Saturday, February 23, 2013

ABSDF ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်ရဲ့ တောင်ပိုင်းနှင့် မြောက်ပိုင်းခရီး(၆)

by May Thingyan Hein on Saturday, February 9, 2013 at 3:40pm ·
အပိုင်း(၆)
အဲဒီတုန်းက ကျနော်တို့ ကျောင်းသားတပ်တွေရဲ့ မဟာမိတ်တွေကတော့ KNU,KNPP,နောက် မွန်ပြည်သစ်ပါတီပေါ့၊ နောက်ပြီးတော့ ရှမ်းပြည်ဘက်မှာ ဆိုရင်တော့SSPP ပေါ့။မြောက်ပိုင်းမှာတော့ KIA ပေါ့။
အဲဒီလိုနဲ့ တနှစ်လောက် ဒီလိုပဲ နေရင်းနဲ့ ၁၉၉၀ လောက်မှာ ပုံမှန်ညီလာခံပြန်ခေါ်ဖို့ ဖြစ်လာပြီ၊ အဲဒီအချိန်မှာပဲ ကိုမိုးသီးဇွန်တို့က ရောက်လာတာ။

ABSDF ရဲ့ အကွဲအပြဲဆိုတာက ကျနော်တို့ ဘုရားသုံးဆူကနေ စတာ၊ ၁၀၁၊ ၁၀၂ ဆိုတာ ရှိတယ်မဟုတ်လား။ မှန်မှန်က ပြောမယ်ဆိုရင် ကိုမိုးသီးမရောက်ခင်မှာတုန်းက အခြေအနေကို ပြန်ပြောမယ်။

အဲဒီတုန်းက ဘုရားသုံးဆူ စခန်းကို ကိုအောင်သူငြိမ်းတို့၊ နောက် ဘီဘီစီမှာ လုပ်နေတဲ့ ကိုရင်မောင်ပေါ့( ကိုဝင်းနိုင်ဦး) နောက် ကယန်းပြည်သစ်မှာ ဟိုတလောကမှ ထောင်က လွတ်လာတဲ့ ကိုဋ္ဌေးအောင်၊ နောက်မောင်စိုးချိန်တို့ ဘာတို့က ဟိုတုန်းက တိုးတက်တဲ့ ကျောင်းသားလူငယ်အုပ်စုပေါ့။ နောက်ကိုဝင်းမင်းတို့ ပေါ့ သူတို့က ဘုရားသုံးဆူ စခန်းကို ရောက်လာကြတာ။

သူတို့ထက်အရင်ရောက်ခဲ့တဲ့ အုပ်စုက ဥက္ကဋ္ဌကိုထွန်းအောင်ကျော်တို့ အုပ်စုပေါ့ သူတို့က ဗဟိုတက်သွားကြတာပေါ့။

ကျန်နေခဲ့တာက ကျနော်တို့ ကိုဇော်ဦးတို့နဲ့ ကိုအောင်သူငြိမ်းတို့ က စခန်းတခုတည်း။ တစခန်းထဲမှာ နေကြတယ်၊ ကိုတင်စိုးနောင်ရယ်၊ ကိုဇော်ဦးရယ် ကျနော်ရယ်က သူတို့ ပြောစကားအရ ဆိုရင် တအုပ်စုပေါ့ဗျာ။
အဲဒီမှာပဲ ကျနော်တို့စခန်းမှာ နာမည်ကြီးတာက ၁၀၁ ခွဲထွက်ဆိုပြီးတော့ နာမည်ကြီးတယ်ပေါ့ဗျာ၊ သူတို့ အုပ်စုက ခွဲထွက်သွားတယ်။ အဲဒီအုပ်စုက ကိုမိုးသီးအုပ်စုလို့ နောက်ညီလာခံမှာ ဖြစ်လာမဲ့ အုပ်စုက ဘုရားသုံးဆူမှာကတည်းက စပြီး ကွဲသွားကြတယ်။

ဒုတိယ ညီလာခံ မခေါ်ခင်လေးမှာပဲ ကိုမိုးသီးဇွန် တောထဲကို တောခိုလာတယ်။ အဲဒီအချိန်မှာ အားလုံးကလည်း ကိုမိုးသီးဇွန်ကို မျှော်လင့်တောင့်တ ကြတယ်။ တောခိုလာတဲ့ ကျောင်းသားအများစုက ကိုမောင်မောင်ကျော်ဆိုပြီး လာခဲ့ကြတာတွေ ရှိတော့ ကိုမောင်မောင်ကျော်နဲ့လည်း သိပ်မဆုံလိုက်ကြဘူး၊ ကိုမောင်မောင်ကျော်က ပြန်သွားတယ်။

