Friday, August 23, 2013

သူ့ကြွေးရှိက ဆပ်ရမည်။ ( ၆ )

သူ့ကြွေးရှိက ဆပ်ရမည်။ (၆)

February 26, 2012 at 4:54pm
၁၉၉၂-ကျောင်းသားဗဟို
စစ်ကြောရေးတွင် လက်စွမ်းပြခဲ့သူများ
၁၉၉၂-ကျောင်းသားဗဟို စစ်ကြောရေးတွင် လက်စွမ်းပြခဲ့သူများ

ကျွန်တော့်ကိုဖမ်းပြီး သံလွင်စခန်းမှာ ချုပ်ထားရာက စစ်ရေးအခြေအနေကြောင့် ထိုင်းဘက်ကမ်းကိုပြောင်းထားပါတယ်။ပထမတော့တပ်ရင်း-၂၀၉ကရဲဘော်တွေနဲ့ စတိုလိုအဆောင်လေးတစ်ခုမှာ
ခဏနေရပါတယ်။နောက်တော့ကျနော့ကိုအေဘီဗဟိုကော်မတီကလွှဲယူလိုက်ပြီးသီးသန့် ဆောက်ထားတဲ့အချုပ်ခန်းမှာထား
ပါတယ်။အဲဒီမှာဗဟိုကတာဝန်ပေးထားတဲ့ရဲဘော်တစ်ယောက်အမြဲစောင့်ပါတယ်။အောက်ဖက် မှာ အေဘီဗဟိုရုံးရှိပြီး တောင်ဘက်မှာ တပ်ရင်း ၂၀၉ (သံလွင်စခန်း)ရှိပါတယ်။ ဘယ်သူနဲ့မှ စကားမပြောရပေမယ့် ဗဟိုပြန်ကြားရေးက အကျယ်ကြီးဖွင့်တဲ့ သတင်းတွေကိုတော့ ညတိုင်းကြားနေရပါတယ်။ တစ်ရက်မှာတော့ မြောက်ပိုင်းမှာ
ဖမ်းထားတဲ့အထဲကလူ ၁၅ ဦးကို သတ်လိုက်တဲ့အကြောင်း ဘီဘီစီနဲ့ ကိုအောင်ထူးရဲ့အင်တာဗျူးကိုနားထောင်လိုက်ရပါတယ်။(ကိုထွန်းအောင်ကျော်အမည်ပါမပါကိုသေချာမသဲကွဲတော့ပါဘူး။)
ကျွန်တော့်အထင် နောက်တစ်လကျော်လောက် အကြာမှာပဲ တပ်ရင်း ၂၁၀ အ ပေါ်ကုန်းမှာရှိတဲ့ ကျောင်းသားစစ်ကြောရေးစခန်းကို ညဘက်ကြီးမှာ ပြောင်းရပါတယ်။ကျနော့အထင် ၁၉၉၂ခု-သင်္ကြန်ပြီးကာစလောက်ဖြစ်ပါလိမ့်မယ်။ စားဖိုဆောင်နားက ခွေးအိမ်လေးမှာ ကျွန်တော့်ကိုထားပါတယ်။၅ပေx၂ပေလောက်သာရှိတဲ့ခွေးအိမ်လေးမှာပန်းကန်ပြားတစ်ချပ်၊
ရေတစ်ဗူး၊အပေါ့အလေးသွားဖို့ ပုံးတစ်ခုပေးထားပြီးညအိပ်ရင်တော့ခြေထောက်နှစ်ချောင်းထောင်၊နံရံကိုထောက်အိပ်မှ
အဆင်ပြေပါတယ်။အဲဒီစခန်းမှာ ကိုလှဌေး(ယခုအနောက် အေဘီ)ကတာဝန်ခံဖြစ်ပြီး ကျော်ကျော်(ပု-မပ)၊ ခင်မောင်ဆွေ (တပ်ရင်း ၂၁၆)နဲ့ ကိုဖိုးထောင်ဦးဆောင်တဲ့ တပ်ရင်း ၃၀၃ က ရဲဘော်တွေရှိပါတယ်။ သူတို့က ကိုနိုင်အောင်ပြန်ရောက် နေပြီ  မင်းညာဖို့မကြိုးစားနဲ့တော့ဆိုပြီးစစ်ကြောရေးစ၀င်ပါတယ်။ပထမတော့မရိုက်နှက်သေးဘဲကျနော့ကိုကြမ်းပြင်ပေါ်ထိုင်ခိုင်း၊
