Saturday, August 24, 2013

ကျနော်လူကက်ဆက်ဇာတ်သိမ်း ( အပိုင်း ၂)

ကျနော်လူကက်ဆက်ဇာတ်သိမ်း ( အပိုင်း ၂)

August 24, 2013 at 8:26am
( မဖတ်ရသေးသူများအတွက် မြောက်ပိုင်းဖြစ်ရပ်မှန်ကို ပထမဦးဆုံးဖေါ်ထုတ်ခဲ့သူ ပန်းချီထိန်လင်းရဲ့ဆောင်းပါးကို ပြန်လည်တင်ဆက်ပေးပါတယ် )

                      ကိုထွန်းအောင်ကျော်နှင့်ကိုရဲလင်း



မျိုးချစ်လူငယ်များ အစည်းအရုံးမှာ ဒု-ဥက္ကဋ္ဌ လုပ်ခဲ့ဘူးတဲ့ ကိုရဲလင်းက “သက်ဆိုင်သူသို့” သီချင်း ဆိုပါတယ်။ အေဘီ ဗဟိုကော်မတီဝင် အဖြစ်ကနေ ထောက်လှမ်းရေးဆိုပြီး ၀န်ခံခဲ့ ရသဗျ။ တညမှ သီချင်းဆိုနေရင် တပ်ရင်းမှူး အောင်သန်းရဲ့ တုတ်ချက် တော်တော်ပြင်းပြင်း ထိသွားပြီး လုံးဝ သတိလစ်သွားပါတယ်။ ကျွန်တော်တို့ကတော့ ကိုရဲကို သေပြီလို့ ထားရာက (၂) ရက်လောက်မှာ သတိလည်လာပါတယ်။ နောက်တာ့ (၂) ပတ်လောက် ဘာမှ မေးလို့ မရဘဲ အူကြောင်ကြောင် ဖြစ်နေပါသေးတယ်။ ကံကောင်းလို့ မသေမပျောက်ပဲ မြေပေါ် ပြန်ရောက်လာတော့မှ သိရတာက သူ့မှာ ချစ်သူ ကျောင်းဆရာမလေး တယောက်က သူ့ကို စောင့်နေတာပါ။ ဆရာမလေးနဲ့ ပြန်ဆုံခွင့် ရလို့မှ မကြာခင် ၁၉၉၈ မှာ ကျွန်တော်တို့နဲ့ ထောင်ကျပြန်တော့ ထောင်တွင်းမှာ ဆက်ပြီး “သက်ဆိုင်သူသို့ ပို့မေတ္တာ တေးမဏ္ဏာချွေ” ရပြန်ပါတယ်။ သူ့ မေတ္တာကြောင့် သစ္စာစူးတာကတော့ ကျောင်းဆရာမလေးဟာ (၇) နှစ်တိတိ သူပြန်လာတာကို သစ္စာရှိရှိ စောင့်နေတာပါပဲ။

