ABSDF ကျောင်းသူရဲမေဟောင်း နန်းအောင်ထွေးကြည်ရဲ့ မြောက်ပိုင်း ခရီး(၉)
by May Thingyan Hein on Thursday, November 22, 2012 at 7:42am ·
မေသင်္ကြန်ဟိန်(မြစ်မခ)
နိုဝင်ဘာလ ၂၂၊ ၂၀၁၂၊ ရန်ကုန်မြို့။
အပိုင်း(၉)
အဲဒီမှာ ဘယ်သူ့ကို သွားမြင်လိုက်လဲ ဆိုတော့ တော်တော်အံ့သြသွားတာ။ အဲဒီမှာ မိန်းကလေး ၃ ယောက်ကို တွေ့ရတယ်ကွ။
သင်းသင်းညီနဲ့ နန်းစောနဲ့ ၊ ခင်ချိုဦးနဲ့ပေါ့။ အဲဒီမှာ ကျမ တော်တော်လေးကို တုန်လှုပ် သွားတယ်။ သူတို့တွေက ကလေးတွေလေ။ အသက် ဘယ်လောက်မှ မရှိကြရှာသေးဘူး။ အဲဒီတုန်းကမှ သူတို့အသက် ၁၅ နှစ်ကျော်ကျော်….၁၆ နှစ် အလွန်ဆုံး ရှိမှ….ပဲ ရှိဦးမယ်။ ဘယ်လိုမှ ဒါတွေမဖြစ်သင့်ဘူးပဲ။
ဒါပေမဲ့သူတို့ကိုလည်း အဲဒီအနေအထားနဲ့ တွေ့လိုက်ရတော့ တော်တော်ကို လန့်သွားတယ်။ စိတ်လည်း မကောင်းဖြစ်သွားတယ်။ ဒါပေမဲ့ ဘယ်တတ်နိုင်မှာလဲ။ ကိုယ်ကိုယ်တိုင်ကလည်း ခံနေရတာပဲလေ။
နောက်တော့ရက် သိပ်မကြာပါဘူး။ နန်းစောရဲ့အော်ဟစ်သံတွေကြားရတယ်။ အမ မကြားရက်ဘူး။ နောက် နန်းစောရဲ့စူးစူးဝါးဝါး အော်သံတွေ ကြားရပြီးတော့ သိပ်မကြာဘူး သင်းသင်းအသံကိုလည်း ကြားရတယ်။အဲလိုဆိုတော့…ဘယ်လိုမှ စိတ်မကောင်းဘူးကွာ။ ကြားလည်း မကြားရက်တော့ဘူး။
တကယ်ပဲတပ် စခန်းကြီးတခုလုံး ။ နေ့တိုင်းလူတွေဖမ်းနေတယ်။ နေ့နေ့ ညညမချိ မဆန့်အော်ဟစ်သံ တွေ ... တကယ့်ကိုပဲ. . ငရဲ စခန်း ကြီးပဲ။
နောက် ကျမတို့တွေက ထမင်းစားတဲ့အချိန် ခဏလေးပဲ မျက်လုံးစည်းထားတာ ဖြုတ်ပေးတာ၊ တချိန်လုံး မျက်လုံးကိုစည်းထားတာ။ စားရတော့လည်း ဘာမှ မပါဘူးကွာ။ ထမင်းနဲ့ ဆားနဲ့။ ဒါနဲ့ပဲ စားရတယ်။
ကျမတို့ကို ထားတာကလည်း အောက်မှာ မြေကြီး၊ အရမ်းအေးတဲ့ နေရာမှာ နော်။ဒီဇင်ဘာ .. ဇန္နဝါရီ လတွေဆို ရေခဲတဲ့ အထိရာသီဥတုက အေးတာ။
ပုလင်းထဲရေဖြည့်ထားရင်ပုလင်းတခုလုံးခဲသွားတဲ့အထိအေးတာ။ အဲ့လိုအချိန်ခါမျိုးမှာအောက်မှာ ဘာမှ မပါဘူး။ ပလပ်စတစ်ပိုင်းလေးပဲ ပေးတယ်။
အဲဒါကို ခင်းပြီး မြေကြီးပေါ်မှာ ဒီအတိုင်းအိပ်ရတာ။ စဉ်းသာ စဉ်းစားကြည့်တော့။
