Showing posts with label Soe Lynn. Show all posts
Showing posts with label Soe Lynn. Show all posts

Friday, July 27, 2012

လူတံခွန်(သို့)တရံရောအခါမြောက်ပိုင်းမှာ

လူတံခွန်(သို့)တရံရောအခါမြောက်ပိုင်းမှာ

by Soe Lynn on Wednesday, June 27, 2012 at 10:31pm ·
                                             

  •       တောင်ထိပ်ပေါ်ကနေ     
          အလုအယက် တိုးဝှေ့    
          ခုန်ချ    
          လှပလိုက်တာ    
          ရေတံခွန်။                       
      
  •       ဘဝတွေကို                  
           ဇောက်ထိုးဆွဲချ    
           ကန်ချ    
           ဖုထစ် ရွတ်တွ    
           လူတံခွန်။   
  •        ရေတံခွန်မြင်တိုင်း     
            ရင်ဘတ်တွေကအောင့်တုန်းပဲ။    
            (၁၂-၂-၂၀၁၂)
                                                
· · Share

ရဲရဲသာဖွင့်ချလိုက်ပါ ကိုနိုင်အောင်

ရဲရဲသာဖွင့်ချလိုက်ပါ ကိုနိုင်အောင်

by Soe Lynn on Monday, March 26, 2012 at 10:33pm ·
                                                  မနေ့ က ( 25.3.2012)  နေ့စွဲနဲ့  ကိုနိုင်အောင်ရဲ့ ရှင်းလင်းချက် စာတမ်းကို အင်တာနက်ပေါ်မှာ ဖတ်လိုက်ရပါတယ် ။ အလွန့် အလွန်ကို စိတ်မကောင်းဖြစ်ရပါတယ် ။ပြန်ရေးစရာတွေက အများကြီးပါ ။ လောလောဆယ် အမျိုးသမီးကျန်းမာရေးအတွက် ရန်ကုန်ဆေးရုံကြီးမှာ ဆက်လက်ပြသ ကုသဖို့ ရှိနေတာကြောင့် အကျယ် တ၀င့် ပြန်မရေးနိုင်သေးပါ။တတိယ အကြိမ် ညီလာခံမှာ ကျွန်တော် ကြားခဲ့ သိခဲ့ ရသမျှတွေကို အချိန်ရရင် ပြန်ရေးသွားမှာ ပါ။ အဒီအချိန်မှာ ကျွန်တော်က မြောက်ပိုင်းကရောက်လာခါစဖြစ်လို့  ဗဟိုမှာ ဖြစ်နေတဲ့ တချို့ ကိစ္စတွေနဲ့ ပတ်သက်ရင် အတတ်နိုင်ဆုံး  ( ကိုယ်သေချာမသိပဲ ၀င်မပါမိအောင် ) ကြိုးစားနေထိုင်ပြောဆိုခဲ့ ပါတယ် ။                                              ကျွန်တော့်ကို တတိယအကြိမ်ညီလာခံအပြီး သိပ်မကြာခင် ( အောက်တိုဘာလကုန်လောက် )မှာ တပ်ရင်း ၂၀၉ သံလွင် စခန်းမှာဖမ်းခဲ့ တာပါ။ မြောက်ပိုင်းက ကြေးနန်းရိုက် အကြောင်းကြားလို့  ကိုနိုင်အောင်တို့ က ကျွန်တော့်ကို ဖမ်းခဲ့ တာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကြောရေး လုပ်ငန်းတွေကိုတော့ ကိုနိုင်အောင် ရဲ့ ခွင့်ပြုချက်နဲ့ ပဲ လုပ်ခဲ့ ကြတာပါ ။း ကိုနိုင်အောင့် ရှင်းလင်းချက်မှာ  ကျွန်တော်နဲ့ ဆရာနေ၀င်းအောင်က တပ်ဖွဲ့ ဝင်အများအပြား ထပ်မံအဖမ်းခံရစေရန် လုပ်ကြံ ထွက်ဆိုချက်များ ပြောသလို ရေးထားပါတယ် ။ ( ဆရာနေ၀င်းအောင်နဲ့ ပတ်သက်တဲ့ အပိုင်းကိုတော့ သူကိုယ်တိုင်ပဲရှင်းပါလိမ့် မယ် ) ကျွန်တော့်ကို စတင်စစ်ဆေးစဉ်မှာပဲ ကျွန်တော် ရန်သူ့ လူမဟုတ်တဲ့ အကြောင်း အတန်တန်ငြင်းဆိုခဲ့ ပါတယ် ။ ရိုက်နှက်စစ်ဆေးမှုတွေသာ မလုပ်ခဲ့ ရင် နောက်ဆက်တွဲ ကိစ္စတွေ ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး ။ ဆရာနေ၀င်းအောင်ကိုတောင် ဖမ်းစရာလိုမှာ မဟုတ်ပါဘူး။ အဒီလို မတရားညင်းပန်း ရိုက်နှက်စစ်ဆေးတာတွေကို ကျတော့ ကိုနိုင်အောင်ဘာဖြစ်လို့  ထည့်ပြီး အများအရှေ့ မှာ ရှင်းလင်းမရေးသားရတာလဲ ၊ ကျွန်တော့်ပါးစပ်က အလကားနေရင်း အားအားယားယား ဘယ်တပ်ဖွဲ့ ဝင်ကိုမှ ဒုက္ခရောက်အောင်မပြောဘူး ။ ယောကျာ်းပီသပါ ကိုနိုင်အောင် ၊ ကိုယ့်လုပ်ဆောင်ချက်ကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကို သူများအပေါ် ပုံမချပါနဲ့ ။                                  နောက်တစ်ချက် ရှိသေးတယ် ။ ကျွန်တော်ပြောတဲ့ နာမည်တွေမှာ ယနေ့ တိုင် စစ်အာဏာရှင် ဆန့် ကျင်ရေးလုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်နေဆဲ ဖြစ်သောကြောင့် ထုတ်ဖေါ်ပြောဆိုရန် မသင့်တော်ဟု ယူဆသဖြင့်တဲ့ ။ရိုက်နှက်စစ်ကြော်လို့ ထွက်လာတဲ့ နာမည်တွေကို  ကာယကံရှင် တွေကကြားရရင် ရယ်လိမ့်မယ်ဗျာ ။ ကိုယ့်အတွက် အကာအကွယ်ဖြစ်မယ့် အချက်တွေကျ ဇွတ်အတင်းယူပြီး ဒုက္ခ ဖြစ်မယ့် အချက်တွေမှ ကျွန်တော်တို့ အပေါ်ပုံချ။ တော်တော်ခေါင်းဆောင်ပီသတဲ့ လူပဲ ။ ကိုကိုကြီးပြောတဲ့ မှတ်ချက်တွေကို  ကိုနိုင်အောင် သေသေချာချာဖတ်စေချင်ပါတယ်။ ကျွန်တော့် ရဲ့ ထွက်ဆိုချက်တွေ အားလုံးကို ရဲရဲသာဖွင့်ချလိုက်စမ်းပါ။ ကျွန်တော်ပြောခဲ့ တာအားလုံး ယောကျာ်းပီပီတာဝန်ယူတယ်။မရိုးမသားနဲ့ အများအမြင်ရှုပ်ထွေးအောင် မလုပ်ပါနဲ့ ။ မကဒတ အကျိုးအတွက် ကိုနိုင်အောင်ကြိုးစားခဲ့ တဲ့ ကာလတွေကို ကျွန်တော် အသိအမှတ်ပြုတယ်။ အဲသည်လိုပဲ  ကျွန်တော်တို့ ဘယ်လောက် ကိုယ်ရော စိတ်ပါ ဒုက္ခရောက်ခဲ့ ရတယ်ဆိုတာ ကိုယ်ချင်းစာပါ။ အပြစ်ဆိုတာ ဆေးကြောမှသန့် စင်ကြည်လင်တာပါ။                                     ကိုနိုင်အောင်ရဲ့  အနာဂတ်နိင်ငံရေး ရည်မှန်းချက်အတွက်နဲ့ တော့ ကျွန်တော်တို့ ဘ၀တွေကို ဆက်ပြီး မနင်းချေချင်ပါနဲ့ ၊  ဒီနေ့ ဒီအချိန်အထိ အစိုးရဆီကနေ ဘာအကူအညီမှ ကျွန်တော်မယူဖူးဘူး ။ ကျွန်တော့ဖြတ်သန်းမှုကို ကျွန်တော်လိပ်ပြာသန့် တယ် စားဝတ်နေရေး အခက်အခဲတွေကြားထဲက ကျွန်တော်တို့ မတရားခံခဲ့ရတဲ့ ကိစ္စတွေအတွက် ရိုးရိုးသားသား ကြိုးစားနေကြတာပါ ။ ကျွန်တော့ ရင်ထဲမှာ မကတဒ ကအမြဲရှိတယ် FDB ရဲ့ ရပ်တည်ချက်ကိုလည်း ကျွန်တော်လေးစားတယ် ။ ကိုယ့်အတ္တအတွက်နဲ့ တော့  ဘ၀တူအားလုံးရဲ့ အနာဂတ်တွေကို မရိုက်ချိုးပါနဲ့ ။                                            သမိုင်းမှာ အဖုံးလွှမ်းအလိမ်အညာခံခဲ့ ရတဲ့ အမှန်တရားတွေ အများကြီးရှိပါတယ် ။ ဒါပေမယ့် သူ့ အချိန်ကာလတိုက်ဆိုင်လာပြီဆိုရင်တော့ ပေါ်လာရတာပါပဲ ။ အနာဂတ်မျိုးဆက်တွေက ကျွန်တော်တို့ ထက် ပိုတော် ပိုထက်မြက်ပါတယ် ။ ကိုယ့် ထက်အကောင်ငယ်တယ်ဆိုပြီး အထင်သေးရင်တော့ ၊ ဆက်ပြီးလိမ်ညာဖုံးကွယ်ဖို့ ကြိုးစားနေအုန်းမယ်ဆိုရင်တော့ အဲ့ ဒီအကျိုးဆက်တွေကို ကိုနိုင်အောင် ကောင်းကောင်းကြီးခံစားရပါလိမ့်မယ် ။
· · Share

