Friday, March 8, 2013

ဒေါက်တာနိုင်အောင်ရဲ့ တောင်ပိုင်းနှင့်မြောက်ပိုင်းခရီး(၈)

ABSDF ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်ရဲ့ တောင်ပိုင်းနှင့်မြောက်ပိုင်းခရီး(၈)

by May Thingyan Hein on Wednesday, February 27, 2013 at 1:49am ·
 ( ဒေါက်တာနိုင်အောင်ရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းခရီးကို ကျမရဲ့ အမြင်နဲ့  ယူဆချက် ၊ သုံးသပ်ချက်၊ သဘောထား လုံးဝ မပါဝင်ဘဲ ဒေါက်တာနိုင်အောင် ပြောသမျှကိုသာ ပြန်လည် ဖော်ပြခြင်းဖြစ်ကြောင်း အသိပေးအပ်ပါတယ်)

အပိုင်း(၈)

အဲလို ဗဟိုမှာနေရင်းနဲ့ မြောက်ပိုင်းကိစ္စကို နေရှင်းသတင်းစာမှာပါလာပြီး သိရတော့ကျနော်တို့လည်း မြောက်ပိုင်းက အစီရင်ခံစာကို စောင့်တာပေါ့နော်။ ကျနော်တို့ မြောက်ပိုင်းကို ပြောလိုက်တာကတော့ အေ၇းယူတဲ့ ကိစ္စတွေကို ကျနော်တို့ မသိဘဲနဲ့ မလုပ်ဖို့ ပြီးတော့ ဖြစ်ပျက်နေတာတွေကို ကျနော်တို့ကို အစီရင်ခံဖို့ဆိုပြီး မှာလိုက်တာပဲ။ ဒါပေမဲ့လည်း ကျနော်တို့ ဘာမှ မသိရဘူး။

အဲဒီအချိန်တုန်းက ကျနော်တို့က မြောက်ပိုင်းကို KIO ကနေ တဆင့်ပဲ ဆက်သွယ်ရတာကို၊  အဲဒီအချိန်မှာ ဘာဖြစ်နေလဲဆိုတော့ KIO ကလည်း အပစ်အခတ်ရပ်စဲရေးကို လုပ်ခါနီးဖြစ်နေတော့ မဟာမိတ်နဲ့လည်း တော်တော်အဆင်မပြေဖြစ်နေတော့ ကြားခံ ဆက်သွယ်ရေးကလည်း မရှိသလို ဖြစ်လာတယ်။ ကျနော်တို့မှာ ကြေးနန်းဆက်သွယ်ရေးကလည်း ကောင်းကောင်းမရှိသေးဘူး။

အဲလို သတင်းစာထဲပါလာတဲ့ အခါကျတော့ အမှန်အတိုင်းပြောရရင်တော့ မြောက်ပိုင်းကိစ္စက ကျနော်တို့ တောင်ပိုင်းပေါ်မှာ နိုင်ငံတကာက ဖိအားပေးတာတွေ များလာတယ်။ အထူးသဖြင့် လူ့အခွင့်ရေး အဖွဲ့တွေပေါ့။ နောက် ကျနော်တို့ကို ဆန်ထောက်ပံ့ပေးနေတဲ့ အဖွဲ့တွေကလည်း ရိက္ခာဖြတ်တော့မယ်ဆိုတာမျိုးတွေ ဖြစ်လာတယ်။

ကျနော် ပြောခဲ့သလိုပဲ ဒီမြောက်ပိုင်းမှာ ကျောင်းသားတွေကို သတ်ခဲ့တာက ကျနော်တို့လည်း သတ်ခဲ့တာ မဟုတ်ဘူး၊ ကျနော်တို့ ကိုယ်တိုင်လည်း ဆုံးဖြတ်တာမဟုတ်ဘူး သို့သော် ဒီကိစ္စတွေကို စပြီး ကျနော်တို့က စပြီး ခံစားရတာပါ။ အဲဒါနဲ့ ကျနော်ကပဲ ကြေညာချက် ထုတ်ပြီး တာဝန်ရှိပါတယ်၊ တာဝန်ယူပါတယ်၊ ကျနော်တို့ ဖြေရှင်းပါ့မယ် ဆိုပြီး လက်မှတ်ထိုးခဲ့ရတာ။
ပြောချင်တာပေါ့ဗျာ ဟာ မြောက်ပိုင်း ကျောင်းသားတွေသတ်တာ ကျနော်တို့သတ်တာလဲ မဟုတ်ဘူး သိလည်း မသိဘူးလို့ လွယ်လွယ်ကူကူပြောလိုက်ရင်တော့ ရတာပေါ့ဗျာ၊ ဒါပေမဲ့ ၈၈က ထွက်လာတဲ့ ကျောင်းသား ထုကြီး ဆိုတဲ့ စိတ်နဲ့ပဲ ဒါ ငါတို့ ရှင်းရမယ်ဆိုပြီး ခေါင်းဝင်ခံတာပဲ။ မြောက်ပိုင်းနဲ့ပတ်သက်လို့ သိတယ် ဆိုတာကလည်း ကျနော်တို့ ဆီကို ကိုယ်စားလှယ်အနေနဲ့ ရောက်လာတဲ့ လူသုံးယောက်ကိုပဲ သိတယ်။

ကျနော် ရှင်းတယ်ဆိုတာကလည်း နိုင်ငံတကာကို ရှင်းရတာ အဲတော့ ကျနော်က အဲလိုမြောက်ပိုင်းမှာ ဖြစ်သွားတာ ရှိတယ်၊ အဲဒါကို ကျနော်ကိုယ်တိုင်သွားရှင်းပါ့မယ် နောက် ကျန်တဲ့ လူတွေကိုလည်း ဟုတ်သည်ရှိ မဟုတ်သည်ရှိ လွတ်မြောက်အောင် ကျနော်တို့ ကြိုးစားပေးပါ့မယ် လို့ ပြောခဲ့တယ်။

အဲဒီအချိန်တုန်းက သံရုံးအဖွဲ့တွေ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့တွေနဲ့ ကျနော်တွေ့ပါတယ်။ သူတို့ကလည်း သုံပန်းတွေဘာတွေနဲ့ပတ်သက်ပြီးတော့လည်း လုပ်ပေးနိုင်မလားပေါ့ သူတို့ကလည်း သူလျှိုဖြစ်တယ်ဆိုရင် သူတို့ရဲ့ သုံပန်း ပေါ်လစီထဲမှာမပါဘူး တိုက်ပွဲမှာ ဖမ်းမိတာဆိုရင်တော့ သူတို့ ကကူညီလို့ရတယ်။နောက်တချက်က တရုတ်နိုင်ငံက သဘောတူညီမှ ရမယ်ပေါ့ဆိုတော့ အဆင်မပြေပြန်ဘူး။

အဲလို အဆင်မပြေဘူး ဒါပေမဲ့ မြောက်ပိုင်းနဲ့ သွားညှိုမယ်ဆိုတဲ့ အချိန်မှာ ဦးစိုင်းထွန်းက ဆက်သွယ်လာတယ်။ သူ့တူမ နန်းအောင်ထွေးကြည်က အဖမ်းခံနေရတဲ့ ထဲမှာ ပါတယ် အဲဒါကြောင့် ကူညီပါဦး ကျနော် သွားခေါ်ချင်တယ် ဆိုပြီး ဆက်သွယ်လာတော့ အေး ကျနော်တို့လည်း သွားချင်တယ်ပေါ့။ဒါပေမဲ့ ကျနော်တို့မှာလဲ ပိုက်ဆံ မရှိဘူးဆိုတော့ သူက သူစီစဉ်ပေးမယ်ဆိုပြီးတော့ သူပဲ ကျနော့်ကို ပတ်စပို့လုပ်ပေးတယ်။

အဲဒါနဲ့ သူရယ် ကျနော်ရယ် SSPPက ဆုံးသွားတဲ့ဗိုလ်မှူးကြီး  စိုင်းလိတ်ရယ်အတူတူ သွားကြတယ်။ ဦးစိုင်းလိတ်ကတော့ ထိုင်းကနေ အတူတူသွားပေမဲ့ ဟိုမြောက်ပိုင်း ပါဂျောင်ထိတော့ မပါခဲ့ဘူး။ နောက် မသွားခင်မှာ KIO ကနေ တဆင့် ကျနော် ကြေးနန်းပို့လိုက်သေးတယ်၊ ဒါပေမဲ့ ပြန်စာမရဘူး။

ဟိုကိုရောက်တော့ ရော်နယ်အောင်နိုင်ကိုပဲ အားပြုပြီး သွားရတာကိုး ကျန်တဲ့ သူတွေနဲ့ကျတော့ မသိဘူး။ ရော်နယ်အောင်နိုင်နဲ့ကတော့ မန္တလေးဆေးကျောင်းမှာကတည်းက သူ့နာမည်ကို သိတာကိုး မိဘတွေကလည်း သိတယ်ဆိုတော့ အနည်းဆုံးတော့ ကျနော့်ကို ရန်သူ့လူလို့ မဟုတ်မှန်း သူသိသလို၊ ယုံမယ်ဆိုရင်လည်း ပုဂ္ဂိုလ်ရေး အာမခံချက်ရှိမယ်လို့ စဉ်းစားတာပေါ့။ ဒါပေမဲ့ တခါမှလည်း မတွေ့ဖူးဘူး စကားလည်း မပြောဖူးပါဘူး ဒါပေမဲ့ သူ ဆိုတာကျနော် သိတယ်၊ ကျနော်ဆိုတာလည်း သူသိတယ်ပေါ့ဗျာ။ အဲဒါလေးကိုပဲ အားပြုပြီးတော့ ညှိဖို့ ကြိုးစားမယ်ပေါ့လေ၊ နောက်မဟာမိတ်တွေရဲ့ အကူအညီကိုလည်း တောင်းရတာပေါ့ဗျာ။

