Tuesday, February 5, 2013

ရေလှိုင်းစစ်ဆင်ရေး (သို့) မေးခွန်းထုတ်စရာများ-၁၁

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော် ရေလှိုင်းစစ်ဆင်ရေး (သို့မဟုတ်) မေးခွန်းထုတ်စရာများ (၁၁)

by Tamar Khin on Tuesday, February 5, 2013 at 12:24pm ·
သက်ဆိုင်သူများသို့

အမှန်တရားကို ဉီးဆောင်ဖော်ထုတ်မယ်လို့ ကြွေးကြော်ခဲ့တဲ့  ကိုထွန်းအောင်ကျော် (အမေရိက) ကလည်း  တော်လှန်ရေးဘက်ကနေကြည့်ရင် ကြီးမားတဲ့ နစ်နာဆုံးရှုံးမှူ့ ဖြစ်စဉ်ကြီး တခုကို ထောင့်စေ့အောင် မလေ့လာရသေးပဲနဲ့ နန်းအောင်ထွေးကြည်ရဲ့ တရားကိုသာနာပြီး ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရမဲ့အစား တောထဲမှာ လက်နက် ကလေးတွေ လက်ထဲမှာရှိလာတော့ “အာဏာရူးပြီး” ဖြစ်ခဲ့ကြတာလို့ လူပြိန်းအကြိုက် အလွယ်အတွေးမျိုးနဲ့ တဘက်သတ်ကြီး ဆိုနေပါလား။

ကာကွယ်စောင့်ရှောက်စရာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေကော ရှိနေပြီလား။ ကိုထွန်းအောင်ကျော်ကိုယ်တိုင်တောင် အမေရိကရောက်မှ အဲဒီအရသာ စပြီးခံစားခဲ့ရတာ မေ့သွားလို့ဖြစ်ရမယ်။ ၽ

မြောက်ပိုင်းအကြောင်းကို ပြန်ပြောရင် နေရာနဲ့အချိန်ကာလကိုလည်း ထည့်တွက်ဖို့ လိုပါ တယ်။ အသက်တွေက ဆယ်ကျော်သက်နှစ်ဆယ်ကျော်ပတ်ဝန်းကျင်၊ အမှန်တရားနဲ့ တရား မျှတမှု့အတွက် မိဘတွေရဲ့ခံစားမှု့ကို  လစ်လျူရှူ့နိုင်ကြ ရုံတင်မက ကိုယ့်အသက်တောင် ကိုယ်မနှမျှောကြတဲ့ စိတ်အနေအထား။ အမှန်အတိုင်းဝန်ခံရရင် အဲဒီအချိန် ကျမကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအကြောင်းလာမေးရင်  ဖတ်ခဲ့ဖူးတဲ့စာအုပ်ထဲကစာတွေ သူများ အထင်ကြီး လိုကြီးငြား ပြန်ရွတ်ပြရုံကလွဲရင် (ဒါမှမဟုတ်) သူများစကားကို ကိုယ့်စကားလုပ်ပြီး ပြန်ပြောပြ တတ်ရုံကလွဲလို့   မြောက်ပိုင်းရဲဘော်အများစုဟာ ကာကွယ်ဖို့ စောင့်ရှောက်ဖို့ အသာထားအုံး  ယနေ့ချိန်ထိ ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့ဆိုတာ  ချိုသလား ငန်သလား မပြောနဲ့ ဉက္ကဌ ဟောင်းကြီးဖြစ်ခဲ့တဲ့ ကိုထွန်းအောင်ကျော်လို မြည်းကြည့်ခွင့်လေးတောင် မရခဲ့ကြသေးပါဘူး။

စော်ကားတာတော့ မဟုတ်ပါဘူး အမှန်တကယ် သိချင်လို့မေးကြည့်တာပါ။ ကိုထွန်းအောင် ကျော် နိုင်ငံခြားကို ဘယ်နှစ်ခုနှစ်က ရောက်သွားခဲ့တာပါလဲ။ ရှေ့တန်းစစ်မြေပြင် ဘယ်နှစ်ခါ ရောက်ဖူးခဲ့ပါသလဲ။ မျက်စေ့ရှေ့မှာတင် ကျဆုံးသွားတဲ့ ရဲဘော် ဘယ်နှစ်ယောက်လောက်ကို မြင်တွေ့ဖူးခဲ့ပါသလဲ။ ဆန်ဂိုဒေါင်တွေ ရန်သူ့လက်ထဲရောက်သွားလို့ အားအင်ကုန်ခမ်းငတ်ပြတ် ဖျားနာပြီး ဗဟိုတောင် ပြန်မရောက်တော့ပဲ လမ်းခရီးစခန်းမှာတင် ရဲဘော်တွေ တယောက်ပြီး တယောက်ချခဲ့ရတဲ့ အသုဘမျိုးကော ကြုံခဲ့ဖူးပါသလား။

အခုတာဝန်ရှိလို့ပါ ပြောနေတဲ့သူတွေရဲ့အသံတွေ အဖွဲ့အစည်းရော ရဲဘော်တွေပါ အခက်အခဲတွေ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ရုန်းကန်နေခဲ့ရချိန်က ချောင်းဟပ်သံလေးတောင် ရဲဘော်တွေ မကြားခဲ့ကြရတာ အဲဒီအချိန်က အိပ်ပျော်နေခဲ့ကြပါသလား။ ဘယ်လိုပဲဖြစ်ဖြစ် ဖြတ်သန်းခဲ့တဲ့ အောက်ခြေက ရဲဘော်တွေကတော့ တာဝန်ရှိပါတယ်ဆိုတဲ့ ခေါင်းဆောင်ကြီးများကို မေ့နိုင်ကြမှာ မဟုတ်ပါဘူး။ ဘဝတသက်တာလုံးအတွက်ကို အမှတ်တရရှိနေကြပါလိမ့်မယ်ဆိုတာတော့ ယုံပါ။ ။ ကျမက အေဘီဉက္ကဌလည်း မဖြစ်ခဲ့ဘူးသလို ဘယ်ဉက္ကဌကိုမှလည်း မဲမပေးခဲ့ဘူးတဲ့အပြင် ဉက္ကဌကတော်ဘဝနဲ့လည်း  ဘယ်လိုပွဲမျိုးကိုမှ မတက်ရောက်ခဲ့ပါ။ မခံစားတတ်လို့ပါ။

