Wednesday, January 9, 2013

နန်းအောင်ထွေးကြည်ရဲ့ မြောက်ပိုင်း ခရီး(၁၉)

ABSDF ကျောင်းသူ ရဲမေဟောင်း နန်းအောင်ထွေးကြည်ရဲ့ မြောက်ပိုင်း ခရီး(၁၉)

by May Thingyan Hein on Friday, December 28, 2012 at 2:29am ·
ဒီဇင်ဘာလ ၂၈၊ ရန်ကုန်မြို့။

အပိုင်း (၁၉)

ကိုယ်ကလည်း KIA ကို ပြောင်းပြီ ဆိုတော့ ၀မ်းနည်းသလိုလို ဘာလိုလိုဖြစ်တာပေါ့ အဲဒီမှာ ကျန်တဲ့ ၈ ဦးကနေ ကျမကို ၀ိုင်းပြီး အားပေးကြတာပေါ့၊ စမားညီညီတို့ ဘာတို့ကလည်း အားပေးတယ်။ ဒါ အကောင်းဘက်ကို ဖြစ်တာပေါ့လေနော်၊ ထူးခြားပါလိမ့်မယ်လို့ ၀ိုင်းပြီး ပြောကြတယ်။

ကျမစိတ်ထဲမှာက ဗိုလ်ချုပ်ဇော်မိုင်ကနေပြီးတော့ တရားဝင် ဖုန်းထဲမှာ ပြောလိုက်တဲ့ မင်းနဲ့ ဒီကျောင်းသား တပ်မတော်နဲ့ ဘာမှ မဆိုင်တော့ဘူး ၊ မင်းရဲ့ တာဝန်ထမ်းဆောင်ခြင်း ဘာဘာညာညာ အကုန်လုံးကို ဒီ KIA က အကုန် တာဝန်ယူ ဖြေရှင်းသွားတော့မယ်၊ မင်းက KIA ရဲမေ ဖြစ်သွားပြီ ဆိုကတည်းက ခံစားလိုက်ရတာ။ ကျမ တောထဲကို လာခဲ့တာ KIA အတွက် လာခဲ့တာ မဟုတ်ဘူးလေ၊ ကျောင်းသား တပ်မတော်ဆိုပြီး လာခဲ့တာ။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ကျမတို့ အခြေအနေအရသာ ဒီလိုတွေဖြစ်ခဲ့ကြတာ ကျမတို့ရဲ့ ရင်ထဲမှာ ABSDF-NB ဆိုတာ ရှိတယ်။ အားလုံး ရင်ထဲမှာ ရှိတယ်။ သံယောဇဉ်ဆိုတာ ရှိတယ်၊ ပြီးတော့ ဒီအဖွဲ့အစည်းကို ကျမတို့ အားလုံး ချစ်တယ်။ ဆိုတော့ ကျောင်းသား တပ်ကို တည အိပ်ဖို့ ပြန်ရောက်လာတော့ ခံစားရတာ…ဘယ်လို ပြောရမှန်းမသိဘူး၊ ခံစားချက်ကလေ တော်တော်ပြင်းတယ်။ ကြေကြေ ကွဲကွဲ ပဲ..သိလား။

ကျမ ကိုရဲတို့နဲ့ ၉ ယောက်ထားတဲ့ တဲထဲမှာပဲ ဘာဖြစ်ကြမလဲ ဆိုပြီးတော့ နေနေတာ၊ အားလုံးကတော့ သိတယ် မဟုတ်လား ငြိမ်သွားကြတာပေါ့။ ကျမကလည်း ဘယ်မှလည်း မသွားဘူး။ အဲဒီအချိန်မှာ သံချောင်းက ကျမကို ခေါ်တယ်။ မငယ်တဲ့… တွေ့ချင်တယ် ဆိုတော့ ကျမ တက်တွေ့လိုက်တယ်။

တက်တွေ့လိုက်တော့ သံချောင်းက မင်းပြောင်းပြီပေါ့…တဲ့။ သူက အဲလိုလေး မေးတယ်။ ဟုတ်တယ် Cs လို့ ကျမ ပြောင်းပြီလို့ ပြောပြီး ဒါအကောင်းဆုံးဖြစ်လိမ့်မယ်လို့ ကျနော် ထင်တယ်လို့ ပြောလိုက်တယ်။ သံချောင်းက အကောင်းဆုံးဖြစ်ပါစေလို့ ငါဆုတောင်းပေးလိုက်ပါတယ်တဲ့.. သူက အဲလိုပြောတယ်။ တကယ်လည်း သူနဲ့ ဘာမှ မဆိုင်တော့ဘူးလေ။ အဲဒီတော့ သူက စောမြအောင်ကို ခေါ် လိုက်တယ်။ စောမြအောင်ဆိုတာ ကျမတို့ ၀ါဒဖြန့်ချိရေးက တာဝန်ခံ။ စောမြအောင်ရောက်လာတော့ သူက မငယ်က KIA ကို ပြောင်းတော့မယ်လို့ ပြောပြတယ်။