အဲလို သွားတော့ သင်္ကြန်ပြီးမှ ထင်တယ် ကျနော် အမှတ်မမှားဘူးဆိုရင်တော့ ဧပြီ ၁၆လား ၁၇လား သင်္ကြန်းပြီးရက်ပဲ အဲလို ရက်လောက် ရောက်သွားတယ် ထင်တယ်။ အဲဒါနဲ့ မြောက်ပိုင်း ခေါင်းဆောင်တွေနဲ့ တွေ့တယ်၊ တိတိကျကျ ပြောရရင်  ကိုရော်နယ်အောင်နိုင်၊ ကိုသံချောင်း ကိုလှဆိုင်း ကိုကျော်ကျော်နောက်  ကိုအောင်ဆွေဦး  တွေ့ရတယ်။

သူတို့ အားလုံးကတော့ ဒီလူတွေ( ထောက်လှမ်းရေးလို့ သံသယ ရှိပြီး ဖမ်းဆီးထားသူများ စုစုပေါင်း အယောက် ၁၀၀) အပေါ်မှာ ထောက်လှမ်းရေးလို့ ယုံယုံကြည်ကြည်ပြောတာပဲ။ သူတို့ရဲ့ စစ်ချက်အချို့ကို ပြတယ်၊ အယောက်၁၀၀ လုံးရဲ့ စစ်ချက်ကို ပြတာမဟုတ်ဘူး စစ်ချက်အချို့ကိုပဲ ပြတာ။ ဘယ်သူတွေရဲ့ စစ်ချက်လည်း ဆိုတာကိုတော့ ကျနော် မမှတ်မိဘူးဗျ။ ကျနော် ထင်တာကတော့ သူတို့ ကျနော့်ကို အဓိကထားပြီး ပြောတာ ရေလှိုင်းစီမံချက်ပေါ့။ ရေလှိုင်းစီမံချက်မှာ ဘယ်သူကတော့ ဘယ်လို တာဝန်ယူပြီးတော့ ဘယ်သူကတော့ ဘယ်လိုဆိုတာကို ပြောတယ်
နောက်ခြုံငုံပြီးတော့မှ သုံးသပ်ချက်လေ။

နောက် ဖမ်းထားတဲ့ သူတွေရဲ့ အဆိပ်ခတ်သတ်ဖို့ လုပ်တဲ့ အစီစဉ်တွေ ပြီးတော့မှ မိတဲ့ လက်နက်တွေကို ပြတယ်။  ထွက်ချက်တွေကိုလည်း ပြတာ ရှိတယ်။
အဲဒီတော့ ကျနော်ပြောပြတယ် သူတို့ကို။ သူတို့ ဖမ်းထားတဲ့ သူတွေကို သူလျှိုဟုတ်တယ်မဟုတ်ဘူးဆိုတာကို တကယ်တမ်းပြောရင် လက်တွေ့ စုံစမ်းဖို့ ဆိုတာလည်း ခက်တယ်။ ကျနော်တို့ တောင်ပိုင်းမှာလည်း ကျနော်ကိုယ်တိုင်ပင်လျှင် စွတ်စွဲခံရဘူးတာကိုး။ နောက် ကျနော်ဆေးကျောင်းတက်တုန်းကပဲ ဖြစ်ဖြစ် ကျနော်တို့ သူငယ်ချင်းထဲမှာပဲဖြစ်ဖြစ် သတင်းပေးအနေနဲ့ တာဝန်ယူရတာရှိတယ်၊ ပေါ်တင်ကိုပဲ နန်းတွင်းထဲမှာ စစ်သင်တန်းတက် စစ်စတိုင်ပင်နဲ့ ဆေးကျောင်းတက်ဆိုတဲ့ သူတွေလည်း ရှိနေတယ် ဆိုတော့ ကျနော်တို့ ထဲမှာလည်း သတင်းပေးဆိုတာမျိုးက ရှိမှာပဲ။ နောက် မြက်ခင်းသစ်ကြီး တခုလုံး ပလူပျံအောင်ထွက်နေတာ သတင်းပေး မရှိရင် ဘယ်လိုမှ မထွက်နိုင်ဘူးလေ။

ဒါပေမဲ့ ဒီလောက်အများကြီးတော့ မဖြစ်နိုင်ဘူး။ ကိုယ်ရင်တို့ ဖမ်းထားတဲ့ လူတွေအားလုံးကတော့ မဖြစ်နိုင်ဘူး။ ကိုယ်ရင်တို့လည်း သူတို့ကို မယုံတော့ဘူး သူတို့ကလည်း ဒီလိုပုံဆန်မျိုးနဲ့ ဖြတ်သန်ြး့ပီးတော့ကိုရင်တို့နဲ့ နေရဖို့က ခက်သွားပြီ။ အဲတော့ ကောင်းတာကတော့ သူတို့ကို ပြန်ပို့လိုက်တာ ကောင်းတယ် ဆိုပြီး ကျနော် ပြောခဲ့ပါတယ်။
နောက် သူတို့ ထွက်ချက်တွေက  မှန်တာလဲ ရှိနိုင်တယ်။ မှားတာလဲ ရှိနိုင်ပါတယ်။ အဲဒီထွက်ဆိုချက်တွေကို တန်ပြန်စီစစ်ဘို့ ဆိုတာက တောတွင်းအခြေအနေနဲ့ မဖြစ်နိုင်ဘူးလေ။ အခြားအပြန်အလှန်ထွက်ချက်တွေ အပေါ်မူတည်ပြီး ဆင်ခြင်တုံတရားနဲ့ သုံးသပ်ရတာဘဲ။ဒါကြောင့် ပြစ်ဒါဏ်ပေးတဲ့နေရာမှာ သေဒါဏ်လိုမဖြစ်စေဘို့၊ မပ ကိစ္စမှာဆိုလဲ ပြန်လွှတ်ပေးဘို့ ပြောခဲ့ရတာပေါ့။

နောက် မဟာမိတ်တွေကိုလည်း နားလည်အောင်ပြောပြမယ်လို့ ပြောတယ်။ နောက် ကျနော်က လူ့အခွင့်ရေး အမြင်နဲ့လည်း ပြောပြတယ်။ လူတယောက်ရဲ့ အသက်ကို အခြားလူတယောက်က ဆုံးဖြတ်တာမျိုး ကို ကျနော်တို့ အနေနဲ့ကတော့ လက်ခံလို့မရဘူး။ နောက် ကျနော်တို့က နိုင်ငံတကာနဲ့ ဆက်ဆံနေရတာဆိုတော့ ဒါမျိုးတွေကလည်း ဖြစ်လို့မရဘူး ဆိုပြီးတော့ သူတို့ကို နားလည်အောင် ကျနော် ရှင်းပြတယ်။ နောက် ပြန်လွှတ်ပေးဖို့ ညှိနှို်းတယ်။ အဲလို ရှင်းပြပြီးတော့မှ သူတို့သူလျှိုဆိုပြီး ဖမ်းထားတဲ့ သူတွေနဲ့ ကျနော် တွေ့ခွင့်တောင်းတယ်။
တွေ့ခွင့်တောင်းဆိုတာက ပလောင်ကို စစ်ကူသွားရင်းနဲ့ ကျနော်တို့ တောင်းပိုင်းကနေ ရောက်သွားတဲ့ ရဲဘော်တွေ ရှိတယ်။

အဲဒီထဲကနေ သူတို့ ဖမ်းထားတဲ့ သူတွေ ရှိတယ်။ တောင်ပိုင်းစခန်းကလည်း သူတို့ရဲ့ ရဲဘော်တွေကို မြောက်ပိုင်းက ဖမ်းထားတဲ့အတွက် မေးခဲ့ပါဦး ကြည့်ခဲ့ပါဦးဆိုလို့ တောင်ပိုင်းက ကိုသိန်းထွန်းကို ကျနော်တွေ့တာ ပါတယ်။

အဲဒီမှာ သူ့ကို ကျနော်က ရိုက်လို့ နားကန်းသွားတယ်လို့ သူပြောတယ်၊ ကျနော်သူ့ကို မရိုက်ခဲ့ဘူး။ ကျနော် သူ့ကို ဘာရိုက်စရာ အကြောင်းရှိမှာလဲ။ ကျနော်က စစ်ဆေးတဲ့ သူလည်း မဟုတ်ဘူးလေ။ တောင်ပိုင်းကနေ လာတဲ့ သူတယောက်အနေနဲ့ သူ့ဘက်က ပြောချင်တာ ရှိရင် ပြောလို့ရအောင် အဲဒီအခွင့်အရေး ပေးတဲ့  သဘောပဲ။

ဒါပေမဲ့ ဘာဖြစ်လို့ သူပြောသလဲဆိုတာလည်း ကျနော်တော့ မသိဘူး။ ကျနော် တသက်နဲ့ တကိုယ်ခုချိန်ထိ လက်သီးထိုးပြီးတော့ကို ဘယ်သူနဲ့မှ ရန်မဖြစ်ဘူးဖူး။ တိုက်ပွဲတွေ ဘာတွေလည်း ကြီးကြီးမားမား မကြုံဘူးဖူး၊ ကျောင်းသားတပ်မတော်ဥက္ကဋ္ဌ လုပ်နေပေမဲ့ ကျနော်က နောက်တန်းမှာပဲ စီမံခန့်ခွဲနေတာဆိုတော့ ကြမ်းကြမ်းတမ်းတမ်းလည်း မရှိပါဘူး။ နောက် သူ့ဘက်ကနေ ဘာကြောင့် အဲလိုပြောသလဲဆိုတာလည်း ကျနော်တကယ်ကို မသိပါဘူး၊ ကျနော့်မှာ နဂိုကတည်းက အဲလို ကြမ်းတမ်းတဲ့ စိတ်ကိုမရှိတာပါ။

