ABSDF -ကျောင်းသားရဲဘော်-ဗဟိုကော်မတီဝင်ဟောင်း ရဲလင်းရဲ့ မြောက်ပိုင်း ခရီး
မေသင်္ကြန်ဟိန်(မြစ်မခ)
အောက်တိုဘာ
၁၃၊ ရန်ကုန်မြို့။
(အဖွင့်)
အသားဖြူဖြူ၊
ကိုယ်ဟန် ပိန်ပိန်ပါးပါး နဲ့ စကားပြောရင် ပြုံးပြီး ရယ်မောပြီး ပြောတတ်တဲ့ ကိုရဲလင်းက
ခင်မင်ဖွယ်ကောင်းသူ တယောက်ပါ။
စိတ်ထားကောင်းသူတွေမှာတွေ့ရတတ်တဲ့
မျက်လုံးနဲ့ မျက်နှာ ကြည်လင်မှုမျိုးရှိပါတယ်။ စကားကိုလည်း လေးလေးနက်နက်နဲ့ တလုံးချင်း
ပြောပါတယ်။
တောင်ဒဂုံ၊
တောင်မြောက်လမ်းဆုံနားက အောင်ဇေယျ အိမ်ရာမှာ အထက်တန်းပြ ကျောင်းဆရာမ ဇနီးသည်နဲ့ ၄ နှစ်အရွယ်
သားလေးတို့နဲ့ အတူ နေထိုင်ပါတယ်။အနေအထိုင် ရိုးရှင်းတယ်လို့ ပြောလို့ရသလို စကားပြောရာမှာ
လည်း ရိုးရိုး ရှင်းရှင်းပဲ ပြောတတ်ပုံရတယ်။
အခြား ကျောင်းသားရဲဘော်တွေဆီကနေ
မကြားခဲ့ရတဲ့ အချစ်ဇာတ်လမ်းနဲ့ သစ္စာ တရားကိုလည်း ကိုရဲလင်း ဆီကနေ စိတ်ဝင်စားဖွယ် ကြားခဲ့ရပါတယ်။
(၁)
ကျနော်က သုဝဏ
သား။
နာမည်ရင်းက
ရဲလင်း၊ နိုင်ငံရေး လောကထဲရောက်မှ ကိုရဲလို့ဖြစ်သွားတာ။
ဝန်ထမ်း မိသားစုဘ၀ကတည်း
ကြီးပြင်းလာတာဖြစ်တဲ့အတွက် အစစအရာရာ ချို့ချို့တဲ့တဲ့နဲ့ ဖြတ်သန်းခဲ့ရတာပါပဲ။ မောင်နှမကတော့
ဆယ်ယောက်ပေါ့။
ကိုးတန်း
ဆယ်တန်းရောက်လာတော့ စာတွေ ဘာတွေ ဖတ်လာတာပေါ့ ငြိမ်းကျော်တို့ မောင်စိန်ဝင်း ပုတီးကုန်းတို့
တက္ကသိုလ်ဘုန်းနိုင်တို့၊ စစ်ဝတ္ထုတွေဆိုရင်တော့ တင်သန်းဦးတို့ပေါ့။ နောက် ဘာသာပြန်ကောင်းကောင်းလေးတွေ
ရှာဖတ်တယ်။
ဆယ်တန်းကို
၂ နှစ်ဖြေပြီးတော့ အောင်တယ်။ ၁၉၈၅-၈၆ မှာ ပထမနှစ်သင်္ချာကို ဗိုလ်တထောင်နယ်မြေမှာ တက်တယ်။
အဲဒီတုန်းက အာစီ 1 ခေါ်တယ်။ အာစီတူးက လှိုင်ပေါ့နော်။
ကျောင်းတက်တဲ့အချိန်မှာပဲ
ကျနော်က အလုပ်လုပ်ရတယ်။ ကြေးမုံသတင်းစာတိုက်မှာ ညဘက်အလုပ်လုပ်ပြီးတော့နေ့ဘက်ကို ကျောင်းတက်ရတာ။ အဲလို ကျောင်းတက်ရင်း အလုပ်လုပ်နေတော့ အဖေက မင်း
ပင်ပန်းလိုက်တာကွာဆိုပြီးတော့ အလုပ်ပြောင်းတော့ ဘဏ်တွင်း စာရင်း စစ်ဋ္ဌာနကို ရောက်သွားတယ်။
ဘဏ်တွင်း
စာရင်း စစ်ဋ္ဌာနမှာ အငယ်တန်း စာရေးဝင်လုပ်တယ်။ ဒုတိယနှစ်အတန်းကို ဗိုလ်တထောင်မှာပဲ လုပ်သားများကောလိပ်ဆိုတာ
ရှိတယ်၊ အဲဒီမှာ ကျနော် ဒုတိယနှစ်တက်တယ်။ အဲဒါက ၈၆-၈၇ လောက်ဖြစ်သွားပြီပေါ့။
သာမာန်လူငယ်အနေနဲ့
ဘ၀ကိုဖြတ်သန်းတာပဲ နိုင်ငံရေးဆိုတာကိုလည်း ထဲထဲဝင်ဝင် မသိပါဘူး။ ဒါပေမဲ့ အဖေ့ဆီမှာ
စွယ်စုံကျမ်းတွေက အတွဲလိုက်အစုံရှိတယ်။ စာအုပ်အထူကြီးတွေပဲ သိကြမှာပါ။ အဲဒီစာအုပ်က
ဗဟုသုတအရမ်း စုံတယ်။ ကမ္ဘာ့နိုင်ငံရေး။ မြန်မာ့နိုင်ငံရေး အစုံပါပဲ။ အဲဒါတွေ ဖတ်ခဲ့ရတော့
နိုင်ငံရေးကို သိမြင်တာမဟုတ်ပေမဲ့ အစိမ်းဖူးပေါ့။
အဲလိုနဲ့
လုပ်သားကောလိပ်တက်နေရင်းနဲ့ ရည်စားလည်းရပြီ မှတ်မှတ်ရရကတော့ ၁၉၈၇ လောက်မှာ ငွေစက္ကူသိမ်းတယ်။
အဲဒီမှာ ကျနော့်အတွက်
ပြဿနာစတက်တာပဲ။ ပြောရရင် မှတ်မှတ်ရရလည်း ဖြစ်တယ်၊ ရယ်ဖို့လည်း ကောင်းတယ်ပေါ့လေ။ငွေစက္ကူသိမ်းတဲ့
နေ့က ကျနော်က အိမ်မှာ အိပ်နေတာ၊ ငွေ ၂၅ကျပ်တန် လေးကိုင်ပြီး နေ့လည်ပိုင်းမှာ ကောင်မလေး(ရည်းစား)နဲ့
ချိန်းထားတယ်ပေါ့၊ ငွေ ၂၅ ကျပ်လောက် ရှိတော့ ကောင်းကောင်းသွားလည်မယ်ဆိုပြီး အိမ်မှာအိပ်နေတာ
တရေးနိုးရင်ပေါ့။
အဲဒီမှာ တရေးလည်း
နိုးရော အိမ်က အမကပြောရော ၇၅ ကျပ်တန်၊ ၃၅ ကျပ်တန်နဲ့ ၂၅ ကျပ်တန်တွေ သိမ်းလိုက်ပြီလို့
ကြေငြာသွားတယ်တဲ့။…ဟာ …သွားပါပြီ။
ငါ ဘယ်လိုလုပ်ရတော့မလဲ
ပေါ့လေ။ ဒီ အစိတ်တန် တရွက်နဲ့သွားလည်မယ်လို့စဉ်းစားထားတာ ဒုက္ခတော့ ရောက်ပြီပေါ့။ အဲဒီမှာ
ငွေအကြွေနဲ့ပဲ သွားရတော့တယ်ပေါ့ဗျာ။ ငွေစက္ကူသိမ်းတော့ အဲလိုကျနော်လည်း ဒုက္ခရောက်ခဲ့တာပေါ့။…ဒါမှတ်မှတ်ရရ
ပေါ့နော်။
အဲဒါတခုပေါ့
ကျောင်းသားတွေကတော့ စာမေးပွဲဖြေတုန်း ပိုက်ဆံသိမ်းလို့ မကျေမနပ်ဖြစ်ကြတယ်ပေါ့။ အင်းစိန်ဘက်မှာ