အဲဒီမှာ စောမြအောင်ရဲ့ မျက်နှာက အရမ်း အံ့သြသွားတယ်။ စောမြအောင်က ကျမနဲ့ အပတ်စဉ် ၃ တူတူတက်ခဲ့တာ။ နောက် ၀ါဒဖြန့်ချိရေးကို စဖွဲ့တော့လည်း အတူတူပဲ။ စောမြအောင်က နင်သွားပြီလား ဆိုပြီး အံ့သြနေတာ၊ ကျမက အေး …ဒါ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ပြောပြတယ်၊ သံချောင်းက စောမြအောင်ကို လှမ်းပြောတယ်။ မငယ်ကို ဂစ်တာ တလုံးပေးလိုက်ပါတဲ့…ကျောင်းသား တပ်ရဲ့ နောက်ဆုံး လက်ဆောင်တဲ့…။ ကြိုက်တဲ့ ဂစ်တာ တလုံး ယူပါစေ တဲ့…။ သံချောင်းက အဲလို ပြောပြီး နှုတ်ဆက်တယ်။

အဲဒါနဲ့ ကျမ ပရိုတင်းတဲကို ရောက်သွားတယ်။ ၀ါဒဖြန့်ချိရေးမှာ ကျမ အမြဲတမ်း တီးနေတဲ့ ကျမရဲ့ အကြိုက်ဆုံး ဂစ်တာလေး တလက်ကို ယူလိုက်တယ်။ စောမြအောင်က နာမည်လေး ရေးပေးတယ်။ ဂစ်တာလေး ပိုက်ပြီး ပြန်လာခဲ့တယ်။

တဲထဲမှာလည်း အားလုံးက ငြိမ်နေတယ်၊ ပြောင်းပြီ ဆိုတော့ ဘယ်လိုဖြစ်သွားမှန်းကိုမသိတာ၊ နောက်တချက်က အဲလို မပြောင်းလို့လည်း မရဘူး၊ အကျယ်ချုပ်နေရတဲ့ အချိန်တုန်းက အရမ်း သိမ်ငယ်တယ်။ ကိုယ်လည်း ကိုယ့်စိတ်ဓါတ်နဲ့ကိုယ် တောခိုလာတာပဲ၊ ဒါပေမဲ့ တခြား လူတွေနဲ့ ရဲဘော်တွေနဲ့ကို သပ်သပ်ဖြစ်သွားတာ၊ ကျမတို့ကို အဲလိုခွဲခြားထားလိုက်တော့ ခံစားရတယ်၊ သိမ်ငယ်လာတာပေါ့။ ကိုယ့်ဟာကိုယ်ပဲ တဲထဲမှာ နေကြတော့တယ်။

ပြီးတော့ သံချောင်းတို့ အောင်နိုင်တို့ကလည်း ကျမတို့ တွေကို ဘာလုပ်ရမှန်း မသိဘူး၊ အမေတွေ လာခေါ်တုန်းကလည်း ပြန်မလွှတ်ဘူး၊ တချိန်ချိန်မှာ ခုတ်သတ်လိုက်ဆိုရင် ဘယ်လိုလုပ်မလဲ။ သတ်ဖို့ကလည်း လုပ်ထားပြိးပြီ၊ ၅၅ ဦး ထွက်ပြေးတာနဲ့ သတ်ဖို့ဆိုပြီး လုပ်ထားပြီးပြီ၊ ဆိုတော့ အကျယ်ချုပ်ထားပေမဲ့ စိုးတထိတ်ထိတ်နေနေရတဲ့ ဘ၀။ အဲဒါကြောင့် KIA ပြောင်းရင်တော့ တခုခုတော့ ထူးခြားမယ်ဆိုပြီး ပြောင်းခဲ့လိုက်တာ။

နောက်တနေ့ မနက်ပေါ့၊စက်တင်ဘာလ ၄ ရက်နေ့မှာတော့ KIAက လာခေါ်ပြီ။ အထုတ်အပိုးတွေနဲ့ပဲ ဗိုလ်ချုပ်ဇော်မိုင်က ချက်ချင်းလိုက်ခဲ့ပါဆိုတာနဲ့ ဗိုလ်ချုပ်ဇော်မိုင်ကို သွားတွေ့လိုက်တယ်။

သွားတွေ့လိုက်တော့ အားလားလား တကယ်ကြောက်သွားတယ်။ ဗိုလ်ချုပ်ဇော်မိုင်နဲ့ KIA ရော KIO ကရော လူကြီးတွေ အရာရှိပိုင်းတွေပေါ့ ၀ိုင်းထိုင်နေကြတာ။ KIA ထောက်လှမ်းရေးက လူတွေလည်း ပါတယ်။ ဟာ …ငါတော့ သွားပြီလို့ အဲလိုကို ဖြစ်သွားတာ။