သူတို့ ကခုံတွေပေါ်ကနေမေးခွန်းတွေမေးပါတယ်။သူတို့ မေးတာတွေပြန်ဖြေရင်းကျွန်တော်ထောက်လှမ်းရေးမဟုတ်တဲ့အကြောင်း အတန်တန်ပြောပါတယ်။နောက်တော့ဒီကောင်တွေကအသားမနာရင်ကောင်းကောင်းမဖြေဘူးဆိုပြီးရိုက်နှက်ညှင်းပန်းခြင်း
စလုပ်ပါတယ်။ကျနော့ခြေနှစ်ချောင်းကိုခြောက်ပေါက်ထိပ်တုံးထဲမှာထည့်၊လက်နှစ်ဖက်ကိုနောက်ပြန်လက်ထိပ်ခတ်ပြီး
ကျော်ကျော်ဦးဆောင်တဲ့လူအုပ်ကအသားကုန်သမပါတော့တယ်။(အသေးစိတ်နှိပ်စက်ပုံကိုရေးမပြချင်တော့ပါဘူး)
ကျနော့ရှေ့ သွားနှစ်ချောင်းပြုတ်ထွက်သွားပါပြိ။စိတ်ရော ရုပ်ရောပင်ပန်းရပါတယ်။ ဒီကောင် well trained ကွ။ သေချာရအောင်စစ်ဆိုတဲ့ကျော်ကျော်ပုရဲ့  အသံကိုလည်းကြားနေရပါတယ်။ ကျွန်တော်မခံနိုင်တော့ပါဘူး။ သက်သာအောင်ဝန်ခံလိုက်ဖို့ဆိုတာလည်း စစ်ထောက်လှမ်းရေးဖွဲ့စည်းပုံ၊ ကိုယ်ပိုင်နံပါတ်ဘယ်နှစ်လုံးဆိုတာ ကအစမသိတော့ အတော်ဒုက္ခရောက်ပါတယ်။ နောက်ဆုံးတော့လည်း မခံနိုင်ပါဘူး။အဲဒီမှာကျော်ကျော်ကပ်ပြောတဲ့စကားကလည်း ကျနော့ကိုအခုရွေးချယ်တဲ့လမ်းကိုလျှောက်ဖို့ တွန်းပို့ ခဲ့ပါတယ်။ဘာတဲ့၊ထွန်းအောင်ကျော်လိုဆင်ကြီးကိုတောင် ငါကမြောက်ပိုင်းမှာဖြိုလာခဲ့တာ။မင်းလောက်ကတော့ကွာ၊အသာလေးပဲတဲ့။ကျနော်ဘာတတ်နိုင်မှာလည်း။အဲဒီလိုကြီး မဟုတ်ဘဲနဲ့သေသွားမှာ ကျွန်တော်ကြောက်ပါတယ်။ ၀န်ခံပါ့မယ်။ကျနော့ကို ၂ ရက်လောက်တော့(ကျနော့အထင်) စဉ်းစားခွင့်ပေးပါပြောရပါ တယ်။
      သူတို့လိုက်စုံစမ်းလို့မရနိုင်တဲ့(ကျွန်တော့်အတွေးပေါ့)စစ်တပ်ကအထူးလေ့ကျင့်ပေးထားတဲ့ ကျောင်းသားထောက်လှမ်းရေးလုပ်ဇာတ် တစ်ခု ခင်းရပါတယ်။ ကိုယ်ပိုင်နံပါတ်အတွက် ဗိုလ်ချုပ်အောင်ဆန်းစီးတဲ့ ကားနံပါတ်ကို နည်းနည်းပြောင်းပေးလိုက်ပါတယ်။ RC-2874  ။ RCကိုစဉ်းစားရင် ဒေသကောလိပ်နဲ့ ရိုမန်ကတ်သလစ်ပဲ ထွက်နေလို့ pc (particular cell) လုပ်လိုက်ပါတယ်။ ဒုတိယနှစ် ရူပဗေဒသင် တုန်းက ကြားဖူးတဲ့ particular ပါ။ pc  ၂၈၇၄ ပေါ့။ သင်တန်းအမှတ် ၂/၈၇ က သင်တန်းသားနံပါတ် ၄ စသည်ဖြင့်ပေါ့။ ကိုယ်ပြောထား တာတွေ မမေ့အောင်  ပြန်ကျက်နေရတာလည်း တစ်ဒုက္ခပါပဲ။ ကျွန်တော်ဝန်ခံပြီး သိပ်မကြာခင်ပဲ ကိုနိုင်အောင်ကို တစ်ခေါက်တွေ့လိုက်ရတယ်။ နောက်ပိုင်းမှာ ကိုမျိုးဝင်း(မင်းသမီး)လည်း အဲဒီစခန်းကို ရောက်လာတတ်ပါတယ်။ ကြိုတွေးထားတာတွေ သူတို့မေးရင် အဆင်ပြေပေမယ့် မထင်တာတွေ မေးရင်လည်းအိုးနင်းခွက်နင်းပါ။ အဲဒီကျရင် တော့ ခံလိုက်ဦးပေါ့။ စိတ်အဆင်းရဲရဆုံး မေးခွန်းက ဗဟိုမှာ မင်းတို့လူတွေ မရှိဘဲ ဒီကို မင်းလာမှာ မဟုတ်ဘူးတဲ့။ ကျွန်တော် ငိုရပါတယ်။အဲဒီကိစ္စကိုကျနော်မစဉ်းစားမိသေးပါဘူး။(ဒီနေရာမှာတစ်ခုဝန်ခံရမှာကလူဟာစိတ်တင်းထားတုန်းကဘယ်လောက်
ဆော်ဆော်ခံနိုင်ပေမယ့်ဝန်ခံပြီးနောက်မှာတော့စိတ်ကပျော့သွားပြီးအရင်လိုမမာတော့တာ၊အသားသိပ်အနာမခံနိုင်တော့
တာကိုယ်တွေ့ ပါပဲ။)ဒါပေမဲ့ဘယ်လိုမှ ရှောင်လို့ မရတော့ပါဘူး။ ဆရာ နေ၀င်းအောင် နာမည် ပြောမိပါတယ်။ (ခွင့်လွှတ်ပါ ဆရာ၊ သူတို့ လမ်းကြောင်းပေးတာလို့ ကျနော်ကိုယ်လွတ်မရုန်းချင်ဘူး) မိုးသီးဘက်မှာလည်း မင်းတို့ လူရှိရမယ် ဆိုပြန်ရော။ အန္တာရယ်မဖြစ်လောက်ဘူး ထင်လို့ ကိုဋ္ဌေးနိုင်ကို ပြောမိပါတယ်။ (ကျန်ရစ်တဲ့မိသားစုဝင်အားလုံးကိုကျွန်တော်
တောင်းပန်ပါတယ် ) ဆရာ့ကို ဖမ်းပြီး စစ်မေးသံတွေ ကျွန်တော်ကြားလာရပါတယ်။ မင်း ချန်ထားသေးတယ်။ ငါတို့အပေါ် မရိုးသားဘူး ဆိုပြီး ထပ်မေးလာပြန်ပါ တယ်။ တစ်ယောက်ပြော တစ်ယောက်ဖမ်းဆိုရင် မကောင်းတော့ဘူး တွေးပြီး ဒုဥက္ကဋ္ဌ ကျော်ကျော်(မင်းသမီး)အပါအ၀င် ကိုဒီ၊ အောင်သူစတဲ့လူအချို့ ကိုကျနော်နာတိုင်းအလှည့်ကျပြောင်းပြီး
 ပြောပါတယ်။ကျနော်ပြောခဲ့တဲ့သူတွေကိုဒီနေ့ အထိမှတ်ထားပါတယ်။(ကိုနိုင်အောင်ပြောသလိုမြောက်ပိုင်းထက်များသွားမယ်
