Friday, October 5, 2012

ဘိုဘိုရဲ့ မြောက်ပိုင်း ခရီး(၃)

ABSDF_ ကျောင်းသားရဲဘော်ဟောင်း ဘိုဘိုရဲ့ မြောက်ပိုင်း ခရီး(၃)

by May Thingyan Hein on Saturday, September 22, 2012 at 1:31pm ·
မေသင်္ကြန်ဟိန်(မြစ်မခ)
စက်တင်ဘာ ၂၂၊ ရန်ကုန်မြို့။

အပိုင်း(၅)

အဲဒီနောက်မှာ ကျနော်တို့ စစ်သင်တန်းတက်ရတယ်။ စစ်သင်တန်းက ကေအိုင်အေ ထရိနင်ပါ။ ကေအိုင်အေ ထရိနင်ဆိုတော့ KIA သီချင်းတွေကို ဆိုရတယ်။ ကျနော်တို့က ထပ်ပြောတယ်။ ကေအိုင်အေ သီချင်းဆိုရတာလည်း ရတယ်၊ ပြသနာ မရှိဘူး။ ဒါပေမဲ့ ကျောင်းသားတပ်ဖြစ်တဲ့အတွက် ကျောင်းသားသီးချင်းလည်း ဆိုသင့်တယ်၊ဆိုရမယ်ပေါ့။ အဲဒီလိုအခြေအနေမျိုးတွေရှိတယ်။

အဲဒီလို ပါဂျောင် စခန်းမှာ အဟ လေးတွေ ရှိနေတဲ့အခြေအနေမှာ မြောက်ပိုင်း စခန်းကို ရန်ကုန်၊ မန္တလေးက ကျောင်းသားတွေ ရောက်တာပိုများလာတယ်။ ပြောရမယ်ဆိုရင်တော့ ကိုမျိုးဝင်းအနေနဲ့က သူ့အနေနဲ့ ရှေ့မှာ ရောက်ခဲ့တာ မှန်တယ်။ ဒါပေမဲ့ နိုင်ငံရေးအတွေးအခေါ်နဲ့ အယူအဆပိုင်းမှာ ဆိုလို့ရှိရင် ရန်ကုန်၊ မန္တလေး ကျောင်းသားတွေက ပိုပြီး သာတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ကျနော်တို့က ဒီ Field ထဲမှာ ဖြတ်လာကြတာကိုး။

နယ်ကျောင်းသားတွေအနေနဲ့က ရန်ကုန်ကျောင်းသားတွေနဲ့ နိုင်ငံရေးပိုင်းမှာ အဟ ကွာနေတယ်။ ကွာတာလေးတွေ ရှိတယ်။ရန်ကုန်မှာ ဆယ်တန်းအောင်တဲ့ သူနဲ့ နယ်မှာ ၁၀ တန်းအောင်တဲ့ သူတွေ ကြားမှာကွာသလို နည်းနည်းလေး ကွာနိုင်တယ်ပေါ့နော်။

အဲဒီတော့ ကျနော်တို့က စစ်သင်တန်း ဆက်မတက်တော့ဘဲနဲ့ သပိတ်မှောက်လိုက်ကြတယ်။ နောက် ဘာတောင်းဆိုသလဲ ဆိုတော့ နောက်ထပ် election လုပ်ပေးဖို့ပေါ့ အဲဒါကို တောင်းဆိုကြတယ်။

ကျနော်တို့ အောက်ခြေကျောင်းသားရဲဘော်တွေ သိခဲ့ရတဲ့ အနေအထားက…။ အဲဒီအနေအထားက…ပြောရရင်တော့….ကိုမျိုးဝင်းက မဲမရဘူး။ ဒါပေမဲ့ ပါလာတယ်။ မဲမရဘူးဆိုတာက လုံးဝ မရဘူးလို့ ပြောတာမဟုတ်ဘူး။ လူကြိုက် မများဘူးလို့ ပြောတာ။

အဲဒီမှာ ကိုမျိုးဝင်းအကြောင်းကို ကျနော် ပြောချင်တယ်။ ကိုမျိုးဝင်းက မိုးညှင်းနတ်စလောရွာက။ အဲဒီတုန်းက သူ့ရွာမှာ အာအိုင်တီ ကျောင်းသားက ၂ယောက်ပဲ ရှိတယ်။ သူက သူ့ရွာမှာတော့ ပညာတတ်ပေါ့ဗျာ။ သူ့ရွာမှာတော့ သူက အာအိုင်တီကျောင်းသားလည်း ဖြစ်တော့တကယ့်ကြီးကြီးပေါ့။

သူက ကွန်မန်ဒို ဖွဲ့တဲ့အခါမှာ အဲဒီမှာသူက သူ့ရွာကနေ တောခိုလာတဲ့ ကျောင်းသားတွေနဲ့ ကွန်မန်ဒိုဖွဲ့ချသွားတယ်။
အဲဒီအခြေအနေကို တိုတိုပြောရရင်တော့ ဖွဲ့စည်းပုံမှာသူက အထွေထွေအတွင်းရေးမှူး ၁ အနေနဲ့ရသွားတယ်။ အဲဒီအချိန်မှာပဲ စစ်ရေးတာဝန်ခံ ကိုသံချောင်းက မျက်စိ ထိလာတယ် ရှေ့တန်းကနေ ထိလာတာ။

မျက်စိထိလာတော့ ဒု- စစ်ရေးတာဝန်ခံတယောက်ခန့်ဖို့ လိုလာတယ်။ ကိုမျိုးဝင်းကို ဒု-စစ်ရေးတာဝန်ခံအနေနဲ့ တင်ပေးလိုက်တယ်။

