Friday, November 23, 2012

နန်းအောင်ထွေးကြည်ရဲ့ မြောက်ပိုင်း ခရီး(၁၀)

ABSDF ကျောင်းသူရဲမေဟောင်း နန်းအောင်ထွေးကြည်ရဲ့ မြောက်ပိုင်း ခရီး(၁၀)

by May Thingyan Hein on Friday, November 23, 2012 at 11:04am ·
မေသင်္ကြန်ဟိန်(မြစ်မခ)
နိုဝင်ဘာ ၂၃၊ ၂၀၁၂၊ ရန်ကုန်မြို့။

အပိုင်း(၁၀)
ကျမက ထောက်လှမ်းရေးပါလို့ဖြေခဲ့ပြီးပြီ။အဲဒီတော့ တကယ်လည်း ထောက်လှမ်းရေး မဟုတ်ပါဘူး။
နှိပ်စက်လွန်းလို့ ပြောခဲ့ရပေမဲ့ ပြောခဲ့ပြီးတဲ့နောက်မှာ ဘယ်အချိန်ပဲ မေးမေး ဟုတ်တယ်ပဲ ဖြေတော့။
မဟုတ်ဘူးလို့ သွားမဖြေနဲ့တော့။ တချို့က ဒီနေ့ ဟုတ်တယ်လို့ ၀န်ခံပြီးလို့ နောက်နေ့ ပြန်စစ်ရင် မဟုတ်ပါဘူးလို့ ဖြေတယ်။ အဲလို ဖြေရင်တော့ သေပြီပဲသေအောင်ကို နှိပ်စက်ပြီ။မဖြူစင်ဘူးဆိုပြီးတော့ပေါ့။
အဲဒီတော့ သူတို့ ဘယ်အချိန်မေးမေး ဟုတ်တယ်၊ ကျမ ထောက်လှမ်းရေးပါလို့ပဲ ဖြေရတယ်။ ဒါဆိုရင် အသက်ချမ်းသာရာရတယ်။

နောက်တချက်က သူတို့က လွယ်လွယ်မေးလို့ ဖြေရင်လည်း မကြိုက်ဘူး။ နှိပ်စက်ပြီးမေးမှ ထွက်လာတဲ့ အဖြေက အမှန်လို့ ယူဆတယ်။ ကျမ ဆိုရင် သူတို့က ကျမကို မေးခွန်းတခုမေးတယ်၊ ကိုယ်ကလည်း မသိဘူးဆိုတော့ သူတို့ကိုယ့်ကို ရိုက်ရင်း အရိုက်ခံရင်း အနှိပ်စက်ခံရင်းနဲ့ စဉ်းစားတာ။
အဲလို ရိုက်နေတာကနေ ရပ်တော့ ရပ်ပါတော့ ကျမကို စာရွက်နဲ့ ခဲတံပေးပါ လို့ ပြောရတယ်။

သူတို့ကို ကျမ ပါးစပ်နဲ့ မဖြေဘူး။ စာရွက်နဲ့ ခဲတံတောင်းပြီး အဲဒါကို ခေါင်းထဲမှာ စဉ်းစားထားတဲ့ ဇာတ်လမ်းတွေ အကုန်ချရေးတယ်။ တကယ်တော့ တကယ်လည်း ထောက်လှမ်းရေး မဟုတ်ဘူး၊ ထောက်လှမ်းရေး အလုပ်လည်း မလုပ်ခဲ့ဖူးတော့ ပါးစပ်ကနေ ဖြေနေရင်း ရှေ့စကားနဲ့ နောက်စကား မညီတာတွေ ဖြစ်တော့မယ်လေ။
အဲဒီတော့ ခဲတံနဲ့စာရွက်နဲ့ ချရေးတာက ပိုကောင်းတယ်၊ စဉ်းစားလို့လည်း ရတယ်။ အနည်းဆုံး ဇာတ်လမ်းရေးလို့ရတယ်။ အဲဒီလို ကျမ လုပ်ခဲ့တာ။

ဆိုတော့ နောက်ပိုင်းတွေမှာလည်း ကျမက ဇာတ်လမ်း လုပ်လုပ်ပြီး ပေးတယ်။ တောက်လျှောက်ပဲ ကျမ ဇာတ်လမ်းတွေချည်းရေးပေးတာ။
ဒါပေမဲ့ ကျမက ဒီတပ်ထဲက ဘယ်သူနဲ့မှ နွယ်ပြီး ဇာတ်လမ်း မလုပ်ဘူး။ စစ်အစိုးရနဲ့တိုက်ပွဲဖြစ်ပြီး အစိုးရဖမ်းသွားတဲ့ သန်းထွန်းစိုးနဲ့ပဲ ပတ်သက်ထားတယ်။ ပြီးတော့ သန်းထွန်းစိုးပေါ်ကိုပဲ အကုန်လုံး ပုံချထားတယ်။