အဲတော့ လူတွေက အာဟာရလည်း မရှိဘူး၊ နေရတာလည်း မြေကိုင်ပြီး လူတွေက ဖောဖောကြီးတွေဖြစ်ကုန်ကြတာ။ ဘယ်သူ မဆို အကုန်လုံးပဲ ဘယ်သူ့ကြည့်ကြည့် ဖောဖောသွတ်သွတ်ကြီးတွေပဲ ဖြစ်ကုန်ကြတာပဲ။ ဒီမျက်စိကိုကြပ်နေအောင်စည်းထားပြီး ခြေထောက်ကြိုးတုတ်၊လက်နောက်
ပြန်ကြိုးတုတ်.. ပြီးကြိုးစတစကိုအနောက်ဘက်ကနံရံမှာပြန်ချည်ထားတယ်။အဲ့ဒီအနေအထားနဲ့ ညအိပ်ရတယ်။လွတ်တဲ့အထိ ..(၇) လလုံးလုံး ။
အဲဒီထဲမှာ သင်းသင်းညီကို မျိုးဝင်းက တန်ပြန်အနေနဲ့ ထည့်ထားတာ..တဲ့။
သင်းသင်းညီကို ဖမ်းပြီးတော့မှ မျိုးဝင်းက ပြောတယ်။ မင်းထောက်လှမ်းရေးမဟုတ်ဘူး ဆိုတာ ငါ သိတယ်..ပေါ့။ ဒါပေမဲ့ မင်းအနေနဲ့ အထဲမှာ ဘယ်သူက ထောက်လှမ်းရေးဟုတ် မဟုတ်ဆိုတာကို သိအောင်စုံစမ်း ဆိုပြီးတော့ သင်းသင်းညီကို ထည့်လိုက်တာ..တဲ့ ။ကျမတို့က အဲဒါကိုလုံးဝ မသိခဲ့ရဘူး။ အဲ့ဒီအချိန်တုန်းကလေ ။
ဒါပေမဲ့သူကလေးလည်းဘဲအနှိပ်စက်ခံရတယ်။ ကလေးလေးကလည်း ဒီတိုင်း ငြိမ်နေတယ်။ နောက်ပြီးတော့ သူက မျိုးဝင်းတို့ကို သွားပြောတယ်။ တယောက်မှ ထောက်လှမ်းရေး မဟုတ်ဘူးတဲ့။ သူ မြင်နေရတာတွေက တယောက်မှ ထောက်လှမ်းရေး မဟုတ်ပါဘူးလို့ ပြောတယ်။
အဲလို ပြောတော့ သူ့ကိုလည်း ဝိုင်းပြီးတော့ ကျမတို့တွေ ထောက်လှမ်းရေး တွေပါဆိုတာပြောစေဘို့ဆိုပြီးတော့ နှိပ်စက်ကြတာ။ သူ့ကိုလဲ ခဏခဏ ခေါ်ပြီးတော့ နှိပ်စက်တယ်။ သင်းသင်းက ထောက်လှမ်းရေး မဟုတ်ဘူးလို့ ပြောရင် သူတို့က နှိပ်စက်ပြီ။shock ပေးတယ်လေ.၊ စဉ်းစားတာကြည့်ပေ တော့။ ကလေးက ဂယောင်ချောက်ခြားတွေ ဖြစ်တာပေါ့။Electric Shock ပေးတာ။အဲလိုမျိုး နှိပ်စက်တယ်ဆိုတာကလည်း သေလောက်အောင် လုပ်တာ။
နောက်ဆုံးကျတော့ သူကလည်း အဲလို နှိပ်စက်တာ မခံနိုင်တော့ သူ့ကို သတ်ချင်လည်း သတ်လိုက်ပါတော့လို့ ပြောတော့မှ မျိုးဝင်းက သူ့ကို ထောင်ကနေပြန် လွှတ်ပေးလိုက်တာ။
သင်းသင်းညီကအစောကြီးကတည်းက ထောင်ကနေ လွတ်သွားတာ။ အဲဒါတွေကိုလည်း အမတို့က နောက်မှ သိရတာ။ အဲဒီအဖြစ်ပျက်တွေကို နောက်ပိုင်းမှ သိကြရတာ။ဘယ်လောက်ယုတ်မာကြလဲ ဆိုတာတွေ။
နောက်ရက်တွေမှာပေါ့နော်.. အင်း.. ၂၇ .. ၂၈ လောက်ဖြစ်မယ်ထင်ပါတယ်။ကျမနဲ့ကိုကြောင်(ကိုကျော်နိုင်ဦး)နဲ့ကိုလက်နောက်ပြန်ကြိုးတုပ်လျက်နဲ့ပဲ အပေါ်လူကြီးများကုန်းကို ခေါ်သွားတယ် ။ ပြီးတော့ တဲထဲကို ၀င်လိုက်တော့ ကိုအပ်စိုက်(ကိုခင်မောင်အေး) ကို တွေ့ရတယ်။