အဲဒီတော့ မအပရဲ့ ဖွဲ့စည်းပုံက အကုန်လုံး ကေအိုင်အေကို မှီးသွားခဲ့တာချည်းပဲ။ ကေအိုင်အေမှာ ဦးဘရန်စိုင်းက ဥက္ကဋ္ဌ၊ အဲဒီအချိန်မှာ ကေအိုင်အေမှာ ဒုဥက္ကဋ္ဌက ဗိုလ်ချုပ်ထော်မန် သူက စစ်ရေးတာဝန်ခံ CS။ ဒီမှာက ကိုသံချောင်းက စစ်ရေးတာဝန်ခံပေါ့ ကျနော် ပြောချင်တာက သူတို့က ကေအိုင်အေ အတိုင်းကို အကုန်လိုက်လုပ်တာ။

အဲဒီလို သွားတော့ သွားတဲ့ထဲမှာ အခြားဒေသတွေထက် ကျနော်တို့ရဲ့ မအပက တော်တော်လေး အောင်မြင်ခဲ့တယ်။ အောင်မြင်တယ်ဆိုတာက ရှေ့တန်းတွေမှာလည်း ကျနော်တို့ အောင်မြင်တယ်။ပြည်သူက ချစ်တယ်။ ပြည်သူလူထုက ကျောင်းသားတွေကို ချစ်တယ်။

အဲဒါက ကေအိုင်အေနဲ့ ပူးပေါင်းစစ်ဆင်ရေးတွေမှာ အောင်မြင်တယ်။ ပြည်သူလူထုရဲ့ ထောက်ခံမှု ရတယ်။

အဲဒီအချိန်မှာ ကျနော်တို့ရဲ့ မြောက်ပိုင်း ABSDF က အရမ်းတက်နေတဲ့အချိန် အောင်မြင်နေတဲ့အချိန် တောင်ပိုင်းနဲ့တောင် မတူပါဘူး။ အဲဒီမှာ သွားနေရင်းနဲ့ကျနော် တာဝန်ထမ်းဆောင်ခဲ့ရတာ ဘယ်မှာ ထမ်းဆောင်ခဲ့ရလဲ ဆိုတော့ ပရိုပဂန်ဒါ (Propagator)မှာထမ်းဆောင်ခဲ့ရတာ။ ကျနော်က သင်တန်းဆင်းပြီးတာနဲ့ ပရိုပဂန်ဒါ တမ်းရောက်တာ။ ကျနော်က အဲဒီတုန်းက အသားဖြူဖြူနဲ့ လူကောင်ကလည်းသေးတယ် အသက်လည်းငယ်။ ဂစ်တာလည်း တီးတယ်။ဟိုမှာ ရောက်ရောက်ချင်း ဂစ်တာ သွားတီးတော့ဟိုမှာ ဂစ်တာတီးမဲ့သူလည်း မရှိဘူးဗျာ။ အဲဒါနဲ့ ကျနော်က ပရိုပဂန်ဒါကို ရောက်ရောဗျာ။

အဲဒီမှာပြောစရာရှိတာက ကိုမျိုးဝင်းနဲ့ ကျနော် စစ်ဆင်ရေး ထွက်ဖူးတယ်။ကိစ္စရပ်လေး တခုကို ကျနော် ပြောပြချင်တယ်ဗျာ့။ အဲဒီမှာ ကျနော့် မသေရတဲ့ အကြောင်းရင်းလေး တခုရှိတယ်။ ကိုမျိုးဝင်း  ကျနော့်ကို မသတ်ရတဲ့ အကြောင်းရင်းလို့လည်း ပြောလို့ရတယ်။ ခုန ပြောခဲ့တဲ့ ကျနော်တို့ သင်တန်းတက်နေတာကို သပိတ်မှောက်လိုက်တယ်။

ကျနော်တို့ လုံးဝ သင်တန်းဆက်မတက်တော့ဘူး။ ကုန်းကလည်း ဒီဘက်က ကိုမျိုးဝင်းတို့ ဒီဘက်က သင်တန်းကုန်းပေါ့။အဲဒီတုန်းက ဒီဇင်ဘာလကြီးပေါ့။
ကော်မတီရုံးကလည်း ည ၆နာရီကျော်ရင် ကော်မတီရုံးကို မတက်နဲ့ ပစ်မိန့်ပေးတယ်ပေါ့ဗျာ။ ပစ်မိန့်ပေးထားတယ်။ ဘယ်သူမှလည်း မတက်ဘူး။ တက်တဲ့ သူကို ပစ်လို့ရတာကို။ အဲဒီအချိန်မှာ ကျနော်တို့ကလည်း ဘားတိုက်ထဲမှာ မျိုးဝင်းမကောင်းကြောင်းတွေ ပြောကြတယ်။ ဟာ အဲကောင် လူပါးဝတယ်ပေါ့။ ကိုမျိုးဝင်းကလည်း အဲဒီအချိန်မှာ သူ့တပ်ကို ပြန်ခေါ်ထားတယ်။ ကျနော်က အဲလို အခြေအနေကို မကြိုက်ဘူး။

ကျနော်က ဖြစ်ချင်တာက သင်တန်းထဲက လူတွေကလည်း ကျနော့်အကိုတွေပဲ။ ကိုအောင်ကျော်တို့ ကိုရန်ရှင်းတို့။ ကိုရဲ တို့…ဒါ ကျနော့်အကိုတွေပဲ။ ကိုမျိုးဝင်းလည်း သူလည်း ကျောင်းသားပဲ ကျနော့်ထက် အသက်ကြီးတယ်၊ သူလည်း အိုင်အာတီက ကျောင်းသားပဲ သူလည်းပဲ အကိုပဲပေါ့ ကျနော်အဲလို ခံစားတယ်။ စိတ်ထဲ အတူတူပဲလို့လည်း ခံစားမိတယ်ပေါ့။