ဆိုတာမဟုတ်ပါဘူး။) နောက်ပိုင်းမှာ ကိုဋ္ဌေးနိုင်၊ အောင်သူတို့တွေ အကြောင်း ကြားရတော့ ကျွန်တော် နင့်နေအောင် ခံစားရပါတယ်။ အဲဒီ အမှန်တရား အတွက် ကျွန်တော် အတတ်နိုင်ဆုံးကြိုးစားသွားမှာ ဖြစ်တယ်။    မြောက်ပိုင်းကိစ္စတွေနဲ့ပတ်သက်လို့ မေးရင်တော့ အစပိုင်း ရမ်းပြောနေရတယ်။ တစ်ရက်တော့ တပ်ရင်း ၂၁၀ မှာ(တစ်ချို့ ကလည်း ၂၁၀နားကသစ်စက်လို့ ပြောပါတယ်) မြောက်ပိုင်းကိစ္စ ဗီဒီယိုခွေကို အကျယ်ကြီးဖွင့်တာ ကျွန်တော် ကြားရပါတယ်။ အဲဒီအချိန်က ၂၁၀ ရဲဘော်တွေကို ပြန်မေးကြည့်နိုင်ပါတယ်။ အဲဒီနောက်ပိုင်းတော့ မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ပြောရလွယ်သွားပါတယ်။ နန်းအောင်ထွေးကြည် ပြောတဲ့ ရေလှိုင်းစစ်ဆင်ရေး ဆိုတဲ့စကားကိုလည်း ပြန်ပြီး ဖောက်သည်ချနိုင် ခဲ့ပါတယ်။ သူက ဒုဗိုလ်ဆိုတော့ ကျွန်တော် ဗိုလ်စိုးလင်း လုပ်လိုက်ရပါတယ်။ (ပြည်တွင်း ပြန်ရောက်တော့ စစ်တပ်အသိုင်းအ၀ိုင်းနဲ့နီးတဲ့ သူငယ်ချင်း ၀န်ထမ်းတစ်ဦးက ပြောမှ ထောက်လှမ်းရေးမှာ ဒုဗိုလ်နဲ့ ဗိုလ် ရာထူးတွေ မရှိမှန်း သိရပါတယ်) ကိုဖိုးထောင်ဦးဆောင်တဲ့ ၃၀၃ က ရဲဘော်တွေကိုလည်း ကျွန်တော် စိတ်မနာပါဘူး။ ရိုးရိုးသားသားနဲ့ အမိန့်အတိုင်း သူတို့လုပ်ခဲ့ကြတာပါ။ ဖိလစ်၊ ဖလမ်း၊အောင်သိန်းဦး၊ အောင်ငှဲ၊ ကျူးကျူ၊ ရွှေဘ၊ ချယ်ရီ၊ ကျော်မင်း၊ မောင်မိုး၊ နတားလယ် အားလုံးက ဖြူစင်တဲ့ တိုင်းရင်းသား ကျောင်းသားရဲဘော်လေးတွေပါ။ (တစ်ခါတစ်လေကျ နာမည်တွေကအစ မှတ်မိနေပေမယ့် ကျွန်တော် မေ့ကျန်နေတဲ့ မစဉ်းစားမိတဲ့ ကိစ္စတွေလည်း ရှိဦးမှာပါ။ အတတ်နိုင်ဆုံး တိတိကျကျဖြစ်အောင်တော့ ကျွန်တော် ကြိုးစားရေးသားသွားမှာပါ။)  

အခုဆိုရင် ဖေဖော်ဝါရီ ၁၂ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ မြန်မာပြည်မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများ၏ သဘောထားထုတ်ပြန် ကြေညာ ချက်ကို အားလုံးဖတ်ပြီး ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့က သမိုင်းအမှန်တရား တစ်ခု ဖော်ထုတ်ပေးဖို့ ရိုးရိုးသားသား တောင်းဆိုနေတာပါ။ မကဒတဟာ  ကျွန်တော်တို့အားလုံးရဲ့ ရင်ထဲမှာ ယနေ့တိုင် ရှိဆဲပါ။ မကဒတရဲ့ ရည်ရွယ်ချက်လေးခုကို ကျွန်တော်အခုထိ မမေ့သေးပါဘူး။ တိုင်းရင်းသားအဖွဲ့အစည်း တွေ အရေးနဲ့ပတ်သက်လို့လည်း