ကိုအပ်စိုက်ကြီးက မြေကြီးပေါ်မှာ ပက်လက်ကြီး လန်နေတယ်။ ပြီးတဲ့ အဲဒီတဲထဲမှာလည်း လူတော်တော်များတယ် အယောက် ၂၀ လောက်ရှိနေ တယ်။နောက် ကျမနဲ့ ကြောင်နဲ့ကို အားစိုက်ရဲ့ ခေါင်းရင်းမှာ ထိုင်ခိုင်းတယ်။
အဲလိုသူ့ခေါင်းရင်းမှာထိုင်လိုက်တာနဲ့တင်ကိုသူ့ဆီကအပုတ် နံ့က ရနေပြီ။ ဘယ်လောက်ထိ နှိပ်စက်ထားလဲ ဆိုတော့ လူတကိုယ်လုံး ပုတ်အောင်ကို နှိပ်စက်ထားတာ၊ အပ်စိုက် မသေသေးဘူးနော်။ အဲဒီမှာ ကျမတို့လည်း ထိုင်ပြီးရော ပြီးတော့ အားစိုက်ကို နှိပ်စက်ပြတယ်။
ကိုအားစိုက်ဆို ကျမကိုမဖမ်းခင်ကတည်းက အဖမ်းခံထားရတာ။အဲ့ဒီမှာလေ ကျမ တသက်နဲ့တကိုယ်ပေါ့ နော် ..ဒီလို ဒီလောက် ရက်စက်ကြမ်းကြုတ်တဲ့
မြင်ကွင်းမျိုးတခါမှမမြင်ဘူး .. မကြုံ ဖူးဘူး။သူအသက်ယဲ့ယဲ့လေးရှုနေတယ်။ အပြစ်မရှိတဲ့ လူသားတယောက်ကို .. လူအများစု ဝိုင်းပြီးစိတ်ကူးပေါက်ရာ
စိတ်ကူးရှိသလိုကွာ။
အဲလို လုပ်ကြတဲ့သူတွေက …မျိုးဝင်း၊သံချောင်း၊အောင်နိုင်ခေါ်ရော်နယ်အောင်နိုင်၊
သူတို့တတွေ .. ပြီး တခြားရဲဘော်တွေ ။ပြီးသန်းဇော်၊ဇော်ဇော်မင်း တို့ IO ရုံးကအဖွဲ့သားတွေ ၊ အများကြီးကွာ ။
ကိုအားစိုက် ရဲ့ယောကျာင်္းတံဆာကိုလဲ ငါးမျှား ချိတ်လို ဟာနဲ့ဆွဲချိတ် ။ ဓါးတွေနဲ့မွှန်းထားတာလဲ ရစရာ မရှိတော့ ဘူး။တချိန်တည်း shock ရိုက်တယ်။ပြီး တွေ့ရာထင်းတုန်းတွေနဲ့ ရိုက် ထုနေကြတယ်။ အဲလို လုပ်ကြတဲ့အပြင် ကန်ချင်တဲ့သူတွေကဝင်ကန် ..တကယ့် ကိုဘဲ။
ပြီး လူ့သဘာဝနော် ။ရတဲ့အခွင့်အရေး လက်လွတ်မခံနိုင်ဘူး။ အားလုံးက ကိုအားစိုက်ကိုဘဲ အာရုံစိုက်နေကြတုန်း ကျမ ကိုကျော်နိုင်ဦး ( ကြောင် )
ကို တိုးတိုးလေး မေးလိုက်တယ်။ ကြောင် NIB ဆိုတာ ဘာလဲ .. နင်သိလား ပေါ့ ။ ကျမကလည်း စစ်တုန်းက NIB လို့ ဖြေထားတော့ NIB ဆိုတာကို သေချာလည်း မသိပဲ ဖြေလိုက်ရတော့ ရတဲ့အချိန်လေးမှာ ကို ကြောင်များ သိမလားလို့ သူ့ကို မေးကြည့်တာ သူကလည်း ကျမကို မျက်လုံးပြူးပြီးကြည့်တယ်။
ကျမတို့တယောက်ကို တယောက်စကားပြောခွင့် မရှိဘူးလေ။ကျမရင်ထဲထိတ်ကနဲ ဖြစ်သွားတယ်.ဟာ.ဒီကောင် ချွန်လိုက်ရင် ငါသေပြီပေါ့ ။သူလည်းသိတာမဟုတ်ဘူး ။