အဲလို ခံစားမိတော့ ဒီလိုတွေ အဖွဲ့ခွဲတာ ကျနော် စိတ်ညစ်တယ်။ မြို့ပေါ်မှာ အဖွဲ့ခွဲတာတောင် ကျနော် တော်တာ် စိတ်ညစ်တယ်။ ခုဟာက တောထဲမှာ ဟိုပြီး စိတ်ညစ်တယ်။ အဲဒါကြောင့် ညကြီး ကော်မတီကုန်းကို ကျနော်က တယောက်တည်း တက်သွားတာ။ အဲဒီအချိန်မှာ ကော်မတီကုန်းမှာတာဝန်ကျတာက ဂွတိုနဲ့ ကိန်းမြင့် ဗျ၊ ကျနော်မှတ်မိတယ်။ အဲဒီအချိန်မှာ ဂွဖြစ်ရင်ဖြစ်မယ်၊ ကိန်းမြင့်ဖြစ်ရင် ဖြစ်မယ်။ ကျနော် က ည ၆နာရီတော့ ကျော်သွားပြီးသွားပြီဆိုတာမှတ်မိတယ်။

အဲဒီအချိန်မှာကော်မတီကုန်းတက်သွားတော့အဲဒီထဲက တယောက်က သေနပ်ကို ဗျောင်း ဗျောင်း ဆိုပြီး ချည်ထိုးပြီးတော့မှ ကျနော့်ကို ရပ်ဆိုပြီးတော့  စကားဝှက်လှမ်းမေးတယ်။
ကျနော်က စကားဝှက်မသိဘူး။ ဘယ်သူလဲ ဆိုတော့..ဘိုဘို လို့ ကျနော် ပြောလိုက်တယ်။ ကျနော်က တကယ်တော့သိပ်သတ္တိရှိလို့ တက်သွားတာ မဟုတ်ဘူး။ ကြော က်ကြော က်နဲ့ တက်သွားတာ။

ဘိုဘိုလို့ အကျယ်ကြီး အော်ပြောတယ်။ သုံးခွန်း လှမ်းမေးတယ်။ အဲဒီသုံးခွန်းစလုံး ကျနော် ဘိုဘိုလို့ပဲ အကျယ်ကြီး အော်ပြောတယ်။ ကျနော့်စိတ်ထဲမှာ ကြောက်တယ်။
သုံးခါမေးလို့မှ မရတော့ ပစ်လို့ရပြီကိုး။ ကျနော်ကလည်း တော်တော်ကြောက်နေပြီ။

အဲဒီအချိန်မှာ ကိုမျိုးဝင်းက “ဟေ့ကောင် ခဏနေဦး လွှတ်လိုက်“ လို့ ပြောတယ်။ အဲဒီအချိန်မှာ ကိုမျိုးဝင်းက မှတ်မှတ်ရရ မီးလှုံနေတာ။ အဲဒီရဲ့ အပြင်မှာ ဂွတိုတို့၊ ကိုကိန်းမြင့်တို့ ရှိတယ်။ ကျနော် ရောက်သွားတယ်။ သူက ဘာကိစ္စလဲ လို့မေးတယ်။

“အကို …အကိုလည်း ကျောင်းသားပဲ၊ဟိုမှာလည်း ကျနော့်အကို ကျောင်းသားတွေပဲ ဒါပေမဲ့ ဒီပုံဆန်ကြီးဖြစ်နေတာ““ အဲလို ပြောရင်းပြောရင်းနဲ့ ကျနော် ခံစားလာရပြီး ငိုချင်လာတာ၊ အဲဒါနဲ့ ကျနော် ငိုရင်းနဲ့ သူ့ကို ပြောတယ်။

ညီတယောက်က အကိုတစ်ယောက်ကို ပြောတဲ့ ပုံဆန်ပါပဲ၊ အဲဒီလို ပုံဆန်နဲ့ ကျနော်သူ့ကို ငိုပြီး ပြောတယ်။

“ကျနော် အဲလို မဖြစ်ချင်ဘူး…ကျနော်တို့ ဒီမှာလာတာ စုစုစည်းစည်းနဲ့ သွားချင်တယ်…အဲလိုဖြစ်နေတာ မကောင်းဘူး၊ မှန်ခြင်းမှားခြင်းကိုလည်း ကျနော် မဆိုလိုချင်ဘူး…“လို့ ငိုရင်းနဲ့ ပြောတယ်။

မျိုးဝင်းက အဲဒီမှာ တော်တော်လေး..ဘယ်လိုပြောမလဲ ပြီးတော့ ကျနော့်ကို ချွေးသိပ်ပြီး ပြန်လွှတ်လိုက်တယ်။ အဲဒီကိစ္စကို ကျနော့်ကို အမှတ်ပေးခဲ့တယ်၊ နောက်ပိုင်း စစ်ကြောရေးမှာ ကျနော့်ကို အဲဒါပြန်ပြောတယ်။

ပြီးတော့ ကျနော်ကလည်း သင်တန်းမှာ ဒီကိစ္စကို ပြန်ပြောတယ်။ သူလည်း ကျောင်းသား၊  ကိုယ်လည်းကျောင်းသားဖြစ်နေတယ် ၊ မှန်ခြင်း မှားခြင်းထက် ခုလိုမျိုး ကွဲနေတာမျိုးတွေ မဖြစ်သင့်ဘူးဆိုတာမျိုး ပြောခဲ့တယ်။