ရဲမေဘဝနဲ့တော့ ကိုထွန်းအောင်ကျော်ကို မေးခဲ့တဲ့အရာတွေ အကုန်လုံးကို ကျမကြုံခဲ့ဖူး ပါတယ်။ ကျမရေးခဲ့တဲ့ဆောင်းပါးတွေထဲမှာ ရေးရင်းနဲ့ပတ်သက်ခဲ့တဲ့သူတချို့ကို ကျဆုံးဆိုပြီး ကွင်းစကွင်းပိတ်တွေနဲ့ ပြထားတာကိုပဲ ရေတွက်ကြည့်ပါ။ ဒါရေးနေတဲ့အကြောင်းနဲ့ တိုက်ဆိုင် လို့ ထည့်သုံးခဲ့တဲ့နာမည်တွေပဲ ရှိပါသေးတယ်။

မြန်မာနိုင်ငံဆိုတာ ဒါမျိုးဟေ့ဆိုပြီး လက်တွေ့သက်သေပြနေတဲ့ ရခိုင်အရေးအခင်းကကော အောက်ခြေမှာ ဘာအာဏာ ဘာစည်းစိမ်မှမရှိပဲ ခံပြီးရင်းခံနေရတဲ့ ဆင်းရဲဒုက္ခရောက်နေသူ ဘဝတူအချင်းချင်း အဲဒီလောက် ရက်ရက်စက်စက် အပြန်အလှန် သတ်ဖြတ်နေကြတာ အာဏာရူးနေကြတာလို့ သတ်မှတ်လို့ ဖြစ်ပါ့မလား။ တကယ်တမ်း အာဏာရူးနေကြတာက ဘယ်သူတွေပါလဲ။

မြောက်ပိုင်းက ခေါင်းဆောင်တွေက အာဏာရူးဖို့နေနေသာသာ ကိုထွန်းအောင်ကျော်လို နိုင်ငံခြားမပြောနဲ့ ဗဟိုမှာတောင် ကြာကြာဇိမ်နဲ့ နပ်နေကြတာ မဟုတ်ပါဘူး။ အမြဲတမ်း ရှေ့တန်းစစ်မြေပြင်မှာ ရန်သူနဲ့ နှပမ်းလုံးနေခဲ့ကြတာ။ အဲဒီလောက်တိုတောင်းတဲ့ ကာလလေး တခုအတွင်းမှာကို ကိုမျိုးဝင်းတို့ ကိုသံချောင်းတို့ တိုက်ပွဲပေါင်း ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါ နွဲခဲ့ကြသလဲဆိုတာပဲ စာရင်းကောက်ကြည့်လိုက်ပါ။ အချောင်သမားတွေ မဟုတ်ခဲ့ကြသလို နာမည်ခံရုံသက်သက် လုပ်ခဲ့တဲ့သူတွေ မဟုတ်ခဲ့ကြတာကတော့ အသေအချာပါပဲ ။

ဘာမှမလုပ်ခဲ့သူတွေအတွက်  ဘာအမှားမှ မရှိခဲ့ကြလည်း ဂုဏ်ယူစရာတော့ ဟုတ်မယ်မထင်ပါဘူး။ ကျမ သိသလောက်တော့ အာဏာရူး ဆိုတာမျိုးက “ဘယ်သူသေသေ ငတေမာ ရင်ပြီး ရော” အသက်စွန့်လုပ်ဖို့ ဝေးလာဝေး။ သူတို့စည်းစိမ်ကိုတောင် သူတို့စွန့်ရဲ လုပ်ရဲကြတာမျိုး မဟုတ်ပါဘူး။ ကျမ သိတာမှားနေရင် ပြင်ပေးပါ။

ဒါတွေကို အစအဆုံးသိပြီး တာဝန်ခံခဲ့တဲ့ မေးမြန်းလာတဲ့သူတွေရှိရင် သက်သေပြနိုင်ဖို့ နန်းအောင်ထွေးကြည်၊ ကိုညီညီ၊ ကိုကျော်နိုင်ဉီး၊ ကိုခင်မောင်ဇော် ၊ ကိုရဲလင်း၊ ကိုမိုးကြီးတို့ကို မသတ်ပဲ ချန်ထားခဲ့တဲ့ ကိုမျိုးဝင်းကလည်း ကံကောင်းတာလား ကံဆိုးတာလားမသိ (အဲဒီလိုမဖြေရှင်းနိုင်တော့အောင်ကို) ရှေ့တန်းတိုက်ပွဲမှာ ကျည်ဆံက (နှလုံးသားတဲ့တဲ့ကိုမှ) မှန်သွားခဲ့တာ။ ရှေ့တန်းမှာ ကျဆုံးသွားခဲ့ရလို့ ပြန်လည် ဖြေရှင်းခွင့်မရ၊