အဲဒီအချိန်မှာပဲပြီးတော့ ပြည်တွင်းမှာ နာမည်ကြီးတဲ့ ခေါင်းဆောင်လည်း ဖြစ်တော့ ကိုမိုးသီးဇွန်ကို မျှော်လင့်ကြတယ်။
ကိုမိုးသီးဇွန်လည်း ရောက်လာတယ်ဆိုတော့ ကျနော်ုတို့ အဖွဲ့အနေနဲ့ ဗဟိုကို ပိုပြီး အားကောင်းအောင် လုပ်နိုင်ဖို့ကို အားတက်သွားကြတယ်၊ အဲဒီအချိန်မှာပဲ ဗဟိုညီလာခံကျင်းပဖို့ ရှိတော့ ကိုမိုးသီးဇွန်က ဥက္ကဋ္ဌ ဖြစ်လာတယ်၊ ကျနော်က ဒုဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ရတယ်။

အဲဒီ ၁၉၉၀ ခုနှစ်တုန်းက ကျနော်တို့မှာ စီမံခန့်ခွဲရေး ပြဿနာတို့ ခေါင်းဆောင်မှု ပြဿနာတို့ ရှိတယ်။ ကျနော်တို့ ထဲမှာ နယ်ပေါင်းစုံက လူတွေအပြင် အလွှာပေါင်းစုံက လူတွေဆိုတော့ လူပေါင်းစုံကိုပါတယ်။

စခန်းမှာ နယ်သပိတ်က လူတွေလည်း များတော့ တောခိုပြီ ဆိုရင် ရွာလုံးကျွတ်လောက်ကို ပါလာကြတာ၊ တကယ်ကို ကျောင်းဆရာ၊ ဆရာဝန်တွေနဲ့ နိုင်ငံရေး စိတ်နဲ့ပါလာတာတွေရှိသလို  ဥပမာ လူတယောက်ဆိုရင် သူတောခိုလာတာက သူ့သူငယ်ချင်းတွေအကုန်တောခိုလာကြလို့တဲ့ ရွာထဲမှာ သူပေါင်းစရာလူ မရှိတော့ဘူး ဆိုပြီးတော့ သူလည်း ပေါင်းစရာသူငယ်ချင်းမရှိတော့ဘူး ပျင်းတာနဲ့ သူငယ်ချင်းတွေနဲ့ လိုက်လာတာလို့ အဲလို လူတွေလည်း ရှိတာပဲ။
ကြမ်းတယ်။ ကျနော် ဘုရားသုံးဆူမှာ နေတုန်းက ဆိုရင် ကျနော်က စခန်းမှာလည်း တာဝန်ထမ်းဆောင် ဗဟိုမှာလည်း ဒုဥက္ကဋ္ဌပဲ ဆိုပေမဲ့ ကျနော်က သူများကိုခြိမ်းခြောက်ဖို့ မပြောနဲ့ ကျနော်ကိုယ်တိုင်ကို ခြိမ်းခြောက်ခံရတာတွေ လည်း ရှိတာပဲ။

ကျနော့်ကို ဘုန်းကြီးက လည်ပင်းကို ဓါးနဲ့ ထောက်ပြီးတော့ ခြိမ်းခြောက်တာတို့ ၊ ဗဟိုကော်မတီမှာကျနော့်ကို သေနပ်နဲ့ နှစ်ခါ အ၀ိုင်းခံရတာတို့လည်း ရှိတယ်။  ဥပမာ တခုခုကို မကျေနပ်ဘူးဆိုလို့ရှိရင် လူအုပ်စုနဲ့ ၀ိုင်းချင်တာ အနိုင်ကျင့်ချင်တာမျိုးတွေလည်း အဖွဲ့ထဲမှာ ရှိတယ်။