အပိုင်း(၆)

နောက်တခု ကျနော်ပြောချင်တာက စစ်ဆင်ရေး ထွက်တဲ့ အကြောင်းပေါ့နော်။ စစ်ဆင်ရေးထွက်မယ်ဆိုရင် ကျနော်တို့ကတော့ Fighter အနေနဲ့ မထွက်ရဘူး။ ကျနော်တို့သွားမယ်ဆိုရင် ရှေ့မှာ တပ်ခွဲတစ်ခွဲ အရင်သွားရတယ်။ ကျနော်တို့က ရွာတွေဝင် ရောက်တဲ့ ရွာ တိုင်စိုက်အလံထောင် ပြီးရင် သီချင်းဆို အဲဒီပုံစံနဲ့ ကျနော်တို့ သွားလေ့ရှိတယ်။

အဲလို သွားနေရင်းနဲ့ ကျနော်နဲ့ အတူတူ ထွက်ခဲ့တဲ့ စမ်းချောင်းအကသက ကိုဝဏကျော်က တိုက်ပွဲကျသွားတယ်။ သူတိုက်ပွဲ ကျသွားတော့ ကျနော်လည်း တော်တော်လေး ခံစားရတယ်။ ရှေ့တန်းထွက်ဖို့အတွက် တောင်းဆိုတယ်ပေါ့နော်၊ အဲဒီတပွဲမှာတော့ သူက ကျနော်တို့ကို ပေးလိုက်တယ်။

အဲဒီမှာ တခု ကွာတာက ဘာကွာလဲဆိုတော့ ကျနော်တို့ နောက်တန်းမှာတော့ အိုကေတယ်နော်။ ရှေ့တန်းထွက်လို့ရှိရင် ရန်ကုန်-မန္တလေးက ကောင်တွေက သူတို့လောက် မထွက်နိုင်ဘူး။ သူတို့က အကြမ်းသွားနိုင်တယ်။ ကျနော်တို့ ရန်ကုန်xမန္တလေးက ကောင်တွေက အပြောပဲ ရှိတာ သူတို့ကို မီကို မမီဘူး။ တကယ်ကို ခွေခေါက်နေတာပဲ။

ကိုင်းတောကြီး မီးရှို့ထားတဲ့ အလယ်ကနေ ဖြတ်ရတာတို့ မှာ နေကပူ၊ ဘေးက ပူနဲ့ ကျနော်တို့က လမ်းကို မလျှောက်နိုင်တော့တာ။ တကယ်ပဲ ဘယ်လိုကို မရတာ၊ ပြီးတော့ ခါးထက်နည်းနည်းလောက်ပဲ မြင့်တဲ့ တောင်ကဗျက်တောင် ကျနော်က မတက်နိုင်ဘူး။ ကျနော်က ကိုမျိုးဝင်း runner အနေနဲ့ လိုက်သွားတယ်။ ကိုမျိုးဝင်းရဲ့ ကိုယ်ရံတော် တပ်စိတ်ရှိတယ်။ ကိုတောက်ပြောင်တို့ ဦးလှရွှေတို့။ သူဆိုလို့ရှိရင် ကိုမျိုးဝင်းတို့ ရွာကပဲ၊ သူဆိုရင် ကျနော်ရဲ့ ကာဘိုင်ရော၊ ပစ္စည်းတွေရော အကုန်အားလုံး ယူသယ်ပေးတာ။ ကျနော်က လူချည်လျှောက်တာကို မလျှောက်နိုင်ဘူး ဖြစ်နေတာ။ သူတို့က အကုန်လုံး သယ်ပြီး လျှောက်ပေးကြတာ။

အဲတော့ စစ်ဆင်ရေးမပြီးဘူး ကျနော် ၃ လနဲ့ ပြန်လာရတယ်။ ဘာဖြစ်လို့လည်း ဆိုတော့သွားကိုက်လို့။ ကျနော် ဆင်သား စားတဲ့နေရာမှာဗျာ သွားကိုက်ပြီးတော့ ထမင်း မစားနိုင်တော့ဘူး။ ရှေ့တန်းလည်းရောက်နေတယ် ထမင်းလည်း မ၀င်တော့ပိုဆိုးတာပေါ့။ အဲတော့ ၃ လနဲ့ ကျနော်ပြန်ရောက်လာတယ်။ ပြန်ရောက်လာပြီးတော့ သီချင်းပဲ ဆိုနေရတာပေါ့ဗျာ။ ကျနော်က ဂစ်တာတီးလိုက်၊ သီချင်းဆိုလိုက်နဲ့ ဒီအလုပ်တခုပဲ လုပ်နိုင်တယ်။

အဲဒီလို အခြေအနေကနေ ကျနော်တို့ကို ထောက်လှမ်းရေး ဆိုပြီးတော့ စပြီး စွပ်စွဲပြီး ဖမ်းတာက သြဂုတ်မှာစဖမ်းတာ။ခုနှစ်ကတော့ သေချာ မသိတော့ဘူး  ခုနှစ် သြဂုတ်လလောက် ထင်တယ်။

ဘယ်ကနေစဖြစ်တာလဲ ဆိုတော့ ကိုသံချောင်းက တိုက်ပွဲမှာ လက်သွားထိတယ်။ ဗန်းမော် တိုက်ပွဲမှာ အဲဒီ စစ်ဆင်ရေးမှာ ကျနော်ပါတယ်။ ၁၇ မိုင်နားမှာဖြစ်တော့ ကိုသံချောင်းလက်ထိသွားတယ်။ ညာဘက်လက်လား မသိဘူးဗျ။ အဲဒီမှာ သွားထိခဲ့တယ်။