နောက် နန်းအောင်ထွေးကြည်။ ကျနော်တွေ့တဲကအချိန်မှာ နန်းအောင်ထွေးကြည်က ခံဝန်ချက်နဲ့ လက်မှတ်ထိုးထားရပြီး ရဲမေအဖြစ်ပြန်နေခွင့်ရတဲ့ အချိန်။ ရဲမေပြန်ဖြစ်နေတဲ့ အချိန်မှာပဲ ကျနော်နဲ့ တွေ့ခွင့်ရတယ် သူ့အကို စိုင်းထွန်းနဲ့အတူတူ။ သူက အဲဒီအချိန်မှာ အချုပ်ထဲမှာ မရှိတော့ဘူးဆိုတော့သိပ်လည်း ကြီးကြီးမားမားတွေပြောစရာ မရှိတော့ဘူးပေါ့။

ကျန်တဲ့ လူတွေနဲ့ကျနော် တယောက်ချင်းတွေ့တာ မရှိဘူး။နောက် ဘားတိုက်ထဲမှာ ဖမ်းထားတယ်ဆိုတာကိုကျနော်သွားကြည့်တယ်။

သွားကြည့်ပြီးတော့ သူတို့ကိုလည်း ကျန်တဲ့ ရဲဘော်တွေနဲ့ တန်းတူ ကျွေးဖို့ နဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးဖို့ တွေ ပြောခဲ့တယ်။ နောက် ကျနော် ကိုယ်ချင်းစာစိတ်နဲ့ ပြောခဲ့တာက သံခြေကျဉ်းကြီးတွေနဲ့ ထားထားတာလေ သူတို့ကိုလည်း ပြန်လွှတ်တော့မဲ့ အတူတူ အဲလိုကြီး မထားပါနဲ့ ဆိုပြီးတော့  ဖြုတ်ပေးဖို့ မေတ္တာရပ်ခံတာ ရှိတယ်။

သူတို့ဘက်က ပြောတာကတော့ မိဘတွေက လာတွေ့တဲ့ သူတွေလည်း ရှိတယ်၊ လုံခြုံရေးအရ ဒီလို ထားနေရတာလည်း ရှိတယ်၊ သူုတို့ အာမခံတာကတော့ ၁ နှစ်အတွင်းမှာ  ပြန်လွှတ်ပေးမယ်လို့ အာမခံတယ်။

နောက် မေလ ၃၁ ရက်နေ့မှာ ဒီမြောက်ပိုင်းABSDFက  ကျောင်းသားတွေကို ထောက်လှမ်းရေးလို့ စွတ်စွဲပြီါ် သတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီးတော့ တာဝန်ယူတယ်ဆိုပြီးတော့ လက်မှတ်ထိုးရတာနဲ့ပတ်သက်ပြီး တာဝန်ယူတယ်ဆိုတာကတော့ ဒီလိုလေ ABSDF အနေနဲ့ ဒီကိစ္စကို မှန်တယ်မှားတယ်ဆိုတာ တနေ့နေ့ တော့ ဖော်ထုတ်ပြီးတော့ ရှင်းရမှာပဲ။ ကျနော်တို့ အဲလို ကာလမျိုးမှာ ကျနော်တို့ ဘယ်လိုမှ မရှင်းနိုင်ဘူး။ မှားတယ် မှန်တယ် ဟုတ်တယ် မဟုတ်ဘူး ဆိုတာကို ကျနော်တို့ ဘယ်လိုမှ မရှင်းနိုင်ဘူး။ တနေ့နေ့တချိန်ချိန်မှာ နစ်နာတဲ့ သူတွေ ကာယကံရှင်တွေက အမှန်အမှား သိချင်မှာပဲ။ ဆုံးဖြတ်တဲ့ သူတွေလည်း အမှန်အမှား သိချင်မှာပဲ၊ ကျနော်တို့လည်း သိချင်တာပဲ။ နောက် ကျနော်တာဝန်ယူတယ်ဆိုတာက ABSDF အနေနဲ့ဖြစ်လာတဲ့အပေါ်မှာ ကျနော်တို့ မသိဘူး ဆိုပြီး လုပ်လိုက်လို့ရတာပဲ ဒါပေမဲ့ ကျနော် တာဝန်ယူလိုက်တယ် အမုန်းလည်း ခံတယ် အစွတ်စွဲတာလည်း ခံတယ်၊ အပြစ်တင်တာလည်း ခံတယ်။ တတ်နိုင်သမျှ ၀န်ညှိတယ်၊ ကျန်တဲ့ အဖမ်းခံနေရတဲ့ သူတွေရဲ့ လွှတ်မြောက်ရေးကို ၀င်ပြီး ကျိုးစားပေးတယ်။ ဒါကလည်း ကျနော် တာဝန်ရှိမှု အပေါ်မှာလုပ်တာပေါ့လေ။ ခုချိန်ထိလည်း ကျနော် ရှင်းပေးနေတာပါပဲ။

ရှေ့ဆက်ဖော်ပြပေးပါမည်။

မေသင်္ကြန်ဟိန်(မြစ်မခ)
7Like · ·

ဒီကနေ့မိုးသီး..မနက်ဖန်ကျနော်တို့လား?

ဒီကနေ့မိုးသီး..မနက်ဖန်ကျနော်တို့လား?

by Ko Nyo on Wednesday, September 5, 2012 at 1:27am ·
              ဒီကနေ့မိုးသီး..မနက်ဖန် ကျနော်တို့လား..။