ကိုသံချောင်းကလည်း မျက်လုံးတဘက်၊ လက်တဘက်ပေးခဲ့ရတဲ့အပြင် ထောင်ထဲမှာ သေဒဏ် ငါးထပ်ကွမ်းနဲ့  ရဲဘော်တွေ အခေါ်  “ပဲလှော်၊ ပဲကြော်”ဆိုတဲ့ ချစ်စရာ သမီးငယ် လေးနှစ်ဉီးရဲ့ ဖခင် လူထဲကလူတဉီးဆိုရင်လည်း မမှားပါဘူး။ နောက်ထပ်သေဒဏ်တထပ် ထပ်တိုးလည်း ဘာမှ ထူးနေမှာမဟုတ် အသက်က တချောင်းပဲ ရှိတာ။ လူတယောက်ရဲ့ ယျေဘူယျအသက်က ရှိနိုင်ရင် ( ၆၅-ရဝ ) ပေါ့။ (၁၀)နှစ်က ကလေးဘဝ၊ နောက်ထပ်(၁၀)နှစ်က ကျောင်းသားဘဝ၊ (၁၈)နှစ်က သူပုန်ဘဝ၊ (၇)နှစ်က ထောင်နန်းစံဘဝ လူ့သက်တမ်းရဲ့ သုံးပုံနှစ်ပုံလေးပဲ ကုန်သေးတာ နောက်ထပ် ထောင်ထဲဆက်နေဖို့နှစ်တွေ အများကြီးပဲ ကျန်ပါသေးတယ် ။ ပြန်မခံလိုက်ရမှာ စိုးရိမ်ပူပန်နေကြသူများ စိတ်ပူနေစရာကို မလိုတော့တဲ့  ကြည်နူးနှစ်သိမ့်ဖွယ်ရာ ဘဝမျိုးလေးနဲ့ ပါ။

လွတ်လွတ်လပ်လပ် ဖြေရှင်းခွင့်မရတဲ့  ဘဝတူရဲဘော်တွေဆီကနေ ဒီအပြင် နောက်ထပ် ဘာတွေများ ထပ်လိုချင်နေကြတာပါလိမ့်။ ဒါ အမှန်တရားကို ဖော်ထုတ်နေကြတာလား။ ဒါလား တရားမျှတမှု့နဲ့ တရားဉပဒေ စိုးမိုးရေး။

ကိုမျိုးဝင်း၊ ကိုသံချောင်းတို့သာ အသက်ရှင်လျှက် လွတ်လွတ်လပ်လပ် ပြန်လည်ခုခံခြေပနိုင်တဲ့ အနေအထားမျိုးမှာ ရှိနေခဲ့ရင် ကျမ ဒီစာတွေ ရေးနေစရာအကြောင်း မရှိဘူး။ သူတို့အမှားအတွက် အမှန်တကယ်တရားမျှတတဲ့ တရားရုံးအဆုံးအဖြတ်နဲ့ (စစ်အစိုးရအောက်က မတရားရုံးကို မဆိုလို) သူတို့ ကြိုးစင်တက်ကြရင်တောင် အသေအချာ ကျမ သွားကြည့်အုံးမှာ။ (ကိုအောင်နိုင် ဘာကြောင့် မတားမြစ်ခဲ့တာလဲ၊ ဒါတွေကို သူဘာကြောင့် ယုံကြည်လက်ခံခဲ့လဲဆိုတဲ့ကိစ္စက အသက်ရှင်လျှက်ရှိ နေဆဲ ကိုအောင်နိုင် ဖြေရှင်းရမဲ့ကိစ္စ။)

အခုဟာက ကျဆုံးသွားလို့ ခုခံခြေပခွင့်မရတဲ့ သူအပေါ် ၊ လွတ်လွတ်လပ်လပ်ခြေပခွင့်မရတဲ့ ရန်သူ့လက်ထဲထောင်ကျနေတဲ့ သူအပေါ် သွေးဆာနေတဲ့ ဘီလူးကြီးတွေ သရဲသဘက်ကြီးတွေ အာဏာရူးကြီးတွေအဖြစ် နန်းအောင်ထွေးကြည်ရဲ့လေသံကို နင်းပြီး  ပုံဖော် ပြောနေ  ရေးနေ ကြတာတွေကို လုံးဝလက်မခံနိုင်သလို  ဒီအတွက် မြောက်ပိုင်းဗဟိုကော်မတီသာမက မြောက်ပိုင်းရဲဘော်ရဲမေအားလုံးမှာ တာဝန်ကိုယ်စီရှိတယ်လို့ပဲ ရိုးရိုးနဲ့ရှင်းရှင်း ကျမမြင်တယ်။ ကျမတို့ မြောက်ပိုင်းရဲဘော်ရဲမေ တွေအားလုံး မဖြစ်မနေ မျက်နှာချင်းဆိုင်ကိုစုဆုံ ဖြေရှင်းနိုင်မှသာ  တကယ့်အမှန်တရားကို ရှာတွေ့နိုင်မဲ့ကိစ္စတခုလည်း ဖြစ်ပါတယ်။ (ထောင်ထဲမှာရှိနေတဲ့ ကိုသံချောင်းကလည်း မျက်နှာချင်းဆိုင်စုစုံရှင်းဖြေရှင်းနိုင်ဖို့ တောင်းဆိုခဲ့ပေမဲ့ တောင်းဆိုလို့ မရဘူးလို့ ကြားရပါတယ်။)

ကိုအောင်မိုးဝင်းရေးခဲ့တာက ခံရသူတွေဘက်က ဖြေရှင်းမယ်ပြောနေတာပဲ ခေါင်းဆောင်ကြီးများက ထွက်မှ မလာရဲတာတဲ့။
ကဲ ခေါင်းဆောင်ကြီးများအပါအဝင် မြောက်ပိုင်းရဲဘော်ရဲမေတွေအားလုံး တယောက်မကျန် တာဝန်ကိုယ်စီ ရှိကြတယ်။ ဖြေရှင်းပုံ ဖြေရှင်းနည်းနဲ့ ဖြေရှင်းကြမဲ့ နေရာလေးတွေကို ရွေးကြရအောင်။