အဲဒီမှာ ကျနော် နည်းနည်းစဉ်းစားရင်း ရောနေတာ ရှိတယ်။ အဲဒီ တိုက်ပွဲမတိုင်ခင်မှာ ကိုမျိုးဝင်းက စစ်ရေးတာဝန်ခံဖြစ်တာလား၊ ဒီတိုက်ပွဲပြီးမှ ဖြစ်တာလား ကျနော် ရောနေတယ်။ ဒါပေမဲ့ သေချာတာကတော့ ကိုမျိုးဝင်းက စစ်ရေးတာဝန်ခံဖြစ်ခဲ့တယ်။ ပြီးတော့ ထောက်လှမ်းရေး တာဝန်ခံကလည်း ရှေ့တန်းမှာ ကျသွားတယ်။ထောက်လှမ်းရေး တာဝန်ခံ ကိုဖေက မိုးညှင်းဘက်မှာ တိုက်ပွဲ ကျတာ။

အဲဒီမှာ ထောက်လှမ်းရေး section ကို ကိုမျိုးဝင်းက တိုက်ရိုက်ကိုင်တာ။ပြီးတော့ကိုမျိုးဝင်းက အဲဒီမှာ ကွန်မန်ဒိုဖွဲ့တယ်။ သူ့လူတွေနဲ့ချည်းပဲ ဖွဲ့ချသွားခဲ့တာ။ ကိုမန်ဒိုနဲ့ ရိုးရိုး တပ်ရင်းနဲ့က ဘာကွာလဲ ဆိုတော့ ရိုးရိုးတပ်ရင်းအနေနဲ့ ပြန်ဝင်လာပြီ ဆိုရင် လက်နက်အပ်ရတယ်။ ကေအိုင်အေမှာလည်း အဲဒီပုံအတိုင်းပဲ။ကွန်မန်ဒိုက ၂၄ နာရီ အမြဲ သေနပ်နဲ့ အတူ ရှိနေလို့ရတယ်။ ကေအိုင်အေမှာ ကွန်မန်ဒို ကုန်းက သီးသန့်ရှိတယ်။ ကျနော်တို့ ကျောင်းသားတပ်မှာတော့ ကွန်မန်ဒို ကုန်းက သီးသန့်မရှိဘူး။ အကုန်ရောနေတာပေါ့ဗျာ၊ ဒါပေမဲ့ များသောအားဖြင့် ကွန်မန်ဒိုက ရှေ့မှာပဲ နေနေရတာများတယ်။ ဗဟိုတက်တယ်ဆိုရင် ခဏပဲ၊ ပြီးတာနဲ့ ရှေ့တန်းပြန်ထွက် အဲလိုပဲ ရှိတာကိုး။

အဲတော့ကိုမျိုးဝင်းက ကွန်မန်ဒိုကိုင်တယ်၊ ကွန်မန်ဒို ဖွဲ့တဲ့အခါမှာလည်း လုံးဝ သူ့စိတ်တိုင်းကျ သူ့ရွာထဲက လူတွေနဲ့ချည်း ဖွဲ့ချသွားတယ်။ သူက အဲဒီတုန်းက ဒု- စစ်ရေးတာဝန်ခံဖြစ်နေတော့ လုပ်လို့ရတာပေါ့။ တပ်ရင်းတွေမှာကြတော့ ကိုင်ရတဲ့ သေနပ်တွေက မီးကျိုးမောင်းပျက်တွေပဲ များတယ်။ ကွန်မန်ဒိုမှာတော့ တကယ့်အကောင်းတွေ ပေးထားတာ။ ထားပါတော့နော်၊ အဲဒါတွေကို သိပ်တော့ မပြောချင်ဘူး။

အဲဒီမှာ ကျနော်တို့ကို ထောက်လှမ်းရေးကို စပြီးစွပ်စွဲပြီး ဖမ်းခံရတာက…သြဂုတ်မှာ၊ ၁၉၉၁စပြီး ဖမ်းတာက ကိုစိုးမင်းအောင်ကို စဖမ်းတာ။ ကိုစိုးမင်းအောင်က ကိုရဲ..ရဲ့ ရန်လ်ဒါ။ နောက်တော့ … ထွက်ပြေးသွားတယ်လေ။(ထလရလို့ စွပ်စွဲ ဖမ်းဆီးတာတွေ ဗျူဟာ၂ ဗန်းမော်ခရိုင်မှာ ၆ ရက် သြဂုတ်လ ၁၉၉၁ မှာ စတင်ခဲ့တာ ။ ပါဂျောင်မှာ က စိုးမင်းအောင်ရဲ့ ထွက်ချက်တွေကနေ ဆွဲယူလာပြီး ၉ သို့မဟုတ် ၁ဝ ရက် သြဂုတ်လ ၁၉၉၁ ခုနှစ်မှာ စဖမ်းတာ - မနန်းအောင်ထွေးကြည်)