အဲဒီဖိုင်တွေကို မျိုးဝင်းတို့ဘာတို့က ဖတ်ကြည့်လိုက်တော့မျိုးဝင်းက မကျေနပ်ဘူး။ သူက ဒီတပ်ထဲမှာ ရှိတဲ့ ကျန်တဲ့ သူတွေကိုပါ ကျမကို ဆွဲထည့်စေချင်တယ် လို့ ကျမ ထင်တယ်။ အခြားလူတွေကို စစ်တော့ လူတယောက်ကို သူတို့က ၁၀ ယောက်လောက်ထိ ဖော်အောင် စစ်ကြတယ်။ ကျမ အလှည့်ကျတော့ ကျမက ဒီတပ်ထဲက ဘယ်သူ့ကိုမှ ထပ်ပြီး မပြောဘဲနဲ့ သန်းထွန်းစိုးကိုပဲ ပြောနေတာကို သူမကြိုက်ဘူး။ နောက် သန်းထွန်းစိုးကို လုပ်ရအောင်ကလည်း သန်းထွန်းစိုးက အစိုးရလက်ထပ်မှာ အဖမ်းခံလိုက်ရတော့ မရှိဘူး။ ရှိရင်လည်း ဒီကောင် သန်းထွန်းစိုး သေမှာပဲ။

မျိုးဝင်းက နဂိုကတည်းက သန်းထွန်းစိုး(ခေါ်) တိုက်ပိတ်ကို မကြိုက်ဘူးလို့ ကျမတို့ကြားရတယ်၊ သူက ဗဟိုကော်မတီဝင်ဖြစ်ဖို့ သန်းထွန်းစိုး မဲရတော့လည်း သန်းထွန်းစိုးကို ဗဟိုကော်မတီဝင်အဖြစ်ကနေ ကန့်ကွက်တယ်လို့ သိရတယ်၊ နောက်တချက်ကလည်း သန်းထွန်းစိုးကို သူ့ရဲ့ဓားနဲ့ခုတ်မယ်ခုတ်မယ်လို့ တချိန်လုံးဓါးကြိမ်းကြိမ်းခဲ့တယ်ဆိုတာလည်း ပြန်ကြားရတာတွေ ရှိတယ်။

သူက သန်းထွန်းစိုးကို ဘာကြောင့်မှန်းမသိ ကြည့်မရဖြစ်နေခဲ့တာလို့ ကျမ ထင်တယ်။ အဲဒါကြောင့်လည်း မိချို (ခင်ချိုဦး)ကို သန်းထွန်းစိုးကို မလုပ်ရလို့ အငြိုးနဲ့ နှိပ်စက်တာ၊ သတ်ပစ်လိုက်တာလို့ ကျမ ထင်တယ်။

မိချိုကို သတ်ပစ်လောက်စရာအကြောင်း အခြား ဘာအကြောင်းမှ မရှိဘူး။ မိချိုကို အဆိပ်နဲ့သွားနွယ်ပြီး ပြသနာလုပ်တယ်၊ သူ့မှာ အခြားဘာမှ ရှိတာမဟုတ်ဘူး သိပ်သနားဖို့ ကောင်းတယ် မိချိုပါ၊ သိပ်သနားဖို့ ကောင်းတယ်။

မိချိုနဲ့ သန်းထွန်းစိုးက တောမခိုခင်ကလည်းကရုံးမှာလက်မှတ်ထိုး လက်ထပ်လာခဲ့တယ်လို့ သိရတယ်၊ တပ်ထဲရောက်တော့လည်း သူတို့ နှစ်ယောက်ကို အိမ်ထောင်သည်အခန်း မပေးဘူးပေါ့နော်။အတူမနေရဘူးပေါ့နော်။ မျိုးဝင်းက အဲလို ညစ်ပတ်တာတွေလည်းရှိတယ်။

အဲလို ကျမ ထောက်လှမ်းရေးပါလို့ ၀န်ခံပြီး၊ ဇာတ်လမ်းတွေ ရေးပေးပြီးရင် ၁ ပတ်လောက်ထိကျမကိုသိပ်မနှိပ်စက်လို့အေးအေးဆေးဆေးနေနေရသေးတယ်။ ကျမကို သူတို့ ဘာမှ လာမလုပ်ကြဘူး။ အဲလိုမှာပဲ မျိုးဝင်းက ဒီကောင်မ မဟုတ်ဘူး၊ လူမဖော်ဘူး ဒီကောင်မ ကလိမ်ကကျစ် ပေါ့ .. မဖြူစင်ဘူးဆိုပြီး ကျမကို ခေါ်ပြီး နှိပ်စက်ပြန်ရော။ လူတွေဖော်ခိုင်း ပြန်ရော ကျမကလည်း မဖော်ဘူး။ မဖော်တော့ နှိပ်စက်။ အဲလို နှိပ်စက်ရင်းနဲ့ပဲ ဘာလုပ်လာပြန်လည်း ဆိုတော့ သူတို့က နာမည်တွေ ချမေး မေးတယ် ။လိုင်းတင်မေးတာ။ သူတို့မေးပုံက သူတို့မေးတဲ့မေးခွန်းတွေမှာအဖြေတွေပါတယ်လေ.။

အဲဒီနာမည်ထဲမှာ ဘယ်သူတွေ ပါလဲဆိုတော့ စိုးစိုးလွင်၊ ခင်ရွှေလှိုင်၊ ခင်မာအေးနဲ့ အန်တီညိုနဲ့ ….။ အဲဒီ လေးယောက်ရဲ့ နာမည်တွေကို ကျမကို ရိုက်ရိုက်ပြီး မေးရင်း စစ်တယ်။ အကုန်လုံးကို မဟုတ်ဘူးလို့ ပြောတယ်။ တယောက်နာမည်ပြောလိုက် ရိုက်လိုက်မေးလိုက်နဲ့။ မဟုတ်ဘူးငြင်းရင်း ငြင်းရင်းနဲ့ မရတော့ဘူး။ အဲဒီမှာ အန်တီညို အလှည့်ကြတော့ လူက မခံနိုင်တော့လို့ ဟုတ်တယ်လို့ ပြောလိုက်ရတယ်။