 နောက် စခန်းတွေထဲမှာလည်းအုပ်စု အကွဲအပြဲတွေ ဖြစ်လို့ရှိရင် အဲလိုမျိုးပေါ့ သွားရှင်းကြတာမျိုးမှာလည်း ဘာရှင်းပေးတဲ့ သူကို တဘက်အုပ်စုက မကျေနပ်ရင် ရန်ရှာတဲ့ကိစ္စမျိုးတွေက ကျနော်က တောက်လျှောက် ရင်ဆိုင်ခဲ့ရတယ်။ကျနော်တို့ ကိုယ်တိုင် ဗဟိုကော်မတီဝင်ဖြစ်တော့ကို သေနပ်တဲ့ ၀ိုင်းခံရတာတွေ ရှိတယ်။

ဒုတိယအကြိမ် ညီလာခံပြီးတော့ အဖွဲ့အစည်းက တိုးတက်လာပြီလို့ ပြောလို့ရတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ အဖွဲ့အစည်းထဲမှာ နိုင်ငံရေး လမ်းစဉ်၊ စစ်ရေးလမ်းစဉ် ဆိုတာတွေလည်း ရှိလာတယ်။ပြီးတော့ အတွေ့အကြုံ ရှိတဲ့ လူငယ်တွေတော်တော်များများလည်း ပါဝင်လာနိုင်တယ်။  ဥပမာ ကိုအောင်ထူးတို့။ DVB မှာလုပ်နေတဲ့ ကိုခင်မောင်ဝင်းတို့ လို လုပ်နိုင်ကိုင်နိုင်တဲ့ လူတော်တွေပါလာကြတယ်။

အဖွဲ့အစည်းတခုလုံးနဲ့ ပြောမယ်ဆိုရ၈င်တော့ နိုင်ငံရေးက တော်တော်အားကောင်းလာတယ်လို့ ပြောရမယ်ထင်တယ်။
နိုင်ငံရေးအရ အားကောင်းလာတယ်ဆိုတာက ဘယ်လိုလဲဆိုတော့ DAB ထဲမှာ ကျောင်းသားတွေက အတွင်းရေးမှူး နေရာထိ ယူလာနိုင်တယ်၊ လုပ်ငန်းစဉ်နဲ့ပတ်သက်ရင်လည်း ကျနော်တို့အဖွဲ့အစည်းက အားကောင်းကောင်းနဲ့ တင်ပြလာနိုင်တယ်။ မှတ်မှတ်ရရ ပြောမယ်ဆိုရင်တော့ ဖယ်ဒရယ်ရေးနဲ့ပတ်သက်ရင် ကျနော်တို့က အမြင်ညှိုနိုင်တယ်ပေါ့။

အရင်တုန်းက တိုင်းရင်းသားတွေက ခွဲထွက်ရေးကို အားသန်ကြတယ်။ အဲဒီအချိန်မှာ ကျနော်တို့က တိုင်းရင်းသား တန်းတူအခွင့်အရေးဆိုတာကို ဆုပ်ကိုင်တယ်၊တကယ်လို့ ခွဲထွက်နိုင်တဲ့ အခြေအနေရှိရင်တောင်မှ ခွဲထွက်လို့ရတဲ့ နိုင်ငံရေး အခြေအနေမဟုတ်တော့ဘူး ပြည်ထောင်စု စစ်စစ်ပုံဆန်က ပိုပြီး အားကောင်းတယ်ဆိုတာမျိုးကို ကျနော်တို့က ညှိုပေးနိုင်ခဲ့တယ်။

ကျနော်တို့အနေနဲ့ ပြည်တွင်းကနေ လာခဲ့ပြီးတော့ သူတို့နေရာမှာလည်း ၀င်ခံစားပြီးတော့ ကျနော်တို့က ပြည်တွင်း နိုင်ငံရေးနဲ့ တိုင်းရင်းသား နိုင်ငံရေးဆိုတာကို ပေါင်းကူးပေးလိုက်နိုင်တယ်လို့ကို တကယ်ကို ခံစားပြီး ယုံကြည်တယ်။နောက် ကျနော်တို့ လုပ်ပေးနိုင်ခဲ့တယ်လို့လည်း ဂုဏ်ယူလို့ရတဲ့ ကိစ္စတွေလည်း ရှိတယ်။

 ထူးထူးခြားခြား ဖြစ်လာတဲ့ကိစ္စ ဆိုရင် နိုင်ငံခြား ရေးရာကိစ္စတွေက ၈၈ နောက်ပိုင်းမှ စဖြစ်လာတယ်လို့ ပြောရမှာပဲ။ နိုင်ငံတကာ လှုပ်ရှားမှုနဲ့ပတ်သက်ရင် ကျနော်တို့ ABSDF ကျောင်းသားအဖွဲ့တွေကပဲ စပြီးတော့ လမ်းဖောက်ခဲ့တယ်လို့ ပြောရမှာပဲ။