အဲဒီမှာ ကိုမျိုးဝင်းတို့အဖွဲ့က ကိုစိုးမင်းအောင်ရဲ့ ထွက်ချက်တွေကိုယူသွားတာ။ အဲဒီတုန်းက ကျနော်တို့က ပွဲလုပ်နေတဲ့ အချိန်ဗျ။ ကိုစိုးမင်းအောင်ကို ဖမ်းတာကိုသိတယ်။ စစ်နေတာကိုလည် သိတယ်။ ဒါပေမဲ ကျနော်တို့ ဆီမှာ စစ်တာမဟုတ်ဘူး။ ကိုစိုးမင်းအောင်ကို ထောက်လှမ်းရေး ဆိုပြီးစဖမ်းတော့ ဟာ…ဒါ ကျောင်းသားတယောက်ပဲ ဖြစ်တယ်၊ ခုလိုမျိုး မလုပ်သင့်ဘူးဆိုတဲ့ အတွေး ကျနော့်မှာ လုံးဝ မရှိဘူး။ တကယ်ကို မရှိတာ။ ဖမ်းတယ် စစ်တယ် အဲလောက်ပဲ သဘောထားတယ်။ကိုယ့် Section ကလည်း မဟုတ်ဘူး။

 ပြီးတော့မှ အဲဒီ ကိုစိုးလင်းအောင် ဆီကနေ list တွေ တက်လာတာ။ အဲဒီ List မှာ ကျနော်တို့ နာမည်တွေ ပါတယ်ဆိုတော့ ကျနော်တို့က ရီနေကြတာ။ အဲဒီမှာ list တက်လာပြီးတော့ မချို တို့ကို စဖမ်းတယ်။ မချိုကို ဖမ်းပြီလို့ ကြားတော့ ကျနော်က တော်တော်ကို ပြာတောက်သွားတာ။

ဘာလို့ လဲဆိုပြီး တော်တော်လေးကို စိတ်မကောင်းလည်း ဖြစ်သွားတယ်။ ပြာလည်း ပြာသွားတယ်။နောက် မငယ်တို့လည်း ပါတယ်ကြားတော့ ပိုဆိုးသွားတယ်။ မငယ်နဲ့ ကျနော်တို့က Section တခုတည်း propagator မှာ တူတူပဲ အလုပ်လုပ်နေကြတာ။

မချိုနဲ့က ကျနော်နဲ့ တော်တော်ရင်းနှီးတယ်၊ သူက ကျနော့်ကို အမြဲ မုန့်ဖိုးပေးတယ်။ တကယ်တော့ သူတို့နဲ့က ကျနော်က မောင်နှမရင်းတွေလို ဖြစ်နေတာဗျ။ ကျနော်က ရေချိုးရမှာ ပျင်းတယ်။ ရာသီဥတုကလည်း အေးတော့ ရေမချိုးဘူး။ သူက ကျနော်ရေချိုးချင်အောင် မုန့်ဖိုးပေးတယ်။

ဟဲ့ အမဆီက မုန့်ဖိုးယူ ပြီးရင်ရေချိုး ဆိုပြီး ကျနော် ရေချိုးအောင် လုပ်ပေးတယ်။ပြီးတော့ ဒယ်ပိုင်းလေးထဲမှာ ရေနွေးတယ်ပြီး ရေးချိုးဖို့ ရေနွေးပေးတယ်။

ကျနော်က အဲဒီလိုနဲ့ သူ့ဆီကနေ မုန့်ဖိုးယူ၊ ရေနွေးလည်းယူပြီး ရေးချိုးတယ်လေ။ ကျနော့်စိတ်ထဲမှာလည်း သူတို့က ကျနော့်အမတွေလိုပဲ မှတ်တယ်။ ခံစားရတယ်။ ဟိုမှာ တကယ့်အမလိုပဲ ဖြစ်နေတာကို။သူတို့ကလည်း ကျနော့်ကို မောင်ငယ်တယောက်လိုပဲ ဆက်ဆံခဲ့ကြတယ်။

အဲလိုနေတော့ မချိုကို ဖမ်းပြီဆိုတော့ ကျနော် ရှော့်ရသွားတယ်။ စိတ်ထိခိုက်သွာတာဗျ။ နောက် ...စစ်ကြောရေး စစ်တဲ့အဖွဲ့ထဲမှာ ကျနော်ပါတယ်။

ရှေ့ဆက်ဖော်ပြပါမည်။

မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။

မေသင်္ကြန်ဟိန်(မြစ်မခ)