ထောင်ထဲမှာ ကြောင်က လေးစိန် (ဦးစိန်) နားကပ်အိပ်ရတော့ သူလည်းလေးစိန်ကိုမေးရတာတဲ့ ။ အဲလို ဖြစ်နေတုန်းမှာပဲ သူတို့က အားစိုက်ကို ရက်ရက်စက်စက်တွေ ထပ်လုပ်ကြတယ်။
အဝတ်စ ပတ်ထားတဲ့ဒုတ်ကို မီးရှို့ပြီး အဲ့ဒီမီးဒုတ်နဲ့သံချောင်း က ကိုအားစိုက်ကိုအဲ့လို ပက်လက်လန်အနေ အထားမှာဘဲ ခြေထောက်ကိုလေ မီးနဲ့ရှို့တာ ..ရက်စက်တယ်ကွာ.. ကိုအားစိုက် ရယ်လေ အသံတောင် ယဲ့ယဲ့လေးဘဲထွက်နိုင် ရှာတော့တယ်။သူ့ခြေထောက်ဆို ဖောင်းကားပြီးအက်ကွဲပြီးတောင်နေတယ်။
ဝါယာစကိုပါးစပ်ထဲထဲ့ပြီး shock ရိုက်တယ်ကွာ. လုပ်ရက်ကြတယ်.မြင်နေရတာ တွေ .. ကြုံနေရတာတွေ မယုံနိုင်အောင်ဘဲ ။ကျမတို့တတွေ ဘယ်ဘဝကဝဋ်ကြွေးတွေများ သူတို့အပေါ်ပါခဲ့လို့များ ဒီလောက်အထိ ပေးဆပ်နေရ တာလားအတွေးဖြစ်မိတယ်။
တကယ့်လူတွေ..ကျောင်းသားတဲ့ ..မပြောပါနဲ့ကျောင်းသားလို့ ။ ကျောင်းသားလက်တွေဟာဖြူစင်တယ်။ လူမသတ်ဘူး။ဟုတ်တယ် မို့လား။ သူတို့တွေကို ကျောင်းသားလို့တောင် ပြောဖို့ မသင့်ပါဘူး။
ပက်ပက်စက် စက်ရက်စက်နေကြတာ ကမ်းကုန်တယ်။ ဘယ်မှာလည်း လူ့အခွင့် အရေးဆိုတာတွေ။
ပြီးသံချောင်းက ကျမတို့ကို ပြောတယ်။ မင်းတို့လူကိုမင်းတို့ဝန်ခံခိုင်းတဲ့ . ဘာကိုဝန်ခံခိုင်းနေမှန်းလဲကျမကမသိ။ ဘာမသိညာမသိနဲ့ဘဲ.ကိုအားစိုက် နာမည်လေးခေါ်တော့ .ကျမနဲ့ကြောင်က သူ့ခေါင်းရင်းမှာ လက်နောက်ပြန် ကြိုးတုတ်နဲ့ ထိုင်နေတာဆိုတော့ လေ .. သူသိတယ် သိလား။ မျက်လုံးလေးလှန်ပြီး ကျမတို့ကိုကြည့်တယ်။ ကျမ ဘယ်လိုမှ မမေ့နိုင်ဘူး။
အော်..ABSDF စစ်ကိုင်းတိုင်း ဖွဲ့ဖို့အတွက်လေးလုပ်မိခဲ့တာဒီလောက်အထိအငြိုးအတေးထားခံပြီးပေးဆပ် နေရပါလား.ပေါ့။သူ့ ဝမ်းဗိုက်ဆို ပုတ်နေတာ ခရမ်းရောင်တောင်ဖြစ်နေပြီ။
အဲလို မျိုးနှိပ်စက်တာတွေကို ကျမ တသက်နဲ့တကိုယ်တခါမှ မမြင်ဖူးဘူး။ အဲဒီလို ကိုအပ်စိုက်(ကိုခင်မောင်အေး) ကိုလုပ်ခဲ့ကြတာ။ကိုအပ်စိုက် ဒီဒဏ်
တွေနဲ့ဘဲသေသွားရတာ ။အလွန်အကျူး အနှိပ်စက်ခံရတဲ့ဒဏ်တွေနဲ့ သေသွားတာ ။
ကိုယ် ကိုတိုင်လဲ တကယ့် ကို ငရဲသားတွေလက်ထဲ ငရဲညတွေ (၇)လတိုင်တိုင် ဖြတ်သန်းခဲ့ရတာပါဘဲလေ …။
ရှေ့ဆက်ဖော်ပြပါမည်။

- UZa Wana, ဘရာဇီး ငှက်ရိုး, မိုး စဲ and 35 others like this.