ကျနော်တို့ကျောင်းသားတွေ တောထဲကိုရောက်ကြတော့ အထူးသဖြင့် ထိုင်းနိုင်ငံဘက်တွေမှာ လှုပ်လှုပ်ခါခါတွေ ဖြစ်တာပေါ့ဗျာ။ကျနော်တို့ တွေက နိုင်ငံတကာ မီဒီယာကို ချဉ်းကပ်ရင်း ချဉ်းကပ်ရင်းနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းတွေနဲ့ နီးစပ်လာတယ်၊ လူ့အခွင့်ရေးအဖွဲ့တွေနဲ့ သိလာခဲ့တယ်။

အဲလိုနဲ့ ငါတို့ နိုင်ငံတကာရဲ့ ဖိအားကို ရအောင်ယူမှ ရမယ် ၊ နိုင်ငံတကာရဲ့ အကူညီကို ရအောင်ယူမှ ရမယ်၊ အဲဒီအတွက်ကို နိုင်ငံတကာကို လှုံ့ဆော်မှ ရမယ်ဆိုတဲ့ အစီစဉ်တွေ စဖြစ်လာတာ။

ကျနော်တို့ ABSDF အဖွဲ့ နိုင်ငံရေးရာကို စပြီး မလုပ်ခင်တုန်းက တိုင်းရင်းသားအဖွဲ့အနေနဲ့ နိုင်ငံတကာရေးရာကို စပြီး လုပ်နေတာက KIO ရှိတယ်။ သူတို့လုပ်နေတာကလည်း နိုင်ငံတကာ ကွန်မြူနစ်ဆန့်ကျင်ရေးဆိုတဲ့ လမ်းကြောင်းအောက်ကနေ သွားတာလောက်ပဲ ရှိတယ်။

ကျနော်တို့ UN အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်ရေး ကော်မရှင်တို့ သံရုးတွေနဲ့ ထိတွေ့ဆက်ဆံပြီးတော့ လုပ်ခဲ့တာက ကျနော်တို့ ABSDF အဖွဲ့တွေက စခဲ့ကြတာပါ။

နောက်အဲလိုနဲ့ ပဲ ကျနော်တို့အဖွဲ့ထဲမှာ ABSDF အကွဲအပြဲကို စခဲ့တဲ့ အကြောင်းရင်းထဲက တခု ဖြစ်မလား တော့မသိဘူး။ ၁၉၉၀ ရွေးကောက်ပွဲ ကိစ္စဖြစ်လာတဲ့ အခါကျတော့ နယ်စပ်မှာလည်း ၉၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အမြင်နဲ့ သဘောထားတွေကို ဆွေးနွေးကြတာပေါ့လေ။

ဆွေးနွေးကြတော့ ကျနော်တို့ကိုယ်တိုင်ကလည်း လက်နက်ကိုင်တော်လှန်ရေးလည်း လုပ်တယ်၊ ၉၀ ရွေးကောက်ပွဲကိုလည်း အဲလိုဖြစ်လိမ့်မယ်လို့ မထင်တာလဲ ရှိတာပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ၉၀ ရွေးကောက်ပွဲကို ကျနော်တို့က ဆန့်ကျင်တာပေါ့။

ဆန်ကျင်တဲ့အချိန်မှာပဲ ကျနော်တို့ရဲ့ တပ်ပေါင်းစုပေါ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသားအင်အားစုတွေ ပေါင်းပြီးဖွဲ့ထားတဲ့ DAB ပေါ့၊ အဲဒီအဖွဲ့ကနေ ဘာတွေ ပါလာလည်း ဆိုတောက KIO တို့အပါအ၀င် ရှမ်းအဖွဲ့တွေကလည်း တက်တက်ကြွကြွပါလာပြီးေ၇ွးကောက်ပွဲကို ဆန့်ကျင်ကြတယ်။

အဲဒီအချိန်တုန်းက ကျနော်တို့ ကျောင်းသားတွေက တိုက်ပွဲတွေမှာ ကျဉ်ထမ်းပေး၊ ရိက္ခာထမ်းပေးတဲ့ အခြေအနေကနေ မဟာမိတ်တွေကလည်း ယုံကြည်မှု ရလာတော့ ကျနော်တို့ကို လက်နက်တွေဘာတွေ ပေးကိုင်တာတို့ လက်နက်ပေးတာတို့ ရှိလာတယ်ပေါ့။