စာတွေအပြန်အလှန်ရေးပြီး ဖေ့ဘုတ်ပေါ်ကနေ  ဗွီလိင်အပြောတွေနဲ့ တဘက်နဲ့ တဘက် ရန်ဖြစ်ပြီး ရှင်းကြမလား။ တပြည်လုံးကြားအောင် လေလှိုင်းပေါ်ကကနေ သံပြိုင် အော်ဟစ် ရှင်းကြမလား။ အယောက်စေ့တိုင်း အင်တာဗျူးလုပ်ပြီး ရှင်းကြမလား။ ကိုယ့်သမိုင်းနဲ့ ကိုယ့်ကဏ္ဍ ဆိုပြီး စာစီစာကုံးလေးတွေ တယောက်ချင်း ရေးရှင်းကြမလား။ တဘက်နဲ့တဘက် သတင်းစာရှင်းလင်းပွဲတွေ ချိန့်ချိန့်သဲကျင်းပပြီး အပြန်အလှန် စွပ်စွဲ အပုတ်ချရင်း  ရှင်းကြ မလား။ ဒါမှမဟုတ်၊

အထဲကလူတွေ အကုန်ထွက်လာကြပြီး ကိုအောင်နိုင်ရှိတဲ့ထိုင်းနယ်စပ်မှာ ရှင်းကြမလား။  အပြင်မှာရှိနေတဲ့လူတွေအားလုံး အထဲပြန်ဝင်ပြီး ကိုသံချောင်းရှိတဲ့ သာယာဝတီထောင်မှာ သွားရှင်းကြမလား။  ကိုလှဆိုင်းရှိတဲ့ စစ်ဖြစ်နေတဲ့ မြောက်ပိုင်းကချင်မှာပဲ ပြန်စုံ ရှင်းကြမလား။ ဒါမှမဟုတ် ကိုထွန်းအောင်ကျော်တို့ ကိုမျိုးဝင်းတို့ရှိတဲ့ မြောက်ပိုင်း တောထဲက မြေပုံလေးတွေ မှာ  တိုင်တည်ကြရင်းနဲ့ပဲ ဖြေရှင်းကြမလား။

ဘယ်သူတွေက အဆုံးအဖြတ်ပေးတဲ့ တရားသူကြီး လုပ်ကြမှာလဲ။ ဘယ်သူ့ရှေ့မှာ သွားရှင်း ကြရမှာပါလဲ။ အဆုံးအဖြတ်ပေးမဲ့ တရားသူကြီးက စစ်အစိုးရပဲလား။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို အဆုံးဖြတ်ပေးနိုင်တဲ့ တရားသူကြီးတွေလို့ ထင်မှတ်ပြီး ထင်ကြီးတလုံးနဲ့ လုပ်နေပြောနေကြ သူတွေ ရှေ့မှာပဲ ရှင်းကြရမှာလား။ ဒါမှမဟုတ် မြောက်ပိုင်းရဲဘော်ရဲမေတွေအားလုံး နိုင်ငံခြားကို ရောက်ဖူးသွားတယ်ရှိအောင် လေယာဉ်ပျံကြီးစီးပြီး နိုင်ငံတကာခုံရုံးမှာပဲ သွားရှင်းကြမလား။

ကဲ ရွေးကြပါ ဖြေရှင်းပုံ ဖြေရှင်းနည်းနဲ့ ပါဝင်ခဲ့တဲ့ မြောက်ပိုင်းရဲဘော်ရဲမေအားလုံး မျက်နှာချင်းဆိုင်စုဆုံဖြေရှင်းနိုင်မဲ့ နေရာလေးတွေကို။

ပါဝင်ခဲ့ကြသူတွေအားလုံး မျက်နှာချင်းဆိုင်ကို စုဆုံပြီး ပြည်သူလူထုရှေ့မှာ ဖြေရှင်းကြမှ ရနိုင်ဖြစ်နိုင်မဲ့ ကိစ္စကြီးတခုပါလို့ ကျမ အကြိမ်ကြိမ် ရေးခဲ့ပြီးပြီ။ အဲဒီအတွက် လွတ်လပ်စွာ ပြောဆိုနိုင်တဲ့ အနေအထားတခု မရှိမဖြစ် လိုအပ်ပါတယ်။ ထောင်ကျနေတဲ့ ကိုသံချောင်း၊ စစ်ထောက်လှမ်းရေးတွေရဲ့ ကာကွယ်စောင့်ရှောက်မှု့အောက်မှာ ရောက်နေတဲ့ ကိုသန်းဇော်၊ ဇော်ဇော်မင်း၊ အောင်စိုးမြင့်တို့ကရော ဒီလိုအခြေအနေအောက်မှာ ထွက်ရှင်းခဲ့ရင်တောင် ဘာသံတွေပဲ ထွက်လာနိုင်သလဲ စောင့်သာ နားထောင် ကြည့်ကြပါ ။ ဖက်စစ်တွေကို ပြည်သူ လူထုတရပ်လုံးက တွန်းလှန်တော်လှန်ခဲ့တဲ့ လူထုတော်လှန်ရေးနေ့တောင် တပ်မတော်နေ့ ဖြစ်သွားရသေးတာပဲ။ ဒီလောက်ကတော့ စစ်အစိုးရအတွက် ပျင်းတောင်ပျင်းသေးတယ်။

အုံနဲ့ကျင်းနဲ့ဖြစ်ခဲ့တဲ့ကိစ္စတခု။ တယောက်တည်း နှစ်ယောက်တည်း လုပ်ခဲ့ကြတဲ့ကိစ္စတွေလည်းမဟုတ်ဘူး။ တယောက်တည်း နှစ်ယောက်တည်း တစုတည်း တဖွဲ့တည်း ဖြေရှင်းနိုင်တဲ့ ကိစ္စမျိုးလည်း မဟုတ်ခဲ့ဘူး။ ဖြေရှင်းလို့လည်း မရနိုင်ဘူး။ ကိုယ့်အမြင် သူ့အမြင် ပါဝင်ခဲ့တဲ့ ကိုယ့်ကဏ္ဍ သူ့ကဏ္ဍတွေကို ဖလှယ်ကြရုံကလွဲပြီး ဘယ်သူမှ အလုံးစုံသိနေတာ မဟုတ်ဘူး။ အဲဒါကို အတင်းကြီး ဇွတ်ထွက်ရှင်းခိုင်းနေသလို ဖြစ်နေတယ်။

