Thursday, January 31, 2013

ရေလှိုင်းစစ်ဆင်ရေး (သို့) မေခွန်းထုတ်စရာများ (၅)

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော် ရေလှိုင်းစစ်ဆင်ရေး (သို့မဟုတ်) မေခွန်းထုတ်စရာများ (၅)

by Tamar Khin on Wednesday, January 30, 2013 at 7:39am ·
“မင်းလုပ်ခဲ့တဲ့ (၅)နှစ်စီမံကိန်းဆိုတာလေ ငါဘယ်လိုဖြေခဲ့သလဲ သိလား။ “cs  (ကိုသံ ချောင်း) တို့ လူကြီးတွေကို အနုနည်းနဲ့ ဆွဲဆောင်ပြီးဖြိုခွဲဖို့လို့ ငါဖြေလိုက်တယ်”  နန်းအောင် ထွေးကြည်ကိုယ်တိုင် ပြောခဲ့တဲ့စကား။

ကျမတို့ လုပ်ခဲ့တဲ့(၅)နှစ်စီမံကိန်းဆိုတာ တော်လှန်ရေးရေတိုကာလ (၁၉၈၈-၁၉၉၃)အတွင်း မှာ ရဲမေအငယ်တွေကို ရည်စားမထား စေချင်တဲ့ စိတ်စေတနာသဘောရိုးနဲ့ အပျော်သဘော လုပ်ခဲ့ကြတာတွေပါ ။ ကျောင်းသားထောက်လှမ်းရေးဘက်က ဒီလိုဖြေဆိုပြီး လိုင်းတင်မေးခဲ့တာ လည်းမဟုတ်။ “ဟုတ်တယ်”လို့ ဝန်မခံမချင်း  ရိုက်စစ်မေးခဲ့တာလည်း မဟုတ်ပါပဲနဲ့ ဘာကြောင့် သူက အမှန် အတိုင်းမဖြေပဲ  ဇာတ်လမ်းတွေဆင် လိုင်းတွေတင်ပြီး ဖြေခဲ့ရပါသလဲ ။

“အနုနည်းနဲ့ ဆွဲဆောင်ဖြိုခွဲဖို့”တဲ့ ။  ဘယ်လိုအဓိပ္ပါယ်မျိုးလဲ။ ဘာသဘောသက်ရောက်ပြီး ဘယ်လောက်တာသွားတဲ့စကားလည်းဆိုတာ မြန်မာစကားတတ်သူတိုင်း နားလည်နိုင်ပါ တယ်။

ဒါကြောင့်လည်း သူဖြေခဲ့သလို “အနုနည်းနဲ့ဆွဲဆောင်မဲ့”မိန်းကလေးမျိုးတွေလား ၊ “ကျောင်းသူ အပျိုစစ်စစ်”တွေလား အသေအချာသိရဖို့ သူ့ကို မမငယ်လို့ ရင်းနှီးချစ်ခင် စွာခေါ်ဆိုပြီး သူနဲ့အပေါင်းတည့်ခဲ့တဲ့ ဆေးတာဝန်ခံရဲမေဆရာမ အန်ရမ်းတီး (မိုးကောင်း)ကို ဆေးစစ်ချက် ယူခိုင်းခဲ့တာပဲ ဖြစ်ပါလိမ့်မယ်။

နန်းအောင်ထွေးကြည်ရဲ့”လူကြီးတွေကို အနုနည်းနဲ့ဆွဲဆောင် ဖြိုခွဲဖို့”ဆိုတဲ့ ဒီအဖြေကို ယုံသွားခဲ့တဲ့အတွက်ကြောင့်ပဲ ထင်ပါတယ်။ လှပချောမောပြီး လုပ်ရက်စရာမရှိတဲ့ သနားကမား ရုပ်ရည်ပိုင်ရှင် သူ့မျက်နှာကို ရင်းမှုးအောင်သန်း (ခ) ဘကြမ်းက မီးစနဲ့ ကောက်ထိုးချင် စိတ်ပေါက်သွားခဲ့တာ ဖြစ်ပါလိမ့်မယ်။