ကျနော်တို့ ကျောင်းသားတပ်တွေကလည်း တိုင်းရင်းသားတပ်တွေနဲ့ပေါင်းပြီးတော့ စစ်ကြောင်းဖွဲ့ပြီး ပူးပေါင်း စစ်ဆင်ရေးတွေ ဘာတွေ လုပ်ခဲ့ကြတယ်။ ကျနော်တို့က စစ်ပညာတွေလည်း သင်ပြီးပြီဆိုတော့ မဟာမိတ်တွေနဲ့ပေါင်းပြီး စစ်ဆင်ရေးတွေ လုပ်ကြတယ်။ အဲဒီအချိန်တုန်းက ၀မ်ခတို့ မသဝေါတို့မှာလည်း တိုက်ပွဲတွေ ဖြစ်တယ်ပေါ့။

နောက် ၉၀ ရွေးကောက်ပွဲမှာလည်း ၈၈ တုန်းကလို လူထုတိုက်ပွဲတွေဖြစ်ရင် လူထုတိုက်ပွဲနဲ့ ကျနော်တို့နဲ့ပူးပေါင်းနိုင်အောင် ပြင်ဆင်ကြမယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့ဗျာ။အဲလို လုပ်ကြမယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ နယ်မြေအသီးသီးက ကျောင်းသားတပ်တွေဆီကို  ဗဟိုခေါင်းဆောင်တွေက သွားပြီးတော့လမ်းညွှန်မှုတွေ ရှင်းလင်းပွဲတွေ လုပ်ကြတယ်။

ကျနော်က အဲဒီတုန်းက ကျနော်ပြောခဲ့တာ ရှိတယ်ဘာလဲဆိုတော့ ရွေးကောက်ပွဲ မဲရုံတွေကိုတော့ ကျနော်တို့ သွားပြီးတော့ မတိုက်သင့်ဘူး။ ဒါကို ကျနော့်စိတ်ထဲမှာပဲ ရှိတဲ့အတိုင်း ရိုးရိုးသားသား ပြောခဲ့တာ ရှိတယ်။နောက် ကျနော် ပြောချင်တာက စစ်ကြောင်းနဲ့ တွေ့လို့ တိုက်ကြတယ်ဆိုတာက တမျိုးပေါ့ဗျာ၊ ဒီလို မဟုတ်ဘဲနဲ့ မဲရုံတွေကိုတော့ ကျနော်တို့က သွားပြီး မတိုက်သင့်ဘူး ဆိုတဲ့ အမြင်နဲ့ ပြောခဲ့တယ်။ ကျနော့်အမြင်ကို ကျနော် ပြောခဲ့ပေမဲ့ အဲဒီအချိန်တုန်းက ဗဟိုကော်မတီထဲမှာလည်း အုပ်စု အားပြိုင်မှုတွေကလည်း ရှိနေတော့ ပြဿနာဖြစ်တယ်။

အဲဒီမှာ ကျနော် ဘာအစွတ်စွဲခံရလဲဆိုတော့ ကျနော်က စေ့စပ်ကြေအေးရေး သမား၊ စစ်ရေး အတွေးအခေါ် မရှိဘူး၊ ရန်သူအပေါ်မှာ ပြတ်ပြတ်သားသား မရှိဘူး ဆိုပြီး အဖွဲ့ထဲမှာ ဖြစ်တယ်။ အဲဒီမှာ ကျနော်ပြောတာ မှန်တယ်၊ မှားတယ်ဆိုတဲ့ အမြင်တွေနဲ့ အုပ်စုထဲမှာ ပြဿာဖြစ်လာတယ်။

အဖွဲ့အစည်းမှာလည်း အကွဲအပြဲတွေ မဖြစ်ချင်တာနဲ့ ကျနော်လည်း ဒုဥက္ကဋ္ဌ နေရာကနေ နှုတ်ထွက်စာ တင်လိုက်တယ်။ အဲဒီမှာ ၁၉၉၀ေ၇ွးကောက်ပွဲနဲ့ အမှတ်တရပဲ  ကျနော် ဒုဥက္ကဋ္ဌ ပြုတ်သွားတာပေါ့။