အန်တီညိုကတော့ ဟုတ်ပါတယ်ပေါ့။ ဒါပေမဲ ကျမနဲ့ ဘာမှ မဆိုင်ဘူးလို့ ကျမ ပြောလိုက်တယ်။ အန်တီညိုဆိုတာ KIA က ဒူခွန်နော်ရဲ့ အမျိုးသမီးပါ။စိတ်မကောင်းဘူး ။ အရမ်းဝမ်းနည်းတယ်။ စိတ်ထဲမှာ ထိထိခိုက်ခိုက်ကို ခံစားရတယ်နော်၊ ဘယ်လိုလုပ်ပြီး KIA ကိုပါ ပတ် သက်ပြီး နွယ်တဲ့ မေးခွန်းတွေ ကျမကိုလိုင်းတင်မေးလည်းဆိုတာစဉ်းစားလို့
မရဘူး။တယောက်ယောက်တော့ ထွက်ထားပြီးဖြစ်လိမ့်မယ် ။

အဲဒီကနေ့စပြီးတော့ ကျမကို ခေါ်ခေါ်ပြီးတော့ နှိပ်စက်တယ်။ ကျမတို့ကို ကြိုးတွေနဲ့ ခြေထောက်တွေ လက်တွေကို ချည်ထားတာ၊ ကျမတို့ကို လာခေါ်တယ်ဆိုတာကလည်း ကောင်းကောင်းမွန်မွန်ခေါ်တာ မဟုတ်ဘူး။ ချည်ထားတဲ့ ကြိုးကို လာလှုပ်တယ်၊ လူကို ခြေထောက်နဲ့ ခတ်ပြီး ခေါ်တယ်။ အဲလို လုပ်ပြီး ခေါ်ကြတာ။ တညပေါ့ ။

အဲ့ဒီတည ကျမ အခံစားရဆုံးစစ်ကြောရေးဝင်တဲ့ ည၊ တသတ်လုံး မမေ့နိုင်တဲ့ ည ။

အဲ့ဒီညမှာ ကျမကို စစ်ကြောရေးဝင်ဖို့ လာခေါ်ကြတယ်။ လူကလည်းမကြာခဏ အနှိပ်စက်ခံနေရတော့ တအားကြောက်နေပြီလေ ။ ကိုယ့်ကို နှိပ်စက်ထားတာရော၊ကိုအားစိုက်တို့ ကို လုပ်ထားတာတွေရော  ခံစားထားရတယ်၊မြင်ထားရတာတွေ ရှိတယ်။ တအားကြောက်ပါတယ်။


သူတို့ခေါ်ရာလိုက်သွားတော့ ..တဲထဲဝင်သွားတော့ လှဆိုင်းကိုတွေ့တယ်။ နောက် သန်းဇော်၊ဇော်ဇော်မင်း ။အောင်စိုးမြင့်.။ကျော်ထင်ဦး တို့ IO အဖွဲ့သားတွေ  ။
လူစုံ တက်စုံ ။ အဲဒီကတည်းက သိလိုက်ပြီ ကျမ ကောင်းကောင်းကြီး ခံစားရတော့ ခံစားရတော့မယ်ဆိုတာ။


သိတဲ့အတိုင်းပဲ ထုံးစံအတိုင်းပေါ့ ။မြေကြီးပေါ်မှာ ခြေဆင်းထိုင် ရတယ်။ ပြီးခြေထောက်ကို ကြိုးသေသေချာချာ တုတ်တယ်။
ပြီး ခြေထောက် ကွေးလို့မရအောင် ကြိုးတုတ်ထားတဲ့နေရာကနေ ဒုတ်တချောင်းနဲ့ မြေကြီးမှာရိုက်သွင်းလိုက်တယ်။
ပြီးတော့လက်နောက်ပြန်ကြိုးတုတ်ထားတယ်။

နောက်သူတို့က ပြောတယ်။ ..မင်းခုထိ ညာထားတယ်။အကုန်မပြောဘူး။မင်းတို့လူတွေရှိနေတယ် လို့ ပြောတယ်။

ကျမကပြောတယ်…မသိဘူး။ ကျမ တကယ်မသိတာပါလို့ ပြောတယ်။ အဲလို ပြောလိုက်တာနဲ့ ..လာပြီ ။ shock ရိုက်ပြီ ။
မဟုတ်ဘူး မသိတော့ဘူး ။မရှိဘူး….အဲဒါကိုပဲ ပြောရင်း ဝိုင်းသမကြတယ်.အပြင်းအထန်ဘဲ ။
မခံနိုင်တဲ့အဆုံး သိတယ်သိတယ်ပြောရင် shock ရိုက်တာ၇ပ်ပေးတယ်။

ခက်တာက ကျမ ဘယ်သူကို ဘာပြောရမှန်းမသိတော့  မသိဘူး မရှိတော့ဘူး ပြန်ပြောတာနဲ့ ပိုပိုပြီးဆိုးလာတယ်။
အဲဒီမှာသူတို့က ကျမ ဘယ်ဘက်ခန္ဓာကိုယ် ဘက်ကို တုတ်နဲ့သိမ်းကြုံးရိုက်တာ …နာလိုက်တာ တအားပဲ...ဒီ.ကြားထဲမှာ shock ကလည်း ပေးနေသေးတယ် ။