ကျမကို ထိုငခိုင်းလိုက်တဲ့ နေရာကလည်း အဲဒီလူကြီးတွေရဲ့ အလယ်ခေါင်မှာ ခွေးခြေခုံလေးတလုံးချထားပြီး အဲဒီမှာ ထိုင်ခိုင်းတာ၊ သွားပြီလို့ ပြဿနာပဲပေါ့။ အဲလိုဖြစ်သွားတာ။သိတယ် မဟုတ်လား တရားရုံးတွေမှာ အလယ်မှာ ထိုင်ပြီး အစစ်ခံရသလိုကို ဖြစ်နေတာ၊ ထိုင်နေတဲ့အနေအထားကလည်း ဒူသိန်းဆွေ ဒူခွန်မော်နဲ့ အခြားKIA ကထောက်လှမ်းရေးအရာရှိတွေကို  မျက်နှာခြင်းဆိုင်ပြီး ထိုင်နေရတာ ။ ပြီးတော့ဒူသိန်းဆွေက ကျမ ကျောင်းသားတပ်မှာထွက်ဆိုထားတဲ့စစ်ချက် ဖိုင်ကို ကြည့်ပြီး မေးခွန်းတွေ မေးတယ်။

ကျမလည်း ပြောရတာပေါ့ နန်းအောင်ထွေးကြည်ပေါ့၊ ထောက်လှမ်းရေးပါပေါ့ ကိုယ်ပိုင်နံပတ် ဘယ်လောက်ပေါ့။ ကျောင်းသားတပ်ကို ဖြိုခွဲဖို့ လာတာပေါ့၊ ရေလှိုင်း စစ်ဆင်ရေးပေါ့ အဲဒါတွေကို အစအဆုံးပြန်ရွတ်ပြရတာ။အဲဒါတွေ အစအဆုံး၇ွတ်ပြပြီးတော့မှ ရာထူးက ပြန်ပြောတဲ့။ ဟာ ပြသနာပဲပေါ့။ နောက် ကိုယ်ပိုင် နံပတ်တဲ့။ ကိုယ်ပိုင်နံပတ်ပြောတာ၊ အဲဒီ ကိုယ်ပိုင် နံပတ်က တကယ်ပဲလား တဲ့…အဲလို မေးတယ်။ ကျမကလည်း ဟုတ်တယ်ပေါ့။ အဲဒီမှာ ရယ်ကြတယ်၊ တယောက်တပေါက်တွေ ရယ်ကုန်ကြရော။

မင်း ကိုယ်ပိုင်နံပတ်က ဘယ်လောက်လဲ လို့ ထပ်မေးတယ်၊ ကျမက ကိုယ်ပိုင်နံပါတ်က  က/၁၇၅ဝ ဖြစ်တယ်လို့ ဖြေတော့၊ KIA မှအရာရှိ ကြီးတဦးကတော့ပြောပါတယ် .. မင်းဘာလို့ ဒုဗိုလ်ဖြစ်လဲ.. ဗိုလ်ချုပ်ကြီးအဆင့်ဖြစ်ရမှာပေါ့တဲ့။

အဲဒီတော့ မင်းကို ငါမေးမယ်တဲ့… ခင်ညွှန့်ရဲ့ ကိုယ်ပိုင်နံပတ် သိလားတဲ့။ ကျမကလည်း မသိဘူးပေါ့။ ခင်ညွှန့်ရဲ့ ကိုယ်ပိုင်နံပတ်ကတဲ့ ၅ လုံး ရှိတယ်တဲ့၊အဲလိုပြောပြီးတော့ မင်းအဖေရဲ့ ကိုယ်ပိုင် နံပတ်ကို ပြောတယ်၊ ပြောတော့ ၆လုံး၊ မင်း ကိုယ်ပိုင်နံပတ်က ၄ လုံးဆိုတော့ဆိုပြီး ပြောပြီးတော့ ရယ်တယ်၊ ကျမကတော့ ဟာ …ငါတော့ သေပြီ။ ငါ ညာတာတွေတော့ ပေါ်ပြီပေါ့နော်၊ ငါ့ကိုတော့ ဖြုတ်ပြီလို့ အဲလိုတွေးနေတာ။

အဲဒါနဲ့ ကျမက ထောက်လှမ်းရေးပါဆိုတာကို ထွက်တုန်း ကြောက်တာလေ သေမှာ ကြောက်တာနဲ့ မဟုတ်ဘူး ကျမ ထောက်လှမ်းရေးပါလို့ ပြောနေတုန်းပဲ။
အဲဒီမှာ ဗိုလ်ချုပ်ဇော်မိုင်က တော်လိုက်တော့တဲ့…မင်း ဒါတွေကို မေ့လိုက်တော့တဲ့..။ မင်း ထောက်လှမ်းရေး မဟုတ်ဘူး ဆိုတာ ငါ သိတယ်တဲ့…။ မင်းတို့တွေ မှားကုန်ကြပြီတဲ့…။