- Ye Thaw မျက်စိကိုကြပ်နေအောင်စည်းထားပြီး ခြေထောက်ကြိုးတုတ်၊လက်နောက်
ပြန်ကြိုးတုတ်.. ပြီးကြိုးစတစကိုအနောက်ဘက်ကနံရံမှာပြန်ချည်ထားတယ်။အဲ့ဒီအနေအထားနဲ့ ညအိပ်ရတယ်။လွတ်တဲ့အထိ ..(၇) လလုံးလုံး ။ - Ko John အဲလို လုပ်ကြတဲ့သူတွေက… မျိုးဝင်း ၊ သံချောင်း ၊ အောင်နိုင်ခေါ်ရော်နယ်အောင်နိုင် ၊ သူတို့တတွေ ။ ပြီး တခြားရဲဘော်တွေ ။ ပြီးသန်းဇော်၊ဇော်ဇော်မင်း တို့ IO ရုံးကအဖွဲ့သားတွေ ၊ အများကြီးကွာ ။
ကိုအားစိုက် ရဲ့ယောကျာင်္းတံဆာကိုလဲ ငါးမျှား ချိတ်လို ဟာနဲ့ဆွဲချိတ် ။ ဓါးတွေနဲ့မွှန်းထားတာလဲ ရစရာ မရှိတော့ ဘူး ။ တချိန်တည်း shock ရိုက်တယ် ။
ပြီး တွေ့ရာထင်းတုန်းတွေနဲ့ ရိုက် ထုနေကြတယ် ။ အဲလို လုပ်ကြတဲ့အပြင် ကန်ချင်တဲ့သူတွေကဝင်ကန် ..တကယ့် ကိုဘဲ ။ - K Ki Ki Poe Kyaw>>(( အဓိကဘယ်သူမှာတာဝန်ရှိလဲဖြေပေးပါ )).. >> မေးခွန်းတကြောင်းထဲကို အဖြေတကြောင်းထဲနဲ့ ဖြေဖို့ ရာ ခက်လှပါတယ်။ ပြီးတော့ ဖြေစရာကို မလိုတော့ဘူး.. ဒီ မြောက်ပိုင်းနဲ့ ပါတ်သက်တဲ့ ဇာတ်လမ်းတွေကို .. ပြန်ပြောဆို ထားကြတဲ့ အချက်အလက်တွေကို အစအဆုံးသေချာဖတ်လိုက်ရင် အဖြေသိနေပါပြီ.. စုံစုံလင်လင်သိချင်ရင် .. အဲဒီထဲကနေ တဆင့် ဝင်ဖတ်ကြည့်ပါလား... ကြော်ငြာဝင်တာမဟုတ်.. မျှဝေခြင်းမျှသာ...
http://brasilhnetyoe.blogspot.tw/search/label/%E1%80%99%E1%80%95%E1%80%86%E1%80%AD%E1%80%AF%E1%80%92%E1%80%B9 - Thiha Oo အစ်မလို မြင်ခဲ့၊ ခံစားခဲ့ရတဲ့လူ မပြောပါနဲ့....ကျွန်တော်တို့လို ပြန်ပြောပြတာကို ဖတ်ရတဲ့သူတောင် တုန်လှုပ်မိပါတယ်ဗျာ...
