Saturday, February 23, 2013

ဒါက်တာနိုင်အောင်ရဲ့ တောင်ပိုင်းနှင့်မြောက်ပိုင်း ခရီး(၅)

ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်ရဲ့ တောင်ပိုင်းနှင့်မြောက်ပိုင်း ခရီး(၅)

by May Thingyan Hein on Tuesday, February 5, 2013 at 8:21pm ·
မေသင်္ကြန်ဟိန်(မြစ်မခ)
ဖေဖော်ဝါရီ ၅၊ ရန်ကုန်မြို့။

အပိုင်း(၅)
အဲဒီအချိန်တုန်းက ABSDF ဗဟိုကော်မတီစခန်းက မဲဆောက် ၀မ်ခဘက်မှာပေါ့။ ဗဟိုကော်မတီကို ဘယ်အဖွဲ့အစည်းကမှ ထောက်ပံ့ပေးတာမျိုး မရှိဘူး။

ABSDF စခန်းတွေကိုတော့ ဆန်တို့ဘာတို့ကို စခန်းတွေနဲ့ နီးစပ်ကြတဲ့ မဟာမိတ်(ဒေသခံ လက်နက်ကိုင်အဖွဲ့အစည်း)တွေက ပေးကြတယ်။ နောက် နိုင်ငံတကာမှာ ရှိတဲ့ မြန်မာတွေကနေ အစုအဖွဲ့လေးတွေနဲ့ လာလာပြီးတော့ စောင်လိုရင် စောင်တို့ စားစရာလိုရင် စားစရာတို့ ပေးတာမျိုးလောက်ပဲ ရှိတယ်။

အဲတော့ ABSDF စခန်း ၁၉ ခုရှိတော့ စခန်းတွေကလည်း အပြိုင်အဆိုင် အလှူရှင်တွေကို ရှာကြတယ်၊ အဆက်အသွယ်တွေ ရှာကြတယ်။ အဲဒီတုန်းက ဦးတင်မြင့်ဦး( ဦးသန့် သမက်)တို့ နန်းအောင်ထွေးကြည်ရဲ့ ဦးလေး ဦးစိုင်းထွန်းတို့ ပေါ့ ။ သူတို့က ဘန်ကောက်မှာ ရှိနေတဲ့ သူတွေဖြစ်တယ်။ သူတို့က နဂိုကတည်းက ပြည်ချစ် ခေတ်အဆက်အဆက်ကနေ ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့အတွက် ပြည်ပက နိုင်ငံခြားသားတွေ ပြည်ပက မြန်မာတွေနဲ့ သိတယ်။ အဆက်အသွယ်ရှိတယ်ဆိုတော့ သူတို့က ဆက်သွယ်ပြီးတော့မှ စခန်းတွေကို လိုက်လိုက်ပြီးတော့ ကူတယ်ပေါ့။

နောက်တမျိုးက နိုင်ငံတကာက ခရစ်ရှာန်အဖွဲ့တွေပေါ့၊ အခု ကချင်ဒုက္ခသည်စခန်းတွေကို ကူညီပေးနေတဲ့ ခရစ်ရှာန်အဖွဲ့တွေကလည်း ကျောင်းသားတွေကို ကူညီပေးခဲ့ပါတယ်။

နောက် စခန်းတွေကလည်း ကိုယ့်အဆက်အသွယ်နဲ့ကိုယ် အလှူရှင်တွေ ရှာပြီး နေကြတယ်။ အလှူရှင်ရှိတဲ့အခါလည်းရှိတယ်ပေါ့၊ ဘယ်လိုပဲပြောပြော ကျောင်းသားရဲဘော်တွေကတော့ အစားအသောက်အနေအထိုင်ကတော့ တော်တော်လေးကို ဆင်းရဲခဲ့ကြတယ်။ စိတ်ဓါတ်လေးတခု ကြောင့်သာ ဒီလို ဆင်းဆင်းရဲရဲတွေနဲ့နေထိုင်နိုင်ခဲ့ကြတာပေါ့။

အဲဒီမှာ စခန်းတွေက ကိုယ့်ဟာကိုယ်ပဲ ရှာစားရတော့ ဗဟိုကော်မတီဆိုတာကိုလည်း သိပ်ဂရုမစိုက်ဘူးပေါ့ဗျာ။ ကိုယ့်ဟာကိုယ် ရှာနိုင်မှ စားရတာကိုး။ ဗဟိုက နိုင်ငံရေးအရစုစည်းထားတာ ဖြစ်ပေမဲ့ သိပ်ပြီးတော့တော့ သြဇာမညောင်းဘူးပေါ့။
ကျနော် ဗဟိုကော်မတီရောက်တဲ့အချိန်မှာ ကျနော့်အသက်က ၂၆ နှစ်ရှိပြီ။ ဗဟိုကော်မတီမှာ မဆလ တပ်က ထွက်ခဲ့တဲ့ သူတွေလည်းပါတယ်။  ကျနော့်အနေနဲ့ကတော့ အဲဒီအချိန်တုန်းက ဘာမှ သိပ်ပြီး မစဉ်းစားတတ်သေးတာလို့ပဲ ပြောရမှာပေါ့၊ အဖွဲ့အစည်းတခုကို ထူထောင်ပေမဲ့ ကျနော်တို့မှာ ဘာမှမ အတွေ့အကြုံမရှိတာ။

လက်နက်ကိုင်တပ်ဖွဲ့ကိုလုပ်ကြမယ်ဆိုတော့ နီးစပ်ရာ တက်ရတော့တာပဲ အဲလို နီးစပ်ရာတက်ရတဲ့ကိစ္စတွေကို ဗဟိုစုစည်းမှု အရ လက်ခံရမယ်ဆိုတာ ဖြစ်လာတာကလည်း အဲဒီအတွေ့အကြုံတွေ ကြောင့်ပါပဲ။ နီးစပ်ရာရွေးတဲ့အခါကျတော့ စစ်ပညာခြင်း အတွေ့အကြုံခြင်းကလည်း မတူဘူး။

နောက်တခုက အလှူရှင်ကို ဆက်သွယ်တဲ့အခါမှာလည်း အဆက်အသွယ်အားကောင်းတဲ့ သူတွေက ပိုစားရတယ်၊ အဆက်အသွယ်မကောင်းတဲ့ စခန်းတွေက ငတ်တယ်။အဲတော့ သာတူ ညီမျှ ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့ ကိစ္စမျိုးမှာ ဗဟိုကို ငါတို့ ပုံကြီးလုပ်ကြမယ်ဆိုတာမျိုး အတွေးအခေါ်ချရတော့တာပေါ့။

နောက်တချက်က မဟာမိတ် ဆက်ဆံရေးဆိုတာကလည်း အမှန်မှန်က တိုင်းရင်းသား အင်အားစုတွေဆိုတာကလည်း ဟို  တဆက်စပ်တည်း နိုင်ငံရေးလုပ်နေပေမဲ့ စုစုစည်းစည်း ရှိကြတာ မဟုတ်ဘူး။

ကျနော်တို့ ကိုယ်တိုင်ကိုယ်ကလည်း တိုင်းရင်းသားတွေရဲ့ နီးစပ်တဲ့ မဟာမိတ်တွေရဲ့ သြဇာထိန်းချုပ်မှု အောက်ကနေ ကင်းလွတ်အောင်လုပ်မယ်လို့ သံဓိဋ္ဌာန်ချတဲ့အခါမှာ  ကျနော်တို့ ကျောင်းသားတွေ အလည်ခေါင်မှာ မစုဘဲနဲ့တော့ ကျော်လို့မရဘူးဆိုတာကို သဘောပေါက်လာကြတယ်။

အဲလိုတွေ ဆွေးနွေးရင်း စကားပြောရင်းနဲ့ ဗဟိုကော်မတီရဲ့ သြဇာကို တည်ဆောက်လာကြမယ်၊ အဲလို တည်ဆောက်ဖို့ဆိုတာက စခန်းတိုင်းကနေ ပြီးတော့ ယုံကြည်ကိုးစားတတ်တဲ့ သူတွေ ကိုယ်ကိုယ်တိုင်လည်း ယုံကြည်လေးစားလက်ခံနိုင်တဲ့ သူတွေကို ဗဟိုကို ကိုယ်စားလှယ်ပို့ပါ ဆိုတာမျိုးတွေလုပ်လာတယ်၊ စောပိုင်းတုန်းကတော့ ဗဟိုကို ကိုယ်စားလှယ်ပို့တယ်ဆိုတာက  စခန်းတိုင်းက စခန်းတိုင်းမှာ ရှုပ်တယ်လို့ ယူဆတဲ့ သူတွေကို ဗဟိုသွားဆိုပြီးတော့ လွှတ်လိုက်တာ။ အဲလို ပုံဆန်မျိုးနဲ့ ဗဟိုကော်မတီကို လွှတ်တာကို။

နဂိုကတည်းကလည်း ဗဟိုကော်မတီကို မလေးစားပါဘူး ဆိုမှ အဲလို လူမျိုးတွေကို ဗဟိုကော်မတီကို ပို့တယ်ဆိုတော့ ဗဟိုကော်မတီကို ဘယ်သူကမှ လေးစားပါဦးမလဲပေါ့ အဲဒါမျိုးတွေကို ကျနော်တို့ ချပြဆွေးနွေးရင်း အလည်ခေါင်မှာ စုစည်းဖို့ လိုတယ်ဆိုတာကို လုပ်လာခဲ့ကြတယ်။ အစောပိုင်းတုန်းက ကောက်ရိုးခြေထောက်မြက်ခြေထောက်ပဲ။

တိုင်းရင်းသားတွေနဲ့ နေတဲ့အခါကျတော့အနေအထိုင် ဆင်ခြင်ရတာတွေ ရှိတယ်။ နောက် ဒါပေမဲ့ ကျနော်တို့ ထဲမှာ မဆလထွက်ရဲဘော်တွေ ရှိတယ်ဆိုတော့ကျနော်တို့ တော်တော်လေးကို အနေအထိုင်ဆင်ခြင်ရတယ်။

နောက် ကျနော်တို့ဆီမှာလည်း လက်နက် မရှိဘူး။ လက်နက်က မဟာမိတ်တွေက ပေးမှ ရတာ။ ကျနော်တို့မှာ မဟာမိတ်တွေရဲ့ ယုံကြည်မှု ရအောင်လည်း ကြိုးစားပြီး နေထိုင်ရတယ်။ တော်တော်ကို တည်ဆောက်ရတာမျိုးရှိတယ်။ ကာလ တစုံတရာထိ ကျနော်တို့ လက်နက် ကိုင်ခွင့်ရတာ မဟုတ်ဘူး။ လက်နက် တပ်မပေးဘူး။ ကျနော်တို့ကို သူတို့ဘက်က မြင်တာက ဗမာလေးတွေပဲ။

သူတို့ထဲမှာ ဒီလောက်များတဲ့ ဗမာတွေကို သူတို့လက်နက်တပ်ပေးလိုက်လို့ သူတို့ကို ပြန်ပြီး ဒုက္ခပေးရင် ဆိုတာတဲ့ သံသယ စိုးရိမ်စိတ်က သူတို့မှာ ရှိတယ်။

အဲဒါကို ကျနော်တို့က နားမလည်ဘူး၊ ဟာ ငါတို့က အစိုးရ သုံးဆက်ကြီးတောင် ဖြုတ်ချလာတာ မင်းတို့က မယုံဘူးလား ဆိုပြီးတော့ အဲလိုတွေ ဖြစ်ကြတာလဲ ရှိတယ်။

ကျနော်တို့ ကျောင်းသားတွေက ရှိသမျှ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေဆီကိုရောက်သွားကြတာ ၀ ဘက်က လွဲလို့။ ၀ဘက်ကိုက ဘာကြောင့်မရောက်လဲဆိုတော့ ဘာသာစကားမတူတာနဲ့ မနီးစပ်တာကြောင့်လို့ ကျနော် ထင်တယ်။

ကျနော်က ဗဟိုကို ဒုဥက္ကဋ္ဌ အနေနဲ့ ရောက်တယ်ဆိုပေမဲ့ ဗဟိုမှာ ဒုဥက္ကဋ္ဌ ၂ ယောက်ရှိတယ်၊ကျနော်က ဒုဥက္ကဋ္ဌ စီမံပေါ့။ နောက် ဒုဥက္ကဋ္ဌက စစ်ရေးဆိုပြီး တာဝန်ယူတာပေါ့။ စစ်ရေးတာဝန်ခံက ဦးယုနွယ်ပါ။ ကျနော်လုပ်ရတာက စီမံ ခန့်ခွဲရေး ကိစ္စတွေကို လုပ်ရတာပေါ့ဗျာ။

အဲဒီအချိန်ကတည်းက စပြီးတော့ ညှိုဖို့ ကြိုးစားတာက စခန်းတွေ အသီးသီးကို ပေးနေတဲ့ ထောက်ပံ့ရေးနဲ့ပတ်သက်တဲ့ အလှူရှင်တွေအားလုံးကို ညှိုနှိုင်းပြီးတော့မှစခန်းတွေကို တပြေးညီ အချိုးကျ ပေးနိုင်ဖို့ အတွက် စီမံခန့်ခွဲမှုကို စပြီးတော့ ညှိတာပါပဲ။

နောက် ကျနော်တို့ ကြိုးစားတာက ဘာလဲဆိုတော့တပ်ရင်း တပ်ဖွဲ့တွေ စဖွဲ့ဖို့ပေါ့။တပ်ရင်း တပ်ဖွဲ့တွေ ဖွဲ့စည်းဖို့ဆိုတဲကနေရာမှာ စခန်းတွေ ဆိုရင်လည်း ဘယ်လိုမျိုး ပုံဆန်နဲ့ဖွဲ့စည်းရမယ်၊
အစောပိုင်းတုန်းက ABSDF မှာ ဖွဲ့စည်းပုံမရှိဘူး၊  ကိုယ့်စခန်းနဲ့ကိုယ်သွားကြတာပဲ။ ကိုယ့်စခန်းတွေမှာ ဘယ်လို ဖွဲ့စည်းထားတယ်ဆိုတာတော့ရှိတယ်။ ဥပမာ ဒီစခန်းမှာ ဥက္ကဋ္ဌ နဲ့ ဒုဥက္ကဋ္ဌနဲ့ ရှိတယ်၊ ဟိုစခန်းကြတော့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးပဲ ရှိတယ်။ အဲလိုမျိုးပေါ့ဗျာ ကိုယ့်စခန်းနဲ့ကိုယ်ပေါ့။ စခန်းတွေအားလုံးပေါင်းပြီးတော့ အဖွဲ့အစည်းတခုအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဖွဲ့စည်းပုံက တပြေးညီမဟုတ်ဘူး။ အဲဒါကို တပြေးညီပုံဆန်ဖြစ်အောင်ပေါ့။

နောက်စောတုန်းက အဖွဲ့အစည်းအနေနဲ့ နိုင်ငံရေး လမ်းစဉ်တို့ စစ်ရေးလမ်းစဉ်တို့ ဆိုတာမရှိဘူး၊ သပိတ်စခန်း ဆန်ဆန်ဖွဲ့စည်းပုံလေးတွေပဲ သွားခဲ့ကြတာပေါ့။

နောက်တပ်ရင်းတွေကို ဖွဲ့စည်းမယ်ပေါ့၊ ကျနော်တို့ ထဲမှာ မဆလ တပ်ထွက်တွေက လွဲလို့စစ်ရေး အတွေ့အကြုံ ဘယ်သူမှ မရှိဘူး။ နောက်တခုက ကျနော်တို့မှာ လူတွေအများကြီးရှိတဲ့ စခန်းပေါ့ နောက် စစ်တပ်ပေါ့ အဲဒီစခန်းနဲ့ စစ်တပ်ကို ဘယ်လိုဖွဲ့စည်းရမလဲဆိုတာမျိုးပေါ့၊ တပ်လည်း ရှိတယ် ရပ်ကွက်ကြီးလည်း ရှိတယ်ပေါ့ဗျာ။အဲဒါအတွက် အုပ်ချုပ်ရေးကို ဘယ်လိုဖွဲ့စည်းမလဲ ဆိုတဲ့ကိစ္စ မျိုးတွေ စပြီးတော့ပြင်ဆင်တာမျိုးတွေ လုပ်တယ်။

ပြောချင်တာက ABSDF ရဲ့ ဖွဲ့စည်းပုံကို တပြေးညီဖြစ်အောင် ၊နောက် ထောက်ပံ့ရေးတွေကို တပြေးညီဖြစ်အောင် စပြီးတော့ပြင်ဆင်ရတယ်၊ နောက် ကျန်းမာရေး ကုသစောင့်ရှောက်မှုကိစ္စတွေ စပြင်ကြတယ်။

အဲဒီအချိန်တုန်းက ဆရာဝန်တွေလည်း ရှိတယ်၊ ဆေးကျောင်းသားတွေလည်း ရှိတယ်၊ ဆရာမ စင်သီယာ ဆေးခန်းက ဆရာမ စင်သီယာဆိုရင်လည်း ကျနော်တို့ ABSDF ကပဲလေ။

ဟိုတုန်းက ဘယ်လိုလဲဆိုတော့ တောထဲမှာငှက်ဖျားဖြစ်ပြီး ပြင်းထန်ရင် ကျနော်တို့က မဲစောက်ကိုပို့ရတယ်။ မဲစောက်ရောက်ရောက်ခြင်းမှာလည်း ဆေးရုံကို ချက်ခြင်းတင်လို့မရသေးဘူးလေ အဲဒါကြောင့် မဲစောက်မှာ တအောင့်လေးနားရတယ်၊ နောက်ဆေးရုံက ပြန်ဆင်းလာရင်လည်း ချက်ခြင်း တပ်ကို ပြန်လို့မရတော့ ခဏလေး နားဖို့ပေါ့ စတည်းချဖို့လည်း လုပ်တယ်။ အဲဒါကြောင့် မဲဆောက်မှာ တည်ဖို့ ဆရာမ စင်သီယာတို့စပြီး တာဝန်ယူရင်းနဲ့ အခု မယ်တော် ဆေးခန်းဆိုပြီး ဖြစ်လာခဲ့တာ။

အဲလို ကျန်းမာရေး ကိစ္စတွေပြီးတော့ ဆေးသင်တန်း၊ စစ်သင်တန်း ကိစ္စတွေအဲဒီအချိန်မှာ အဲဒါတွေ လုပ်တာပါ၊
ရှေ့ဆက်ဖော်ပြပေးပါမည်။
မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။

( ဒေါက်တာနိုင်အောင်ရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းခရီးကို ရေးသား  ဖော်ပြရာမှလည်း ကျင့်ဝတ်နှင့်အညီ ဒေါက်တာနိုင်အောင် ပြောတဲ့ အတိုင်းသာ အဓိပ္ပါယ်မလွဲစေဘဲ တိတိကျကျ ဖော်ပြသွားပါမယ်။

ကျမရဲ့ အမြင်နဲ့  ယူဆချက် ၊ သုံးသပ်ချက်၊ သဘောထား လုံးဝ မပါဝင်ဘဲ ကာယကံရှင်တွေ ပြောသမျှကိုသာ ပြန်လည် ဖော်ပြခြင်းဖြစ်ကြောင်း အသိပေးအပ်ပါတယ်)

မေသင်္ကြန်ဟိန်(မြစ်မခ)
20Like · ·
  • Phyo Mg Mg Win ဆရာမ နောက်ထပ်ရေးရင် tag ပေးနိုင်မလားခင်ဗျ
  • May Thingyan Hein တောင်းပန်ပါတယ် Ko Phyo Mg Mg Win ရေ ဒီအင်တာဗျူးတွေကို ကြိုက်တဲ့သူ ရှိသလို၊ မကြိုက်တဲ့ သူတွေလည်း ရှိနိုင်တဲ့အတွက် မည်သူ့ကိုမှ ကျမ tag မပေးပါဘူးရှင်၊ ဖတ်ချင်တယ်၊ ကိုယ့် မိတ်ဆွေများ ကိုလည်း ဖတ်စေချင်တယ်ဆိုရင် ရှယ်သွားလို့ရပါတယ်။ ကျေးဇူးတင်ပါတယ်။
  • Ko Htoo Htoo မေ အမောပြေပါစေ။
    ကျမ်းမာချမ်းသာပါစေ။
  • Hlaing Wintun Thanks , I really appreciate you .
  • Zweleo Thiha နောက် ကျနော်တို့ဆီမှာလည်း လက်နက် မရှိဘူး။ လက်နက်က မဟာမိတ်တွေက ပေးမှ ရတာ။ ကျနော်တို့မှာ မဟာမိတ်တွေရဲ့ ယုံကြည်မှု ရအောင်လည်း ကြိုးစားပြီး နေထိုင်ရတယ်။ တော်တော်ကို တည်ဆောက်ရတာမျိုးရှိတယ်။ ကာလ တစုံတရာထိ ကျနော်တို့ လက်နက် ကိုင်ခွင့်ရတာ မဟုတ်ဘူး။ လက်နက် တပ်မပေးဘူး။ ကျနော်တို့ကို သူတို့ဘက်က မြင်တာက ဗမာလေးတွေပဲ။
    သူတို့ထဲမှာ ဒီလောက်များတဲ့ ဗမာတွေကို သူတို့လက်နက်တပ်ပေးလိုက်လို့ သူတို့ကို ပြန်ပြီး ဒုက္ခပေးရင် ဆိုတာတဲ့ သံသယ စိုးရိမ်စိတ်က သူတို့မှာ ရှိတယ်။
    အဲဒါကို ကျနော်တို့က နားမလည်ဘူး၊ ဟာ ငါတို့က အစိုးရ သုံးဆက်ကြီးတောင် ဖြုတ်ချလာတာ မင်းတို့က မယုံဘူးလား ဆိုပြီးတော့ အဲလိုတွေ ဖြစ်ကြတာလဲ ရှိတယ်။ ........................... ကိုနိုင်အောင်( ဒေါက်တာနိုင်အောင်) ရဲ့ ၊ ဒီအမြင်ကို ထှောက်ခံ ပြီးမှတ်ချက်ပေးပါတယ်။ ၈ လေးလုံး အရေးတော်ပုံကြီးနောက်ပိုင်းမှာ မြန်မာပြည်နယ်စပ့်တော်လှန်ရေး နယ်မြေတွေ တလျှောက် ပြည်တွင်းကနေ ရောက်ရှိလာ ခဲ့ကြတဲ့ ရဟန်းရှင်လူကျောင်းသားပြည်သူတွေ (အေဘီရဲဘော်တွေ အပါအဝင်) ရဲ့ ပေးဆပ့်မှု့ တွေကြောင့် လူမျိုးစုလက်နက်ကိုင်မဟာမိတ်တွေ ရဲ့ သံသယဆူး ဒါဏ်ကို အားလုံးမဟုတ်တောင်၊ အတော်အတန် အောင်မြင်စွာ ချေဖျက်ကုစားပေးနိုင်ခဲ့ကြတယ်။ ဒီအတွက် တချို့ တွေ အသက်တွေ၊ ဘဝတွေ ပေးဆပ့်ခဲ့ကြရတယ်။ ကိုယ်ပိုင်လက်နက် ကိုင်ချင်လွန်းလို့ ၊ ရချင်၊ လိုချင်လွန်း လို့  လူမျိုးစုနယ်မြေတွေကို ထိုးစစ်ဆင်လာကြတဲ့၊ အစိုးရတပ့် တွေကို ခုခံတဲ့စစ်ပွဲတွေမှာ လိုက်ပြီးကူတိုက်ပေးခဲ့ကြရတယ်။ တိုက်ပွဲတွေမှာ ၇န်သူ့ သေနတ်ရခဲ့ရင်ယူနိုင်တယ်ဆိုတဲ့သဘောတူညီချက်မျိုးတွေနှင့်ပေါ့။ ဒီလို သူတို့အတွက် လိုက်တိုက်ပေးကြတာတောင်၊ " ဒီဗမာတွေ သူတို့ အချင်းခြင်းတွေ့ လို့ ပြစ်ရင်ပြစ်၊ မပြစ်ရင်တော့ လက်မနေးစေနဲ့" လို့  သူတို့လူကြီးတွေကမှာထားကြတယ်လို့ ၊စစ်ကြောင်းအတူထွက်၊ စစ်အတူတွဲတိုက်ပြီး၊ နောက်ပိုင်းမှာ သူငယ်ချင်းတွေဖြစ်သွား ကြတဲ့အခါပြန်ပြောဖြစ်ခဲ့ကြပါတယ်။
  • Nicky Shein ABSDF အကြောင်းတစိုက်မတ်မတ် ဖေါ်ပြပေးနေတဲ့ သတင်းစာ ဆရာမလေးကို အထူးကျေးဇူးတင်ပါတယ်၊ မိမိရဲ့ ထင်မြင်သုံးသပ်ချက် တစုံတရာ မပါပဲ မေးမြန်းတာကို မေးမြန်းခံရသူက ဖြေကြားတဲ့အတိုင်း ပြန်လည်တင်ပြပေးနေတာကို လဲ အစပိုင်း ကနဦးကတဲက သတိထားမိသလို၊ တဖွဖွပဲပြောနေတဲ့ကြားက ABSDF ကို ဘာညာ လုပ်တယ်ဝေဖန်ခံရသံတွေကို အံတုပြီး သတ္တိရှီရှိ ကိုယ်ယုံကြည်တဲ့ အတိုင်း အစွန်းနှစ်ပါးလွတ်အောင် ဆက်လက် ဖေါ်ပြနေတာကိုလဲ ဂုဏ်ယူမိပါတယ်၊ ညောင်မြစ်တူးရင် ပုတ်သင်ဥ ပေါ်မှာစိုးတဲ့ ABSDF အဖွဲ့ဝင်ဟောင်းနဲ့ လက်ရှိ တာဝန်ရှိသူအချို့က မေသင်္ကြန်ဟိန်းကို မကြိုက်ကြသလို၊ အပစ်ကင်းစင်စွာနဲ့ အနစ်နာခံပြီး ကျရာတာဝန်က စွန့်လွှတ်စွန့်စားခဲ့ကြတဲ့ ရဲဘော်ဟောင်းတွေက ခုလိုရေးသားဖေါ်ပြနေတာကို ကြိုက်ကြပါတယ်၊ ABSDF မှာ အကြောင်းအမျိုးမျိုးကြောင့် မပါဝင်ခဲ့ပေမဲ့ တောထဲမှာ တိုက်ပွဲဝင်ခဲ့ဘူးတဲ့ အကိုတို့လို ABSDF ပြင်ပ အဖွဲ့အစည်းက သူတွေအနေနဲ့လဲ ABSDF ကို မိမိရဲ့ ညီရင်းအကိုစိတ်ဓါတ်နဲ့ မိမိရဲ့ မိခင်တပ် သဖွယ်စိတ်ထားနဲ့ စိတ်ဝင်စားစွာ ရှိကြပါတယ်၊ ဘာပဲဖြစ်ဖြစ် သတင်းစာ ကျင့်ဝတ် စာနယ်ဇင်းကျင့်ဝတ်ပေါ်က ရပ်တည်ရေးသားနေတဲ့ မေသက်ြန်ဟိန်းရဲ့ ယခုလို ရေးသားဖေါ်ပြမှုတွေဟာ သမိုင်းရဲ့ ရှုထောင့်အသီးသီးက ဖြစ်စဉ်တွေကို ဆန္ဒစွဲ မပါ ၊ အစွန်းနှစ်ပါးလွတ်စွာ ဟိုဖက် ဒီဖက် အမြင် ကင်းလွတ်စွာနဲ့ အရှိ အဖြစ်အတိုင်းပြန်လည်တူးဆွပေးနေသူအဖြစ် အသိအမှတ်ပြု တန်ဖိုးထားမှာဖြစ်သလို၊ အကျိုးမလိုလို့ ညောင်ရေ မလောင်းချင်သူတွေလဲ ရှိနေမှာပါပဲလို့ ပြောချင်ပါတော့တယ်။ အမှန်တရားသာ သစ္စာ ဖြစ်သမို့ ယခုလို ရပ်တည်ရေးသားချက်များကို ကြိုဆိုနေမှာဖြစ်ကြောင်းနဲ့ လက်လှမ်းမှီသမျှ ဆက်လက် တွေ့ဆုံမေးမြန်းတင်ပြပေးစေချင်ကြောင်းသာ ဆန္ဒပြုပါရစေ၊ အသေးအဖွဲ ကိစ္စ လေးတွေကိုတော့ အနည်းငယ် ပြုပြင်စေချင်ပါတယ်၊ (ပုံစံ ဆိုတာကို ပုံဆန် ဟု) စာလုံးမှားပေါင်းတာမျိုးတွေ အခြား စာလုံးပေါင်းမှားတာ အနည်းငယ်တို့ ကို သတိပြုစေချင်ပါတယ်၊ စာနယ်ဇင်းသမားတယောက်အတွက် ပိုလို့ သတိထားစေချင်တဲ့ စေတနာနဲ့ အကြံပြုခြင်းသာဖြစ်ပါကြောင်း နဲ့ အားပေးနေပါတယ် မေသင်္ကြန်ဟိန်း ရေ....
  • မိုး စဲ ခုလိုတင်ပြနေတာကို ကြိုက်တဲ့သူ ရှိသလို မကြိုက်တဲ့သူတွေလဲရှိနိုင်ပါတယ် မေသင်္ကြန်ဟိန်းတင်ပြပေးတဲ့အတွက် သမိုင်းမှာ မြှုတ်နေတဲ့ အချက်အလက်တွေ ပေါ်လာနိုင်ပါတယ် မေသင်္ကြန်ဟိန်းတင်ပြနေတဲ့ အင်တာဗျုးတွေကို သာမာန်ပြည်သူတွေ ဖတ်၇ပြီး အမှားအမှန် ပိုမိုခွဲခြားနားလည်နိုင်မယ်လို့ ယုံကြည်ပါတယ်
  • Myo Shwe Man Thar ကြိုက်ပါတယ်.။ သမိုင်းပဲဗျူာ.သူ့မှတ်တမ်း ကိုယ့်မှတ်တမ်း ပေါင်းလိုက်ရင် ပြည့်စုံသွားတာပေါ့
  • Ank Minzaw (ကျနော်တို့ ကျောင်းသားတွေက ရှိသမျှ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေဆီကိုရောက်သွားကြတာ ၀ ဘက်က လွဲလို့။ ၀ဘက်ကိုက ဘာကြောင့်မရောက်လဲဆိုတော့ ဘာသာစကားမတူတာနဲ့ မနီးစပ်တာကြောင့်လို့ ကျနော် ထင်တယ်။ said -ဒေါက်တာနိုင်အောင် ) ၁။ တိုင်းရင်းသားလက်နှက်ကိုင်နယ်မြေတွေဆီကို ရောက်သွားကြတယ်။ တိုင်းရင်းသားလက်နှက်ကိုင်နယ်မြေတိုင်းမှာ ကျောင်းသားတပ် ဖွဲ့ နိုင်ခဲ့တာတော့ မဟုတ်ပါဘူး ။ စတင်ဖွဲ့ စည်းစဉ်က ရှိခဲ့တဲ့ တပ်ရင်းတွေနဲ့  တပ်တည်နယ်မြေတွေကို ပြန်ကြည့်ရင် သိနိုင်ပါတယ်။ ဥပမာ - မွန်ပြည်သစ်ပါတီနယ်မြေ မှာ တပ်ရင်း ၁၀၁ နဲ့  ၁၀၂ ။ တောင်ပိုင်း တနင်္သာရီနယ်မြေမှာ ၂၀၁ ၊ ၂၀၂ နဲ့  ၂၀၃ စသဖြင့် စဉ်ကြည့်ရင် သိနိုင်ပါတယ် ။ ၂ ။ ၀နယ်မြေ ဖက်ကိုလည်း ကျောင်းသားတွေရောက်ပါတယ်။ CPB ( Communist Party of Burma ) ဆီကို ရောက်ကြတယ် ၊ တပ်ဖွဲ့ ခဲ့ကြပါတယ် ။ အဲဒီဖက်ကိုရောက်သွားတဲ့ ကျောင်းသားတွေက ABSDFတော့ မဟုတ်ဘူးပေါ့ ။ DPA -(Democratic Patriotic Army ) နဲ့  DNA ( Democratic National Army ) ဖြစ်ကြပါတယ် ။ သူတို့ သမိုင်းဖြတ်သန်းမှုတွေကို လူသိနည်းပါတယ် ။
  • Soe Lynn ကျနော်တို့ တတိယအကြိမ်ညိလာခံ(သံလွင်စခန်း)ကိုလာခဲ့တဲ့ကိုပီတာ(တပ်ရင်း-၈၀၁)ဆိုရင်နဂိုမိခင်တပ်က DPA ပါ။
  • Zawwint Phyo I appreciate your effort, May Thiengyan Hein

ဒေါက်တာနိုင်အောင်ရဲ့ မြောက်ပိုင်း ခရီး(၄)

ABSDF ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်ရဲ့ တောင်ပိုင်းနှင့်မြောက်ပိုင်း ခရီး(၄)

by May Thingyan Hein on Friday, February 1, 2013 at 8:20pm ·
အပိုင်း(၄)

အဲဒီတုန်းက နယ်စပ်မှာ ကျောင်းသားစခန်းလေးတွေချည်းပဲ ၁၉ ခုလောက်ရှိပါတယ်။ ကျနော် အမှတ်မမှားရင်တော့ အဲလိုပဲ ကျောင်းသား စခန်းတွေဆောက်ရင်း နေရင်းနဲ့ပဲ ၈၈ နိုဝင်ဘာလောက်မှာပဲ ပထမဆုံး ကျောင်းသားညီလာခံလုပ်ဖြစ်ပါတယ်။

 ဒါ တကယ်တမ်းပြောရရင်တော့ တိုင်းရင်းသားတွေရဲ့ အမြော်အမြင်ကြီးမားမှုပေါ့ အဲဒီတုန်းက တိုင်းရင်းသား တပ်ပေါင်းစု ဆိုတာ ရှိတယ်။ အဲဒီမှာ NDF( National Democratic Front) က ကမကထလုပ်ပြီးတယ်။ သူတို့က ဒီအတိုင်းနေလို့တော့ မဖြစ်ဘူး ကျောင်းသားတွေကိုတော့ဖြင့် စုစည်းပြီး စုံပေးလိုက်မှ ရမယ်ဆိုပြီး သူတို့ကစဉ်းစားတယ်။

ကျောင်းသားတွေကလည်း သူတို့ဟာ သူတို့အဖွဲ့အစည်း ဖွဲ့ချင်တာပေါ့လေ၊ ကျနော်တို့မှာလည်း  သပိတ်အရှိန်က မကုန်ဘူး။ သပိတ်အရှိန်က မကုန်ဘူးဆိုတာက အစိုးရ ၃ ဆက်ကို ဖြုတ်ချလာတာတို့ဘာတို့ပေါ့ဗျာ။

အဲဒီတုန်းက ကျနော်တို့ ကျောင်းသား အင်အားက ၂ သောင်းလောက်ရှိတယ်။ နှစ်သောင်းဆိုတာက တိုင်းရင်းသား အဖွဲ့ အင်အားထက်အများကြီး သာတယ်။ တကယ်တမ်းပြောရရင် ကိုယ့်အင်အားကလည်း မသေးလှတဲ့ ဟာမျိုးပေါ့။ နောက် ဗမာတွေလည်း ဖြစ်တယ်၊ အစိုး၇ကိုလည်း ဖြုတ်ချလာကြတာဆိုတော့ တိုင်းရင်းသားတွေဘက်က ကြည့်၇င်လည်း တမျိုးပေါ့။

အဲဒီမှာ သူတို့အမျှော်အမြင်ရှိတာက ကျနော်တို့ တွေကို ခွဲခြားခွဲခြား မလုပ်လိုက်ဘဲနဲ့ စုပေးဖို့အတွက်ကိုသူတို့က ကြိုးစားလိုက်တယ်။ ဒါကတော့ တိုင်းရင်းသားတွေရဲ့ အမျှော်အမြင်ကြီးမားမှုပေါ့ နိုင်ငံရေး အကင်းပါးမှုလို့ ပြောရမှာပဲ။
အဲလိုစုစည်းပေးလိုက်တဲ့အခါကျတော့ ကိုထွန်းအောင်ကျော်(မြောက်ပိုင်းတွင် အသတ်ခံရသော ကျောင်းသားခေါင်းဆောင် ထွန်းအောင်ကျော်-မဟုတ်ပါ) တို့ ဥက္ကဋ္ဌ ဖြစ်တဲ့ ပထမဆုံးကျောင်းသားညီလာခံ ဖြစ်ပေါ်လာခဲ့တယ်။

အဲဒီတုန်းကလည်း ကျောင်းသား ညီလာခံမှာ ဗကသ တွေ မကသ တွေ ရကသတွေကလည်း အုပ်စုတွေနဲ့ ကျောင်းသားညီလာခံမှာ ဘယ်သူ ဗိုလ်လုပ်မလဲပေါ့ဗျာ။ အဲလိုတွေဖြစ်ကြရင်းနဲ့ ကိုထွန်းအောင်ကျော်တို့ကြတော့ ကြားလူလို ဖြစ်ပြီး ကိုထွန်းအောင်ကျော်က ဥက္ကဋ္ဌ ဖြစ်သွားတယ်။

အဲဒီအချိန်ထိ ကျနော်က ABSDF ဗဟိုကော်မတီမှာ စပ်စပ် စပ်စပ် အရှိသေးဘူး။ ကျနော်က နယ်စပ်စခန်းမှာပဲ နေတယ်။ အဲဒီမှာ ယေဘူယျပြောလို့ရှိရင် ကျောင်းသားတော်တော်များများက နယ်စပ်ကိုလာမယ် စစ်သင်တန်းတက်မယ် ပြီးရင် လက်နက်ကိုင်ပြီး အစိုးရကို ပြန်ချမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ လာခဲ့ကြတော့ တော်ရုံတန်ရုံက ပုဆိုး ၃ ထည် အကျီာင်္ ၃ ထည် အဲလိုမျိုးနဲ့ လာကြတာမျိုးပဲ များတယ်။ နောက် ကျနော်တို့ ရောက်ပြီး မကြာခင်မှ ဆောင်းရာသီလည်း ရောက်တော့ အနွေးထည်တို့ ဘာတို့လည်း မရှိနဲ့ ငှက်ဖျားတွေ ဘာတွေ ဖြစ်ကြတယ်။ လူအုပ်ကြီးကလည်း တော်တော်များတယ်။ စားစရာနဲ့ အနေအထိုင်ကလည်း ဆင်းရဲတယ်။

နိုင်ငံတကာက အဝေးရောက်ဗမာတွေ ကူတယ်၊ တိုင်းရင်းသားတွေကလည်း ကူတယ်ဆိုပေမဲ့ ကျနော်တို့ကျောင်းသားတွေရဲ့ စားသောက်ရမှု အခြေအနေတွေက တော်တော်ကို ဆင်းရဲပါတယ်။ နောက် လူအုပ်ကြီးကလည်း တော်တော်များပါတယ်။ ချက်တော့လည်း မိုးပြဲဒယ်ကြီးနဲ့ ၁၀ အိုးလောက်ချက်၊ ဟင်းကလည်း ပဲဟင်းရေကျဲပေါ့ဗျာ။ ဥပမာ သီဘောပိုးစခန်းမှာဆိုရင် မနက် ၆နာရီကတည်းက တသုတ်ပြီး တသုတ် ထမင်းစားကြတာ နေ့လည် ၁ ၂နာရီထိ မပြီးဘူး။ ဒါမျိုးပေါ့ဗျာ။

နောက် ဆန်တွေသယ်လာတဲ့ ဂုန်နီအိတ်တွေကတော့ ကျနော်တို့က စောင်လုပ်ပြီး အိပ်ပေါ့။ ကြမ်းပြင်ပေါ်မှာ ဒီအတိုင်း အိပ်ကြတယ်ဆိုတော့ လူတော်တော်များက တန်းညှိခံလိုက်ရသလို ဖြစ်သွားတယ်။ ဘယ်လောက် ချမ်းသာ ချမ်းသာ ဘယ်လောက် တော်တော် ဘယ်လို လက်ဖက်ရည်ဆိုင်မျိုးပဲ ထိုင်ခဲ့ ထိုင်ခဲ့ မြို့ပေါ်မှာ ဆေး ဘယ်လောက် ချချ ဘယ်လောက်ပဲ သုံးနိုင်သုံးနိုင် ဒီမှာတော့ အားလုံးက မြေကြီးပေါ်မှာပဲ ဂုံနီအိတ်တထည်ဆီ ရမှာပဲ။ ဆန် ၄ လုံးခွဲကို စားပဲ။ ပဲဟင်းရေ ဒီလောက်ပဲ။ ငရုတ်သီး တတောင့်ပဲ ဆိုပြီး အဲလို တန်းညှိလိုက်သလိုပဲ။ အဲလိုဆိုတော့ ဘ၀ကို သိသွားတယ်။

သိသွားတယ်ဆိုတာကလည်း တကယ်ကိုပဲ မရှိခြင်း တရားဆိုတာကို ကြုံလိုက်ရတာကိုး။ အဲဒီအချိန်မှာ ဒီ မသိခြင်းတရားနဲ့ အခက်အခဲကို ဘာနဲ့ ကျော်ကြသလဲဆိုတော့ နိုင်ငံရေး အသိ၊ ယုံကြည်ချက်ဆိုတာကို စပြီး စဉ်းစားဖြစ်ကြတာပဲ။ ဒီအသိနဲ့ ယုံကြည်ချက်ကို ဘယ်လိုတည်ဆောက်ကြမလဲဆိုတဲ့ စိတ်နဲ့ ကျနော်တို့ရဲ့ ABSDF ဆိုပြီး ဖြစ်လာတယ်။

ABSDF စဖြစ်ဖြစ်ချင်းတော့လက်နက်ကိုင် တော်လှန်မယ် ဘာညာ ဘာညာ ဆိုပြီးတော့ဖြစ်ကြတယ်၊ ရန်တွေဖြစ်ကြတယ် ဆိုပေမဲ့ ကျနော်တို့မှာ အခက်အခဲတော်တော်များများရှိပါတယ်။ အဲဒီအခက်အခဲတွေကို ငါတို့ ဘာလုပ်ကြသလဲဆိုတဲ့ အသိနဲ့ ယုံကြည်ချက်ကို တည်ဆောက်လာရင်းနဲ့ပဲ ကျော်ဖြတ်ခဲ့ကြတယ်။

ကျနော်တို့ ABSDF ဆိုတာက အဖွဲ့အစည်းကြီးကနေ တောခိုလာတာ မဟုတ်ဘူး။ နယ်အသီးသီးက ရောက်လာတဲ့ သူတွေအားလုံးကို အဖွဲ့အစည်းလုပ်ရတာ။ ပြောရရင်တော့ ဗိုလ်မှ ဗိုလ်တွေချည်းပဲလေ ဥက္ကဋ္ဌ ဆိုတဲ့နေရာကလျော့တဲ့သူက တယောက်မှ မပါဘူး။ နောက် နယ်သားတွေ များတယ်။ နယ်သားတွေက ရိုးတယ်။ စခန်းထဲမှာ တဲဆောက် စခန်းဆောက် အပင်စိုက် ဆန်အိတ်သယ်ဆိုတဲ့ အလုပ်ကြမ်းတွေကို သူတို့ အကုန်လုပ်တတ်တယ်။ ကျနော်တို့က သူတို့ဆီကနေ ပြန်သင်ရတယ်။ သူတို့က စရိုက်ကြမ်းတယ်။

အဲဒီမှာ လက်ဖက်ရည်ဆိုင်ထိုင်ပြီးတော့မှ ပွားတတ်တဲ့ မြို့သားကျောင်းသားနဲ့ နယ်ကျောင်းသားတွေရဲ့ ကြားက အထာမကျမှုလေးတွေရှိတယ်။ ကျနော်တို့မြို့ကျောင်းသားများကလည်း တောထဲရောက်တာတောင်မှ လက်ဖက်ရည်ဆိုင် ဖွင့်ဖို့ ကြိုးစားနေကြတာလေ။တောထဲ့ လူတွေကတော့ အချိန်ရတာနဲ့ ဖားရှာ ငါးရှာ သူတို့က အဲလိုမျိုး။ အဲလို ဖားရှာ ငါးရှာတွေကို မြို့ကျောင်းသားတွေကနေ ပြီးတော့ စကားလုံးကြီးတွေနဲ့ အနိုင်ကျင့်ပြီးတော့ မင်းက ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့ အဲလိုမျိုးတွေကလည်း ရှိတယ်။

အဲဒါတွေကို ကျနော်တို့က သင်တန်းတွေနဲ့ဖြတ်သန်းလိုက်ရတယ်၊ သင်တန်းဆိုတာကတော့စစ်သင်တန်းပဲပေါ့ ဒါပေမဲ့ လူတွေကို ပုံဆန်တူတူဖြစ်အောင် တန်းညှိလိုက်ရတယ်။ တပြေးတည်းဖြစ်တော့ မင်းလည်း ဒီဝတ်စုံပဲ မင်းလည်း ၀ါကျည်တောက်ပဲ ရတယ်။ မင်းလည်း ဒီထမင်းလည်း စားရမယ် ဆိုပြီးတော့ ပုံဆန်သွင်းလိုက်ရတယ်။

အဲဒီမှာကျနော်က စစ်တပ်အကြောင်းကို ပိုပြီး နားလည်သဘောပေါက်သွားတယ်။ စစ်တပ်ထဲမှာ အမိန့်ကို ဘာဖြစ်လို့ ကြောက်နေရသလဲ ဆိုတာကို ကျနော်က အဲဒီမှာမှ ပိုနားလည်သွားတာ။ သူ့ဖိနပ်ထဲကို ၀င်စီးကြည့်လိုက်ရမှ သိတာတွေ အများကြီးပဲ။

စကားဆက်ရမယ်ဆိုရင်တော့ ABSDF ပထမ ညီလာခံကနေ စလိုက်တဲ့ မြို့သားတွေနဲ့ နယ်သားတွေနဲ့ အဲဒီလို မပြေလည် မှုတွေနဲ့ အုပ်စု အကွဲအပြဲတွေ ကိစ္စတွေကို ABSDF က တောက်လျှောက်အမွေခံရတာပေါ့။

ကျနော်တို့ အစောပိုင်း ကာလတွေက ကြမ်းတယ်။ နောက်တခုက ဗဟိုကော်မတီလို့ ဆိုတာက အားလုံးကို စုစည်းတဲ့ ဆုံချက်ကြားထဲမှာကိုပဲ၊ အုပ်စု အသီးသီးကို ဆက်စပ်ထားတဲ့ ပုံဆန်မျိုးထဲမှာပဲ ကျနော်တို့ ဆီမှာ ရှိတဲ့ စခန်းတွေဆိုတာက ကျနော်တို့ အုပ်ချုပ်လို့မရဘူး။ အစိုးရကနေ ရပ်ကွက်တွေထိ အုပ်ချုပ်လို့ရသလို ကျနော်တို့က အုပ်ချုပ်လို့ မရဘူး။
ဘယ်လိုလဲ ဆိုတော့ စခန်းတွေက သူ့ဟာသူ ရှာစားတယ်၊ သူ့မဟာမိတ်နဲ့ သူ့လုပ်ငန်း အစီစဉ်နဲ့ သူရှိတယ်။ ကျနော်တို့ ဗဟိုကော်မတီက ဘာလုပ်ရလဲဆိုတော့ အစည်းဝေးခေါ်တာမျိုးလုပ်ရတယ်၊ မဟာမိတ်ဆက်ဆံရေး လုပ်ရတယ်။ အဲဒီလောက်ပဲ ရှိတယ်။

အဲတော့ ကျနော်တို့မှာ ကျောင်းသား စခန်းက ၁၉ ခုရှိတယ်၊ ABSDF က ပထမဆုံး ကျောင်းသားညီလာခံခေါ်တော့ စခန်းတွေက ကိုယ်စားလှယ်တွေကိုခေါ်တယ်။ ခေါ်ပြီးတော့မှ ဖွဲ့လိုက်ကြတာပေါ့။ ကျနော်တို့ ဘုရားသုံးဆူ စခန်းကလည်း ကိုယ်စားလှယ်တွေ လွှတ်တယ်လေ။

အဲဒီတုန်းက ဘုရားသုံးဆူ စခန်းက ဥက္ကဋ္ဌက ကိုတင်စိုးနောင်ပေါ့။၈၈ မှာလုပ်ခဲ့တဲ့ ပထမဆုံး ညီလာခံမှာတော့ ကိုတင်စိုးနောင်တို့ပဲ သွားတယ်လေ။ သွားပြီးတော့သိပ်မကြာဘူး ABSDF ဗဟိုက မတည်မငြိမ်ဖြစ်တယ်။
အဲဒီတုန်းက ဗကသက လာတဲ့ ၀င်းမိုး၊ အောင်နိုင်၊ ကိုကိုဦးပေါ့၊ အောင်နိုင်ဆိုတာ အခု VOA မှာ ဒါရိုက်တာ ဖြစ်နေတဲ့ ကိုသန်းလွင်ထွန်းပေါ့။  သူတို့တွေနဲ့ ဗဟိုကော်မတီထဲမှာ ရှိနေတဲ့သူတွေနဲ့ အဆင်မပြေ ဖြစ်ကြတာ။

အဲတုန်းကလည်း ဖြစ်လာတဲ့ နောက်ပြဿနာ တခုက ဘာလဲဆိုတော့ တောထဲမှာပဲ နေမယ်ဆိုတဲ့ ကျောင်းသားတွေရယ် မြို့ပေါ်နိုင်ငံရေး လုပ်ရမယ်ဆိုတဲ့ အယူအဆတွေကြားထဲမှာလည်း ပဋိပက္ခတွေဖြစ်တာ ရှိတယ်။ အဲဒီမှာပဲ အရေးပေါ် ညီလာခံ ထပ်ခေါ်ရတယ်။ အဲလို အရေးပေါ် ညီလာခံခေါ်တော့ ကျနော့်ကို ကိုတင်စိုးနောင်က စခန်းကနေ လှမ်းခေါ်တယ်။

အဲဒီအချိန်တုန်းကလည်း ကျနော်က စခန်းထဲမှာ စီမံခန့်ခွဲရေး ကိစ္စတွေကို လုပ်တယ်။ အဲဒီအချိန်မှာ လှမ်းခေါ်တယ်၊ ပြောချင်တာက ဘာလဲဆိုတော့ အဲဒီတုန်းကလည်း ကိုယ့်စခန်းကိုယ် ကိုယ်တည်ဆောက်နေရတဲ့ ခါကျတော့ အားလုံးက ကိုယ့်အလှူရှင်နဲ့ကိုယ်၊ ကိုယ့်စခန်း တိုးတက်ရေးပဲ ကိုယ်လုပ်ချင်တာတွေလည်း ရှိတယ်။

 ကျနော်တို့ရဲ့ မဟာမိတ်တွေကလည်း ကိုနိုင်အောင်တို့သွားဖို့သင့်တယ်လို့ ပြောလာတာလည်း ရှိတယ်။ ဗဟိုမှာ စီမံခန့်ခွဲရေး ကိစ္စတွေကို ပိုပြိး အားကောင်းအောင် လုပ်သင့်တယ်ပေါ့ ကိုယ့်စခန်းကိစ္စပဲ ကိုယ်လုပ်နေလို့မရဘူးလို့ ပြောလာတာတွေလည်း ရှိတယ်။အဲဒါနဲ့ ကျနော် သွားတယ်။

အဲဒီ ၁၉၈၉ အရေးပေါ် ညီလာခံမှာ ဗဟိုကော်မတီမှာ ဒုဥက္ကဋ္ဌ အနေနဲ့ တာဝန်ပေးတယ်။

ရှေ့ဆက်ဖော်ပြပေးပါမည်။

မေသင်္ကြန်ဟိန်(မြစ်မခ)

ဒေါက်တာနိုင်အောင်၊ ဓါတ်ပုံ- ကျော်ဇင်မန်း(မြစ်မခ)
18Like · ·

Tuesday, February 5, 2013

ရေလှိုင်းစစ်ဆင်ရေး (သို့) မေးခွန်းထုတ်စရာများ-၁၁

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော် ရေလှိုင်းစစ်ဆင်ရေး (သို့မဟုတ်) မေးခွန်းထုတ်စရာများ (၁၁)

by Tamar Khin on Tuesday, February 5, 2013 at 12:24pm ·
သက်ဆိုင်သူများသို့

အမှန်တရားကို ဉီးဆောင်ဖော်ထုတ်မယ်လို့ ကြွေးကြော်ခဲ့တဲ့  ကိုထွန်းအောင်ကျော် (အမေရိက) ကလည်း  တော်လှန်ရေးဘက်ကနေကြည့်ရင် ကြီးမားတဲ့ နစ်နာဆုံးရှုံးမှူ့ ဖြစ်စဉ်ကြီး တခုကို ထောင့်စေ့အောင် မလေ့လာရသေးပဲနဲ့ နန်းအောင်ထွေးကြည်ရဲ့ တရားကိုသာနာပြီး ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရမဲ့အစား တောထဲမှာ လက်နက် ကလေးတွေ လက်ထဲမှာရှိလာတော့ “အာဏာရူးပြီး” ဖြစ်ခဲ့ကြတာလို့ လူပြိန်းအကြိုက် အလွယ်အတွေးမျိုးနဲ့ တဘက်သတ်ကြီး ဆိုနေပါလား။

ကာကွယ်စောင့်ရှောက်စရာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေကော ရှိနေပြီလား။ ကိုထွန်းအောင်ကျော်ကိုယ်တိုင်တောင် အမေရိကရောက်မှ အဲဒီအရသာ စပြီးခံစားခဲ့ရတာ မေ့သွားလို့ဖြစ်ရမယ်။ ၽ

မြောက်ပိုင်းအကြောင်းကို ပြန်ပြောရင် နေရာနဲ့အချိန်ကာလကိုလည်း ထည့်တွက်ဖို့ လိုပါ တယ်။ အသက်တွေက ဆယ်ကျော်သက်နှစ်ဆယ်ကျော်ပတ်ဝန်းကျင်၊ အမှန်တရားနဲ့ တရား မျှတမှု့အတွက် မိဘတွေရဲ့ခံစားမှု့ကို  လစ်လျူရှူ့နိုင်ကြ ရုံတင်မက ကိုယ့်အသက်တောင် ကိုယ်မနှမျှောကြတဲ့ စိတ်အနေအထား။ အမှန်အတိုင်းဝန်ခံရရင် အဲဒီအချိန် ကျမကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအကြောင်းလာမေးရင်  ဖတ်ခဲ့ဖူးတဲ့စာအုပ်ထဲကစာတွေ သူများ အထင်ကြီး လိုကြီးငြား ပြန်ရွတ်ပြရုံကလွဲရင် (ဒါမှမဟုတ်) သူများစကားကို ကိုယ့်စကားလုပ်ပြီး ပြန်ပြောပြ တတ်ရုံကလွဲလို့   မြောက်ပိုင်းရဲဘော်အများစုဟာ ကာကွယ်ဖို့ စောင့်ရှောက်ဖို့ အသာထားအုံး  ယနေ့ချိန်ထိ ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့ဆိုတာ  ချိုသလား ငန်သလား မပြောနဲ့ ဉက္ကဌ ဟောင်းကြီးဖြစ်ခဲ့တဲ့ ကိုထွန်းအောင်ကျော်လို မြည်းကြည့်ခွင့်လေးတောင် မရခဲ့ကြသေးပါဘူး။

စော်ကားတာတော့ မဟုတ်ပါဘူး အမှန်တကယ် သိချင်လို့မေးကြည့်တာပါ။ ကိုထွန်းအောင် ကျော် နိုင်ငံခြားကို ဘယ်နှစ်ခုနှစ်က ရောက်သွားခဲ့တာပါလဲ။ ရှေ့တန်းစစ်မြေပြင် ဘယ်နှစ်ခါ ရောက်ဖူးခဲ့ပါသလဲ။ မျက်စေ့ရှေ့မှာတင် ကျဆုံးသွားတဲ့ ရဲဘော် ဘယ်နှစ်ယောက်လောက်ကို မြင်တွေ့ဖူးခဲ့ပါသလဲ။ ဆန်ဂိုဒေါင်တွေ ရန်သူ့လက်ထဲရောက်သွားလို့ အားအင်ကုန်ခမ်းငတ်ပြတ် ဖျားနာပြီး ဗဟိုတောင် ပြန်မရောက်တော့ပဲ လမ်းခရီးစခန်းမှာတင် ရဲဘော်တွေ တယောက်ပြီး တယောက်ချခဲ့ရတဲ့ အသုဘမျိုးကော ကြုံခဲ့ဖူးပါသလား။

အခုတာဝန်ရှိလို့ပါ ပြောနေတဲ့သူတွေရဲ့အသံတွေ အဖွဲ့အစည်းရော ရဲဘော်တွေပါ အခက်အခဲတွေ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ရုန်းကန်နေခဲ့ရချိန်က ချောင်းဟပ်သံလေးတောင် ရဲဘော်တွေ မကြားခဲ့ကြရတာ အဲဒီအချိန်က အိပ်ပျော်နေခဲ့ကြပါသလား။ ဘယ်လိုပဲဖြစ်ဖြစ် ဖြတ်သန်းခဲ့တဲ့ အောက်ခြေက ရဲဘော်တွေကတော့ တာဝန်ရှိပါတယ်ဆိုတဲ့ ခေါင်းဆောင်ကြီးများကို မေ့နိုင်ကြမှာ မဟုတ်ပါဘူး။ ဘဝတသက်တာလုံးအတွက်ကို အမှတ်တရရှိနေကြပါလိမ့်မယ်ဆိုတာတော့ ယုံပါ။ ။ ကျမက အေဘီဉက္ကဌလည်း မဖြစ်ခဲ့ဘူးသလို ဘယ်ဉက္ကဌကိုမှလည်း မဲမပေးခဲ့ဘူးတဲ့အပြင် ဉက္ကဌကတော်ဘဝနဲ့လည်း  ဘယ်လိုပွဲမျိုးကိုမှ မတက်ရောက်ခဲ့ပါ။ မခံစားတတ်လို့ပါ။

ရဲမေဘဝနဲ့တော့ ကိုထွန်းအောင်ကျော်ကို မေးခဲ့တဲ့အရာတွေ အကုန်လုံးကို ကျမကြုံခဲ့ဖူး ပါတယ်။ ကျမရေးခဲ့တဲ့ဆောင်းပါးတွေထဲမှာ ရေးရင်းနဲ့ပတ်သက်ခဲ့တဲ့သူတချို့ကို ကျဆုံးဆိုပြီး ကွင်းစကွင်းပိတ်တွေနဲ့ ပြထားတာကိုပဲ ရေတွက်ကြည့်ပါ။ ဒါရေးနေတဲ့အကြောင်းနဲ့ တိုက်ဆိုင် လို့ ထည့်သုံးခဲ့တဲ့နာမည်တွေပဲ ရှိပါသေးတယ်။

မြန်မာနိုင်ငံဆိုတာ ဒါမျိုးဟေ့ဆိုပြီး လက်တွေ့သက်သေပြနေတဲ့ ရခိုင်အရေးအခင်းကကော အောက်ခြေမှာ ဘာအာဏာ ဘာစည်းစိမ်မှမရှိပဲ ခံပြီးရင်းခံနေရတဲ့ ဆင်းရဲဒုက္ခရောက်နေသူ ဘဝတူအချင်းချင်း အဲဒီလောက် ရက်ရက်စက်စက် အပြန်အလှန် သတ်ဖြတ်နေကြတာ အာဏာရူးနေကြတာလို့ သတ်မှတ်လို့ ဖြစ်ပါ့မလား။ တကယ်တမ်း အာဏာရူးနေကြတာက ဘယ်သူတွေပါလဲ။

မြောက်ပိုင်းက ခေါင်းဆောင်တွေက အာဏာရူးဖို့နေနေသာသာ ကိုထွန်းအောင်ကျော်လို နိုင်ငံခြားမပြောနဲ့ ဗဟိုမှာတောင် ကြာကြာဇိမ်နဲ့ နပ်နေကြတာ မဟုတ်ပါဘူး။ အမြဲတမ်း ရှေ့တန်းစစ်မြေပြင်မှာ ရန်သူနဲ့ နှပမ်းလုံးနေခဲ့ကြတာ။ အဲဒီလောက်တိုတောင်းတဲ့ ကာလလေး တခုအတွင်းမှာကို ကိုမျိုးဝင်းတို့ ကိုသံချောင်းတို့ တိုက်ပွဲပေါင်း ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါ နွဲခဲ့ကြသလဲဆိုတာပဲ စာရင်းကောက်ကြည့်လိုက်ပါ။ အချောင်သမားတွေ မဟုတ်ခဲ့ကြသလို နာမည်ခံရုံသက်သက် လုပ်ခဲ့တဲ့သူတွေ မဟုတ်ခဲ့ကြတာကတော့ အသေအချာပါပဲ ။

ဘာမှမလုပ်ခဲ့သူတွေအတွက်  ဘာအမှားမှ မရှိခဲ့ကြလည်း ဂုဏ်ယူစရာတော့ ဟုတ်မယ်မထင်ပါဘူး။ ကျမ သိသလောက်တော့ အာဏာရူး ဆိုတာမျိုးက “ဘယ်သူသေသေ ငတေမာ ရင်ပြီး ရော” အသက်စွန့်လုပ်ဖို့ ဝေးလာဝေး။ သူတို့စည်းစိမ်ကိုတောင် သူတို့စွန့်ရဲ လုပ်ရဲကြတာမျိုး မဟုတ်ပါဘူး။ ကျမ သိတာမှားနေရင် ပြင်ပေးပါ။

ဒါတွေကို အစအဆုံးသိပြီး တာဝန်ခံခဲ့တဲ့ မေးမြန်းလာတဲ့သူတွေရှိရင် သက်သေပြနိုင်ဖို့ နန်းအောင်ထွေးကြည်၊ ကိုညီညီ၊ ကိုကျော်နိုင်ဉီး၊ ကိုခင်မောင်ဇော် ၊ ကိုရဲလင်း၊ ကိုမိုးကြီးတို့ကို မသတ်ပဲ ချန်ထားခဲ့တဲ့ ကိုမျိုးဝင်းကလည်း ကံကောင်းတာလား ကံဆိုးတာလားမသိ (အဲဒီလိုမဖြေရှင်းနိုင်တော့အောင်ကို) ရှေ့တန်းတိုက်ပွဲမှာ ကျည်ဆံက (နှလုံးသားတဲ့တဲ့ကိုမှ) မှန်သွားခဲ့တာ။ ရှေ့တန်းမှာ ကျဆုံးသွားခဲ့ရလို့ ပြန်လည် ဖြေရှင်းခွင့်မရ၊

ကိုသံချောင်းကလည်း မျက်လုံးတဘက်၊ လက်တဘက်ပေးခဲ့ရတဲ့အပြင် ထောင်ထဲမှာ သေဒဏ် ငါးထပ်ကွမ်းနဲ့  ရဲဘော်တွေ အခေါ်  “ပဲလှော်၊ ပဲကြော်”ဆိုတဲ့ ချစ်စရာ သမီးငယ် လေးနှစ်ဉီးရဲ့ ဖခင် လူထဲကလူတဉီးဆိုရင်လည်း မမှားပါဘူး။ နောက်ထပ်သေဒဏ်တထပ် ထပ်တိုးလည်း ဘာမှ ထူးနေမှာမဟုတ် အသက်က တချောင်းပဲ ရှိတာ။ လူတယောက်ရဲ့ ယျေဘူယျအသက်က ရှိနိုင်ရင် ( ၆၅-ရဝ ) ပေါ့။ (၁၀)နှစ်က ကလေးဘဝ၊ နောက်ထပ်(၁၀)နှစ်က ကျောင်းသားဘဝ၊ (၁၈)နှစ်က သူပုန်ဘဝ၊ (၇)နှစ်က ထောင်နန်းစံဘဝ လူ့သက်တမ်းရဲ့ သုံးပုံနှစ်ပုံလေးပဲ ကုန်သေးတာ နောက်ထပ် ထောင်ထဲဆက်နေဖို့နှစ်တွေ အများကြီးပဲ ကျန်ပါသေးတယ် ။ ပြန်မခံလိုက်ရမှာ စိုးရိမ်ပူပန်နေကြသူများ စိတ်ပူနေစရာကို မလိုတော့တဲ့  ကြည်နူးနှစ်သိမ့်ဖွယ်ရာ ဘဝမျိုးလေးနဲ့ ပါ။

လွတ်လွတ်လပ်လပ် ဖြေရှင်းခွင့်မရတဲ့  ဘဝတူရဲဘော်တွေဆီကနေ ဒီအပြင် နောက်ထပ် ဘာတွေများ ထပ်လိုချင်နေကြတာပါလိမ့်။ ဒါ အမှန်တရားကို ဖော်ထုတ်နေကြတာလား။ ဒါလား တရားမျှတမှု့နဲ့ တရားဉပဒေ စိုးမိုးရေး။

ကိုမျိုးဝင်း၊ ကိုသံချောင်းတို့သာ အသက်ရှင်လျှက် လွတ်လွတ်လပ်လပ် ပြန်လည်ခုခံခြေပနိုင်တဲ့ အနေအထားမျိုးမှာ ရှိနေခဲ့ရင် ကျမ ဒီစာတွေ ရေးနေစရာအကြောင်း မရှိဘူး။ သူတို့အမှားအတွက် အမှန်တကယ်တရားမျှတတဲ့ တရားရုံးအဆုံးအဖြတ်နဲ့ (စစ်အစိုးရအောက်က မတရားရုံးကို မဆိုလို) သူတို့ ကြိုးစင်တက်ကြရင်တောင် အသေအချာ ကျမ သွားကြည့်အုံးမှာ။ (ကိုအောင်နိုင် ဘာကြောင့် မတားမြစ်ခဲ့တာလဲ၊ ဒါတွေကို သူဘာကြောင့် ယုံကြည်လက်ခံခဲ့လဲဆိုတဲ့ကိစ္စက အသက်ရှင်လျှက်ရှိ နေဆဲ ကိုအောင်နိုင် ဖြေရှင်းရမဲ့ကိစ္စ။)

အခုဟာက ကျဆုံးသွားလို့ ခုခံခြေပခွင့်မရတဲ့ သူအပေါ် ၊ လွတ်လွတ်လပ်လပ်ခြေပခွင့်မရတဲ့ ရန်သူ့လက်ထဲထောင်ကျနေတဲ့ သူအပေါ် သွေးဆာနေတဲ့ ဘီလူးကြီးတွေ သရဲသဘက်ကြီးတွေ အာဏာရူးကြီးတွေအဖြစ် နန်းအောင်ထွေးကြည်ရဲ့လေသံကို နင်းပြီး  ပုံဖော် ပြောနေ  ရေးနေ ကြတာတွေကို လုံးဝလက်မခံနိုင်သလို  ဒီအတွက် မြောက်ပိုင်းဗဟိုကော်မတီသာမက မြောက်ပိုင်းရဲဘော်ရဲမေအားလုံးမှာ တာဝန်ကိုယ်စီရှိတယ်လို့ပဲ ရိုးရိုးနဲ့ရှင်းရှင်း ကျမမြင်တယ်။ ကျမတို့ မြောက်ပိုင်းရဲဘော်ရဲမေ တွေအားလုံး မဖြစ်မနေ မျက်နှာချင်းဆိုင်ကိုစုဆုံ ဖြေရှင်းနိုင်မှသာ  တကယ့်အမှန်တရားကို ရှာတွေ့နိုင်မဲ့ကိစ္စတခုလည်း ဖြစ်ပါတယ်။ (ထောင်ထဲမှာရှိနေတဲ့ ကိုသံချောင်းကလည်း မျက်နှာချင်းဆိုင်စုစုံရှင်းဖြေရှင်းနိုင်ဖို့ တောင်းဆိုခဲ့ပေမဲ့ တောင်းဆိုလို့ မရဘူးလို့ ကြားရပါတယ်။)

ကိုအောင်မိုးဝင်းရေးခဲ့တာက ခံရသူတွေဘက်က ဖြေရှင်းမယ်ပြောနေတာပဲ ခေါင်းဆောင်ကြီးများက ထွက်မှ မလာရဲတာတဲ့။
ကဲ ခေါင်းဆောင်ကြီးများအပါအဝင် မြောက်ပိုင်းရဲဘော်ရဲမေတွေအားလုံး တယောက်မကျန် တာဝန်ကိုယ်စီ ရှိကြတယ်။ ဖြေရှင်းပုံ ဖြေရှင်းနည်းနဲ့ ဖြေရှင်းကြမဲ့ နေရာလေးတွေကို ရွေးကြရအောင်။

စာတွေအပြန်အလှန်ရေးပြီး ဖေ့ဘုတ်ပေါ်ကနေ  ဗွီလိင်အပြောတွေနဲ့ တဘက်နဲ့ တဘက် ရန်ဖြစ်ပြီး ရှင်းကြမလား။ တပြည်လုံးကြားအောင် လေလှိုင်းပေါ်ကကနေ သံပြိုင် အော်ဟစ် ရှင်းကြမလား။ အယောက်စေ့တိုင်း အင်တာဗျူးလုပ်ပြီး ရှင်းကြမလား။ ကိုယ့်သမိုင်းနဲ့ ကိုယ့်ကဏ္ဍ ဆိုပြီး စာစီစာကုံးလေးတွေ တယောက်ချင်း ရေးရှင်းကြမလား။ တဘက်နဲ့တဘက် သတင်းစာရှင်းလင်းပွဲတွေ ချိန့်ချိန့်သဲကျင်းပပြီး အပြန်အလှန် စွပ်စွဲ အပုတ်ချရင်း  ရှင်းကြ မလား။ ဒါမှမဟုတ်၊

အထဲကလူတွေ အကုန်ထွက်လာကြပြီး ကိုအောင်နိုင်ရှိတဲ့ထိုင်းနယ်စပ်မှာ ရှင်းကြမလား။  အပြင်မှာရှိနေတဲ့လူတွေအားလုံး အထဲပြန်ဝင်ပြီး ကိုသံချောင်းရှိတဲ့ သာယာဝတီထောင်မှာ သွားရှင်းကြမလား။  ကိုလှဆိုင်းရှိတဲ့ စစ်ဖြစ်နေတဲ့ မြောက်ပိုင်းကချင်မှာပဲ ပြန်စုံ ရှင်းကြမလား။ ဒါမှမဟုတ် ကိုထွန်းအောင်ကျော်တို့ ကိုမျိုးဝင်းတို့ရှိတဲ့ မြောက်ပိုင်း တောထဲက မြေပုံလေးတွေ မှာ  တိုင်တည်ကြရင်းနဲ့ပဲ ဖြေရှင်းကြမလား။

ဘယ်သူတွေက အဆုံးအဖြတ်ပေးတဲ့ တရားသူကြီး လုပ်ကြမှာလဲ။ ဘယ်သူ့ရှေ့မှာ သွားရှင်း ကြရမှာပါလဲ။ အဆုံးအဖြတ်ပေးမဲ့ တရားသူကြီးက စစ်အစိုးရပဲလား။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို အဆုံးဖြတ်ပေးနိုင်တဲ့ တရားသူကြီးတွေလို့ ထင်မှတ်ပြီး ထင်ကြီးတလုံးနဲ့ လုပ်နေပြောနေကြ သူတွေ ရှေ့မှာပဲ ရှင်းကြရမှာလား။ ဒါမှမဟုတ် မြောက်ပိုင်းရဲဘော်ရဲမေတွေအားလုံး နိုင်ငံခြားကို ရောက်ဖူးသွားတယ်ရှိအောင် လေယာဉ်ပျံကြီးစီးပြီး နိုင်ငံတကာခုံရုံးမှာပဲ သွားရှင်းကြမလား။

ကဲ ရွေးကြပါ ဖြေရှင်းပုံ ဖြေရှင်းနည်းနဲ့ ပါဝင်ခဲ့တဲ့ မြောက်ပိုင်းရဲဘော်ရဲမေအားလုံး မျက်နှာချင်းဆိုင်စုဆုံဖြေရှင်းနိုင်မဲ့ နေရာလေးတွေကို။

ပါဝင်ခဲ့ကြသူတွေအားလုံး မျက်နှာချင်းဆိုင်ကို စုဆုံပြီး ပြည်သူလူထုရှေ့မှာ ဖြေရှင်းကြမှ ရနိုင်ဖြစ်နိုင်မဲ့ ကိစ္စကြီးတခုပါလို့ ကျမ အကြိမ်ကြိမ် ရေးခဲ့ပြီးပြီ။ အဲဒီအတွက် လွတ်လပ်စွာ ပြောဆိုနိုင်တဲ့ အနေအထားတခု မရှိမဖြစ် လိုအပ်ပါတယ်။ ထောင်ကျနေတဲ့ ကိုသံချောင်း၊ စစ်ထောက်လှမ်းရေးတွေရဲ့ ကာကွယ်စောင့်ရှောက်မှု့အောက်မှာ ရောက်နေတဲ့ ကိုသန်းဇော်၊ ဇော်ဇော်မင်း၊ အောင်စိုးမြင့်တို့ကရော ဒီလိုအခြေအနေအောက်မှာ ထွက်ရှင်းခဲ့ရင်တောင် ဘာသံတွေပဲ ထွက်လာနိုင်သလဲ စောင့်သာ နားထောင် ကြည့်ကြပါ ။ ဖက်စစ်တွေကို ပြည်သူ လူထုတရပ်လုံးက တွန်းလှန်တော်လှန်ခဲ့တဲ့ လူထုတော်လှန်ရေးနေ့တောင် တပ်မတော်နေ့ ဖြစ်သွားရသေးတာပဲ။ ဒီလောက်ကတော့ စစ်အစိုးရအတွက် ပျင်းတောင်ပျင်းသေးတယ်။

အုံနဲ့ကျင်းနဲ့ဖြစ်ခဲ့တဲ့ကိစ္စတခု။ တယောက်တည်း နှစ်ယောက်တည်း လုပ်ခဲ့ကြတဲ့ကိစ္စတွေလည်းမဟုတ်ဘူး။ တယောက်တည်း နှစ်ယောက်တည်း တစုတည်း တဖွဲ့တည်း ဖြေရှင်းနိုင်တဲ့ ကိစ္စမျိုးလည်း မဟုတ်ခဲ့ဘူး။ ဖြေရှင်းလို့လည်း မရနိုင်ဘူး။ ကိုယ့်အမြင် သူ့အမြင် ပါဝင်ခဲ့တဲ့ ကိုယ့်ကဏ္ဍ သူ့ကဏ္ဍတွေကို ဖလှယ်ကြရုံကလွဲပြီး ဘယ်သူမှ အလုံးစုံသိနေတာ မဟုတ်ဘူး။ အဲဒါကို အတင်းကြီး ဇွတ်ထွက်ရှင်းခိုင်းနေသလို ဖြစ်နေတယ်။

အဲဒီလို တယောက်စီ ထွက်ရှင်းနေလို့ကော ဝိုင်းတိုက်ခိုက်တတ်ရုံကလွဲပြီး ဘယ်သူ ဘာလဲ ဘာဖြစ်လို့ ဖြစ်သွားခဲ့ကြတာလဲ အဖြစ်မှန်ကို သိနိုင်ကြပါ့မလား။ အခုကိုပဲကြည့်ပါ သူ့အမြင် ကိုယ့်အမြင်နဲ့ အပြန်အလှန် ပုတ်ခတ်စွပ်စွဲ မဆုံးနိုင်တဲ့အဖြေတွေနဲ့ အဖွဲ့အစည်း သွားနေတဲ့ လမ်းကြောင်းတလျှောက် ဒီကိစ္စကြီး တကိုင်ကိုင်လုပ်ပြီး တိုက်ခိုက်နေတာကလွဲရင် ဘာအဖြေများ ထွက်လာနိုင်မှာပါလဲ။ ဒါ ဘာကြောင့် အကြာကြီး ရေငုံနုတ်ပိတ်နေခဲ့ရပါသလဲဆိုတဲ့ ကျမကို မေးခဲ့တဲ့ မေးခွန်းရဲ့အဖြေပါပဲ။

(၁၉၉၂) အဖမ်းခံရတဲ့ ရဲဘော်တွေ အထဲပြန်ရောက်သွားကြချိန်၊ (၂၀ဝ၆ ) ကိုသံချောင်းနဲ့ ရဲဘော်တွေ အဖမ်းခံခဲ့ရချိန်ကတည်းက အကြိမ်ကြိမ်အခါခါ သတင်းစာရှင်းလင်းပွဲတွေ လုပ်ပြီး သတင်းစာတွေထဲကရော တီဗွီတွေထဲမှာပါ ပြည်သူလူထုကို ချပြထားခဲ့ကြ ပြီးသားပါ။ အထဲက ဒီမိုကရေစီခေါင်းဆောင်တွေ ကျောင်းသားခေါင်းဆောင်တွေ ထောင်ထဲရောက်နေတဲ့သူတွေပါ မကျန်  သိနေပြီးသားကိစ္စတွေလည်း ဖြစ်ပါတယ် ။ ကျမတို့ထက် ပိုသိ ပိုနားလည်နေတဲ့ သူတွေလည်းရှိနေကြပါတယ်၊ ဘယ်လိုနည်းနဲ့မှ စုဆုံဖြေရှင်းနိုင်ကြတဲ့ အခြေအနေမရှိသေးတဲ့အပြင် ရှေ့ဆက်လုပ်ရမဲ့ အလုပ်တွေကို ဉီးစားပေးလုပ်ရမဲ့အချိန် ဖြစ်နေခဲ့ရလို့သာ အားလုံးက လုပ်ချိန် ဖြေရှင်းချိန် မတန်သေးဘူးလို့ သဘောထားခဲ့ကြတာပါ။

ဒါကို လူတတ် လူသိကြီးတွေက ထလုပ်ကြတော့ ဘယ်မှာလဲ အမှန်တရား  နိုင်ငံရေးအရ  ဒါကို အမြတ်ထုတ်အသုံးချသွားတာပဲ အဖတ်တင်ပါတယ်။ ဒါတောင် အသက်နှစ်ဆယ်အရွယ် မဟုတ်တော့ဘူး။ တစုံတရာဖြတ်သန်းမှု့ အတွေ့အကြုံရှိနေပါပြီဆိုတဲ့ လေးဆယ်ကျော်၊ ငါးဆယ်ကျော်အရွယ်တွေပါ ။ စစ်အစိုးရတော်နေလို့ မဟုတ်ပါဘူး၊ စစ်အစိုးရဲ့ အားနည်းချက်တွေကို ၀ိုင်းဝန်း ရှာဖွေထောက်ပြကြရမဲ့အချိန်မျိုးမှာတောင် ကျမတို့ကိုကပဲ ငါသိ ငါတတ် ကြီးတွေသာ လုပ်ချင်နေတဲ့စိတ်တွေနဲ့ အချင်းချင်း အပြန်အလှန် လက်ညိုးထိုးတတ်ကြတဲ့နေရာမှာ သိပ်ကိုတော်နေကြလို့ပါ ။  လုပ်စရာမရှိကြတဲ့ လူတွေ လုပ်ရိုးလုပ်စဉ် လုပ်တတ် ကြတဲ့အတိုင်း ရှုပ်နေတဲ့ချည်ကင်  ပြန်ရှာဖြည်ရှင်း ပြန်လုံးပြန်ရစ်နေကြတဲ့အလုပ်မျိုးတွေနဲ့ အချိန်ဖြုန်းနေခဲ့ကြတာတွေကလည်း ခပ်များများ ဖြစ်နေခဲ့တဲ့အတွက်တွေကြောင့်လည်း ပါပါတယ်။

နှစ်နှစ်ဆယ်ကျော်တာတောင် ဖြေရှင်းချိန်မရောက်သေးဘူးလားလို့ ပြန်မေးခဲ့မယ်ဆိုရင်လည်း။ ဟုတ်ကဲ့ ဒီပြည်တွင်းစစ်ကြီး မချုပ်ငြိမ်း မရပ်တန့်သေးမချင်း သိလို့ပြောကြတာနဲ့ မသိလို့ မပြောကြတာပဲ ကွာပါတယ်။ ကျမတို့မမွေးခင်ကတည်း စခဲ့တဲ့ ပြည်တွင်းစစ်ကြီးတလျှောက် တနိုင်ငံလုံးနေရာအနှံ့အပြားမှာ နှစ်ဉီးနှစ်ဘက်ကြားက အဲဒီလိုသံသယတွေကြောင့် အခုချိန်ထိ ဖြေရှင်းခွင့်မရကြပဲ သေသွားခဲ့ရသူတွေ သေနေဆဲလူတွေ သေအုံးမဲ့လူတွေ တပုံကြီး အများကြီး ရှိနေခဲ့ ရှိနေဆဲ ရှိနေအုံးမဲ့ အခြေအနေတွေ ဆက်ရှိနေသမျှ လွတ်လွတ်လပ်လပ် မျက်နှာချင်းဆိုင် မတွေ့ဆုံမဖြေရှင်းနိုင်ကြသေးသ၍ပါပဲလို့  ပြန်ဖြေချင်ပါတယ်။

အာဏာရူးတဲ့သူက လက်ထဲ လက်နက်လေးရှိနေမှ မဟုတ်ပါဘူး ။ လက်နက်မရှိလည်း ရူးချင်တဲ့သူက နည်းအမျိုးမျိုးနဲ့ ရူးနေနိုင်ပါတယ် ။ လူမသတ်ရင်တောင် တယောက်နဲ့ တယောက် အပြိုင်အဆိုင် အပုတ်ချစွပ်စွဲရင်း ပြည်သူတွေ နိုင်ငံရေးသမားဆိုရင် စိတ်ကုန် စိတ်ပျက်သွားအောင်၊ နောက်မျိုးဆက်တွေ တော်လှန်ရေးဆိုရင် ဝေးဝေးက ရှောင်အောင် လူ့အခွင့်အရေးဆိုတဲ့ ခေါင်းစဉ်ကြီးအောက်မှာ ကိုယ်နာမည်ကောင်းရချင်ရင် ပြည်သူတွေ လိုအပ်တာကို ပိုလုပ်ကြရမဲ့အစား အလုပ်ထက် အပြောနဲ့ တယောက်နာမည်ကိုတယောက် စကားလုံးတွေနဲ့  လိုက်သတ်နင်းချေနေကြတာလေ။

တခြားလူတယောက်က တခြားလူတယောက်ကို ကောင်းတဲ့အမြင်နဲ့ပဲဖြစ်ဖြစ် ဆိုးတဲ့အမြင် နဲ့ပဲဖြစ်ဖြစ် မနာလိုမရှူ့စိမ့် ဖြစ်နေတဲ့ အမြင်မျိုးနဲ့ပဲဖြစ်ဖြစ် ကိုယ့်လူကိုယ် ရိုးတင်ပေးချင်တာ ဖြစ်ဖြစ် ရိုးချချင်လို့ပဲဖြစ်ဖြစ် ကန်ထုတ်ချင်လို့ပဲဖြစ်ဖြစ် ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ ဖြစ်ဖြစ်ပါ တံဆိပ်အမှားတွေ လာတပ်ပေးနေလို့ရတဲ့အမျိုး မဟုတ်ပါဘူး။

နာမည်ကောင်းလိုချင်ရင် ကိုယ့်သမိုင်းကိုယ်ရေးနိုင်တဲ့ တခြားနည်းလမ်းရှာပါ။ ကျေးဇူးပြုပြီး တော်လှန်ရေးအတွက်  အသက်ပေးသွားခဲ့ကြတဲ့ ရဲဘော်တွေရဲ့ မြေပုံပေါ်  တက်မရပ်ကြပါနဲ့။

တောထဲမှာ ထောက်လှန်းရေးလို့ သတ်မှတ်ခံခဲ့ရတဲ့ ကိုရာပြည့် (စစ်အစိုးရအကျဉ်းထောင်တွင်း ကျဆုံး) ၊ ကိုရဲလင်း၊ ဘိုဘို ၊ ကိုထိန်လင်း တို့ဟာ မိမိကိုယ်မိမိသာအသိဆုံးဆိုတဲ့ အသိနဲ့ပဲ  ကိုယ်ယုံကြည်ရာ လမ်းကို ဆက်လျှောက်ခဲ့ကြတယ်။ ထောင်ကျခံခဲ့ကြရတယ်။ ငါတို့ဘယ်လို လူမျိုးတွေပါဆိုတာကို သက်သေပြခဲ့ကြတယ်။ မြောက်ပိုင်းမှာ ဆက်လက်တိုက်ပွဲဝင်နေဆဲ ရဲဘော်တွေကလည်း ကျနော်တို့တော့ စာလည်း မရေးပြတတ်ဘူး၊ စကားလုံးတွေနဲ့လည်း ပြောမနေချင်တော့ဘူး၊ မြောက်ပိုင်းကျောင်းသားတပ်အတွက် အလုပ်နဲ့ပဲ သက်သေပြတော့မယ်ဗျာတဲ့။

ဒီနိုင်ငံမှာ လူဖြစ်လာကြတာကိုက ကျောင်းသားလူငယ်ဘဝတွေ ဆုံးရှုံးပြီးသားပါ။  အရှူံးထဲက အမြတ်ကတော့ ကျမတို့အားလုံး မျက်နှာချင်းဆိုင်စုစုံဖြေရှင်းနိုင်မဲ့အချိန်ကို စောင့်ကြိုရင်း ကျမတို့အားလုံး လိုလားတောင့်တခဲ့တဲ့အရာကို မရသေးမချင်း ရည်ရွယ်ရာ ရှေ့ဆက်ရမဲ့ ခြေလှမ်းတွေကိုသာ မျက်ခြေမပြတ်အောင် တည့်တည့်လျှောက်ကြရင်း ကိုယ့်မှာရှိနေပြီးသား တန်ဘိုးကိုယ်စီကို မြဲမြံစွာ ဆုပ်ကိုင်ထားခြင်းသာ ဖြစ်မယ်ထင်ပါတယ် နစ်နာခဲ့ကြရတဲ့ ရဲဘော်အပေါင်းတို့ ။

ခင်ရွေလှိုင်
မပ-ဝ၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
  • Hmone Shwe Yi and 9 others like this.
  • Kyi Kyi Khin ဒီအဖြစ်အပျက်တွေပေါ်မှာ တက်ရပ်ပြီး နာမည်ယူချင်သူတွေ။ ဘာမှမတွေးတောပဲ မဆင်ခြင်ပဲ ကိုယ်နာမည်ရဖို့သာ အဓိကလုပ်။ ကိုယ်နဲ့ မတူ ကိုယ့်ရန်သူဆိုပြီး လက်နက်မပါတဲ့ ဖဘပေါ်တောင် ဖြုတ်ထုတ်သတ်လုပ်နေသူတွေ ။ အုပ်စုဖွဲ့ ရမ်းကားချင်သူတွေ ... ဒီအဖြစ်အပျက်ကြီး တခုလုံးမှာ ထောက်လှမ်းရေး မပါဘူး လို့ မြင်နေသူတွေ..... သေချာ တွေးတောပါ စဉ်းစားနိုင်ကြပါစေလို့ပဲ တောင်းပန်ချင်ပါတယ်။
  • Nge Naing ဒီနေ့ အကြိုက်ဆုံး စာသားနဲ့ မေးခွန်း

    ABSDF ဥက္ကဌဟောင်း တဦးကို ABSDF မှာ တာဝန်ကြီးကြီး မယူလာခဲ့ဖူးဘဲ သာမန်ရဲမေအဖြစ်ပဲ တာဝန်ယူလာဖူးတဲ့ ရဲမေဟောင်းတဦး မေးလိုက်တဲ့ မေးခွန်းတခုကို ဖတ်လိုက်ရတာ ကြက်သီးကိုထသွားစေပါတယ်။ ABSDF မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရဲမေတွေ
    ထဲမှာ ရှေ့တန်း၊ နောက်တန်း၊ နယ်စပ်၊ နိုင်ငံတကာ စတဲ့နယ်ပယ်အသီးသီးမှာ လှုပ်ရှားခဲ့တဲ့ အတွေ့အကြုံတွေက ဥက္ကဌဟောင်; (သို့) ခေါင်းဆောင်ဟောင်းဆိုသူ တချို့တွေထက် ပိုရှိတယ်၊ အခက်အခဲတွေကို ပိုရင်ဆိုင်ဖူးတယ်ဆိုတာအပြင် အခုလက်ရှိလည်း အဖွဲ့အစည်းနဲ့ ပတ်သက်လာရင် စဉ်းစားချင့်ချိန်တတ်တဲ့ အသိတရား ပိုရှိတယ်ဆိုတာ မခင်ရွှေလှိုင်က အောက်ကအတိုင်း မေးပြီး စာဖတ်သူအားလုံးကို အသိပေးလိုက်ပါတယ်။

    (((((အမှန်တရားကို ဉီးဆောင်ဖော်ထုတ်မယ်လို့ ကြွေးကြော်ခဲ့တဲ့ ကိုထွန်းအောင်ကျော် (အမေရိက) ကလည်း တော်လှန်ရေးဘက်ကနေကြည့်ရင် ကြီးမားတဲ့ နစ်နာဆုံးရှုံးမှူ့ ဖြစ်စဉ်ကြီး တခုကို ထောင့်စေ့အောင် မလေ့လာရသေးပဲနဲ့ နန်းအောင်ထွေးကြည်ရဲ့ တရားကိုသာနာပြီး ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရမဲ့အစား တောထဲမှာ လက်နက် ကလေးတွေ လက်ထဲမှာရှိလာတော့ “အာဏာရူးပြီး” ဖြစ်ခဲ့ကြတာလို့ လူပြိန်းအကြိုက် အလွယ်အတွေးမျိုးနဲ့ တဘက်သတ်ကြီး ဆိုနေပါလား။
    စော်ကားတာတော့ မဟုတ်ပါဘူး အမှန်တကယ် သိချင်လို့မေးကြည့်တာပါ။ ကိုထွန်းအောင် ကျော် နိုင်ငံခြားကို ဘယ်နှစ်ခုနှစ်က ရောက်သွားခဲ့တာပါလဲ။ ရှေ့တန်းစစ်မြေပြင် ဘယ်နှစ်ခါ ရောက်ဖူးခဲ့ပါသလဲ။ မျက်စေ့ရှေ့မှာတင် ကျဆုံးသွားတဲ့ ရဲဘော် ဘယ်နှစ်ယောက်လောက်ကို မြင်တွေ့ဖူးခဲ့ပါသလဲ။ ဆန်ဂိုဒေါင်တွေ ရန်သူ့လက်ထဲရောက်သွားလို့ အားအင်ကုန်ခမ်းငတ်ပြတ် ဖျားနာပြီး ဗဟိုတောင် ပြန်မရောက်တော့ပဲ လမ်းခရီးစခန်းမှာတင် ရဲဘော်တွေ တယောက်ပြီး တယောက်ချခဲ့ရတဲ့ အသုဘမျိုးကော ကြုံခဲ့ဖူးပါသလား။

    ကျမက အေဘီဉက္ကဌလည်း မဖြစ်ခဲ့ဘူးသလို ဘယ်ဉက္ကဌကိုမှလည်း မဲမပေးခဲ့ဘူးတဲ့အပြင် ဉက္ကဌကတော်ဘဝနဲ့လည်း ဘယ်လိုပွဲမျိုးကိုမှ မတက်ရောက်ခဲ့ပါ။ မခံစားတတ်လို့ပါ။ ရဲမေဘဝနဲ့တော့ ကိုထွန်းအောင်ကျော်ကို မေးခဲ့တဲ့အရာတွေ အကုန်လုံးကို ကျမကြုံခဲ့ဖူး ပါတယ်- ခင်ရွှေလှိုင်))))
  • Nge Naing အောက်မှာ နံပါတ် ဆက်ရေးထားတာ မတွေ့လို့ ပြီးသွားပြီလားအစ်မ။ ပြီးသွားပြီဆိုရင်တော့ ကျွန်မ နောက်အားတဲ့အချိန်ကျမှ ၁ ကနေ ၁၁ ထဲက အဓိက သော့ချက် တွေကိုပဲ ပြန်ယူပြီး ပို့စ်တခုစာ Summary ပြန်လုပ်ပြီး ပြန်တင်လိုက်မယ်။
  • Naing Aung မလှိုင်ရေးတာကောင်းပါတယ် တခုတော့ပြောချင်တာက...အမှိုက်ကတော့ အမှိုက်လိုဘဲ ဆက်ဖွနေမှာဘဲ...စတည်းက အမှိုက်လို ဖွခဲ့တာ...မကဒတကို ရည်ရွယ်သူတွေ စာရင်းချရေးလိုက်ပါ...နှစ်မျိုးဘဲ ခွဲစရာလိုတယ်...အချောင်သမားနဲ့ ...တဘက်လူဘက်တော်သား...
  • Nge Naing http://nge-naing.blogspot.com.au/2013/02/blog-post_5.html

    ABSDF မြောက်ပိုင်းမှာ ဥက္ကဌ ကိုထွန်းအောင်ကျော်ကိုယ်တိုင် ရန်သူ့သူလျှိ စစ်စစ်ပါလို့ နန်းအောင်ထွေးကြည်က လုပ်ကြံဖန်တီးခဲ့တဲ့ ရေလှိုင်းစစ်ဆင်ရေးကြောင့် အဲဒီတုန်းက သူလျှိုပြဿနာဟာ မကဒတမြောက်ပိုင်းတင်မ
    ကဘဲ တောင်ပိုင်းအထိပါ ကူးစက်စေခဲ့ပြီး အခုဆိုရင် သူ့ရဲ့စစ်ဆင်ရေးက ရေလှိုင်းမဟုတ်တော့ဘဲ လေလှိုင်းအဖြစ် ပြောင်းသွားပြီး အဲဒီလေကို မိကြသူတွေထဲမှာ သာမန်ပြည်သူလူထုတွေကို ကျွန်မ အပြစ်မတင်လိုပါ။ ဒါပေမဲ့ မကဒတခေါင်းဆောင်ဟောင်း တချို့ပါ ပါဝင်နေတာကတော့ တော်တော်လေးကို စိတ်မချမ်းမြေ့စရာ ဖြစ်ပါတယ်။ ABSDF မြောက်ပိုင်း ခေါင်းဆောင်တွေက ဟိုတုန်းက အသက်အရွယ်အရရော အတွေ့အကြုံအရပါ နုနယ်သေးလို့ နန်းအောင်ထွေးကြည် လုပ်ကြံပြောသမျှကို ယုံပြီး မဖြစ်သင့်တာတွေ ဖြစ်သွားခဲ့တာကိုတော့ ခဏထားလိုက်ပါ။ ဖြတ်သန်းမှုအရလည်း ဆယ်စုနှစ် နှစ်စုမကတော့ဘူး၊ အသက်အရွယ်အရလည်း ဇရာထောက်လာနေပြီ ဖြစ်တဲ့ မကဒတ ခေါင်းဆောင်ဟောင်းတချို့ကိုပါ အခုချိန်ထိ ဆင်ခြင်တုံတရား အသိဥာဏ် ကင်းမဲ့သွားလောက်အောင် ဖမ်းစားနိုင်တဲ့ နန်းအောင်ထွေးကြည်ရဲ့ မဟုတ်တာကိုအဟုတ်လုပ် မရှိတာကို အရှိဖြစ်အောင် လုပ်ကြံပြောဆိုထားတဲ့ လေလိုင်းစစ်ဆင်ရေးကတော့ တနိုင်ငံလုံးအထိတောင် ပြန့်နှံ့လာနေပါပြီ။

    ဒီပို့စ်က ရေလှိုင်းစစ်ဆင်ရေးအကြောင်းကို ABSDF နဲ့ တော်လှန်ရေးမှာ တကယ်မှန်မှန်ကန်ကန် ဖြတ်သန်းလာခဲ့တဲ့ ဖမ်းဆီးခံခဲ့ရသူလည်းမဟုတ် ဖမ်းဆီးအရေးယူ အပြစ်ပေးခဲ့တဲ့ ခေါင်းဆောင်ထဲကလည်း မဟုတ်တဲ့ သာမန်ရဲမေတဦးဖြစ်သူ မခင်ရွှေလှိုင်ရေးထားတဲ့ အပိုင်း ၁၁ အနက် နောက်ဆုံးအပိုင်း ဖြစ်ပါတယ်။ အခု ဒီပို့စ်မှာ ABSDF မှာ သာမန်ရဲမေအဆင့်ပဲ တာဝန်ယူလာဖူးသူ တဦးက ဥက္ကဌဟောင်း တဦးကို မေးလိုက်တဲ့ မေးခွန်းက ကျွန်မကို ကြက်သီးထသွားစေပါတယ်။ ပြီးတော့ ABSDF မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရဲမေတွေထဲမှာ ရှေ့တန်း၊ နောက်တန်း၊ နယ်စပ်၊ နိုင်ငံတကာ စတဲ့နယ်ပယ်အသီးသီးမှာ လှုပ်ရှားခဲ့တဲ့ အတွေ့အကြုံတွေက ဥက္ကဌဟောင်ဆိုသူ (သို့) ခေါင်းဆောင်ဟောင်းဆိုသူ တချို့ထက် ပိုများပါတယ်၊ အခက်အခဲတွေကို ခေါင်းဆောင်ဟောင်းဆိုသူတွေထက် ပိုပြီးရင်ဆိုင်ဖူးတယ်ဆိုတာအပြင် အခုလက်ရှိလည်း အဖွဲ့အစည်းနဲ့ ပတ်သက်လာရင် စဉ်းစားချင့်ချိန်တတ်တဲ့ အသိတရားမှာလည်း ခေါင်းဆောင်ဟောင်း ဆိုသူတချို့ထက် ပိုရှိနေတယ်ဆိုတာ ဒီနေရာမှာ မခင်ရွှေလှိုင်က အားလုံးသိအောင် ဖေါ်ပြလိုက်ပုံရပါတယ်။