ပြဿနာတွေ ဖြစ်ကြတာလည်းကြားတယ်ပေါ့။ကိုယ်လည်း ကျောင်းသားဆိုတော့စိတ်ထဲမှာတမျိုးဖြစ်ခဲ့တာပေါ့။
အဲဒီတုန်းက
ကျနော်ကလည်း ၀န်ထမ်းဆိုတော့ ပုံမှန်တော့ အလုပ်လုပ်နေရတာပေါ့လေ မနက်ပိုင်းမှာ အလုပ်လုပ်
ညပိုင်းမှာလုပ်သားကောလိပ်တက်ပေါ့ အဲလိုပါပဲ။
နောက်တခု
မှတ်မှတ်ရရက ၁၉၈၈ မတ်လမှာ ဖြစ်တာပေါ့နော်။ အဲဒီတုန်းကလည်း သတင်းတွေကြားရတယ်၊ ကျောင်းထဲမှာ
ဆန္ဒပြတယ်ပေါ့၊ မတ်လ ၁၆ ရက်နေ့တံတားဖြူမှာလည်း ကျောင်းသားတွေ ရိုက်နှက်ခံရတယ်ပေါ့ အဲလိုကြားရတော့
စိတ်ထဲမှာ ကျောင်းသားစိတ်ပေါ့ ငါတို့ကျောင်းသားတွေ ဒီလိုခံရတယ်ပေါ့။
မတ်လ ၁၆ ရက်နေ့ပြီးတော့
ကျောင်းပိတ်လိုက်တယ်ဗျ မတ်လ ၁၇ ရက်နေ့မှာ ကျောင်းသားတွေက မြို့ထဲကို ၀င်လာကြတယ်၊ ကျောင်းသားတွေနဲ့
အရပ်သားတွေ ရောသွား ပြီပေါ့နော်။ကျနော်တို့ရုံးက
ဘဏ်လမ်းမှာ ရှိတော့ ကျောင်းသားတွေမြို့ထဲရောက်ပြီဆိုတာနဲ့ ကျနော်လည်း ဆင်းကြည့်တာပေါ့ဗျာ။
ကျောင်းသားတွေပါတဲ့ လူအုပ်က ပန်းဆိုးတန်းပွိုင့်နဲ့ ကုန်သည်လမ်းပေါ်မှာ ဒီဘက်မှာက အမေရိကန်
သံရုံး၊ ဟိုဘက်က အိန္ဒယ သံရုံး၊ ကျနော်က အဲဒီနားက ထမင်းပေါင်းဆိုင်တွေ ရှိတဲ့ လမ်းကြားလေးထဲကနေ
ကြည့်နေတာ။
ဒီဘက်က လုံထိန်းတွေကလည်း
နှစ်တန်း သုံးတန်းတွေ စီပြီး အသင့်စောင့်နေတယ်။ ရာဘာတုတ် မကိုင်ဘူး သစ်သားတုတ်တွေနဲ့။
သူတို့နောက်မှာ သူတို့ကို လုံခြုံရေးထပ်ပေးထားတဲ့ M-16 ကိုင်ထားတာတွေကလည်း နောက်မှာ
ရှိနေတယ်။
အဲတော့ လူအုပ်နဲ့
သူတို့နဲ့ကလည်း ထိပ်တိုက်တွေ ဖြစ်နေတယ်။ ကျနော်ကလည်း လမ်းကြားထဲကနေ ထွက်ကြည့်တာဆိုတော့
ကြားထဲရောက်နေတာပေါ့။အဲဒီအချိန်မှာ ကျောင်းသားနဲ့ စစ်တပ်ကို ပထမဆုံး မြင်ရတဲ့ မြင်ကွင်းပဲ။ကျောင်းသားဘက်မှာ
ကျောင်းသားနဲ့ လူထုတွေ ရှိနေတယ်၊ ဒီဘက်ကမှာ လူစုခွဲဖို့ ဖြိုခွဲဖို့အတွက် အသင့်ရှိနေတယ်ပေါ့။
အဲလိုအချိန်မှာ
ပန်းဆိုးတန်းလူအုပ်ထဲကနေ အကျီာင်္အဖြူရောင်ဝတ်ထားတဲက အမျိုးသားတယောက်က ရှေ့ကို ထပ်ပြီး
တက်လာတယ်၊ ကျနော့်နားကို ရောက်လာတယ်။
သူက ရုပ်ကတော့
ကုလားဆင်၊လည်ကုတုံးအကျီာင်္အဖြူရောင်ဝတ်ထားတယ်၊ ညာဘက်လက်က လက်ညှိုးလေးကို တရမ်းရမ်း နဲ့ရှေ့ကို
တက်တက်လာပြီး လုံထိန်းတွေဆီကို တည့်တည့်လျှောက်သွားတယ်။
အသင့်အနေအထားစောင့်နေတဲ့
လုံထိန်းတွေနဲ့
ခြေလှမ်း လေးငါးလှမ်းလောက်လည်း ရောက်ရော
လုံထိန်းထဲကတယောက်အမိန့်ပေးလိုက်တော့လုံထိန်းတယောက်ကရှေ့ကို ခြေလှမ်း
နှစ်လမ်းလောက်တက်ပြီး သစ်သားတုတ်နဲ့ အဲဒီလူကို
ရိုက်ချလိုက်တယ်။ခွပ်…ကနဲပဲ….သူ
ထိုင်လျက် ပြုတ်ကျသွားတယ်။
အဲဒါကို မြင်တော့
လူအုပ်ထဲက တယောက်ထပ်ထွက်လာတယ်၊ ထွက်လာတဲ့သူကိုလည်း ခုနလိုပဲ ထပ်ရိုက်ချလိုက်တယ်။သူလည်းပဲ
ခွေကနဲ ကျသွားပြန်တယ်။
အဲလိုဖြစ်နေတာ
မြင်ရတော့ ကျနော်စိတ်ထဲမှာ မခံနိုင်လည်း ဖြစ်တယ်၊ စိတ်လည်း တိုတယ်ပြီးတော့ ၀မ်းလည်း
ဝမ်းနည်းလာတယ်။ ပန်းဆိုးတန်း ဘက်က လူအုပ်ကြီးကလည်း လုံထိန်းတွေ ဘက်ကို အုတ်ခဲတွေ တုတ်တွေနဲ့
လှမ်းပစ်ကြတယ်။
လုံထိန်းတွေက
ရှေ့တက်ပြီး လူတွေနောက်ကို လိုက်တော့ ၀ရုန်းသုန်းကားတွေဖြစ်ပေါ့ ကျနော်လည်း နီးရာအုတ်ခဲပေါ့။
အဲဒီမှာ ပါလာတဲ့ သူငယ်ချင်းက စိတ်ပူပြီး အတင်းဆွဲခေါ်လာတာနဲ့ ရုံးပေါ်ပြန်ရောက်ခဲ့တယ်။
ရုံးကလည်း
ခုလို ပြဿနာတွေဖြစ်နေပြီ ဆိုတော့ ရုံးစောစော ဆင်းပေးလိုက်တယ်ပေါ့ ကျနော်တို့ကို။ ကျနော်လည်း
ရုံး ဆင်းပြီး ကျောင်းသားတွေသွားတယ်လို့
ကြားတဲ့ ဘက်တွေလိုက်ကြည့်တာပေါ့နော်။ မတွေ့ဘူး။ နောက်တော့ မတွေ့တာနဲ့ ဆက်မလိုက်တော့ဘဲ
ကျနော်လည်းကိုယ့်အိမ်ပဲ ကိုယ်ပြန်ခဲ့တာပေါ့နော်။ ခြေချင်ပဲ ပြန်ခဲ့တာပေါ့။
အဲဒီမြင်ကွင်းက
ကျနော့်စိတ်ထဲ တနုံ့နုံ့နဲ့ဗျ ဒါက လူတယောက် မတရားလုပ်ခံရတာလို့ ပဲမြင်နေတယ် အဲဒီတုန်းကလေ၊
အဲဒီတုန်းက ကိုယ်မြင်တာက ဒါက ပထမဆုံး ကျနော့်အတွက်မြင်ကွင်းပေါ့ဗျာ။
နောက်
နေ့ကျောင်းတက်နေတဲ့
သူငယ်ချင်း သုံးလေး ဦးလောက်လည်း ပါသွားကြတယ်လို့ ကြားတော့ 