ထူးထူးခြားခြား ခင်မောင်တိုးရဲ့ “လောကတလင်းပြင်” ကိုပဲ သီဆိုသူက ၀ဏ္ဏဇော်ပါဗျ။ ဒီမောင်က တချိန်က နာမည်ကြီး မင်းသားကြီး ဇော်ခင်ရဲ့ သားတော်မောင်ပါ။ အရပ်မောင်းက ကောင်းကောင်း ပြည်ငြိမ်း တို့လို ဆိုက်ဂိုက် မျိုးမို့ ဓါတ်ရှင်မင်းသား ဘ၀နဲ့ ကျော်ကြားနိုင်ပါရက်နဲ့ တောထဲမှာလာပြီး NIB ကပါလို့ ထွက်ဆိုရပါတယ်။ သူပြန်ပြောပြတာကတော့ သူ့ကို နှိပ်စက်မှု တလျောက်လုံးမှာ အမှန်အတိုင်းပဲ ထွက်ဆိုခဲ့ရင်းကနေ မီးဖုတ်ထားတဲ့ ဓါးမြောင်နဲ့ သူ့ခြေသလုံးကို ကပ်တဲ့နောက်မှာတော့ ထောက်လှမ်းရေးက လွတ်လိုက်တဲ့ တပ်သားတယောက်ပါလို့ လိမ်ညာ ထွက်ဆိုခဲ့တယ်ဆိုပါတယ်။ ကျွန်တော် ရန်ကုန်ကိုပြန်ရောက် ပန်းချီဆရာတဦးအဖြစ် ကျင်လည်ရင်း တရက်မှာတော့ အရက်ဆိုင်မှာ မင်းသားကြီး ဦးဇော်ခင်နဲ့ ဆုံပါတယ်။ ကျွန်တော်လည်း ကိုယ့်ကိုကိုယ် မိတ်ဆက်ပြီး ၀ဏ္ဏ သူငယ်ချင်းပါ။ တောထဲမှာ ဆုံဘူးတတယ်လို့ ပြောတော့ မင်းသားကြီးက တအံ့တသြ မျက်လုံးပြူးကြည့်ပါတယ်။ ပြီးတော့ ခေါင်းကို သွက်သွက်ခါရင်း “ဆိုးပါတယ်ဗျာ။ ဆိုးလွန်းပါတယ်ဗျာ။” ဆိုတာကိုပဲ ခဏခဏ ပြောပြီး ခေါင်းပဲ ခါနေတာ မှတ်မိနေသဗျ။

ခု မြောက်ပိုင်းကိစ္စတွေကို အင်္ဂလိပ်ဘာသာနဲ့ ၀တ္ထုအသွင်ရေးခဲ့တဲ့ ဆမား ညီညီ (ခေါ်) ကိုညီညီက လည်း မကြာခဏ အဖွင့်ခံရတဲ့ လူကက်ဆက်ပဲ ခင်ဗျ။ အေဘီ အတွက် မြေအောက်လုပ်ငန်းတွေကို မန်းလေးမှာ နေပြီး လုပ်ပေးရင်းက ဗဟိုကို ခဏတက်လာရင်း ငှက်သင့်တဲ့ ပုဂ္ဂိုလ်ပေါ့ဗျာ။ မန်းလေးမှာ ကိုယ်ပိုင် အင်္ဂလိပ်စာ သင်တန်းကျောင်းလေးဖွင့် အသက်မွေးတယ် ဆိုသဗျ။ ဒါကြောင့် အီးလဲလ်ရဲ့ “ဟော်တယ်ကယ်လီဖိုးနီးယား” သီချင်းနဲ့ “By the rivers of Babylon” “Country Road” စတဲ့ အင်္ဂလိပ် သီချင်းတွေကို ဆိုတတ်တာမို့ အထူးသဖြင့် ဘို သီချင်းတွေ နားထောင်ချင်တဲ့ ဥက္ကဋ္ဌလေးနဲ့အဖွဲ့ တက်လာပြီဆိုရင်တော့ ထောင်မှုးလက်ဝါးက ကိုညီညီ ဆိုတဲ့ ကုလားရဲ့ ပါးပေါ် (ကိုညီက ဘာသာရေးကိုင်းရှိုင်းသူ အစ္စလမ်ဘာသာဝင် တဦးပါ) ကျရောက်ပါတော့တယ်။ ကိုညီညီဟာလည်း ပြင်းထန်တဲ့ စစ်ကြောရေးဒဏ် ခံခဲ့ရသဗျ။ သူနဲ့ နောက်ပိုင်း စကားပြောခွင့်ရတော့ သူဟာ မော်ဒန်အနုပညာကို ထဲထဲဝင် နားလည်တဲ့သူဖြစ်သလို မန္တလေးမှာ ပန်းချီချမ်းအေး၊ ကဗျာဆရာမ ဖြူမွန်တို့ ဇနီးမောင်နှံရဲ့ မိတ်ဆွေ တယောက်ဆိုတာလည်း သိရသဗျ။ ခေတ်သစ် ပန်းချီကျော် ခင်ဝမ်းက သူ့ ဖေးဖရိတ်တဲ့ဗျ။ ဒါကြောင့် မြန်မာသီချင်းဆို ခိုင်းပြီဆိုရင်တော့ ခင်ဝမ်းရဲ့ မြှားဘုရင် သီချင်း တပုဒ်ကိုပဲ ရွေးဆိုလေ့ရှိပါတယ်။