အခုတလော  ကြားနေရတဲ့သတင်းတွေ၊ဖတ်နေရတဲ့စာတွေကြောင့်အမျက်တွေစူးတယ်။
သတင်းသမားပီပီစာရေးချင်၊ပြောချင်ပေမဲ့ ကိုယ့်စာကအလိုမကျတာ၊
အမြင်မတူတာကိုချရေးပြီး၊
ဆူးပေါက်နေမှာမို့ဆင်ဆင်ခြင်ခြင်
နေလိုက်သေးတယ်။
ကိုယ့်အတွေ့အကြုံအတွေးအမြင်ကိုမြိုချလို့ရပေမဲ့
အဆိုးဘက်နွယ်တဲ့အတွေးအခေါ်နဲ့
စာတွေပိုပိုများနေတာ
ကျတော့မျက်ကွယ်ပြုထားသလိုစိတ်ထဲခံစားလာရတယ်၊
သတင်းသမားတယောက်တာဝန်မကျေသလိုဖြစ်မှာစိုးလို့
ကိုယ့်စိတ်ထဲရှိတာကွယ်ဝှက်လည်းမနေ၊
ဟန်ဆောင်ပြီးလဲထိမ်းမနေချင်တော့ဘူး၊
ပွင့်ပွင့်လင်းလင်းဘဲရေးလိုက်တော့မယ်။
  ----------------
ဒီရက်ပိုင်းသတင်းတွေထဲမှာထိတ်ဆုံးကလှုတ်ခတ်တဲ့သတင်းက
 ပြည်ပရောက် ABSDFကျောင်းသားခေါင်းဆောင်ဟောင်းတချို့နဲ့
အမေရိကားကနိုင်ငံရေးလှုပ်ရှားသူ
၈၈ကျောင်းသားတချို့ပြည်တော်ပြန်ခရီးဖြစ်တယ်။အမှန်တော့
သူတို့မသွားခင်ကတဲကအပြင်မှာပူညံပူညံအချင်းများနေတာ။
ပြည်ပရောက်ကျောင်းသားအားလုံးကိုကိုယ်စားပြုသွားမှာလား?၊
ဘယ်သူ့ကိုကိုယ်စားပြုပြီး၊ဘယ်သူနဲ့တွေ့၊ဘာတွေဆွေးနွေးမှာလဲ? နိုင်ငံရေးအကျဉ်းသားတွေကိုဆက်ဖမ်းထားသလို၊ပြည်တွင်း၈၈အုပ်စုတွေက
ပြည်ပကျောင်းသားတွေဂုဏ်သိက္ခာရှိရှိပြန်လာနိုင်ရေးလုပ်နေချိန်၊
ဒီလိုခွဲခြားပြီးသွားသင့်သလား?
ကချင်စစ်မီးဟုန်းဟုန်းတောက်နေတဲ့
ဒီလိုကာလသွားသင့်ရဲ့လား?၊အပြင်မှာလုပ်စရာကုန်ပြီလား?
စတဲ့စတဲ့မေးခွန်တွေကို
အင်တာနက်ချပ်တင်တွေ၊အွန်လိုင်းMeetingတွေ၊
Debateတွေနဲ့အချိန်အတော်ကြာလုပ်ခဲ့ကြတယ်လို့သိထားပါတယ်။
ကျနော်ကိုမိုးသီး၊ကိုထွန်းအောင်ကျော်၊
ကိုမူးသာတို့နဲ့မေးမြန်းကြည့်ရသလောက် သူတို့ဟာ
ပြည်ပရောက်၊ဘယ်အဖွဲ့၊ဘယ်သူ့ကိုမှကိုယ်စားမပြုဘူး၊
မိမိကိုယ်ကိုတာဝန်ယူမှု၊ကိုယ်စားပြုမှုနဲ့ဘဲ
သွားမှာလို့ပြောခဲ့ဖူးပါတယ်။
သူတို့ ကိုယ့်ဖာသာကိုယ်တာဝန်ယူမှုနဲ့ပြည်တော်ဝင်ခရီးနှင်တယ်ဆိုပေမဲ့
အားလုံးနီးပါးက ၈၈ကျောင်းသားတွေ၊ပြီးတော့ တချိန်က
၊ကျောင်းသားတပ်မတော်ကိုဦးဆောင်ခဲ့သူတွေပါ။
သူတို့ကပြည်ပအင်အားစုတွေနဲ့မဆိုင်ပါဘူးလို့ဘယ်လိုဘဲပြောပြော၊
မဆိုင်လို့မရပါဘူး။
သူတို့သွားတဲ့ခရီးက တခြားနိုင်ငံကိုလော်ဘီလုပ်ဘို့သွားတဲ့ခရီးမဟုတ်သလို၊
ပုဂ္ဂိုလ်ရေးကိစ္စသွားကြတာမဟုတ်ဘူး၊မိသားစုဝင်တယောက်ယောက်
အသဲအသန်ဖြစ်လို့အရေးပေါ်သွားတွေတာမဟုတ်ဘူး။
၂၄နှစ်လောက်ပြည်ပမှာအကောင်းအဆိုးတွေနဲ့ရောပြွန်းနေထိုင်ပြီး၊
ကိုယ့်နိုင်ငံ၊စစ်ကျွန်ဘ၀ကလွတ်မြောက်ရေး၊ဒီမိုကရေစီရေးအတွက်၊
(အောင်မြင်တာ၊မအောင်မြင်တာအသာထား)လုပ်ခဲ့ကြသူတွေ
ဖြစ်တယ်။မိုးထဲလေထဲမှာတော်လှန်ရေးနဲ့၊နိုင်ငံရေးနဲ့
အင်မတန်တူတဲ့အလုပ်ဘဲဖြစ်ဖြစ်၊အင်မတန်မနီးစပ်တဲ့အလုပ်ဘဲ
ဖြစ်ဖြစ်လုပ်ခဲ့ကောင်းလုပ်ခဲ့
သူတွေဖြစ်တယ်။ မိုးသီးတို့ကိုထွန်းအောင်ကျော်တို့လိုဘဲပြည်ပရောက်
၈၈တောခိုသူတွေနဲ့နောက်ပိုင်းတောခိုလာသူတွေတိုင်းတပါးနဲ့နယ်စပ်ဒေသမှာ အငတ်ငတ်အပြတ်ပြတ်နဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးအလုပ်တွေ
နေ့နေ့ညညတွေးတော၊ပြောဆို၊လုပ်ခဲ့ကြတာပဲမဟုတ်လား?
တတိယနိုင်ငံတွေရောက်တော့လည်းတဘက်က
မိသားစုနဲ့ဝမ်းစာအတွက်(အသက်တွေကြီးပြီး၊မလုပ်ခဲ့ဘူးတဲ့အလုပ်တွေကို)
ပင်ပင်ပမ်းပမ်းလုပ်ရင်းအကြွေးတွေနဲ့ရပ်တည်နေရတယ်။
တဘက်ကကိုယ်ယုံကြည်တဲ့နိုင်ငံရေးအပေါ်ဆက်လုပ်ရင်း
(ကိုယ်မလုပ်တောင်လုပ်နေသူတွေကိုအားပေး၊ထောက်ပံ့)နေခဲ့ကြတယ်။
ဒါဟာဖြစ်စဉ်အမှန်၊တတိယနိုင်ငံရောက်နေသူတိုင်းချမ်းသာသူတွေမဟုတ်သလို၊
ချမ်းသာနေသူတိုင်းကလည်းပြည်တွင်းကအချောင်သမား
ခေတ်ပျက်သူဌေးတွေလိုဗြုန်းစားကြီးကြီးပွားခဲ့ကြတာမဟုတ်ဘူး။
သူတို့ချွေးတွေ၊လေ့လာမှုတွေ၊
သီးခံစိတ်၊လုံ့လ၊၀ီရိယတွေနဲ့အားထုတ်ကျိုးပမ်းခဲ့ကြတာပါ။
ငယ်ရွယ်ပြီး၊ပညာသင်နိုင်တဲ့ပြည်ပ
ရောက်တော်လှန်ရေးကျောင်းသားတွေကဆက်ပြီး
ပညာသင်နိုင်ပေမဲ့၊အသက်အရွယ်ရလာမှ
တတိယနိုင်ငံရောက်သူတွေကမနိုင်ဝန်ထမ်း၊အများတကာမလုပ်ချင်တဲ့၊
ကိုယ်လည်းစိတ်မ၀င်စားတဲ့အလုပ်တွေကိုလုပ်ရင်း
မိသားစုဝမ်းစာနဲ့သားသမီးတွေစနစ်တကျကြီးပြင်းနိုင်ဘို့ပေးဆပ်
နေရတယ်။ဒါကိုယ်တွေ့။ဒီနေရာမှာ၊ နိုင်ငံရေးတက်ကြွသူတွေမဟုတ်တဲ့၊
ပြည်ပမှာအခြေစိုက်နေထိုင်တဲ့သာမန်မြန်မာပြည်ဘွားညီအကိုတွေကို
ဆိုလိုတာမဟုတ်ဘူး။အဲလိုသာမန်ကိုယ့်နိုင်ငံသားပြည်သူတွေတောင်
စစ်အာဏာရှင်ဆန့်ကျင်ရေးကို တတ်စွမ်းသလောက်
အားပေးကူညီပြီးပါဝင်နေတာတွေရှိပါတယ်။
ဆိုလိုတာက ပြည်ပရောက်တိုင်းအချောင်သမားတွေ မဟုတ်ဖူး။
ကိုမိုးသီးတို့၊ကိုထွန်းအောင်ကျော်တို့မှားတာမှန်တာအပထား၊
သူတို့စွန့်လွှတ်ခဲ့တာ၊အနစ်နာခံခဲ့တာ
ကိုယ်နိုင်ငံအတွက်အချိန်တွေပေး၊လေ့လာကြတာ၊ပြောဆိုကြတာ၊
အာရုံနှစ်ပြီးလှုပ်ရှားနေတာကိုတော့အသိအမှတ်ပြုပေးရမယ်။
အတိတ်ကသူတို့မှားခဲ့တာကိုသူတို့ခံရမှာဘဲ။ဒါမငြင်းလိုဘူး။
သူတို့မှားလို့ တစုံလုံးခံခဲ့ရတာတွေလည်းမငြင်းလိုဘူး။
ဒါပေမဲ့၊လူဆိုတာအမြဲတန်းမမှားနိုင်သလို၊
မှန်အောင်ကျိုးစားလုပ်ကိုင်နေသူတွေကိုကိုယ့်အသိုင်းအ၀ိုင်းကနေ
ဆွဲခွါထုတ်ပယ်တာမျိုးမလုပ်သင့်ဘူး။
အပြစ်ရှိရင်လည်းအများကပြစ်ထားမှာမဟုတ်ဘူး။
ကိုမိုးသီးကိုကျနော်စကားပြောဘူးတယ်၊ခင်ပါတယ်၊
ဒီနေ့အထိလူချင်းမဆုံဘူးဖူး။
ကိုမိုးသီးအတွေးအခေါ်တိုင်းလဲကျနော်မကြိုက်ဘူး။
သူ့အတွေးအခေါ်ကြောင့်ကျနော်တို့တတွေဒုက္ခရောက်ဖူးတယ်။
ဥပမာ.သူဥက္ကဌတာဝန်ယူခဲ့စဉ်..ABSDFရဲ့ ဆောင်ပုဒ်တခုဖြစ်တဲ့
“တော်လှန်ရေးသည်
ငါတို့ကျောင်း၊ငါတို့တက္ကသိုလ်” ဆိုတဲ့ကြွေးကြော်သံကိုသဘောကျမိလို့
အရွယ်ကောင်းစဉ်လိုအပ်တဲ့အထောက်အကူပြုပညာတွေမသင်ခဲ့ဘဲ၊
လက်နက်ကိုင်နယ်ပယ်နဲ့၊Activistလှုပ်ရှား
တက်ကြွသူဘ၀ထဲမှာတ၀ဲလည်လည်ဖြစ်ပြီး
ဘ၀တွေမရေမရာဖြစ်သွားကြတာမနည်းဘူး။
အိန္ဒိယနိုင်ငံနယူးဒေလီမှာကျနော်တို့နိုင်ငံရေးလှုပ်ရှားတဲ့
မြန်မာကျောင်းသားတွေအဖြစ်ရပ်တည်