အစ်မပြောသလို သူတို့ကို ကျောင်းသားလို့ ပြောဖို့မသင့်တာ မဟုတ်ပါဘူး။ လူ လို့ကို ပြောဖို့မသင်တာပါ... ယဉ်ကျေးတဲ့ လူ စစ်စစ်တွေက အဲလိုအလုပ်တွေ ကို ဘယ်လိုမှ မလုပ်နိုင်ပါဘူးဗျာ... - Kyaw Soe Win တချိန်က လူတွေတော့ လူတွေပါပဲ။ ဒါပေမယ့် နောက်ပိုင်းမှာ
လူစိတ်ပျောက်နေသော ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်နေသော သတ္တဝါများ အဖြစ်
ပြောင်းလဲသွားကြတယ်။ - KO MG MG ဘ၀ပေးပြီးရင်းနှီးခဲ့တဲ့အဖြစ်အပျက်တွေကို ကျနော်တို့ က သက်သက်သာသာ
လေးဖတ်နေရတယ် ။ဖတ်လည်းဖတ်ချင်တယ် ဆက်ဖတ်ဖို့ ကိုလည်း ဆုံးရှုံးသွားတဲ့ သူတွေကို အားနာမိတယ်။ပြုသူ အသစ် ဖြစ်သူအဟောင်းပေါ့။ - ဘရာဇီး ငှက်ရိုး အဓိက တာဝန်ရှိသူ ဆိုလို ပြောရဦးမယ်... ကျနော်တို့ မြောက်ပိုင်း ကိစ္စ အတွက်ဆိုပြီး ကျနော့်ကို နိုင်ငံခြားရောက်နေတဲ့ တယောက်က အကြံပေးတယ်... ရှေ့နေငှားဖို့ပေါ့... ရှေ့နေများကောင်စီက ကိုအောင်ထူးတို့ကို ငှားဖို့ တိုင်ပင်ကြည့်ပါလားတဲ့... အဲ့ဒါနဲ့ ရှေ့နေအောင်ထူး ထုတ်ထားတဲ့ ကြေငြာချက်လေး (စစ်အစိုးရစပိုင်တွေမို့လို့ ခေါင်းဖြတ် သတ်လိုက်ရကြောင်း) ထုတ်ပေးလိုက်ရသေးတယ်... အဲ့ဒီတော့ ပြောရရင် ဒေါက်တာနိုင်အောင်ဆိုတဲ့ အကောင်ရယ်.. ရှေ့နေအောင်ထူးဆိုတဲ့ အကောင်ရယ်... ရွန်ဝီလျှံဆိုတဲ့ ရော်နယ်အောင်နိုင်ရယ်... သာယာဝတီထောင်ထဲက သံချောင်းရယ်... လူတွေ အများကြီး အများကြီး ပါဝင်ပတ်သတ်ခဲ့ကြသမို့ ဘယ့်နှယ့်လုပ်ရမလဲတောင် မသိတော့ဘူး...။
- Arkar Myint အမှန်ကတော့တိုင်းပြည်အတွက်လုပ်မယ်ဆိုတဲ့..လူငယ်လေးတွေတောထဲတောင်ထဲရောက်အသိအမြင်မရှိ..ထင်ရာစွတ်လုပ်ကြတာမှာ..အမှားကြီးကိုကျူးလွန်မိခဲ့ကြတာပါဘဲ။ပြင်လိုလဲမရနိုင်တော့ဘူးပေါ့..ခံရတဲ့လူကတော့ ဘယ်မေ့ပါမလဲ..ဥပဒေအရတော့အရေးယူလို့ ရတော့မှာမဟုတ်ဘးထင်တယ်
- မိုး စဲ ကို Arkar Myint တိုင်းပြည်အတွက်လုပ်မယ် ဆိုတဲ့ လူငယ်လေးတွေ တောထဲ တောင်ထဲ ရောက် အသိအမြင်မရှိ ထင်ရာစွပ်လုပ်ကြတာ မဟုတ်ဘူးဗျ. လူတဦးခြင်းရဲ့ ပင်ဂို စိတ်ဓါတ်နဲ့ ဆိုင်တယ် တောထဲတောင်ထဲကို သွားတုန်းကလဲ အပျော်သွားကြတာ မဟုတ်ဘူး အများစုက ရဲဘော်သုံးကျိတ်စိတ်ဓါတ်တွေနဲ့ မိစွန့်ဘစွန့် ချစ်သူစွန့် ပညာရေးစွန့် သွားကြတာ တောထဲမှာ စုပေါင်းထူထောင်ထားတဲ့ ကျောင်းသားတပ်မတော်ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်း စည်းကမ်းတွေကို ချိုးဖေါက်ပြီး အာဏာရူး