အဲဒီမှာ ကျမ ငိုတော့တာပဲ…တအားကို ငိုတော့တာ။ ပြီးတော့ ဘာကြောင့် ဒီအတိုင်းနေနေကြတာလဲလို့ ကျမ မေးလိုက်တယ် ဗိုလ်ချုပ်ဇော်မိုင်ကို။

အဲဒီတော့ ဗိုလ်ချုပ်ဇော်မိုင်က …ငါမရှိဘူးတဲ့။ အဲလိုဖြစ်တဲ့ အချိန်မှာ ဗိုလ်ချုပ်ဇော်မိုင်က အိန္ဒိယ ဘက်ကိုလား မသိဘူး ရောက်နေတယ်။ KIA တပ်ထဲမှာ မရှိဘူး။

နောက် အခု KIO ဥက္ကဋ္ဌကလည်း ၀င်ပြောတယ်၊ ကျနော်တို့ တားပါတယ်တဲ့ ကျောင်းသား တပ်ကို ၊ ကျနော်တို့ ပြောနိုင်သလောက် ပြောခဲ့တယ်တဲ့။  နောက် ကျောင်းသားတပ်မတော်က KIA ရဲ့ လက်အောက်ခံ တပ်မဟုတ်ဘူးတဲ့၊ အဲဒါကြောင့် ငါတို့ တားချင်တိုင်းလည်း ၀င်တားလို့မရဘူး ဆိုတာကို ရှင်းပြတယ်။

နောက်မေးတယ် တပ်ထဲမှာ ဘယ်နှစ်ယောက် ကျန်သလဲတဲ့…။ ၈ ယောက်ကျန်တယ်လို့ ကျမ ဖြေတယ်ပြီးတော့ အဲဒီ ၈ယောက်စလုံးကို ခေါ်ပေးပါလို့ ပြောတော့ ငါတို့က ခေါ်ချင်တိုင်း ခေါ်လို့မရဘူးတဲ့။ အချိန်ယူရလိမ့်မယ်လို့ ပြောခဲ့တယ်။

အဲဒါနဲ့ KIA မှာ ရဲမေအနေနဲ့ တာဝန်ထမ်းတယ်။  အဲဒီမှာ တရက်ကြတော့ သံချောင်းက ရောက်ချလာရော။ အဲဒါ ဘာလာလုပ်လဲ ဆိုတော့ ကျမကို ဗိုလ်ချုပ်ဇော်မိုင် ဆီကနေ ပြန်လာတောင်းတာ။  ဘာလို့လဲ ဆိုတော့ ကျောင်းသားတပ်ထဲမှာ ဘုန်းကြီး တပါး ဖမ်းထားတယ်တဲ့။အဲဒီ ဘုန်ကြီးကို ထောက်လှမ်းရေးလားဆိုပြီးတော့  ဘုန်းကြီးကို သတ်ရမယ်တဲ့…ပြီးတော့ အဲဒီ ဘုန်းကြီးက ကျမနဲ့ ဆက်စပ်မှု ရှိရမယ်ဆိုပြီးတော့ ကျမကို KIA ကနေ ပြန်လာတောင်းတယ်။ ဗိုလ်ချုပ်ဇော်မိုင်က မပေးဘူး။
ဗိုလ်ချုပ်ဇော်မိုင်က ကျမကို သံချောင်းလာပြန်တောင်းတဲ့ အကြောင်း ပြောပြရင်း မေးတယ်။

အး ခုမင်းဘယ်လိုထင်လဲ .. တဲ့ကျမကိုမေးလာ ။  ကျမက ဗိုလ်ချုပ်ဇော်မိုင်ကို ပြောလိုက်တယ်။ ဒူကမ္ဘာCS ကျမ ဒီမှာ ဆက်မနေချင်တော့ဘူး။အိမ်ပြန်ချင်ပြီ ။ပြန် ခွင့်ပေးပါလို့ခွင့်တောင်းလိုက်တယ်။ KIA မှာဆက်ပြီးတာဝန်ထမ်းဆောင်ချင်ပေမဲ့ ခုလိုမျိုးဆိုရင်တော့ ရှေ့ဆက်မနေတာ အကောင်း  ဆုံးပါလို့ CS ဇော်မိုင်ကို ပြောခဲ့ပါတယ်။