တတ်နိုင်သလောက် လုပ်နေတုန်းပါ။ မန္တလေးအိုးဘိုထောင်ထဲမှာ ရောက်နေတဲ့ ကယန်းပြည်သစ်ပါတီက ကိုစောလွင် (ကိုဋ္ဌေးအောင် ယခင် အေဘီ) ပြန်မလွတ်လာခင်အထိ ကျွန်တော်၊ မြင်းခြံက အောင်မြင့်ဟန်(ယခင် သေဘောဘိုး)၊ ရန်ကုန်က နုနုအောင် (ယခင် လူ့ ဘောင်သစ်) တို့ မန္တလေးက ဒေါ်သွယ်သွယ်စန်းနဲ့အတူ အပြင်ကနေ တတ်နိုင်သလောက် ကူညီခဲ့ကြပါတယ်။ ၂၀၁၁ ဒီဇင်ဘာလတုန်းကလည်း ( နိုဝင်ဘာ ၁၅မှာ ကျွန်တော့် အမေဆုံးသွားပါတယ်) ကချင်စစ်ဘေးဒုက္ခသည်တွေအတွက် ရန်ကုန်က နာရေးကူညီမှုအသင်း၊ ၈၈မျိုးဆက်ကျောင်းသားများ၊ မန္တလေးက ဘ၀အလင်းပရဟိတအသင်းတွေနဲ့ လိုက်သွားရင်း ဘ၀အလင်း အခမဲ့ဆေးပေးခန်းမှာ တိုင်းရင်းသား ဒုက္ခသည်တွေကို ကျွန်တော်တို့ မိသားစု ဆေး ကုသပေးခဲ့ကြပါတယ်။ ကျွန်တော်က အမှတ်စဉ်နဲ့ လူနာအမည်ခေါ်၊ အမျိုးသမီးနဲ့ အခြားဆရာဝန်နှစ်ဦးက ဆေးကုပေး၊ သားက ဆေးပုလင်းတွေ သူသိသလောက် လိုက်ရှာပေးနဲ့ပေါ့။ (ကျွန်တော့် အမျိုးသမီးက ဒေါက်တာနီလာဝင်းပါ၊ ရွှေပြည်ဦးဘတင်ရဲ့ မြေး၊ ကလိ ဦးတင်ဝင်းရဲ့ သမီး၊ ဦးဝင်းဖေ (ယခု VOA ) ရဲ့ တူမပါ)ကျွန်တော့် အမျိုးသမီးရဲ့အစ်ကို ကိုစည်သူဆိုရင် မြောက်ပိုင်းယူဂျီကိစ္စနဲ့ ထောင်ကျခဲ့ရပြီး အပြင်ပြန်ရောက်မှပါလာတဲ့ဒဏ်တွေနဲ့  ကွယ်လွန်သွားခဲ့ရတာပါ။ 

 ကျွန်တော့်အနေနဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို ရည်ရွယ်တိုက်ခိုက်တာမျိုး မလုပ်ချင်ပါဘူး။ တာဝန်ရှိသူတွေက ၀န်မခံသေးလို့ သမိုင်း အမှန်တရားအတွက် မလွဲမရှောင်သာ အမည်တပ် ရေးသားနေရတာ ဖြစ်ပါတယ်။၂၀၁၂ခု ဖေဖော်ဝါရီ ၁၄ရက်RFA အင်တာဗျူးမှာ ကိုနိုင်အောင် ပြောပါတယ်။ မြောက်ပိုင်းကို မပိုင်ပါဘူး။ အမိန့်ပေးလို့ မရပါဘူး။ အဲဒီစကားက ဖြစ် နိုင်ချေရှိပါတယ်။ အားလုံးစဉ်းစားကြည့်ဖို့ အချက်လေးတွေ ကျွန်တော် ပြောကြည့်ချင်တယ်။ကျနော့ကို ၁၉၉၁ခုအောက်တိုဘာလကုန်လောက်