အဲဒီလို တယောက်စီ ထွက်ရှင်းနေလို့ကော ဝိုင်းတိုက်ခိုက်တတ်ရုံကလွဲပြီး ဘယ်သူ ဘာလဲ ဘာဖြစ်လို့ ဖြစ်သွားခဲ့ကြတာလဲ အဖြစ်မှန်ကို သိနိုင်ကြပါ့မလား။ အခုကိုပဲကြည့်ပါ သူ့အမြင် ကိုယ့်အမြင်နဲ့ အပြန်အလှန် ပုတ်ခတ်စွပ်စွဲ မဆုံးနိုင်တဲ့အဖြေတွေနဲ့ အဖွဲ့အစည်း သွားနေတဲ့ လမ်းကြောင်းတလျှောက် ဒီကိစ္စကြီး တကိုင်ကိုင်လုပ်ပြီး တိုက်ခိုက်နေတာကလွဲရင် ဘာအဖြေများ ထွက်လာနိုင်မှာပါလဲ။ ဒါ ဘာကြောင့် အကြာကြီး ရေငုံနုတ်ပိတ်နေခဲ့ရပါသလဲဆိုတဲ့ ကျမကို မေးခဲ့တဲ့ မေးခွန်းရဲ့အဖြေပါပဲ။

(၁၉၉၂) အဖမ်းခံရတဲ့ ရဲဘော်တွေ အထဲပြန်ရောက်သွားကြချိန်၊ (၂၀ဝ၆ ) ကိုသံချောင်းနဲ့ ရဲဘော်တွေ အဖမ်းခံခဲ့ရချိန်ကတည်းက အကြိမ်ကြိမ်အခါခါ သတင်းစာရှင်းလင်းပွဲတွေ လုပ်ပြီး သတင်းစာတွေထဲကရော တီဗွီတွေထဲမှာပါ ပြည်သူလူထုကို ချပြထားခဲ့ကြ ပြီးသားပါ။ အထဲက ဒီမိုကရေစီခေါင်းဆောင်တွေ ကျောင်းသားခေါင်းဆောင်တွေ ထောင်ထဲရောက်နေတဲ့သူတွေပါ မကျန်  သိနေပြီးသားကိစ္စတွေလည်း ဖြစ်ပါတယ် ။ ကျမတို့ထက် ပိုသိ ပိုနားလည်နေတဲ့ သူတွေလည်းရှိနေကြပါတယ်၊ ဘယ်လိုနည်းနဲ့မှ စုဆုံဖြေရှင်းနိုင်ကြတဲ့ အခြေအနေမရှိသေးတဲ့အပြင် ရှေ့ဆက်လုပ်ရမဲ့ အလုပ်တွေကို ဉီးစားပေးလုပ်ရမဲ့အချိန် ဖြစ်နေခဲ့ရလို့သာ အားလုံးက လုပ်ချိန် ဖြေရှင်းချိန် မတန်သေးဘူးလို့ သဘောထားခဲ့ကြတာပါ။

ဒါကို လူတတ် လူသိကြီးတွေက ထလုပ်ကြတော့ ဘယ်မှာလဲ အမှန်တရား  နိုင်ငံရေးအရ  ဒါကို အမြတ်ထုတ်အသုံးချသွားတာပဲ အဖတ်တင်ပါတယ်။ ဒါတောင် အသက်နှစ်ဆယ်အရွယ် မဟုတ်တော့ဘူး။ တစုံတရာဖြတ်သန်းမှု့ အတွေ့အကြုံရှိနေပါပြီဆိုတဲ့ လေးဆယ်ကျော်၊ ငါးဆယ်ကျော်အရွယ်တွေပါ ။ စစ်အစိုးရတော်နေလို့ မဟုတ်ပါဘူး၊ စစ်အစိုးရဲ့ အားနည်းချက်တွေကို ၀ိုင်းဝန်း ရှာဖွေထောက်ပြကြရမဲ့အချိန်မျိုးမှာတောင် ကျမတို့ကိုကပဲ ငါသိ ငါတတ် ကြီးတွေသာ လုပ်ချင်နေတဲ့စိတ်တွေနဲ့ အချင်းချင်း အပြန်အလှန် လက်ညိုးထိုးတတ်ကြတဲ့နေရာမှာ သိပ်ကိုတော်နေကြလို့ပါ ။  လုပ်စရာမရှိကြတဲ့ လူတွေ လုပ်ရိုးလုပ်စဉ် လုပ်တတ် ကြတဲ့အတိုင်း ရှုပ်နေတဲ့ချည်ကင်  ပြန်ရှာဖြည်ရှင်း ပြန်လုံးပြန်ရစ်နေကြတဲ့အလုပ်မျိုးတွေနဲ့ အချိန်ဖြုန်းနေခဲ့ကြတာတွေကလည်း ခပ်များများ ဖြစ်နေခဲ့တဲ့အတွက်တွေကြောင့်လည်း ပါပါတယ်။

နှစ်နှစ်ဆယ်ကျော်တာတောင် ဖြေရှင်းချိန်မရောက်သေးဘူးလားလို့ ပြန်မေးခဲ့မယ်ဆိုရင်လည်း။ ဟုတ်ကဲ့ ဒီပြည်တွင်းစစ်ကြီး မချုပ်ငြိမ်း မရပ်တန့်သေးမချင်း သိလို့ပြောကြတာနဲ့ မသိလို့ မပြောကြတာပဲ ကွာပါတယ်။ ကျမတို့မမွေးခင်ကတည်း စခဲ့တဲ့ ပြည်တွင်းစစ်ကြီးတလျှောက် တနိုင်ငံလုံးနေရာအနှံ့အပြားမှာ နှစ်ဉီးနှစ်ဘက်ကြားက အဲဒီလိုသံသယတွေကြောင့် အခုချိန်ထိ ဖြေရှင်းခွင့်မရကြပဲ သေသွားခဲ့ရသူတွေ သေနေဆဲလူတွေ သေအုံးမဲ့လူတွေ တပုံကြီး အများကြီး ရှိနေခဲ့ ရှိနေဆဲ ရှိနေအုံးမဲ့ အခြေအနေတွေ ဆက်ရှိနေသမျှ လွတ်လွတ်လပ်လပ် မျက်နှာချင်းဆိုင် မတွေ့ဆုံမဖြေရှင်းနိုင်ကြသေးသ၍ပါပဲလို့  ပြန်ဖြေချင်ပါတယ်။