သူတို့လိုချင်တာ ဘာမှမဖြေ နိုင်ခဲ့ဘူး။ဆဲလိုက် shock ကြီးဘဲပေးလိုက် ခေါင်းကနေ စပြီးတကိုယ်လုံးလွှဲရိုက်နဲ့… ဒီကောင်မ.ပေါ့နော ..တော်တော်ခေါင်းမာတယ်ဆိုပြီး နောက်ထပ်ကျင်စက် အပိုအားကူလာတယ်။ဝါယာတခုကခြေထောက်မှာ ၊ နောက်တခုကလည်စပ် မှာပေါ့နော.. ဒီ နားရွက်အနောက်မှာပေါ့။

ကျမ တုန်နေပြီ။  တကိုယ်လုံး ထိန်းလို့မရအောင်ကို တုန်နေတာ။သူတို့က ရိုက်တာနဲ့ ရှော့ပေးတာကို ၂ခကိုတပြိုင်တည်းပေးနေတယ်။တကိုယ်လုံးကျုံ့ လာတာ ..ဒါပေမဲ့ ခြေထောက်ကို မကွေးနိုင်အောင်မြေမှာတုတ်နဲ့စိုက်ထားတော့ .. မခံနိုင်တော့ဘူး။ shockကို မရပ်မနားပေးနေတယ်။ကန်တယ်။ရိုက်တယ်။

လူကလည်း အသိစိတ်တောင် ပျောက်လာတယ်။ မျက်လုံးတွေပြာလာတယ်။ နားတွေအူလာတယ်။အသက်ရှုဖို့အချိန်မရတော့ဘူး။ဟုတ်တယ်.ဟုတ်တယ်
ပြောမယ် ဆိုရင် ရပ်သွားတယ် ..တကယ်တမ်းကျမက ဘယ်သူ့ကိုမှဘာမှမဆွဲထည့်နိုင်တော့ ပိုတိုးပြီးဝိုင်းနွှာကြရော. တညလုံးနော် ..တညလုံး။

သွားပြီ .ကျမ မြေကြီးပေါ်လဲနေပြီ .. အသက်ရှုဖို့ကြိုးစားနေတယ် ။ လှဆိုင်း ကထပ်ပြီးခြေထောက်မှာ shock ပေး၊ ဇော်ဇော်မင်းက တအားလွှဲကန် ..လိုက်တာ သိလိုက်ရတယ်။ အဲဒီအချိန်မှာမျိုးဝင်း အော်သံကြားလိုက်တယ် ။

ရပ်တော့ ရပ်တော့လို့ ပါးစပ်ကနေ ပြောရင်း သူ  ..ပြေးဝင်လာတယ်။ မျိုးဝင်းက ကျမကို မြေကြီးပေါ်းကနေ ဆွဲထူတယ်.. ဒါပါဘဲ ..ကျမ ဘာမှမသိတော့ဘူး။ မျိုးဝင်း ဆွဲထူလိုက်တာကိုပဲ သိပြီး ကျန်တာ ဘာမှ မသိတော့ဘူး…တကယ့်ကို အမှောင်အတိကျသွားပြီ။......။

......သိလိုက်တဲ့ အချိန် ပြန်သတိရတဲ့ အချိန်မှာ ကြားလိုက်ရတာက .. မျိုးဝင်းအသ.ံ. .။ ကျမ မကြိုက်တဲ့ မျိုးဝင်းရဲ့ အသံ၊ သူက ကျမနာမည်ခေါ်နေတယ်။

ကျမ ကြားနေရပေမဲ့ အသက်ရှုဖို့ တအားချက်နေတယ်။ အသံကို မြန်မြန်ရှုဖို့ခက်နေတယ်။ ခေါင်းလည်း မထူနိုင်တော့ဘူး၊ တကိုယ်လုံးကလည်း ထုံပြီး ဘယ်လိုမှ မထူထားနိုင်ဘူး။ ကျမနံရံမှာမှီနေရတယ်။

မျက်လုံးအမြင်တွေကလည်း ကြည်ကြည်လင်လင် ဘာမှမမြင်နိုင်တော့ဘူး။ သံချောင်းပါရောက်လာတယ်။
ရော..ခက်ပြီကောမင်းခုထိဘာမှဘာမှမပြောဘူးကော..တဲ့ ။ အဲလို သံချောင်းရဲ့ အပြောမှာ shock ထပ်လာတယ်။ လူမိုက်ကနဲ ဖြစ်သွားတော့ .. မျိုးဝင်းက ရပ်ဖို့အော်.တယ် ။

ကျမတောင်းပန်တယ်။ ကျမကို ဆက်ပြီး မလုပ်ကြဖို့ တောင်းပန်တယ်။ လူစိတ်ပျောက်နေတဲ့ သူတို့ ကျမ ဘယ်လိုမှတောင်းပန်လို့မရဘူးဆိုတာ သိတယ်။ ဒါပေမဲ့ ရှိတဲ့ အားလေးနဲ့ ကျမ တောင်းပန်တယ်။ ကျမတကယ်ကို အားလုံးကို တောင်းပန်ပါတယ်။

ကျော်ထင်ဦးက ABSDF-NB ဖွဲ့စည်းပုံ ဇယားကိုထောက်ပြတယ် ။ အမြင်မကြည်ပေမဲ့ သိလိုက်ပြီ ။ ကျမ ခေါင်းခါတယ်။ ကြောက်တယ်ပြော တယ်။ မလုပ်ကြဖို့တောင်းပန်တယ်။
မင်းဘာမှမကြောက်နဲ့။...အားလုံးငါရထားပြီ။မင်းကြောက်ရမှာ ငါ တဲ့။