သံလွင်စခန်းမှာ ဖမ်းခဲ့ပါတယ်။ကျွန်တော့်ကို ဖမ်းပြီး သုံးလကျော်အကြာမှာ မြောက်ပိုင်းလူသတ်ပွဲ ဖြစ်ပါတယ်။ ၉၂ ဖေဖော်ဝါရီ ၁၂ လူသတ်ပွဲကို ၉၂ မတ်လ ၁ရက်မှာ ဗဟိုကော်မတီ အတွင်းရေးမှူး ၁ (ကိုအောင်ထူး)က စာထုတ်ပါတယ်။ ကြားထဲမှာ ၁၇ရက်ပဲ ခြားပါတယ်။ နောက် မေလ ၃၁ရက်မှာ ဥက္ကဋ္ဌ ကိုနိုင်အောင်ကမြောက်ပိုင်းလုပ်ရပ်ကိုကမ္ဘာသိအောင် ရှင်းလင်း
ထောက်ခံစာ ထုတ်ပါတယ်။ မြောက်ပိုင်းနဲ့ ဆက်သွယ်ရတာ ဘယ်လောက် ခက်ခဲတယ်ဆို တာ ကျွန်တော် အသိဆုံးပါ။ (ကျနော်၁၉၉၀နှစ်ကုန်ပိုင်းမှာမြောက်ပိုင်းလိုင်ဇာကထွက်ခဲ့တာ ၁၉၉၁ခု-ဧပြီလလောက်မျကျောင်းသားဗဟို
ကိုရောက်ပါတယ်။)၁၇ရက်လေး အတွင်းမှာ ဗဟိုကော်မတီက စာထုတ်နိုင်လောက်အောင် မြောက်ပိုင်းကပဲ ဗဟိုကော်မတီကို ပိုင်သလား။  ဒါမှ မဟုတ် အမိန့်ပေးလို့ရသလား။ စဉ်းစားရမယ့်အချက်ဖြစ်ပါတယ်။ ကျွန်တော် ကိုယ်တိုင်တောင် မြောက်ပိုင်းရဲ့ စစ်ကြောရေးပြင်းထန်တာ၊ ခေါင်းဖြတ်ပြီး ရက်ရက်စက်စက် သတ်တာကို မသိခဲ့ပါဘူး။ အဲဒီအချိန်က ဗဟိုကော်မတီဝင် အများစုလည်း ကျွန်တော့်လိုပဲ ဖြစ်မှာပါ။ ကိုအောင်ထူး ကိုယ်တိုင်တောင် သေသေချာချာ သိခဲ့ရဲ့လား။ သိခဲ့ရင်ကော အဲဒီလိုစာမျိုး လက်မှတ်ထိုးပြီး ထုတ်မှာလား။ အမြန်ဆုံး စာထုတ်ရလောက်အောင် ဘယ်လိုအရာမျိုး ဘယ်လိုလူ မျိုးက တွန်းအားပေးခဲ့တာလဲ။ ဒီအချိန်မှာတော့ အဖြေထွက်သင့်ပါပြီ။ 

 ကျွန်တော်ဖတ်ဖူးတဲ့ လူထုဦးလှရဲ့ ထောင်စာအုပ်တွေထဲက စာသားလေးတစ်ပိုဒ်ကို မျှဝေပါဦးမယ်။ အပြစ်ရှိတဲ့ ရာဇ၀တ်သား ဆယ်ယောက် လွတ်ချင် လွတ်သွားပါစေ။ အပြစ်မဲ့တဲ့ လူတစ်ယောက် အပြစ်ဒဏ် မခံရစေနဲ့ တဲ့။ ကိုနိုင်အောင် မြောက်ပိုင်း သွား မသွားကို ခဏဘေးဖယ်ထားလိုက်ပါ။ RFAမှာ သူပြောသွားတဲ့ ဒီလောက်များတဲ့ လူတွေ စပိုင်ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာပဲကိုး ဆိုတဲ့ စကား။ ဒါက ခေါင်းဆောင်မပီသတဲ့ စကားပါ။ ကျွန်တော် အဲလို မရိုးသားတာမျိုးကို အမုန်းဆုံးပဲ။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကသာ သူဒီလို အတွေးမျိုးရှိခဲ့ရင်မြောက်ပိုင်းကိစ္စကိုကျနော်တို့ အကောင်းဆုံးသေချာလေ့လာပြိးလူရောသမိုင်းပါ