အာဏာရူးတဲ့သူက လက်ထဲ လက်နက်လေးရှိနေမှ မဟုတ်ပါဘူး ။ လက်နက်မရှိလည်း ရူးချင်တဲ့သူက နည်းအမျိုးမျိုးနဲ့ ရူးနေနိုင်ပါတယ် ။ လူမသတ်ရင်တောင် တယောက်နဲ့ တယောက် အပြိုင်အဆိုင် အပုတ်ချစွပ်စွဲရင်း ပြည်သူတွေ နိုင်ငံရေးသမားဆိုရင် စိတ်ကုန် စိတ်ပျက်သွားအောင်၊ နောက်မျိုးဆက်တွေ တော်လှန်ရေးဆိုရင် ဝေးဝေးက ရှောင်အောင် လူ့အခွင့်အရေးဆိုတဲ့ ခေါင်းစဉ်ကြီးအောက်မှာ ကိုယ်နာမည်ကောင်းရချင်ရင် ပြည်သူတွေ လိုအပ်တာကို ပိုလုပ်ကြရမဲ့အစား အလုပ်ထက် အပြောနဲ့ တယောက်နာမည်ကိုတယောက် စကားလုံးတွေနဲ့  လိုက်သတ်နင်းချေနေကြတာလေ။

တခြားလူတယောက်က တခြားလူတယောက်ကို ကောင်းတဲ့အမြင်နဲ့ပဲဖြစ်ဖြစ် ဆိုးတဲ့အမြင် နဲ့ပဲဖြစ်ဖြစ် မနာလိုမရှူ့စိမ့် ဖြစ်နေတဲ့ အမြင်မျိုးနဲ့ပဲဖြစ်ဖြစ် ကိုယ့်လူကိုယ် ရိုးတင်ပေးချင်တာ ဖြစ်ဖြစ် ရိုးချချင်လို့ပဲဖြစ်ဖြစ် ကန်ထုတ်ချင်လို့ပဲဖြစ်ဖြစ် ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ ဖြစ်ဖြစ်ပါ တံဆိပ်အမှားတွေ လာတပ်ပေးနေလို့ရတဲ့အမျိုး မဟုတ်ပါဘူး။

နာမည်ကောင်းလိုချင်ရင် ကိုယ့်သမိုင်းကိုယ်ရေးနိုင်တဲ့ တခြားနည်းလမ်းရှာပါ။ ကျေးဇူးပြုပြီး တော်လှန်ရေးအတွက်  အသက်ပေးသွားခဲ့ကြတဲ့ ရဲဘော်တွေရဲ့ မြေပုံပေါ်  တက်မရပ်ကြပါနဲ့။

တောထဲမှာ ထောက်လှန်းရေးလို့ သတ်မှတ်ခံခဲ့ရတဲ့ ကိုရာပြည့် (စစ်အစိုးရအကျဉ်းထောင်တွင်း ကျဆုံး) ၊ ကိုရဲလင်း၊ ဘိုဘို ၊ ကိုထိန်လင်း တို့ဟာ မိမိကိုယ်မိမိသာအသိဆုံးဆိုတဲ့ အသိနဲ့ပဲ  ကိုယ်ယုံကြည်ရာ လမ်းကို ဆက်လျှောက်ခဲ့ကြတယ်။ ထောင်ကျခံခဲ့ကြရတယ်။ ငါတို့ဘယ်လို လူမျိုးတွေပါဆိုတာကို သက်သေပြခဲ့ကြတယ်။ မြောက်ပိုင်းမှာ ဆက်လက်တိုက်ပွဲဝင်နေဆဲ ရဲဘော်တွေကလည်း ကျနော်တို့တော့ စာလည်း မရေးပြတတ်ဘူး၊ စကားလုံးတွေနဲ့လည်း ပြောမနေချင်တော့ဘူး၊ မြောက်ပိုင်းကျောင်းသားတပ်အတွက် အလုပ်နဲ့ပဲ သက်သေပြတော့မယ်ဗျာတဲ့။

ဒီနိုင်ငံမှာ လူဖြစ်လာကြတာကိုက ကျောင်းသားလူငယ်ဘဝတွေ ဆုံးရှုံးပြီးသားပါ။  အရှူံးထဲက အမြတ်ကတော့ ကျမတို့အားလုံး မျက်နှာချင်းဆိုင်စုစုံဖြေရှင်းနိုင်မဲ့အချိန်ကို စောင့်ကြိုရင်း ကျမတို့အားလုံး လိုလားတောင့်တခဲ့တဲ့အရာကို မရသေးမချင်း ရည်ရွယ်ရာ ရှေ့ဆက်ရမဲ့ ခြေလှမ်းတွေကိုသာ မျက်ခြေမပြတ်အောင် တည့်တည့်လျှောက်ကြရင်း ကိုယ့်မှာရှိနေပြီးသား တန်ဘိုးကိုယ်စီကို မြဲမြံစွာ ဆုပ်ကိုင်ထားခြင်းသာ ဖြစ်မယ်ထင်ပါတယ် နစ်နာခဲ့ကြရတဲ့ ရဲဘော်အပေါင်းတို့ ။