အဲဒီလို ထောင်ထဲသွားပြီး ကြမ်းခဲ့ရမ်းခဲ့တဲ့ ရင်းမှူးဘကြမ်းတယောက်အတွက်နဲ့ ရင်းမှူးတွေအားလုံး ဒုစစ်ဉီးချုပ်ကိုမျိုးဝင်းရဲ့ စီတန်းရိုက်နှက် အပြစ်ပေးတာကိုလည်း ပြန်ခံခဲ့ကြရပါသေးတယ်။ သူ့တယောက်တည်း အပြစ်ပေးလို့ကတော့ သူကမမှု့ပါဘူး။ သူ့ကြောင့် တခြားရင်းမှူးတွေပါ ရောခံရတာမျိုးဆိုမှ  သူနောက်မလုပ်ရဲတော့အောင် တားခြင်းတမျိုးပါ။

အဲဒီအချိန်က ရဲဘော်တိုင်းမှာ တဘက်က အတူစားအတူနေ ရဲဘော်ရဲဘက်သံယောဇဉ် တဘက်က ဒီလူတွေဟာ ရန်သူ့လူတွေ ဆိုတာ သိလိုက်ရတော့ မယုံကြည်နိုင်လောက် အံ့သြနာကျင်မှု့ အခံရခက်မှု့ ခံစားမှု့တွေ ရောပြွန်း ရှုပ်ထွေးကုန်ကြတဲ့ အချိန်ပါ။ ဒါကြောင့် တချို့ရဲဘော်တွေ အရက်မှူးလာတဲ့အချိန် ခံစားချက်တွေ ပေါက်ကွဲပြီး ဝင်ကြမ်းခဲ့ ရမ်းခဲ့ကြတာ တွေ ဖြစ်လာခဲ့ကြတာပါ။ ခံခဲ့ရသူတွေလည်း တော်တော်လည်းခံလိုက်ရပါတယ်။

အသတ်ခံလိုက်ရတဲ့အထဲမှာပါသွားတဲ့ ကိုမောင်မောင်ကြွယ်(ရန်ကုန်)တောင် သူအဖမ်းမခံရခင်က ဝင်ရောက် ထိုးကြိတ် ရိုက်နှက် တာတွေ လုပ်ခဲ့သေးတာပဲလို့ ရင်းမှူးသိုက်ထွန်းဉီး ပြောဖူးပါတယ်။ ရဲဘော်မြဇော်(ခ) ဝသုန် (ခ) မျိုးဝင်းလှိုင် (ပုလိပ မြို့၊ တောနဲ့ မြို့ ဆက်သွယ်ရ တဲ့ ရဲဘော်တပိုင်း ယူဂျီတပိုင်း) အရက်မူပြီး ကျမဆီ ရောက်လာတယ်။ သူ  ကိုကြီး (ကိုထွန်း အောင်ကျော်)ကို ထိုးခဲ့ ရိုက်ခဲ့တယ် ပြောပြီး ငိုခဲ့တဲ့အကြောင်း အရင်က စာတည်းမှာလည်း ကျမထည့်ရေးဖူးပါတယ်။  ကြမ်းခဲ့ရမ်းခဲ့တာတွေကို ထောကခံတယ်လို့ ပြောချင်တာမဟုတ် ပါဘူး။  ဖြစ်တတ်တဲ့ စိတ်အခြေအနေနဲ့ သဘောသဘာဝတွေကို ထည့်တွက်နိုင်ဖို့ပါ။

ရင်းမှူးဘကြမ်းဟာ အရက်မူးလာရင်ကြမ်းသလောက် စိတ်ဖြောင့်မတ်တဲ့ရဲဘော်တဉီးလည်း ဖြစ်တယ်။ ကိုယ့်နှလုံးသားက လက်မခံပေမဲ့လည်း ယူထားရတဲ့ ဉီးဆောင်မှု့ အနေအထားတွေအရ တခါတရန်မှာ မလုပ်ချင်ပေမဲ့လည်း ရှေ့တန်းစစ်မျက်နှာ တွေမှာ လိုအပ်ချက်အရ စိတ်မချမ်းမြေ့စွာ လုပ်ခဲ့ကြရတာတွေလည်း ရှိတတ်ကြပါတယ်။

ဒါတွေကြောင့်လည်း ဒီလိုလူမျိုးတွေရဲ့ အတွင်းစိတ်ဟာ အပြုစိတ်နဲ့ အပျက်စိတ် အကြိမ်ကြိမ် အဖန်ဖန် လွန်ဆွဲခဲ့ရတဲ့ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ ဖွတ်ဖွတ်ညက်ညက် ကြေနေတတ်တယ်။ (ငဲ့ညှာထောက်ထားစာနာစိတ်လုံးဝမရှိပဲ  နောက်ပြန်လှည့်မကြည့်စတမ်း အပီအပြင် ကမ်းကုန် အောင်မိုက်တတ်တဲ့ လူမိုက်မျိုးတွေမှာ ဒီလိုဒွိဟစိတ်နဲ့ စိတ်ပြသနာမျိုးတွေ မရှိပါဘူး။)

ရင်းမှူးဘကြမ်းရဲ့ဇနီးဟာ ကျောင်းသားတပ်မှူးရဲ့ မိန်းမဆိုပြီး သူ့ဇနီးနေတဲ့မြို့ရွာလေးမှာ တာဝန်ကျတဲ့  နမ္မားစစ်တပ်က တပ်ကြပ်ကြီးတယောက်ဟာ ညတိုင်း အရက်မှူးပြီး ရင်းမှူး ဘကြမ်းရဲ့ဇနီးဆီ လာလည်ပတ် ပေါက်တတ်ကရ ရိသဲ့သဲ့စကားတွေ ပြောပြီး လာလာရစ်ခဲ့ အနှောင့် အယှက်တွေ ပေးခဲ့ကြတယ်။ အဲဒီနောက် အလိုမတူပဲ စော်ကားခံခဲ့ရတယ်။ အဲဒီကိုယ်ဝန်ကို ဖျက်ချဖို့ ကြိုးစားရင်းနဲ့ပဲ ရင်းမှူးဘကြမ်းရဲ့ဇနီးဆုံးသွားခဲ့ရတယ်။ နောက်ပိုင်း မှာ ရင်းမှူးဘကြမ်းကိုယ်တိုင်လည်း ရှေ့တန်းစခန်း မှာ သူ့ကိုယ်သူ သေနတ်နဲ့ ပစ်သတ်အဆုံး စီရင်သွားခဲ့တယ်။ ရန်သူနဲ့ ပတ်သက်လာရင် ဒီရဲဘော်တွေ ဘာကြောင့်မိုက်ကြ ကြမ်းကြ သလဲ ဆိုတဲ့ ပြရုပ်လေးတခုပေါ့။

(ကျောင်းသားတပ်မတော်ဟာ ရှစ်လေးလုံးနောက်ပိုင်းထွက်လာတဲ့ ကျောင်းသား၊ လူငယ်၊ အလုပ်သမား၊ လယ်သမား လူထု လူတန်းစား အလွာပေါင်းစုံ၊ ရှမ်း၊ ကချင်၊ ချင်း၊ နာဂ၊ ကရင်၊ ကရင်နီ၊ မွန်စသည့်လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနဲ့ ဖွဲ့စည်းထား တဲ့အဖွဲ့အစည်းဆိုတာ မသိရှာ တဲ့ ကိုမောင်မောင်(ရွေကရဝိတ်)ကတော့ သူ့စာအုပ်ထဲမှာ လယ်သမားတဉီးဖြစ်တဲ့ ရင်းမှူး အောင်သန်းနာမည်နောက်ကနေ ကွင်းစကွင်းပိတ်နဲ့ လေးတန်းအောင်လို့ ရေးထည့်ထားတယ်။ ကိုယ့်ကိုယ်ကို ပညာတတ် လူယဉ် ကျေးလို့ ထင်နေတဲ့ ဉာဉ်မျိုးနဲ့ ထင်ပါရဲ့။)

ကိုမျိုးဝင်းက သူမကျဆုံးခင်အချိန်တုန်းက ရှေ့တန်းစစ်မြေပြင် တနေရာမှာ သူ့လက်တွေကို ဖြန့်ကြည့်ရင်း “ငါ့လက်တွေတော့ သွေးစွန်းသွားပြီ ဒီအဖွဲ့ရဲ့တာဝန်တွေကို မင်းတို့ပဲဆက်ယူ ဆက်လုပ်ကြရမယ်”လို့ ရဲဘော်မင်းဌေးကို ပြောခဲ့တယ်။ ဒီလိုအသိ ဒီလို အပြောမျိုးကို “အာဏာရူးတဲ့သူ”တွေဆီက ကြားဖူးခဲ့ကြပါရဲ့လား။

ဒါဟာ စနစ်ဆိုးကြီးတခုအောက်က စိတ်အနုနဲ့အကြမ်း အသိပညာနဲ့မိုက်မဲမှု့ မလုပ်ချင်ဘူး ဒါပေမဲ့လုပ်ရမယ်ဆိုတဲ့ ဒွိဟစိတ်တွေ ရောယှက်နေတဲ့ လူသားတဉီးရဲ့ ကိုယ်ကိုယ်တိုင်မနှစ်မြို့တဲ့ အလုပ်တွေကို  တာဝန်ယူထားရတဲ့ အနေအထားတခုအရ အခြေအနေ တခုအောက်မှာ လုပ်ကိုလုပ်ရမယ်ဆိုတဲ့ လွဲမှားတဲ့အသိတွေနဲ့ လုပ်ခဲ့မိလို့ ကိုယ့်ကိုယ်ကို နာကျည်းစက်ဆုပ် ရွံရှာမှု့ကနေ ထွက်ပေါ် လာတဲ့ အသံတခုပါ။ ကိုယ့်လုပ်ရပ်အတွက် ကိုယ့်ကိုယ်ကိုပြန်ပြီး အခတ်ခံရတဲ့ အပြစ်ဒဏ်ထက် ပိုပြီး ထိရောက်တဲ့ အပြစ်ဒဏ်မျိုး ရှိရင် တစိတ်လောက် ညွန်ပြ ပေးပါ။

မိုင်းဆရာရဲဘော်ဇော်လွင်ဟာ သူတာဝန်ကျရာနယ်မြေအတွင်း သွားလာနေစဉ် အဖမ်းခံခဲ့ရ တယ်။ ရန်သူက သူ့ကိုကျောင်းသား ရဲဘော်တွေ ပုန်းခိုစခန်းချရာနေရာကို လမ်းပြခိုင်းခဲ့တယ်။ စခန်းအနီးပတ်ဝန်းကျင် သူထောင်ခဲ့တဲ့မိုင်းတွေကို သူအသိဆုံးပဲလေ။ ပါးစပ်ကအော်ခွင့်မရတဲ့ အတွက် ကိုယ်ထောင်ခဲ့တဲ့မိုင်းကို ကိုယ်ကိုယ်တိုင်ပြန်နင်းချပြီး မိုင်းကွဲသံနဲ့ပဲ  သူ့ရဲဘော်တွေကို “ရန်သူဟေ့”လို့ သူ့အသက်နဲ့ရင်းပြီး တပ်လှန့်အသိပေးသွားခဲ့တယ်။ မြောက်ပိုင်း ကျောင်းသားတပ်မှာ အဲဒီလို သေရဲ သတ်ရဲတဲ့ စစ်တပ်အနိုင်ကျင့်တာကို သူတို့ရဲ့မိဘ ဆွေမျိုးတွေ တရွာတည်းသားတွေ တဘက်သတ်ခံခဲ့ရတဲ့ ဘက်နှစ်ဘက်ကြားမှာ မြေဇာပင် ဖြစ်ကြရတဲ့ အညိုရောင်နယ်မြေမှာ ကြီးပြင်းလာကြရတဲ့ လူမိုက်လူကြမ်းရဲဘော်တွေ နေခဲ့ကြတယ်။

သွေးစွန်းမခံချင်ရင် သိပ်ဖြူစင်ချင်နေကြရင်တော့ လက်နက်ကိုင်တော်လှန်တဲ့လမ်းကို မလျှောက်ခဲ့တာ အကောင်းဆုံးဖြစ်ပါလိမ့် မယ်။ ပြည်တွင်းစစ်ဖြစ်နေတဲ့နယ်မြေမှာ သူ့လူ ကိုယ့်လူ တံဆိပ် တပ်ထားလို့ ရတာမျိုးမဟုတ်သလို သူလူကိုယ့်ဘက်သား၊ ကိုယ့်လူသူ့ဘက်သား ရောနှော လုံးထွေးရှိနေကြတဲ့အပြင် သူ့လူရောကိုယ့်လူရော ကြားထဲက ကိုယ့်ဘာသာကိုယ် အေးအေး ဆေးဆေးလုပ်ကိုင်စားနေတဲ့ပြည်သူတွေ၊ မိန်းမတွေ၊ ကလေးပါမကျန် မဆီမဆိုင် အကုန်ရောခံ နေကြရတာမျိုးပါ။

မြစ်ကြီးနား တပ်မဟာ(၃)နယ်မြေဘက်က တိုက်ပွဲတခုနဲ့ပတ်သက်ပြီး ကေအိုင်အေက ထိပ်ပိုင်းအရာရှိတယောက် (နာမည်မမှတ်မိ တော့လို့) ပြောပြခဲ့တာကို ရဲမေမခင်မာအေး (မြစ်ကြီးနား) ကျမကို ပြန်ပြောပြခဲ့ ဖူးတာလေးတခုရှိပါတယ်။

အင်အားအလုံးအရင်းနဲ့တက်လာတဲ့ ရန်သူ့လှုပ်ရှား မှု့ကို ကြည့်ပြီး ကေအိုင်အေက မိုင်းတွေကာထား ခင်းထားပြီး ပြန်တိုက်ဖို့ အကွက်ချ ပြင်ဆင် ထားခဲ့ပါတယ်။

စစ်အစိုးတပ်တွေက ချီတက်ခဲ့တဲ့ လမ်းတလျှောက် ကချင်ရွာတွေထဲက ကချင်လူမျိုး သူတို့ရဲ့ အမျိုးအဆွေတွေ၊ ယောကျာ်း၊ မိန်းမတွေကို ပေါတာဆွဲလာခဲ့ကြပါတယ်။ မထင်မှတ်ပဲ အဲဒီပေါ တာဆွဲ လာကြသူတွေကို တိုက်ပွဲမှာ လူသားမိုင်းရှင်းကိရိယာတွေအဖြစ် ရှေ့ဆုံးကနေ အရင်တက် ခိုင်းလိုက်ပါတယ်။  ဘယ်လိုမှ တားဆီးချိန်မရတော့ပဲ  သူတို့ရဲ့အမျိုးအဆွေတွေ ကချင် အမျိုးသား ၊ အမျိုးသမီးတွေရဲ့ အော်ဟစ်သံတွေ ငြီးတွားသံတွေကို သူ့တို့ အတိုင်းသားကြား နေရပြီး သူ့နားထဲကနေ အခုချိန်ထိ မထွက်နိုင် သေးဘူးဆိုတာကို ပြောပြခဲ့တာလေးကိုပါ။

အဲဒီအတွက် မိုင်းတွေကာထား ခင်းထာခဲ့တဲ့ ကေအိုင်အေကိုပဲ အပြစ်ပုံချရမှာလား၊ အပြစ်မဲ့ ပြည်သူတွေကို လူသားမိုင်းရှင်း ကရိယာတွေအဖြစ် အသုံးပြုခဲ့တဲ့ စစ်အစိုးရကို အပြစ်ပုံချရ မလား။ ကျမတို့ ဒီဘိတ်လုပ်နေကြတဲ့အချိန်မှာပဲ အပြစ်မဲ့ပြည်သူ လူထု တွေကတော့ သေကြေ ပျက်စီးခဲ့ကြရပါပြီ။

ဘယ်လိုပဲ ဖြစ်ဖြစ်သေချာတာကတော့ ဒီပြည်တွင်းစစ်ကြောင့် ကျမတို့နိုင်ငံမှာ မုဆိုးမတွေ၊ မိဘမဲ့ကလေးတွေ၊ ခြေပြတ်လက်ပြတ် ဒုက္ခိတတွေ၊ စစ်ဘေးဒုက္ခသည်တွေ တပုံကြီးရှိနေခဲ့ကြ တာ ထင်ရှားတဲ့ သာဓကတွေပါပဲ။ ဒါတွေ ချုပ်ငြိမ်းရပ်တန့်နိုင်ဖို့ဆိုရင် ပြည်တွင်းစစ် စတင်ဖြစ် ပွားလာရခြင်း အကြောင်းအရင်းတွေဆီ ကျမတို့ မလွဲမသေပြန်သွားကြရမှာပါပဲ။

ကေအိုင်အေက အရာရှိတယောက် ကျမကို ပြောပြဖူးတာလေးကတော့ ဒီလိုပါ။ တပ်စခန်းတွေနဲ့ မနီးမဝေးမှာ ရွာသားတွေ သူတို့ စိုက်ပျိုးမွေးမြူထားတာလေးတွေ လာပြီး ရောင်းချတတ်တဲ့ ငါးရက်တဈေးဆိုတဲ့ ဈေးလေးတွေရှိတတ်ပါတယ်။ ငါးရက်တခါ ပုံမှန် ရှိနေတတ်တဲ့ ဈေးလေးတွေပါ။ အဲဒီဈေးလေးတွေမှာ ဟင်းသီးဟင်းရွက် အသီးအနှံ အသားငါးတွေ အပြင် မုန့်ပဲသရေစာ၊ အရက်သေစာ၊ အလောင်းကစားဝိုင်းတွေ အရောင်းအဝယ်ဝိုင်းတွေနဲ့ သူ့လူရော ကိုယ့်လူပါ ခြေချင်းလိမ်နေတတ်ကြတော့ သတိနဲ့ သွားရလာရပါတယ်။ အဲဒီဈေးမှာ ကေအိုင်အေဗိုလ်တယောက်ရဲ့ မိန်းမကလည်း ဈေးခင်း ရောင်းလေ့ရှိပါတယ်။ အဲဒီကေအိုင်အေ ဗိုလ်က တိုက်ပွဲတွေမှာ တိုက်ရဲခိုက်ရည်ကောင်းတယ်လို့လည်း ဆိုပါတယ်။

စစ်အစိုးရဘက်က လူတယောက်ကလည်း အပတ်စဉ် ဈေးနေ့တိုင်း ပုံမှန်ရောက်လာတတ်ပါတယ်။ ရောက်လာတိုင်းလည်း အဲဒီ အမျိုးသမီးဆိုင်ကို ဝင်လေ့ရှိပါတယ်။ မျက်လုံးက ဘေးပတ် ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် ကြည့်ရင်း အဲဒီအမျိုးသမီးနဲ့ လေသံတိုးတိုး လျှပ်တပျက် စကားပြောဆိုနေတတ်ပါတယ်။ ဒါကို ကေအိုင်အေဘက်က ထောက်လှမ်းရေးတွေက အမြဲတွေ့ မြင်နေရတော့ ကြာတော့ သင်္ကာမကင်း ဖြစ်လာပါတယ်။ ဒီလိုနဲ့ အဲဒီအမျိုးသမီး ကိုရော သူ့အမျိုးသား ကေအိုင်အေဗိုလ်ကိုပါ ဖမ်းချုပ်စစ်မေးကြပါတယ်။ သူတို့ကလည်း သူတို့ ဘယ်သူနဲ့မှ မဆက်သွယ်ပါဘူး၊ ဘာမှမလုပ်ခဲ့ပါဘူးသာ ဖြေခဲ့ပေမဲ့ သူတို့ဆက်သွယ်ပြောဆို နေတာ ငါးရက်တဈေးတိုင်း အမြဲမြင်တွေ့နေရတော့ လိမ်ညာဖြေနေတယ်ပဲထင်ပြီး မယုံကြည် တော့ပါ ဘူး။ နောက်ဆုံး နှစ်ယောက်လုံး အသတ်ခံလိုက်ရပါတယ်။

သူတို့ကို သတ်ပြီးတဲ့နောက်တနေ့မှာပဲ  စာတစောင် ရောက်လာပါတယ်။ စာထဲမှာ ရေးထားတာက “ ငအတွေ ငတုံးတွေ မင်းတို့ လူကို မင်းတို့ ပြန်သတ်လိုက်ပြီ မဟုတ်လား။ အဲဒီမိန်းမ ကို ငါးရက်တဈေးတိုင်း ဆက်သွယ်ပြီး ငါ ဘာတွေပြောခဲ့သလဲဆိုတာ မင်းတို့ သိချင်တယ် မဟုတ်လား။ ငါးရက်တဈေးတိုင်း ငါသူ့ကို သွားပြောတာက “ထမင်းစားပြီးပြီလား၊ ဘာဟင်းနဲ့ စားသလဲ” ဆိုတဲ့မေးခွန်းလေးနှစ်ခွန်းပါပဲ”တဲ့။

“ထမင်းစားပြီးပြီလား၊ ဘာဟင်းနဲ့စားသလဲ”ဆိုတဲ့မေးခွန်းလေးနှစ်ခွန်း အမေးခံခဲ့ရတာနဲ့ပဲ လူနှစ်ယောက်က အချောင်နေရင်း အသတ်ခံလိုက်ရတယ်။ ဘယ်လောက်တောင် အဓိပ္ပါယ် မရှိလိုက်ပါသလဲ။ အသေအချာ စမ်းစစ်ကြည့်ရင်တော့ အဲဒီမေးခွန်းလေး နှစ်ခွန်းက ဒီပြသနာရဲ့ အဖြေမဟုတ်တာကို တွေ့ကြမှာပါ ။  ပြသနာတွေရဲ့ဇစ်မြစ်က နှစ်ဉီးနှစ်ဘက်ကြားမှာ မယုံကြည်မှု့တွေ သံသယတွေကို ပိုမိုတိုးပွားလာနိုင်စေဖို့သာ ဖန်တီးပေးနေတဲ့ ပြည်တွင်းစစ်က အရင်းခံကျနေတဲ့သဘောကိုလည်း တွေ့မြင်မိကြ မှာပါ။

ဒီနေရာမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေးတခုလည်း ရှိခဲ့ပါတယ်။ မထင်မှတ်တဲ့ နေရာမှာ နအဖတပ်တွေနဲ့ မြောက်ပိုင်း ကျောင်းသားရဲဘော်တွေ တိုက်ပွဲဖြစ်ပြီး တဘက်နဲ့ တဘက် ပစ်ကြခတ်ကြတယ်။ ကြားထဲက တောင်ယာတဲမှာ ကလေးနို့ထိုင်တိုက် နေတဲ့ မိခင်ကို မှန်သွားခဲ့တယ်။ အဲဒီမှာ မိခင်ဘာဖြစ်လို့ ဖြစ်မှန်းမသိ ကြောက်လန့်တကြား အော်ငိုနေတဲ့ ကလေးကို နအဖတပ်က အရာရှိက ကောက်ချီ စစ်ကြောင်းတလျှောက် ခေါ်ဆောင်သွားပြီး သူတို့စခန်းချရာ ရွာတရွာက အိမ်တအိမ်မှာ ကြည့်ခိုင်းထားခဲ့ တယ်။

ကလေးအဖေက သူ့ကလေးပြန်လိုချင်လို့ ကျောင်းသားရဲဘော်တွေကို အကူအညီတောင်း ခဲ့တယ်။ သူကိုယ်တိုင်သွားခေါ်လို့ ကတော့ ကလေးမရတဲ့အပြင် ပေါတာပါအဆွဲခံ လိုက်ရအုံး မယ်လေ။ စစ်ဖြစ်နေတဲ့ရွာတွေမှာ အဘိုး၊ အဘွား ၊ မိန်းမ၊ ကလေးတွေ ပဲ ရှိတတ်ကြတာ။ ယောကျာ်းမှန်သမျှ တိုက်တဲ့အထဲမှာပါရင်ပါ မပါရင်ပုန်းပဲ။

ရှေ့ခရီးမဆက်ခင် ကျောင်းသားရဲဘော်တပ်စိတ်တစိတ် ကလေးထားထားတဲ့အိမ်ကို ရအောင် စုံစမ်းပြီး  ပြန်သွားယူပေး ခိုးပေးခဲ့ ကြတယ်။ ကလေးကို  သူ့အဖေ လက်ထဲ ပြန်အပ်ပေးခဲ့တယ်။ အဲဒီမှာ ကလေးအဖေက ဒီကျည်ဆံက မင်းတို့ဘက်က ပစ်တဲ့ ကျည်ဆံ ငါ့မိန်းမကို မင်းတို့သတ် တာလုပ်နေလို့ မရဘူး။ အဲဒါ သွေးမစွန်းချင်လည်း စွန်းနေရမဲ့ စစ်ဆိုတာပဲ။

ဒါလူကြားကောင်းအောင် ပြောပြီး ဝါဒဖြန့်နေတဲ့ ပုံပြင်တွေ မဟုတ်ပါဘူး။ ဒီလို အနိဌာရုံမျိုးတွေကို  မမြင်ချင် မတွေ့ချင်အဆုံး နေတဓူဝ ရင်ဆိုင်ဖြတ်သန်းနေကြရတဲ့  သူတွေထက် ဘယ်သူတွေကများ ငြိမ်းချမ်းရေးကို ပိုပြီးအလိုလားအတောင့်တဆုံး ဖြစ်မယ် ထင်ကြပါသလဲ။

(၆)
  • San Dar ရဲဘော်မြဇော်(ခ) ဝသုန် (ခ) မျိုးဝင်းလှိုင် (ပုလိပ မြို့၊ တောနဲ့ မြို့ ဆက်သွယ်ရ တဲ့ ရဲဘော်တပိုင်း ယူဂျီတပိုင်း) အရက်မူပြီး ကျမဆီ ရောက်လာတယ်။ သူ ကိုကြီး (ကိုထွန်း အောင်ကျော်)ကို ထိုးခဲ့ ရိုက်ခဲ့တယ် ပြောပြီး ငိုခဲ့တဲ့အကြောင်း အရင်က စာတည်းမှာလည်း ကျမထည့်ရေးဖူးပါတယ်။ ကြမ်းခဲ့ရမ်းခဲ့တာတွေကို ထောကခံတယ်လို့ ပြောချင်တာမဟုတ် ပါဘူး။ ဖြစ်တတ်တဲ့ စိတ်အခြေအနေနဲ့ သဘောသဘာဝတွေကို ထည့်တွက်နိုင်ဖို့ပါ။
  • San Dar ကိုမျိုးဝင်းက သူမကျဆုံးခင်အချိန်တုန်းက ရှေ့တန်းစစ်မြေပြင် တနေရာမှာ သူ့လက်တွေကို ဖြန့်ကြည့်ရင်း “ငါ့လက်တွေတော့ သွေးစွန်းသွားပြီ ဒီအဖွဲ့ရဲ့တာဝန်တွေကို မင်းတို့ပဲဆက်ယူ ဆက်လုပ်ကြရမယ်”လို့ ရဲဘော်မင်းဌေးကို ပြောခဲ့တယ်။ လုပ်ကိုလုပ်ရမယ်ဆိုတဲ့ လွဲမှားတဲ့အသိတွေနဲ့ လုပ်ခဲ့မိလို့ ကိုယ့်ကိုယ်ကို နာကျည်းစက်ဆုပ် ရွံရှာမှု့ကနေ ထွက်ပေါ် လာတဲ့ အသံ
  • Zaw Lin တာဝန်ရှိသူတွေ၊ အပြစ်ရှိတဲ့သူတွေ ထိုက်သင့်တာကိုပေးဆပ်ရမှာပါ။ တဖက်မှာ လည်း ဘာလို့ ဒီလိုတွေဖြစ်ခဲ့တယ်ဆိုတာကို ရှာဖွေရမှာပါ။ အများက လူကြမ်းဗီလိန်လို့ ပြောနေကြတဲ့ ကိုမျိုးဝင်း၊ မင်းတို့ဘဲ အဖွဲ့အစည်းကို ဆက်လက်ဦးဆောင်ကြတော့လို့ဘယ်အချိန်မှာ ပြောခဲ့လဲ။ သူ့ရဲ့ စိတ်နေစိတ်ထား၊ သူနဲ့ ရဲဘော်တွေဆက်ဆံရေး၊ နောက်ဆုံး ဘယ်လို ကျဆုံးသွားလဲ ဆိုတာ တစေ့တစောင်းပါ။ ဒီဇတ်လမ်းမှန်ထဲက ကျည်မပြည့်၊ ပစ်အား မကောင်းတဲ့ သေနတ်တွေနဲ့ ကျားတက်ထိုးခဲ့တဲ့ မင်းသားကြီး ko Min Htayအခုလဲဘဲ တိုက်ပွဲဝင်နေလေရဲ့။ http://cozan.blogspot.com.au/2008/09/blog-post_5740.html
    cozan.blogspot.com
    မောင်မောင်ခင် (ရမ်ဘို) မောင်မောင်ခင်(ရမ်ဘို) မှာ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) တပ်ရင်း (၇၀၁)မှ ဖြစ်ကာ၊ ယမန်နှစ် ဒီဇင်ဘာလက ကမ္ဘာနှင့် အ၀ှမ်းဖြန့်ချီလိုက်သော ရမ်ဘို(၄) ဇါတ်ကားတွင် ဟောလီးဝုဒ် မင်းသား ဆီဗက်စတာ စတောလုံးနှင့် အပြိုင်သရုပ်ဆောင်ခဲ့ သော မြန်မာစစ်တပ်မှ ကာနယ်တင့် အဖြစ် သရုပ်ဆောင်ခဲ့သူ- အချိ...
  • Nge Naing နန်းအောင်ထွေးကြည် စာမျက်နှာမှာ ပြန်ရှယ်ပေးရင်ကောင်းမယ်ဆိုပြီး ကြည့်လိုက်တာ နန်းအောင်ထွေးကြည်ကို fb ပေါ်မှာ မတွေ့တော့ဘူး။ ဘယ်တုန်းက ပျောက်သွားလဲမသိဘူး အခုမှ သိတယ်။
  • Minthura Wynn Daw Daw Hlaing, thanks for sharing self-experiences...we are so lucky to learn about it further in depth as this kind of resources have helped us a lot....It's pretty much well informative though! Cheers!
  • Kyi Kyi Khin ငယ်နိုင့်ကို ဘလော့ထားလို့ဖြစ်မယ်။ တခြားသူတွေ ကြည့်တော့ ရှိနေတယ်တဲ့။ အခု စာကိုလဲ ရှယ်ထားတယ် ပြောတယ်။

No comments:

Post a Comment