ပေါင်းများစွာ ။ ပြည်တွင်းမှာ ဒီမိုကရေစီ ဦးဆောင်သူတွေ အခြေအနေ ကောင်းလာတော့လည်း ထောက်လှမ်းရေး အဆက်အသွယ်ဟောင်းတွေလို အထင်ခံရ ပြန်တယ် ။ မသေသေးသူတွေ ဂုဏ်သိက္ခာ အတွက် တော်လှန်ရေး သမားကြီးတွေက ငဲ့ ကွက် သင့်ပါတယ် ။
      March 19 at 3:00pm · · 4
    • Kyi Lin my teacher,let's try together to make the killers know their wrong decision and cruel action.
      March 20 at 4:48pm · · 1
    • Nay Min ပြုသူအသစ် ဖြစ်သူအဟောင်းတဲ့ အဲဒိလူတွေမြန်မြန်အဟောင်းဖြစ်စေချင်လှပါပြီ

No comments:

Post a Comment