ခင်ရွေလှိုင်
မပ-ဝ၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
  • Hmone Shwe Yi and 9 others like this.
  • Kyi Kyi Khin ဒီအဖြစ်အပျက်တွေပေါ်မှာ တက်ရပ်ပြီး နာမည်ယူချင်သူတွေ။ ဘာမှမတွေးတောပဲ မဆင်ခြင်ပဲ ကိုယ်နာမည်ရဖို့သာ အဓိကလုပ်။ ကိုယ်နဲ့ မတူ ကိုယ့်ရန်သူဆိုပြီး လက်နက်မပါတဲ့ ဖဘပေါ်တောင် ဖြုတ်ထုတ်သတ်လုပ်နေသူတွေ ။ အုပ်စုဖွဲ့ ရမ်းကားချင်သူတွေ ... ဒီအဖြစ်အပျက်ကြီး တခုလုံးမှာ ထောက်လှမ်းရေး မပါဘူး လို့ မြင်နေသူတွေ..... သေချာ တွေးတောပါ စဉ်းစားနိုင်ကြပါစေလို့ပဲ တောင်းပန်ချင်ပါတယ်။
  • Nge Naing ဒီနေ့ အကြိုက်ဆုံး စာသားနဲ့ မေးခွန်း

    ABSDF ဥက္ကဌဟောင်း တဦးကို ABSDF မှာ တာဝန်ကြီးကြီး မယူလာခဲ့ဖူးဘဲ သာမန်ရဲမေအဖြစ်ပဲ တာဝန်ယူလာဖူးတဲ့ ရဲမေဟောင်းတဦး မေးလိုက်တဲ့ မေးခွန်းတခုကို ဖတ်လိုက်ရတာ ကြက်သီးကိုထသွားစေပါတယ်။ ABSDF မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရဲမေတွေ
    ထဲမှာ ရှေ့တန်း၊ နောက်တန်း၊ နယ်စပ်၊ နိုင်ငံတကာ စတဲ့နယ်ပယ်အသီးသီးမှာ လှုပ်ရှားခဲ့တဲ့ အတွေ့အကြုံတွေက ဥက္ကဌဟောင်; (သို့) ခေါင်းဆောင်ဟောင်းဆိုသူ တချို့တွေထက် ပိုရှိတယ်၊ အခက်အခဲတွေကို ပိုရင်ဆိုင်ဖူးတယ်ဆိုတာအပြင် အခုလက်ရှိလည်း အဖွဲ့အစည်းနဲ့ ပတ်သက်လာရင် စဉ်းစားချင့်ချိန်တတ်တဲ့ အသိတရား ပိုရှိတယ်ဆိုတာ မခင်ရွှေလှိုင်က အောက်ကအတိုင်း မေးပြီး စာဖတ်သူအားလုံးကို အသိပေးလိုက်ပါတယ်။

    (((((အမှန်တရားကို ဉီးဆောင်ဖော်ထုတ်မယ်လို့ ကြွေးကြော်ခဲ့တဲ့ ကိုထွန်းအောင်ကျော် (အမေရိက) ကလည်း တော်လှန်ရေးဘက်ကနေကြည့်ရင် ကြီးမားတဲ့ နစ်နာဆုံးရှုံးမှူ့ ဖြစ်စဉ်ကြီး တခုကို ထောင့်စေ့အောင် မလေ့လာရသေးပဲနဲ့ နန်းအောင်ထွေးကြည်ရဲ့ တရားကိုသာနာပြီး ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရမဲ့အစား တောထဲမှာ လက်နက် ကလေးတွေ လက်ထဲမှာရှိလာတော့ “အာဏာရူးပြီး” ဖြစ်ခဲ့ကြတာလို့ လူပြိန်းအကြိုက် အလွယ်အတွေးမျိုးနဲ့ တဘက်သတ်ကြီး ဆိုနေပါလား။
    စော်ကားတာတော့ မဟုတ်ပါဘူး အမှန်တကယ် သိချင်လို့မေးကြည့်တာပါ။ ကိုထွန်းအောင် ကျော် နိုင်ငံခြားကို ဘယ်နှစ်ခုနှစ်က ရောက်သွားခဲ့တာပါလဲ။ ရှေ့တန်းစစ်မြေပြင် ဘယ်နှစ်ခါ ရောက်ဖူးခဲ့ပါသလဲ။ မျက်စေ့ရှေ့မှာတင် ကျဆုံးသွားတဲ့ ရဲဘော် ဘယ်နှစ်ယောက်လောက်ကို မြင်တွေ့ဖူးခဲ့ပါသလဲ။ ဆန်ဂိုဒေါင်တွေ ရန်သူ့လက်ထဲရောက်သွားလို့ အားအင်ကုန်ခမ်းငတ်ပြတ် ဖျားနာပြီး ဗဟိုတောင် ပြန်မရောက်တော့ပဲ လမ်းခရီးစခန်းမှာတင် ရဲဘော်တွေ တယောက်ပြီး တယောက်ချခဲ့ရတဲ့ အသုဘမျိုးကော ကြုံခဲ့ဖူးပါသလား။

    ကျမက အေဘီဉက္ကဌလည်း မဖြစ်ခဲ့ဘူးသလို ဘယ်ဉက္ကဌကိုမှလည်း မဲမပေးခဲ့ဘူးတဲ့အပြင် ဉက္ကဌကတော်ဘဝနဲ့လည်း ဘယ်လိုပွဲမျိုးကိုမှ မတက်ရောက်ခဲ့ပါ။ မခံစားတတ်လို့ပါ။ ရဲမေဘဝနဲ့တော့ ကိုထွန်းအောင်ကျော်ကို မေးခဲ့တဲ့အရာတွေ အကုန်လုံးကို ကျမကြုံခဲ့ဖူး ပါတယ်- ခင်ရွှေလှိုင်))))
  • Nge Naing အောက်မှာ နံပါတ် ဆက်ရေးထားတာ မတွေ့လို့ ပြီးသွားပြီလားအစ်မ။ ပြီးသွားပြီဆိုရင်တော့ ကျွန်မ နောက်အားတဲ့အချိန်ကျမှ ၁ ကနေ ၁၁ ထဲက အဓိက သော့ချက် တွေကိုပဲ ပြန်ယူပြီး ပို့စ်တခုစာ Summary ပြန်လုပ်ပြီး ပြန်တင်လိုက်မယ်။
  • Naing Aung မလှိုင်ရေးတာကောင်းပါတယ် တခုတော့ပြောချင်တာက...အမှိုက်ကတော့ အမှိုက်လိုဘဲ ဆက်ဖွနေမှာဘဲ...စတည်းက အမှိုက်လို ဖွခဲ့တာ...မကဒတကို ရည်ရွယ်သူတွေ စာရင်းချရေးလိုက်ပါ...နှစ်မျိုးဘဲ ခွဲစရာလိုတယ်...အချောင်သမားနဲ့ ...တဘက်လူဘက်တော်သား...
  • Nge Naing http://nge-naing.blogspot.com.au/2013/02/blog-post_5.html

    ABSDF မြောက်ပိုင်းမှာ ဥက္ကဌ ကိုထွန်းအောင်ကျော်ကိုယ်တိုင် ရန်သူ့သူလျှိ စစ်စစ်ပါလို့ နန်းအောင်ထွေးကြည်က လုပ်ကြံဖန်တီးခဲ့တဲ့ ရေလှိုင်းစစ်ဆင်ရေးကြောင့် အဲဒီတုန်းက သူလျှိုပြဿနာဟာ မကဒတမြောက်ပိုင်းတင်မ
    ကဘဲ တောင်ပိုင်းအထိပါ ကူးစက်စေခဲ့ပြီး အခုဆိုရင် သူ့ရဲ့စစ်ဆင်ရေးက ရေလှိုင်းမဟုတ်တော့ဘဲ လေလှိုင်းအဖြစ် ပြောင်းသွားပြီး အဲဒီလေကို မိကြသူတွေထဲမှာ သာမန်ပြည်သူလူထုတွေကို ကျွန်မ အပြစ်မတင်လိုပါ။ ဒါပေမဲ့ မကဒတခေါင်းဆောင်ဟောင်း တချို့ပါ ပါဝင်နေတာကတော့ တော်တော်လေးကို စိတ်မချမ်းမြေ့စရာ ဖြစ်ပါတယ်။ ABSDF မြောက်ပိုင်း ခေါင်းဆောင်တွေက ဟိုတုန်းက အသက်အရွယ်အရရော အတွေ့အကြုံအရပါ နုနယ်သေးလို့ နန်းအောင်ထွေးကြည် လုပ်ကြံပြောသမျှကို ယုံပြီး မဖြစ်သင့်တာတွေ ဖြစ်သွားခဲ့တာကိုတော့ ခဏထားလိုက်ပါ။ ဖြတ်သန်းမှုအရလည်း ဆယ်စုနှစ် နှစ်စုမကတော့ဘူး၊ အသက်အရွယ်အရလည်း ဇရာထောက်လာနေပြီ ဖြစ်တဲ့ မကဒတ ခေါင်းဆောင်ဟောင်းတချို့ကိုပါ အခုချိန်ထိ ဆင်ခြင်တုံတရား အသိဥာဏ် ကင်းမဲ့သွားလောက်အောင် ဖမ်းစားနိုင်တဲ့ နန်းအောင်ထွေးကြည်ရဲ့ မဟုတ်တာကိုအဟုတ်လုပ် မရှိတာကို အရှိဖြစ်အောင် လုပ်ကြံပြောဆိုထားတဲ့ လေလိုင်းစစ်ဆင်ရေးကတော့ တနိုင်ငံလုံးအထိတောင် ပြန့်နှံ့လာနေပါပြီ။

    ဒီပို့စ်က ရေလှိုင်းစစ်ဆင်ရေးအကြောင်းကို ABSDF နဲ့ တော်လှန်ရေးမှာ တကယ်မှန်မှန်ကန်ကန် ဖြတ်သန်းလာခဲ့တဲ့ ဖမ်းဆီးခံခဲ့ရသူလည်းမဟုတ် ဖမ်းဆီးအရေးယူ အပြစ်ပေးခဲ့တဲ့ ခေါင်းဆောင်ထဲကလည်း မဟုတ်တဲ့ သာမန်ရဲမေတဦးဖြစ်သူ မခင်ရွှေလှိုင်ရေးထားတဲ့ အပိုင်း ၁၁ အနက် နောက်ဆုံးအပိုင်း ဖြစ်ပါတယ်။ အခု ဒီပို့စ်မှာ ABSDF မှာ သာမန်ရဲမေအဆင့်ပဲ တာဝန်ယူလာဖူးသူ တဦးက ဥက္ကဌဟောင်း တဦးကို မေးလိုက်တဲ့ မေးခွန်းက ကျွန်မကို ကြက်သီးထသွားစေပါတယ်။ ပြီးတော့ ABSDF မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရဲမေတွေထဲမှာ ရှေ့တန်း၊ နောက်တန်း၊ နယ်စပ်၊ နိုင်ငံတကာ စတဲ့နယ်ပယ်အသီးသီးမှာ လှုပ်ရှားခဲ့တဲ့ အတွေ့အကြုံတွေက ဥက္ကဌဟောင်ဆိုသူ (သို့) ခေါင်းဆောင်ဟောင်းဆိုသူ တချို့ထက် ပိုများပါတယ်၊ အခက်အခဲတွေကို ခေါင်းဆောင်ဟောင်းဆိုသူတွေထက် ပိုပြီးရင်ဆိုင်ဖူးတယ်ဆိုတာအပြင် အခုလက်ရှိလည်း အဖွဲ့အစည်းနဲ့ ပတ်သက်လာရင် စဉ်းစားချင့်ချိန်တတ်တဲ့ အသိတရားမှာလည်း ခေါင်းဆောင်ဟောင်း ဆိုသူတချို့ထက် ပိုရှိနေတယ်ဆိုတာ ဒီနေရာမှာ မခင်ရွှေလှိုင်က အားလုံးသိအောင် ဖေါ်ပြလိုက်ပုံရပါတယ်။

No comments:

Post a Comment