ခေါင်းဆောင်တချို့ကြောင့် ဒီလိုအဖြစ်ဆိုးတွေ ဖြစ်ခဲ့တာ အဲ့ဒီအဖြစ်ဆိုးတွေကို စိတ်မကောင်းပါဘူး ကိုယ်ချင်း စာနာပါတယ် ဆိုတာလေးလောက်ပဲ ပြော နေရုံနဲ့ ကျေနပ်စရာမရှိပါဘူး အဲ့ဒီတုန်းက ကျူးလွန်ခဲ့တဲ့ ခေါင်းဆောင်တချို့ဟာ ခုချိန်အထိ ကျောင်းသားတပ်မတော်မှာ တာဝန်ကြီးကြီး ယူထားဆဲ ဖြစ်နေတာက ပိုစိတ်မကောင်း ဖြစ်စရာပါ။
- Aung Than Nyunt Aungnilai ဖတ်မိ လေတိုင်း မျက် ရေ ဝိုင်းရပါတယ်ဗျာ....အသက်ပေးသွားကြသူတွေ ကောင်းရာ မွန် ရာ ငြိမ်းအေးရာ ကိုရောက်ကြပါ စေ၊ဘဝဆက်တိုင်း ဒီလိုအဖြစ် ဆိုးတွေနဲ့  ကွေကွင်းနိုင်ကြပါ စေ လို့ ဆု တောင်း ပေးပါတယ်ဗျာ။
- Ni Lar တ၇ားကိုနတ်စောင့်ပါတယ်..လောကကြီးက..တူသောအကျိုးပေး..ထိုက်တန်တဲ့ စီ၇င်မှုကို..ဘယ်လိုမှ.ပုန်းရှောင်လို့ မ၇နိုင်ပါဘူး..
- Sobig Cyclone အာဏာရှင်စနစ်ကိုမနှစ်မြို့လို့တော်လှန်ရေး...တော်လှန်ရေးဆိုတဲ့စကားလုံးကိုပါးစပ်ကတွင်တွင်မချတမ်းအော်နေတဲ့လူတစ်ချို့ကိုယ်တိုင်ကလုပ်ဖော်ကိုင်ဖက်ရဲဘော်အချင်းချင်းကိုအခုလိုလုပ်ကြတာတော်တော့်ကိုစက်ဆုပ်ရွံရှာစရာကောင်းပါတယ်.....
- Usannyo Tun ရည်ရွှယ်ချက်အတူတူနဲ့သွားခဲ့ကြပေမဲ့ခံယူချက်ကွဲပြားမှုရဲ့သားကောင်ဖြစ်သွားရသူတွေအတွက်ဝမ်နည်းကြေကွဲရပါတယ်။ကျုပ်အမြင်ကတော့ အစကတည်းကလက်နက်ကိုင်တိုက်ပွဲဝင်ဖို့ဖြစ်ရတာမှားယွင်းတဲ့စည်းရုံးခံရမှုပဲ။ကျောင်းသားတွေတောင်းဆိုခဲ့တာငြိမ်းချမ်းသောဒီမိုကရေစီနိုင်ငံပြောင်းလဲရေးပါ။
- Kyawnaing Oo မငယ်ရေကိုအားစိုက်ကိုရိုက်တော့ဘီလူးစီးနေတဲ့မိန်းခလေး၂ယောက်ပါတယ်လေသူလဲစာဝင်ဝင်ဖတ်တော့တွေ့မှာပါဘာကြောင့်ရိုက်ဖြစ်သွားလဲဆိုတာပြောပြစေ ချင်တယ် ? ? ? ဘာကြောင့်ဘီလူးစီးသလိုရိုက်တာလဲ ? ? ?
- ဘရာဇီး ငှက်ရိုး မြောက်ပိုင်းကျောင်းသားတပ်ကို ဖြိုခွဲသွားတာ ဘူဒွေလဲ??? ဆိုတဲ့ အန်တီကြီးထင်တယ်...။ ထင်တာနော်...။
- Sobig Cyclone Usannyo Tun...ခင်ဗျာ....ရည်ရွယ်ချက်အတူတူနဲ့သွားခဲ့ကြတယ်ဆိုတာတော့ဟုတ်ပါတယ်...ဒါပေမဲ့မျိုးဝင်းလိုကျောင်းသားဘ၀ကတည်းကအရာရာမှာဦးဏှောက်သုံးမစဉ်းစားပဲအမြဲတမ်းသွေးဆာနေပြီးထစ်ခနဲရှိလက်ပါတတ်တဲ့အရိုင်းအစိုင်းတွေကြောင့်အေးအေးဆေးဆေးနဲ့မှန်မှန်ကန်ကန်စဉ်းစားတွေးခေါ်တတ်တဲ့..."ကိုထွန်းအောင်ကျော်"..လိုခေါင်းဆောင်ကောင်းတစ်ယောက်အပါအ၀င်...အပြစ်မရှိတဲ့ကျောင်းသားတွေအသက်ဆုံးရှူံးခဲ့ရတာကတော့သိပ်ပြီးနှမြောစရာရင်နာစရာကောင်းပါတယ်ဗျာ......