                           ကိုကျော်နိုင်ဦး (ကိုကြောင်) ၊ နန်းအောင်ထွေးကြည် ၊ ကိုညီညီ (ဆမား)



သေရေးရှင်ရေး ဖြစ်လာတော့ လူတကိုယ် သီချင်းတပုဒ်တော့ရဘို့ ဖြစ်လာတဲ့ ခေတ်ကြီးမှာ ဘ၀မှာ သီချင်းတခါမှ မညဉ်းဘူးတဲ့ ကိုကြောင် (ခ) ကျော်နိုင်ဦး လို လူမျိုးလည်း ကြုံခဲ့ရဘူးပါတယ်။ သာယာဝတီ အကျဉ်းထောင်ကို ဖြတ်သန်းဘူးတဲ့ အကျဉ်းသားမှန်ရင် သာယာဝတီဈေးထဲ ဦးကျားကြီးဆေးဆိုင်ကို မသိတဲ့ လူ ရှိကို မရှိဘူးလို့ ပြောချင်သဗျ။ နိုင်ငံရေး အကျဉ်းသားတွေကို ကူညီတဲ့ အလုပ်ကို ကိုယ့် အသိစိတ်နဲ့ကိုယ် သတ္တိရှိရှိ လုပ်ခဲ့တဲ့ သာယာဝတီ အယ်နယ်ဒီပါတီဝင် ဦးကျားကြီးလို လူမျိုးမြန်မာပြည်မှာ တော်တော်ရှားပါတယ်။ မန်းလေးထောင်လောကမှာ ဒေါ်ဝင်းမြမြတို့ကို မသိဘူးဆိုရင် မန်းထောင်နေခဲ့သူလို့ ပြောမရသလိုမျိုးပါပဲ။ အဲဒီလို ထင်ရှားတဲ့ ဦးကျားကြီးသား ကိုကျော်နိုင်ဦးကို NIB က ဗိုလ်ဆိုပြီး စွဲချက်တင် စစ်ပါတယ်။ ကိုကြောင် (ခ) ကိုကျော်နိုင်ဦး (ဓါတ်ပုံထဲ အစွန်လူ) ခမျာ လူကက်ဆက်ဘ၀မှာ နောက်ဆုံး တော်တော် အကြပ်ရိုက်ရှာပါတယ်။ နောက်ဆုံး နားဆူချင် ဆူစေတော့ ပါးပူတော့ မခံတော့ဘူးလို့ ဆုံးဖြတ်ပြီး ကိုကြောင်တယောက် သူ အစအဆုံး ကောင်းကောင်းရတဲ့ သီချင်းတပုဒ်ကို ဟဲ ချလိုက်ပါတယ်။