ကျမငိုတယ်...။ ....အင်အားမရှိတော့ဘူး။
တော်ကြပါတော့...။

နောက်တော့… နာမည်တွေ တသီကြီး ..ချရေးပေးထားတယ်။ ရှေ့ချပေးတယ်။ဘောပင်ပေးတယ်။ကျမ ဘောပင်တောင် မကိုင်နိုင်လောက်အောင် လက်တွေ ချိနေတယ်။

မျိုးဝင်း က ကျမလက်ကို ထိမ်းပေးတယ် ။ ချရေးပေးထားတဲ့နာမယ်တွေ ကျမဆိုင်း ထိုးပေးခဲ့လိုက်ရတယ်။ဘယ်သူတွေပါသလဲ ဆိုတာကလည်း ကျမ မသိဘူး၊ မြင်လည်း မမြင်တော့ဘူး ဒီထဲပါတဲ့ သူတွေကိုတော့ ခွင့်လွှတ်ပါ။ ခွင့်လွှတ်ဖို့ပဲ အားလုံးကို တောင်းပန်ရတယ်။ မခံစားနိုင်တော့လိုပါ။

တကယ်ပဲ ကျမကို ၊ ကျမတို့ကို မျိုးဝင်း သံချောင်းနဲ့ အပေါင်းအပါတစု ရက်ရက်စက်စက် လုပ်ခဲ့ကြတယ်။ ရည်ရွယ်ချက် ရှိရှိကို လုပ်ခဲ့ကြတယ် ။ တကယ်ကိုကြေကွဲရပါတယ်။
ကျမကိုဆွဲထူတယ်။ ထောင်ထဲ ပြန်သွင်းထားကြတယ် ။

 ကျမ ဆိုင်းထိုးပြီးထောင်ထဲ ပြန်တော့ .. ကိုရဲလင်း က ကျမကို တွေ့တယ်..တဲ့ ။ သူ့ကို စစ်ရုံး ရှေ့ဖက်ခန်းမှာချုပ်ထားတယ်။ အဲဒါကို ကျမ နောက်ပိုင်းမှ သိရပါတယ်။

ABSDF-NB မြောက်ပိုင်းဥက္ကဌ ကိုထွန်းအောင်ကျော်ကို စစ်ရုံး အခြားအခန်း မှာ ဖမ်းထားတယ်တဲ့ .. မငယ် ရဲ့ တခြားဘက်ကနေ ဦးစိန်(လေးစိန်)ကို
လည်း စစ်ပြီးခေါ်သွားတာ ကိုရဲလင်း မြင်တယ် တဲ့။ ဟုတ်တယ် ..အဲ့ဒါကိုရဲ တို့ ကိုစိုးလင်းတို့ နာမည်တွေကို  ကျမကို ဆိုင်းထိုးခိုင်းခဲ့လို့ ကျမ ဆိုင်းထိုးပေးခဲ့ရတာလို့။

ဒါတွေကြောင့် ကျမတို့က လုပ်ခဲ့တဲ့ သူတွေကို တောင်းနေတာလေ ။ အယောက် ၁၀၀ လုံးရဲ့ စစ်ချက် ထွက်ချက်တွေ ချပြပါလို့လေနော.၊ဘာမှမရှုပ်ဘူး။ရှင်းရှင်းလေးပါ။

နာမည်တခုဆို ကျမ မသိဘူး .မြင်တောင်မမြင်ဖူးဘူး။ ခုတော့ကျမ သိတာပေါ့နော် ။မမြင်ဘူးပေမဲ့ ..သူက ကိုဘိုစော။

အဲဒီတုန်းက ကိုဘိုစော ဆိုတာ သိလည်းမသိဘူး၊ ကြားလည်း မကြားဖူးခဲ့တဲ့ သူပါ။ ဒီအဖြစ်အပျက်တွေ ဖြစ်ပျက်ပြီး နောက်ပိုင်းမှ ကျမ ကိုဘိုစောနဲ့ စကား
ပြောဖြစ်တယ်။

ကျမ တောင်းပန်လိုက်တယ် ။ ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့ ။ လူမဆန်အောင် နှိပ်စက်ပြိး အတင်းနာမည်ပြောပြီးမေးတဲ့ မေးခွန်းတွေကို ကျမက ဟုတ်ပါတယ်ပြောခဲ့တော့ တောင်းပန်ရမှာ ကျမပါလေ။ ကိုဘိုစောရဲ့ အပြစ်မယူတဲ့ နားလည်မှု့တွေနဲ့ ခွင့်လွှတ်တာကြားရတော့ ကျမ ပြောမပြတတ်တဲ့ ခံစားမှု့လေးရခဲ့ပါတယ်။ တကယ်ကို ကိုဘိုစော ကျမကို ခွင့်လွှတ်ပါနော်။

ဒီလိုမျိုး နှိပ်စက်တာတင် မကသေးပါဘူး။ အများကြီးပါဘဲလေ.. ကျမကို လက်ဝါးကပ်တိုင်တင်ပြီးအကြာကြီးနှိပ်စက်ခဲ့ကြသေးတယ်။ တခါအနှိပ်စက်ခံရတိုင်း ဇာတ်လမ်းတပုဒ် ရေးပေးခဲ့ ရပါတယ်။
ဒီလို နှိပ်စက်ခံခဲ့ရတဲ့ အကြောင်းတွေ ခုလို ပြန်ပြောရတဲ့နေ့တွေဆို ကျမ ညအိပ်မပျော်တော့ဘူး။