Like · · Share

  • Ko MoeJee ဘေးနားလာထိုင်ပြီးပြောပြနေသလိုပါပဲဗျာ။ တပိုင်းထက်တပိုင်း ပိုအသက်ဝင်လာတယ်။ သမိုင်းတွေသိခွင့်ရလို့ ကိုဘိုဘို နဲ့ မမေ ကျေးဇူးပါ။
  • Kyawnaing Oo ဟေ့ စိုး မင်း အောင် က ရင်း မှု သိုက် ထွန်း ဦး runner ပြေး တော့ ကို သိုက် နာရီ တောင် ယူ သွား သေး တယ်
  • Ko MoeJee ရန်လ်ဒါ ဆိုတာ စဉ်းစားနေတာ၊ ကိုကြောင်ရေးပြမှ runner လို့သိရတယ်။
  • U Soe Myint ကျေးဇူးပါ။ ကိုယ်တိုင်တွေ့ကြုံနေသလိုမျိုးခံစားရတယ်၊ စာအရေးအသား အရမ်းကောင်းတယ်။ ဆက်လက်မြန်ုမြန် ရေးသားပေးပါ။
  • Nang Aung Htwe Kyi ဘိုဘိုရေ .. စိုးမင်းအောင်က သိုက်ထွန်းဦး နားနေရတာ .. ကိုရဲ မဟုတ်ဘူး။ အမှတ် စဉ် ၅ က KIA သင်တန်းမပေးဘူး။ ဆရာမင်းဌေး ။ဆရာပေါက်ကွေး။ ယောရှု့ ကိုလတ် သောကြာ စောစိုးစိုး ဇော်ကြီး ။ လှဆိုင်း ( ယခု absdf-nb) စသဖြင့်လေ .. ။ ဝါဒဖြန့်ချီရေးအဖွဲ့ က စောမြအောင်နဲ့ မငယ် နဲ့ အမှတ်စဉ် ၃ သင်တန်း အတူ ဆင်းပြီးပြီးခြင်း မှာ မျိုးဝင်း ကခေါ်ပြီး မင်းတို့ နှစ်ယောက် တိုင်ပင် လုပ်ကြဆိုပြီး ဖွဲ့ ပေးလိုက်တာ ။ ဂျွန်လ ၁၉၈၉ ခုနှစ်မှာ ။ုKIA စစ်ရေးတာဝန်ခံ က ဗိုလ်ချုပ်ဇော်မိုင် ပါ။
  • K Ki Ki စ ဖမ်းပြီ ဆိုတော့ ဇာတ်ရှိန် တဖြေးဖြေးတက်လာပြီ...မျက်စိထဲ ကွင်းကွင်းကွက်ကွက် မြင်လာပြီ...စကားလုံးတွေအားလုံး ပြောသမျှ လိုက်ရေးပေးနိုင်တာ ချီးကျူးမိပါတယ် ..ဇာတ်လမ်း အထွဋ်အထိပ်ရောက်လာရင်တော့ မျက်ရည်ကျမိမလားပဲ.. စောင့်မျှော်လျှက်ပါ။
  • Khine Khine Saw Lwin ကြာတော့လဲ မေ့နေတာဖြစ်မယ်။ သိတဲ့လူတွေက ပြင်ပေးကြပါ။ အမတောင် ကြားဖူးထားတာတင် တချို့လွဲနေတာ သိတယ်။ ဥပမာ စိုးမင်းအောင်ဆိုတာ ကိုသိုက်ရဲ့ ရဲဘော်ဆိုတာ အဲဒါတွေ ဖတ်နေရင်းသိတယ်။ အခု ကိုရဲ ဆိုတော့ မှားေုပြာဘီဆိုတာ သိတယ်။ ဘိုဘိုလဲ မေ့မှာပေါ့လေ။ ဖြတ်ခဲ့ရတဲ့လမ်းက ကြမ်းလှတယ်။
  • Nang Aung Htwe Kyi မိဘိုရေ .. ၁၉၈၈ ခုနှစ် ခန့်မှန်းခြေ အောက်တိုဘာလ ထင်တယ် ABSDF-KS ဖွဲ့ခဲ့တယ်။ABSDF-KS မှာ ဥက္ကဌ ကျော်ကျော်။ ဒုဥက္ကဌ နဲ့ စစ်ရေးတာဝန်ခံ သံချောင်း ။ အထွေထွေအတွင်းရေးမှုး မျိုးဝင်း။ ဦးစီးမှုး လွှမ်းမိုး ( ကျောင်းသား တပ်စစ်ရေး လေ့ကျင့်ကွင်း တပ်အလည် မှာ မိမိတို့ အားလုံးကို သတိအနေအထားဆွဲထား ခိုင်းပြီး ၁၉၉ဝ ဧပြီ ခန့်မှာ သံချောင်းမှ ပစ်သတ်ခြင်းခံခဲ့ရသူ)။ ဦးစီး နေဒွန်း ။ ဦးစီးလှဌေး ။ တို့ဖြစ်တယ်။ အမှတ်စဉ် ၅ တပ်တွင်းအရေးအခင်းက ABSDF KS ကနေ ABSDF 701 တပ်ရင်း ပြောင်းလဲနေ ချိန်ဖြစ်တယ် ။ ကြားထဲမှာ လွှမ်းမိုး အသတ်ခံရတဲ့ အမှု့ ။ ထွန်းနွယ်အောင် အမှု့ တွေဖြစ်တယ် ။ ABSDF NB ဖွဲ့ဘို့တွေ လုပ်နေတယ် ။ ရှုပ်ရှက်ခပ်နေရော ။ ABSDF-KS ဖွဲ့တာ ပြန်မေးရဦးမယ် ။ ၅ ဦးကော်မတီမှာပါခဲ့တဲ့သူကို ။
  • Nang Aung Htwe Kyi ၁၉၉ဝ ဂျွန် လမှာ ABSDF -NB အဖြစ်တရားဝင် ပြောင်းလဲ ဖွဲ့စည်းခဲ့တယ် ။ ဥက္ကဌ ထွန်းအောင်ကျော်။ ဒုဥက္ကဌ နဲ့ စစ်ရေးတာဝန်ခံ သံချောင်း ။ အထွေ ထွေအတွင်းရေးမှုး ...See More
  • Thomas Weggin Field ပါဂျောင်ကလွတ်မြောက်လာသူ၅၅ဦးအကြောင်းဆက်မရေးကြသေးဘူးလားခင်ဗျ...ကျွန်တော်အရမ်းစိတ်ဝင်စားလို့ ပါ
  • Nang Aung Htwe Kyi စိုးမင်းအောင် သေပြီလေ .။ သေတဲ့အထိ လုပ်ကြတာ နှိပ်စက်ကြတာ ကျောင်းသား ၁၄ ဦး သေတယ်။ စုစုပေါင်း ၁၈ ဦး ခုတ်သတ်ခံရတယ် ။