နေထိုင်စဉ်က ကိုယ့်ထက်ငယ်ပြီးပညာသင်ဘို့ကောင်းတဲ့
အသက် ၂၀ကျော် လူငယ်တွေကိုပညာသင်ဘို့တိုက်တွန်းတော့
“တော်လှန်ရေးဟာကျနော်တို့တက္ကသိုလ်ဘဲဗျ”
လို့ထိထိမိမိဆင်ခြေပေးပြီးအတွေးခေါင်သွားသူတွေအမှန်ဘဲရှိခဲ့တယ်။
ကျနော်တို့မှာ
မှန်ကန်တဲ့သဘောတရားတွေတပ်ဆင်ထားတဲ့ပညာတတ်ကေဒါတွေမမွေးထုတ်နိုင်ခဲ့ဘူး။
မှတ်မိတဲ့ဆောင်ပုဒ်တခုရှိသေးတယ်။
“ဗဟိုကော်မတီဝင်တွေကိုမျက်လုံးအိမ်သဖွယ်ကာကွယ်စောင့်ရှောက်ကြ”
ဆိုတဲ့ကြွေးကြော်ဆောင်ပုဒ်။ကျနော်တို့အတော်ရွံခဲ့တဲ့ဆောင်ပုဒ်။
ဒါပေမဲ့
ကျနော်တို့နဲ့ABSDFကဘယ်တုံးကမှမပတ်သက်ခဲ့သူတွေ၊
အိန္ဒိယအခြေစိုက်ABSLအဖွဲ့ကပါ။
အကြမ်းမဖက်နိုင်ငံရေးဘဲလုပ်ခဲ့တယ်။
နယ်မြေဒေသကွဲသလို၊အိုင်ဒီယာလည်းကွာတယ်။
ကိုမိုးသီးတို့အတွေးအခေါ်မကြိုက်ရင်
ကျနော်တို့သူ့နောက်မလိုက်ဖို့ဘဲရှိတယ်။သူ့ကိုပုဂ္ဂိုလ်
ရေးတွေထိုးနှက်တိုက်ခိုက်ပြီးဂုဏ်သရေမဲ့
သိက္ခာကျအောင်စော်ကားစရာမလိုဘူး။
ဒါလူယဉ်ကျေးအလုပ်မဟုတ်ဘူး။
ABSDFမြောက်ပိုင်းသတ်ဖြတ်မှုကိုအကြောင်းပြုပြီး
သူတို့ပြည်တော်ဝင်ချိန်နဲ့အချိန်ကိုက်
သတင်းစာရှင်းပွဲတွေ၊သတင်းဂျာနယ်အင်တာဗျူးတွေလုပ်တာတွေ့ရတယ်။
လုပ်သင့်တာလုပ်တာဘဲလို့ယူဆတယ်။အမှန်တရားဆိုတာတခါတခါ သူ့အလိုလိုပေါ်တတ်တာမဟုတ်၊ပယောဂတွေနဲ့ဖုံးကွယ်နေတတ်တယ်။
ဒါကိုသတိ၊၀ီိရိယနဲ့
အားထုတ်ဖော်ထုတ်ရတာတွေရှိတယ်။ဒါကိုလက်ခံတယ်။ကိုမိုးသီးတို့၊
ကိုနိုင်အောင်တို့ကိုယ်တိုင်လဲဒီကိစ္စကိုရှောင်လွှဲနေတာမဟုတ်ဘူး၊
ရင်ဆိုင်နေတာဘဲ။၁၉၉၃လာက်ထင်တယ်၊ကိုနိုင်အောင်
အနောက်ဘက်ဒေသမှာ ABSDFအလံစိုက်ဘို့ရောက်လာတယ်။
ကျနော်တို့ကမြန်မာကျောင်းသားများအဖွဲ့နာမည်နဲ့
နယူးဒေလီမှာမြေပေါ်နိုင်ငံရေးလုပ်ကြတယ်။အိန္ဒိအစိုးရ၀န်ကြီးတချို့နဲ့၊
အမတ်ဟောင်းတွေ၊နိုင်ငံရေးပါတီတချို့နဲ့NGOအဖွဲ့တချို့၊
သတင်းစာသမားတွေ၊အမျိုးသမီးအဖွဲ့အစည်းတွေက အားပေးတယ်၊
ကျနော်တို့လှုပ်ရှားမှုကိုထောက်ခံကူညီတယ်။
ပြောချင်တာက စစ်ရေးထက် နိုင်ငံရေးကိုအိန္ဒိယပြည်တွေက
အားပေးနေတဲ့အချိန်။မြန်မာအိန္ဒိယနယ်စပ်မှာ
တိုင်းရင်းသားသူပုန်အဖွဲ့တွေ(ချင်း၊ရခိုင်၊ဇိုမီး)အဖွဲ့တွေရှိတယ်။
အိန္ဒိအစိုးရထောက်လှမ်းရေးတို့၊စစ်တပ်တို့နဲ့ အဲဒီတိုင်းရင်းသား
သူပုန်လက်နက်ကိုင်တွေသိတ်ကင်းလို့မရဘူး၊
တနည်းပြောရရင်မလွတ်လပ်ဖူး၊လက်နက်ကိုင်တော်လှန်ရေးဟာ
အိန္ဒိယမှာမကြီးထွားနိုင်ဘူး၊ရေခံမြေခံမဟုတ်ဖူး။အဲ
ဒါကိုနိုင်အောင်လာတော့ရှင်းပြတယ်။သူကလက်မခံဘူး၊
နယ်စပ်(ဒုက္ခသည်စခန်း၊မဏိပူ)
ကိုအခြေခံပူးပေါင်းဘို့သူလာတာ။
ဒေလီနိုင်ငံရေးအင်အားစုနဲ့ပူးပေါင်းနိုင်တာမနိုင်တာက
သူ့အတွက်အရေးမပါဘူး။
သူ့အဓိကလုပ်ငန်းစဉ်ကအနောက်ဘက်ဒေသ(အိန္ဒိယ)
မှာလက်နက်ကိုင်ကျောင်းသားတပ်(ABSDF)ဖွှဲ့နိုင်ဘို့ဘဲ။
ထားပါတော့ ဒီကိစ္စပြောရရင်ရှည်တယ်။
ပြောချင်တာကသူလာတုံးက မြောက်ပိုင်းကချင်မှာထောက်လှမ်းရေး
ဆိုပြီးလုပ်ကြံမှုတွေဖြစ်ပြီးခါစပူပူနွေးနွေး။
နယူးဒေလီကကျနော်တို့ရုံးမှာဘဲကိုနိုင်အောင်နဲ့ကျနော်တို့
ဒီကိစ္စအငြင်းပွားတယ်။
ကျနော်တို့နဲ့နယ်စပ်ဒုက္ခသည်စခန်းမှာတဖွဲ့တည်း
အတူနေခဲ့တဲ့ထိန်လင်း(ပန်းချီထိန်လင်း)
ထောက်လှမ်းရေးစွတ်စွဲခံအုပ်စုထဲပါသွားတာကိုသူထွက်ပြေးလွတ်မြောက်ပြီး
စစ်အစိုးရသတင်းစာမှာပါလာမှကျနော်တို့သိလိုက်တယ်။
ထိန်လင်းကကျနော်တို့နဲ့ဒုက္ခသည်စခန်းမှာရင်းရင်းနှီးနှီးရှိသလို၊
စိတ်တူကိုယ်တူတွေ၊စခန်းထဲက နံရံကပ်တို့၊အနုပညာကိစ္စ
၊ဖြော်ဖြေရေးကိစ္စတွေတူတူလှုပ်ရှာခဲ့ကြတာ။
သူပြည်ထဲဝင်သွားပြီး
မြောက်ပိုင်းဘက်သွားတယ်လို့နောက်ဆုံးကြားတယ်၊အဆက်ကလုံးဝပြတ်နေတာ။
နောက်တော့ ဗြုံးကနဲထောက်လှမ်းရေးအသွင်နဲ့သတင်းထွက်တော့
 ကျနော်တို့လုံးဝလက်မခံဘူး။
ကိုနိုင်အောင်ကိုခါးခါးသီးသီးငြင်းတယ်။
မြောက်ပိုင်းသူလျိုကိစ္စဟာမှားယွင်းလုပ်ကြံမှုလို့
ပြောပြတယ်။ကိုနိုင်အောင်ဘက်ကလည်းရေလှိုင်းစစ်ဆင်ရေးတို့၊
စစ်ဆေးဖော်ထုတ်ချက်တို့
ဘာတို့နဲ့အသေအချာရှင်းပြပါတယ်။
ဒါပေမဲ့ကျနော်တို့ကလက်မခံဘူး။နောက်ဆုံးကိုနိုင်အောင်က
“ဒီကိစ္စသမိုင်းကပေးတဲ့အပြစ်ဒါဏ်ကိုကျနော်ခံပ့ါမယ်”လို့ကတိပေးပြီး
အငြင်းအခုန်အဆုံးသပ်သွားတယ်။
နောက်ပိုင်းတော့လည်းကျနော်တို့တတွေရင်းရင်းနှီးနှီးအလုပ်တွဲလုပ်ကြတယ်
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားလူငယ်မျာူးကွန်ဂရက်SYCB
ကိုတောင်တိုင်းရင်းသားတွေနဲ့လက်တွဲပြီး
နယူးဒေလီမှာဘဲ(1996)ကလူငယ်တပ်ပေါင်းစုတရပ်
အနေနဲ့ဖွဲ့ခဲ့ကြတယ်။
မြောက်ပိုင်းကိစ္စမမေ့ပေမဲ့ဘုံရန်သူကိစ္စအရင်ရှင်းကြတယ်။
တချိန်ကကျနော်တို့ရဲ့ဘုံရန်သူရဲ့အမွေကို
ဒီနေ့ကြံ့ဖွတ်အစိုးရကအမွေဆက်ခံထားတာပါ။
န၀တ၊နအဖစစ်အစိုးရခေတ်ရော၊ဒီနေ့ကြံ့ဖွတ်အစိုးရကရော၊
ကျူးလွန်လာခဲ့တဲ့လူသတ်မှု၊မုဒိန်းမှု၊ခြစားမှု၊ပြည်သူ့ဘဏ္ဍာအလွဲသုံးစားမှု၊
လူ့အခွင့်အရေးချိုးဖောက်မှု၊ဒီပဲရင်းလုပ်ကြံမှု၊စစ်ရာဇ၀တ်မှု၊
နိုင်ငံတော်သစ္စာဖောက်မှု၊နာဂစ်မုန်တိုင်းမှု၊
…ဘာအမှု၊ညာအမှု
နံပါတ်စဉ်တပ်လို့မကုန်နိုင်အောင်
အမှုပေါင်းမြောက်မြားစွာကျူးလွန်ခဲ့ကြတာလည်းမမေ့သင့်ဘူး။
အခုဟာဆန်ရင်းနာနာဖွတ် ဆိုသလို၊နိုင်ရာဖိထောင်းနေတာကတဘက်သတ်ပွဲကြီးလိုဖြစ်နေတယ်။
ဖေ့စ်ဘွတ်စာမျက်နှာတွေက အတော်ရုပ်ပျက်တယ်။ရိုင်းစိုင်းတယ်။
အဆိုးဆုံးက ပြည်တွင်းမီဒီယာတခု(သတင်းရောင်းစားတဲ့မီဒီယာ)က
အယ်ဒီတာအမျိုးသမီးတယောက်က
မိုးသီးဇွန်တို့အဖွှဲ့မြန်မာပြည်ခရီးဆိုပြီးရေးတာကိုဖတ်ရတယ်။မိုးသီးဇွန်အဖွှဲ့
ပြည်တော်ဝင်တာကိုစိတ်အခံမကောင်းစိတ်နဲ့ရိတိတိစော်ကားရေးထားတယ်။
ညီညွတ်ရေးအမြင်နဲ့
မကြည့်ဘူး၊၊နိုင်ငံသားမဟုတ်တော့တာကိုအပြစ်လိုပြောတယ်၊(နအဖလေသံ)
အောက်ကကွန်မင့်တွေကပိုရိုင်းတယ်။
ဦးသိန်းစိန်ရဲ့ကြံ့ဖွတ်အစိုးရအဖွဲ့တွေ
လောက်တောင်စာနာစရာမကောင်းတဲ့ဟန်၊ပြည်ပရောက်တွေက
အသုံးမကျသူတွေလိုမြင်အောင်
ရေးကြတယ်။