ရှေ့ဆက်ဖော်ပြပါမည်။
မေသင်္ကြန်ဟိန်(မြစ်မခ)


Like · · Share

  • Rita Lwin ရက်စက်ပါပေ့ ... ဖတ်ရင်းနဲ့ ကျမလဲတုန်ယင်လာရော ...မိဘတွေရင်ကွဲမှာပေါ့
  • KO MG MG ကြေကွဲတယ် ရင်နင့်အောင်ခံစားရပါတယ်။
  • Komyogyi Mmno စိတ်မကောင်းလိုက်တာ။
  • Nan Da ကြေကွဲဖွယ်အဖြစ်တွေပါပဲ။
  • Zaw Aung KIA permitted these happenings?
  • Eric Heu အဲဒီ မျိုးဝင်း ဆိုတာ အခု ရှိသေးလား ။ သေသွားပြီလား
    အကုန်လုံး မဖတ်ထား လို့ပါ။ ကျေးဇူး တင်ပါတယ် ..
  • ဘရာဇီး ငှက်ရိုး မျိုးဝင်းသေပြီ... သူ့တပည့်တွေတော့ မသေသေးဘူး... ဟီး ဟီး . . . ။
  • Koku Indaw ရော..ခက်ပြီကောမင်းခုထိဘာမှဘာမှမပြောဘူးကော..တဲ့
  • Nang Aung Htwe Kyi Ko Bo Saw Kaung >> အကို့ ရဲ့ နားလည်စွာ ခွင့်လွှတ်မှု့ ကို မငယ် ကျေးဇူးတင်တယ်ဆိုတာထက်ပိုပါတယ်
  • Sansan Yu စိတ်မကောင်းလိုက်တာ။ ဖတ်ရင်းနဲ့ငိုချင်လာတယ်။
  • Kyaw Soe Win ဘာကြောင့် လူပေါင်းများစွာကို ထောက်လှမ်းရေးလို့ စွပ်စွဲပြီး
    ဖမ်းဆီးနှိပ်စက်ခဲ့တာလဲ? ဘာကြောင့် သတ်ဖြတ်ခဲ့တာလဲ?
    ယုတ္တိ ရှိ/ မရှိ မစဉ်းစားနိုင်လောက်အောင် ဘယ်လို စိတ်မျိုးတွေ ဝင်နေလို့လဲ?
    ရုပ်ရှင်/ ဝတ္တု တွေထက် ဆိုးရွား ဆန်းကြယ်လွန်းပါတယ်။
    မဖတ်ဘဲလဲ မနေနိုင်၊ ဖတ်မိပြန်တော့လဲ တဆင့်ခံ စိတ်ဒဏ်ရာတွေ ရ၊
    ကာယကံရှင် ခံရသူတွေဆိုရင်တော့ မပြောနဲ့၊ဖတ်သူတောင် သွေးပျက်လောက်တယ်
  • San Dar ကျမတော့ ဖတ်ရင်းမျက်ရည်အလိုလိုကျလာတယ်အမရေ.. ရက်စက်ယုတ်မာလိုက်ကြတာများ ရှုံ့ချစရာစကားလုံးရှာမရဘူး
  • August Thant ဘာပြောရမှန်းတောင်မသိတော့ဘူး...
  • Koaungkolatt Aungkolatt ဝဋ်ကြွေးလို့ ပဲသဘောထားလိုက်ပါတော့ဗျာ
    ကျွန်တော် ဆက်ပြီးဖတ်ဖို့ အင်းအားတွေ မရှိတော့ဘူး ရင်ထဲမှာ ပုရွက်ဆိတ်တွေထောင်သောင်းမကဝိုင်းပြီးတော့ကိုက်သလိုနာကျင်လို့ ပါ
  • Nyunt Aungုံအဖြစ်အပျက် အမှန်ကရုပ်လုံးပေါ်လာပါပြီ၊ တရားဥအဒေအရ ကင်းလွှတ်ခွင့် ရနေရင်တောင်ု လူမှုရေအရတော့ ခွင့်မလွှတ်သင့်ပါဘူး။ ဒါလဲ အရေးယူ အပြစ် ပေးဘို့ မဟုတ်ပါဘူး။ အမှန်တရားကို ဖော်ထုတ်ပြီး သင်ခန်းစာယူ ကြဘို့ပါ။ နောင်တမရ သေးတဲ့ လက်မရွံ့ လူသတ်သမားတွေ ကို ဖော်ထုတ် ထားခြင်းဖြင့် ပြည်သူတွေ သတိထားစေဘို့အတွက်ပါ၊ တရာဥပဒေ မစိုးမိုးတဲ့ နေရာ မှာ အန္တရာယ်ကြီးတယ်ဆိုတာရယ်၊ အာဏာ နဲ့ နေရာဟာ လူတွေကိုဘယ်လောက်အထိပြောင်းစေတယ်၊ ရက်စက် ကြမ်းကြုတ် ယုတ်မာ စေတယ်ဆိုတာ ပေါ်လွင်လာစေဖို့ပါ။ လူတော်ကလေးသူငယ်တွေ ဒီလိုနဲ့ အများကြီး ဆုံးရှုံးခဲ့ပါပြီ၊ နောက်ထပ် မဖြစ်စေချင်တော့ပါဘူး။
  • Nyunt Aung ဗြိတိသျှ တွေးခေါ်ပညာရှင်ကြီး ဘာထရန်ရပ်ဆယ် အမေရိကန် ခေါင်းဆောင် တွေကို ဗီယက်နမ်စစ်ပွဲ နဲ့ ပတ်သက်လို ဒီလို လူထုရှေ့မှောက်မှာ ခုံရုံးတင် စွဲချက်တင် စစ်ဆေးပြီး စီရင်ချက်ချခဲ့ပါတယ်၊
  • Nyunt Aung ဒီ ABSDF မြောက်ပိုင်း လူသတ်မှုသာမက နိုင်ငံတော်အာဏာ အလွဲသုံးခဲ့တာတွေ၊ စီးပွားရေး ဆိုင်ရာ ၀န်ကြီးဌာနတွေ ကိုင်တွယ်ခဲ့တဲ့သူတွေ အလွဲလုပ်ခဲ့လို့ တိုင်းပြည် နဲ့ ပြည်သူနစ်နာတာတွေ သူတို့တတွေ ဖွဲ့စ ည်းပုံ အခြေခံ ဥပဒေအရ ကင်းလွတ်ခွင့် ပေးထားလို့ အရေးယူဘို့တော့ မဟုတ်ပေမဲံ နောင် ဒီအခွင့်အရေး ထပ်မရအောင်၊ သင်ခန်းစာယူနိုင်အောင် လို့ပါ။
  • Zaw Than I want to kill D.N.A and R.A.N
  • Thiha Oo အစ်မရဲ့ post တွေဖတ်တဲ့အထဲမှာ ဒီတစ်ခုဖတ်ရတော့ ကျွန်တော်လည်း စိတ်မကောင်းလိုက်တာ။ ဖတ်၇င်း မျက်ရည်လည်မိပါတယ်.... :(
  • Robert Hla Tun မခင်ချိုဦးနဲ့ စွပ်စွဲခံ၇တာ ပြည်စို့းနိုင်လို့ ဖတ်ဘူးပါတယ်။ အဲဒါမမှန်ဘူးလား
  • မိုး စဲ အထက်က မငယ်ရဲ့ ထွက်ချက်တွေ အတွေ့အကြုံတွေကို ဖတ်ကြည့်ရင်း စာဖတ်သူတွေဟာ ဟုတ်နိုင်မဟုတ်နိုင် ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားရင်း စိတ်မကောင်းဖြစ်ရလို့ ကော်မန့်တွေ ၀င်ရေးဖြစ်ကြတာပါ..ပြုလုပ်ခံရတဲ့ သူတွေလဲ သက်ရှိထင်ရှား ရှိနေကြပါသေးတယ် ပြုလုပ်ခဲ့တဲ့ သူတွေလဲ သက်ရှိထင်ရှား ရှိနေကြပါသေးတယ်. အဲ့ဒီလို အဖြစ်အပျက်တွေဟာ အေဘီအက်စ်ဒီအက်ဖ် (မြောက်ပိုင်း ကျောင်းသားတပ်မတော်)မှာ ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ လက်ရှိ အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော်ရဲ့ တာဝန်ရှိလူကြီးတွေကလဲ ဒီအဖြစ်အပျက်တွေ အတွက် ၀မ်းနည်းကြေကွဲရပါတယ် ကိုယ်ချင်းစာနာ ရပါတယ် ပြောကြပါတယ် .သို့သော်လဲ အဲ့ဒိအချိန်တုန်းက ကျူးလွန်ခဲ့တဲ့ တရားခံတွေဟာ လက်ရှိ မြောက်ပိုင်း ကျောင်းသားတပ်မတော်ကို ဆက်ပြီး ဦးဆောင်နေကြတုန်းပါ။ ကျောင်းသားတပ်မတော်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံကို ကျော်လွန်ပြီး လူမဆန်စွာ သတ်ဖြတ်ညှင်းဆဲမှု့ တွေရဲ့ လက်သည် တရားခံတွေဟာ ခုချိန်ထိ သွေးအေးအေးနဲ့ နေထိုင်နေနိုင်တုန်း သူတို့လုပ်ခဲ့တာတွေအတွက် အရေးယူ ခံရမှု့ မရှိသေးပါဘူး အပြစ်မဲ့ အသတ်ခံခဲ့ရတဲ့ ကျောင်းသားတွေဟာ လဲ ကျဆုံးကျောင်းသား စာရင်း မသွင်းခံရသေးပါဘူး ဒီအဖြစ်အပျက်ဟာ ပိုပြီးတော့ စိတ်မကောင်းဖြစ်ရပါတယ်..ဒီလိုသတ်ဖြတ်မှု့တွေကို လက်မခံနိုင်ရင် ထိထိရောက်ရောက်အရေးယူလိုက်ရင် အများပြည်သူက ကျောင်းသားတပ်မတော်နဲ့ ရက်စက်ယုတ်မာသူ တွေကို ပိုပြီး ခွဲခွဲခြားခြား မြင်မှာပါ။
  • Robert Hla Tun ဟုတ်တယ် လက်သည် တရားခံတွေဟာ ခုချိန်ထိ သွေးအေးအေးနဲ့ နေထိုင်နေနိုင်တုန်း သူတို့လုပ်ခဲ့တာတွေအတွက် အရေးယူ ခံရမှု့ မရှိသေးပါဘူး အပြစ်မဲ့ အသတ်ခံခဲ့ရတဲ့ ကျောင်းသားတွေဟာ လဲ ကျဆုံးကျောင်းသား စာရင်း မသွင်းခံရသေးတာဟာ ပိုပြီးတော့ စိတ်မကောင်းဖြစ်ရပါတယ်..အကိုမိုး စဲ ပြောတာမှန်ပါတယ်။