တကယ်ကိုဘဲ အမေ့အိမ်ပြန်ချင်ပြီ ၊ အမေ့ကိုလည်း အရမ်း လွမ်းနေပြီ၊ တကယ်ပြန်ချင်ပြီလို့ ပြောတော့ ဗိုလ်ချုပ်ဇော်မိုင်က ပြန်ခွင့်ပေးပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်ဇော်မိုင်က ပြောတယ်။ မင်း စဉ်းစားပါတဲ့။  အိမ် မပြန်နဲ့တဲ့။ အိမ်ပြန်တာထက် မင်းအကိုနဲ့လိုက်သွားတာ ပိုအဆင်ပြေမယ်ထင်တယ်လို့ ငါထင် တယ်.လို့ ဗိုလ်ချုပ်ဇော်မိုင်က အကြံပေးတယ်။ အေးအေး ဆေးဆေး ခေါင်းအေးအေးထားပြီး စဉ်းစား ဆုံးဖြတ်လို့လည်း ပြောတယ်။ စဉ်းစားတော့ ဟုတ်တယ်၊ အဲဒါနဲ့ ဗိုလ်ချုပ်ပြောတာ ဟုတ်တယ်ဆိုပြီးတော့။ နောက်တနေ့တော့ ဒူကမ္ဘာ CS ဇော်မိုင်ကို ကျမ အကိုတော်စပ်သူပီစိုင်းထွန်း ဆီသွားဖို့ ဆုံးဖြတ်တဲ့အကြောင်း ပြောပြတယ်။ အဲ့ဒါနဲ့ ဒူကမ္ဘာ CS က ကျမအတွက် ဘန်ကောက်သွားဖို့ စီစဉ်ပေးခဲ့တယ်။ပြီးတော့ အကို့ဆီကိုလည်း လှမ်းပြီး အကြောင်းကြားပေးခဲ့တယ်။ ဒီလိုနဲ့ မြောက်ပိုင်းကနေ ထွက်ခွာဖို့ ဖြစ်လာတော့တာပဲ။


တော်လှန်ရေးလုပ်ဖို့ တောခိုလာခဲ့တာ ခုလို သမိုင်းဖျက်ခံရပြီး ပြန်ရမယ်လို့ ဘယ်သူ ထင်မှာလဲနော်။

( မိတ်ဆွေတို့ရေ ….ဒီနေရာမှာ ခဏ ရပ်ပြီး ကျမတို့စဉ်းစားကြရအောင်၊ မနန်းအောင်ထွေးကြည်ရဲ့ မြောက်ပိုင်း ခရီးကတော့ ဒီနေရာမှာ ရပ်လိုက်မယ်ဆိုရင်လည်း ရပ်လို့ရပါပြီ။

ကျမကတော့ မနန်းအောင်ထွေးကြည် မြောက်ပိုင်းကနေ ထွက်လာပြီး နောက်ပိုင်း အကြောင်းတွေကနေ နောက်ဆုံးရန်ကုန်ပြန်ရောက်ချိန်အထိ ရေးမယ်လို့ စိတ်ကူးထားခဲ့တယ်။

ဒါပေမဲ့ မြောက်ပိုင်း ခရီးစဉ်အနေနဲ့တော့ မဟုတ်တော့ဘူး… အခြား ခေါင်းစဉ်တခု ပြောင်းပြီး ဆက်ရေးမယ်လို့ စိတ်ကူးထားပါတယ်၊(အင်း…အမ ဆက်ပြောပြရင်ပေါ့လေ၊ ကျမကတော့ ဆက်ရေးနိုင်ဖို့ ကြိုးစားပါဦးမယ်)

မြောက်ပိုင်း ခရီးအတွက်ကတော့ ကျန်တဲ့ သူတွေကို ဆက်မေးမယ်လို့ ဆုံးဖြတ်ထားတဲ့အတိုင်း ဆက်မေးပါမယ်၊

မိတ်ဆွေများ အကြံပေးပါဦး မနန်းအောင်ထွေးကြည်ရဲ့ မြောက်ပိုင်း ခရီးစဉ်ကို ဒီနေရာမှာ ရပ်ထားပြီး အခြားခေါင်းစဉ်တခုနဲ့ ကျန်အပိုင်းတွေကို ဆက်ရေးစေချင်ပါသလား၊

ဒါမှမဟုတ် ဒီခေါင်းစဉ်အောက်ကနေပဲ ကျန်အပိုင်းတွေကို ဆက်ရေးစေချင်ပါသလား၊


ကျမ ဆီကို message ပို့ပြီး အကြံပေးလို့ရသလို၊ comment တွေကလည်း အကြံပေးလို့ရပါတယ်၊

 မြောက်ပိုင်း နဲ့ တောင်ပိုင်း ခရီးစဉ်တွေကို  စာအုပ်ထုတ်မယ်လို့ စိတ်ကူးထားတဲ့ အတိုင်း စာအုပ်ထုတ်ဖို့လည်း စဉ်းစားနေပါတယ်)