ထားပါတော့ စစ်ကျွန်တွေ၊ကြံ့ဖွတ်လူတွေက
ဒီလိုဝင်နှောက်တာလည်းဖြစ်နိုင်တာမို့
ကွန်မင့်တွေအကြောင်းသိတ်မပြောလိုဘူး။
ဒါပေမဲ့ဒီလိုကာလ(အသွင်ကူးနေတဲ့စပ်ကူးမတ်ကူးကာလ)
ထားစေချင်တဲံစိတ်ဓာတ်လေးတော့ လက်တို့ပြောပြချင်တယ်။
ဒီအချိန်မှာပြည်သူတွေညီညွတ်ရေးအသဲအသန်လိုနေတဲ့ကာလပါ။
ဆောငါးပါးဘဲရေးရေး၊သတင်းရေးရေး၊အပြုသဘောနဲ့စိတ်ရင်းမှန်မှန်ထား
ရေးစေလိုတယ်။အခုဟာသမိုင်းမသိ၊ဘာမသိသလိုဘဲ၊
အဆိုးမြင်မျက်မှန်စိမ်းတပ်ပြီးရေးနေ
တော့ဖတ်ရတာစာကကောင်းမလာဘူး။တကယ်တော့
 ကိုမိုးသီးတို့အဖွဲ့က ရန်သူမဟုတ်ပါဘူး။
နှိမ့်ချရေးစရာမလိုတဲ့လူတွေပါ။
သူတို့နိုင်ငံခြားသားခံထားတာလည်းအခြေအနေအရပါ။
အချိန်မရွေးကိုယ့်နိုင်ငံသားဖြစ်မဲ့သူတွေပါ။
သူတို့အမေရိကန်နိုင်ငံသားပေမဲ့ မြန်မာပြည်သူတွေကိုသစ္စာမဲ့နေတာမဟုတ်ဖူး။
မြန်မာပြည်ထဲမှာအကောင်းဆုံးတခုခုပေးချင်တဲ့
စေတနာနဲ့လာသူတွေလို့အပြုသဘောနဲ့မြင်သင့်တယ်။
သေချာတာက သူတို့ဟာ NGOတွေ၊ပရောဂျက်တွေ၊
ပရိုပိုဆယ်တွေနဲ့လုံးထွေးပြီးကိုယ်ကျိုးတ၀က်၊
ကိုယ့်အလုပ်တ၀က်နဲ့ဗမာပြည်ထဲဝင်အလုပ်လုပ်နေတဲ့
အရပ်ဘက်လူ့အဖွဲ့အစည်းယောင်ယောင်၊
နိုင်ငံရေးပရောဟိတ်တွေယောင်ယောင်၊
နိုင်ငံရေးပွဲစားယောင်ယောင်၊မီဒီယာယောင်ယောင်၊
အဖွဲ့မဟုတ်ဘူး။မိုးသီးတို့အဖွဲ့ဟာ ကိုယ့်ထမင်းကိုစားပြီးနိုင်ငံရေးလုပ်နေတာပါ။
ပြည်တွင်းမှာတခုခုလုပ်နိုင်အောင်အရဲစွန့်ဝင်ခဲ့သူတွေဖြစ်တယ်။
ဒီခရီးအတွက် သူတို့ဟာလေး၊ငါး၊ခြောက်လလောက်အပြင်ကရဲဘော်ရဲဘက်တွေနဲ့
စကားစစ်ခင်းသွားခဲ့ရတာ၊
တချို့အပြင်ကရဲဘော်တွေကသိတ်ကြည်ကြတာမဟုတ်ဘူး။
ဒါပေမဲ့ကိုယ့်ဘက်က ရှေ့ပြေးကင်းတွေလိုသဘောထားတယ်။
သူတို့ပြန်လာရင် အခြေအနေအားလုံးနားစွင့်ကြအုံးမှာပါ။
မိုးသီးဇွန်တို့က နယ်စပ်မှာကိုယ်ပိုင်ကားတ၀ီဝီစီးပြီး
နိုင်ငံရေးလုပ်နေတာမဟုတ်ဘူး။
NGOအထောက်အပံ့နဲ့ပြည်တော်ဝင်တာမဟုတ်ဘူး။
ကျနော်တို့ကအစောကပြောသလိုမိုသီးဇွန်နောက်လိုက်လည်းမဟုတ်သလို၊
မိုးသီးဇွန်ဘာလုပ်လုပ်ထောက်ခံသူလည်းမဟုတ်ဘူး။
ဒါပေမဲ့လက်သဲဆိတ်ရင်တော့လက်ထိတ်နာတယ်။
သူတို့နဲ့ကျနော်တို့မျိုးဆက်အတူတူဖြစ်တယ်။
သူ့ကိုဆဲရင် ကိုယ့်ကိုလည်းဆဲနေသလိုဘဲ၊
ကိုယ့်မျိုးဆက်ထဲကသိကြသူတွေဆဲတာဆိုတာနားကြားကောင်းနေသေးပေမဲ့၊
ဘုမသိဘမသိ၊သမိုင်းကြောင်းလဲမသိနားမလည်သူတွေက
အသားလွတ်ဝင်သမတာတော့
အတော်စော်ကားတဲ့လုပ်ရပ်ဘဲ။အခုကိုမိုးသီးတို့ပေါ်အဆိုးမြင်တွေနဲ့
ရေးနေသူတွေကရောစစ်အစိုးရအောက်ပြားပြားမှောက်စဉ်ကာလတွေက
ဘာများလုပ်ခဲ့ကြလဲဆိုတာပြန်ဆန်းစစ်သင့်တယ်။
၁၉၈၈ကာလကတပါတီအာဏာရှင်စနစ်က
မျက်ကန်းတစ္ဆေမကြောက်ဗြောက်တိုက်ခဲ့ကြ၊
ဓားဓားချင်းလှံလှံချင်းရင်ဆိုဘို့ဆိုပြီးနယ်စပ်ထွက်ခဲ့ကြ၊ဆင်းရဲကြ၊ငတ်မွတ်ကြ
ရန်သူစစ်တပ်သတ်လို့သေတာကတမျိုး၊ကိုယ့်မဟာမိတ်
တိုင်းရင်းသားသူပုန်ကသတ်လို့သေတာကတဖုံ၊ကိုယ့်အချင်းချင်းသတ်လို့
သေတာကတမှောင့်။
ကြုံလို့ပြောရမယ်။အခုမြောက်ပိုင်းလူသတ်မှုကမှအရိုးတွန်ပြီးပြန်ပေါ်လာသေးတယ်။
ကျနော်တို့တတွေရဲ့မဟာမိတ်ကရင်နဲ့ချင်းတွေသတ်လို့သေတာကြောင့်
အရိုးတွေဆွေးပြီးမတွန်နိုင်၊မကနိုင်တဲ့ခွတ်ဒေါင်းအရိုးတွေအများကြီးရှိသေးတယ်။
ဥပမာ
အိန္ဒိယနယ်စပ်မီဇိုရမ်ပြည်နယ်၊ကျန်ဖိုင်းဒုက္ခသည်စခန်းကိုလာခိုလှုံတဲ့မြန်မာကျောင်းသားတွေထဲက
ကိုကြည်အောင်(ရန်ကုန်)နဲ့ကိုမြသောင်း(ကလေးမြို့)တို့ကိုအဲဒီကချင်းလက်နက်ကိုင်CNFက
၁၉၉၀အစောပိုင်းမှာစပိုင်ထောက်လှမ်းရေးလို့စွတ်စွဲပြီးရက်ရက်စက်စက်မြေမြှုတ်သတ်ဖြတ်ခဲ့ကြတယ်။ ဒီကနေ့အချိန်ထိတောင်မိသားစုတွေသူတို့သားတွေပြန်လာမလားလို့
မျော်နေသလားမသိ။
နောက်တခုကကိုနိုင်အောင်တို့လာဖွဲ့စည်းခဲ့တဲ့ကိုလှဌေးဦးဆောင်တဲ
ABSDF(အနောက်ပိုင်း)
ကဘင်္ဂလားဒေခ်ျမြန်မာနယ်စပ်ကနေ မီဇိုရမ်နယ်ထဲအ၀င်
ကျနော်တို့သူငယ်ချင်းကိုဝင်းထွဋ်
နောက်ကျောကျီဆံမှန်ပြီးကျသွားတယ်။
အချင်းချင်းလုပ်ကြံတာလား၊မဟာမိတ်တိုင်းရင်းသားအဖွဲ့
ကလုပ်ကြံတာလားဒီနေ့ထိမသိရဘူး၊ကိုဝင်းထွဋ်မှာဇနီးနဲ့သမီးလေးကျန်ရစ်ခဲ့တယ်။
ဒီလိုအဖြစ်အပျက်တွေကရင်နယ်မှာအများကြီး၊တောခိုကျောင်းသားတွေ၊
ဆရာဝန်လောင်း၊အင်ဂျင်နီယာလောင်းနဲ့ပညာတတ်တွေတောထဲမှာစစ်မတိုက်ရဘဲ
နောက်ကျီဆံနဲ့ကျဆုံးသွားသူတွေမနည်းဘူး။(ဒါတွေစနစ်တကျမှတ်တမ်းတင်ထားသင့်တယ်)
အဲလို..၈၈ကျောင်းသားတွေဟာတချိန်ကဘ၀တွေစွန့်ပြီးစနစ်တခုရဲ့ပြဌာန်းပေးလိုက်တဲ့
တာဝန်ကိုပုခုံးပေါ်နိုင်သလောက်တင်ထမ်းခဲ့ကြတာပါ။
ဟိုးတချိန်ကတောခိုကျောင်းသား၊ပြည်ပြေးတွေကို
သူရဲကောင်းလို့တောင်ပြည်သူတွေကသတ်မှတ်ခဲ့ကြတာမဟုတ်ဖူးလား။
ဒီနေ့အထိအဲဒီယုံကြည်ချက်နဲ့တောထဲမှာဒုက္ခခံရပ်တည်နေတဲ့
ကျောင်းသားလူငယ်တွေရှိနေပါသေးတယ်။
ဟိုတုံးကသူရဲကောင်းတွေကို
အခုအချိန်ကျမှသစ္စာဖောက်တွေလိုမဆက်ဆံသင့်ပါဘူး။
အခုပြည်တော်ပြန်ကိုမိုးသီးတို့အဖွဲ့ဟာ
တချိန်ကစစ်ခေါင်းဆောင်တွေနဲ့ဒီကနေ့ကြံ့ဖွတ်ပါတီခေါင်းဆောင်တွေလောက်ပြည်သူအပေါ်
ဘိုကျနှိပ်ဆက်မဲ့သူတွေမဟုတ်သလို၊ခေတ်ပျက်သူဌေးတွေလိုလည်းအတ္တလွန်ကဲစီးပွားရှာနေမဲ့
သူတွေမဟုတ်ပါဘူး။
လက်တဆုတ်စာNGOအကြိုက်လုပ်နိုင်ငံရေးအဖွဲ့၊မီဒီယာအဖွဲ့တွေကြောင့်
အမှန်တကယ်ယုံကြည်ချက်နဲ့စွန့်လွှတ်အနစ်နာခံသူတွေဘေးဒုက္ခရောက်ခဲ့တယ်။
တော်လှန်သူတွေနာမည်ပျက်ခဲ့တယ်။
ပိုဆိုးတာက
တော်လှန်ရေးကြီးတခုလုံးအကြော်သည်လက်သုတ်ဖြစ်ခဲ့ရတယ်။
ဒါပေမဲ့ဟိုကတည်းကNGOတွေနဲ့
ပလူပလဲလုပ်သူတွေ၊ငွေကြေးအရင်းအမြစ်ကိုင်ထားသူတွေကိုပဲ
အထည်ကြီးပျက်ကြံ့ဖွတ်အစိုးရက
တော်ကောက်ထားတယ်။မြှောက်စားထားတယ်၊သွေးခွဲထားတယ်။
ဒါကိုအခွင့်အရေးသမား၊နိုင်ငံရေး
ကျပ်မပြည့်တွေကသိရက်နဲ့အချောင်နှိုက်တယ်။
ဒီကနေ့ကျနော်တို့လျှောက်နေတဲ့ခရီးဟာအလွန်သိမ်မွေ့ပါတယ်။
အားပြိုင်မှုတွေရှိနေပါတယ်။
အပြုဝါဒီတွေနဲ့လမ်းဟောင်းဝါဒီတို့လွန်ဆွဲနေပါတယ်။
လွှတ်တော်ထဲမှာလည်းအင်အားပြိုင်နေသလို၊စီးပွားရေးနယ်ပယ်၊NGOလောက၊နိုင်ငံရေး
နယ်ပယ်နဲ့မီဒီယာလောကထဲမှာပါအင်အားပြိုင်တာ၊စားကျက်လုတာ၊ခွက်စောင်းခုတ်
ခြေထိုးကန်ကြောက်တံတောင်နဲ့တွက်နေတာကိုအပြင်ကနေတောင်ကြားရမြင်ရတာပါ။
လတ်လောလေးတင်ဆရာကြီးဒဂုံတာရာက 
ကျနော်တို့တိုင်းပြည်၌ ဒီမိုကရေစီပန်းနုရောင်ကလည် သန်းစအချိန်ဖြစ်ပါသည် 
ထိုသို့သော ဒီမိုကရေစီပန်းနုရောင်ကာလတင် အချင်းချင်းမေတ္တာဖြင့်
တစ်ဦးနှင့်တစ်ဦး ယုံကြည်ရလောက်သော အနေအထားများဖြင့်
 ဆက်ဆံကာ မြန်မာပြည်တိုးတက်ရေးအတွက်
အလေးထားလုပ်ဆောင်ရန်မေတ္တာရပခံပါသည်။  
ယခုကဲ့သို့ ဒီမိုကရေစီနုနယ်သောအချိန်တင် လှကိုမလှုပ်အောင်
လူးအောင်မလုပ်ဖို့ အားလုံးကိုမေတ္တာရပ်ခံပါသည်။
 လွန်ခဲ့သောနှစ်ကာလများအတွေ့အကြုံအရ ယခုကာလကို
စိုးရိမ်စွာစောင့်ကြည့်နေရသာအချိန်ဟု ကျွန်တော်ယူဆပါသည်။
၂၀၁၅ ထိအခြေအနေ တည်ငြိမ်ချောမွေ့အောင်ဝိုးဝန်းထိန်းသိမ်းကြ
လို့ပြည်သူတွေကိုတိုက်တွန်းထားပါတယ်။
ဒီအချိန်မှာကိုမိုးသီးတို့ပြည်တော်ပြန်တာဝမ်းသာအားရ
ကြိုဆိုသင့်ပါတယ်။ရန်သူအားပေးမလုပ်သင့်ပါဘူး။
ပြည်တွင်း၈လေးလုံးနိုင်ငံရေးအင်အားစုထဲမှာတောင်
ကိုမိုးသီးဇွန်ကိုလေဆိပ်သွားကြိုဖို့မဲခွဲဆုံးဖြတ်တယ်ကြားတော့
ကျနော်တို့အတော်လေးအံ့သြသွားတယ်။စိတ်လည်းပျက်သွားတယ်။
ဒီကိစ္စမဲခွဲရမဲ့ကိစ္စလား?အဲလောက်အထိဖြစ်သင့်သလား၊
အထဲကအင်အားစုတွေကိစ္စအပြင်အင်အားစုတွေမျက်စိမှိတ်ထောက်ခံခဲ့တယ်။
ညီအကိုတွေလိုမြင်တယ်။ကျနော်ခိုင်ခိုင်လုံလုံသိရတဲ့သတင်းအရ
ကိုမင်းကိုနိုင်၊ကိုဂျင်မီ၊ကိုမြအေးတို့ကသူငယ်ချင်းတွေအဖြစ်
လေဆိပ်သွားကြိုမဲ့ကိစ္စတောင်မဲရှုံးလို့ငယ်သူငယ်ချင်းကိုတောင်
မကြိုလိုက်ရဘူးတဲ့၊ထူးဆန်းအံ့ဘွယ်သတင်းဘဲ။
လေဆိပ်သွားကြိုဘို့ကိစ္စတောင်မဲခွဲနေရသတဲ့လား?ဘာတွေဖြစ်ကုန်ပြီလဲ?
ကျနော်တို့နွားတွေတော့တကောင်ချင်းကွဲနေပါပြီ။
ကျားဟိန်းသံလည်းကြားနေရတယ်။
တောကလည်းနက်ပါတယ်။
အချိန်ကလည်းညီအကိုမှန်းတောင်မသိတသိ။
ကျနော်တို့ရဲ့ဝါရင့်စစ်ဘိုရှုတ်တွေကအခုဆိုအကွက်ကျကျနဲ့ပြည်ပမီဒီယာတွေ၊
ဒီမိုကရေစီဘန်းပြNGOတွေ၊ပရောဂျက်နိုင်ငံရေးအဖွဲ့အစည်းတွေဆီက
အဆက်အသွယ်နဲ့၊အရင်းအမြစ်တွေအရယူနေပါတယ်။
မုဆိုးစိုင်သင်လုပ်နေပါတယ်။
ပြည်ပဒီမိုကရေစီလှုပ်ရှားမှုကိုခါးလည်ကပိုင်းလိုက်ပါပြီ။
သူတို့က၂၀၀၈ဖွှဲ့စည်းပုံကိုင်ပြီးအပေါ်စီးကနေကစားနေတာပါ။
မင်းသားစရိုက်အမျိဲုးမျိုးကိုတယောက်ပြီးတယောက်
ထုတ်ရှိုးပြီးဒီတကွေ့မာလိုက်ဟောက်လိုက်၊
ဟိုတကွေ့ပျော့လိုက်ချော့လိုက်လုပ်နေပါတယ်။
တချိန်ကကျနော်တို့ဘက်တော်သားတချို့နဲ့ပုလင်းတူဗူးဆို့ဖြစ်နေပါတယ်။
ဒီကနေ့ကိုမိုးသီးတို့ပြည်တော်ပြန်အုပ်စုကိုပင့်လိုက်၊မြှောက်လိုက်၊ရိုက်ချလိုက်နဲ့
လုပ်နေတာ
သိတ်မလှပါဘူး။ကျနော်တို့တတွေညီညွတ်ရေးအမြင်နဲ့ခရီးဆက်ဘို့လိုပါတယ်။
အားလုံးဟာတပင်ကိုတပင်ယှက်နေတာပါ။ကိုမိုးသီးတို့၊ကိုနိုင်အောင်တို့
နဲ့ကချင်မြောက်ပိုင်းကိစ္စလိုဘဲငြိမ်းချမ်းရေးကိစ္စ၊ပြည်ပရောက်ကျောင်းသားတွေဂုဏ်
သိက္ခာရှိရှိပြန်နိုင်ရေးကိစ္စလည်းအရေးကြီးပါတယ်။
ဒီနေ့ကိုမိုးသီးတို့ကိုဆဲနေတယ်။
မနက်ဖန်ကျနော်တို့ပြည်ပရောက်တွေ
ကိုဆဲလိမ့်မယ်။
ဒီကနေ့ကိုမိုးသီးတို့ကိုစော်ကားနိုင်တယ်ဆို၊
မနက်ဖန်ကျနော်တို့ကိုလည်းစော်ကားပါလိမ့်မယ်။
ညီညွတ်ရေးအမြင်၊မဟာမိတ်အမြင်မရှိရင်ကျနော်တို့ကျဆုံးမယ်။

သတင်းထောက်ကိုညို
၎စက်တင်ဘာ၂၀၁၂
215Like · ·
  • ဂါ မဏိ ပွင့်ပေမဲ့ မလင်းကြတာတွေ
  • Khun Saing မနက်ဖြန်တောင်မနေဘူးထင်ပါတယ် .. ကလောင်တွေက.ဒီနေ့ အကောင့်ဖွင့် ဒီနေ့ကောက်ရေး ။. ဖြတ်သန်းနေခဲ့တာတွေက .. ကြာသေး။ တချို့တွေမှာက ညီညွတ်ရေးအမြင်၊မဟာမိတ်အမြင် ရှိစရာမှ မလိုတာ။
  • Rajiv Chowdhury သစ်ပင်မြင့်လေ လေပိုတိုက်ခံရလေ အများဆုံး၇ ရက်ပေါ့
  • ဂါ မဏိ အွန်လိုင်းမှာ အပြင်းထန်ဆုံး ဆဲဆိုနေတဲ့လူတွေက အပြင်လောကမှာ ဘာမှမလုပ်တဲ့လူတွေ များပါတယ်
  • Aung Way အဝေးရောက်သားတွေကို၊ အမေ့အိမ်က နွေးနွေးထွေးထွေး မကြိုနိုင်ကြပါလား။ ပြည်တွင်းက နိုင်ငံရေးဆိုတာ၊ မိတ်ဆွေကို ရန်သူဖြစ်အောင်လုပ်သလိုဖြစ်နေပါပြီ။
  • ဂါ မဏိ သန်းရွှေကြီးရဲ့ ဆိုက်ဝါးတွေ မိနေကြတယ်လေ
  • Than Htut Aungs အနှစ် ၂၀ မျှ တိုင်းပြည်အတွက် လုပ်လာပြီးနောက်
    ကျွန်တော်သည် ကိုယ့်ကိုယ်ကိုပြန်၍ ကြည့်လိုက်သောအခါကြိုးတိုက်
    ထဲသို့ ရောက်၍နေသည်ကို တွေ့ရလေသည်။(ဗိုလ်မှူးချစ်ကောင်း) Similar interface to former AB leaders for aggressive response to return home.
  • Phome Maung မနေတတ်မထိုင်တတ် မိုးသီးဘက်မှာငါရပ်တယ်
    ဘုန်းမောင်(ဒုတပ်သား)

    အေဘီကွဲတယ် အေဘီတင်ပဲလား
    ဟော.ခု တနိုင်ငံလုံးကွဲတယ်

    မိုးသီး နိုင်အောင်ကွဲတယ်
    အောင်ဝေး မေသင်္ကြန်ဟိန်းကွဲတယ်
    မင်းတို့ ငါတို့ကွဲတယ်
    ရှစ်ဆယ့်ရှစ်လည်းကွဲတယ်

    မြန်မာပြည်မှာလည်းကွဲတယ်
    အမေရိကားမှာလည်း ကွဲတယ်
    ဥရောပမှာလည်း ကွဲတယ်
    ဘန်ကောက်ချင်းမိုင်လည်းကွဲတယ်
    နယူးယောက်မှာလည်းကွဲတယ်

    ဒီမိုကရေစီလည်း ကွဲတယ်
    ကဗျာတွေလည်း ကွဲတယ်
    ကဗျာဆရာတွေလည်း ကွဲတယ်

    အောင်ဝေးက ကဗျာမွန်ကိုချစ်တယ်
    မေသင်္ကြန်ဟိန်းက ဆရာဝန်ကိုချစ်တယ်

    မိုးသီး နိုင်အောင် မတူတာတွေကဒါပဲ
    မိုးသီး ရှစ်ဆယ့်ရှစ်လမ်းမကြီးပေါ်က လာတယ်
    ကျောင်းသားတို့သဘာဝ စွာတယ် ကျယ်တယ်

    နိုင်အောင်က နားကြပ်ကိုင်ပြီး
    မြန်မာ့ပြည်မှာ(အမေရိကန်မပါ) အလကားနေရင်း
    လူအထင်ကြီးခံရတဲ့ နားကျပ်ကိုင်လူတန်းစားကလာတယ်

    မိုးသီးကနာမှာမကြောက်ဘူး
    ကြမ်းတယ်၊ရမ်းတယ်၊ ပြောချင်တာဒဲ့ဒိုးပြောတယ်
    စည်းကမ်းမရှိဘူး၊ တပည့်မွေးတယ်

    နိုင်အောင်ကနာမှာကြောက်တယ် ပျော့တယ်၊နှော့တယ်
    ဝှေ့လည်ကြောင်ပတ်ပြောတယ်၊
    အချောင်သမားမွေးတယ်၊ လပ်ပေးတယ်
    ဇာဂနာကိုပေးတယ် မွေးတယ်
    အမ်အယ်ဒီကိုပေးတယ် မွေးတယ်

    မိုးသီးမှားတာ တစ်ယောက်ထဲ
    နိုင်အောင်မှားတာ (၃၈)ယောက်

    မိုးသီးရတာ သူများအကျ
    နိုင်အောင်ရတာ သူများဟာကိုမ

    မိုးသီးရတာ တစ်ဒေါ်လာ
    နိုင်အောင်ရတာ မရေနိုင်ပါ

    မိုးသီးနောက်မှာ ရှိနေတာ ရှစ်ဆယ့်ရှစ်
    လမ်းမကြီးပေါ်ကလာတဲ့ရှစ်ဆယ့်ရှစ်
    စာနည်းပေနည်း လမ်းပေါ်တက်ရဲ
    လက်ရဲဇက်ရဲ တိုက်ရဲသူတွေက အများသား၊

    နိုင်အောင်နောက်မှာ ရှိနေတာ
    ဆရာဆရာပညာတတ်တွေအများသား
    အချောင်သမားတွေအများသား
    အလှူ့ရှင်လဖက်နဲ့မျက်နှာလုပ်ပေးထားတဲ့
    အိုအက်အိုင်ပညာတော်သင်တွေအများသား

    မိုးသီးလည်း မှားခဲ့တယ်
    နိုင်အောင်လည်း မှားခဲ့တယ်
    မိုးသီးနည်းတယ် နိုင်အောင်များတယ်

    ရီးပဲ..မိုးသီး မင်းပြင်လို့ရသေးတယ်
    ရီးပဲ..နိုင်အောင်..မင်းလိမ်လို့ရသေးတယ်

    မိုးသီး..မင်းဟာပါးစပ်ပိတ်
    တိတ်တိတ်နေ မစွာရင်လေ
    မင်းဟာမိုးသီး ရှစ်ဆယ့်ရှစ်
    ပြန်ဖြစ်မယ်

    နိုင်အောင်..မင်းဟာပါးစပ်ပိတ်
    တိတ်တိတ်နေရင်
    ကြိုးစင်ကိုလေ မြင်နေရတယ်

    မိုးသီးဟာ ရှစ်ဆယ့်ရှစ်ရနံ့
    သင်းသင်းလေးကျန်သေးတယ်
    နိုင်အောင်မှာ မင်းမှာ
    ဒေါ်လာရနံ့ပြင်းပြင်း သင်းနေတုန်းပဲ

    ငါလည်းကြားမှာ မနေတတ်မထိုင်တတ်
    မိုးသီးဘက်မှာငါရပ်တယ်
    ရီးပဲ.. မိုးသီး မင်းဘက်မှာငါရပ်တယ်

    မှတ်ချက်၊ ၊မိုးသီးနိုင်အောင်နှစ်ယောက်စလုံးအမှားအတွက်
    မကဒတအတွက်တာဝန်ရှိပါသည်ဟုအပြည့်အ၀ယူဆသည်၊
    မိုးသီးဘက်မှာငါရပ်တယ် ဆိုတာမှာ နှစ်ခုထဲကတခုကိုလက်ခံရမယ်ဆိုရင် မိုးသီးကိုလက်ခံမည်ဟုကျနော်၏အယူအဆမျှသာဖြစ်ပါသည်၊
  • Kyi May Kaung Very good, I thought Zoe Zat wrote it. Ko Nyo, pl allow me to translate for my own records.
  • Ko Nyo Yes Sayama.But It¨s since September 2012 when Ko Moe Thee went to Burma. You can use as like you.
  • Zweleo Thiha အဲဒီအကွဲတွေကိုတနေရာရာမှာ အသုံးချနိုင်ရင်ကောင်းမယ်။
     
    Ko Nyo ဖေ့စ်ဘွတ်မှ ကူးယူဖေါ်ပြပါသည်...