- Aung Thura အဲဒီကောင်တွေကို ဖမ်းပြီး မသေမချင်း ပြန်နှိပ်စက်ရမှာ...သူတို့နှိပ်စက်ခဲ့တဲ့ ပုံစံအတိုင်း ပြန်နှိပ်စက်ရမှာ...ဖြေးဖြေးချင်း၊ ဖြေးဖြေးချင်း နှိပ်စက်ပြီးမှသတ်သင့်တယ်..ခွေးကောင်တွေ...တရားဥပဒေစိုးမိုးရေး အဖွဲ့တွေလည်း လုပ်ကြဦး..
- Nang Aung Htwe Kyi Michealzaw Lay >> ရေ .. အဲ့ဒါတော့ အမလည်း မသိဘူး ။ တခုတော့ရှိတယ်ကွာ .။ လက်မ ပျက်ဆီးသွားတဲ့ အထိ တန်ပြန်ထဲ့ထားသူကို နှိပ်စက်တယ်ဆိုရင်တော့ .. ဒါဟာ အတိုင်းထက်အလွန်ဘဲ ရက်စက်ယုတ်မာလွန်းတာပေါ့ ။
- Thet Kl Lwin မေသင်္ကြန်ဟိန်းရေ ဖတ်၇တာ စိတ်မကောင်းစရာတွေပါ။ စကားမစပ် အခုရက်ပိုင်းအတွင်း ထောင်တွေကနေလွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကိုလည်း သွားရောက် အင်တာဗျူးပါအုန်း။ သူတို့ ထောင်တွေထဲမှာရော၊စစ်ကြောရေးမှာတွေပါ ဘယ်လို ခံစားခဲ့ရလည်းဆိုတာ သိရအောင်ပါ။ နှစ်ဖက်မြင်အောင် ကြည့်ရတော့ ပိုလင်းတာပေါ့..............
- Kyaw Swar Kyaw Kyawnaing Oo ကိုကြောင် ဘီလူးစီးနေတဲ့မိန်းခလေး၂ယောက် ???? သူတို့ကိုလည်း တစ်ခုခုတော့ ပြောစေချင်တယ် ။ နောက်တစ်ခု သိချင်တာက ကိုအားစိုက်ရဲ့ လိင်တန်ကို ငါးမျှားချိတ်နဲ့ချိတ်ဆွဲပြီး နှိပ်စက်ခဲ့တာ ဘယ်သူလည်းဆိုတာလည်း မျက်မြင်သက်သေတွေတော့ရှိမှာပါနော် ။ ဘယ်သူကမှ မဖော်ထုတ်ပေးဘူးဆိုရင်တောင် သူတို့ကိုယ်တိုင်လည်း ဒီစာတွေကို လိုက်ဖတ်နေသေးတာပဲ ။ အနည်းဆုံးတော့ အဲ့ အချိန်က သူတို့ခံစားနေရတာလေးတွေကို တရားဝင်ထုတ်ဖော်ပြီး ၀န်ချတောင်းပန်သင့်တယ်လို့ထင်တယ် ။
- Rita Lwin သြော်အဖြစ်အပျက်တွေကိုဖတ်ရင်း ကျမလဲအိမ်လို့ မပျော်တဲ့ညတွေများနေပြီ ... အနှိပ်စက်ခံရတဲ့သူတွေ။ သေဆုံးသွားသူတွေရဲ့ မိဘမောင်နှမတွေများဖတ်မိရင် ဘယ်လောက်ခံစားရမှာလဲဆိုတာ ရင်ထဲမှာမပျော်နိုင်ပါဘူး .... လူတွေအားလုံး ရက်စက်တတ်သူတွေရဲ့ လက်မှ ကင်းဝေးကြပါစေ။
- Ya Tha မြောက်ပိုင်း ငရဲခန်းတွေ ဖတ်မိတိုင်း ... အဲဒီ ကျောင်းသားခေါင်းဆောင်ပါ ဆိုတဲ့ လူစိတ် မရှိသူတွေကို ... အမှုန့် ကြိတ်ချင်တယ်
No comments:
Post a Comment