အသတ်ခံခဲ့ရ၊နစ်နာခဲ့ရသူတွေအတွက်အဖြေတစ်ခုထုတ်ပေးနိုင်ခဲ့မှာဖြစ်ပါတယ်။ အေဘီဗဟိုဖက်မှာလည်း ရင်နာစရာတွေ ဆက်ဖြစ်လာမှာ မဟုတ်ပါဘူး။ ကျွန်တော်ရော ဆရာနေ၀င်းအောင်ရော အိပ်မက်ဆိုးတွေ မက်ခဲ့ရမှာ မဟုတ်ပါဘူး။ ကိုဋ္ဌေးနိုင်ရော၊ အောင်သူရော ကြွေလွင့်ခဲ့ကြရမှာ မဟုတ်ပါဘူး။ မြောက်ပိုင်းမီးစ တောင်ပိုင်းဗဟိုကို ကျခဲ့မှာ မဟုတ်ပါဘူး။ 

 (နောက် အပိုင်းမှာ ကျွန်တော်တို့ကို ကျောင်းသားစစ်ကြောရေးစခန်း (ဒါးခွင်) ပြောင်းပြီး ရုံးထုတ် ထောင်ချခဲ့တာတွေကို ရေးသွားပါဦးမယ်)     
  • Hlaing Bwa Maung ပို့ စ်တွေ ရေးပြီးတိုင်းကျနော်ကို ..တဂ်ပေးပါ .ကိုစိုးလင်း။
  • Than Doke ခင်ဗျာရေးတာတွေဟာ ဖျောက်ဖျက်လို့ မရတဲ့ သမိုင်းတွေပါ။ စိတ်မကောင်း လဲ ဖြစ်ရပါတယ်ဗျာ။
  • Udp Myanmar ABSDF မြောက်ပိုင်းမှာ ကျောင်းသားတွေ ခေါင်းဖြတ်သတ်မှုတွေ ဗဟိုမှာ ဖမ်းဆီးနှိပ်စပ်မှုတွေ တချို. ဆေးထိုးပြီး သတ်တာကို နှလုံးရောဂါနဲ. သေသလိုလို( မှတ်ချက် ဒီတချက်ပဲ ထောက်လှမ်းရေးတွေ ပြောတာနဲ. တူသလိုလို--လူတွေ ထောင်ထဲ သေသွားရင် နှလုံးရောဂါတို. ကင်ဆာတ...See More
  • Nang Kham Mhom ဆက်ရေးပါဦး..သမိုင်းရဲ.အမှန်တရားတွေကိုဘယ်သူကမှဖျောက်ဖျက်လို.မရဘူးဆိုတာနိုင်အောင်နဲ.အပေါင်းအပါတွေကိုသိစေချင်လို.ပါ..အားပေးနေပါတယ်....
  • အိုးဝေအောင် အိုးဘားမား ပို့ စ်တွေ ရေးပြီးတိုင်း ကျနော့် ကို ..တဂ်ပေးပါ ကိုစိုးလင်း။
  • Zarni Phonezaw ခေါင်းဆောင်ဆိုတဲ့သူတွေအသိတရားမရှိကြလို့ပေါ့
  • Soe Lynn ကိုအိုးဝေရေ ကျနော်ကအင်တာနက်သိပ်မကျွမ်းဘူး။စာရေးပြီးသူများ တင်ခိုင်းနေရတာ။နားလည်ပေးပါ။
  • Zaw Zaw Aung ခင်ဗျားနဲ့ကျွန်တော်ချက်ထိုးတာ ထိုင်းဘက်ကမ်းမှာ ခင်ဗျား အဖမ်းခံထားရတဲ့ အချိန်လေဗျာ။အချုပ်ရှေ့ ကစားပွဲ ပေါ်မှာကစားကြတာလေ။အချုပ်အောက်မှာ ABဗဟို ရုံး၊မြောက်ဘက်မှာစားဖိုဆောင်ထင်တယ်။
  • Wine Chit Aung Nld ကိုစိုးလင်း ..စာရေးပြီ..။ အားပေးပါတယ်။ မှတ်တမ်းအဖြစ်ရော သမိုင်းအဖြစ်ပါ။

No comments:

Post a Comment