ကျနော် ဒုဥက္ကဋ္ဌုပြုတ်သွားတော့ ဘုရားသုံးဆူ စခန်းပြန်ပြီး ရဲဘော်ဘ၀နဲ့ ဆေးကုတယ်။ နောက် စစ်ကြောင်းတွေနဲ့ လိုက်ပြီး စစ်ကြောင်းမှာ ဆေးမှူးတာဝန်ယူတယ်။

အဲဒီမှာ ပြောချင်တာက ဘာလဲဆိုတော့ အဖွဲ့အစည်းထဲမှာ စပြီး တည်လာတာက ခေါင်းဆောင်မှု ပြဿနာပေါ့။ ရန်သူအပေါ်မှာ စစ်ရေးအမြင် ပြတ်ပြတ်သားသား ရှိရမယ်ဆိုတဲ့ အတွေးအခေါ်နဲ့ ကျောင်းသားတွေအနေနဲ့ နိုင်ငံရေးကိုရော နိုင်ငံတကာ ဆက်ဆံရေး အပိုင်းကိုရော care လုပ်ရမယ်ဆိုတဲ့ အမြင် တွေ ရှိလာတယ်။ကျောင်းသားတပ်က အလွှာပေါင်းစုံက ပါတယ်ဆိုပေမဲ့ ပညာတတ်တွေလည်း ရှိတော့ နိုင်ငံရေးအမြင်ရှိပြီး စစ်ရေးဘက်မှာ အားမသန်တာတွေလည်းရှိတယ်။

အဲဒီမှာ စစ်ရေးအမြင်ရှိပြီး စစ်ရေးအမြင်မှာ အားသန်ပြီးတော့ စစ်အာဏာရှင်စနစ်ကို တိုက်ပွဲနည်းနဲ့ ဖြုတ်ချမယ်ဆိုတဲ့ လူတွေက စစ်ရေးအမြင် နိမ့်တဲ့ သူတွေကို ဦးဆောင်မှု မယူသင့်ဘူး ဆိုတာမျိုး အဖွဲ့အစည်းထဲမှာ ဖြစ်လာတယ်။

အဲဒီမှာ ကိုမိုးသီးဇွန်ကပဲ ဦးဆောင်ပြီးတော့ ABSDF ဗဟိုကော်မတီအ၀န်းအ၀ိုင်းမှာ ယာယီတော်လှန်ကော်မတီဆိုတဲ့ ကိစ္စလေးဖြစ်လာတယ်။အဲဒီမှာ ABSDF ဗဟိုကော်မတီထဲက လူတွေလည်းပါတယ်၊တပ်ရင်းတပ်ဖွဲ့တွေထဲက လူတွေလည်း ပါတယ်။
စစ်ရေးအမြင်ကောင်းတဲ့ သူတွေက ဦးဆောင်ပြီးတော့ ABSDF ရဲ့ လက်နက်ကိုင်တိုက်ပွဲကို ဆင်နွဲရမယ်။ စေ့စပ်ကြေအေးရေး စိတ်ဓါတ်ရှိတဲ့ သူတွေက အဖွဲ့အစည်းကို ဦးမဆောင်သင့်ဘူး၊ အဖွဲ့အစည်း လမ်းကြောင်းလွှဲသွားနိုင်တယ်။ အဲဒီအချိန်မှာ KNU ကလည်း အစိုးရနဲ့တိုက်ပွဲတွေဖြစ်နေတယ်။ စစ်ရေးအမြင်ရှိတာကို အားသန်တာတွေရှိတယ်။

အဲဒီတုန်းက နိုင်ငံရေးမှာလည်း ဘာရှိလဲဆိုတော့ ဗိုလ်ခင်ညွှန်တို့အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တဖွဲ့ပြီး တဖွဲ့တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေးတွေ စလုပ် နေတာတွေလည်း ရှိတယ်။ အဲလို တဖွဲ့ပြီး တဖွဲ့ပြီး လုပ်နေကြတော့ အဲလို စေ့စပ်ကြေအေးရေး လမ်းကို သွားကြမှာလား။ စစ်အာဏာရှင်စနစ်ကို အပြတ်ဖြတ်ချေမှုန်းမှာလား ဆိုတဲ့ အဲဒီအတွေးအခေါ် ၂ ခုယှဉ်ပြိုင်နေတဲ့ အချိန်လည်း ဖြစ်တယ်။