“ရောင်စုံ ဘောလုံး ရောင်စုံ ဘောလုံး တလုံးငါးပြား” ...ပါ။

ကျွန်တော်တို့ကို ၁၉၉၈ ခုမှာဖမ်းတော့ ကိုကြောင်ကို ထောက်လှန်းရေးက လိုက်ပါတယ်။ ခုတော့ သူ့ကို လိုက်ခဲ့တုန်းက ထောက်လှမ်းရေးတွေလည်း ၂၀၀၄ မှာ ထောင်ထဲ ရောက်ကုန်ပါတယ်။ ၂၀၀၅ မှာတော့ အေဘီက ကိုသံချောင်းကို အစိုးရ ဖမ်းမိပြီး သေဒဏ်ချလိုက်ပြီး ကိုသံချောင်း တယောက် သာယာဝတီထောင် ရောက်လာတယ် ဆိုတာ ကိုကြောင်က ပြောပါတယ်။ ပြီးတော့ ကိုသံချောင်းကို အပြင်ကနေ တတ်သလောက် ကူညီပေးသင့်တယ် လို့ ပြောတဲ့အခါ ကျွန်တော်တို့ ထဲမှာ ပစ်ထားလိုက်လို့ တယောက်မှ သဘောထား ပေးမလာတဲ့ အတွက်တော့ ဒီနေ့ထိ ကျေနပ်မိပါတယ်။ ကျွန်တော်တို့ သဘောကတော့ ကိုသံချောင်းပြုခဲ့တဲ့ ကံက သူ့အကျိုး သူပေးပါလိမ့်မယ်။ ကျွန်တော်တို့ ကြုံခဲ့ရဘူတဲ့ ငရဲမျိုးက သဘောထားမျိုးကိုတော့ ကျွန်တော်တို့နဲ့ ဆက်စပ်လာမယ့် အနာဂတ်မှာ သမိုင်းဘီး နောက်တပါတ် ထပ်မလည်ကြဘို့က အရေးကြီးဆုံး ဖြစ်ပါတယ်။ ကျွန်တော်တို့က ဦးကျားကြီးသား ကိုကြောင်ကို “ကျားဆရာ၊ ကြောင်” လို့ နောက်လေ့ရှိပါတယ်။ ငါ့သားကို တောထဲမှာ ရက်ရက်စက်စက် လုပ်ခဲ့တဲ့ကောင်တွေပဲ “ထောင်ထဲမှာ အခု ခံစမ်း” လို့ ပစ်မထားတဲ့ ဦးကျာကြီးရဲ့ စိတ်ဓါတ်ကို ပိုလို့လေးစားမိပါတယ်။

ပြောတော့ ရန်ကုန်သား၊ ဆိုတော့ “အမေနဲ့ရွာကိုလွမ်းတယ်” လို့ မကြာခဏ ပြောတာခံရသူက စမ်းချောင်း အ၊ထ၊က ကျောင်းသားများသမဂ္ဂ ခေါင်းဆောင်လုပ်ခဲ့တယ်ဆိုတဲ့ ဖိုးကျော် (ခ) ကျော်ဝင်းဆွေပါ။ တွံတေးသိန်းတန်ရဲ့ သီချင်းတွေကို တွံ့တေးသိန်းတန် လေသံအတိုင်း ဆိုတတ်ပါသဗျ။ တညမှာတော့ တွံတေးရဲ့ “အသီးတရာ၊ အညှာတခု” ကို ပိုင်ပိုင်နိုင်နိုင် ချွဲချွဲနွဲ့နွဲ့ ဆိုတာမို့ ကျွန်တော်တို့အားလုံး စာသား အတိုင်း စီးမျောနေကြပါတယ်။ မကြာပါဘူး ဖိုးကျော်ဟာ ချွဲချွဲနွဲနွဲ့ ဆိုနေရာကနေ ရုတ်တရက်ကြီး အလန့်တကြား ထိုးရပ်လိုက်သလို ကျွန်တော်တို့လည်း သူနဲ့အတူ လိုက်ပါနေရာက ရယ်ရမလို ငိုရမလို စိတ်မောလိုက်ရသဗျ။ တခြားနေရာ ဟုတ်ပါရိုးလား။ ကြည်းရေလေ တပ်မတော်တွင်းက သူငယ်ချင်းတွေ ဆိုတဲ့နေရာပေါ့ဗျာ။ ကံကောင်းလို့ အဲဒီညက တုတ်စာ မဖြစ်တာ။

တညမှာတော့ ထောင်မှုးတာဝန်ကျတဲ့ ကိုလမျိုးနောင်ဆိုတဲ့ ပုဂ္ဂိုလ်က တော်တော့်ကို မူးနေသဗျ။ ထုံးစံအတိုင်း ကျွန်တော်တို့ကို တယောက်ပြီးတယောက် ထခိုင်းပြီး စည်းစိမ် ယူနေရာ မန္တလေး တက္ကသိုလ်က မြန်မာစာတတိယနှစ် ကျောင်းသား ကိုအောင်မင်း (ခ) ထိန်လင်း အလှည့် ရောက်လာပါသဗျ။ ကိုအောင်မင်း က တခါမှ သီချင်းဆိုဘို့ ခိုင်းတာ မခံဘူးရလေတော့ ကျွန်တော်တို့တွေလည်း လှဲနေရာနေ ကိုအောင်မင်း ဘာများဆိုမလဲ နားစွင့်နေကြသဗျ။ “ကိုယ် အတန်တန်တားရက်နဲ့ သွားတော့ မှာလား။ အို တခါတရံအမှား အတွက်နဲ့၊ အပြစ်ပုံပြီလား” ဆိုတဲ့ ကိုနေ၀င်းရဲ့ သီချင်းစာသားတွေ ကိုအောင်မင်းဆီက ထွက်လာပါတယ်။ ကျွန်တော်တို့အားလုံး ကိုနေ၀င်းရဲ့ သီချင်းစာသားတွေ အတိုင်းစီးမျော ပါသွားပါတယ်။ ကိုအောင်မင်းက ကိုနေ၀င်း ခရေဇီကိုး။

…… “ကာယကံရှင်လူကိုယ်တိုင်၊ အသိထက် ဘယ်ပိုနိုင်မှာတုန်း၊ အများနဲ့ ယောက်တုဖက်ပြောရင်၊ အားနည်းတဲ့ တယောက်က အရှုံးပေါ့၊ မသွားလည်းပဲ ရောက်ခဲ့မိပြီကိုး” …………..

သီချင်းရဲ့ စာသား ရောသံစဉ်ပါ အားအကောင်းဆုံး အလှဆုံးနေရာ အရောက်မှာ “ဖုန်း” “ဖုန်း” ဆိုတဲ့ အသံနဲ့ အတူ ကိုအောင်မင်း သီချင်းဆိုသံ ထိုးရပ်သွားပြီး ထပ်ကာထပ်ကာ ဆဲသံနဲ့ ရိုက်သံတွေပဲ ထွက်လာပါတယ်။

“မင်းက အများနဲ့ တယောက်မို့ ခံရသလေး ဘာလေးနဲ့ မင်းတို့ကို ငါတို့က မတရားစွပ်စွဲ ဖမ်းထားတယ်လို့ ဆိုလိုတာပေါ့။ အေး ငါ့ နံချပ်ကူ အစွမ်းပြရသေးတာ ပေါ့ကွာ။ မင်းတို့ ကိုစစ်နေတဲ့ ထောက်လှမ်းရေး လောက်တော့ ငါလဲ ရိုက်တတ်ပါတယ်ကွ” ဆိုတဲ့ စကားနောက်မှာ တဖုန်းဖုန်း ရိုက်သံ ညဉ်းညူသံ ဆဲဆိုသံတွေဟာ ဆက်တိုက် စိတ်မချမ်းသာစရာ ထွက်ပေါ် လာပါတော့တယ်။

ဒီနောက်ပိုင်းမှာတော့ ရိုက်လိုက်၊ မောရင် ရိုက်တာရပ်ပြီး ဆဲဆိုနေလိုက်။ ခဏနေတော့ ရိုက်လိုက်နဲ့ စိတ်ရှိသလို ထင်တိုင်းကြဲနေတာကို ဘယ်သူ တဦးတယောက်ကမှလည်း လာ မတားကြပါဘူး။ ကျွန်တော်တို့ လှဲအိပ်နေတဲ့ လူတွေကလည်း တကယ်ကျတော့ အမှန်တရားအတွက် တိုက်ပွဲဝင်မယ်လို့ ကြွေးကြော်ချက်တွေနဲ့ တောထဲထွက်ခဲ့ ကြသူတွေပါ။ တကယ်လက်တွေ့မှာတော့ ဒီလူတယောက် မတားသဖြင့် ခံနေရတာကြီးကို ကြားနေပါလျက်နဲ့ ကျွန်တော်တို့ လူ၈၀ လောက်ထဲမှာ “ဟေ့လူ ဒီလူမတရားသဖြင့်တော့ မလုပ်ပါနဲ့” လို့ တယောက်မှ မပြောနိုင်ခဲ့တာ ခုထိ ရှက်လို့ မဆုံးပါဘူး။ ကိုအောင်မင်းကို လှိမ့်ရိုက်နေတဲ့ ထောင်မှုးက သူဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေတဲ့ လူလို့ မူးမူးနဲ့ ကြွေးကြော်ရင်း ရိုက်နေခဲ့တာကို ကြားနေရတဲ့ ဘ၀ဟာ ကိုအောင်မင်း အတွက်သာမက ကျွန်တော်တို့ အတွက်လည်း ငရဲညပါပဲ။

တိုတိုပြောရရင် နောက်တနေ့ မနက်လင်းတော့ ကိုအောင်မင်း ထောင် အပြင်ကိုထွက် တန်းမစီ နိုင်တော့ ပါဘူး။ ကျွန်တော်တို့တွေကတော့ ထုံးစံအတိုင်း ကျောက်ထု၊ လမ်းခင်း၊ ထင်းသယ် စတဲ့ အလုပ်ကြမ်းခွင်တွေဆီ ထွက်လုပ်ရတာမို့ ကိုအောင်မင်းကို ထားခဲ့ရပါတယ်။ ညနေအလုပ်တွေ သိမ်းလို့ ထောင်ပြန်ရောက်တော့ ကိုအောင်မင်း အသက်ငင်နေပါပြီ။ နောက်ပိုင်း ထမင်းချက် တာဝန်နဲ့ ကျန်ခဲ့တဲ့ နန်းစောတို့ ပြောပြလို့ သိရတာက ထောင်မှူးက ညကသူရိုက်ထားလို့ မထနိုင်တဲ့ ကိုအောင်မင်းကို ဘဲများပြီး (ထောင်စကား အလုပ်မလုပ်ချင်လို့ အချောင်ခိုသည့် အဓိပ္ပါယ်) နေခဲ့တာမို့ နံချပ်ကူ အသစ်ကို လမိုင်းတင်ရမယ်လို့ ပြောပြီး တနေ့ခင်းလုံး ဆက်ရိုက်နေတယ်လို့ သိရပါတယ်။ ကိုအောင်မင်း အနားကို ခွင့်တောင်းပြီး ကိုညီညီနဲ့ ဘိုဘိုတို့က မှာစရာရှိတာမှာဘို့ မေးတော့ သွေးတွေပဲ ပါးစပ်က ဆက်ထွက်လာပြီး စကားတလုံးမှ ဆက်မထွက်လာပဲ ကိုအောင်မင်း ကွယ်လွန်ခဲ့ပါတယ်။

၂၀၀၅ ခုထောင်က လွတ်လာပြီးနောက်ပိုင်းမှာ မကြခဏ ၀ိုင်အမ်စီအေက ကိုရဲ (ကိုရဲလွင်)ဆီ မကြာခဏ ရောက်ဖြစ်သလို ကိုနေ၀င်းနဲ့လည်း ရံဖန်ရံခါတွေ့ဖြစ် သူ့သီချင်းတွေအကြောင်း ပြောဖြစ်ပါတယ်။ ဒါပေမယ့် ကိုနေ၀င်း သီချင်းစာသားတွေ သီဆိုရင်း လူ့လောကကို ကျောခိုင်းသွားခဲ့ရဘူးတဲ့ ဒီမိုကရေစီ ဘက်တော်သား တဦး ရှိခဲ့ဘူးတယ်ဆိုများ ကိုနေ၀င်း သိခဲ့ရင် ဘယ်လောက်များ ကြေကွဲလိုက်မလဲလို့ စိတ်ထဲက တွေးမိပါတယ်။ ထုတ်တော့ မပြောဖြစ်ခဲ့ပါဘူး။ စာဖတ်သူကိုလည်း ကိုနေ၀င်းတယောက်ကိုတော့ ဒီအဖြစ်ကို ပြန်မပြောမယ့် သူလို့ ယုံကြည်ပါရစေ။

ဒါဖြင့် ရိုက်သတ်လိုက်တဲ့ ကိစ္စအတွက် ထောင်လုံခြုံရေး တာဝန်ခံ ဘယ်သူကမှလည်း လာပြီး မေးမြန်းတာ အရေးယူတာ မလုပ်ခဲ့ပါဘူး။ ကိုအောင်မင်း ရုပ်အလောင်းကို ညတွင်းချင်း ထောင်အပြင် ထုတ်ထားလိုက်ပြီးတော့ ကိုလမျိုးနောင်က သူ့ လုံခြုံရေးတပ်ဖွဲ့တွေဆီ အော်ပြောပါတယ်။ “အရက်တလုံးနဲ့ စကားဝါ တစည်းရမယ် ဘယ်သူတွေ တာဝန်ယူချင်လဲ” လို့ အော်မေးတာလဲ အတိုင်းသား ကြားရသဗျ။ အဲဒါက ပေါက်ဈေးပါ။ အဲဒီအချိန်က စစ်ကြောရေးကြောင့် သေတဲ့လူတွေကို မြုပ်ပေးမယ်ဆိုရင် မြုပ်တဲ့ အဖွဲ့က အရက်တလုံးနဲ့ စကားဝါ ဆေးပေါ့လိပ် တစည်းရပါတယ်။

ကျောင်းသားအချင်းချင်း စွပ်စွဲ ဖမ်းဆီး သတ်ဖြတ်မှု့များကို အဓိကဦးဆောင်ခဲ့သူ ။



ဒါဆိုရင် ခု ကိုလမျိုးနောင် ဘယ်မှာလဲလို့ ဆောင်းပါးအောက်မှာ မေးလာမယ့် သူတွေ အတွက်လည်း တခါတည်း ဖြေလိုက်ပါမယ်။ နောက်ပိုင်းမှာ ကျွန်တော်အပါဝင် ဖမ်းထားသူတွ ညသန်းခေါင်လောက် ထွက်ပြေး လွတ်မြောက်သွားတဲ့ ကိစ္စအတွက် သူနဲ့ ညတာဝန်ကျတို့ကို လက်ရှိ ဗဟိုကော်မီတီအဖွဲ့က သေဒဏ်ပေးပြီး ကိုထွန်းအောင်ကျော်တို့ကို သတ်ခဲ့တဲ့ ကုန်းပေါ်မှာပဲ ခေါင်းဖြတ်ခဲ့တယ်လို့ သိရသဗျ။ ကိုလမျိုးနောင်က သူ့ကိုမသတ်မီ အရက်အ၀ သောက်ခွင့် တောင်းဆိုတယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီ တပ်သားရဲ့ဘော် တဦးကို တာဝန်ပေါ့လျော့လို့သာ ခေါင်းဖြတ်ဘို့ အမိန့်ပေးလိုက်ရပေမယ့် လူ့အခွင့်အရေးကို အပြည့်အ၀ လေးစားလိုက်နာတဲ့ ကိုအောင်နိုင်၊ ကိုသံချောင်း အပါအ၀င် ခေါင်းဆောင်များက ခွင့်ပြုခဲ့တာမို့ ကိုလမျိုးနောင် ခမျှာ တပ်ဖွဲ့ ဘက်ဂျက်ထဲကငွေနဲ့ အရက်မူးအောင် သောက်သွားခွင့် ရသွားရှာတယ်လို့ သိရပါတယ်။