မိတ်ဆွေများ အားလုံးကို လေးစားချစ်ခင်လျက်ပါ

မေသင်္ကြန်ဟိန် (မြစ်မခ)
Unlike · · Share

  • Nay Min ဦး မိုးသီးဇွန် ကြီးကို ဗျူးပြီးတော့လည်း တင်စေချင် ပါတယ်ခင်ဗျာ
  • Mg Aye ကောင်းပါတယ် သီးခြားစီ ဒါကျနော် အကြံပေးချက်ပါ
  • Ye Myint လေသီးဇွန်ကို ဗျူးရင် ပထမဆုံး တယောထိုး ငိုပြမယ်။ သူ့ ရုပ်ကြီးနဲ့ ။
  • Peti Khin kiaကစစ်တပ်ကိုတော်လှန်နေတာပါ။ထောက်လှန်းရေးအဖြစ်သံသရရှိသူ နန်းအောင်ကြည်ထွေးကိုဘာလို့အလွယ်တကူလက်ခံခဲ့လည်း။အလွယ်တကူKIAကနေထွက်ခွင့်ပေးလဲ။absdfမှာကျောင်းသား၈ယောက်မှာသူတယောက်သာဘာကြောင့်ရွေးခေါ်တာလဲ။လျွှို့ဝှက်ခိက်ရှိသလိုပဲ
  • Wann Minn Htun ကျွန်တော်မေးစေချင်တဲ့လူတွေ
    ၁၊ ရော်နယ် အောင်နိုင် ၂၊ ကိုသံခဲ ၃၊ မခင်ရွှေလှိုင် ၄၊သံချောင်း ( ဖြစ်နိုင်မယ်တော့မထင်ပါ ) ၅၊ သန်းဇော် ၆၊ ဇော်ဇော်မင်း ၇၊လှဆိုင်း ၈၊ ကျော်ကျော် (ကချင်) ၉၊ သိုက်ထွန်းဦး
    မိုးသီးဇွန်နဲ့ Dr နိုင်အောင်ကိုတော့ မေးမနေနဲ့တော့ သူတိ
ု့ဘယ်လိုလူလဲဆိုတာ စာဖတ်သူတွေသိပြီးသားပါ၊ တကယ်တော့ စစ်ထောက်လှန်းရေး ကိုသွားမေးစရာမလိုအောင်အဖြေက ထွက်ပြီးသားပါ၊
    ကိုမျိုးဝင်း တိုက်ပွဲဘယ်လိုကျသွား လဲ သိချင်ပါတယ် ၊ ဒါလဲဖြစ်နိုင်မယ် မထင်ဘူးနော်၊
    အပေါ်ကလူတွေကိုမေးလိုက်ရင် ပြည့်စုံသလောက် ရှိပါပြီ၊ but သူတို့ကအမှန်အတိုင်းဖြေပါမလား?? သူတို့မှာ အဖြေမရှိတာတော့ သေချာတယ် ၊
  • Wann Minn Htun hi Peti Khin, that is because of her brother(ပီစိုင်းထွန်း), if u read all u will understand.
    ကျွန်တော်ဒီဇတ်လမ်းကို ဖတ်နေတာ တစ်နှစ်ကျော်ပြီ
  • Myat Mon မြောက်ပိုင်းခရီးအနေနဲ့ပဲဆက်ရေးစေချင်ပါတယ်...ဒီခရီးက အစ်မနန်းအောင်ထွေးကြည် အခုရန်ကုန်ပြန်ရောက်မှဆုံးတာလို့ထင်ပါတယ်...
  • Kyaw Soe Win မြောက်ပိုင်းခရီးစဉ် ကတော့ ပြီးမယ်ဆို ပြီးလို့ရပါတယ်။
    မငယ်ရဲ့ ခရီးစဉ်ကတော့ မပြီးသေးပါဘူး။နှောက်ပိုင်းသူ့ရဲ့ ပုဂ္ဂလိက ဘဝဖြတ်သန်းမှုတွေထဲမှာ
    မြောက်ပိုင်းရဲ့ဖြစ်ရပ်နဲ့ ဆက်စပ်နေတာတွေကို အသားပေးဖော်ပြနိုင်ရင်တော့ အကောင်းဆုံးဖြစ်မယ် ထင်ပါတယ်
  • Kyaw Kyaw Naing ကျွန်တော်ကတော့အခုမနန်းအောက်ထွေးကြည်ရဲ့မြောက်ပိုင်းခရီးလိုမျိုး ကျန်တဲ့သူတွေရဲ့မြောက်ပိုင်းခရီးဆိုပြီးဆက်ရေးစေချင်တယ် မနန်းအောင်ထွေးကြည်ရဲ့ကျန်တဲ့အပိုင်းကိုတော့အိမ်ပြန်ခရီးဆိုပြီးတော့ အခုမြန်မာပြည်ပြန်ရောက်တဲ့အချိန်လှုပ်ရှားမှုတွေ သူ့ရဲ့ခရီးစဉ်အတွေ့အကြုံ ခံစားချက်တွေကိုရေးရင်ကောက်းမယ်ထင်တယ် ကျွန်တော့်သဘောဆန္ဒကိုပြောပြတာပါ ဆရာလုပ်တာမဟုတ်ပါဘူး နောက်တစ်ခုက ကျွန်တော်အပိုင်း ၁၆, ၁၇ မဖတ်လိုက်ရဘူး စောင့်ဖတ်နေရင်းနဲ့ဘယ်လိုကျော်သွားလဲမသိဘူး အဆင်ပြေရင်အစအဆုံး တစ်ခါလောက်ပြန်တင်ပေးပါဦးအစ်မ ကျေးဇူးတင်ပါတယ်
  • Robert Hla Tun ဆက်ရေးစေချင်ပါတယ်
  • Re Searcher kia မှာ ဘယ်လောက်ကြာ နေခဲ့သလဲ။ တစ်ခြားခေါင်းစဉ် မပြောင်းပဲ မြောက်ပိုင်းကိုပဲ ဆက်ပါ။ လူသတ်တဲ့ တရားခံတွေ လုံးလုံးပေါ်အောင် မြောက်ပိုင်းကိုပဲ မွေနှောက်ပြီး ရေးစေချင်တယ်။ တကယ်လို့ တစ်ခြားခေါင်းစဉ်ပြောင်းယင်လည်း မြောက်ပိုင်း အကြောင်းကိုပဲ ဆက်ရေးစေချင်တယ်။ အမှန်တရားကို တရားစီရင်ပြီးတဲ့တစ်နေ့တော့ မြောက်ပိုင်းနဲ့ မဆိုင်တဲ့ ခေါင်းစဉ်ကို ပြောင်းလို့ရပြီလို့ ကျွန်တော်က မြင်ပါတယ်။
  • Nyinyi Zaw မနန်းအောင်ထွေးကြည်ရဲ့ မြောက်ပိုင်း
    ခရီးဆိုရင်တော့ ဒီနေရာမှာဘဲရပ်လို့ 
    ရပါပြီ ခေါင်းစဉ်ကိုက မြောက်ပိုင်းခရီး
    လို့ ရေးထားလို့ ပါ တကယ်တော့ဆက်
    ဖတ်ချင်ပါတယ် ဖြစ်နိုင်တော့ သံချောင်း

    ရဲ့ စကားသံကိုလဲ ဖတ်ချင်ပါတယ်
    သံချောင်း နဲ့ ရော်နယ်အောင်နိုင်တို့ 
    ပြောတာတွေဖတ်ရရင်တော့ဖြစ်စဉ်
    ကိုအတော်တိတိကျကျသိနိုင်မယ်လို့ 
    ထင်ပါတယ် မြစ်မခ အားထုတ်မူ့ ကို
    ဂုဏ်ပြုပါတယ်
  • Phayphay Maymay ဘယ်လိုဘဲတပ်တပ်ပါ ဆက်ရေးဖို့လိုတာပါ အားပေးတယ် အကြောင်းအရာတွေကို စိတ်ဝင်စားလို့ပါ
  • Pyaesone Win 1st wish to continue,2nd to change the half name of title (from Northern-Trip to Return Home from Northern Trip)..if may be.......
  • မိုး စဲ ခေါင်းစဉ်ပြောင်းပြီး မငယ်အကြောင်း ဆက်ရေးတာ ဖတ်ချင်ပါတယ် ဘာဖြစ်လို့ ဆိုတော့ သူ ကချင်ကနေ ထိုင်း ထိုင်းကနေ အော်စီကို သွားစဉ်မှာ သူ ကြုံရတဲ့ သူ့ဝန်းကျင်မှာ သူတွေ့ရတဲ့ ထောက်လှမ်းရေး ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် နာမည်သေခဲ့ရတာတွေ ခံစားရတာတွေ ရှိတယ်လို့ ကြားဘူးလို့ပါ..ဒါကြောင့် သူတို့တွေရဲ့ ဘ၀သေ တွေ အကြောင်းကို လဲ တစိတ်တဒေသ သိရချင်လို့ပါ..ကျေးဇူးတင်ပါတယ်.. မငယ်အဖေရဲ့ ကိုယ်ပိုင်နံပါတ်ဟာ ငါးလုံးပဲ ထင်ပါတယ်..သူ အမှတ်မှားတာ ထင်ပါတယ်..သူတို့ အသက်ရွယ် ဆို ငါးလုံးပဲ ဖြစ်မှာပါ...
  • Nang Aung Htwe Kyi မမေ ဖေဖေ့ကိုယ်ပိုင်နံပတ်က က/၆၅၇၁ ပါ။ OTS အပါတ်စဉ် ၉ ပါ ။
  • Aungmyint Ko ဆက်ရေးပါ။ မငယ်ရဲ့မြောက်ပိုင်း theme ကဇတ်ရှိန်အမြင့်ဆုံးကိုရောက်ခဲ့ပြီးတာမှို့၊ ခေါင်းစဉ်ပြောင်းရေးပါ။
  • Htun Htun Oo ကကြီး လား?? ယ ပက်လက် လား?? ခွဲခြားဝေဖန်ချင်ရင် မြန်မာအက်ခရာ အခြေခံ ဗျည်း၃၃ လုံး ရေးနည်းလောက်တော့ ရေးတတ်အောင် အရင် အားထုတ်သင့်လှပါကြောင်း အို ... သူတော်ကောင်းအပေါင်းတို့ ...။
  • Sai Julay မြောက်ပိုင်းခရီးအနေနဲ့ပဲဆက်ရေးစေချင်ပါတယ်..
  • Thauk Kyar Kyal ဖြစ် ရပ် မှန် နဲ့ ဇာတ် လမ်း လို ရော မထား ခဲ့ ရင် ... ။ ဆက် ဖတ်ချင် ပါသေးတယ် ..။
  • Mawmaw Myothant မြောက်ပိုင်းသတ်ဖြတ် မှု ကို ကေအိုင် အေ ကလျစ်လျူ ရူ့ ထားတယ် လို့ အစမှအဆုံးဖတ် ပြီးခံစားမိပါတယ်။
  • Ko Lay ကချင်တပ်မှူးတွေ ရယ်မယ်ဆိုလည်း ရယ်လောက်ပါတယ်။ စည်းလုံးခြင်းရဲ့အင်အား အင်တာနက်စာမျက်နှာမှာ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး(NLD)ရဲ့ ကိုယ်ပိုင်အမှတ်က ကြည်း/၃၆၅၁ ပဲရှိတယ်ဆိုတော့၊ မနန်းအောင်ထွေးကြည်က တော်တော်ကို ရှေးကျတာပဲနော်။ ကိုယ့်အဖေအရင်းထက်လည်း တော်တော်ကိုစောပြီး တပ်ထဲကိုဝင်ခဲ့တာကိုး။ ဗမာစစ်တပ်ရဲ့ ဖွဲ့စည်းပုံကို နည်းနည်းလေးမှတောင် မလေ့လာပဲ တောတွင်းလူစွာလုပ်နေကြသူတွေ အင်မတန်ရှက်ဖို့ကောင်းပါတယ်။ မတန်တဆ နှိပ်စက်သတ်ဖြတ်ခံခဲ့ရတဲ့ တော်လှန်ရေးရဲဘော်တွေအတွက် ရင်နာလို့မဆုံးပါ။ မြောက်ပိုင်းခရီးစဉ်ကို မြောက်ပိုင်းမှာပဲ အဆုံးသတ်သင့်တယ်လို့ ယူဆပါတယ်။ ဆန္ဒရှိရင် မနန်းအောင်ထွေးကြည်ရဲ့ ဘဝတကွေ့ အတွေ့အကြုံတွေအနေနဲ့ သီသန့်ရေးသင့်တယ်လို့ မြင်ပါတယ်။
  • Tin Moe မြောက်ပိုင်းသီးသန်.ရေးတာပိုကောင်းမယ်
  • Immortal Roulette မြောက်ပိုင်းမှသည် ရန်ကုန်ဆီသို့ ဆိုပြီး ခေါင်းစဉ်ထပ်ခွဲလိုက်ပါ။ ဒါမှ မြောက်ပိုင်းကိစ္စတွေကို သပ်သပ်စီခွဲထုတ်လို့ ရမှာပါ။ လေးစားလျက်...
  • May Myo Thu အမှန်အတိုင်းပြောရရင် မနန်းအောင်ထွေးကြည် Nang Aung Htwe Kyi ရဲ့  ကိုယ်တိုင်ရေးအတ္ထုပတ္တိကို ဖတ်ချင်တယ်။ သူ့ အကြောင်းကို မလိမ်ဘဲပြောတတ်တဲ့ သူ့ ရေးဟန်ကို တထိုင်ထဲဖတ်ချင်တယ်။ ငါသိတ်တော်နေတယ်ဆိုတဲ့အတ္တ သူ့ ရေးဟန်တွေထဲမှာ မပါဘူး။ ညံ့ရင်ညံ့တဲ့ အပိုင်းကို ပြနေတာ ပိုချစ်စရာကောင်းတယ်။

1 comment:

  1. ထောက်လှမ်းရေးတွေလုပ်ကွက်အတိုင်း မျိုးဝင်းကို သတ်လိုက်တာထင်တယ် သံချောင်းလား ရော်နယ်အောင်နိုင်လား တစ်ယောက်ယောက်ပဲ ဒါမှ တရားခံသေသွားပြီဆိုပြီး ရှောင်ထွက်လို့ရမှာပါ ဒီခွေးသုံးကောင် ရော်နယ်အောင်နိုင် ဒေါက်တာနိုင်အောင် မိုးသီးဇွန် တို့ဟာ စစ်ထောက်လှမ်းရေးအတွက် ကြေးစားတွေဖြစ်နိုင်တယ်

    ReplyDelete