အဲဒီမှာ ကိုမိုးသီးရဲ့ ရဲဘော်တွေကလည်း စိုးရိမ်စိတ်ကြီးတာလည်း ဖြစ်ပါလိမ့်မယ်၊ သူတို့လည်း သူတို့ပြင်ဆင်မှု အနေနဲ့ ယာယီတော်လှန်ကော်မတီ ဆိုပြီးတော့ ဖွဲ့ပြီး လှုပ်ရှားမှုတွေ လုပ်ကြတာ ရှိတယ်။

ရှေ့ဆက်ဖော်ပြပေးပါမည်။

( ဒေါက်တာနိုင်အောင်ရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းခရီးကို ရေးသား  ဖော်ပြရာမှလည်း ကျင့်ဝတ်နှင့်အညီ ဒေါက်တာနိုင်အောင် ပြောတဲ့ အတိုင်းသာ အဓိပ္ပါယ်မလွဲစေဘဲ တိတိကျကျ ဖော်ပြသွားပါမယ်။

ကျမရဲ့ အမြင်နဲ့  ယူဆချက် ၊ သုံးသပ်ချက်၊ သဘောထား လုံးဝ မပါဝင်ဘဲ ကာယကံရှင်တွေ ပြောသမျှကိုသာ ပြန်လည် ဖော်ပြခြင်းဖြစ်ကြောင်း အသိပေးအပ်ပါတယ်)



မေသင်္ကြန်ဟိန်(မြစ်မခ)

ဓါတ်ပုံ ကျော်ဇင်မန်း(မြစ်မခ)
13Like · ·
  • Ha Sina မေသင်္ကြန် ကို အကြံတခုပေးပါရစေ၊စစ်ဗိုလ်ချူပ်တွေရဲ့နောက်ကြောင်းကိုလိုက်ပါလား၊ နာမည်ကြီးအောင် ဒီပြင်နည်းတွေသုံးပါလား၊သတင်းထောက်ဆိုတာ ပွဲဆူအောင်လုပ်ရတယ် အောက်လမ်းနည်းတွေ ဘယ်ကတတ်တာလဲ၊
  • Ha Sina အမှန်တရား အတွက် တကယ်လုပ်ချင်တယ်ဆိုရင်၊ငါးလောင်းပြိုင်လူသတ်မှုတို့၊ မောင်ခင်ညွန် အရှူပ်တော်ပုံတို့လိုက်ပါလား
  • Ha Sina ပြည်သူအတွက်လုပ်လား၊ကိုယ်အတွက်လုပ်တာလား၊ဂျာနယ်စောင်ရေတတ်ဖို့လုပ်တာလား
  • Jock Jamo ဒီလောက်ကော အစွမ်းရှိလို့လား
  • Hla Tun Oo ရေးတာတော့ အဖြစ်မှန်ဆို ဘာမှမချန်နဲ့
    မေသင်္ကြန်။ရိုင်းချင်ရိုင်းမယ်။ဥပမာ တစ်ခုပေးမယ်။ခွေးချင်းကိုက်တာတွေ့ရင်တောင် ခွေးဖြူက ဘယ်လိုကိုက်တယ် ခွေးနက်ကဘယ်လိုကိုက်တယ်။ နှစ်ဖက်လုံးက ရတဲ့သတင်း data
    တွေ အမြန်ဆုံးနဲ့ အမှန်ဆုံး တင်ပေးရင် သမီးတို့အောင်မြင်မယ်သေချာ
    တယ်။ အလဲဗင်းဆို ကြည့်ပါလား ဘက်လိုက်ပြီးရေးတော့ ပေါလိုက်တဲ့
    ရန်သူ။သင်ခန်းစာပေါ့ ။
  • Win Ko Ko ရှေ့ဆက်ဖော်ပြပေးပါ, သင်ခန်းစာပေါ့ ။
  • Maung Myint ကောင်းတယ် မေသက်ြန်။ဆက်သာရေးပါ။ဒါမှလဲကျနော်တို့အကြောင်းစုံသိရတာ။ ကျနော်တို.စီးခဲ့တဲ့မြင်း အထီ/အမ ကွဲကွဲပျားပျားသိပေမဲ့ ဇဝေဖဝါ ဖြစ်ခဲ့တာ။ မေသင်္ကြန်ရေးမှဘဲဇဝေဇဝါမဟုတ်ဘဲမြင်လာရတယ်။ မှားတာမှန်တာကသူတို့အပေါ်မှာဘဲမူတည်ပါတယ်။ ရသလောက်အချိန်ယူပြီးဆက်ရေးပါ။
  • Zaw Ye မောင်စိုးရှိန် မဟုတ်ပါ စာရေးဆရာ ကဗျာဆရာ တက္ကသိုလ် က နည်းပြဆရာ မောင်စိုးချိန် ပါ မမေသင်္ကြန်ဟိန်း
  • Than Htut Swe please amend, not DAP, it is DAB.
  • May Thingyan Hein ဟုတ်ကဲ့ ကိုဇော်ရဲရေ ကျေးဇူးတင်ပါတယ်။ ကျမ နာမည် မေသင်္ကြန်ဟိန်း မဟုတ်ပါ၊ မေသင်္ကြန်ဟိန် ဖြစ်ပါတယ်ရှင့်။
  • May Thingyan Hein Thanks Ko Than Htut Swe.
  • စစ်ဗိုလ်နိုင် ရှစ်လုံး May Thingyan Hein ရေးသာရေးနေတယ်။ဘာနောက်ခံသမိုင်းမှမလေ့လာထားဘူး။အဖွဲ့အစည်းတွေနာမည်တွေတလွဲတွေရေးလိုက် ထောက်ပြလို့ပြန်ပြင်လိုက်။ဘယ်လိုနဲ့များအယ်ဒီတာချုပ်ဖြစ်လဲမသိဘူး။
  • စစ်ဗိုလ်နိုင် ရှစ်လုံး ၀တ္ထုရေးရင်တော့အောင်မြင်လောက်တယ်။
  • May Thingyan Hein ကျမရဲ့ Postတွေနဲ့ ပတ်သက်ပြီး ဝေဖန်ကြတဲ့အခါမှာ နှစ်မျိုး နှစ်စား ကွဲနေတာကို တွေ့ရပါတယ်။

    တစ်မျိုးကတော့ ကျမကို ခင်မင်တဲ့စိတ်နဲ့ မှားနေတာတွေ့ရင် လွဲနေတာတွေ့ရင်ဒါမှမဟုတ် ဖြည့်စွတ်ပြောချင်တာ တွေ့ရင်
    စေတနာ၊ မေတ္တာဓါတ်နဲ့ ထိခိုက်နစ်နာခြင်းမရှိအောင် ဝေဖန်ပြောဆ
ိုမှု မျိုးပါ။

    နောက်တစ်မျိုးကတော့ ကျမကို သေချာကို တမင်တကာကို ထိခိုက်ပါစေ အရှက်ရပါစေ နစ်နာပါစေဆိုတဲ့ စိတ်ဓါတ်မျိုးနဲ့ ဝေဖန်ပြောဆိုမှု မျိုးပါ။

    ကျမ အနေနဲ့ကတော့ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတာကိုလည်း နားလည်လာမိသလို၊ စိတ်ဓါတ်မြင့်မားမှု အမျိုးအစားအလိုက် ကွဲပြားတတ်တဲ့ လူ့သဘာဝကိုလည်း နားလည် ဆင်ခြင်လာမိပါတယ်။

    အဲဒါကြောင့် ချစ်လို့ပဲ ဝေဖန်သည်ဖြစ်စေ၊ ထိခိုက်ပါစေ ဆိုတဲ့ စေတနာဆိုးနဲ့ပဲ ဝေဖန်သည်ဖြစ်စေ။ နှစ်မျိုး စလုံးကို ကျေးဇူးတင်ပါတယ်။

    ဘာကြောင့်လဲဆိုတော့ နှစ်မျိုးစလုံးက ကျမအတွက်၊ ကျမဘ၀အတွက် အကျိုးရှိနေလို့ပါပဲ။

    ကျေးဇူးတင်ပါတယ်။

    မိတ်ဆွေများအားလုံး အေးချမ်းပျော်ရွှင်ကြပါစေ။

    မေသင်္ကြန်ဟိန်(မြစ်မခ)
  • Star Emerald Nobody perfect.We like to know what's really happen inside of ABSDF.But be careful,nothing personal, go ahead and carry on.What so ever ,we always love and respect ABSDF.
  • Nge Naing နောက်ထပ် တင်မည့် အပိုင်းတွေကို စောင့်မျှော်နေပါတယ်။

No comments:

Post a Comment