စိတ်ထဲမခံချင်ဘူးပေါ့ဗျာ။နိုင်ငံရေးတွေဘာတွေလည်းနားလည်သေးတာမဟုတ်ဘူး။
ကျောင်းသား စိတ်ရှိရုံသပ်သပ်ပါပဲ။အဲလိုနဲ့
သိတဲ့အတိုင်းပဲ ကျောင်းတွေကလည်း ပိတ်သွားရောပေါ၊ ကျနော်တို့ကတော့
အလုပ်တွေပြန်ဆင်းရတယ်။
နောက် ဇွန်မှာ
ကျောင်းတွေပြန်ဖွင့်တယ်။
ကျောင်းဖွင့်ဖွင့်ချင်းမှာပဲ
ကျောင်းသားတွေ ပြန်စုနေကြပြီ ဆိုတာတွေလည်း ဖြစ်နေကြပြီလေ။ ကျနော်တို့ကလည်း စနေ၊ တနင်္ဂနွေမှ
ပရယ်တီကယ်သွားလုပ်ရတယ်။
အဲဒီအချိန်တုန်းက
ကျနော်က ရည်းစားနဲ့ အဆင်မပြေဖြစ်နေတာ၊ ကျောင်းလည်း မသွားဘူး၊ ပရယ်တီကယ်တွေလည်း မလုပ်တော့
ကျနော့်ရည်စားက ကျောင်းကိုပုံမှန်လာပြီး ပရယ်တီကယ်လုပ်ပါဦးလို့ ပြောတယ်။
အဲဒါနဲ့ ဇွန်
၁၈ ရက်လား ၁၉ ရက်လားတော့ မမှတ်မိဘူးကျောင်းကို ရည်းစားစကားနားထောင်ပြီး ပရယ်တီကယ်လုပ်ဖို့သွားတယ်။
အဲဒီနေ့က ကျောင်းကို Day ကျောင်းသားတွေက လာပြီးစည်းရုံးကြတယ်ပေါ့။
မှတ်မှတ်ရရ
အဲဒီနေ့က ကျောင်းကိုလာတဲ့ ကျောင်းသားတွေက ဒဂုံဆောင်က ကျောင်းသားတွေပေါ့။ အဲဒီမှာသူတို့က
ကျနော်တို့ လုပ်သားကောလိပ်က ကျောင်းသားတွေကိုလာပြီးတော့ မင်းတို့ ဘာမှ မလုပ်ကြဘူးလားဆိုတာကို
လာပြောကြတာလေ။
သူတို့က ဘယ်လိုတွေ
ပြောလဲ ဆိုတော့ မင်းတို့ လုပ်သားကောလိပ်က ကောင်တွေ ထမီဝတ်ထားတို့ ဘာတို့ အဲလိုတွေ ပြောတာ။
အဲလိုတွေပဲ လိုက်အော်နေတယ်ဗျာ။ပွင့်ပွင့်လင်းလင်း
အရိုးခံအတိုင်းပြောရမယ်ဆိုရင်တော့ သူတို့ စည်းရုံးရေး ဆင်းလာတာက အဲလို ပုံဆန်မျိုးတွေ ပြောဆိုတာတွေ မလုပ်သင့်ဘူး လို့ ပြောတော့ သူနဲ့ကျနော်နဲ့က
စကားအခြေအတင်ဖြစ်ကြရော။
အဲဒီမှာ ခင်ဗျားတို့ရော
ဘာလုပ်လို့လဲ ခင်ဗျားတို့ လုပ်သလောက်တော့ ကျနော်တို့လည်း လုပ်နိုင်တယ်ပေါ့..အဲလိုတွေ
တကယ်ဖြစ်ခဲ့ ပြောခဲ့တာပဲ။
အဲဒီနေ့ကတော့
စကားများနေတာနဲ့ ဘာမှ မလုပ်ဖြစ်လိုက်ဘူး၊ နောက်နေ့ ပြန်ချိန်းကြတယ်ပေါ့လေ…အဲဒီကစပြီး
ဒီကျောင်းသားတွေနဲ့ပဲ ကျနော် ပေါင်းမိသွားတယ်။
အပိုင်း(၂)
တကယ်တော့
အဲဒီတုန်းက ကျနော်က နိုင်ငံရေးဆိုတာလည်း မသိဘူး၊ ဒီမိုကရေစီဆိုတာလည်း မသိပါဘူး။
ဒါပေမဲ့
တပါတီစနစ်ရဲ့ မကောင်းမှုတွေကိုတော့ ကျနော်တို့ ခံရတယ်လေ။ မွေးဆပ်ပြာတတုံးရဖို့ သမဆိုင်သွားရတာတို့…၊
ရေနံစည် တပုလင်းတို့…အ၀တ်စကောင်းကောင်းလေးတွေဆိုရင် မဲနှိုက်ရတာတို့ ဘာတို့ အဲလိုမျိုးတွေလည်း
ရှိတယ်။
နောက် ကားတွေ၊ လမ်းတွေဆိုတာလည်း စုတ်ပြတ်သတ်နေတာပဲ
ဒါတွေက မသိမသာကြုံတွေ့လာရတဲ့ ကိစ္စတွေပေါ့။ တပါတီ စနစ်အောက်မှာ နေရတဲ့ ဘ၀တွေအကြောင်းကိုတော့
သိတာပေါ့ တခြား နိုင်ငံရေး စနစ်တွေဘာတွေကိုတော့ ထဲထဲဝင်ဝင် မသိခဲ့ပါဘူး။ မခံချင်စိတ်လေးနဲ့
လုပ်ကြတယ်ပေါ့ လုပ်ရင်း လုပ်ရင်းနဲ့မှ လုပ်သင့်တယ်ပေါ့။
လုပ်ကောင်းတယ်ဆိုတာကို မြင်လာကြတာလေ။
အဲဒီနေ့
၁၉၈၈၊ ဇွန်လ ၁၈ ရက်နေ့ကနေ စသွားလိုက်တာ ဇွန်လ ၁၉ ရက်နေ့တွေမှာ တောက်လျှောက် ဆက်သွားတယ်။
ဇွန် ၂၀ ရက်နေ့က ကျောင်းဖွင့်ရက်ဖြစ်တော့ကျောင်းသား လှုပ်ရှားမှုက ပိုပြီးတော့ စည်သွားတာပေါ့။
အဲဒီမှာ
ကိုကိုဦးတို့ မောင်မောင်ကျော်တို့က ဦးဆောင်ပြီး လုပ်ကြတဲ့ သူတွေပေါ့လေ။ ကျနော်နဲ့ကတော့
လက်ပွန်းတတီးလက်တွဲပြီး လုပ်ခဲ့တာတော့ မရှိပါဘူး။ ကျနော်ကတော့ အောက်ခြေမှာပဲ ကြုံသလိုပဲ
ကြုံတဲ့သူနဲ့ လက်တွဲင်္ပြီး လုပ်လိုက်တာပါပဲ။ မှတ်မှတ်ရရ ကိုမင်းသူတို့ဘာတို့လည်းပါတယ်ပေါ့လေ
လုပ်ကြတာ။
နောက်
S-3 မှာ အစည်းဝေးတွေ ဘာတွေ ထိုင်ကြတယ်ပေါ့။ အဲဒီမှာ မှတ်မှတ်ရရ ကိုအောင်ဇော်မင်း( ချိုတူးဇော်)
နဲ့ တွဲမိပြီ။ သူက s3 က အစည်းဝေးမှာ တင်တာတခုရှိတယ်။ သူက ဘာတင်လဲဆိုတော့ ကျောင်းသားတွေ
ကျောင်းထဲမှာပဲ မလုပ်သင့်ဘူး၊ ပြည်သူကြားထဲထိ ထွက်ပြီး လုပ်သင့်တယ်၊ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင်
တောင်းဆိုတိုက်ပွဲ ၀င်သင့်တယ်ဆိုတာမျိုးကို သူတင်ခဲ့တယ်။
အဲလို
အစည်းအဝေးတွေ ပြီးရင်တော့ သူရယ်၊ ကျနော်ရယ် ကျန်တဲ့ ကျောင်းသားအချို့ရယ် သူ့အိမ်မှာပဲ
စုမိကြပါတယ်။ အဲဒီအုပ်စုလေးထဲမှာ day ကျောင်းသားတွေပါတယ်၊ လုပ်သားကောလိပ်က အချို့ ကျောင်းသားတွေပါတယ်။
ရည်ရွယ်ချက်တခုနဲ့ စုလိုက်ကြတယ်ပေါ့လေ။
ပွင့်ပွင့်လင်းလင်းပြောရရင်တော့
ကျနော်အပါအ၀င် အဲဒီအစုလေးက လက်နက်ကိုင်တော်လှန်ရေးကို အားသန်တယ်။ စိတ်ကူးယဉ်တယ်ပြောပြော
ဘာပြောပြော ကျနော်တို့ တကယ် အားသန်ခဲ့တယ်။
အမှန်အတိုင်းပြောရရင်တော့ဗျာကျနော်တို့
ထိုင်းနယ်စပ်လိုနေရာမျိုးကို ထွက်ဖို့ ကြိုးစားတယ်၊ ထိုင်းနယ်စပ်လို နေရာမျိုးကို မထွက်နိုင်ရင်တောင်မှ
ဘန်ကောက်လို နေရာမျိုးမှာ အခြေကျပြီးတော့ တော်လှန်ရေး
တခုခု လုပ်နိုင်မလားပေါ့လေ။ ဒါမျိုးတွေ စဉ်းစားပြီးတော့ စခဲ့ကြတာပဲ။
အဲဒီမှာ
ဗမာ့မျိုးချစ်လူငယ်အစည်းအရုံး ကို အဲဒီကတည်းက စပြီး ဖွဲ့ခဲ့ကြတာ။
အဲလိုဖွဲ့ခဲ့ကြပြီးတော့
ကျနော်တို့အဖွဲ့ထဲမှာ မြိတ်(ဘိတ်)ကကျောင်းသားတွေလည်း ပါတယ်၊ ကိုဝင်းချိုဆိုတဲ့ မြိတ်က
ကျောင်းသားနဲ့ ကျနော်အပါအ၀င် ၄ ဦး မြိတ်ဘက်ကို ဆင်းသွားခဲ့ကြတယ်။
အဲဒီမှာ အညိုရောင်နယ်မြေနဲ့ နီးတဲ့ရွာတွေကိုရောက်တော့
လက်နက်ကိုင်နေတဲက KNU ဆိုတာတွေ ရှိတယ်၊ မွန်တွေရှိတယ်၊ နောက်ဆုံး ဗကပ တွေလည်း ရှိတယ်ဆိုတာကို
ကျနော်တို့ ထဲထဲဝင်ဝင် သိလာရတယ်ပေါ့လေ။
အဲဒီတော့ကျနော်တို့
လုပ်ချင်တဲ့ တော်လှန်ရေးအတွက် ဒီလက်နက်ကိုင်နေတဲ့ အဖွဲ့တွေကလည်း ထည့်စဉ်းစားရမဲ့ အချက်တွေဆိုတာကို
ထဲထဲဝင်ဝင်သိလာရတာပေါ့လေ။
အဲဒီမှာ
ဇူလိုင်လလောက်မှာ အထက်တန်းကျောင်းသားတွေကလည်း ကျို့ကြား ကျို့ကြား ဆန္ဒပြတာတွေ ဘာတွေလည်း
ရှိနေပြီ။
၁၉၈၈
ခုနှစ် ၈ ရက် ၈လ မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့လုပ်ကြမယ်ဆိုပြီးတော့ ရန်ကုန်က ကျောင်းသားတွေက
လှုံ့ဆော်ကြတယ်။ အဲဒီမှာ ကျနော်တို့ကလည်း ၈ ရက်နေ့ အမီ ဘိတ်မြို့ပေါ်ကို အရောက်သွားတယ်။
အဲဒီမှာ ကိုအောင်ဇော်မင်း(ချိုတူးဇော်)၊ ကျနော်နဲ့ကိုတင်ကိုအောင် ၃ ယောက်က တည်းတဲ့
အိမ်လေးမှာ နေရင်းနဲ့ အခြေအနေကို စောင့်ကြည့်ကြတာပေါ့။
၈
ရက်နေ့မှာ တကယ်တမ်း စလိုက်တာကတော့ မြိတ်က အထက်တန်းကျောင်းသားတွေကနေ
စလိုက်ကြတာ။ စလိုက်ကြပြီးတော့ လူအုပ်တွေဘာတွေ ပါလာပြီးတော့ ရဲစခန်းကို ၀ိုင်းကြတာတွေဘာတွေဖြစ်တယ်။
ဖြစ်တော့ ရဲက ပစ်တယ်။
အဲဒီမှာ
ကိုကိုဦးနဲ့ ညီညီလွင်…တဲ့ သူတို့ ကျသွားတယ်။ ကျောင်းသားနှစ်ယောက် ကျသွားတယ်။ ၈ ရက်
၈ လ ၈၈ပေါ့။စလုပ်တာက
အကယ့်ကို အထက်တန်းကျောင်းသား လူငယ်လေးတွေ စလုပ်ခဲ့ကြတာ။ အဲဒီမှာ ကျနော်တို့ကလည်း ရန်ကုန်ကလာတဲ့
ကျောင်းသားတွေပါ မြိတ်က ကျောင်းသားတွေနဲ့ ပေါင်းပြီး အလုပ်လုပ်ဖြစ်ကြတယ်။
အဲတော့
အထက (၁)မှာ သပိတ်စခန်းဖွင့်ကြတာပေါ့။ အစပိုင်းမှာတော့
ကျသွားတဲ့ ကျောင်းသားတွေရဲ့ အလောင်းတွေကို သယ်ပြီးတော့ ဆန္ဒပြတာတွေ ဘာတွေလုပ်ကြသေးတယ်၊
နောက်တော့မှ ကောင်းမွန်စွာ သဂြိုလ်ရအောင်ဆိုပြီး မိဘလက်ထဲ ပြန်အပ်လိုက်ကြတယ်။ ပြီးတော့
ကောင်းကောင်းမွန်မွန် သဂြိုလ်မေးလိုက်ကြတယ်။
ပထမတုန်းကတော့
ဟောပြောတာတွေဘာတွေလုပ်တယ်ပေါ့ သပိတ်စခန်းမှာ ကြာလာတဲ့ အခါကျတော့ ဒုတ်ဓါးကိုင်တဲ့ အဆင့်တွေဘာတွေ
ရှိလာတယ်။ အဲဒီမှာ မြို့ခံတွေကလည်း ကျနော်တို့ကို
ဂန်သားပေါ့၊ ဂန်သားဆိုတာက သူတို့က မုန်းတာလို့လည်း ပြောလို့ရမဘူး ဒါပေမဲ့ သူတို့မှာ
အစွဲရှိတယ်၊ မြို့ခံ မဟုတ်တဲ့ ရန်ကုန်ကလိုလာတဲ့ သူတွေဆိုရင် သူတို့က ဂန်သား တွေ ဂန်သားတွေ
ဟိုဘက်ကနေ လာတဲ့ သူတွေ သူတို့နဲ့ တသားတည်း
မဟုတ်ဘူး ဆိုပြီး ခွဲခြားတဲ့ သဘောတရားလေးလည်း ရှိတယ်။
အဲဒီမှာ
ရန်ကုန်ကလာတဲ့ ကျနော်တို့ အပေါ်ကို ဂန်သားတွေ ဆိုပြီး သံသယတွေ ဖြစ်ကြတယ်။ နောက်ဆုံးဗျာ
သပိတ်ကာလတွေမှာ ဖြစ်တတ်တဲ့ အတိုင်းပဲ ထောက်လှမ်းရေးတို့ သူလျှိုလား ဆိုတာမျိုးကနေ စတယ်ဗျ။
အဲဒီမှာ
ဒုတ်ဓါးတွေ ဖြစ်မှာဆိုးတာနဲ့ သပိတ်စခန်းကိုလည်း ပိတ်ပေးလိုက်ကြတယ်၊ အဲဒီအချိန်မှာပဲ
ရန်ကုန်ကနေ ပြန်လာတဲ့ မြို့ခံကျောင်းသားတွေကလည်း မြို့တွေကို ပြန်ရောက်လာကြပြီ။ ရန်ကုန်မှာက ကျောင်းသားသမဂ္ဂတွေ ဘာတွေ ဖွဲ့ကြပြီဆိုတော့
ဒီမှာလည်း ဖွဲ့ကြမယ်ဆိုပြီးတော့ ဖွဲ့တာပေါ့နော်။
ဒီမှာ
ရှိတဲ့ အထက်တန်းကျောင်းသားတွေရော ကျောင်းသားတွေအားလုံး ပါဝင်ပြီး ဖွဲ့ကြတာပေါ့ အဲဒီမှာ
သပိတ်မှာပါခဲ့တဲ့ အောက်ခြေလူတန်းစား လူငယ်တွေ ရွာကနေ ဒုတ်တွေကိုင်ပြီး တက်လာခဲ့ကြတဲ့
သူတွေလည်း ရှိတော့ ကျောင်းသားသမဂ္ဂမှာ ကျောင်းသားပဲ ပါရမယ်ဆိုတာကိုတော့ အဲလိုအောက်ခြေက
လူငယ်တွေက ကျနော်တို့က ဘာဆက်လုပ်ရမှာလဲ ဆိုပြီး ကျနော်တို့ ဆီကိုရောက်လာကြတယ်။
ကျနော်တို့ကလည်း
သပိတ်ထဲပါခဲ့တဲ့ လူတွေဆိုတော့ အဲဒီလို အောက်ခြေက ကလေးတွေက ကျနော်တို့ဆီရောက်လာပြီး
လာကြတယ်၊ အဲဒီမှာ ကျနော်တို့က ဟာ ဒါဆိုရင် အခြားနာမည်တခုနဲ့ ဖွဲ့မယ်ဆိုပြီး ဖြစ်သွားတယ်။
အဲဒီမှာ
ဗမာ့မျိုးချစ်လူငယ်များ အစည်းအရုံးဆိုပြီး ဖြစ်သွားတယ်။ သပိတ်စခန်းတွေဘာတွေ ဖွင့်ပြီးတရားတွေ
ဘာတွေ ဟောကြတယ်ပေါ့၊ အဲလိုလုပ်ရင်းနဲ့မှ ကျနော်က ထားဝယ်ကို ဆက်ထွက်ခဲ့တယ်။ အာဏာမသိမ်းခင်ပေါ့။
ကိုအောင်ဇော်မင်း(ကိုချိုတူးဇော်)က
ရန်ကုန်က ကျောင်းသားတွေနဲ့ ဆက်သွယ်မယ်ဆိုပြီး တက်သွားတယ်၊ ဘိတ်မှာ ကိုချိုက ကျန်ခဲ့တယ်၊
ကျနော်ကလည်း ထားဝယ်ဘက်ကို ဆင်းတယ်။
ထားဝယ်မှာလည်း
ဗမာ့မျိုးချစ်လူငယ်များ အစည်းအရုံးဆိုပြီး လုပ်ဖြစ်တယ်ပေါ့။ အဲဒီမှာ ထားဝယ်မှာလည်း
သံသယတွေက ဖြစ်တယ်။ ဒီကောင်က ဘယ်က ကောင်လဲပေါ့၊ ထားဝယ်ကို ဘာလာလုပ်တာလဲပေါ့့။
ကျနော်
အဓိက ပြောချင်တာက သံသယတွေ ဆိုတာကို အဓိက ပြောချင်တာ။
ဘယ်လောက်ထိ
ဖြစ်လာလဲဆိုတော့ ကျနော် တဲတဲ့ အိမ်ကိုပါ မီးရှို့ပါမယ်ဆိုပြီး ဖြစ်လာတယ်။ အဲတော့ ကျနော်က
မြို့မိမြို့ဖတွေဆီကိုသွားရှင်းပြတယ်။ သခင်ဗသိန်းတင်ရဲ့ သမီးတွေ ဖြစ်တဲ့ ဒေါ်တင်ထွေးမူတို့
လည်းပါတယ်။ ကျနော်တို့က ရန်ကုန်က ကျောင်းသားတွေပါ၊ ကျနော်တို့မှာ ရည်ရွယ်ချက်လည်း ရှိတော့
လူအင်အားစုစောင်းတဲ့ သဘောလုပ်တာပါ၊ ကျနော်ရန်ကုန်က ကျောင်းသားပါ ဆိုပြီး သေချာရှင်းပြရတယ်။
အဲလို သံသယတွေကို ဖြေရှင်းရတာမျိုးတွေလည်း ရှိတယ်။
အဲလိုနဲ့
စက်တင်ဘာ ၁၈ အာဏာသိမ်းလိုက်တော့ ကျနော်တို့အဖွဲ့တွေကလည်း ကျောင်းသားစိတ်ဆိုတော့ အမျိုးသားတွေချည်
လူ ၅၀ လောက်စုပြီးတော့ ၁၉ ရက်နေ့မှာ အာဏာသိမ်းတာကို လက်မခံကြောင်း ပြကြမယ်ပေါ့။
အဲလိုနဲ့
ယောကျာ်းလေးတွေချည်း ၅၀၊ ၆၀လောက် ကျနော်တို့ ထွက်ခဲ့ပြီး ဆန္ဒပြခဲ့ကြတယ်။ အဲဒီမှာ ထားဝယ်မြို့ခံလူအုပ်ကြီးကလည်း တဖက်မှာ ကျနော်တို့ကလည်း
သပိတ်စခန်းကနေ ဖြတ်အထွက်မှာ ကျနော်တို့တွေ အပစ်ခံရတယ်။အတွဲလိုက်ပစ်တယ်။
ပစ်ပြီး ဖြိုခွဲခဲ့တယ်။
ပစ်ပြီဆိုတော့လည်း
မြောင်းထဲကျတဲ့သူက ကျပေါ့၊ နီးစပ်ရာအိမ်တွေထဲ ၀င်ပြေးတဲ့သူက ပြေးနဲ့ အဲဒီမှာ ၅ ယောက်
ကျသွားတယ်။
ဆရာ
၂ ယောက်နဲ့ ကျောင်းသား လူငယ် ၃ယောက်ပေါ့။
အဲလို
ကျသွားတော့ စိတ်လည်း မကောင်းဘူး၊ မတရားမှုလို့လည်း မြင်ကြတယ်၊ ခံစားကြရတယ်ပေါ့။
ကျနော်အဲဒီတုန်းက
ထားဝယ်မှာ ဘိတ်မှာလည်း အဲလိုဖြစ်ကြတော့ ကိုမျိုးတဲ့ သူက ဘိတ်မှာ ကျသွားတယ်။၁၉ ရက်နေ့မှာပဲ
ကျသွားတာ။
နောက်
အဲဒီမှာ ၁၉ ရက်နေ့ညနေ ၂၀ ရက်နေ့လောက်မှာ ထားဝယ်ကနေ လှေကလေးနဲ့ ကူးသွားရင်ရောက်တဲ့ လောင်းလုံဘက်မှာ
ကျောင်းသားတွေ သွားစုကြတယ်။ ရှောင်ချင်တဲ့ သူတွေလည်း ပါမယ်၊ တောထဲသွားပြီး လက်နက်ကိုင်ပြီး
ပြန်တော်လှန်မယ်ဆိုတဲ့ သူတွေလည်း ပါတယ်။ အဲဒီ လောင်လုံအပိုင် ဟိုဘက် ကမ်းလေးမှာ လူ
၃၀၀လောက်စုမိကြတယ်။
ဘုန်းကြီးကျောင်းတွေကနေ
ထမင်းတွေ ဟင်းတွေကြွေးကပါတယ်။ ကျနော်အပါအ၀င် ကျနော်တို့ အဖွဲ့က ၅ယောက်လောက်လဲ အဲဒီကို
ရောက်သွားကြတယ်။
အဲဒီမှာ
ရွာတွေကနေ ရွာသားတွေရဲ့ လက်ဆင့်ကမ်းပို့ဆောင်မှုနဲ့အတူ ဆက်ထွက်ကြတယ်၊ မိုးလင်းခါနီးမှာ
သရက်ချောင်းဘက်ကို ပြန်ကူးကြတယ်။ မိုးလင်းတော့ ထားဝယ်အောက်ဘက် ၇ မိုင်လောက်အကွာ၊ ရှင်မုထ္ထီးအောက်ဘက်ပိုင်းလောက်ကို
ရောက်သွားကြပြီ။
အဲဒီမှာ
မိန်းကလေးတွေလည်း ပါတော့ မြို့က မိဘတွေကလည်း လိုက်ခေါ်ကြတယ်။ အချို့လည်း ပြန်ကြတယ်။
အဲဒီမှာ တောခိုဖို့ လာကြိုတာတွေက ကွန်မြူနစ် အဆက်တွေဗျ။
အဲဒီမှာ
ကျနော် စဉ်းစားတယ်။ ကျနော် ဆက်လိုက်သွားမလား၊ လှည့်ပြန်မလား ဘာလုပ်မလဲ ပေါ့လေ။
အဲဒီမှာ
ဒီမြို့ခံတွေက ကျနော့်အပေါ်မှာ ဂန်သားဆိုပြီး သံသယတွေလည်း ရှိထားကြတယ်။ သူတို့နဲ့ ဆက်လိုက်သွားဖို့
မဖြစ်ဘူးထင်တယ်ပေါ့။ အဲဒီမှာ ကျနော့်သူငယ်ချင်း ကိုကျော်သက်ကလည်း အကြံပေးတယ်။
အဲဒီမှာ
ကျနော်တို့သူငယ်ချင်း ၅ ယောက် ဆက်မလိုက်တော့ဘဲနဲ့ ထားဝယ်မြို့ပေါ်ကို ပြန်လာကြတယ်။ အဲမှာပဲကိုအောင်ဇော်မင်း(ချိုတူးဇော်)ကို
ထားဝယ်ကဆင်းဆင်းခြင်းမှဲာ့ စစ်တပ်က ဖမ်းလိုက်ပြီ ဆိုတာ ကြားရတယ်။
အဲလိုနဲ့
ကျနော်လည်း မြို့ပေါ်ကို ပြန်ရောက်လာတယ်။ ထားဝယ်ကနေ ရေးကို သွားတယ်၊ ရေးကနေ မော်လမြိုင်ကနေ
ရန်ကုန်ကို ပြန်ဝင်တယ်။
ရန်ကုန်ပြန်ရောက်ပြီးတော့မှ
သူငယ်ချင်းတွေနဲ့ ပြန်ဆုံပြီးတော့ ဗမာ့မျိုးချစ်လူငယ်အစည်းအရုံးဆိုတဲ့ နာမည်နဲ့ပဲ တရားဝင်ပါတီ
ဖွင့်ကြတယ်ပေါ့လေ။ ကိုချိုတူးဇော်အိမ်မှာပဲ အခြေစိုက်ကြတယ်ပေါ့ဗျာ။
လူစုံအောင်လာကြပါတယ်။
NLD တိုင်းရုံးတို့ လူ့ဘောင်သစ်တို့ ဘာတို့ကတော့ လူပိုစည်တာပေါ့လေ။ ကျနော်လည်း ပါတီအနေနဲ့
ဘိတ်၊ ထားဝယ်မှာ ရုံးခန်းတွေ ပြန်ဖွင့်ပေါ့။
အဲဒီမှာ
ပြောစရာရှိတာက ပါတီတွေကို ၀င်ဝင်ပြီးတော့ ဒေသ အာဏာပိုင်တွေက ကြမ်းတာတွေ ရှိတယ်။ သူတို့က
ပါတီရုံးတခုကို ၀င်ပြီးတော့မှ ကြမ်းတာတွေ တရားလက်လွတ်ပြောတာတွေ ရှိတော့ ကျနော်တို့
ကျောင်းသားလူငယ်တွေအများစုပါဝင်တဲ့ ပါတီတွေကနေ တိုင်ပင်ပြီးတော့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု
တည်ဆောက်ရေး အဖွဲ့ကို စာတင်ကြတယ်။
နိုင်ငံရေးပါတီတွေကို
ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတခု ပြဋ္ဌာန်းပေးဖို့ စာတင်ကြတယ်။ အဲလိုမှ မကာကွယ်ပေးဘူးဆိုရင်
ကျနော်တို့ ကျောင်းသားလူငယ်တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို လိုက်ရုံကလွဲလို့ အခြားဘာမှ
မရှိတော့ဘူးဆိုတာမျိုးတွေပေါ့လေ။ အဲလို စာတင်ခဲ့ကြတယ်။
အဲလို
ထုတ်ပြန်ခဲ့တာတွေ စာတင်ခဲ့တာတွေ ရှိတယ်။ အန်တီစု (ဒေါ်အောင်ဆန်းစုကြည်)နဲ့ ဦးဝင်းတင်တို့
ဘိတ်ကိုလာတော့လည်းကျနော် တွေ့ပြီး ပြောပြခဲ့ဖူးတယ်။
အန်တီကတော့
လက်နက်ကိုင်တော်လှန်ရေးကို အားမပေးဘူး။ စိတ်လိုက်မာန်ပါ မဖြေရှင်းကြဖို့နဲ့ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းကြဖို့
ပြောခဲ့တာမျိုးတွေရှိတယ်။
အဲဒီမှာ
၁၉၈၉ မှာ ၈ လေးလုံး ၈ လပြည့်လုပ်တော့ ခေါင်းဆောင်ပိုင်းတွေမှာ ထောင်တွေကျတာတွေ ဘာတွေဖြစ်ကုန်တယ်။
အပိုင်း(၃)
အဲဒီလိုဖြစ်နေတဲ့အချိန်မှာ
မန္တလေးကနေ ကိုရော်နိုင်အောင်နိုင်ကလည်း ABSDF ကျောင်းသား တပ်ရင်း(၄၀၁)နဲ့ ချိတ်ဆက်ပြီး
လုပ်နေတာ ကိုစိုးလင်းတို့နဲ့ အတူတူပဲ လုပ်နေကြတာ။ ကျနော်ကလည်း သူတို့နဲ့အတူတူလုပ်နေတာပဲ၊ ကျောင်းသားတပ်ရင်း
(၄၀၁) ကိုလည်း လူငယ် လေး ငါးယောက်လောက် ရောက်သွားခဲ့ပြီးပြီ။
ကျနော်ကိုယ်တိုင်ကလည်း
လက်နက်ကိုင်ဖို့ တောထဲ သွားချင်တယ်။ အဲဒီလိုအချိန်မှာ န၀တကလည်း လာမေးတာ လာ စစ်တာတွေကို
သည်းမခံချင်တော့ဘူး။ အဲဒီလို အချိန်ကာလမှာပဲ အာဇာနည်နေ့ ပန်းခွေချတဲ့ ကိစ္စတွေကလည်း
ဖြစ်လာတယ်၊ နောက် ထောက်လှမ်းရေးလို့ ယူဆလို့ရတဲ့ သူအချို့ကလည်း ကျနော့်နောက်ကို လိုက်ပြီး
ဖမ်းဆီးဖို့ ကြိုးစားတယ်လို့ ယူဆမိတယ်။
အဲဒါနဲ့
ကျနော် အချုပ်အနှောင်မခံချင်တာလည်း ပါတယ်၊ တောခိုဖို့ စဉ်းစားလိုက်တယ်။
ကျနော့်မှာ
ရည်းစားရှိတယ်၊ ချစ်သူ ရှိပေမဲ့ အဲဒီအချိန်တုန်းကတော့ ကျနော့်အတွက် အရေးကြီးဆုံးက နိုင်ငံရေး
ဖြစ်သွားတယ်။
နိုင်ငံရေးကို
မသိခင်တုန်းက ပတ်သက်မှု မရှိခင်တုန်းကတော့ ကျနော့်အတွက် သူက အရေးကြီးဆုံးပဲ၊ နောက်တော့
နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်လာတော့ ကျနော့်အတွက်က သူ့ကို သတိမရဘူး မဟုတ်ဘူး၊ သတိရတယ်၊
ဒါပေမဲ့ နိုင်ငံရေးလုပ်ရမယ်ဆိုတဲ့ အသိက ဦးစားပေးဖြစ်နေတယ်။
အဲဒါကြောင့်
ကျနော် ထွက်လာတော့ သူ့အတွက် စာတစောင်ရေးပေးခဲ့တယ်။ သွားပြီပေါ့လေ တချိန်ချိန် ပြန်ဆုံကြမယ်ဆိုပြီး
စာရေးပေးခဲ့တယ်။ အဲဒီစာက ကိုတိတ်ဆီမှာ ထားခဲ့တယ် သွားပေးပေးပါပေါ့။
အဲဒီမှာ
တကယ်တော့ ကျနော်က တကယ်သွားချင်တာက ရှမ်းပြည်ဘက်ကို သွားချင်တာဗျ၊ ဒေသခံလက်နက်ကိုင်တိုင်းရင်းသားတွေနဲ့
တွဲနေတဲ့ ၄၀၁ ကိုသွားချင်တာ၊ အဲဒီဘက်မှာက လူအင်အားလည်း
နည်းတယ်ပေါ့။ ကျောင်းသား အင်အားလည်း နည်းတော့ ကျနော် ဦးတည်တာက ၄၀၁ ကိုပါ၊ ဒါပေမဲ့
အဲဒီအချိန်တုန်းက ၄၀၁ က အခြေအနေမကောင်းဘူး။ အဲဒါနဲ့တကယ်တမ်း ထွက်ဖြစ်တော့ မြောက်ပိုင်းဖြစ်သွားတာပေါ့။
ကျနော်နဲ့
ဘိုဘိုနဲ့ အတူတူ ထွက်ဖြစ်ကြတယ်။ ကျနော်တို့ လားရှိုးကို ရောက်တယ်။ မူဆယ်- တရုတ်ပြည်-
ရွှေလီပေါ့။ရွှေလီကနေ ရင်ကျန်မြို့လေးကို ရောက်တယ်၊ အဲဒီကမှာ တညအိပ်ပြီးတော့မှ ဆက်ထွက်ဖြစ်တယ်။
တရုတ်ပြည်အပိုင်ထဲမှာ KIA မိသားစုတွေ နေကြတဲ့ ရွာလေးတွေကို ဖြတ်ရတယ်။
နောက်
KIA ဆေးရုံရှိတဲ့ နေရာကိုဖြတ်တယ်၊ အဲဒီတုန်းက အဲဒီမှာ ကျောင်းသားတယောက်ဆေးရုံတက်နေရတယ်၊
ဘာဖြစ်လို့လဲ ဆိုတော့ ပေါင်မှာ ဆေးထိုးမှားပြီး ဆေးက ခဲသွားတာ။ ခဲပြီးတော့ ပြည်တည်လှိုက်စားပြီး
၎ ရက်လောက်ကြာတော့ ဆုံးသွားတယ်လို့ ကြားတယ်။
အဲဒီကနေ
ဆက်တက်တော့ နယ်ခြားကျောက်တိုင်လေး ကျော်လိုက်တာနဲ့ KIA ဂိတ်ကို စတွေ့ရတယ်။ ဆက်သွားတော့
ကျောင်းသားတပ်ကို ရောက်တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကျောင်းသားတပ်ကို ရောက်တယ်ဆိုတော့ ပျော်တာပေါ့။
အဲဒါက ၁၉၈၉ ခုနှစ် ဇူလိုင်လထဲမှာပါ။
အဲလိုရောက်သွားတဲ့အချိန်တုန်းက
ကျောင်သားတပ် ABSDF ရဲ့ ဥက္ကဋ္ဌ က ကျော်ကျော်၊ အတွင်းရေးမှူးက မျိုးဝင်း၊ ဘဏ္ဍာရေးမှူးက
ကိုအောင်ကြီး၊ ဦးစီးလွှမ်းမိုး၊ ဦးစီး လှဋ္ဌေး၊ နောက် ဦးစီးနေဒွန်းပေါ့။
ရောက်ရောက်ချင်း
တွေ့ရတာက ကိုမျိုးဝင်းပဲ။ သူက မြို့ပေါ်က အခြေအနေတွေကိုမေးကြတယ်ပေါ့လေ။
ကိုမျိုးဝင်းက
ဆံပင်ထူထူ ခေါင်းကြီးကြီးနဲ့ မျက်နှာပေါက်ကလည်း ရှုသိုးသိုးမှိန်တေတေနဲ့ နားထင်ချိုင့်ချိုင့်ပေါ့။
လူတယောက်ကို ဟက်ဟက်ပက်ပက်ပြောတာ ဆိုတာမျိုးလည်း မရှိဘူး။ သူ သိချင်တာကို သူမေးမယ်၊ သူပြောချင်တာကို ပြောမယ်၊
အဲလောက်ပဲ စကားလည့်း သိပ်အများကြီး မပြောဘူး။
အင်း
…ကိုထွန်းအောင်ကျော်နဲ့တော့ မတူတာ အမှန်ပဲ။ ကိုထွန်းအောင်ကျော်က ကျနော် တောထဲမသွင်းခင်
ရန်ကုန်လာသေးတယ်။ ကိုထွန်းအောင်ကျော်က ပြုံးပြုံးနဲ့ အေးအေးဆေးဆေးပဲ၊ စကားကိုလည်း လေးလေးနက်နက်ပြောတယ်၊
လေးလးနက်နက် နားထောင်ပေးတယ်။ ပြောရရင်တော့ဗျာ မြင်မြင်ချင်း အကိုတယောက်ကို အားကိုးချင်တဲ့စိတ်ဝင်လာတတ်တဲ့
ပုံမျိုးပါ။
ကျနော်တို့က
ကိုထွန်းအောင်ကျော်တို့ ကိုရော်နယ်အောင်နိုင်တို့ကိုစိုးလင်းတို့ထက် အရင်တောထဲ ထွက်ခဲ့တာကို၊ကိုထွန်းအောင်ကျော်ကို
အရင်မြင်ခဲဖူးပြီးမှ ကိုမျိုးဝင်းကို မြင်ခဲ့ရတာ။
အဲတော့
ရောက်ရောက်ချင်းတော့ ဗဟိုကော်မတီကုန်းမှာပဲ တရက် နှစ်ရက်လောက် နေရသေးတယ်၊ စားတာသောက်တာလည်း
သူတို့နဲ့ အတူ ရောစားခဲ့ရသေးတယ်။
ကျနော်
စရောက်တဲ့အချိန်တုန်းက ဗဟိုမှာ လူသိပ်မရှိဘူး၊ ရှေ့တန်းတွေ ရောက်နေကြလို့ ရဲမေတွေလည်း
သိပ်မရှိဘူး။ အကုန်လုံးလိုလိုက ရှေ့တန်းရောက်နေကြတယ်။
ဗဟိုမှာက
ကော်မတီရုံးရှိမယ်၊ အတွင်းရေးမှူးတဲတို့ စစ်ရုံးတို့၊ စခန်းမှူးတဲတို့ မိန်းကလေးဆောင်တို့
ရိက္ခာထုတ်ရတဲ့ နေရာတို့…ဒါတွေပဲ ရှိတယ်။ အဲတုန်းက ဗဟိုမှာက အဲလောက်ပဲ။
ကျနော်တို့ကလည်း
သင်တန်းတက်ဖို့ရှိတော့စခန်းမှူးတဲနားက ဘားတိုက်ကြီးနား ဆင်းနေကြရတယ်။ လေးငါးရက်လောက်
ထိနောက်လူတွေကို စောင့်ရတယ်။ ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းဘက်က တက်လာတဲ့ လူတွေကို စောင့်ရတာပေါ့။
အဲဒီမှာ ကျနော်တို့နဲ့ အပတ်စဉ် (၅) သင်တန်းတက်ဖို့
အတူရှိနေတာက ကိုညီညီကျော်၊ကိုမြင့်ကျော်၊ ကိုရန်ရှင်း၊ ကိုအောင်ကျော်၊ ကိုသန်းထွန်းစိုး
တို့ပေါ့ အဲဒီမှာ သင်တန်းတက်ဖို့ စောင့်ရင်းနဲ့ လူကလည်း ၂၀ လောက်ဖြစ်လာတယ်။
အဲလို
စောင့်ရင်းနဲ့မှ တပ်အကြောင်းကိုနည်းနည်း သိလာရတယ်၊ စားစရာမရှိဘူးပေါ့၊ မျှင်ငါးပိလေးနဲ့
ဟိုအရွက် ဒီအရွက်လေးတွေ ရှာပြီးတော့ စားရတာမျိုးပေါ့ ၊ ရဲဘော်၊ ရဲမေတွေက အစားဆင်းရဲတယ်။
သေချာ ကျကျနန ရိက္ခာဖြည့်ဝေတယ်ဆိုတဲ့ စနစ် မတွေ့ရဘူး။
ရဲဘော်၊
ရဲမေတွေနဲ့ ကိုမျိုးဝင်းတို့လို တာဝန်ခံတွေ အစားအသောက်တွေကလည်း ကွာတယ်။ အနေအထားတွေလည်း ကွာတယ်။ ခရိုင်မှူးတွေဘာတွေလည်း
တရုတ်ပြည်ထဲသွားပြီး ပိုက်ဆံသုံးကြတာ သုံးနိုင်တာမျိုးတွေ ရှိတယ်၊ ရဲဘော်ရဲမေတွေလက်ထဲမှာ
တပြားမှ မရှိဘူး၊ စားစရာလည်း တကယ်ကို မရှိခဲ့ဘူး။
ဒါမျိုးတွေအပြင်
ရန်ကုန်မန္တလေးကလာတဲ့ သူတွေအနေနဲ့ ဒီထဲမှာ အရမ်းကြီး တပ်ပုံစံ ဖိစီးတာကို မကြိုက်ကြဘူး။
ဒီမိုကရေစီ ကျောင်းသားတပ်လို့ ပြောတဲ့အတိုင်း လွပ်လပ်ခွင့်ရှိစေချငတယ်။ ပြောခွင့်ရှိစေချင်တယ်။
လက်နက်ကိုင်တော်လှန်ရေးလုပ်နေတော့
တပ်ပုံစံသွားရမှာ မှန်ပေမဲ့ တကယ့်တသွေးတသံတမိန့်ပုံဆံမျိုးတွေ သွားနေတယ်လို့မြင်တယ်။
အဲဒီကတည်းက
သင်တန်းဆရာတယောက်က သူ တက်လာတာကို သတိမဆွဲလို့ ဆိုပြီး ပဲခူးကိုတင်ဋ္ဌေးဆိုတဲ့ တယောက်ကို
ပါးရိုက်ပစ်လိုက်တယ်။ ကျနော်တို့ အားလုံး…မြင်နေရတော့ စိတ်မကောင်းဘူး၊ စိတ်လည်း တိုကြတယ်။
ဒါမျိုးတွေပေါ့။
နောက်
ကျနော်တို့ မရောက်ခင်မှာပဲ မြတ်ကိုကို ဆိုတဲ့ ကျောင်းသားတယောက်ကို အာသံကုန်းမှာ သတ်ပစ်လိုက်တယ်။
အဲဒီ အာသံကုန်းကို အချို့ရဲမေတွေက အာသံကုန်းလို့ မခေါ်ကြတော့ဘူး မြတ်ကို ကုန်းလို့ ခေါ်ကြတယ်။
ကျနော်က
ဘာဖြစ်လို့လဲလို့ တိုးတိုးတိတ်တိတ်မေးကြည့်တော့…ကျနော်တို့ မရောက်ခင် လပိုင်းတုန်းကပဲ
ထောက်လှမ်းရေးဆိုပြီးတော့ ကျောင်းသားတယောက်ကို သတ်ပစ်လိုက်တယ်တဲ့။မြတ်ကိုကိုက ရေဆင်းတက္ကသိုလ်က
ကျောင်းသားတဲ့။
အဲဒါမျိုးတွေလည်း
ကြားရတော့ စိတ်မကောင်းဘူး။ စိတ်ထဲမှာလည်း တမျိုးချည်းဖြစ်တယ်။
တသွေးတသံတမိန့်သွားတယ်၊
လွတ်လပ်မှု မရှိဘူး၊ ဒီမိုကရေစီ မရှိဘူး၊ အထက်နဲ့အောက် အစားအသောက်တွေ အနေအထားတွေ ကွာကြတယ်။
ဒါတွေက ဒီမိုကရေစီတပ်လို့ ပြောရင် မဖြစ်သင့်ဘူးလို့ ကျနော်မြင်တယ်လေ။
ကျောင်းသားတယောက်ကို
ဒီလို လက်လွတ်စပယ်သတ်လိုက်တယ်ဆိုတာကိုလည်း လက်ခံလို့ မရကြဘူး။
အဲဒီမှာ
အပတ်စဉ်(၅) သင်တန်းက ၁၉၈၉ခုနှစ်အောက်တိုဘာလထဲမှာစဖွင့်ပြီ။ သင်တန်း ဆိုတာကလည်း ထုံးစံအတိုင်းပေါ့
မနက် ပီတီပြေးပေါ့။ အစားဆင်းရဲ အနေဆင်းရဲနဲ့ အရမ်းအေးတဲ့ အချိန်တွေရောက်လာတော့လည်း
တော်လှန်ရေးဆိုတဲ့ စိတ်နဲ့ လုပ်ခဲ့ကြတာပါပဲ။
သင်တန်းတက်လို့
လပိုင်းလောက်ပဲ ကြာတယ်၊ အဲဒီသင်တန်းမှာလည်း ဘာဖြစ်လဲဆိုတော့ ကိုမျိုးဝင်းတို့ဘာတို့က
လူမွေးတယ်ဗျ။ သန်းဇော်တို့ ဘာတို့ကို ခေါ်ခေါ်တွေ့တယ် လူမွေးတယ်။အဲဒါတွေကိုလည်း သင်တန်းသားတွေက
မကြိုက်ခဲ့ကြဘူး။
အဲဒီတုန်းက
ကျနော်တို့တွေက လူငယ်တွေပါပဲ၊ ကျနော့်အသက် ၂၁ နှစ်လောက်နဲ့ တောထဲရောက်သွားတာကို၊ အဲဒီအရွယ်ဆိုတော့
ကျယ်ကျယ်ပြန့်ပြန့်လည်း မတွေးနိုင်ဘူး၊ နိုင်ငံရေးကိုလည်း ကျယ်ကျယ်ပြန့်ပြန့်မသိဘူး၊ဒါပေမဲ့
ကျနော်တို့ အားလုံးက တိုင်းပြည်အတွက် ဒီမိုကရေစီအတွက်ဆိုပြီး တောထဲကို ထွက်ခဲ့ကြတာတော့
အမှန်ဘဲလေ။
ရှေ့ဆက်ဖော်ပြပေးပါမည်။
No comments:
Post a Comment