  • Robert Hla Tun ဖတ်ရတဲ့သူတောင် ရင်ထဲမှာ တမျိုးပဲ။ ငိုချင်သလိုလို ဘာလိုလိုနဲ့ စိတ်မကောင်းပါဘူး ဖတ်ရင်းနဲ့ရင်ထဲမှာ နာနာလာတယ်။
  • Kyaw Hlaing Oo စာအုပ်အဖြစ်ထွက်ဖို့ရှိပါလား
  • Sobig Cyclone ကျွန်တော်တို့လိုအခုချိန်ကြမှဒါတွေကိုသိကြရတဲ့လူငယ်တွေတောင်ဒီလောက်စိတ်မကောင်းဖြစ်ကြရတာ....အဲဒီငရဲခန်းမှာကိုယ်တိုင်ကိုယ်ကျပါဝင်ခံစားခဲ့ရသူတွေ...အသက်ပါပေးဆပ်ခဲ့ရတဲ့သူတွေရဲ့မိဘ...မောင်နှမ...ဆွေမျိုးသားချင်းတွေဆိုဘယ်လောက်ခံစားကြရမလဲဗျာ.....အဲဒီအထဲကမှတချို့ကျောင်းသားတွေရဲ့မိဘတွေဆိုကိုယ့်ရဲ့သားတွေသမီးတွေဟာအခုအချိန်ထိသူတို့ရဲ့ရင်ခွင်ထဲကိုတစ်နေ့ပြန်ရောက်လာနိုးတစ်နေ့ပြန်ရောက်လာနိုးနဲ့စောင့်မျှော်နေကြဆဲပဲတဲ့လေ....ဘယ်လောက်များနာကျင်ကြေကွဲစရာကောင်းလိုက်ပါသလဲ....အစ်ကိုတို့အစ်မတို့အားလုံးအဖွဲ့အစည်းအပေါ်သစ္စာရှိစွာနဲ့ပေးဆပ်ခဲ့ကြခြင်းရဲ့နောက်ဆုံးရလာဒ်က....သစ္စာဖောက်...တဲ့လားဗျာ.....သိပ်ပြီးရင်နာစရာကောင်းလွန်းတယ်.......(လက်ရှိ အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော်ရဲ့ တာဝန်ရှိလူကြီးတွေကလဲ ဒီအဖြစ်အပျက်တွေ အတွက် ၀မ်းနည်းကြေကွဲရပါတယ် ကိုယ်ချင်းစာနာ ရပါတယ် ပြောကြပါတယ်)......အဲဒီလိုပြောသူတွေထဲမှာအဲဒီအချိန်ကကိုယ်တိုင်ကိုယ်ကျနှိပ်စက်တာတွေ..သတ်ဖြတ်တာတွေကိုမြိန်ရေရှက်ရေလုပ်ခဲ့ကြသူတွေပါနေတယ်လေ.....သူတို့အနေနဲ့လူ့သိက္ခာလူ့ကျင့်ဝတ်ဆိုတာကိုနားလည်တယ်ဆိုရင်ကိုယ့်အပြစ်အတွက်သတ္တိရှိရှိဝန်ခံတာမျိုးကျတော့မလုပ်ပဲအခုလိုမျက်နှာလွှဲခဲပစ်တာဝန်မဲ့တဲ့အပေါ်ယံတောင်းပန်စကားကိုအရှက်မရှိပြောထွက်မှာမဟုတ်ဘူး.......လူယုတ်မာတွေ....
  • Robert Hla Tun ပုံထဲကသူတွေရဲ့ နာမည်တွေကို ကျေးဇူး.ပြုပြီးသိခွင့်ရှိရင်သိပါရစေ
  • Min Thit Lwin 88 ကျောင်းသားမျိုးဆက်တွေ အစိုးရထောင်ထဲမှာ ထောင်ကျနေခဲ့တာမှ ကောင်းအုံးမယ်။ နန်းအောင်တို့ထက်သက်သာမယ်ထင်ပါတယ်။စစ်ကြောရေးမှာလောက်ဘဲခံရပြီးထောင်ထဲရောက်ရင်နှိက်ဆက်တာမရှိတော့ဘူလေ။လွတ်လပ်ခွင့်လေးဆုံးရှုံးတာပဲရှိမယ်။ အော်..စစ်အာဏာရှင်ထက်ပိုသော လူတွေပါဘဲလား။သန်းေ...See More
  • Robert Hla Tun ကျွန်တော်မေးထားတာတွေကို အဖြေရခက်တယ်ဆိုရင်လည်း မဖြေပါနဲ့။ မေးမိတဲ့အတွက် sorry ပါခင်ဗျာ။
  • Ko Lin Wai Aung နန်းစော ၊အားရမ်(ဆေးဆရာမသိမ့်ဆွေ)၊ သင်းသင်းညီ၊ ခါးတောင်၊ စိုးစိုးလွင်၊ နန်းအောင်ထွေးကြည်။ တို့ဖြစ်ပါတယ်...
  • Ko Lin Wai Aung ကောမက်တွေ ပြန်မဖတ်ရသေးလို့ဖြစ်မှာပါ Robert Hla Tun ခင်ဗျာ.....

No comments:

Post a Comment