  • 46 shares
    • ဘရာဇီး ငှက်ရိုး ကိုစိုးလင်းခင်ဗျာ... အမရဲ့ ကျန်းမာရေး အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်... နောက်ကျပြီးမှ ပြောဖြစ်ပေမဲ့ ဟက်ပီးဘတ်ဒေးပါ အကိုရေ...
    • Ko Oo စိုးလင်းရေ၊ကျနော်လည်းလိုသလောက်ပဲရေးပါတယ်၊ကိုနိုင်အောင်ရေးသလိုမျိုးကအကြောင်းမသိတဲ့သူအတွက်တော့ဖတ်လို့ကောင်းပါလိမ့်မယ်၊သိတဲ့လူကျတော့သူဘယ်နေရာမှာအမှန်ရေးတယ်၊ဘယ်နေရာမှမမှန်ဘူးဆိုတာသိနေပါတယ်ဗျာ၊တကယ်ဆိုရင်မကဒတရဲ့ဂုဏ်သိက္ခာထိခိုက်စေတဲ့ကိစ္စကိုသူ့ကြောင့်မဟုတ်ပဲဝေဖန်ပြောဆိုနေသူတွေကြောင့်လို့ပြောနေတာကိုကခေါင်းရှောင်နေချင်တဲ့သဘောပဲ၊
    • Kyi Yu ကိုစိုးလင်းနဲ့ ကိုဦး... ခင်ဗျားတို့သိထားတဲ့ ကိုအောင်နိုင်ရဲ့ ထုတ်ပြန်ချက်ထဲက မမှန်တဲ့အချက်အလက်ကိုတော့ ပွင့်ပွင့်လင်းလင်း ထုတ်ဖေါ်ပြီး အမှန်ကိုပြောစေချင်ပါတယ်။ နှစ်ကလဲကြာ၊ ခိုင်မာတဲ့မှတ်တမ်းတွေမျိုးလဲ မရှိရင် နောက် ၅နှစ်-၁၀နှစ်လောက်ကြာရင် ကြမ်းပိုးကနေ လိပ်ဖြစ်သွားသလို ဖြစ်ရပ်မှန်ကနေ လွဲချော်သွားနိုင်ပါတယ်။
    • Zarni Phonezaw ဒေါက်တာနိုင်အောင်ဆိုတာ သရဲဘောခပ်ကြောင်ကြောင်လူတစ်ယောက်ပါလား။။။။။။။။။။။။။
    • ဘရာဇီး ငှက်ရိုး ကိုဇာနည်ရေ... ကျနော့် စာမျက်နှာက ဥက္ကဌကတော် ရေးတာလေး ဖတ်ကြည့်ပါဦး... ပျော်သွားစေရမယ်လို့ကို အာမခံတယ်...
    • Zarni Phonezaw ဒီအမျိုးသမီးရဲ့စိတ်ဓာတ်ကခပ်ကြမ်းကြမ်းပဲထင်တယ် သူပြောသလိုဆိုရင်သေတဲ့လူတွေထဲမှာ စပိုင်ဆိုတာပါကိုပါရမယ်ဆိုတာမျိုးပဲဗျ ထင်တစ်လုံးနဲ့လိုက်ရမ်းနေတာ သူတောင်စပိုင်ဖြစ်နေမလားပဲ

သူ့ကြွေးရှိက ဆပ်ရမည် - ( ၇ )

သူ့ကြွေးရှိက ဆပ်ရမည် -  ( ၇ )

by Soe Lynn on Friday, March 16, 2012 at 7:16pm ·
        ကျွန်တော့်ကိုစဖမ်းကတည်းက ဒိုင်ယာရီပါသိမ်းသွားတဲ့အတွက် နေ့ရက်တွေကို အတိအကျ မသိရတော့ပါဘူး။ တပ်ရင်း ၂၁၀ အပေါ်ကုန်းမှာရှိစဉ် မှတ်မှတ်ရရ ရှိနေတာက ရေချိုးတဲ့ကိစ္စပါပဲ။ တစ်လ ၂ ခါလောက်တော့ ရေထုတ်ချိုးခိုင်းပါတယ်။ စခန်းကုန်းအောက်က သံလွင်မြစ်ထဲစီးဝင်သွားတဲ့ ချောင်းကလေးမှာပါ။ ရေချိုးချိန်က ညသန်းခေါင်လောက်ဖြစ်ပါလိမ့်မယ်။ အခြားလူတွေမမြင်မသိနိုင် အောင် အဲဒီအချိန်လောက်ကိုရွေးတယ်ထင်ပါတယ်။ ရေချိုးရမှာကြောက်ပေမယ့် ပြန်ပြောလို့လည်း မရတဲ့အခြေအနေပါ။ ရေချိုးမယ်လို့သူတို့ပြောတာနဲ့ အ၀တ်အစားတွေချွတ်ပြီး ခွေးအိမ်လေးထဲက စောင့်နေရပါတယ်။ တံခါးလာဖွင့်ရင် လက်နှစ်ဖက်ထုတ်ပေးရပြီး လက်ထိပ်အရင်ခတ်ပါတယ်။ ပြီးရင် တော့ ၀က်တစ်ကောင်လို ဇွတ်ဆွဲပြေးတာခံရတော့တာပါပဲ။ အကွေ့တစ်ခုရောက်တာနဲ့ ထိုးကြိတ် တာ ကန်ကျောက်တာ အမြဲခံရတယ်။ အသွားရော အပြန်ရော အဲဒီလိုနှုတ်ဆက်ကြပါတယ်။ ဒါကြောင့် ရေချိုးမယ်ဆိုတိုင်း ကျွန်တော်ကြောက်နေမိတာပါ။ ဒီလိုနဲ့ တစ်ညမှာ စခန်းပြောင်းရပါတယ်။ စက်လှေနဲ့ သံလွင်မြစ်အပေါ်ဘက်ကို ဆန်တက်ရပါတယ်။ လက်ထိပ်ခတ်ထားပြီး မျက်နှာ အ၀တ်စီးထား မထားကိုတော့ မမှတ်မိတော့ပါဘူး။ အစောင့်ရဲဘော်တွေရဲ့ပြောစကားအရ ဒါးခွင် ကျောင်းသားစစ်ကြောရေးစခန်းလို့သိရပါတယ်။ အဲဒီမှာလည်း ခွေးအိမ်လေးနဲ့ပဲ ဆက်နေရပါတယ်။ ထူးခြားတာကတော့ အရင်လို ပိတ်လှောင်မထားတော့ဘဲ အလုပ်တွေထုတ်ခိုင်းလာပါတယ်။ ကျွန်တော်နဲ့ ဆရာနေ၀င်းအောင်အပြင် အခြားနှစ်ယောက်ဖြစ်တဲ့ ကိုထင်ကျော်(၂၁၀ တပ်ရင်းမှူး)နဲ့ မြင့်ဦး (ရွာသားလေး)ရှိနေတာလည်း နောက်ပိုင်းမှာ တွေ့လာရပါတယ်။
         အဲဒီဒါးခွင်စခန်းမှာပဲ ကျွန်တော့်ဘ၀မှာ မေ့လို့မရတဲ့ ညတစ်ညကိုဖြတ်သန်းခဲ့ရပါတယ်။ ကျွန်တော့်မှာ ရိုက်နှက်လို့သာ ၀န်ခံလိုက်ရတယ်။ အဖွဲ့အစည်းနဲ့ပတ်သက်ပြီး ဘယ်လိုမှ စိတ်မချမ်း သာပါဘူး။ စဖမ်းစဉ်အချိန်ကတည်းက ဥက္ကဌ ကိုနိုင်အောင်ကိုကျွန်တော်သေသေချာချာပြောခဲ့ပါ တယ်။ စတင်စစ်ဆေးစဉ်မှာလည်း ကျွန်တော်အတန်တန်တောင်းပန်ပြီး မဟုတ်တာကြီးကို မပြောပါ ရစေနဲ့လို့ ခဏခဏအသနားခံပါတယ်။ သေချာခွဲခြားနိုင်ရင် ကျောင်းသားနဲ့ ထောက်လှမ်းရေးဆိုတာ ကွဲကွဲပြားပြား သိသာနိုင်ပါတယ်။ ဘယ်ထောက်လှမ်းရေးမှ ကုလားသေ ကုလားမောမအိပ်တတ်သလို ရုပ်ပျက်ဆင်းပျက် အမူးလွန်အောင်လည်း မသောက်ကြဘူးလို့ကျွန်တော်ထင်ပါတယ်။ (ကျွန်တော်နဲ့ ကိုလှဌေး(မြောက်ပိုင်း)ခရီးရှည်အတူတူ အကြာကြီးသွားဖူးပါတယ်။ ကျွန်တော် အိပ်ရေးကြီးတာသူသိ သလို သူမူးတတ်တာကိုလည်း ကျွန်တော်သိပါတယ်။) အခွင့်အရေးရရင် ကျွန်တော်တို့မဟုတ်ကြောင်း ပြောဖို့ အမြဲစိတ်ကူးရှိပါတယ်။ ဆရာနေ၀င်းအောင်ကတော့ အဲလိုမလုပ်ဖို့တားပါတယ်။ အပြင်မှာအ လုပ်လုပ်ကြရင်း ကျွန်တော်တို့ချင်း ခိုးပြီးစကားပြောဖြစ်ပါတယ်။ တစ်ခါတစ်လေမိသွားလည်း အဆဲခံ အငေါက်ခံရပါတယ်။
          တစ်ညတော့ ကျွန်တော်စောင့်နေတဲ့ အခွင့်အရေးရလာပါတယ် ။ အဲဒီညက နိုင်ငံခြားသူတစ် ယောက် စခန်းကိုရောက်လာပြီး ကျွန်တော်တို့ကို တစ်ဦးချင်း မှတ်တမ်းဗီဒီယိုရိုက်ပါတယ်။ ကိုနိုင် အောင်လည်း ပါလာပါတယ်။ ကျွန်တော့်အလှည့်ပြီးတော့ ကိုနိုင်အောင်က ပြန်မပို့ခိုင်းသေးဘဲ စားစရာ တွေကျွေးပါတယ်။ "ညီလေးစိုးလင်း မင်းကြည့်ရတာ တစ်ခုခုချန်ထားသလိုပဲ ရန်သူဖြစ်ပေမယ့် မင်းကိုငါ သံယောဇဉ်ရှိပါတယ်။ ပွင့်ပွင့်လင်းလင်းပြောကွာ အစ်ကိုနားထောင်မယ်"လို့ ကိုနိုင်အောင် ပြောလာပါတယ်။ အဖွဲ့အစည်းရဲ့အကြီးဆုံးပုဂ္ဂိုလ်၊ စဉ်းစားဆင်ခြင်ဥာဏ်ပြည့်ဝတဲ့၊ စီမံခန့်ခွဲမှုအား ကောင်းတဲ့ ဥက္ကဌ။ ဒီအခွင့်အရေးကို ကျွန်တော် လက်လွှတ်မခံနိုင်ပါဘူး။ ကျွန်တော်ရန်သူ့လူမဟုတ် တဲ့အကြောင်းနဲ့ ဒီကိစ္စတွေမှာ တစ်ခုခုတော့ မှားယွင်းနေပြီဖြစ်တဲ့အကြောင်း ပြောပါတယ်။ ပြောရင်း မျက်ရည်လည်းကျမိပါတယ်။ အကျိုးဆက်ကတော့ လက်ထိပ်ကြိုးတန်းလန်းဆွဲပြီး တစ်ညလုံးနီးပါး အရိုက်ခံရတာပါပဲ။ (မြောက်ပိုင်းပြန်တွေဆုံကြတော့ ကိုသိန်းထွန်းလည်း အလားတူဖြစ်ရပ်နဲ့ ခံခဲ့ရ ကြောင်း သိရပါတယ်။ ကိုညီညီကတော့ ကိုနိုင်အောင့် ပရိယာယ်ကို ရှောင်နိုင်ခဲ့ကြောင်းပြောပါတယ်။) ကျွန်တော့ ရည်ရွယ်ချက်က အနည်းဆုံးအရိုက်ခံရမယ်။ အခန့် မသင့်ရင် အသတ်တောင်ခံရနိုင်တဲ့လူ တစ်ယောက်က ဘာလို့ ဒီလိုပြောလာသလဲဆိုတာ ကိုနိုင်အောင် သေချာသုံးသပ်စေချင်လို့ပါ။ ပြန်စဉ်းစားကြည့်တော့ ဒီလမ်းကြောင်းကို ဘာဖိအားပေးမှုမှမခံရဘဲ ကိုနိုင်အောင်ဖာသာရွေးချယ်ခဲ့ တာပါ။ ပြန်လှည့်လို့ရတဲ့အခြေအနေတွေကိုလည်း သူကိုယ်တိုင် ပစ်ပယ်ခဲ့တာပါ။ ( ၁၉၉၃ လောက်က အဖွဲ့အစည်းတချို့ကနေ ကျွန်တော်၊ ဆရာနေ၀င်းအောင်တို့ နဲ့ပတ်သက်ပြီး ကိုနိုင်အောင့်ဆီကို စာတွေ ပို့ခဲ့ကြတယ်လို့ ပြန်ကြားခဲ့ရပါတယ်။)
          ဒီလိုနဲ့ ထောင်စကားနဲ့ပြောရရင် ကျွန်တော် တိုက်ပိတ်ခံခဲ့ရပါတယ်။ ကာလတစ်ခုအထိ အပြင် မထွက်ရတော့ပါဘူး။ ကျွန်တော့်ကိုခင်တဲ့ ရဲဘော်ဖိလစ်(တပ်ရင်း ၃၀၃)ကတော့ မင်းကွာ အေးအေး ဆေးဆေးမနေဘူး၊ အလကားအသားအနာခံပြီး လျှောက်ပြောနေတယ်လို့ ကရုဏာဒေါသောနဲ့ပြောပါ တယ်။ နောက်တော့လည်း အလုပ်တွေပြန်ပြီးခိုင်းပါတယ်။ အဲဒီစခန်းမှာရှိစဉ် ထူးထူးခြားခြားတွေ့ခဲ့ရ တဲ့ အပြင်လူတွေလည်းရှိပါတယ်။ တစ်ရက် .. ကျွန်တော်သံလွင်မြစ်ထဲဆင်းရေထမ်းပေးရင်းနဲ့ မသက်သက်လွင်(တပ်ရင်း ၆၀၁)နဲ့ ဆုံပါတယ်။ ကျွန်တော့်ကျန်းမာရေးကို လာစစ်ဆေးပေးတဲ့ ဒေါက်တာမြင့်ချိုကိုလည်း တွေ့ရပါတယ်။ ဒီတစ်ခါတော့ ကျွန်တော် ဘယ်သူ့ကို ဘာစကားမှမပြော ရဲတော့ပါဘူး။ ဆရာနေ၀င်းအောင်ပြောတဲ့ သူတို့က မရတော့ဘူး၊ မကြိုးစားနဲ့တော့ဆိုတဲ့စကားကို လက်ခံလိုက်ပါပြီ။ ကျွန်တော်လေးစားတဲ့ ဒေါက်တာမြင့်ချိုကို ရင်ထဲမှာပဲ စကားတွေအများကြီးပြော ပစ်လိုက်ပါတယ်။
          နောက်တော့ ကျွန်တော်နဲ့ ဆရာနေ၀င်းအောင်ကို အခိုင်အခံ့ဆောက်ထားတဲ့ မျက်နှာချင်းဆိုင် အခန်းကျယ်တွေနဲ့ပြောင်းထားပါတယ်။ ကိုထင်ကျော်နဲ့ မြင့်ဦးကိုတော့ ဘယ်လိုထားတယ်မသိရပါ ဘူး။ အလုပ်လုပ်ရင်တော့ သူတို့ကိုတွေ့ရပါတယ်။ အထူးပြောစရာရှိတဲ့အလုပ်တွေက  ကျွန်တော်က သူတို့အ၀တ်အစားတွေလျှော်ပေးရပြီး ဟင်းချက်ကောင်းတဲ့ဆရာက သူတို့စားဖိုမှူးလုပ်ပေးရတာပါပဲ။ ဒီလိုနဲ့ တစ်ရက်မှာ ကျွန်တော်နဲ့ ဆရာနေ၀င်းအောင်ကို ဒါးခွင် ကျောင်းသားဗဟိုမှာရှိတဲ့ တရားရုံးကို စက်လှေနဲ့ခေါ်သွားပြီး အလုပ်နဲ့ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်ပါတယ်။ ၁၉၉၂ မေလ ၃၁ ရက်စွဲနဲ့ ကိုနိုင်အောင် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တဲ့ စာကိုဖတ်ကြည့်မှ သူမပိုင်တဲ့ မြောက်ပိုင်းက ကျွန်တော်တို့နဲ့ဘ၀တူတွေ အပေါ် သဘောထားနဲ့ သူပိုင်တဲ့ဗဟိုကကျွန်တော်တို့အပေါ်သဘောထားကို ကောင်းကောင်းကြီးနားလည်လိုက်ရပါတယ်။
 ( ကျနော်တို့ ဘယ်လိုထွက်ပြေးလွတ်မြောက်ခဲ့ရတယ်ဆိုတာကို နောက်အပိုင်းမှာဆက်ရေးပါအုံးမယ်။ )
· · · Share

  • 16 shares

    • ဘရာဇီး ငှက်ရိုး
      ‎""ရက်စက်မှုကိုကျူးလွန်ခဲ့သူတွေကို တပ်ဖွဲ့တွင်း လက်ခံခဲ့တာ၊ သူတို့သက်သေအဖြစ် ပြသခဲ့တဲ့ မှတ်တမ်း ဗွီဒီယိုခွေကို တပ်တွင်းမှာ လုပ်ရပ်မှန်ကန်ကြောင်း ရဲဘော်တွေ လက်ခံအောင် ပြသပေးခဲ့တာ တွေနဲ့ အခု ဒေါက်တာမြင့်ချို ပြောခဲ့တာတွေနဲ့က နားလည်ရခက်တယ်။ သူပြောပုံဆို စကထဲက ဒီကိစ္စ မမှန်ကန်ဘူးဆိုတာ သိနေတယ်လို့ ပြောသွားတယ်။ ဒါဆိုဘာလို့ အဲဒီထဲက မရှင်းခဲ့တာလဲ။ ကျွန်တော်ပြောနေတာက ကျောင်းသားတယောက်အနေနဲ့ ခံစားမှုကိုပြောတာပါ။ နာတယ်ဆိုတာလဲ ကျောင်းသားစိတ်နဲ့ နာတာပါ။ ABကို နာတာမဟုတ်ပါဘူး။
      ၁။ လူမဆန်စွာ ရက်ရက်စက်စက်လုပ်ခဲ့တာ
      ၂။ ရိုးသားတဲ့ ရဲဘော်တွေကို ခေါင်းဆောင်လုပ်ခဲ့တဲ့ တဲ့သူတွေက မပ ကိစ္စကို အမှန်မသိအောင် လိမ်လည်ထားခဲ့တာ
      ၃။ ABSDF ကျောင်းသားတပ်မတော် သမိုင်းအတွက် တာဝန်မဲ့ခဲ့တာ
      ၄။ ကျောင်းသားသမိုင်းမှာ အမဲစက်ဖြစ်အောင် လုပ်ခဲ့တာ
      ဒါတွေကို စိတ်နာတာ။
      မပ လူသတ်မှုနဲ့ AB ကို ကျွန်တော်တို့ ခွဲမြင်တယ်၊ အဲဒီလိုပဲ ဒီမတရားမှုကို ဆန့်ကျင်တဲ့ သူတွေကိုလဲ AB ကိုသက္ခာကျအောင်လုပ်နေတာလား၊ AB အလံအောက်က မတရားမှုကို လုပ်ခဲ့တဲ့သူတွေကို ဖော်ထုတ်နေတာလားဆို တာကို ဒေါက်တာ မြင့်ချိုလဲ နားလည်သင့်တယ်။ ABဟာ သန့်စင်တယ်၊ မသန့်သင်တာ မသမာသူတွေဆိုတာကို သက်သေပြဖို့ အချိန်တန်ရင် ရှင်းပါမယ်လို့ ပြောနေတာဟာ လက်တွေ့မကျတဲ့ ကိစ္စပါ...""လို့ ပို့စ်တခုမှာ အဲ့ဒီလိုဝင် ဆွေးနွေးသွားတယ်..... ပူးတွဲကြည့်ဖို့က အောက်ကလင့်ခ်မှာပါ... မိနစ်50ကနေစတင် ကြည့်သင့်ပါတယ်...


    • ဘရာဇီး ငှက်ရိုး ကိုစိုးလင်း... အကိုမိနစ်၅၀ကနေ စကြည့်ပေးပါ... ရွှေပြည်ကြီးကမို့လို့ ကြည့်လို့မရရင်.. အဲ့ဒီအပိုင်းကို အဆင်ပြေသလို ဖြတ်ပြီး လာတင်ပေးပါ့မယ်...

    • Ko Oo
      ‎"ညီလေးစိုးလင်း မင်းကြည့်ရတာ တစ်ခုခုချန်ထားသလိုပဲ ရန်သူဖြစ်ပေမယ့် မင်းကိုငါ သံယောဇဉ်ရှိပါတယ်။ ပွင့်ပွင့်လင်းလင်းပြောကွာ အစ်ကိုနားထောင်မယ်"လို့ ကိုနိုင်အောင် ပြောလာပါတယ်။ အဖွဲ့အစည်းရဲ့အကြီးဆုံးပုဂ္ဂိုလ်၊ စဉ်းစားဆင်ခြင်ဥာဏ်ပြည့်ဝတဲ့၊ စီမံခန့်ခွဲမှုအား ကောင်းတဲ့ ဥက္ကဌ။ ဒီအခွင့်အရေးကို ကျွန်တော် လက်လွှတ်မခံနိုင်ပါဘူး။ ကျွန်တော်ရန်သူ့လူမဟုတ် တဲ့အကြောင်းနဲ့ ဒီကိစ္စတွေမှာတစ်ခုခုတော့မှားယွင်းနေပြီဖြစ်တဲ့အကြောင်း ပြောပါတယ်။ ပြောရင်းမျက်ရည်လည်းကျမိပါတယ်။ အကျိုးဆက်ကတော့ လက်ထိပ်ကြိုးတန်းလန်းဆွဲပြီး တစ်ညလုံးနီးပါး အရိုက်ခံရတာပါပဲ။


    • Ko Oo
      စိုးလင်းရေ၊အဖြစ်ကလူသတ်တာကြီးပဲမဟုတ်ဘူး၊မကဒတရဲ့သမိုင်းတစ်ခုလုံးကိုရစရာမရှိအောင်ချွှေမွဖျက်စီးခံခဲ့ရတာပဲ။တချို့လူတွေကမကဒတသမိုင်းကိုအဖတ်ဆယ်ဘို့မကြိုးစားပဲကိုနိုင်အောင်သမိုင်းကိုဆယ်ဖို့ကြိုးစားနေကြတာအမောတကောနဲ့တကယ်ကိုသနားစရာကောင်းနေပါတယ်၊ကိုနိုင်အောင်လုပ်ရပ်ကိုဘယ်လိုနည်းနဲ့မှအဖတ်ဆယ်လို့မရတော့ဘူးဆိုတာသူတို့သိသင့်တယ်၊ဒီလောက်ထင်ရှားနေတဲ့ဆုံးဖြတ်လုပ်ကိုင်မှုအမှားတွေအတွက်သူအမှားကိုလူသိရှင်ကြားဝန်ခံပြီးအဖွဲ့အစည်းအတွက်သူပြန်ပေးဆပ်သင့်ပါတယ်၊အခုတော့ကိုယ်စိုက်ထားတာကိုကိုယ်တိုင်ရိတ်သိမ်းဘို့မေ့ချင်ယောင်ဆောင်နေပြီ၊အဲဒါတာဝန်မဲ့တဲ့လုပ်ရပ်ပဲ၊မင်းရဲ့မကဒတအပေါ်ချစ်နေဆဲစိတ်ဓါတ်ကိုတော့ငါတကယ်လေးစားပါတယ်


    • ဘရာဇီး ငှက်ရိုး ဒီအဖြစ် ပြန်ပေါ်လာတာ ၃လကြာသွားပြီ... စာတမ်းပြုစုတယ်ပဲထားဦး... ဒီလောက်မကြာသင့်ဘူး... အထောက်အထားတွေ ဖျောက်ပစ်နေတယ် ထင်တာပဲ... ဒါဆိုရင်လဲ ကူညီဖျောက်ပေးသူတွေက သူခိုးလက်ခံလိုပဲ အမှုတွဲကြီး ဖြစ်ပြီး ပျော်ပျော်ပါးပါး ရွှေပြည်ကြီးရဲ့ မော်စကိုတွေမှာ ငပိသာ စားတတ်အောင် ကျင့်ထားဖို့ သတိပေးဦးမှ...

    • Soe Lynn ကိုငှက်ရိုး အသံတွေပြတ်တောင်းနဲ့ ကောင်းကောင်းမရှင်းဘူး။မခက်ခဲဘူးဆိုရင် စာရိုက်ပြီးပို့ ပေးပါလား။ကျေးဇူးနော်။

    • Htin Kyaw happy birth day ကို စိုးလင်းကကျနော်၇ာထူးတိုးပေးနေပြန်ဘီ။ မလုပ်ပါနဲ.အမှု.တွေတေါင်ရှင်းလို.မပြီးသေးဘူး။

    • Htin Kyaw ကိုစိုးလင်းကိုစစ်တဲ.အဖွဲ.ကိုတောင်ပိုင်းကသာအားလုံးတာဝန်ယူ၇၇င်ကိုစိုးလင်းနဲ.အတူလါကြတဲ.မြောက်ပိုင်းက ကိုလှဌေး၊ကိုကျော်ကျော်(မြောက်ကျွှန်းသိုင်းဆ၇ာကြီး)၊ကိန်းမြင်.(ကချင်/တရုပ်စပ်)တို.တွေဟါလဲ သူလျွှိုတွေ ဖြစ်မှာမလွဲဘူးနော်။

    • ဘရာဇီး ငှက်ရိုး အကိုကြီး ကိုစိုးလင်းခင်ဗျာ... ပို့စ်အဖြစ် ရေးပြီးလာတင်ထားပါပြီ... ဗီဒီယိုဖိုင် တင်ဖို့ရာမှာ ကျနော် အခက်အခဲ ရှိနေလို့ ဒေါက်တာမြင့်ချို ပုံကို တင်ပေးထားပါတယ်...

    • Moe Zaw Aung
      ကိုစိုးလင်းခင်ဗျာ...ဘယ်လိုဖြစ်လို့ ကိုဌေးနိုင်အဖမ်းခံရပြီးသုတ်သင်ခံရသလဲဆိုတာသိချင်ပါတယ်။ကိုနေ၀င်းအောင်မနေ့တနေ့ကပိတ်ထားတဲ့နံရန်ထဲကိုဝင်ဘို့ကြိုးစားခဲ့တယ်၊ဖြစ်နိုင်ရင်အာမခံပေးမဲ့သူလေးနဲ့ဝင်လာခဲ့ပါ၊ကျနော်တို့ကြိုဆိုနေပါ့မယ်၊ခင်ဗျာတို့လွတ်မြောက်ဘို့အတွက်ကျုပ်တို့တက်နိုင်သလောက်ပြင်းပြင်းထန်းထန့်ကန့်ကွက်ခဲ့ဘူးပါတယ်။တကယ်လို့ ရန်သူ့လူဖြစ်ခဲ့ဦး၊ လွှတ်ပေးဘို့ပါ။ကိုစိုးလင်း၊ကိုနေ၀င်းအောင်ဆိုရင် ကိုဌေးနိုင်နဲ့တွဲနေတာကိုမြင်မိတယ်။သေတဲ့လူကသေခဲ့ပြီးဒါပေမဲ့ ကျနော်တို့ကတော့အမှန်တရားကိုမြတ်နိုးတယ်၊အဖြစ်မှန်အားလုံးကိုသိချင်သေးတယ်။

      March 18 at 4:42pm · · 1

    • Ko Oo စိုးလင်းရေ၊ဖြစ်နိုင်ရင်ခင်ဗျားကိုအဓိကစစ်ဆေးခဲ့ကြတဲ့ကိုလှဌေး၊ကချင်ကျော်ကျော်၊ကိုမျိုးဝင်း၊မိချမ်းနှင့်ကိုနိုင်အောင်တို့နဲ့ခင်ဗျားအမှတ်တရရှိခဲ့တဲ့သူတို့ရဲ့ဆက်ဆံရေးနှင့်ပြောစကားတွေကိုရေးပြနိုင်မယ်ဆိုရင်သိပ်ကြားချင်တယ်၊ဘာဖြစ်လဲဆိုတော့ကျနော်တို့ကတစ်ဦးချင်းစီအပေါ်မှာလေ့လာသုံးသပ်ချင်လို့ပါ၊ကိုဌေးနိုင်ပါတယ်လို့ခင်ဗျားပြောလိုက်ရတဲ့နေ့ကစစ်ကြောရေးဝင်တာဘယ်သူတွေလဲသိချင်တယ်၊
      March 18 at 10:24pm · · 1

    • Soe Lynn စစ်ကြောရေးဝင်တဲ့ကာလတလျှောက်လုံးစခန်းမှာရှိနေတာကကိုလှဌေး ၊ ကျော်ကျော်( မပ)နဲ့ ခင်မောင်ဆွေ။ဌေးနိုင်ကိုပြောတဲ့နေ့ ကသူတို့ ပဲရှိတယ် အသေးစိတ်တော့ကျနော်အဖမ်းခံနေ၇လို့ မသိရဘူး။သူတို့ နဲ့ ပက်သက်ပြီး အခါသင့်ရင်ရေးမှာပါ။စခန်းမှာကိုနိုင်အောင်၂ခါ ၊ကိုမျိုးဝင်း(မင်းသမိး)၁ခါ လား ပဲတွေ့ ခဲ့ရတယ်။

    • Ko Lin Wai Aung အချက်အလက်တွေကိုသိချင်ပါတယ်....

    • မိုး စဲ ကိုစိုးလင်း ခင်ဗျားတို့ ရေးတဲ့ စာကို (ဖြစ်နိုင်ရင်ပေါ့ဗျာ) အရှည်ကြီးဖတ်ချင်ပါတယ် အမှားတွေ သဲလွန်စတွေ များများ သိရအောင်ပါ ခင်ဗျားတို့ကို စစ်ထားတဲ့ စစ်ကြောချက်တွေကတော့ ဖျောက်ဖျက်ပစ်ရင် ဖျောက်နိုင်ပါတယ်.ဒါပေမဲ့..ဒါဟာ ဆင်သေကြီးကို ဆိတ်သားပေါက်လေး..သရေနဲ့ မလုံ့တလုံ ဖုံးနေတာလို့ ပဲ မြင်ပါတယ်..တရားစွဲဖို့ မဖြစ်နိုင်သေးရင်တောင်မှ အမှားအမှန်ကို ရဲဘော်တွေနဲ့ အခြား ဂုဏ်သရေရှိ သိက္ခာရှိတဲ့ သူတွေ ဖတ်ရရင် သိမြင်လာနိုင်ပါတယ်.
      March 19 at 7:17pm · · 2

သူ့ကြွေးရှိက ဆပ်ရမည် - ( ၆ )

သူ့ကြွေးရှိက ဆပ်ရမည် - ( ၆ )

by Soe Lynn on Sunday, February 26, 2012 at 4:54pm ·
     ကျွန်တော့်ကိုဖမ်းပြီး သံလွင်စခန်းမှာ ချုပ်ထားရာက စစ်ရေးအခြေအနေကြောင့် ထိုင်းဘက်ကမ်းကိုပြောင်းထားပါတယ်။ အောက်ဖက် မှာ အေဘီဗဟိုရုံးရှိပြီး တောင်ဘက်မှာ တပ်ရင်း ၂၀၉ (သံလွင်စခန်း)ရှိပါတယ်။ ဘယ်သူနဲ့မှ စကားမပြောရပေမယ့် ဗဟိုပြန်ကြားရေးက အကျယ်ကြီးဖွင့်တဲ့ သတင်းတွေကိုတော့ ညတိုင်းကြားနေရပါတယ်။ တစ်ရက်မှာတော့ မြောက်ပိုင်းမှာ အစ်ကိုကြီးအပါအ၀င် လူ ၁၅ ဦးကို သတ်လိုက်တဲ့အကြောင်း ဘီဘီစီနဲ့ ကိုအောင်ထူးရဲ့အင်တာဗျူးကိုနားထောင်လိုက်ရပါတယ်။ကျွန်တော့်အထင် နောက်တစ်လကျော်လောက် အကြာမှာပဲ တပ်ရင်း ၂၁၀ အ ပေါ်ကုန်းမှာရှိတဲ့ ကျောင်းသားစစ်ကြောရေးစခန်းကို ညဘက်ကြီးမှာ ပြောင်းရပါတယ်။ စားဖိုဆောင်နားက ခွေးအိမ်လေးမှာ ကျွန်တော့်ကိုထားပါတယ်။ အဲဒီစခန်းမှာ ကိုလှဌေး၊ ကျော်ကျော်(ကချင်)၊ ခင်မောင်ဆွေ (တပ်ရင်း ၂၁၆)နဲ့ ကိုဖိုးထောင်ဦးဆောင်တဲ့ တပ်ရင်း ၃၀၃ က ရဲဘော်တွေရှိပါတယ်။ သူတို့က ကိုနိုင်အောင်ပြန်ရောက် နေပြီ  မင်းညာဖို့မကြိုးစားနဲ့တော့ဆိုပြီး စစ်ကြောရေးစ၀င်ပါတယ်။ ကျွန်တော်ထောက်လှမ်းရေးမဟုတ်တဲ့အကြောင်း အတန်တန်ပြောပါတယ်။ စိတ်ရော ရုပ်ရောပင်ပန်းရပါတယ်။ ဒီကောင် well trained ကွ။ သေချာရအောင်စစ်ဆိုတဲ့ အသံတွေလည်းကြားနေရပါတယ်။ ကျွန်တော်မခံနိုင်တော့ပါဘူး။ သက်သာအောင်ဝန်ခံလိုက်ဖို့ဆိုတာလည်း စစ်ထောက်လှမ်းရေးဖွဲ့စည်းပုံ၊ ကိုယ်ပိုင်နံပါတ်ဘယ်နှလုံးဆိုတာ ကအစမသိတော့ အတော်ဒုက္ခရောက်ပါတယ်။ နောက်ဆုံးတော့လည်း မခံနိုင်ပါဘူး။ အဲဒီလိုကြီး မဟုတ်ဘဲနဲ့သေသွားမှာ ကျွန်တော်ကြောက်ပါတယ်။ ၀န်ခံပါ့မယ်။ ၂ ရက်လောက် စဉ်းစားခွင့်တောင်းရပါ တယ်။
      သူတို့လိုက်စုံစမ်းလို့မရနိုင်တဲ့(ကျွန်တော့်အတွေးပေါ့)စစ်တပ်ကအထူးလေ့ကျင့်ပေးထားတဲ့ ကျောင်းသားထောက်လှမ်းရေးလုပ်ဇာတ် တစ်ခု ခင်းရပါတယ်။ ကိုယ်ပိုင်နံပါတ်အတွက် ဗိုလ်ချုပ်အောင်ဆန်းစီးတဲ့ ကားနံပါတ်ကို နည်းနည်းပြောင်းပေးလိုက်ပါတယ်။ RC-2874  ။ RCကိုစဉ်းစားရင် ဒေသကောလိပ်နဲ့ ရိုမန်ကတ်သလစ်ပဲ ထွက်နေလို့ pc (particular cell) လုပ်လိုက်ပါတယ်။ ဒုတိယနှစ် ရူပဗေဒသင် တုန်းက ကြားဖူးတဲ့ particular ပါ။ pc  ၂၈၇၄ ပေါ့။ သင်တန်းအမှတ် ၂/၈၇ က သင်တန်းသားနံပါတ် ၄ စသည်ဖြင့်ပေါ့။ ကိုယ်ပြောထား တာတွေ မမေ့အောင်  ပြန်ကျက်နေရတာလည်း တစ်ဒုက္ခပါပဲ။ (ကျွန်တော်ဝန်ခံပြီး သိပ်မကြာခင်ပဲ ကိုနိုင်အောင်ကို တစ်ခေါက်တွေ့လိုက်ရတယ်။ နောက်ပိုင်းမှာ ကိုမျိုးဝင်း(မင်းသမီး)လည်း အဲဒီစခန်းကို ရောက်လာတတ်ပါတယ်) ကြိုတွေးထားတာတွေ သူတို့မေးရင် အဆင်ပြေပေမယ့် မထင်တာတွေ မေးရင်လည်းအိုးနင်းခွက်နင်းပါ။ အဲဒီကျရင် တော့ ခံလိုက်ဦးပေါ့။ စိတ်အဆင်းရဲရဆုံး မေးခွန်းက ဗဟိုမှာ မင်းတို့လူတွေ မရှိဘဲ ဒီကို မင်းလာမှာ မဟုတ်ဘူးတဲ့။ ကျွန်တော် ငိုရပါတယ်။ ဘယ်လိုမှ ရှောင်လို့ မရတော့ပါဘူး။ ဆရာ နေ၀င်းအောင် နာမည် ပြောမိပါတယ်။ (ခွင့်လွှတ်ပါ ဆရာ၊ သူတို့ လမ်းကြောင်းပေးတာလို့ ကိုယ်လွတ်မရုန်းချင်ဘူး) မိုးသီးဘက်မှာလည်း မင်းတို့ လူရှိရမယ် ဆိုပြန်ရော။ အန္တာရယ်မဖြစ်လောက်ဘူး ထင်လို့ ကိုဋ္ဌေးနိုင်ကို ပြောမိပါတယ်။ (ကျွန်တော် တောင်းပန်ပါတယ် ကိုဋ္ဌေးတင့်) ဆရာ့ကို ဖမ်းပြီး စစ်မေးသံတွေ ကျွန်တော်ကြားလာရပါတယ်။ မင်း ချန်ထားသေးတယ်။ ငါတို့အပေါ် မရိုးသားဘူး ဆိုပြီး ထပ်မေးလာပြန်ပါ တယ်။ တစ်ယောက်ပြော တစ်ယောက်ဖမ်းဆိုရင် မကောင်းတော့ဘူး တွေးပြီး ဒုဥက္ကဋ္ဌ ကျော်ကျော်(မင်းသမီး) က စလို့ ကိုဒီ၊ အောင်သူ တို့အထိ လူ ၂၀ နီးပါး ပြောလိုက်တယ်။ နောက်ပိုင်းမှာ ကိုဋ္ဌေးနိုင်၊ အောင်သူတို့တွေ အကြောင်း ကြားရတော့ ကျွန်တော် နင့်နေအောင် ခံစားရပါတယ်။ အဲဒီ အမှန်တရား အတွက် ကျွန်တော် ဆက်လက်တိုက်ပွဲ ၀င်သွားမှာ ဖြစ်တယ်။    မြောက်ပိုင်းကိစ္စတွေနဲ့ပတ်သက်လို့ မေးရင်တော့ အစပိုင်း ရမ်းပြောနေရတယ်။ တစ်ရက်တော့ တပ်ရင်း ၂၁၀ မှာ မြောက်ပိုင်းကိစ္စ ဗီဒီယိုခွေကို အကျယ်ကြီးဖွင့်တာ ကျွန်တော် ကြားရပါတယ်။ အဲဒီအချိန်က ၂၁၀ ရဲဘော်တွေကို ပြန်မေးကြည့်နိုင်ပါတယ်။ အဲဒီနောက်ပိုင်းတော့ မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ပြောရလွယ်သွားပါတယ်။ နန်းအောင်ထွေးကြည် ပြောတဲ့ ရေလှိုင်းစစ်ဆင်ရေး ဆိုတဲ့စကားကိုလည်း ပြန်ပြီး ဖောက်သည်ချနိုင် ခဲ့ပါတယ်။ သူက ဒုဗိုလ်ဆိုတော့ ကျွန်တော် ဗိုလ်စိုးလင်း လုပ်လိုက်ရပါတယ်။ (ပြည်တွင်း ပြန်ရောက်တော့ စစ်တပ်အသိုင်းအ၀ိုင်းနဲ့နီးတဲ့ သူငယ်ချင်း ၀န်ထမ်းတစ်ဦးက ပြောမှ ထောက်လှမ်းရေးမှာ ဒုဗိုလ်နဲ့ ဗိုလ် ရာထူးတွေ မရှိမှန်း သိရပါတယ်) ကိုဖိုးထောင်ဦးဆောင်တဲ့ ၃၀၃ က ရဲဘော်တွေကိုလည်း ကျွန်တော် စိတ်မနာပါဘူး။ ရိုးရိုးသားသားနဲ့ အမိန့်အတိုင်း သူတို့လုပ်ခဲ့ကြတာပါ။ ဖိလစ်၊ ဖလမ်း၊ အောင်ငှဲ၊ ကျူးကျူ၊ ရွှေဘ၊ ချယ်ရီ၊ ကျော်မင်း၊ မောင်မိုး၊ နတားလယ် အားလုံးက ဖြူစင်တဲ့ တိုင်းရင်းသား ကျောင်းသားရဲဘော်လေးတွေပါ။ တစ်ခါတစ်လေကျ နာမည်တွေကအစ မှတ်မိနေပေမယ့် ကျွန်တော် မေ့ကျန်နေတဲ့ မစဉ်းစားမိတဲ့ ကိစ္စတွေလည်း ရှိဦးမှာပါ။ အတတ်နိုင်ဆုံး တိတိကျကျဖြစ်အောင်တော့ ကျွန်တော် ကြိုးစားရေးသားသွားမှာပါ။    အခုဆိုရင် ဖေဖော်ဝါရီ ၁၂ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ မြန်မာပြည်မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများ၏ သဘောထားထုတ်ပြန် ကြေညာ ချက်ကို အားလုံးဖတ်ပြီး ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့က သမိုင်းအမှန်တရား တစ်ခု ဖော်ထုတ်ပေးဖို့ ရိုးရိုးသားသား တောင်းဆိုနေတာပါ။ မကဒတဟာ  ကျွန်တော်တို့အားလုံးရဲ့ ရင်ထဲမှာ ယနေ့တိုင် ရှိဆဲပါ။ မကဒတရဲ့ ရည်ရွယ်ချက်လေးခုကို ကျွန်တော်အခုထိ မမေ့သေးပါဘူး။ တိုင်းရင်းသားအဖွဲ့အစည်း တွေ အရေးနဲ့ပတ်သက်လို့လည်း တတ်နိုင်သလောက် လုပ်နေတုန်းပါ။ မန္တလေးအိုးဘိုထောင်ထဲမှာ ရောက်နေတဲ့ ကယန်းပြည်သစ်ပါတီက ကိုစောလွင် (ကိုဋ္ဌေးအောင် ယခင် အေဘီ) ပြန်မလွတ်လာခင်အထိ ကျွန်တော်၊ မြင်းခြံက အောင်မြင့်ဟန်(ယခင် သေဘောဘိုး)၊ ရန်ကုန်က နုနုအောင် (ယခင် လူ့ ဘောင်သစ်) တို့ မန္တလေးက ဒေါ်သွယ်သွယ်စန်းနဲ့အတူ အပြင်ကနေ တတ်နိုင်သလောက် ကူညီခဲ့ကြပါတယ်။ ၂၀၁၁ ဒီဇင်ဘာလတုန်းကလည်း ( နိုဝင်ဘာ ၁၅မှာ ကျွန်တော့် အမေဆုံးသွားပါတယ်) ကချင်စစ်ဘေးဒုက္ခသည်တွေအတွက် ရန်ကုန်က နာရေးကူညီမှုအသင်း၊ ၈၈မျိုးဆက်ကျောင်းသားများ၊ မန္တလေးက ဘ၀အလင်းပရဟိတအသင်းတွေနဲ့ လိုက်သွားရင်း ဘ၀အလင်း အခမဲ့ဆေးပေးခန်းမှာ တိုင်းရင်းသား ဒုက္ခသည်တွေကို ကျွန်တော်တို့ မိသားစု ဆေး ကုသပေးခဲ့ကြပါတယ်။ ကျွန်တော်က အမှတ်စဉ်နဲ့ လူနာအမည်ခေါ်၊ အမျိုးသမီးနဲ့ အခြားဆရာဝန်နှစ်ဦးက ဆေးကုပေး၊ သားက ဆေးပုလင်းတွေ သူသိသလောက် လိုက်ရှာပေးနဲ့ပေါ့။ (ကျွန်တော့် အမျိုးသမီးက ဒေါက်တာနီလာဝင်းပါ၊ ရွှေပြည်ဦးဘတင်ရဲ့ မြေး၊ ကလိ ဦးတင်ဝင်းရဲ့ သမီး၊ ဦးဝင်းဖေ (ယခု VOA ) ရဲ့ တူမပါ)ကျွန်တော့် အမျိုးသမီးရဲ့အစ်ကို ကိုစည်သူဆိုရင် မြောက်ပိုင်းယူဂျီကိစ္စနဲ့ ထောင်ကျခဲ့ရပြီး အပြင်ပြန်ရောက်မှ ကွယ်လွန်သွားခဲ့ရတာပါ။    ကျွန်တော့်အနေနဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို ရည်ရွယ်တိုက်ခိုက်တာမျိုး မလုပ်ချင်ပါဘူး။ တာဝန်ရှိသူတွေက ၀န်မခံသေးလို့ သမိုင်း အမှန်တရားအတွက် မလွဲမရှောင်သာ အမည်တပ် ရေးသားနေရတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၂ မတိုင်မီ ကိုနိုင်အောင် မြောက်ပိုင်း ရောက်နေတယ်ဆိုတာက မြောက်ပိုင်းပြန် ရဲဘော်တစ်ချို့ အခိုင်အမာ ပြောလို့ ကျွန်တော် ရေးခဲ့တာပါ။ ကိုနိုင်အောင်ဘက်ကတောင် ကျွန်တော့်ကို ထောက်လှမ်းရေးလို့ ယုံ ကြည်ပြီး စစ်ကြောရေးဝင်ခိုင်းခဲ့တာ ကျွန်တော်က ကျွန်တော့်ကိုဖမ်းတုန်းက ကိုနိုင်အောင်ပြောတဲ့ စကားနဲ့ ပြန်လာပြီး စစ်ကြောရေးဝင်တဲ့ ကာလကို စဉ်းစားပြီး ကိုနိုင်အောင် မြောက်ပိုင်း ရောက်တယ် ရေးခဲ့တာ။ (ကျွန်တော့်မှာရော အဲလို ရေးခွင့် မရှိဘူးလား) မဟုတ်ဘူးဆိုရင် ကိုနိုင်အောင် ရှင်းပြနိုင် ရမယ်။ ဖေဖော်ဝါရီ ၁၄ရက်RFA အင်တာဗျူးမှာ ကိုနိုင်အောင် ပြောပါတယ်။ မြောက်ပိုင်းကို မပိုင်ပါဘူး။ အမိန့်ပေးလို့ မရပါဘူး။ အဲဒီစကားက ဖြစ် နိုင်ချေရှိပါတယ်။ အားလုံးစဉ်းစားကြည့်ဖို့ အချက်လေးတွေ ကျွန်တော် ပြောကြည့်ချင်တယ်။ ကျွန်တော့်ကို ဖမ်းပြီး သုံးလကျော်အကြာမှာ မြောက်ပိုင်းလူသတ်ပွဲ ဖြစ်ပါတယ်။ ၉၂ ဖေဖော်ဝါရီ ၁၂ လူသတ်ပွဲကို ၉၂ မတ်လ ၁ရက်မှာ ဗဟိုကော်မတီ အတွင်းရေးမှူး ၁ က စာထုတ်ပါတယ်။ ကြားထဲမှာ ၁၇ရက်ပဲ ခြားပါတယ်။ နောက် မေလ ၃၁ရက်မှာ ဥက္ကဋ္ဌ ကိုနိုင်အောင်က ရှင်းလင်းစာ ထုတ်ပါတယ်။ မြောက်ပိုင်းနဲ့ ဆက်သွယ်ရတာ ဘယ်လောက် ခက်ခဲတယ်ဆို တာ ကျွန်တော် အသိဆုံးပါ။ ၁၇ရက်လေး အတွင်းမှာ ဗဟိုကော်မတီက စာထုတ်နိုင်လောက်အောင် မြောက်ပိုင်းကပဲ ဗဟိုကော်မတီကို ပိုင်သလား။  ဒါမှ မဟုတ် အမိန့်ပေးလို့ရသလား။ စဉ်းစားရမယ့်အချက်ဖြစ်ပါတယ်။ ကျွန်တော် ကိုယ်တိုင်တောင် မြောက်ပိုင်းရဲ့ စစ်ကြောရေးပြင်းထန်တာ၊ ခေါင်းဖြတ်ပြီး ရက်ရက်စက်စက် သတ်တာကို မသိခဲ့ပါဘူး။ အဲဒီအချိန်က ဗဟိုကော်မတီဝင် အများစုလည်း ကျွန်တော့်လိုပဲ ဖြစ်မှာပါ။ ကိုအောင်ထူး ကိုယ်တိုင်တောင် သေသေချာချာ သိခဲ့ရဲ့လား။ သိခဲ့ရင်ကော အဲဒီလိုစာမျိုး လက်မှတ်ထိုးပြီး ထုတ်မှာလား။ အမြန်ဆုံး စာထုတ်ရလောက်အောင် ဘယ်လိုအရာမျိုး ဘယ်လိုလူ မျိုးက တွန်းအားပေးခဲ့တာလဲ။ ဒီအချိန်မှာတော့ အဖြေထွက်သင့်ပါပြီ။    ကျွန်တော်ဖတ်ဖူးတဲ့ လူထုဦးလှရဲ့ ထောင်စာအုပ်တွေထဲက စာသားလေးတစ်ပိုဒ်ကို မျှဝေပါဦးမယ်။ အပြစ်ရှိတဲ့ ရာဇ၀တ်သား ဆယ်ယောက် လွတ်ချင် လွတ်သွားပါစေ။ အပြစ်မဲ့တဲ့ လူတစ်ယောက် အပြစ်ဒဏ် မခံရစေနဲ့ တဲ့။ ကိုနိုင်အောင် မြောက်ပိုင်း သွား မသွားကို ခဏဘေးဖယ်ထားလိုက်ပါ။ RFAမှာ သူပြောသွားတဲ့ ဒီလောက်များတဲ့ လူတွေ စပိုင်ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာပဲကိုး ဆိုတဲ့ စကား။ ဒါက ခေါင်းဆောင်မပီသတဲ့ စကားပါ။ ကျွန်တော် အဲလို မရိုးသားတာမျိုးကို အမုန်းဆုံးပဲ။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကသာ သူဒီလို အတွေးမျိုးရှိခဲ့ရင် အေဘီဗဟိုမှာ ရင်နာစရာတွေ ဆက်ဖြစ်လာမှာ မဟုတ်ပါဘူး။ ကျွန်တော်ရော ဆရာနေ၀င်းအောင်ရော အိပ်မက်ဆိုးတွေ မက်ခဲ့ရမှာ မဟုတ်ပါဘူး။ ကိုဋ္ဌေးနိုင်ရော၊ အောင်သူရော ကြွေလွင့်ခဲ့ကြရမှာ မဟုတ်ပါဘူး။ မြောက်ပိုင်းမီးစ တောင်ပိုင်းကို ကျခဲ့မှာ မဟုတ်ပါဘူး။    (နောက် အပိုင်းမှာ ကျွန်တော်တို့ကို ကျောင်းသားစစ်ကြောရေးစခန်း (ဒါးခွင်) ပြောင်းပြီး ရုံးထုတ် ထောင်ချခဲ့တာတွေကို ရေးသွားပါဦးမယ်)      
· · Share

  • 29 shares
    • Hlaing Bwa Maung ပို့ စ်တွေ ရေးပြီးတိုင်းကျနော်ကို ..တဂ်ပေးပါ .ကိုစိုးလင်း။
    • Than Doke ခင်ဗျာရေးတာတွေဟာ ဖျောက်ဖျက်လို့ မရတဲ့ သမိုင်းတွေပါ။ စိတ်မကောင်း လဲ ဖြစ်ရပါတယ်ဗျာ။
    • Udp Myanmar
      ABSDF မြောက်ပိုင်းမှာ ကျောင်းသားတွေ ခေါင်းဖြတ်သတ်မှုတွေ ဗဟိုမှာ ဖမ်းဆီးနှိပ်စပ်မှုတွေ တချို. ဆေးထိုးပြီး သတ်တာကို နှလုံးရောဂါနဲ. သေသလိုလို( မှတ်ချက် ဒီတချက်ပဲ ထောက်လှမ်းရေးတွေ ပြောတာနဲ. တူသလိုလို--လူတွေ ထောင်ထဲ သေသွားရင် နှလုံးရောဂါတို. ကင်ဆာတို. လွဲချတဲ့အချက်ပဲ ထောက်လှမ်းရေးနဲ.တူသလိုလိုပဲ) မတရားသတ်ဖြတ်မှုတွေကို သိရှိသူတိုင်းက ကိုယ့်တွေ ကြုံခဲ့တာတွေ ပြောပြဖို. အားပေးပါတယ်။ တချိန်ကတော့ ၂ ဖက်စလုံးကို ကြောက်ရလို.ပဲဖြစ်ဖြစ်--အခြေအနေတွေကို ငှဲ.ကွက်ရလို.ပဲ ဖြစ်ဖြစ်--မပြောပဲ နေခဲရတာ။ ပြောဖို. ကျိုးစားခဲ့ရင်တောင် နားထောင်မဲ့သူတွေက သံသယနဲ. ဟုတ်ပါ့မလား ထင်မည့်သူတွေလဲ ရှိနိုင်ခဲ့တာကိုး--ဒါတွေကို နားလည်နိုင်ပါသည်။ ။ အခုတော့ ဒီအကြောင်းတွေကို သိချင် နားထောင်ချင် ကူညီပေးချင်တဲ့ နားတွေ လူတွေ မျက်လုံးတွေ သိန်းသောင်းချီပြီး ရှိနေပါပြီ။ ပြောစရာ ရှိတာတွေကို ပြောပါ။ ကိုယ် ဖြတ်သန်းခဲ့ရတဲ့ကိုယ်တွေ. ဖြစ်ရပ်တွေ ကြုံခဲ့ရတဲ့ လောကငရဲတွေကို သေခြာ ရေးချပြီး မှတ်တမ်းတင်ပါ--ဒါဟာ အမှန်တရားအတွက် တရားဥပဒေစိုးမိုးရေး-Justice အတွက် အကောင်းဆုံး ပေးနိုင်တဲ့ ခင်ဗျားတို.ရဲ့ ဘ၀တွေ အသက်တွေနဲ. ရင်းခဲ့ရတဲ့ နစ်နာမှုလက်ဆောင်တွေပါ--ဒါတွေဟာ အနာဂတ်အတွက် တန်ဘိုးရှိပါတယ်။ တော်လှန်ရေးကာလမှ မဟုတ်တာတွေ ပေါက်ကရတွေ လုပ်ခဲ့တဲ့ ပြသာနာတွေ ရှာခဲ့တဲ့ ဦးနေ၀င်းကို အရေးယူပြီး ဖယ်ရှားဖို. သခင်ခေါင်းဆောင်တွေ အဲဒီအထဲမှာ ဗိုလ်ချုပ်တောင် ပါတယ်လို. ပြောသူတွေ ရှိပါတယ်။ ဒါပေမယ့် ပြတ်ပြတ်သားသားမရှိတဲ့ ဦးနုရဲ့ ကာစီးကာစီးနဲ. ၀င်ပြီး တားခဲ့လို. လုပ်သင်.လုပ်ထိုက်တာတွေ မလှုပ်ခဲ့လို. အမှိုက်တွေကို မရှင်းခဲ့တော့--မြန်မာပြည် ဒီဘ၀ ရောက်ရတယ်လို. ထောက်ပြသူတွေ ရှိပါသည်။ စောစောစီးစီးသာ ဦးနေ၀င်းကို အရေးယူပြီး ဖယ်ရှားပစ်ခဲ့ရင် စစ်အာဏာရှင် အမြစ် မြန်မာပြည်မှာ ပေါက်မှာ မဟုတ်ဘူးလို. စုပ်တသတ်သတ်နဲ. ရင်ထုမနာ ပြောတဲ့သူတွေလဲ ရှိပါသည်။ ။ အခုလဲ တော်လှန်ရေးက အမှိုက်တွေ သူတို. ဘယ်လို စရိုက်တွေ ဘယ်သူတွေလဲ သိနေပြီပဲ--အမှန်တရားနဲ. ဥပဒေအရ အပစ်ရှိသူတွေကို ဖော်ထုတ်ဖို.--ခင်ဗျားတို.၏ ကိုယ့်တွေ. ဖြစ်ရပ်မှန်တွေက အမျိုးသားစာပေးစုရတဲ့ စာအုပ်တွေလိုပဲ တန်ဘိုးရှိတဲ့ အထောက်အထား မှတ်တမ်းတွေပါပဲ။ ။ အဲဒါ အားလုံးရဲ့သမိုင်း ကိုယ့်သမိုင်းနောက် ကိုယ်ရဲ့ နောင်လာနောက်သားတွေအတွက်လဲ သမိုင်းတိမ်ရိတ်တွေ ကင်းစေဖို. အခုကတည်းက ခေါင်းအေးအေးနဲ. အမှန်တိုင်းရှင်းဖို--အားလုံး လက်တွဲ လုပ်ဖို. လိုပါသည်။ အမှန်တရားဟာ နောက်ဆုံးဆို အောင်ပါမည်။ ဘာမှ မကြောက်ပါနဲ.--တချို.က ပြောတယ် အေဘီက နိုင်အောင်တို.မှာ ဒေါ်လာ ၅ သိန်းလောက် မြန်မာပြည်ထဲ ပို.ထားတယ် တရားစွဲလဲ လာဒ်စားလို. နိုင်မှာ မဟုတ်ဘူးတဲ့--တရားစွဲရင်လဲ အပြင်မှာ စွဲပါ ဆိုပြီး--နောက်ကွယ်ကနေ ရထားလမ်းလွဲအောင် Mis-signal ပေးတဲ့သူတွေလဲ ရှိပါသည်။ နိုင်ငံတကာ ဥပဒေပညာရှင်တွေ ဦးအောင်ထူးတို.က BLC မို. အဆက်အသွယ်တွေ များတယ်-- ဖြစ်မှာ မဟုတ်ဘူး။ မလွယ်ဘူးလို. ပြောနေတဲ့အသံတွေလဲ ကြားရတယ်။ ။ ဒါကြောင့်နေမှာ တချို.က " ခင်ဗျားတို. ပိုင်ရင် လုပ်ပေါ့ဗျာ" ဆိုပြီး မှတ်ချက် ပြီးစလွယ် ပေးတဲ့ သူတွေလဲ ရှိနိုင်ပါတယ်။ ဒါပေမယ့် အမှန်တရားက သစ္စာ မို.---ဆက်ပြီးသာ လမ်းလျှောက်ပါ--မြန်မာပြည်သူတွေ အဲဒီလောက်လဲ မအ သလို အဲဒီလောက်လဲ အစွမ်းအစ နည်းသူတွေ မဟုတ်ပါ။ ပြည်သူတွေ ဒီလောက် မညံ့ပါ။
    • Nang Kham Mhom ဆက်ရေးပါဦး..သမိုင်းရဲ.အမှန်တရားတွေကိုဘယ်သူကမှဖျောက်ဖျက်လို.မရဘူးဆိုတာနိုင်အောင်နဲ.အပေါင်းအပါတွေကိုသိစေချင်လို.ပါ..အားပေးနေပါတယ်....
    • အိုးဝေအောင် အိုးဘားမား ပို့ စ်တွေ ရေးပြီးတိုင်း ကျနော့် ကို ..တဂ်ပေးပါ ကိုစိုးလင်း။
      March 17 at 8:02am · · 1
    • Zarni Phonezaw ခေါင်းဆောင်ဆိုတဲ့သူတွေအသိတရားမရှိကြလို့ပေါ့
    • Soe Lynn ကိုအိုးဝေရေ ကျနော်ကအင်တာနက်သိပ်မကျွမ်းဘူး။စာရေးပြီးသူများ တင်ခိုင်းနေရတာ။နားလည်ပေးပါ။
      March 17 at 5:12pm · · 2