  • May Thingyan Hein မနန်းရေ...ကျမ မနန်းဆီကို message ပို့လို့မရဘူး။ ဖြစ်နေတယ်။
  • Ko Lin Wai Aung ကော်မရှင်မှာ ကိုထွန်းအောင်ကျော်...ကိုစိုးလင်းမပါဘူး...အပတ်စဉ်၅ က KIA TRAINING မဟုတ်ဘူး...ကျောင်းသားသင်တန်းဆရာတွေ သင်တန်းပေးတာ...
  • Kyi Zin ဒီဆောင်းပါး(၃) မှာတော့ ကျောင်းသားတပ်ရဲ့ ဖွဲ့စည်းမှု အထားအသို၊ စစ်ဆင်ရေးရဲ့ အတွေ့အကြုံ တစိတ်တပိုင်းကိုသိရှိလေ့လာရပါတယ်။ ကိုဘိုဘိုရဲ့ သူငယ်ချင်း မိတ်ဆွေ အသိုင်းအဝိုင်းအပေါ်ထားတဲ့ စိတ်နေကိုလည်း အထူးပြုသိမြင်ရပါတယ်။ ကိုရဲလွင် ရေးသားသီဆိုခဲ့တဲ့ "လူအများနဲ့လား၊ လူနဲနဲလား၊ တယောက်ထဲပဲလား၊ တစိတ်ထဲပဲထား၊ အတူတူသွားကြမလား" ဆိုတဲ့ တစိတ်ထဲလား သီချင်းကို အမှတ်ယစေပါတယ်။ comment များကလဲ ဒီလို ခံစားချက်ကိုပေးနေတယ်လို့ ထင်မြင်ရပါတယ်။ ဆက်လက်စောင့်မျှော်နေပါ့မယ်။
  • ဘရာဇီး ငှက်ရိုး ကိုစိုးမင်းအောင်က ကိုရဲ..ရဲ့ ရန်လ်ဒါ။မဟုတ်ပါ... ကိုသိုက်ထွန်းဦးရဲဘော်ပါ... ခွင့်ပြုချက်ရရင် ကိုသိုက်ထွန်းဦးရဲ့စာကို တင်ပေးပါမယ်...
  • Thiha Kyaw Don't worry.I agree.Just I need to fix Ko Ye part.Yes,Soe Min Aung was a runner who had to wash my (Thike Tun Oo) clothes,my socks and even underwears,Ma Nge(NAHK) know about this most.I agree to what she said.Thank you.
  • Thiha Kyaw What you wrote is really appreciated Bo Bo.You wrote the real facts and thing you felt and you did.So,good to read your article.You are honest.Go on.
  • Thiha Kyaw And think before talk to recall most and best.
  • Thiha Kyaw I said to Bo Bo.
  • Nyunt Shwe ကောင်းတယ်၊ ကိုယ်တွေ့သမားတွေ များများရေးကြပါ။
  • De Mo ABSDF -ကျောင်းသားရဲဘော်ဟောင်း ဘိုဘိုရဲ့ မြောက်ပိုင်း ခရီး(၁+၂+၃) မှာ အပိုင်း (၄) ပဲရှိပါသေးတယ် ဒီမှာ အပိုင်း(၆) ကစထားတယ်ဗျ အပိုင်း(၅) မတွေ့သေးပါဘူးခင်ဗျာ ဆက်ရေးပေးပါဦး
  • May Thingyan Hein အကိုရေ... အပိုင်း(၆)က အပိုင်း (၅)ပါ၊ ကျမ ပြင်လိုက်ပါမယ်၊ တောင်းပန်ပါတယ်။
  • Thet Naing ရုပ်ရှင်တစ်ခု ကို ကြည့်နေရသလိုပါပဲ ၊ ကျေးဇူးတင်ပါတယ် အစ်မရေ။
  • May Thazinmyo သမိုင်းအစစ်မှန်ကိုသာလျှင်....ထိထိရောက်ရောက် တင်ပြပေးပါ...မေသကြ`်ာန်ဟိန်းဆိုတာ...(၁၀)သိန်းစားလို့ ပြောနေကြတာ..ဖတ်ရမှတ်ရ နဲ့ ..မှတ်စုစာအုပ်ထဲမှာတောင်ပြည့်နေပါပြီ(ပါဂျောင် လူသတ်ပွဲ)တွေ..အစစ်အမှန်ဖေါ်ထုတ်ပြစေချင်ပါတယ်
  • Ko Maung Maung အားလုံးပြီးရင် ပေါင်းပြီးတော့ pdf ကလေးနဲ့ link ပေးနိုင်ဖို့တောင်းဆိုပါရစေ
  • Thet Kl Lwin ကျွန်မတို့ပြည်သူ ပြည်သားများဟာ ကိုယ့်နိုင်ငံကို ပြန်ကြည့်လိုက်တဲ့အခါ ကျလို့ရှိရင် ဘယ်လိုပိုပြီးတော့ အဆင်ပြေအောင်၊ ဘယ်လိုပိုပြီးတော့ ရင်ကြားစေ့မှုတွေ ဖြစ်ပေါ်လာအောင် လုပ်ပေးနိုင်မလဲဆိုတာကို အဓိက စဉ်းစားကြပါ။ ဘယ်လို တို့မီး၊ ရှို့မီးတွေ လုပ်မလဲဆိုတာကို မစဉ်းစားကြပါနဲ့လို့ ကျွန်မမေတ္တာရပ်ခံပါတယ်"(ဒေါ်အောင်ဆန်းစုကြည် နယူးယောက်တွင် ပြောကြာခဲ့သော စကားများမှ ကောက်နုတ်ချက်)
     
    May Thingyan Hein  ဖေ့စ်ဘွတ်မှကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment