Friday, September 7, 2012

သမိုင်းရိုင်းတိုင်း တို့ ရိုင်းလို့ မဖြစ်ဘူး

သမိုင်းရိုင်းတိုင်း တို့ ရိုင်းလို့ မဖြစ်ဘူး

by Kyaw Gyi AB on Friday, September 7, 2012 at 8:20pm ·



ကျေး ခွေ ကျေး
ကျေး ခွေ ကျေး ...... ကျေး
စစ်အာဏာ သိမ်းပြီးစ အချိန်
ပအို့ ဝ်( PNA ) နယ်မြေမှာ ကျောင်းသားတွေ စစ်သင်တန်းယူနေတာပါ
နေမကောင်းကြောင်း ပြောပြီး အနားယူလို့  ရပေမဲ့
ငါတော်လှန်ရေးကို ယုံတယ် ဆိုတဲ့  မီးခဲလို ကိုယ်ပူနေတဲ့ အောင်မင်း
သင်တန်းအပျက်မခံပါဘူး ။
အများနည်းတူ ကျေး ခွေ ကျေး နဲ့ ပေါ့
ကျောင်းသားဆေးမှူး နိုင်ကြည်မင်း (နေလ)က ဆေးခိုးခွံ့ ခဲ့ပေမဲ့
တန်းဖြုတ်ချိန်  မဟန်နိုင်တော့တဲ့ အောင်မင်း   ပစ်လဲသွားပါ သတဲ့
စိတ်ဓါတ် ပြင်းထန်တဲ့ အောင်မင်း
ဒီမိုကရေစီ အရေးတော်ပုံကြီးပြီးရင်တော့ ဒေါ်အောင်ဆန်းစုကြည် ဘက်စမင်းပဲ ဖြစ်ချင်တယ်လို့ 
တဖွဲ့ ထဲအတူနေ ဝင်းမြင့်ထွန်း ကို အမြဲပြောတတ်သူ

ဒီအကြောင်းကို ပြောပြတာက သင်တန်းတက်ဖက် မျိုးလှိုင် ( ၈.၈.၈၈ မှာ သေနတ်မှန်ခဲ့သူ )
ပြောပြနေတာက ကျောင်းသားရဲဘော်ဟောင်းတွေ
လုပ်ဖော်ကိုင်ဖက်ဟောင်းတွေ (ပအို့ ဝ်၊ရှမ်း၊ ပလောင် ..........ပြန်)တွေရဲ့
(၁၀)တန်းအောင် သား/သမီးတွေကို ဂုဏ်ပြုတဲ့ပွဲ မှာပါ
ရုတ်တရက် ပြောချလိုက်တော့
စည်ကားနေတဲ့ ညစာစားပွဲလေး တိတ်ဆိတ်သွားတယ်
တချို့ မျက်ရည်ဝဲ လို့ 
တချို့ ငို လို့ 
အော် - မသေတဲ့ ကျွန်တော်တို့ တတွေ သားသမီးတွေတောင် တက္ကသိုလ်တက်ချိန် ရောက်ခဲ့ပေါ့-

အချိန်တွေကုန်ဆုံးခဲ့ပါပြီ
အနှစ် ( ၂၀ )ကျော်ဆီက ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေလဲ အမေ့ခံ အလျော့ခံ အဖြစ်
ကျောင်းသား အစစ်ဆိုတာတောင်
တစ်ယောက်ယောက် ထောက်ခံချက်ဆောင်ရတော့မယ် ထင်ပါ့
အမှန်က မျက်ကွယ်ပြုဆဲ ...
ဒီတော့လဲ ကျွန်တော်တို့  ကျိတ် ဂုဏ်ယူမှုနဲ့ ပဲ နေရတော့မလား
သူတို့ ဟာ -
နိုင်ငံအတွက်ပါ လို့ လဲ မပြော
လူမျိုးအတွက်ပါ လို့ လဲ မကြွေးကြော်
မကျော်မကြား ကျောင်းသားလူငယ်များ အဖြစ်
အမှန်တရား ချစ်စွာနဲ့ ဘဝအသက်စွန့် လှူခဲ့ သူတွေလေ...

သူတို့ အတွက် ဝန်ခံဂတိပြုချက်နဲ့ အသက်ရှင်သူတွေ
အတိတ်ဝန် အကြွေး
ဒီနေ့  ပေးဆပ်နိုင်ပါ ဦးမလား ဆိုတာ ........
· · · Share

No comments:

Post a Comment