ဟုတ်ကဲ့။ ဒါဖြစ်ခဲ့ ပါတယ်။ ဆိုးဝါးလှတဲ့ အဖြစ်တွေ ကျွန်တော်တို့ သမိုင်းမှာ ရှိခဲ့ပါတယ်။ တကယ်က ကျွန်တော်တို့ ဖြတ်သန်းချိန်မှာ တာဝန် မကြေနိုင်ခဲ့ကြပါဘူး။ မိမိ အသက်ကိုငဲ့ပြီး အမှန်တရားကို မျက်ကွယ်ပြု မသိချင်ယောင်ဆောင် ရေငုံနုတ်ပိတ် နေခဲ့ရတာ လောက် ပြန်တွေးတိုင်း ရှက်စရာ ကောင်းတာ မရှိတော့ပါဘူး။ ဒီစာကို ဖတ်သူတွေထဲမှာ ကိုအောင်မင်းနဲ့ နီးစပ်သူများရှိခဲ့ရင် ကျွန်တော်တို့ သူရဲဘောကြောင်မှုအတွက် တောင်းပန်လိုက်ပါတယ်။

တခါတခါကျတော့လည်း ဘ၀မှာ ကိုယ့်ကိုကိုယ် ခွင့်လွတ်နိုင်ဘို့ ကြိုးစားရတာ သူများကို ခွင့်လွတ် နိုင်ဘို့ ကြိုးစားရတာထက် အဆတရာ ခက်ခဲတယ်ဆိုတာ ကိုယ်တိုင် ကြုံတွေ့ရဘူးသူလောက်ပဲ နားလည် ခံစားနိုင်ပါလိမ့်မယ်။

ပန်းချီထိန်လင်း ( မကဒတ - မပ ရဲဘော်ဟောင်း)


ဝဲ မှ ယာ -
ကိုကျော်နိုင်ဦး(ကြောင်)၊၊ ကိုသိန်းထွန်း၊၊ ကိုမိုးဇော်ထွန်း(မိုးကြီး)၊၊ မသင်းသင်းညီ၊၊ ကိုမိုးကျော်သူ(ဘိုဘို)၊၊ကိုရဲလင်း(လင်းဝေအောင်)၊၊ ပန်းချီထိန်လင်း ။
  • You, Ko MoeJee, Aung Pan, Aye Thu and 33 others like this.
  • Ei Khin Thandar Kyaw အစ်ကို အစ်မများကြုံခဲ့ရတဲ့ငရဲကို ကိုယ်ချင်းစာကြောင်းဖော်ပြရန်စကားလုံးရှာမတွေ့ပါ..
  • Aye Thu အောင်နိုင်။နိုင်အောင်သံချာင်းလှဆိုင်းသန်းဇော်ဇော်ဇော်မင်းစတဲ့လူသတ်ကောင်တွေတူသောအကျိုးကိုအမြန်ဆုံးပြန်လည်ခံစားရပါစေ။
  • Phyunyitnyit Lay လူသတ်ကောင် တွေနိုင် ငံရေးစင်မြင့်
    ပေါ်တက်မလါနိုင်အောင်
    ဆက်ကြိုးစားသွားမယ်
    အမြဲတိုက်ပွဲဝင် နေတဲ့Nang ဘက်က
    ရှိနေ မယ်
  • U Si Thu Share လိုက်ပါတယ်
    11 hours ago · Like · 1

    Nang Aung Htwe Kyi ဖေ့စ်ဘွတ်မှကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment