Friday, August 23, 2013

ကျနော်လူကက်ဆက်(ဇတ်သိမ်း) အပိုင်း ၁ ။

ကျနော်လူကက်ဆက်(ဇတ်သိမ်း) အပိုင်း ၁ ။

August 23, 2013 at 9:32am
(မဖတ်ရသေးသူများအတွက် မြောက်ပိုင်း ဖြစ်ရပ်မှန်ကို ပထမဦးဆုံး ဖေါ်ထုတ်ခဲ့တဲ့ ပန်းချီထိန်လင်းရဲ့ ဆောင်းပါး ပြန်တင်ဆက်ပေးပါတယ်။ ** ကျနော်လူကက်ဆက် ဇာတ်သိမ်း ကို အပိုင်း နှစ်ပိုင်း ခွဲပြီး ** ပြန်လည်ဖော်ပြပေးပါတယ်)

“ကျွန်တော်ကတော့ ရေနံချောင်းက ဖေကံကောင်းကိုးဗျ။ သပိတ်မှောက်ရင်း လာခဲ့တယ်။ (၀ါးဟားဟား)”
“လောကလည်တဲ့ တနေ့တော့ မနက်စာကို ညမှ ပေါင်းစားရတယ် (၀ါးဟားဟားဟား)”
“တနေ့ကလည်း လူသုံးယောက် ကျွန်တော့်ကို ၀ိုင်းရိုက်တာ၊ ဘယ်ရမလဲဗျ။ သူတို့က ဘူ။ ကျူပ်က ကုလားသုံးစီး။ (၀ါးဟားဟား)”
“သောက်ဆိုလည်း သောက်လိုက်တာပဲ။ တနေ့က ပုလင်းဆွဲပြီး ဂတ်တဲရှေ့ ဖြတ်လျောက်သွားတော့ ဌာနာ အုပ်က မေးတယ် ဘယ်သွား မလို့လဲတဲ့။ ကျွန်တော် မကြောက်ပါဘူး။ ပြောင်ပြောင်ပဲပြောလိုက်တယ်။ ရေနံဆီ ၀ယ်သွားမလို့ပါ။ (၀ါးဟားဟားဟား)”

ဒီပြက်လုံးတွေကိုတော့ မဆလခေတ် ရေဒီယိုတွေကို နားထောင်ခဲ့လေ့ရှိတဲ့ သူတွေကတော့ ရင်းရင်းနှီးနှီး မှတ်မိနေပါလိမ့်မယ်။ ဟုတ်ပါတယ် ရှေးခေတ်လူရွှင်တော်ကြီး ဦးဓါတ်ဆီ၊ ဦးဓါတ်ဆံ၊ ဦးကြင်ခဲတို့ရဲ့ နာမည်ကြီး ရေဒီယိုပြက်လုံးတွေပါ။

ဒီပြက်လုံးတွေကို ရွေးချယ် တင်ဆက်ရတာက ကျွန်တော်တို့ ရဲဘော် အကျဉ်းစံတွေ အားလုံးဟာ မျက်နှာတွေကို အ၀တ်တွေ စည်းထားလို့ဗျ။ ခင်ဗျားတို့ ဖတ်ရတဲ့အတိုင်း မူလပြက်လုံးမှာ ရီရမယ့် နေရာရောက်တိုင်း မျက်လုံးတွေကို သွေးညှီနံ့ လွှမ်းနေတဲ့ ပိတ်စတွေ စည်းထားတဲ့ လူ ရှစ်ဆယ်လောက်ဟာ တ၀ါးဝါး၊ တဟားဟားနဲ့ ပွဲကျနေသဗျ။ သူတို့တွေထဲမှာ တချို့က လက်ကောက်ဝတ် ဖြတ်တဲ့နေရာက ပတ်တီးတွေ စည်းထားသူတွေ၊ ပတ်တီးတွေ စည်းထားတဲ့ အင်္ဂါမပြည့်ဝတော့တဲ့ ခြေထောက်တွေ၊ ထိပ်တုံးရှည်ကြီးရဲ့ ခတ်ထားခံရသူတွေ၊ ခေါင်းတွေမှာ ပတ်တီးတွေ ဖွေးနေသူတွေ ပါသဗျ။

ဒီလောက် နာကျင်ဖွယ်ကောင်းတဲ့ အခြေအနေထဲမှာတောင် ဒီလူတွေ အားလုံးဟာ တ၀ါးဝါး၊ တဟားဟားနဲ့ ပွဲကျအောင် အသံတု (၂) မျိုး၊ (၃) မျိုးလောက်နဲ့ ဖမ်းစားနိုင်တယ်ဆိုတော့ ကျွန်တော်ဟာ နိုင်ငံတော်အဆင့် “စည်သူနေမျိုးဗလ အလင်္ကာ ကျော်ခေါင် ဟာသ၀ိဇ္ဇာ” ဆိုတဲ့ ဘွဲ့မျိုးတောင် ရသင့်ပေတယ်လို့ စာရှုသူ တွေးမိသွားနိုင်ပါတယ်။ လူရွှင်တော်ဘ၀မှာ ပွဲတပွဲမှာ ပြက်သမျှ ပရိတ်သတ်က ရီကြတယ် ဆိုတာမျိုးက အလွန်ရှားပါတယ်။ ဘယ်လောက်နာမည်ကြီးတဲ့ လူပြက်ပဲ ဖြစ်ဖြစ်၊ ပရိတ်သက်က မသိလိုက်ရလို့ ရှော်သွားတဲ့ အလုံးဆိုတာကတော့ ရှိစမြဲပဲဗျ။ အခုပွဲမှာကတော့ ပရိတ်သတ်က ရာခိုင်နှုန်း ပြည့်အူလှိုက်၊ သည်းလှိုက် ရီကြသဗျ။ တခါတလေဆို မရီရမယ့် နေရာတွေမှာပါ လိုက်ပြီး အူလှိုက်သည်းလှိုက် ရီကြသဗျ။

ဘယ်မရီလို့ ရမလဲဗျာ။ ထောင်မှုးဆိုတဲ့ ယမမင်း လက်သစ်က ဗီအိုင်ပီ ဖျော်ဖြေရေးပွဲမို့ အမိန့်က ကြိုထုတ်ပြီးသားဗျ။ အကုန်ထထိုင်ရမယ် လူရွှင်တော်ဘောကြီးရဲ့ ပြက်လုံးမှာ ရီရမယ့်နေရာ ရောက်ရင် ရီရမယ် ဆိုတာ ကြိုအမိန့်က ထုတ်ထားဗျ။ စောစောပိုင်း ပြက်လုံး တခုနှစ်ခုလောက်မှာ မသဲကွဲလို့ သူမျုားနဲ့ ရောယောင် မရီပဲ အူကြောင်ကြောင် ဖြစ်နေတဲ့ တယောက်ကို မင်းက ဘာလို့ မရီတာလဲဆိုပြီး “ဂွမ်း” ကနဲ့ ခေါင်းကို တချက်ကျွေး လိုက်တဲ့အသံကို အားလုံးကြားလိုက်ရပြီးတဲ့နောက်မှာ ကျန်တဲ့သူအားလုံးဟာ ကျွန်တော် တလုံးပြက်ပြီးတာနဲ့ “၀ါးကနဲ၊ ၀ါးကနဲ” ရေဒီယို ဟာဒယရွှင်ဆေးမှာ နောက်ကလိုက်ရီပေးတဲ့ လူတွေအတိုင်း လိုက်လိုက်ရီလိုက်ကြတာ တခါတခါ သူတို့ရီသံက ရှေ့က ပြက်လုံးပြက်နေတဲ့ ကျွန်တော်တောင် လန့်လန့်သွားတဲ့အထိဗျ။ သူတို့ ရီသံကြောင့် နောင်ပြည်တွင်းပြန် အငြိမ့်ကဖြစ်ရင် ရှေ့က ၀ါးရင်းတုတ် တချောင်းနဲ့ ခေါက်တုန့်၊ ခေါက်ပြန် ရီဘို့လှုံ့ဆော်ပေးနေတဲ့ မောင်မင်းကြီးသားကို ခေါ်သွားချင်စိတ်တောင် ပေါ်မိပါသဗျာ။ တကယ်ပါ။

ကဗျာဆရာ မာယောကော့စကီးနဲ့ ကျွန်တော်တို့ခေတ်ရဲ့ ကဗျာဆရာ ကိုချော (မောင်ချောနွယ်) တို့ စကားလုံးတွေ ငှါးသုံးရရင် ဒါဟာဖြစ်ခဲ့တယ်။ ပါဂျောင်မှာ ဖြစ်ခဲ့တယ်။ အရှေ့ ခွန်နှစ်ဘ၀၊ အနောက် ခွန်နစ်ဘ၀ အနုပညာ မရတဲ့ကောင်တွေအတွက် ဖျော်ဖြေရေးမှာ ဖြစ်ခဲ့တယ်လို့ ပြောရပါလိမ့်မယ်။ ကျွန်တော် အနေနဲ့ သူတို့ နေရာကနေ တွေးကြည့်လိုက်တော့ လွန်ခဲ့တဲ့ တခါက မြန်မာပြည်ကို အုပ်ချုပ်သွားခဲ့တဲ့ အင်္ဂလိပ် ဘုရင်ခံတောင် မရှူစားခဲ့ရဘူးတဲ့ ပါဖေါင်းမင့် ရှိုးမျိုးပေါ့ဗျာ။ လက်နောက်ပြန်တုပ်၊ မျက်လုံးတွေ အ၀တ်စည်း၊ ငုပ်တုပ် ခစားရင်းက ပြက်လုံး အလိုက်နဲ့ တ၀ါးတဟားဟား အော်ရီ ပေးနေရရှာတဲ့ သားကောင်တွေရှေ့မှာ ခေါက်တုန့်၊ ခေါက်ပြန် လျောက်ရင်း မိမိတို့ရဲ့ ငရဲပြည်တမျှ ကြီးကျယ်ခမ်းနားတဲ့ စည်းစိမ်ကို မြိန်ရည် ရှက်ရည် ခံစားနေကြသဗျ။

တခါတခါကျတော့လည်း ကျွန်တော်တို့ကို ဖမ်းဆီးထားတဲ့ တော်လှန်ရေး တပ်ဖွဲ့ခေါင်းဆောင်တွေဟာ များသောအားဖြင့်တော့ ညဘက်စုပြီး အရက်သောက်ဖြစ်ပြီး တော်တော်လေး ရေချိန်ကိုက်လာပြီဆိုရင် တရားခံတွေကို သွားရိုက်ရအောင်ဆိုပြီး အုပ်စုလိုက်ကြီး တက်လာတတ်ကြသဗျ။ အဲလိုညမျိုးကတော့ ကျွန်တော်တို့အဖို့ သူတို့တင်ဆက်တဲ့ ပါဖေါင်းမင့်ကို ခံစားကြရတော့တာပေါ့ဗျာ။ အဲလိုမျိုးဆိုရင်တော့ “တရားခံတွေ ထကြစမ်း” ဆိုတဲ့ အသံနက်ကြီးကို စကြားရသဗျ။ ညှင်းဆဲထားလို့ တုတ်တုတ်မှ မလှုပ်နိုင်တော့တဲ့ လူကလွဲလို့ အားလုံးဖေးကာ၊ တွဲကာ ထကြရသဗျ။ လူတွေဟာ ဗြိတိသျှ ပန်းပုကျော် ဟင်နရီမိုးစ်ရဲ့ စစ်အတွင်း လန်ဒန်မြေအောက် လှိုင်ခေါင်းထဲမှာ တုံလုံးပက်လက် လဲနေတဲ့လူတွေကို ဆွဲထားတဲ့ ပန်းချီကားထဲကလိုပေါ့ဗျာ။

အမျိုးမျိုးသော ဆဲဆိုကြိမ်းမောင်းသံတွေ ဘွတ်ဘိနပ်တွေ ရှပ်တိုက်ရွေ့လျှားနေသံတွေ ဆူနေတဲ့ကြားမှာ “ခွမ်း” “ခွမ်း” ဆိုတဲ့ အသံကြီးဟာ ထိုင်နေတဲ့ ကျွန်တော်တို့လူတန်း တဖက်ထိပ်ကနေ တရွေ့ရွေ့နီးလာနေသလို အဲဒီနောက်ကနေ “ဟိုတယောက် ကွဲသွားပြီ” စတဲ့ ခပ်အုပ်အုပ် အချင်းချင်း ပြောသံတွေလည်း ကြားနေရတာမို့ မိမိ ခေါင်းကို ရိုက်လာမဲ့ တုတ်နဲ့ အံကိုက်လောက်ဖြစ်အောင် စိတ်မှန်းနဲ့ ချိန်ပြီး စောင့်နေလိုက်သဗျ။ အဓိက ရည်မှန်းချက် ကတော့ ကိုယ့်ခေါင်းက အမာနေရာပေါ် တုတ်ကျပြီး ပထမ တုတ်ချက်မှာတင် ခေါင်းကွဲသွားဖို့ဗျ။ ဒီလိုနဲ့ ခွမ်းကနဲ ကိုယ့်မျက်စိထဲ ၀င်းကနဲ တချက်ဖြစ်ပြီး လဲအကျ “ဘောကြီးခေါင်းကွဲသွားပြီ” လို့ နောက်ကလိုက်ကြည့်နေတဲ့ လူရဲ့ မှတ်ချက်အပြီးမှာ ကျွန်တော့်မျက်နှာပေါ် သွေးတွေစီးကျလာတဲ့နောက် စိတ်ထဲမှာ နည်းနည်းပေါ့ သွားပါတယ်။ အစိမ်းချုပ်ချုပ်မယ့် သူနာပြုတွေ မကြာခင်တော့ ရောက်လာပါလိမ့်မယ်။ ဘာပဲပြောပြော “နောက်တစ်ခါ လာပြန်ပြီဟေး ဝေးဝေး” ဆိုတဲ့ မူးမူးနဲ့ ကြွေးကြော်ရိုက်နှက်ဦးမယ့် နောက်အကြော့တွေမှာ ကိုယ်လွတ်သွားပါတယ်။ ဒီလို စောစာစီးစီး တချက်တည်းနဲ့ကွဲ သွားတဲ့ ကိုယ့်ခေါင်းရဲ့ ထိလွယ်၊ ကွဲလွယ်မှု အပေါ် တော်တော်ဂုဏ်ယူသွားသဗျ။

ဒီလိုနဲ့ အကျဉ်းသားများ ရိုက်နှက်ခြင်း အနုပညာလို့ ခေါ်မယ်ဆို ခေါ်လို့ရတဲ့ အကြောင်းမယ် ကျွန်တော်တို့ အကျဉ်းကျနေတဲ့ ဒုက္ခိတတွေကို အရက်မူးပြီး တက်ရိုက်တဲ့ အကျင့်ဟာ ABSDF (NB) ဆိုတဲ့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်တွေကြားမှာ ယဉ်ကျေးမှူသဖွယ်ဖြစ်လာပါတယ်။ ဥက္ကဋ္ဌ၊ ရင်းမှူး၊ ခွဲမှုး၊ ထောက်လှမ်းရေးမှုး၊ တခါတလေ အထူးဧည့်သည်တွေရော ပေါ့ဗျာ။ နောက်ပိုင်းမှာတော့ မရိုက်ခင်ကတည်းက အကွဲချုပ်မယ့် သူနာပြု ရဲမေတွေကိုပါ တခါတည်း ခေါ်လာတတ်သဗျ။ မုဆိုးစိုင်သင်ဆိုသလို ပေါ့ဗျာ။

ဒီမြင်ကွင်းကို မြန်မာ့စာပေလောကမှာ သရော်စာ အလွန်အရေးကောင်းလှတဲ့ ဆရာကြီးမောင်ထင်များ တွေ့ရင် ဒီလိုများ ရေးမလားမသိဘူးဗျ။

“မိမိတို့ နိုင်ငံအတွက် အသက်ကိုပင် မငှဲ့ကွက်ပဲ ပေးလှူထားသော တော်လှန်ရေး ခေါင်းဆောင်ကြီးများပီပီ ရဲစိတ်၊ ရဲမာန်တို့ကို အခါမလပ် ဖြစ်ပေါ်နေစေရေးအတွက် အထောက်အပံ့ကောင်း အလို့ငှါ အရက်သေစာတို့ကို သောက်ကြ စားကြရသော်လည်း မြို့ကြီးများပေါ်တွင် စည်းစိမ်ယစ်ကာ အပျော်အပါးကြားမျောပါ နေသူများကဲ့သို့ သူရာမူးယစ်ပြီးချိန်တွင် အနှိပ်ခန်း၊ ကာရာအိုကေ၊ နိုက်ကလပ်များသို့ သွားရောက် ကခုန်ခွင့်မျိုး စိုးစဉ်းမျှ မရနိုင်သော ဘ၀မျိုးတွင် နေရရှာသော တော်လှန်ရေး ခေါင်းဆောင်များခမျှာ မိမိတို့ ဖမ်းဆီးထားသော တရားခံများအား သွားရောက် ရိုက်နှက်ခြင်းဖြင့်သာ အပန်းဖြေရရှာလေသည်။” .. လို့လေ။

အဲဒီတော့ ရိုက်နှက်မှုဟာ ယဉ်ကျေးမှုတရပ်ဖြစ်လာပြီး သူ့ထက်ငါသာအောင် လာရောက် ရိုက်နှက်တဲ့ ဓလေ့ ထွန်းကားနေချိန်မျိုးမှာ အစောပိုင်းက တင်ပြခဲ့သလို “ကျွန်မကတော့ ရန်ကုန်မြို့ .. ဒေါ်ကြင် ဒေါ်ကြင်နဲ့ … အပျိုကြီးပေါ့ရှင်။ ကလေးကို ငါးဆယ်ကျော်နေပြီ။” လို့ ကျွန်တော်ရှေ့က ပြောသွားတဲ့ နောက်မှာ “၀ါးဟားဟား” လို့ အားရပါးရ ပါတီစီဖင့်လုပ်ရတဲ့ အလုပ်မျိုးလောက်ကတော့ အီးစီးဂျော့ ပေါ့ဗျာ။ အဲဒီအချိန်မျိုးမှာ ခင်ဗျားကလာပြီး “ဒါသက်သက် လူအချင်းချင်းခြေနဲ့ နင်းတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုကြီးပဲ” ဆိုပြီးတော့ လာတော့ မတားလေနဲ့။ ကျုပ်တို့နဲ့ပါ ရန်သူဖြစ်သွားနိုင်သဗျ။ စောစောကပြောသလို စိတ်ပြောင်းပြီး ထုတ်သွားဆွဲတော့ ခင်ဗျားက ဘာတတ်နိုင်တာ မဟုတ်ဘူးဗျ။

ဒါကြောင့်ဘာပဲ ဖြစ်ဖြစ် ဒီလိုပဲ ဆူဆူဆဲဆဲ လူကက်ဆက်ညတွေဟာ ကျွန်တော်တို့ရဲ့ လူသားဘ၀ကို ပြန်ရတဲ့ ညတွေမို့ ခုလို တကူးတက ရေးပြရပါသဗျ။ ကျန်တဲ့အချိန်တွေကတော့ ခင်ဗျားတို့ ဖေ့ဘွတ်ပေါ်မှာ ဖတ်ဖူးကြသလို တိရိစ္ဆာန်တမျှ ဘ၀တွေကိုး။

ပထမဦးဆုံး ကိုနေ၀င်းရေးပြီး ခိုင်ထူးဆိုခဲ့တဲ့ “ခတ္တာ” သီချင်းကို အမြဲဆိုလေ့ရှိတဲ့ လူကက်ဆက်ကတော့ ကသာမြို့ကနေ တောခိုလာတဲ့ မောင်မောင်ခင်(ခေါ်) ဒဿပါ။ နာမည်ရင်းက မောင်မောင်ခင်။ မောင်မောင်ခင်ဆိုတဲ့ နာမည်ကလည်း ABSDF (NB) အဖွဲ့မှာ နှစ်ယောက်ရှိသဗျ။ အခု နောက်ဆုံးထွက်တဲ့ ရမ်ဘို ဇာတ်ကားနဲ့ The Lady ဇာတ်ကားတွေမှာ နအဖစစ်ဗိုလ်အဖြစ် ၀င်သရုပ်ဆောင်တဲ့ ကိုမင်းဌေး (ခေါ်) မောင်မောင်ခင် ကလည်း အေဘီ မြောက်ပိုင်းကပဲဗျ။ သူက ကံကောင်းသွားတာက ကျွန်တော်တို့ ပြသနာတွေ ဖြစ်နေချိန်မှာ မြစ်ကြီးနားဘက် ရှေ့တန်းစခန်းတခုကို ရောက်နေတယ်လို့ သူပြောပြဘူးသဗျ။ ဒီ အနိဌာရုံတွေမကြုံ လိုက်ရဘူး ပေါ့ဗျာ။ ကျွန်တော်ခုပြောတဲ့ မောင်မောင်ခင်က နောက်ပိုင်း ကျွန်တော်တို့နဲ့အတူ ထွက်ပြေးလွတ်မြောက်လာတဲ့ အထဲမှာပါလာပြီး ခုတော့ ကသာမှာပဲ နေနေတယ်ဗျ။ ကျွန်တော်တို့ ပြန်လွတ်လာတဲ့ အထဲမှာ ဒဏ်ရာအများဆုံးပေါ့။

သူ့ကို ဘယ်လောက်ရိုက်ရိုက် “ကျောင်းသားကွ ထောက်လှမ်းရေး မဟုတ်ဘူး” လို့ပဲ ထွက်ဆိုသတဲ့။ ဒါကြောင့် နောက်ဆုံးမှာတော့ ကိုယ်တုံးလုံးချွတ်ပြီး ကိုယ်ပေါ်ကို “ရင်ပေါင်ကြမ်း” လို့ခေါ်တဲ တရုတ်ပြည်ဘက် အိမ်မိုး ကတ္တရာပြားတွေ ကိုမီးရှို့ပြီး ကတ္တရာစက်တွေကို ကိုယ်ပေါ်ချတော့မှ ကိုယ်တော်က ကျွန်တ်ာနဲ့ ဘ၀တူ ထောက်လှမ်းရေး ဖြစ်လာတဲ့ သူပါ။ တကယ်က လူပျော်ပါ။ ဒုက္ခတွေထဲမှာကို တခါတခါ ဟာသ ပြောတတ်ပါသေးတယ်။ မီးလောင်ရာတွေကတော့ သူ့ကိုယ်အနှံ့ သေရာပါခဲ့သဗျ။ ထန်းသမားများ အမူးပြေ ထန်းနို့မော့ကြည့် ဆိုသလို တောထဲက ပြေးလာပြီး နောက်ပိုင်း ၁၉၉၅ လောက်က စာပေးစာယူ စာမေးပွဲဖြေကြတဲ့အချိန် ကျောင်းတွေပိတ်လိုက်ရတဲ့ လှုပ်ရှားမှုမှာ ဒဿတို့က ဇာတ်လိုက်တဲ့ဗျ။

သူ့လိုပဲ “ရင်ပေါင်ကြမ်း” ဒဏ်ကြောင့် NIB က ထောက်လှမ်းရေး ဗိုလ်ကြီးပါလို့ ထွက်ချက်ပေးလိုက်ရသူက ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ပါ။ မြေပေါ်မှာ ငုတ်လေးငုတ်ရိုက်ပြီးတော့ ပက်လက်လှန်ပြီး လက်ရောခြေထောက်ကိုပါ တုပ်ပြီးတော့မှ ၀မ်းဗိုက်ပေါ်မှာ “ရင်ပေါင်ကြမ်း” စကို ခင်းပြီး မီးဖိုခဲ့တယ်လို့ ထောက်လှန်ရေး စစ်ကြောရေးတာဝန်ခံ တက်ကြပ်ကြီးသန်းဇော်က ကျွန်တော်တို့ကို လာပြောလို့ သိရတာပါ။ နောက်တော့ ဖနောင့်ကနေ သံချောင်းကို မီးတို့ပြီးရိုက်ထည့်ပါတယ်။ ဒီလောက်ထိ သွေးအေးအေးနဲ့ ရက်ရက်စက်စက် လုပ်လို့သာ ကိုထွန်းအောင်ကျော်ဟာ သူ့ကိုယ်သူ ထောက်လှမ်းရေးပါလို့ ပြောခဲ့ရတာဖြစ်ပါတယ်။

ကျွန်တော်တို့နဲ့ အတူ ချုပ်ထားစဉ် တလျောက်လုံး ကိုထွန်းအောင်ကျော်ဟာ ၀မ်းဗိုက်က မီးလောင်ထားတဲ့ ဒဏ်ရာ ခြေသလုံးထိ သံကိုရိုက်သွင်းထားတဲ့ ဒဏ်ရာတို့ကြောင့် လမ်းကောင်းကောင်း မလျောက်နိုင်တော့ပါဘူး။ ဒီလို ဒဏ်ရာတွေကြောင့် မထနိုင်လောက်အောင် ဖြစ်နေပေမယ့် လူကက်ဆက်အဖြစ် ပျော်တော်ဆက်ရတဲ့ အဖြစ်ကလည်း မလွတ်ခဲ့ပါဘူး။ သူ့ကိုက ညှိုးတေးထားလေတော့ သီချင်းသာ ဆိုရတယ်၊ အဆဲအဆို အကန်အကြောက် လည်း ခံရရှာပါတယ်။ အစောပိုင်းရက်များမှာ သူသီဆိုတဲ့ သီချင်းကတော့ “တိမ်တမာန်” သီချင်းပါ။

… "မှိုင်းပြာမှုန်ဝေ တိမ်မဲညိုရိပ်တွေ တောင်ပြန်လေ” ....
သီချင်းစာသားတွေ အတိုင်း သူ လွမ်းလွမ်းဆွေးဆွေး သီဆိုတိုင်း ကျွန်တော်တို့ဟာ သူနဲ့အတူ လွင့်ပါ ခံစားခဲ့ကြရပါတယ်။

ကိုထွန်းအောင်ကျော်ဟာ နောက်ပိုင်းရောက်လာတဲ့ အခါမှာတော့ ထောင်လုံခြုံရေးက “ဘယ်သူ သီချင်းဆိုပြ မလဲ” လို့ မေးရင်ကို တခါတရံမှာ သူ့ သဘောနဲ့သူကို ထထိုင်ပြီး ကိုနေ၀င်းရဲ့ အားလုံးကို ကျော်ဖြတ်ရမယ်ဆိုတဲ့ သီချင်းကို ဆိုလေ့ရှိပါတယ်။ အသတ်ခံရကာနီး ရက်ပိုင်းတွေမှာတော့ မင်းမင်းလတ်ရဲ့ “ယုဇနပင်နဲ့ ဖဲကြိုးဝါ” သီချင်းကို သီဆိုသဗျ။ ဒီအကျဉ်းကျနေတဲ့ ဘ၀နဲ့ ဒီသီချင်းဟာ ကိုထွန်းအောင်ကျော်မှာ ဖဲကြိုးဝါလေးတွေ သစ်ပင်မှာချည်ပြီး စောင့်နေမယ့်သူများ ရှိခဲ့လေသလားလို့ တွေးမိပေမယ့် မမေးသာလို့ မမေးဖြစ်ခဲ့ပါဘူး။

တကြိမ်မှာတော့ သူနဲ့ကျွန်တော် မိုးကာစတခုထဲမှာ ထမင်းပုံစားခွင့် ရခဲ့သဗျ။ သူက ပတ်ဝန်းကျင်ကို အသာလေး ခိုးကြည့်ပြီး “ကိုဘောကြီး ကျွန်တော်ကိုတော့ သူတို့ အရှင်ဆက်ထားမယ် မထင်ဘူး။ တကယ်လို့များ ခင်ဗျား ဆက်ပြီး အသက်ရှင်ခဲ့ရင်တော့ အဖြစ်မှန်ကို အခွင့်သာရင် ဖေါ်ထုတ်ပေးပါဗျာ။” လို့ တိုးတိုးလေး ကပ်မှာပါတယ်။ စကားပြောနေတာကို မြင်ပြီး ဆဲဆိုသံတွေနဲ့ ပစ်ပေါက်တာ ခံလိုက်ရတာမို့ “စိတ်ချပါလို့” ကမန်းကတန်း သူ့ကို အဖြေပေးပြီး နောက်မှာ စကားပြောခွင့် မသာတော့ပါဘူး။

ကိုထွန်းအောင်ကျော်ရဲ့ သီချင်းတွေအကြောင်းကို ဒီလောက် ဖွဲ့နွဲ့နေရတာက အကြောင်းရှိသဗျ။ သူဆိုတဲ့ ပုံက တကယ့် အဆိုတော်တယောက်လို ဆိုနိုင်သလို တလုံးတလေ ယိုင်သွားတာ တိမ်းသွားတာမျိုးကို မရှိပါဘူး။ ဂစ်တာနဲ့ ကီးဘုတ် (၂) မျိုးကို ကျွမ်းကျွမ်းကျင်ကျင် တီးနိုင်သလို အနောက်တိုင်း ဂီတသင်္ကေတကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တတ်ကျွမ်းတယ်လို့ သိရပါတယ်။ သီချင်းတပုဒ်ကို ဖွင့်နားထောင်ပြီး သင်္ကေတကို ဒါရိုက် နောက်က လိုက်ရေးနိုင်သဗျ။

ဒါကြောင့်လည်း အေဘီတပ်ဖွဲ့က ရဲဘော်၊ ရဲမေတိုင်းက အကိုကြီးတယောက်လို ချစ်ကြတာပါ။

ကိုထွန်းအောင်ကျော်


ကျွန်တော် အံ့သြတာကတော့ အင်မတန် စရိုက်ကြမ်းတဲ့ တာတီး ဆိုတဲ့ လုံခြုံရေး တာဝန်ကျတဲ့ လူက တခြားလူတွေ လစ်ရင် သူ့ဆီကို ဂစ်တာကို ၀ှက်ယူလာပြီး အကိုကြီး တပုဒ်လောက် တီးပြပါလို့ ယဉ်ယဉ်ကျေးကျေး တောင်းဆိုတာမျိုး တွေ့ဘူးလို့ပါ။ ကိုထွန်းအောင်ကျော် ဂစ်တာကို စိတ်ကြိုက် ကြိုးညှိပြီး တာတီး အတွက် စိုင်းထီးဆိုင်ရဲ့ နာမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ “ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ” သီချင်းကို တီးပြတဲ့ နေ့ကိုတော့ မေ့မရ နိုင်တော့ပါဘူး။ ကျွန်တော်တို့အပေါ် အဆဲအဆို အကန်အကြောက် နာမည်ကြီးတဲ့ တာတီး တယောက် စကားမပြောနိုင်ဘဲ ငြိမ်နေပြီး တော်တော်ကြာမှ ...

“ကျေးဇူးပါပဲ အကိုကြီးရာ” ... လို့ ပြောသွားတာ ကြားရတော့ တကယ့်ကို အံ့သြမိပါတယ်။

နောက်ပိုင်း ကျွန်တော် အစိုးရရဲ့ အထူးဧည့်သည်အဖြစ် မန္တလေးထောင်မှာ စံမြန်းရင်း မန္တလေး နိုင်ငံရေး အသိုင်းအ၀ိုင်းနဲ့ နီးနီစပ်စပ် နေခွင့်ရတော့မှ သိလာရတာကတော့ ကိုထွန်းအောင်ကျော်တို့က မန္တလေးမှာ ရွှေမျိုးအသိုင်းအ၀ိုင်း တော်တော် တောင့်တင်းတယ်လို့ ဆိုတာပါပဲ။ အထူးသဖြင့် ဆရာမကြီး လူထုဒေါ်အမာတို့နဲ့ ဆွေရိပ်၊မျိုးရိပ် မကင်းဘူးဆိုတာ သိလာရသလို ကိုထွန်းအောင်ကျော်တို့ ညီအကိုတွေဟာ အိမ်မှာ အပျော်တမ်း တီးဝိုင်းတခု ထောင်ထားတဲ့အထိ ဂီတ၀ါသနာကြီးတယ်လို့ ဆိုပါတယ်။

ရော်နယ်အောင်နိုင်(အဓိကတရားခံတဦး)


ကိုထွန်းအောင်ကျော်ရဲ့ “ယုဇနပင်နဲ့ ဖဲကြိုးဝါ” သီချင်းကို ဂစ်တာနဲ့ တီးတာကို တကြိမ်မှာတော့ ကျွန်တော်တို့ နားထောင်ခွင့် ရခဲ့ဘူးပါတယ်။ အဲဒါ အသတ်မခံ ရမှီ ရက်ပိုင်း အလိုကပါ။ ဒီလို စပါယ်ရှယ်ဂစ်တာနဲ့ ဆိုပြတာကို နားထောင်ခွင့်ရတာက နားထောင်ချင်တယ်လို့ တောင်းဆိုတဲ့သူက ဥက္ကဋ္ဌ လုပ်တဲ့ ကိုအောင်နိုင်ဖြစ်လို့ပါ။ ကျွန်တော်တို့အားလုံး အကိုကြီးက တခုခုများ ပြန်ပြောလိုက်လေမလား နားကို အသားကုန် စွင့်ထားကြပါတယ်။ ခဏလေတော့ အကိုကြီး ဂစ်တာ လက်ခတ်သံ ညက်ညက်လေး ထွက်လာပါတယ် တိုးလျသော်လည်း ခွန်အားရှိတဲ့ သူ့အသံကို ဒီနေ့ထိ နားထဲက မတွက်ပါဘူး။

.. “အိုး......ခေါင်းမှာစည်းတဲ့ ဖဲကြိုးဝါတွေ တပုံကြီး၊ အများကြီး အများကြီး တွေ့တယ်။” …

ကိုထွန်းအောင်ကျော်လိုပဲ ဂီတမှာ ကျွမ်းကျင်သူကတော့ ကျွန်တော်တို့အခေါ် မငယ် (ခေါ်) နန်းအောင်ထွေးကြည်ပါ။ မငယ်က အေဘီတီးဝိုင်းမှာ သီချင်းဆိုရင် ဂစ်တာကို ကိုယ်တိုင် တီးဆိုတတ်သလို ကိုယ်တိုင်လည်း အေဘီတပ်ဖွဲ့အတွက် တော်လှန်ရေးသီချင်းတွေ ရေးခဲ့သူပါ။ မငယ်က ရန်ကုန်တက္ကသိုလ် က စိတ်ပညာအဓိက နောက်ဆုံးနှစ်မှာ တောခိုလာတာပါ။ မငယ်တယောက် NIB က လွတ်လိုက်တဲ့ အရာရှိပါလို့ ကိုယ့်ကိုကိုယ် ထွက်ချက်ပေးလာအောင် ဘယ်လို ညှင်းဆဲခံခဲ့ ရတယ်ဆိုတာ မဖေါ်ပြပါရစေနဲ့။ ကေအိုင်ကေ က ဗိုလ်ချုပ်ဇော်မိုင်တို့က ကယ်ထားလိုက်ပြီး နောက်ပိုင်း သြစတေးလျ နိုင်ငံ ဆစ်ဒနီမြို့မှာ ဘယ်မြန်မာ အသိုင်းဝိုင်းကိုမှ အဆက်အသွယ် မလုပ်ဘဲ နှစ်ပေါင်း (၂၀) နီးပါး ဇာတ်မြှုပ်နေတာ ခုထိပါပဲ။ မငယ်က သီချင်းဆိုခိုင်းပြီ ဆိုရင် မြန်မာပြည်သိန်းတန်ရဲ့ “တောင်ပြာတန်းက မောင့်အချစ်ကို” ဆိုတဲ့သီချင်း အမြဲဆိုလေ့ ရှိသဗျ။

မငယ်ရဲ့ ထူးခြားမှု နောက်တခုက သူ့ အလှပါ။ အေဘီ ရဲဘော်အသိုင်းအ၀ိုင်းတင်မက ကေအိုင်အေ မိသားစုတွေထဲထိ သူ့အလှက ကျော်ကြားပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ အလှကြောင့်ပဲ ဒုက္ခတွေ့တာတော့ ပြောပါရစေ။ ထုံးစံအတိုင်း အဲဒီညက ခေါင်းဆောင်တွေ တော်တော် မူးလာကြသဗျ။ သူတို့ ရှေ့က ပုလင်းတွေထဲက အရက်တွေ တဖြည်းဖြည်း ကုန်လာတာနဲ့အမျှ သူတို့ခန္ဓာကိုယ်တွေထဲက တော်လှန်ရေးစိတ်ဓါတ်တွေဟာလည်း တရိပ်ရိပ် တက်လာကြပုံရပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ဆီရောက်လာပြီး လူကက်ဆက် တွေထ လုပ်တာပေါ့ဗျာ။ အဲဒီမှာ မငယ်က သီချင်းဆိုရသဗျ။ မငယ်က သီချင်းဆိုကောင်းသလို ရုပ်ရည်ကလည်း ချောတော့ တက်လာတဲ့ ခေါင်းဆောင်ကြီးများလည်း တော်တော်လေး မျောသွားပုံရသဗျ။ အဲဒီမှာတင် သူတို့ထဲက တပ်ရင်းမှုး ဦးအောင်သန်းဆိုတဲ့ ပုဂ္ဂိုလ်က အလယ်မှာ ဖိုထားတဲ့ မီးပုံကြီးထဲက ထင်းစကြီး တခုကို ကောက်ယူပြီး သီချင်းဆိုနေတဲ့ မငယ်ရဲ့ မျက်နှာကို ထိုးထည့်ပါရောဗျာ။ ပြီးတော့လည်း အယုတ္တ၊ အနတ္တ တွေပေါ့ဗျာ။ ကျွန်တော်ထင်ပါတယ် ထောက်လှမ်းရေးမ ဆိုပြီး ထပ်ထပ်ခေါ်နေတာက ဆဲဆို ကန်ကြောက်နေတာထက် ပိုနာမယ် ထင်ပါတယ်။ မျက်နှာပြင်မှာ သေရာပါ မီးလောင်ရာကြီး ပါပါရောလားဗျာ။

ဒီနေရာမှာ ဖြတ်ပြီး ပြောလိုတာက လူကက်ဆက် အပိုင်းတစ်ကို ဖတ်ပြီး ပြည်တွင်းမှာရှိတဲ့ လူကက်ဆက် ဟောင်းတွေဆီက ကွန်ပလိန်း တက်လာတာလေး ပြောချင်သဗျ။ အကိုရေးတဲ့ ဆောင်းပါးမှာ ကက်ဆက် ဖန်ရှင်တွေ ကျန်ခဲ့တယ်တဲ့ဗျ။ ဒါကြောင့် ဖန်ရှင်တွေအကြောင်း နည်းနည်းဖြည့်ပါရစေလား။ ဒီလိုဗျ သူတို့က ကက်ဆက် အဖွင့်နဲ့ အပိတ် ဘယ်လိုလုပ်တယ်ဆိုတာ ရေးပြထားပေမယ့် အသံ အတိုးအကျယ် စနစ်ကို ဘယ်လိုလုပ်တယ်ဆိုတာ ကျန်နေလို့ပါ။ အဲဒါကတော့ သူတို့ နားသယ်မွှေးကို စုပြီး ဆွဲလှည့်ပြီး အတိုးအကျယ် သူတို့လိုတဲ့အတိုင်း လိုက်သီဆို ရပါသဗျ။ နားသယ်မွှေးတိတဲ့ လူကျတော့ နားရွက်ပေါ့ဗျာ။

မန်းလေးက အေဘီယူဂျီ တာဝန်ခံ ကိုချိုကြီးက မန်းသားပီပီ “ပန်းပုသူဇာ” သီချင်းကို ဆိုပါသဗျ။ လူပုံက အရပ်ရှည်ရှည် အသံက ခပ်သြသြဗျ။ ကျွန်တော် အဖမ်းမခံရသေးခင် တရက်မှာ ကိုချိုကြီးကို ကားစင် တင်ထားတဲ့အကြောင်း သတင်းပြန်ကြားဌာနမှာ အတူလုပ်နေတဲ့ ဖိုးဆန်း (ကသာ) က မျက်စိပျက် မျက်နှာပျက်လာပြောလို့ တဲအပြင်ထွက်ပြီး စစ်ရုံးနောက်က တောင်ကုန်းပေါ် ကြည့်လိုက်တော့ လက်ဝါးကပ်တိုင်မှာ လက်ဝါးနှစ်ဖက်ကို သံရိုက်ဖေါက်ပြီး ကားရားကြီး ဖြစ်နေတာ မျက်စိနဲ့ တွေ့ခဲ့ရဘူးပါတယ်။ နောက်ပိုင်းမှာတော့ အကျဉ်းကျခံရင်း သူခေါင်းဖြတ် အသတ်မခံရခင်အထိ အတူနေခဲ့ရပါတယ်။

မန္တလေးမှာ နေစဉ်က ကိုချိုကြီးက ကိုယ်ခံပညာထဲက (ကရာတေးထင်ပါတယ်) သင်တန်း ဖွင့်ခဲ့ဖူးတာကြောင့် သူ့ကို ပြင်းပြင်းထန်ထန် နှိပ်စက်တာကို ခံခဲ့ရသဗျ။ နောက်ဆုံးတော့ ကိုချိုကြီး လက်ကို ခုတ်ဖြတ်ခဲ့တာပါပဲ။ လက်ပြတ်သွားပြီးတဲ့ နောက်မှာတော့ ကိုချိုကြီးရဲ့ သွင်ပြင်ကို ကြည့်ရတာ သူ့ကိုယ်သူ သေလူလို့ စိတ်ဒုန်းဒုန်း ချလိုက်ဟန်တူပါတယ်။ ပိုပြီး တည်ငြိမ်လာတာ တွေရပါတယ်။ နောက်ဆုံး သူတို့ကို ကွက်မျက်ခဲ့ပုံကို မြင်တွေ့ဘူးတဲ့ သူတွေ အပြောအရလည်း တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး သေခြင်းတရားကို ရင်ဆိုင်သွားတယ်လို့ ဆိုပါတယ်။

သူ့ကိုယ်သူ သေလူလို့ သတ်မှတ်လိုက်ပြီး နောက်ပိုင်းကာလတွေမှာ ကိုချိုကြီးဟာ ဒဏ်ရာတွေ ကိုက်ခဲတဲ့ ညတွေကလွဲရင် ညဘက် လူကက်ဆက် ဘ၀မှာ စန္ဒရားလှထွဋ်ရဲ့ “ငှက်တေလေ” သီချင်းကိုပဲ ဆိုပါတော့တယ်။ ကျွန်တော့် အနေနဲ့ ဒီသီချင်းကို မင်းသားကြီးဝင်းဦး သီဆိုတာကို မကြာခဏ ကြားဖူးပေမယ့် တကယ့်သီချင်းရဲ့ ကဗျာဆန်မှုကိုတော့ ကိုချိုကြီး အဆိုကြောင့်သာ နက်နက်နဲနဲ ခံစားသိရှိခွင့် ရခဲ့ပါတယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ် ဒီသီချင်းကို ကြားရင် ကိုချိုကြီးကို သတိရပြီး ကျေးဇူးတင်မိရပါတယ်။

အထူးသဖြင့် …. “လေကိုဆန်ကာ၊ ပြေးလေသလားငှက်ငယ် မြေကိုလှန်ကာ ပြေးလေသလားငှက်ငယ်၊” ဆိုတဲနေရာနဲ့ “ညဥ့်လွှာရုံ၊ မဲမဲထဲဝယ်၊ ကဗျာတေးများလည်း မဖွေရှာစမ်း ချင်ပါနဲ့ကွယ်၊ အခက်ပွေသေးတယ်၊ ငှက်တေလေကလေးရယ်၊” …… ဆိုတဲ့ နေရာ ရောက်ရင် ဘ၀အဓိပ္ပါယ်ပြည့်ဝတဲ့ သီချင်းတပုဒ်ကို မိတ်ဆက်ပေးခဲ့ပြီး လောကထဲကနေ လေကိုဆန်ကာ ပြေးထွက်သွားခဲ့တဲ့ ကိုချိုကြီးကို အမြဲ အမှတ်ရနေမိပါတယ်။

ကိုထွန်းအောင်ကျော်တို့အရင် အသတ်ခံရသူ ကိုကျော်ဝေက ကိုနေ၀င်းရဲ့ “မောင့်လပြည့်ဝန်း” သီချင်းတပုဒ်ထဲကိုပဲ အမြဲဆိုတတ်တာမို့ မောင့်လပြည့်ဝန်း ကျော်ဝေ လို့တွင်တဲ့ထိပါ။ တကယ်က ကိုကျော်ဝေက မန္တလေး ဘွဲ့ရ ကျောင်းသားများ ဒီမိုကရက်တစ်ပါတီကလို့သိရပါတယ်။ ကိုကျော်ဝေ နဲ့ကျွန်တ်ာတို့ အားလုံးကြား ကွဲပြားမှုတခုကတော့ သူ့လည်ပင်းမှာ ကြိုးနဲ့ဖေါက်ထားတဲ့ သူ့ရဲ့ ခြေသန်းပြတ်လေးကို အမြဲဆွဲထားရပါတယ်။ အဲဒီခြေသန်း ပျောက်သွားရင် သတ်မယ်လို့ ကြိမ်းထားတာမို့ သူမသေခင်ထိ လည်ပင်းမှာ ဆွဲထားရတဲ့ ဒီခြေသန်းကို မြင်ရတိုင်း ကျွန်တ်ာတို့မှာ ဘယ်လို နာကျင်ရမှန်းမသိအောင် နာကျင်ခဲ့ရပါတယ်။ ကိုကျော်ဝေဟာ ညှင်းဆဲမှုတွေကြောင့် သူ့ကိုယ်သူ ထောက်လှမ်းရေးပါလို့ ၀န်ခံထွက်ဆိုခဲ့ရပေမယ့် နောက်ဆုံး သတ်ကာနီးမှာတော့

… “ကျော်ဝေဟာ တော်လှန်ရေးသမား စစ်စစ်ကွ၊ ကျောင်းသား စစ်စစ်ကွ” …
လို့ ကြွေးကြော်ပြီးမှ အသတ်ခံသွားခဲ့တယ်လို့ ဆိုပါတယ်။

မခင်ချိုဦး


ခုဖေ့ဘွတ် စာမျက်နှာတွေပေါ်မှာ ရေးကြတဲ့ မြောက်ပိုင်းကိစ္စတွေမှာ ကိုထွန်းအောင်ကျော်နဲ့ တနေ့တည်း ကွက်မျက်ခံခဲ့ရတဲ့ မခင်ချိုဦး အကြောင်းကို ဖတ်ရသူတိုင်း အလန့်တကြား ဖြစ်ကြရတာမို့ ကျွန်တော်ထပ် မရေးပြချင်တော့ပါဘူး။ မချိုဟာ အသက်အရွယ်နဲ့ မမျှတဲ့ လောကဒဏ်ကို ရင်ဆိုင် သွားခဲ့ရသဗျ။ ကျွန်တော်တို့ထဲမှ မိန်းကလေး အကျဉ်းသားတွေက အကျဉ်းသား အားလုံး အတွက် ထမင်းချက်ကျွေးရပါတယ်။ ထမင်းချိန်မှာ ကျွန်တ်ာတို့က သတ်မှတ်ထားတဲ့ နေရာမှာ ခေါင်းငုံ့ ထိုင်နေချိန်မှာ မချို၊ မငယ်၊ နန်းစောတို့က တပေပတ်လည်လောက်ရှိတဲ့ မိုးကာစ ထမင်းတွေထည့်ပြီး လိုက်ချပေးရသဗျ။ ဟင်း လား ဆားပေါ့ဗျာ။ မချိုတို့က ထမင်းအိုးမှာ ကပ်နေတဲ့ ချိုးလေးတွေကို ခွါပြီး ကျွန်တ်ာတို့ကို ထမင်းနဲ့တို့စားရအောင် မျှဝေပေးတတ်ပါတယ်။ မချိုကို ကြည့်ရတာ သီချင်းတွေဘာတွေဆိုတာ ၀ါသနာရှိပုံမရသလို ဆိုလည်း ဆိုဘူးပုံမရပါဘူး။ ဘယ်လိုပဲ ၀ါသနာမပါပေမဲ့ လူကက်ဆက်အဖြစ် ရွှေနားတော်သွင်းဘို့ ၀ဋ်ကြွေးတခုအရ အလှည့်ကျလာတဲ့အခါ မချိုမှာ ဆိုပြရရှာပါတယ်။ သူအမြဲ ဆိုပြတတ်တဲ့ သီချင်းကတော့ ဆရာမြို့မငြိမ်းရဲ့ “မပြီးသေးသောပန်းချီကား” သီချင်းပါ။

နန်းစောက ဗန်းမော်မြို့ကဗျ။ ၁၆ နှစ်တောင် မပြည့်သေးပဲ တောခိုလာသတဲ့။ ၉ တန်း ကျောင်းသူဘ၀ပဲ ရှိသေးသတဲ့။ ငယ်ပေမယ့် တောထဲမှာ သေနတ်ပစ်ပြိုင်ပွဲမှာ ချန်ပီယံဆု ရဘူးတယ်ဆိုပြီး ခုထိ ဂွင်ကြုံရင် ကြုံသလို ကြွားတတ်ပါတယ်။ အဲဒါဟုတ်၊ မဟုတ် မသိပေမယ့် ကျွန်တော်တို့နဲ့ ထွက်ပြေးလာပြီး နောက်ပိုင်းမှာ ရန်ကုန်မှာ ဘွဲ့ရတဲ့ထိ ပညာကြိုးစားသင်ခဲ့တာတာ့ အသိအမှတ်ပြုရပါတယ်။



၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးမှာတော့ ကျောင်းသားခေါင်းဆောင် ကျော်ကိုကိုရဲ့ နောက်ကွယ်ကနေ ပံ့ပိုးမှူတွေ လုပ်ခဲ့တဲ့အတွက် ကိုရွှေထောက်လှမ်းရေးများ လိုက်လို့ ပြေးရ၊ ပုန်းရပါတယ်။ နောက်ဆုံးတော့ နန်းစောကို မတွေ့တဲ့ အဆုံး သူတည်းနေတဲ့ အိမ်က ဘိုဘို့ အမေ ဒေါ်မြင့်မြင့်ကြည်ကို ဖမ်းပြီး နန်းစောဘယ်မှာ လည်းမေးကာ ရိုက်တဲ့သတင်း မီဒီယာမှာ ပါလာတဲ့ထိပါ။ လူကက်ဆက်လုပ်တိုင်း သူဆိုတဲ့ သီချင်းက ကိုရဲလွင်ရေးပြီး ကိုခင်ဝမ်းဆိုခဲ့တဲ့ “ပန်းခရမ်းပြာ” သီချင်းပါ။ သိကြတဲ့အတိုင်း အင်းလျားကန်ဘေးက ခရမ်းပြာဆောင်လေးမှာ နေခဲ့တဲ့ ကိုရဲတို့ ဘ၀ကို ဖွဲ့ထားတဲ့ ဒီသီချင်းနဲ့ ၉ တန်းနဲ့ တောခိုလာတဲ့ ဗန်းမော်သူ ဘယ်လို ဆက်စပ်ပြီး ရွေးဆိုတယ်ဆိုတာကို ဒီနေ့ထိ စဉ်းစားမရခဲ့ပါဘူး။ ဖြစ်နိုင်တာကတော့ သူ့ခမျှာလည်း ဒီသီချင်းတပုဒ်ပဲ အစအဆုံး ရပုံပေါက်ပါတယ်။


ပန်းချီထိန်လင်း (မကဒတ - မပ ရဲဘော်ဟောင်း) ။





No comments:

Post a Comment