Showing posts with label ခင်စန်းနွယ်. Show all posts
Showing posts with label ခင်စန်းနွယ်. Show all posts

Monday, August 13, 2012

အတိတ်မှအရိပ်များ(၁၉)

Thursday, April 26, 2012

ခင်စန်းနွယ်၊ ဧပြီ ၂၅ ရက်၊ ၂၀၁၂
အောက်ထပ်မှာက ကိုယ်ဝန်ဆောင်၊ ကလေးအမေတွေ၊ လူနာတွေကို ထားပါတယ်။ အခန်း ခပ်သေးသေး တခန်းမှာတော့ ဆေးခန်း ဖွင့်ထားပါတယ်။ ၇ ဆောင်မှာတော့ အပေါ်ထပ်မှာ ဇာထိုး ပန်းထိုး ဆေးလိပ် အလုပ်ရုံ ရှိပါတယ်။ နိုင်ငံရေးသမားတွေက ဇာထိုးကြတာ များပါတယ်။ အကျဉ်းဦးစီးဌာနက ဧည့်ခန်းက ဆိုဖာတွေပေါ် တင်တဲ့ ဇာတွေ ပါ။ ပန်းကတော့ နှင်းဆီပန်းပုံနဲ့ အခြား ပန်းပုံစံမျိုး ပိတ်စနဲ့လုပ်ပြီး ပန်းအိုး အလှဆင်တာတွေလည်း ရောင်းပါတယ်။ ဆေးလိပ်ကတော့ “အကစ” တံဆိပ်နဲ့ လိပ်တာပါ။ ထောင်ထဲမှာ မကျင်လှ (နွားတံဆိပ်) ဆေးလိပ် ရောင်းလေ့ ရှိပါတယ်။ 

အကျဉ်းသားတွေရဲ့လုပ်အားကို ခေါင်းပုံဖြတ်တာ ပေါ့လေ။ အောက်ထပ်မှာတော့ စက်ချုပ်တဲ့လုပ်ငန်း ရှိပါတယ်။ ထောင်ဝတ်စုံ အဖြူရောင်တွေကို ချုပ်ရတာ ပါ။ နှစ်ကြီးသမားတွေ ချုပ်တာ များပါ တယ်။ လျှော့ ရက် ရပြီး အချိန်ကုန်တာ မသိတော့ စိတ်ပြေလက်ပျောက် ချုပ်ကြပါတယ်။ ဘေးမှာ အဆောင် ၂ ခန်း ရှိပါတယ်။ တခန်းကတော့ ဆန်တွေ ထားပါတယ်။ ထောင်မှာ ချက်ကျွေးတဲ့ ဆန်တွေ ပါ။ တခြားအခန်း မှာတော့ “သာတီး ဒီ” (၃၀ ဃ) ပုဒ်မ၊ အများအားဖြင့် ပြည့်တန်ဆာ မိန်းကလေးတွေကို ထားပါတယ်။ တချို့လည်း ၈ ဆောင် အောက်ထပ်မှာ ထားတာ တွေ့ရတယ်။ ကျမကို ထောင်ဝင်စာရင်း မှတ်တော့ ကျမ ထောင်နံပါတ်က “၄၀၁၁ စီ” ပါ။ အိမ်လိပ်စာ မေးပါတယ်။

ကျမဘေးက ကောင်မလေးသုံးယောက်ကိုလည်း လိပ်စာ မေးတော့ သူတို့အားလုံးက “ကျမနံမည် အေးသီ တာ၊ အိမ်နံပါတ် မရှိ၊ လမ်း မရှိ၊ ကီလီဗောတံတား” လို့ ပြောကြပါတယ်။ ကျမက တခါမှ မကြားဘူးတော့ ထူးဆန်းနေတာ ပေါ့။ နောင်မှ သိရတာက ကလေးမလေးတွေက လမ်းပေါ်မှာပဲ နေကြရတဲ့ ကလေးတွေ   ဖြစ်နေကြတာကိုး။ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂/၁၂၄ နဲ့ သင်္ကန်းကျွန်းက ခေါင်းဖြတ်သတ် မှုနဲ့ ခင်စန်းရီ၊ ဒလမှာနေတဲ့ မတာနဲ့ နောက်တယောက် နံမည်တောင် မမှတ်မိတော့ဘူး။ 

သူတို့လည်း အောက်ထပ်မှာပဲ နေကြပါတယ်။ မကြာခင်မှာပဲ ဗြိတိသျှသံရုံးမှာ အလုပ်လုပ်တဲ့ ဒေါ်ယဉ်ယဉ်မေ (မနီတာ) အခု ဘီဘီစီ (BBC) အသံလွှင့်ဌာနမှာ ပါ။ နောက်ပြီး ဗမာပြည် ကွန်မြူနစ်ပါတီ ခေါင်းဆောင် ကိုကျော်မြနဲ့ ဇနီး မခင်မာလည်း ရောက်လာပါတယ်။ သူတို့မှာလည်း ကိုယ်ဝန်တွေနဲ့ ပါ။

ကျမတို့မှာ ကျန်းမာရေး  စောင့်ရှောက်မှု လုံးဝ မရှိပါဘူး။ ထောင်ထဲမှာ ဆေးခန်းတော့ ရှိပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်တွေနဲ့ ပတ်သက်လို့တော့ စောင့်ရှောက်ကုသမှု လုံးဝ မရှိပါဘူး။ ကျမလည်း မနက်ပိုင်းမှာ အလုပ်ပြီးသွားပြီး နေ့လည်ပိုင်းမှာ ဆိုရင်တော့ အဆောင် ၇ ရဲ့အနောက်ဖက်က ဆန်ရွေးတဲ့အဆောင်မှာ မခင်စန်းဆိုတဲ့ အမျိုးသမီး၊ သူက မြောက်ဥက္ကလာပက ဆေးမှုနဲ့ ထောင် ငါးနှစ်ကျနေတဲ့သူ ပါ။ သူနဲ့ ရင်းနှီး ခင်မင်ခဲ့ပါတယ်။ သူက ဘုတ်ကိုင် လေ။ နေ့လည်ဆိုရင် ယောင်္ကျားလေးဆောင်က လူ နှစ်ဆယ်လောက်က ဆန်အိတ်တွေကို လာ ထမ်းပြီး ယူလေ့ရှိပါတယ်။ လာရင် ဆန်ဘုတ်ကိုင်က မခင်စန်းရဲ့ယောက်ျား ကိုဗူးသီး ပေးလိုက်တဲ့ စားစရာဟင်းဖြစ်ဖြစ် ယူလာတတ်ပါတယ်။ နောက်ပိုင်းမှာ ကျမ မခင်စန်းနဲ့ဘဲ ထမင်း အတူစားဖြစ်ပါတယ်။ ကျမကို ၅ ည တွေက အရမ်း ချစ်ခင် သနားကြပါတယ်။ သူတို့ ထောင်ဝင်စာလာရင် ကျမကို ဟင်းတခွက်စီ ပေးလေ့ ရှိပါတယ်။ ကျမကို ကျွေးမွေး စောင့်ရှောက်ကြတဲ့ ကျေးဇူးတွေကို ကျမ ဘယ်တော့မှ မမေ့ပါဘူး။ ဒီနေရာမှာ ကျမ မှတ်မိတာလေးတွေကို ရေးပြချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမရဲ့ဘ၀မှာ မမေ့နိုင်တဲ့ အမှတ်တရလေးတွေ ဖြစ်နေလို့ပါ ပဲ။ 

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင် ဒေါ်မြင့်မြင့်ခင်ဟာ ဗဟိုတရားရုံးရှေ့နေတဦး လည်း ဖြစ်ပါ တယ်။ သူ့ကို ထောက်လှမ်းရေးက အလွန် အောက်တန်းကျတဲ့နည်းတွေနဲ့ ဒုက္ခတွေ အမျိုးမျိုး ပေးခဲ့ပါ တယ်။ ထောင်ထဲက တိုက်မှာ ကျမ ၁၅ ရက် နေခဲ့ရပြီး မျက်မြင် တွေ့ခဲ့ရတာ ကတော့ ဒေါ်မြင့်မြင့်ခင် ကို ပုဒ်မ (၁၀/က) နဲ့ချုပ်ထားချိန်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကနေ နှုတ်ထွက်ဖို့ ထောက်လှမ်းရေးက အမြဲပဲ ဖိအားတွေ ပေးပြီး ဆွေးနွေးခဲ့ပါတယ်။ ဒေါ်မြင့်မြင့်ခင်ကလည်း ငြင်းမြဲ ငြင်းပါတယ်။ 
ဒီလိုနဲ့ နှစ်ပတ်လောက်ကြာတော့ ဒေါ်မြင့်မြင့်ခင်ရဲ့တိုက်ပြူတင်းဝမှာ ကြွက်တွင်းတတွင်း ရှိပါတယ်။ အဆောင် ၈/၇ မှာ တညလုံး သုံးတဲ့ ဆီးသွားတဲ့စဥ့်အိုးကြီးကို အရင်ကတော့ အပြင်ဘက်ထုတ်ပြီး စိုက်ခင်းတွေမှာ ဖျန်းပါတယ်။ အခုတော့ အဲဒီ ဆီးအိုးကြီးထဲကဆီးတွေကို ဒေါ်မြင့်မြင့်ခင်ရဲ့တိုက်ပြူ တင်းပေါက် ၀က ကြွက်တွင်းမှာ သွန်ပါတယ်။ ဒီတော့ အဲဒီအနံ့ဆိုးတွေက ဒေါ်မြင့်မြင့်ခင်ရဲ့ တိုက်ခန်းထဲကို စုပြုံဝင်ပြီး လေမ၀င်တဲ့အခန်းထဲမှာ တနေ့ထက်တနေ့ ပိုပြီး နံစော်နေလို့ အိပ်လို့လဲမရ၊ စားလို့မရဖြစ်လာပြီး တလကျော်လောက်မှာ ဒေါ်မြင့်မြင့်ခင်က လက်မှတ်ထိုးပြီးတော့ ထွက်သွားရပါ တယ်။ 
  ထောင်အပြင်ကလူတွေကတော့ ဒေါ်မြင့်မြင့်ခင် ဖောက်ပြန်သွားတယ်လို့ ထင်ကြေး ပေးကြတယ်။ နုနုဝင်း ဆိုရင် မျက်နှာလေးက အရမ်းလှတယ်။ လှမှာပေါ့၊ သူက ယိုးဒယားနဲ့မြန်မာ ကပြားမလေး။ ဗိုလ်ချုပ်အောင်ဆန်းတို့ ဘန်ကောက်မြို့မှာ လက်မောင်းသွေး ဖောက်သောက်ကြတာ သူတို့ရဲ့အိမ်မှာလို့ သိရပါတယ်။ သူက ဒေါ်ချိုချိုကျော်ငြိမ်းနဲ့ အမှုတွဲ ပါ။ ပိစိလို့ ခေါ်တဲ့ အေးအေးစန်းအကြောင်းလည်း မပါလို့ မဖြစ်သေးဘူးပါဘူး။ သူက ဖြူဖြူလေး၊ ရုပ်ရှင်မင်းသမီး မေ၀င်းမောင်နဲ့ တပုံစံထဲ ပါ။ ကလေးတွေက ထောင်နဲ့ ဘာမှမဆိုင်တဲ့ရုပ်ကလးတွေပါ။န၀တခေတ်မှာတော့ဘယ်သူမှချမ်းသာမပေးပါဘူး။ နှင်းသစ္စာနဲ့ စောစန္ဒာနွယ် ကိုလဲ မမေ့ပါဘူး။ အခုတော့ သူတို့လည်း အမေရိကား ရောက်နေပြီ ဖြစ်ပါတယ်။ ကြီးမော်နဲ့ သန်းသန်းဌေးတို့ ညီအမနှစ်ယောက်လည်း ပါတယ်။ ကဗျာဆရာမ ဒေါ်စိမ်းပင်ဆိုရင် ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ပတ်သက်ပြီး အဖမ်းဆီးခံရတာပါ၊ သူက တကယ့်ကို အံ့သြစရာ ရတနာသုံးပါးကို အရမ်း ကြည်ညိုပါတယ်။ သူ့ကြောင့် ရေတံခွန်တောင်ဆရာတော်ဘုရားကြီးရဲ့အကြောင်းတွေ ပြည့်စုံအောင် သိရပြီး ပုတီးတွေလည်း စိပ်ဖြစ်ပါတယ်။ သွေးတိုးရောဂါရှိပြီး ထောင်ထဲမှာ ဂရုစိုက် ကုသမှု မခံရတာကြောင့် လေဖြတ်ပြီး ဒုကိQတဘ၀ ရောက်နေရှာပါတယ်။ ယဉ်ယဉ်နဲ တိုးတိုးမြင့်တို့နှစ်ယောက်လဲ ချန် ထားလို့ မဖြစ်သေးဘူး။ ယဉ်ယဉ်က ဘယ်ရောက်နေမှန်း မသိပါဘူး။ တိုးတိုးကတော့ အင်္ဂလန်မှာလို့ သိရတယ်။ ကျမ ကိုယ်ဝန်လည်း ရင့်လာပါပြီ။ ဒီလိုနဲ့နေရင်း ထောင်မှူး ဒေါ်အေးအေးသန်းက သူ ကလေးအင်္ကျီလေးတွေ ချုပ်ထားတယ်၊ ကျမ မွေးရင် ပေးမယ်လို့ ပြောပါတယ်။ 

ကျမကို ခင်စန္ဒာမင်း (ရွှီး) လို့ အားလုံးကချစ်စနိုးခေါ်ကြတဲ့ ကောင်မလေး က အင်္ဂလန်မှာသူ့ရဲ့မိဘတွေ ရှိတော့ သူက ကလေးအင်္ကျီ တွေ၊ အနွေးထည်နဲ့ ဦးထုပ်တွေ မှာပေးပါတယ်။ ယောက်ျားထောင်ဖက်ကနေ ကိုကျော်ဝင်း၊ မောင်ပိုင်၊ ကိုဘိုကြည်၊ ကိုသက်အောင်၊ ကိုကြည်လွင်နဲ့ အခြားနိုင်ငံရေး အကျဉ်းသားတွေ စုပေးတဲ့ အနှီးလုပ်ဖို့ ပိတ်စတွေကို ကျမခင်ပွန်းက အတွင်း ထောင်ဝင်စာလာတွေ့ရင်း ပေးခဲ့ပါသေးတယ်။ အတွင်းထောင်ဝင်စာဆိုတာ မိသားစုအချင်းချင်း ထောင်ထဲမှာ တလတခါ တွေ့ခွင့်ပြုတာကို ပြော တာ ပါ။   ယောက်ျားလေးတွေက အတွင်းအချုပ်မှာ ထိုင်နေရပါတယ်။ ကျမတို့ မိန်းကလေးတွေက အပြင်ဘက်ကို ပတ်ထွက်ပြီး ထောင်ဝင်စာ တွေ့ရပါတယ်။ မုန့်တွေအပြင် ဟင်းတွေပါ အခြားအမှုတွဲတွေကလည်း လူကြုံ ပါးလေ့ ရှိပါတယ်။ ကျမတို့ကလည်း လူကြုံပါးလိုက်တာတွေကို သယ်လာပြီး သက်ဆိုင်တဲ့လူ ကို ပေး ရပါ တယ်။ အချင်းချင်း ကူညီနေကျ ပါ။ အမြဲတမ်း ပေးလေ့ရှိတာကတော့ ကိုဂျင်မီ၊ ကိုတင့်ဆန်း၊ ကိုပြုံးချို၊ ကိုဗသက်အောင်တို့အပြင် အခြားလူတွေလည်း ပါ ပါသေးတယ်။ ထောင်ထဲမှာတော့ တယောက် နဲ့ တယောက် အလွန်ပဲ ချစ်ခင် စောင့်ရှောက်ကြပါတယ်။ နောက်တယောက်ကတော့ နန်းဝေရီနဲ့ စောယုနွယ်တို့ ပါ။ သူတိုက ပြည်ပက အဝေးရောက် အမျိုးသား ကျောင်းသားများ အဖွဲ့ (ONSOB) နဲ့ ဆက်သွယ် ပြီး   မြေအောက်လုပ်ငန်း လုပ်လို့ ထောင် ငါးနှစ် ကျနေသူတွေ ပါ။ ရုပ်ကလေးတွေက ချောမောပြီး ပညာ တတ်ကလေးတွေမို့ နှမြောမိပါတယ်။ ဒီနေရာမှာ ချန်ထားလို့ မရတာက သာကေတမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တင်တင်ဆွေနဲ့ ခင်ခင်မြ ပါ။ သူတို့လည်း အာဇာနည်နေ့ ချီတက်ပွဲမှာ အဖမ်းခံရတဲ့ သူတွေ ပါ။ ထောင် သုံးနှစ် ကျခံနေရပါတယ်။ နောက်တယောက်က မြောက်ဥကUလာပမြို့နယ်က ဘေဘီ ပါ။ မျက်လုံးအပြာရောင်လေးနဲ့ အလွန် ချစ်စရာ ကောင်းပါတယ်။ နောက် မာလာာကြည် သူက B A, B Ed ပြင်သစ် ဒီပလိုမာ ရပြီးသားပါ။ ဘွဲ့ရကျောင်းသားဟောင်းများအဖွဲ့မှာ တွဲဘက် အတွင်းရေးမှူး တာဝန်ယူ ပြီး လှုပ်ရှားခဲ့သူ ပါ။ ကုန်သွယ်ရေး လက်နက်သယ်တဲ့ အဖွဲ့မှာ ပါဝင်ခဲ့ပြီး အိန္ဒိယနိုင်ငံ ကြံဖိုင်းမြို့ မှာ တောခို ဖို့သွားရင်းက စာရေးဆရာ ကောလ်ထန်မောရိယယ် (ယခင်က စာရေးဆရာ ပုပ္ပားကိုကိုဇော်) ၊ မသင်း သင်းအောင်  (အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) - WLB) တို့နဲ့ တွေ့ဆုံပြီး သူ့အမျိုးသား အောင်လင်းဦး (၅၀၂ လေတပ်) နဲ့အတူ မြန်မာပြည် ပြန်လာလို့ လက်နက်မှုနဲ့ ထောင် ဆယ်နှစ် ကျနေတာ ဖြစ်ပါ တယ်။   ဖြူဖြူသွယ်သွယ်လေးနဲ့ သူ အရမ်း ခံစားနေရပုံပါ ဘဲ။ ထောင်မှူး ဒေါ်အေးအေးသန်းလက်ထက်မှာ တိုက်ထဲမှာနေရတဲ့ အကျဉ်းသားတွေ နည်းနည်း ချောင်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေဖြစ် တဲ့   ဒေါ်အုန်းကြည် (မြစ်သားမြို့နယ်)၊ ဒေါ်စန်းစန်း (ရန်ကုန်၊ ဆိပ်ကမ်းမြို့နယ်)၊ ဒေါ်ခင်စန်းလှိုင် (၀က်လက်မြို့ နယ်)၊ ဒေါ်စန်းစန်းဝင်း (အလုံမြို့နယ်) တို့ရဲ့ထောင်ဝင်စာမှာ ပါလာတတ်တဲ့ ခရမ်းသီးခြောက် ဟင်းကို   ကျွေးလေ့   ရှိတယ်။ လုပ်ဖော်ကိုင်ဖက်အချို့က ဒေါ်စန်းစန်းကို ချစ်စနိုးနဲ့နောက်ပြောင်ပြီး ပြောကြတယ်။ မြို့နယ် မရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် တဲ့။ ဘာကြောင့်လဲဆိုတော့ ဆိပ်ကမ်းမြို့နယ်က လူတွေ ရွှေပြည် သာမြို့သစ်ကို ပြောင်းရလို့ပါ။ စာရေးဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ) က ငြင်းကြခုန်ကြအောင် မေးခွန်းတွေ ထုတ်တတ်တယ်။ မိန်းကလေးတွေ ပျက်စီးတာဟာ ဗီဇကြောင့်လား၊ ပတ်ဝန်းကျင်ကြောင့်လား ဆိုတာလည်း ပါတယ်။ ငြင်းခုန်လိုက်ကြတာ ကက်ကက်လန်နေတာပဲ။
source: burma today 

အတိတ်မှအရိပ်များ(၁၈)

အတိတ်မှအရိပ်များ(၁၈)

Wednesday, April 18, 2012

ခင်စန်းနွယ်၊ ဧပြီ ၁၈ ရက်၊ ၂၀၁၂
ထောင်ထဲမှာ နိုင်ငံရေးသမားတွေဟာ ကိုယ့်အချင်းချင်း စောင့်ရှောက်ကြတဲ့အပြင် အခြား အကျဉ်းသားတွေ ကိုလည်း ကူညီကြပါတယ်။ ဘီစကွတ်မုန့်တွေ ဝေပေးတာအပြင် ကျန်းမာရေး မကောင်းရင်လဲ ဆေးမှာပြီး တိုက်ကြပါတယ်။ အဲဒီနေ့မှာစပြီး ပုံစံထိတော့တာပါ ပဲ။ မနက်မိုးလင်းရင် ထောင်ဗူးဝက “တော် တီး တော်” အသံမြည်ရင် အိပ်ယာထရပြီး ပုံစံ ထိုင်နေရပါတယ်။ မနက် ၆ နာရီ ထောင်ဖွင့်ပါပြီ။ ဒီအခါမှာ နေ့နဲ့ည ဂျူတီတွေ လဲကြပါတယ်။ ၀ါဒါတွေ ကြည့်ရတာလည်း ထောင်တ၀က် ကျနေသလိုပဲ။ လူ ရေပြီး ရင် ထောင် ပိုင်ရုံးခန်းကို သတင်းပို့ကြရပါတယ်။ လူစစ်တာပြည့်ပြီး လူအရေအတွက် ကိုက်တယ်ဆိုရင်တော့ ထောင် ထဲက အဆောင်တွေကို တံခါးဖွင့်ပေးပါတယ်။ လူပေါင်းလို့ မကိုက်ရင်တော့ ပုံစံ ထိုင်နေပေတော့။ ထ ခွင့် မရှိပါဘူး။ ပြီးရင် ကျမတို့တွေ အိမ်သာဆီ အပြေးအလွှား သွားကြရတာပေါ့။ ဘာကြောင့် အပြေးအလွှား သွားရသလဲဆိုရင်တော့ ကျမတို့ အဆောင်မှာ အိမ်သာက ၁၀ ခန်းထဲပဲ ရှိလို့ပါ။ အိမ်သာက အခန်းရယ်လို့ သပ်သပ်ကာရံထားတာမဟုတ်ပါဘူး။သံမံတလင်းမြောင်းပေါ်မှာခွထိုင်ရပြီးတံခါးမပါပါ။

အုတ်ဘောင်လေးတွေ ဘေး က ကာထားတဲ့နေရာတခု ပါဘဲ။ အဆောင်တခုလုံးမှာ ရှိနေတဲ့ လူဦးရေက အပေါ်ထပ် အောက်ထပ်ပေါင်းရင် ၇၀၀ ကျော် ပါတယ်။ ဒီတော့ ကိုယ့်အလှည့်ရောက်ဖို့ အိမ်သာတက်ချိန် ကို စောင့်ရတာ မလွယ်ပါဘူး။ အိမ်သာကိစ္စ ပြီးပြီဆိုရင် မျက်နှာသစ်ဖို့ ရေကန်ဆီကို ပြေးရပြန်တယ်။ မျက်နှာ သစ်ရေက တယောက်ကို သုံးခွက်သာ သုံးခွင့် ရှိပါတယ်။ ကိုယ့်မှာ ကိုယ်ပိုင်ခွက် မရှိရင်တော့ ရေ ကန်ဗာယာတွေ ပေးတဲ့ရေနဲ့ပဲ မျက်မှာကို လောင်းချပြီး သစ်ရတာပေါ့။ ဒီအတွက် ကျမကို ပလပ်စတစ်ရေ ခွက်ပေးလိုက်တဲ့ လှိုင်လှိုင်မြင့်ကို စိတ်ထဲမှာ တော်တော် ကျေးဇူးတင်မိပါတယ်။ အိမ်သာသန့်ရှင်းရေး ကိုတော့ ပြည့်တန်ဆာမလေးတွေ (30/D) လို့ဆိုတဲ့ အချိန်မတော် လမ်းလျှောက်မှုနဲ့ ထောင်ကျနေတဲ့ မိန်း ကလေးတွေကလုပ်ရပါတယ်။မိလ္လာစဥ့်အိုးတွေကိုမနက်တိုင်း မနက်တိုင်းမှာ သူတို့တွေက ထမ်းပြီး အဆောင် အပြင်ဘက်က အုတ်ရိုးနားကို သယ်ထုတ်ပေးကြရပါတယ်။ အဆောင်အပြင်မှာ စောင့်နေတဲ့ အမျိုးသား အဆောင်က ထောင်ကျတွေက လာပြီး ထမ်းယူသွားကြပါတယ်။ မိလ္လာမှာ လုပ်နေကြတဲ့ မိန်း ကလေးတွေ က ဆေးလိပ်ရကြတယ်။ ညဘက်ဆိုရင် အိမ်သာတက်ချင်သူတွေက သူတို့ကို ဆေးလိပ် ၂ လိပ် ပေး ရပါတယ်။ သူတို့ခမျာ ထောင်ဝင်စာလည်း မလာနိုင်ဆိုတော့ ရလာတဲ့ ဆေးလိပ်လေးတွေကို ဟင်းနဲ့လဲပြီး စားကြရတာပါ။ ဒီတော့ ထောင်ဝင်စာ မလာနိုင်တဲ့ ထောင်ကျ မိန်းကလေးအချို့က ဒီနေရာမှာ တမင်ကိုလာ လုပ်ကြတာလေ။ထောင်ဝင်စာလာနိုင်သူတွေကို လာတဲ့အခါမှာ အဆောင်ရုံးခန်းက တယောက် ကို ဆေး လိပ် ၅ လိပ်စီ မိလ္လာကြး တောင်းလေ့ရှိပါတယ်။

အဲ - မျက်နှာသစ်ပြီးပြီဆိုရင်တော့ အဆောင် အပြင်ကအုတ် သံမံတလင်းလေးမှာ တန်းစီပြီးပုံ စံထိုင်ကြ ရတယ်။အပြင်ဘက်ဆိုတော့အားလုံး ဆောင့်ကြောင့် ထိုင်ရတာပေါ့။ ခဏနေတော့ တန်းစီးနဲ့ ၀ါဒါအမျိုးသ မီးတွေ ရောက်လာပြီး တနေ့စာအလုပ်အတွက် လူတွေကို သူ့အစုနဲ့သူ ခွဲပါတော့တယ်။ အလုပ် ချတယ်၊ တာဝန် ခွဲတယ်လို့ ဆိုပါတယ်။ အလုပ်တွေကတော့ တောင်ယာအလုပ်၊ ရေကန် သန့်ရှင်းရေး၊ ကြမ်းတိုက်၊ ကြမ်းတိုက်ရတဲ့အလုပ်က တချို့ဆိုရင် ပုလင်းဖင်နဲ့ ကြမ်းပြင်ကို အရောင်ထွက်အောင် တိုက်ရတာပါ။ အလုပ်မရှိ အလုပ်ရှာ လုပ်ခိုင်းတဲ့သဘောပါ ပဲ။ စက်ချုပ်၊ ဆေးလိပ် လိပ်၊ ဆန်ရွေးဆိုတာမျိုးတွေ ပါ။ ကျမက ကိုယ်ဝန်နဲ့ ဆိုတော့ စာကလေးမောင်း အလုပ်မှာ ထားပါတယ်။ “၈” ဆောင်ရဲ့တိုက်ဘက်က မုန်လာစိုက် ခင်းကိုလာတဲ့ စာကလေးတွေကို အ၀တ်စလေးတွေ ပတ်ထားတဲ့ တုတ်နဲ့ ခြောက်လွှတ် မောင်း ထုတ်ရ တဲ့အလုပ် ပါ။ ကျမလည်း ၀ါဒါအမျိုးသမီးလေး လိုက်ပို့လို့ အဲဒီတုတ်ကိုင်ပြီး တိုက်ဘက်ကို လျှောက် လာခဲ့ပါတယ်။ တိုက်ထဲမှာ စာရေးဆရာမ စန်းစန်းနွဲ့(သာယာဝတီ)၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ဗဟိုတရားရုံးရှေ့နေဒေါ်မြင့်မြင့်ခင်၊မန္တလေးကဒေါ်ခင်ခင်ဝင်း၊ဒေါ်သိင်္ဂီ (ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေး အတွင်းရေးမှူး)တို့ရှိကြပါတယ်။စာကလေးတွေမောင်းတဲ့အလုပ်ကမပင်ပမ်းပါဘူး။ဒါပေမယ့်နေပူတာကြောင့် ကျမက ထင်းရှူးပင်ပုလေးအောက်မှာ ထိုင်ပြီး စာကလေးတွေကို ခြောက်နေ ပါ တယ်။ ကျမ လှမ်းကြည့် လိုက်တော့ တိုက်အပေါက်ဝမှာ စာရေးဆရာမ သာယာဝတီ စန်းစန်းနွဲ့ကို မြင်လိုက် ရတာ ဘယ်လို ၀မ်းသာ မှန်းတောင် မသိတော့ပါဘူး။ သူနဲ့က ၁၉၈၆ ခုနှစ် ကျမတို့ ဗဟန်းမှာ စာဆိုတော်နေ့ စာပေဟောပြော ပွဲ လုပ်တော့ဆရာ လယ်တွင်းသားစောချစ်၊ ဆရာ ချစ်ဦးညိုတို့နဲ့အတူ လာရောက် ဟောပြော ခဲ့တာ သတိရ ပါသေးတယ်။ မမနွဲ့ရဲ့ ၀တ္ထုစာအုပ်တွေက လူငယ်တွေကို လွှမ်းမိုးခဲ့ပါတယ်။ ကျမဆို စာအုပ်တအုပ်ဖတ်ပြီး လရောင်အောက်မှာ တညလုံး ဆင်းထိုင်မိခဲ့တယ် လို့ ပြောပြခဲ့တာကို မှတ်မိပါတယ်။ ဆရာ လယ်တွင်း သားစောချစ် ကတော့ “ငတ်မွတ်ခေါင်းပါးခြင်းက အိမ်ရှေ့တံခါးကို ခေါက်ရင် အချစ်က နောက်ဖေးပေါက်က ထွက်ပြေးသွားတယ်” တဲ့။ ဆရာ ချစ်ဦးညိုကတော့ ကဗျာလေးတပုဒ် ရွတ်ပြခဲ့တယ်။ “တိတ်ဆိတ် ငြိမ် သက်နေရာတကွက်ကို အသက်ပေးI ၀ယ်ရသည်” တဲ့။ ခေါင်းစဉ် ကတော့“သချိုံင်းကုန်း” တဲ့။ ကျမ မှတ် မိနေခဲ့ပါတယ်။

 မမနွဲ့ရဲ့ဘေးအခန်းမှာတော့ ဒေါ်မြင့်မြင့် ခင် ရှိပါ တယ်။သူ့ကိုတော့အရေးအခင်း ကာလမှာ စတင် သိခဲ့ရ တာပါ။ သူက ရန်ကုန်အဆေးရုံကြီး ၁၉/၂၀ အပေါ်ထပ် ကနေ စီမံ ခန့်ခွဲနေတာ ပါ။ ဒေါ်ခင်ခင်ဝင်း က နောက်အခန်းတခုမှာပါ။ ကျမကို မမနွဲ့နဲ့ အန်တီမြင်တော့ ဘာ စားချင်လဲ၊ အိမ်ကို မှာပေးမယ် လို့ ပြော ပါတယ်။ ဒါနဲ့ ကျမလည်း ပေါင်မုန့်အရှည်ကြီးကို နို့ဆီဆမ်းပြီး စားချင်တယ် လို့ ပြောလိုက် ပါ တယ်။ နောက် တပတ် ထောင်ဝင်စာမှာ ပါလာတော့ ကျမစားလိုက်တာ လက်သုံးလုံးလောက်ပဲ ကျန်တော့တယ်။ စိတ်ထဲမှာအရမ်း ကျေနပ်သွားမိ တယ်။

 နောက် လေး ရက်လောက်နေတော့ ထောင်ဝါဒါ ဒေါ်ခင်တင့် ကျမဆီ ကို လာတယ်။ “ကောင်မ နင် သူပုန် မ မှန်း မသိလို့ ဒီမှာ ထားတာ” ဆိုပြီး ပါးကို ရိုက်လိုက်တာ မျက်စိထဲမှာ ကြယ်တွေ လတွေ လက်သွားပြီး မီးပွင့် မတတ် ခံစား လိုက်ရတယ်။ ကျမ တိုက်ဘက်ကို မသွားရတော့ပါဘူး။ ဒီဘက် အဆောင် ၇ မှာ ဆေးခန်း ရှိပါ တယ်။ အဲဒီဘက်မှာ ထိုင်စောင့်ရပါတော့တယ်။ အဲဒီအချိန်မှာ ဇူလိုင်လအရေးအခင်းနဲ့ မြအေး ၀င်း၊ မြင့်မြင့် ဦး၊ဒေါ်ခင်မြင့်မြင့် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အင်းစိန်))၊မိုးမိုး (သုံးခွ)၊ သာကေတ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က ဒေါ်ခင်ခင်လွင်၊ ခင်ခင်မြ၊ တင်တင်ဆွေ၊ ဗမာပြည် ကွန်မြူနစ်ပါတီ က ကြည်လေး၊ မဆွေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကပဲ ဒေါ်တိုးတိုးတင်၊ ဒေါ်စောမြတ် မာ၊ ဒေါက်တာ အေးအေး ချို၊ ဒေါ်ပြုံးပြုံး တင်တို့လည်းရှိနေပါတယ်။ထောင်ကျဆောင်ကနှစ်ဆောင်ပါ။၇ ဆောင်နဲ့ ၈ ဆောင် ဖြစ်ပါတယ်။ ၈ ဆောင်က တိုက် နှစ်ထပ်၊ အပေါ်ထပ်မှာက နိုင်ငံရေးမှု၊ ချဲမှု၊ ဆေးမှု၊ လိမ်လည်မှုတွေ ထားပါ တယ်။ နိုင်ငံရေးမှုက လွဲရင် ရဲဘက် မသွားချင်၊ ထောင် မပြောင်းချင်တဲ့သူတွေက လိုင်း ၀င်ရတယ်။ လိုင်းဝင် တယ်ဆိုတာကတော့ လိုင်းကြေးငွေကိုထောင်ပိုင်ထောင်မှူးတွေဆီပေးပြီးနေကြတာကိုပြောတာပါ။ဆရာဝန်လဲပါတာပေါ့ လေ။
 ရောဂါမရှိဘဲနဲ့ ရောဂါ ရှိတယ်ဆိုပြီး လိမ်ပေးတာပေါ့။ ဒီခေတ်နဲ့ ဒီစနစ်အောက် မှာ ဒါမျိုးတွေက ကြီး ထွားနေ တာ အမှန်ပါဘဲ။
Burma Today မှကူးယူဖော်ပြသည်။

အတိတ်မှအရိပ်များ(၁၇)

အတိတ်မှအရိပ်များ(၁၇)

Saturday, April 14, 2012

ခင်စန်းနွယ်၊ ဧပြီ ၁၄ ရက်၊ ၂၀၁၄
ထမင်းစားချိန်ကျတော့ ထမင်းပန်းကန်မှာ ငါးပိစိမ်းစားပြဲပြဲ တဇွန်းကော်ထဲ့ထားပြီး ပဲဟင်း တဇွန်း လောင်း ထဲ့ပေးလိုက်တယ်။ ကျမလည်း ကြည့်ရတာ စိတ်ညစ်ညစ်နဲ့ စပါးလုံး ရွေးလိုက်တာ ဘုရားစူးစေတော့ စပါး လုံး ၆၄ လုံး ရပါတယ်။ ငါးပိစိမ်းစားကလဲ နံဟောင်နေတာပါဘဲ။ ပဲကလည်း ဆင်ခေါင်းပဲခေါ်တဲ့ ပဲပြူးပြူး မဲမဲကြီးတွေ ပါ။ ကျမလည်း စားချင်စိတ်မရှိတော့ မစားဘဲ ထိုင်နေမိပါတယ်။ ညနေကျတော့ ဟင်းနုနွယ်တွေ ကို အပင်လိုက် ခုတ်ပြီး အိုးထဲပစ်တဲ့ထားတဲ့ ဟင်းချို ပေါ့။ သူတို့ ထောင်အခေါ်ကတော့ တာလပေါဟင်း ပေါ့၊ ငါးပိစိမ်းစားတကော်နဲ့ ပေးပါတယ်။ ထမင်းလာပို့တဲ့ ထောင်ကျ အမျိုးသမီးလေးက “အမ ထမင်းလဲ မစားပါလား။ စိတ်မညစ်နဲ့၊ စားပါ” လို့ ပြောပြီး ကျမရဲ့မိလ္လာအင်တုံကို ယူသွားပြီး အပြင်ဘက်က စဥ့်အိုးကြီး ထဲသွားသွန်ပေးပါတယ်။ ထောင်ထဲမှာ အပတ်စဉ် ကြာသပတေးနေ့တိုင်း အသားဟင်း ကျွေးပါတယ်။ ပင် လယ်ငါးကြော်နဲ့ စပါးလုံးလေးတွေ စိမ်ပြေးတမ်းကစားပြီး ဖယ်လိုက်။ မှတ်မှတ်ရရ ထမင်း ၁၀ လုတ် စားဖြစ် ခဲ့တယ်။ ညနေ မိုးချုပ်တော့မှာကို ကျမ အလွန်ကြောက်မိပါတယ်။ ချမ်းတာက စိမ့်လာလို့ပါပဲ။

ကျမကို ရေချိုး လုံးဝမထုတ်ပါဘူး။ စကားလည်း မပြောကြပါဘူး။ မိလ္လာ သွန်ပေးတဲ့ ကလေးမလေး ကို မေး ကြည့်တော့ “အမကို စကားပြောရင် ပုံစံပြည့် ၃၅ ချက် အရိုက်ခံရမယ်” လို့ အမိန့်ထုတ်ထားကြောင်း သိခဲ့ရပါ တယ်။ ထောင်ဝါဒါ သက်သက်မွန်ဆိုတာက အလွန် ကြမ်းတမ်းပါတယ်။ အမျိုးသမီး အဆောင်တင် မက ဘူး၊ ယောင်္ကျားလေးဆောင်ပါ သူ့ကို လန့်ကြပါတယ်။ ဆဲတာဆိုတာကလည်း မကြားဝံ့မနာသာ ပါ။ သူက လည်းညဘက်ရောက်ရင်အခြောက်တိုက်လာပြီးကျမကိုကြိမ်းမောင်းပါတယ်။

“နင်က သူပုန်မ ဆို ကောင်းကောင်း နေ၊ မနေလို့ကတော့ ငါနဲ့ တွေ့မယ်” တဲ့။ ဒီလိုနဲ့ ၁၂ ရက်မြောက်နေ့မှာ
ကျမမနေနိုင်တော့ဘူး။ ထောင်မှူး သင်းသင်းအောင်ကို ရေချိုးဖို့ခွင့်တောင်းရတော့တယ်။ သူကလည်း ကိုယ် ၀န်ကြီးနဲ့ ၈ လလောက် ရှိမယ် ထင်တယ်။ တန်းစီးဖြစ်တဲ့ မကြူကို ခေါ်ပြီး “သူ့ကို ရေချိုးထုတ်လိုက်” လို့ အမိန့်ပေးပါတယ်။ ကျမက ရေလဲထမိန် မရှိဘူးဆိုတော့ အဆောင်ထဲက ထမိန်စုတ် တထည် တောင်းပေး ပါတယ်။ အုတ်ကန်ထဲက ရေကို ၁၀ ခွက် ချိုးခွင့်ပေးပါတယ်။ အင်္ကျီနဲ့ထမိန်ကို ရေနဲ့ ပွတ်လျှော်ပြီး ထောင်က စနေနေ့မှာ လာပေးတဲ့ ပုံစံဆပ်ပြာ လက်သန်းလုံးလောက်လေးနဲ့ ပွတ်ပြီး လျှော်လိုက်ပါတယ်။ အခန်း ထဲပြန်ရောက်တော့ သံတိုင်မှာ အ၀တ်လှမ်းပြီး နေ နေရတယ်။ အဲဒီညက လုံးဝ မအိပ်ခဲ့ရပါဘူး။

 နောက်တနေ့ ကြာသပတေးနေ့က ညွှန်မှူးတန်းစီတဲ့နေ့ ဖြစ်တော့ ကျမကို ဘာပြောစရာရှိသ လဲ လို့ မေး ပါတယ်။ “အရမ်း ချမ်းတယ်။ စောင် လိုချင်တယ်၊ အ၀တ်အစားလည်း မရှိဘူး” လို့ ပြောတော့ထောင်မှူးကို ပုံစံအင်္ကျီ၊ လုံချည် နဲ့ စောင်ထုတ်ပေးဘို့ ပြောပါတယ်။ ထောင်မှာက အချုပ်သားကို ပုံစံအင်္ကျီ၊ လုံချည်တို့ မပေးပါ ဘူး။ ထောင်ကျသွားမှသာ ပေးတာ။ ကျမကို စောင့်ကြည့်ရတဲ့ ၀ါဒါနံမည်က မနိုင်နိုင်ဦး တဲ့။ ချော တယ်၊ရုပ်ရှင်မင်းသမီး နှင်းဆီနဲ့ တူတယ်။ စိတ်ထားကောင်းပါတယ်။ ကျမကို ငါးကြော်ဝေတဲ့နေ့ကျရင် အချုပ် ကရုံးထုတ်ရာမှာလွတ်သွားတဲ့၊အာမခံရသွားတဲ့သူတွေအတွက်ခွဲတမ်းတွေပိုနေရင်တိုက်ထဲလာ၊ငါးကြော်တွေ အကုန် ပေးပြီး “မဗိုက် စားလိုက်” လို့ ပြောပြီး ထွက်သွားပါ တယ်။ နောက် တယောက် ကတော့ ထောင်ဝါဒါ မချို ပါ။ ညဘက် ညဘက် ဂျူတီစောင့်ချိန်ဆိုရင် ကျမအတွက် ထမင်းပိုထဲ့လာပြီး ငါးပိရည်၊ငရုပ်သီးစိမ်း၊ ပုဇွန်ခြောက်မှုန့်နဲ့ ဖြူးထားတာလေး အမြဲ ကျွေးပါတယ်။ ငတ်နေတော့ တော်တော်စား  လို့ ကောင်းပါတယ်။ တလလောက်ကြာတော့ ကျမနဲ့ တိုက်ချင်းနီးတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ သခင်ဇင် ရဲ့ဇနီးဒေါ်ကြည်ကြည် က ပေါင်မုန့်ထောပတ်သုတ်နဲ့ ငါးပိကြော်တွေကို ပလပ်စတစ်အိတ်ကလေးနဲ့ ပတ်ပြီး မိလ†ာသမားကနေ တဆင့် ပို့ပေးလာပါတယ်။

ဒီလိုနဲ့နေရင်းက သုံးလပြည့်ဖို့ တပတ်အလိုမှာ လှိုင်မြို့နယ် ဥပဒေ၀န်ထမ်း အမျိုးသမီးက ကျမ ကို ထောင် ဗူးဝရုံးခန်းထဲမှာခေါ်ပြီး ထောက်လှမ်းရေး ၇ မှာ စစ်ဆေး တုန်း ကအချက် အလက်တွေ ဖတ်ပြပြီး မှန်ကန်ကြောင်းလက်မှတ်ထိုးခိုင်းပါတယ်။ တပတ်ကြာပြီး သုံးလပြည့်တဲ့နေ့ မှာ ကျမနဲ့ ကိုထွန်းထွန်းဦးကို ရုံးထွက်ရမယ်ဆိုပြီး လက်ထိပ်ခတ်ပြီး အချုပ်ကားပြာကြီးနဲ့ ခေါ် သွား ပါ တယ်။ ထောင်ဗူးဝရှေ့မှာရှိတဲ့ စစ်ခုံရုံးမှာ တပ်မတော် ကြည်း၊ ရေ၊ လေက ဗိုလ်မှူးအဆင့်လောက်ရှိတဲ့လူ သုံးဦး ထိုင်နေပြီး ကျမတို့ ကို ရေ တပ်က ဗိုလ်မှူးကျော်ဆန်းလင်းက ကျောင်းသားတပ်မတော် ၇၀၁ ကိုတော ခို မှုအတွက် ၁၇/၁ ပုဒ်မ တပ်ပြီး အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၅ နှစ် အမိန့်ချမှတ်လိုက်ပါတယ်။ ဘာမှ စစ်ဆေးမေးမြန်းခြင်းလည်း မရှိပါဘူး။ သူတို့ရှေ့မှာရှိတဲ့ စာအိတ်တအိတ်ကို ဖောက်ပြီး ဖတ်ပြတာပါ။ ကျမတို့ဘေးမှာလည်း ရဲဝတ်စုံနဲ့ လက်နက် ကိုင် ၁၅ ယောက်လောက် စောင့်နေပါတယ်။ ကျမတို့ ဗဟန်း နယ်မြေက စစ်ထောက်လှမ်းရေး စိုးမြင့်လည်း ရှိပါတယ်။ တရားလိုကတော့ သတင်းတပ်ဖွဲ့(SB) က မြင့်အေးပါ။ ပြီးတော့ကျမကို အချုပ် ခန်း ပြန် ပို့ပါ တယ်။ ပြန်လာပို့ချိန် မှာ ထောင်မှူးအမျိုးသမီး က ထောက် လှမ်းရေးတွေ ကို လှမ်းမေးပါတယ်၊ “ထောင် ကျဆောင် ပို့လိုက်ရမလား” တဲ့။ သူက သတင်းတပ်ဖွဲ့ (SB) မှာ လက်မှတ် မထိုးရသေးဘူးလို့ ပြောပါတယ်။ အဲဒီနေ့က ခိုးမှုနဲ့ အချုပ်ခံထားရတဲ့ ဆင်မလိုက်လို့ နံမည်ပြောင် အခေါ်ခံရတဲ့ ၀၀ဖိုင့်ဖိုင့် အမျိုးသမီး တယောက် ကျမကို စကားလာပြောလို့ အကြီးအကျယ် အရိုက်ခံရတယ်။ ကျမ စိတ် တော်တော် မချမ်းမ သာ ဖြစ်ရပြန်တယ်။ အရေးအခင်းတုန်းက ခေါင်းဖြတ်သတ်မှုအတွက် အဖမ်းခံရတဲ့မချူး ကကြိုးတိုက် မှာသေဒဏ်ကျနေတယ်။ လားရှိုးမြို့မီးသတ်ဌာနက အုပ်ချုပ်ရေးမှူး ဒေါ်မြသူ လည်း သေဒဏ် ပါ။ (ထောင် ထဲမှာပဲ ရောဂါနဲ့ သေဆုံးသွားပါတယ်)။ဒေါ်ညွန့် (သေဒဏ်)၊ သူက သင်္ကန်း ကျွန်းမြို့နယ်က ပါ။ ကျမ စိတ်အားတော့ မငယ်ပါဘူး။ ဒါပေမယ့် ထောင်ထဲမှာ ၅ နှစ် နေရမယ်ဆိုတဲ့ အသိနဲ့ ကလေးမီးဖွားရမယ့် ကိစ္စတွေကို စဉ်းစားရင်း ရင်ထဲမှာ မောလာပြီး ခေါင်းက သန်းတွေကလည်းယားတာနဲ့ စိတ်ပျက်လက်ပျက် ထိုင် ငိုင်နေမိပါတယ်။ သုံးလပြည့်တဲ့နေ့မှာ ကျမကို အချုပ်ဆောင်တိုက်ကနေပြီး သတင်းတပ်ဖွဲ့ (SB) က ရဲအရာရှိနှစ်ယောက် လာခေါ်ပြီး ထောင်ကျဆောင် (၇/၈) ကို ရွှေ့လိုက်ပါ တယ်။ ထောင်ကျဆောင် ရဲ့ထောင်မှူးဒေါ်အေးအေးသန်း (ရေမှာ မြွေပွေး၊ ကုန်းမှာ စိန်ဋ္ဌေးလို့ နည်မည်ကြီး တဲ့ ထောင်ပိုင်ကြီး စိန်ဋ္ဌေး ရဲ့သမီးပါ) ဒါပေမယ့် သူဟာ အလွန်ထူးခြားပါတယ်။ သူ့ရဲ့အပြုံးနဲ့ လူတဖက်သား ကို စိတ်ချမ်းသာစေ တဲ့ အပြင် ကြင်နာတတ်တဲ့ မျက်ဝန်းကလေးက ဂရုဏာကို ပုံဖော်နေပါတယ်။ ကျမကို ဆက်ဆံတာလဲ အတော့် ကို ကောင်းပါတယ်။ နှိမ့်ချတဲ့ အပြောအဆိုမျိုး လုံးဝ မရှိပါဘူး။ ဒေါ်အေးအေးသန်းရဲ့ ရုံးရှေ့မှာ ထိုင်စောင့်ရ ပါတယ်။ ကျမကို ရုံးခန်းထဲခေါ်ပြီး ကိုယ်အမှတ်အသား၊ မျက်နှာပါ အမှတ်အသားကို စစ်ဆေးပြီးနောက် လက်ခံလိုက်ပါတယ်။ကိုယ်ဝန်ကြီးနဲ့ဆိုတော့ကျမကိုအောက်ထပ်ဘုရားခန်းရှေ့မှာနေရာချပေးပါတယ်။ အောက် ထပ်မှာက ကလေးအမေတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကျန်းမာရေးမကောင်းတဲ့ သူတွေကို ထားတာ ပါ။

 ထောင်အခန်းထဲအ၀င်မှာ လာကြိုတာက လှိုင်လှိုင်မြင့် (ရကသ) နဲ့ မ၀ီ (ခ) မငွေသန်း (KNU) တို့က လာခေါ်ပြီး ပလပ်စတစ်ခွက်၊ ပန်းကန်၊ ဇွန်းတွေ ပေးပါတယ်။ ဒေါ်မိကခေါ်ပြီး ထမင်း ကျွေးပါ တယ်။ သူက KNUကို ကျောင်းသားတွေပို့ပေးလို့ထောင်၈ နှစ်ကျနေတဲ့သာကေတမြို့နယ်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပါ။ အားလုံးကလည်း သူတို့မှာရှိတဲ့ ငါးပိကြော်၊ ငါးခြောက်ကြော်တွေနဲ့ ထမင်း လည်း ကျွေး ပါတယ်။ လှိုင်လှိုင်မြင့်က ပုဒ်မ ၁၇ နဲ့ ၄ နှစ်၊ မ၀ိက ၈ နှစ်၊ (၁၇/၁)ပုဒ်မနဲ့ဘဲ လို့ ပြောပါတယ်။ ပြီးတဲ့အခါ ကျတော့ အပေါ်ထပ်က (၅/ည) ပုဒ်မတွေနဲ့ ထောင်ကျနေတဲ့ လှလှထွေး (ခ) ဘဲရှုပ် (နော်ဝေ)၊ ခင်စန္ဒာမင်း (ရွှီး) (အခုတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရလွှတ်တော် အမတ် ဖြစ်နေ ပါပြီ) ၊ မြအေးဝင်းတို့၊ ခင်ဌေး ရီ (ခေါ်) မတူး (တသက်တကျွန်း)၊ အများကြီးပဲ ရောက်လာကြပြီး ကျမခေါင်းကို ဘီးတွေနဲ့ ဖြီး၊ သန်းတွေ ၀ိုင်းရှာပေးကြပါတာ သန်းအကောင် ၃၀၀ ကျော်တောင်မှပါ ပဲ။ ကျမလည်း နည်း နည်းတော့အား ရှိသွားခဲ့ ပါ တယ်။ အဲဒီအချိန်မှာ ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ အာဇာနည်နေ့မှာ ချီတက်ခဲ့လို့ စစ်တပ် က ဖမ်းဆီး ရိုက်နှက်ခံ ခဲ့ရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်တွေ များပါတယ်။ ကျမ မှတ်မိ သလောက် ပြန် ပြောရ ရင်တော့ ဒေါက်တာ တိုးတိုးတင်၊ မစောမြတ်မာ၊ ဒေါက်တာ အေးအေးချို၊ အန်တီလွင်၊ အင်းစိန်မြို့နယ် က ဒေါ်ခင်မြင့်မြင့်၊ မိုးမိုး (သုံးခွ)၊ မြင့်မြင့်ဦးတို့ပါ ပဲ။နောက်နေ့မှာတော့ အဖွားဒေါ်ခင်ရီ (ဗိုလ်စက်ရောင်ဇနီး) နဲ့ သမီးမခင်နှင်းရီတို့က ကျမကို နေ့တိုင်း ထမင်း အတူစားပါလို့ ပြောပါတယ်။ အဖွား ကျွေးခဲ့တဲ့ ပဲတီချဉ်လေး ကိုဒီနေ့အထိမမေ့နိုင်သေးပါ။ဟိုတလောကအဖွားဒေါ်ခင်ရီကွယ်လွန်တဲ့သတင်းကြားရတော့စိတ်မကောင်းဖြစ် မိပါတယ်။ 

Saturday, July 28, 2012

တစ္ဆေကြီး သုံးကောင်ပါ တဲ့ ဇာတ်လမ်း

တစ္ဆေကြီး သုံးကောင်ပါ တဲ့ ဇာတ်လမ်း

by Kyaw Gyi AB on Saturday, March 24, 2012 at 3:03am ·
အတိတ်မှ အရိပ်များ (၉)

ခင်စန်းနွယ်၊ ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၁၂


ဧပြီလ ၂၃ ရက်နေ့မှာ ကျမကို ရဲသတင်းတပ်ဖွဲ့က ကားနဲ့ လာခေါ်ပါတယ်။ အင်းစိန်ထောင်ဗူးဝ ရောက်တော့ အရှေ့ဘက်မှာရှိတဲ့ တိုက်ပုကလေးတွေနေရာမှာ ကျမကို ထားခဲ့ပါတယ်။ မနက် ၁၀ နာရီလောက်မှာ အချုပ်ကားကြီး ထွက်လာတာ တွေ့ရတယ်။ လူတွေ ဆင်းလာပြီး အနောက်ပေါက်ကနေ တရားရုံးထဲကို သွင်းလာတာ တွေ့ရတယ်။ တအုပ်စုက ၇ ယောက်၊ တအုပ်စုက ၈ ယောက် ပါ။ ကိုဇာနည်အဒေါ်နဲ့ အမကလည်း သူ့သမီးနဲ့အတူ ထမင်းချိုင့်လေးနဲ့လာပြီး စောင့်နေရှာပါတယ်။ မကြာမီမှာ ကျမတို့အပြင်ကစောင့်နေတဲ့ မိသားစုတွေကို ၀င်ခွင့်ပြုပါတယ်။ ဒါနဲ့ ကျမတို့ အထဲကို ၀င်ပြီး ခုံတန်းပေါ်မှာ ထိုင်လိုက်ကြတယ်။ ကိုဇာနည်တို့အုပ်စုကို တရားခံနေရာမှာ ထိုင်ခိုင်းတာ တွေ့ရတယ်။ ကျမ ကိုဇာနည်ကို ကြည့်လိုက်တော့ အရမ်းအံ့သြမိတယ်။ ကိုဇာနည်က နှာတံပေါ်ပေါ်၊ မဟာနဖူးနဲ့ မျက်ခုံးကတန်းတန်း၊ မျက်နှာကတော့ လေးထောင့်မကျတကျ သွယ်သွယ်လေး ပါ။ ၀တ်လိုက်ရင်လည်း စတစ်ကော်လံ လည်ကတုံးနဲ့ ကချင်ပုဆိုးနဲ့ အင်မတန် ကျက်သရေရှိပြီး ရုပ်ရှင်မင်းသား လင်းထင်နဲ့ ဆင်တူပါတယ်။ ဒီလိုလူတယောက်ကို ဘယ်လောက်ထိ နှိပ်စက်ထားသလဲဆိုရင် မျက်နှာကြီးက နံပြားလို ဖြစ်နေပြီး အဖုအပိမ့်တွေနဲ့လည်း ဖြစ်နေတဲ့အပြင် ကိုယ်ကြီးက ကိုင်းနေကာ မျက်စေ့ကလည်း ဘာကိုမှ မမြင်သလို ဖြစ်နေတယ်။ ဖွဲအိတ်ကြီးတခု ထောင်ထားသလို ဖြစ်နေတယ်။ ခါးဆစ်ပိုင်း ရိုက်နှက်ထားလို့လဲ လမ်းလျှောက်တာာ တွဲလာတာ တွေ့ရပါတယ်။ သူ့ပုံစံ ကြည့်ရတာ တော်တော် နှိပ်စက်ခံထားရတယ်ဆိုတာ ထင်ရှားနေပါတယ်။ ကျမကြည့်ရင်း မျက်ရည်လည်မိပါတယ်။ ကျမစိတ်တင်းပြီး သူ့အတွက် အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မကြာခင်မှာပဲ တရားစစ်ဆေးဘို့ စတော့မှာဖြစ်လို့ တရားသူကြီး ၀င်လာပါတယ်။ ရုံးကတော့ အထူးခုံရုံးဆိုတာ သိထားပါတယ်။ ကိုဇာနည်ဘက်က ရှေ့နေက ဦးခင်မောင်လတ် တို့သားအဖ ပါ၊ အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်ရဲ့သားမက် ပါ။ ဒီလိုနဲ့ သက်သေနှစ်ဦး စစ်ပြီးသွားတော့ ကျမအလှည့် ရောက်ပါတယ်။ ကျမကို ရဲ သတင်းတပ်ဖွဲ့ (SB) ကိုမြင့်အေးက မေးခွန်းမေးပါတယ်။ “ကာဘိုင်တလက်သုံးထောင်နဲ့ ငါးလက်အတွက် တသောင်းခွဲကို ဦးနုက ပိုက်ဆံပေးတယ်။ ကိုဇာနည်က ၀ယ်ဖို့ တာဝန်ယူတယ်။ ဒီအချိန်မှာ ခင်ဗျားအနားမှာ ရှိတယ်။ အဲဒါကို မြင်တယ် သိတယ် မဟုတ်လား” လို့ မေးပါတယ်။ ကျမက “မဟုတ်ပါဘူး။ ကြည်း၊ ရေ၊ လေအဖွဲ့တွေ ပြည်သူဖက်ကိုပါလာလို့ ကိုဇာနည်ကို ရိက္ခာဝယ်ဖို့ ပေးတာပါ” လို့ ထွက်ဆိုလိုက်ပါတယ်။ တရားခွင် ခဏနားတော့ ကိုမြင့်အေးက ကျမဆီလာပြီး စားပွဲခုံကို လက်သီးနဲ့ထုကာ “ခင်ဗျား လိမ်ထွက်ပေမယ့် ကျုပ်က သူ့ကို လွှတ်မပေးဘူး၊ ထောင်ချမယ်။ အဲဒီကောင်ကို ထမင်းမကျွေး နဲ့ ထောင်ထဲ ပြန်ပို့လိုက်” လို့ ပြောပါတယ်။ ခင်ဗျားလည်း သတိကောင်းကောင်းထားလို့ ကြိမ်း မောင်းပြီး ကျမကို ပြန်ခိုင်းလိုက်ပါတယ်။ ကိုဇာနည်ကို ထောင်ဒဏ် (၃) နှစ် ချလိုက်ကြောင်း သိ ရတယ်။ ကိုဇာနည်ဟာထောင်ထဲမှာ လုံးဝ လမ်းမလျှောက်နိုင်ဘဲ ပက်လက်နေခဲ့ရရှာပါတယ်။ ထောင်ဆေးရုံမှာ ၀မ်းတွေသွားတော့ ကိုယ်တိုင်လည်း မလုပ်နိုင်၊ လုပ်ပေးမယ့်သူလည်းမရှိနဲ့ ဆင်းရဲတွင်းနက်နေရပါတယ်။ ၁၉၉၀ခုနှစ်မှာ ထောင်ဆူတော့ ကိုဇာနည် ပါဝင် ပတ်သက်တယ်ဆိုပြီး သာယာဝတီထောင်ကို ပို့လိုက်တယ်။ သာယာဝတီထောင်မှာ ခြောက်လလောက်ကြာတော့ ကိုဇာနည်ဟာ လေဖြတ်သလိုဖြစ်ပြီး စကားလည်း လုံးဝ မပြောနိုင်တော့ဘူး။ သာယာဝတီဆေးရုံကို တင်လိုက်တယ်။ ဆရာဝန်က ဒီမှာကုသဖို့ အခြေအနေမပေးဘူး ဆိုပြီး ရန်ကုန်ဆေးရုံကြီးကိုပို့ဘို့ မှတ်ချက်ပေးတာကြောင့် ရန်ကုန်ဆေးရုံကြီးကို ပြောင်းပေးလိုက်ပါတယ်။ ထောက်လှမ်းရေးက ကိုဇာနည်ကို ရန်ကုန်ဆေးရုံကြီးကနေ အိမ်ပြန်ခွင့်ပြုလိုက်တာကြောင့် အမေ အဖေနဲ့ သမားတော်တွေအပြင် မြန်မာဆေးဆရာတွေနဲ့ပါ ဂရုစိုက်ပြီး ကုသလို့ အသက်မသေပဲရှိနေပေမယ့် အခုချိန်အထိ လမ်းမလျှောက်နိုင်ပါဘူး။ ခါးဆစ်ရိုးနဲ့ အာရုံကြော ထိခိုက်သွားတယ်လို့ သိရတယ်။ သူ့ကို ထောက်လှမ်းရေးက အမြဲတမ်း စောင့်ကြည့်နေပါတယ်။ ကိုဇာနည်ရဲ့ အတွေးအခေါ်တွေ၊ ဒဿနတွေဟာ သိပ်ပြီးကောင်းတာကြောင့် တိုင်းပြည်အတွက် အကျိုးများလှပါတယ်။ သူ့ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အလွန်ပင် လေးစားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် အကျယ်ချုပ်မှ လွတ်မြောက်လာတော့ ပထမဆုံး တွေ့ချင်သူတွေထဲမှာ ကိုဇာနည်လည်း ပါဝင်ခဲ့ပါတယ်။ သူ့ကို လူနာတင်ကဒ်နဲ့ တင်ခေါ်ပြီး တက္ကသိုလ်ရိပ်သာလမ်းထဲကျမှ ဘီးတပ်ကုလားထိုင် (Wheel Chair) ပေါ် ထိုင်ခိုင်းရပါတယ်။ ထိုင်ရင်လည်း သားရေအမာကြီးကို ရင်ဘတ်နဲ့ကျောမှာ ကပ်ချည်ထားမှ ထိုင်လို့ ရပါတယ်။ ကျမတို့ ထောင်ထဲမှာရှိစဉ်ကလည်း ကိုဇာနည်က လွတ်ပြီး ၁၉၉၂ မှာ ကုလသမဂ္ဂ လူအခွင့်အရေးကိုယ်စားလှယ် မစ္စတာ ယိုကိုတာက ကိုဇာနည်ကို တွေ့ချင်ကြောင်း မေးမြန်းလို့ ထောင်လှမ်းရေး ၆ က ကိုဇာနည်ဆီလာပြီး ကဒ်နဲ့ချည် ဖမ်းဆီးခေါ်သွားပါတယ်။ ယိုကိုတာ သိသွားပြီး မတွေ့တော့ပါဘူး၊ ပြန်ပါတော့မယ်လို့ ပြောတော့မှ ၁၄ ရက်မြောက်နေ့မှာ ပြန် ပို့ပေးခဲ့ပါတယ်။ ကိုဇာနည့်အကြောင်းကနေ မူလဖြစ်စဉ်ကို ပြန်လည် ပြောပြလိုပါတယ်။ အဲဒီအချိန်မှာ ကိုမိုးသီးဇွန်ကလည်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ထောင်နေပြီ။ လှည်းတန်းလမ်း၊ မော်တင်မှာ ဖွင့်ထားတဲ့ လူ့ဘောင်သစ်ပါတီရုံးကို ကျမ ရောက်သွားခဲ့ပြီး ထိုင်းနိုင်ငံမှာ ရနောင်းမြို့မှာ ကိုမောင်မောင်ကျော်ကို ကေအင်ယူ ဗကအုန်းသွင်က လိုက်လံဖမ်းဆီးနေတယ်။ အဲဒီအနWရာယ်ကြောင့် မဲဆောက်ဘက်ကို ထွက်သွားတယ်လို့ သိခဲ့ရကြောင်းနဲ့ စာကို ဘန်ကောက်မြို့တက်မယ့် မခင်ဥမ္မာနဲ့ ဇော်ဇော်တို့ကို ပေးလိုက်ကြောင်း ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ကျမ တရားရုံးသွားရတဲ့အကြောင်းတွေ သူ့ကို ပြောပြလိုက်ပါတယ်။ ကျမတို့ လုပ်နေတဲ့ စီမံကိန်းမှာ သူလည်း ပါဝင်တာမို့ ကျမကို သူ အလွန်ပဲ စိတ်ပူသွားပါတယ်။ သူကလည်း “ကျနော်လည်း အခြေအနေအရ ပါတီလုပ်နေရပေမယ့် မကြာခင် ကျနော် ပြေးရမယ်လို့ ထင်တယ်” လို့ ပြောပါတယ်။ ကျမကိုသူက အိန္ဒိယဘက်ကို ပြေးစေချင်ပါတယ်။ လမ်းကြောင်းနှစ်ခုလည်း ပေးလိုက်ပါတယ်။ ဒါနဲ့ ကျမလည်း အိမ်ပြန်လာပြီး ကိုထွန်းထွန်းဦးနဲ့ ချစ်ကိုကိုတို့ကို တိုင်ပင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုန်သွယ်ရေးလက်နက်တွေ ဖွက်ထားတဲ့ သုံးနေရာလုံးကို ကျမ သိနေတယ်။ ပြီးတော့ ကျမတို့ရဲ့စီမံကိန်းက လူကြီးတွေ ပါဝင်တဲ့အတွက် မိခဲ့ရင် ကျမ အနှိပ်စက်ခံရရင် ဖော်ထုတ်မိမှာ စိုးရိမ်နေကြတာပါ။ ဒီကြားထဲ မြိတ်မြို့ ၀တ်တိုက်ကျောင်းက ဦးကေသရ ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်ကြောင်း ပြောတာကြောင့် ကျမက ဒေါ်အောင်ဆန်းစုကြည်အိမ်ကို လိုက်ပို့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဆိုဖာပေါ်မှာ ဦးကေသရကို သီတင်းသုံးခိုင်းပြီး သူက အောက်မှာထိုင်ကာ ကန်တော့ပါတယ်။ ဦးကေသရက “ဒကာမကြီး ဘုန်းကြီး ခွင့်ပြုပါတယ်” လို့ဆိုမှ ခပ်လှမ်းလှမ်းက ဆိုဖာမှာထိုင်ပြီး စကားပြော ကြပါတယ်။ “တိုင်းပြည်ရဲ့အခြေအနေတွေ သိထားပြီဆိုတော့ ဒကာမကြီး ဘာ ဆက်လုပ်မလဲ” လို့မေးတော့ “တပည့်တော်မက ဒီလူထုရဲ့အားကိုယူပြီး ပါတီ ထောင်မယ်၊ နိုင်ငံရေးနည်းအရ တပည့်တော်ဆက်ပြီး လှုပ်ရှားမယ်၊ ဒီမိုကရေစီနိုင်ငံတော် ဖြစ်အောင်လုပ်မှ တပည့်တော်တို့နိုင်ငံ အဆင်ပြေမယ်“ လို့ လျှောက်ထားပါတယ်။ ဒါ့အပြင် ဆရာတော်နဲ့အရေးကြီးတဲ့ကိစ္စတွေ အများကြီး ဆွေးနွေးတာ ကြားခဲ့ရပါတယ်။ စကားပြောပြီးတော့ ကျမတို့ပြန်ဖို့ ပြင်ဆင်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က လက်နှိပ်စက် ကို မ, ရင်း ကျမကို “ကျမ ပါတီထောင်မယ်၊ ပါဝင်ပြီး ကူညီပါလား” လို့ ပြောပါတယ်။ ကျမက “အမကို လေးစားပါတယ်။ ကျမ ပါတီနိုင်ငံရေး မကြိုက်ဘူး။ လက်နက်ကိုင်ပြီး ပြန် တိုက်ဖို့ဘဲ ဆုံးဖြတ်ထားတယ်” လို့ ပြန်ပြောခဲ့ပါတယ်။ ကျမက ဆရာတော်ဦးကေသရကို အိမ်ကို ပင့်လာပါတယ်။ ဒီလိုနဲ့ ရန်ကုန်မြို့မှာ အခြေအနေတွေက တဖြေးဖြေး ဆိုးလာနေပါပြီ။ ဖမ်းဆီးမှုတွေကို အမြဲ ကြားနေရပါတယ်။ ကိုဇာနည်ကိုလည်း ထောင် သုံးနှစ် ချလိုက်ပါတယ်။ ကျမ ရင်ထဲမှာ တော် တော်လေး ခံစားရပါတယ်။ ဒါနဲ့ ကျမလည်း အခြေအနေကြည့်နေတုန်း ကျမတို့ရပ်ကွက်မှာနေတဲ့ တပ်ကြပ်ကြီးတင်မောင်ဝင်းကို အရေးအခင်းကာလတုံးက ဖမ်းမိပြီး ညောင်တုန်းကျောင်းတိုက်မှာ စစ်ဆေး မေးမြန်းပြီး ပြန်လွှတ်တော့ ကားပေါ်ကို လိုက်တင်ပေးလိုက်ပါတယ်။ အဲဒီအချိန်မှာ ကိုသောင်းစိန် ရဲ့ညီ တုတ်ပေါဆိုတဲ့ကလေးက တင်မောင်ဝင်းရဲ့ကျောကို ပုတ်ပြီး ငါ့နံမည် တုတ်ပေါလမှတ်ထား ဆိုပြီး နောက်ပြောင်လိုက်တာ မကြာမီမှာပဲ အဲဒီကလေးကိုလည်း ဖမ်းခေါ်သွားပါတယ်။ သူက ၁၉ နှစ် ပဲ ရှိပါသေးတယ်။ နောက်ပိုင်း ရဲဘက်စခန်းမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။ အကြောင်းစုံ သိချင်ရင် ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မှာ သူ့ရဲ့အဒေါ် ဒေါ်အေးကြည် ရှိပါတယ်။ မေးကြည့်နိုင်ပါတယ်။ ကျမလည်း စိတ်မကောင်း တော်တော်ဖြစ်မိပါတယ်။ ကျမတို့ ရဟန်း ရှင်လူ ကျောင်းသားပြည်သူတွေဟာ ခွင့်လွှတ်တတ်သလောက် သူတို့ (စစ်တပ်) ဖက်က ပြတ်ပြတ်သားသား ခြေမှုန်းတယ်ဆိုတာကတော့ ထင်ရှားနေပါတယ်။ ဒါကြောင့် တခုခုကို ဆုံးဖြတ်ချက်ချမှ ဖြစ်မယ်လို့ စဉ်းစားမိပါတယ်။ ကျမတို့သူငယ်ချင်းတစု ရွှေတိဂုံဘုရားပေါ်မှာ အင်္ဂါနေ့ပြန်ဆုံကြဘို့ ချိန်းခဲ့ကြပြီး လူစု ခွဲလိုက်ပါတယ်။ အင်္ဂါနေ့ရောက်တော့ ချစ်ကို၊ ဒေ၀ရှင်၊ ၀ဏ္ဏရှင် (ခ) ကျော်လင်း ၊ဇော်မင်း (၁)၊ ဇော်မင်း (၂)၊ ကိုထွန်းထွန်းဦး၊ တူးမာ၊ မင်းရန်အောင်ထွန်း၊ ဘိုဘို၊ စိုးထက်ခိုင်၊ ကိုထွန်းဝင်းသန်း၊ ကျော်ဝဏ္ဏ၊ မျိုးသန့်၊ ညီညီ၊ ၀င်းလွင်ဦးတို့အားလုံးနီးပါး ရောက်လာကြပါတယ်။ ရွှေတိဂုံစေတီတော်မြတ်ဟာ ခါတိုင်းထက်ပိုပြီး ကြည်ညိုစရာကောင်းလောက်အောင် သပ္ပါယ်နေပါတော့တယ်။ စေတီတော်မြတ်ရဲ့ရွှေအဆင်းဟာ နေရောင်နဲ့အတူ ၀င်းလက်ဖြာထွက်နေပါတယ်။ ကျမတို့သူငယ်ချင်းတစု ပန်းအိုးတွေကို တိုက်ချွတ် ဆေးကြော သန့်စင်ကြတဲ့အပြင် ဂြိုဟ်တိုင်တွေကိုပါ သန့်စင်ကြရင်း ကုသိုလ်ယူကြပါတယ်။ အားလုံးပြီးတော့ အောင်သစ္စာ အင်္ဂါသန့်ရှင်းရေးအသင်း တန်ဆောင်းမှာ ခါတိုင်းလို ဘုရားဝတ်တက်တာ မလုပ်တော့ဘဲ ပခေါယှိဘုရားနောက်ဖက် သရက်ပင်အောက်မှာ ထိုင်ကြပြီး ဆွေးနွေးဖြစ်ကြပါတယ်။ ဥက္ကဋ္ဌဘိုဘိုက အရင် စပြီး ပြောတာကတော့ သူက ပါတီနိုင်ငံရေး သဘောကျတယ် တဲ့။ အဲန်အယ်ဒီ ပါတီထဲမှာ ၀င်ပြီး လုပ်မယ်။ တပ်ဦးက အခုအချိန်မှာ လှုပ်ရှားလို့ မရတော့ဘူး။ လှုပ်ရှားရင် အားလုံး အဖမ်းခံကြရတော့မယ် တဲ့။ သူနဲ့အတူပါတီမှာ ၀င်လုပ်ဖို့ ဘယ်သူ စာရင်းပေးမလဲလို့ မေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘဘဦးကြည်မောင်က ခေါ်တယ်လို့ ပြောပါတယ်။ အားလုံးက ချက်ခြင်း အဖြေမပေးနိုင်ကြသေးပဲ သရက်ပင်အောက်ကနေ ရွှေတိဂုံစေတီရင်ပြင်ဘက်ဆီ မျှော်ကြည့်နေကြတာ တွေ့ရပါတယ်။ ကျမကတော့ ကိုသီဟနဲ့ ကိုထွန်းထွန်းတို့အုပ်စု ရွှေတိဂုံရင်ပြင်ပေါ်မှာ ရိုက်နှက်ခံရပြီး လူစုခွဲတဲ့မြင်ကွင်းကို မြင်ယောင်နေမိတယ်။ ရွှေဂုံတိုင်မှာ အသတ်ခံကြရတာတွေ၊ မြေနီကုန်းမှာ အရိုက်ခံကြရတာတွေ၊ ရွှေတိဂုံမှာ ကျမတို့အဖမ်းခံခဲ့ရတာတွေ တွေးလာမိတော့ ကျမ ချက်ခြင်းဘဲ ဆုံးဖြတ်ချက်တခု ချလိုက်မိတယ်။ “ဥက္ကဋ္ဌရေ၊ ကျမကတော့ တောခိုဖို့ ဆုံးဖြတ်လိုက်ပြီ။ ပါတီနိုင်ငံရေး ကျမ စိတ်မ၀င်စားဘူး။ သူတို့ကို မယုံကြည်ဘူး။ ဒီမိုကရေစီလည်း ပေးမှာမဟုတ်ဘူး။ ဒါကြောင့် ကျမလက်နက်ကိုင်တဲ့ လမ်းစဉ်နောက် လိုက်မယ်” လို့ ပြောလိုက်တယ်။ ကိုဘိုဘိုက “ဒါဆိုရင် ကျနော်တို့ ဒီမိုကရေစီတပ်ဦးအနေနဲ့ လုပ်သွားမယ်။ လိုက်ချင်တဲ့သူလဲ လိုက်နိုင်တယ်။ ဒါပေမယ့် အရေးကြီးတာကတော့ သစ္စာ မဖောက်ကြပါနဲ့၊ အချင်းချင်း ရိုင်းပင်း ကူညီပြီး စိတ်ကို အရောင်မဆိုးကြပါနဲ့” လို့ ဆုံးမစကား ပြောပါတယ်။ ကျမနောက်ကို ကိုထွန်းထွန်းဦး၊ ညီညီတို့ လိုက်မယ်လို့ ဂတိပေးခဲ့ပါတယ်။ ကျမတို့အားလုံး အရှေ့ဘက်မုခ်ကဆင်းခဲ့ကြပြီး ကြားတောရလမ်းက ရခိုင်မုန့်တီဆိုင်မှာ မုန့်တီ ၀င်စားကြတယ်။ ပြီးတော့ ဗိုလ်ကြီးဘထွန်းရဲ့အအေးဆိုင်မှာ အအေးသောက်ကြပြီး တသက်တာ လမ်းခွဲခဲ့ကြရပါတော့တယ်။ အဲဒီနေ့ကလေးကိုတော့ ဘယ်တော့မှ မမေ့နိုင်တော့ပါဘူး။ အခုချိန်ထိ လွမ်းမော တမ်းတနေမိတော့တယ်။


အတိတ်မှ အရိပ်များ (၁၀)

ခင်စန်းနွယ်၊ မတ် ၂ ရက်၊ ၂၀၁၂

ကျမက အရေးအကြီးဆုံးဖြစ်တဲ့ ဆရာတော် ဦးခေမာစာရကိုရှာဖွေရာ ထိုင်းနိုင်ငံဘက်ကို ထွက်သွားကြောင်း သိရတယ်။ ဒေါ်နုနုအေးကလည်း ကျမကို လိုက်မလားလို့ မေးပါတယ်။ကျမက “ထိုင်းကို သွားနှင့်ပါ။ နောက်မှလိုက်လာမယ်” လို့ ပြောလိုက်ပါတယ်။ ကျမစိတ်အပူဆုံးကိစ္စတခုဖြစ်တဲ့ ရေတပ်သားတွေအတွက်ပါဘဲ။ ဒါနဲ့ကျမ ဦးမောင်ကို (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ အလုပ်သမားရေးရာ ဗဟိုဦးစီးနှင့် တနင်္သာရီတိုင်း စည်းရုံးရေှးမှူး) ဆီသွားပြီး အခြေအနေမေးတော့ ဦးကိုက “မနွယ်ရေ စိတ်မပူနဲ့ အန်ကယ်ဦးတင်ဦး ကြည့်လုပ်လိုက်ပြီ။ မနွယ်မှာတဲ့အတိုင်း ကျနော် ပြောထားတယ်” လို့ ပြောပါတယ်။ သူက ဆက်ပြီး “ကျနော် အင်အယ်ဒီပါတီထဲမှာဝင်ပြီး လှုပ်ရှားမယ်” တဲ့။ ကျမက “ဦးကို သတိလည်းထားနော်” လို့ ပြောခဲ့တယ်။ ဒါကတော့ သူနဲ့ကျမ နောက်ဆုံးတွေ့ခြင်းဆိုတာ မသိခဲ့ရပါဘူး။ ကျမက ဘဘနုနဲ့ ဗိုလ်မှူးအောင်တို့ဆီ သွားရောက်ပြီး အခြေအနေများကို ရှင်းပြကာ ဂါရ၀ပြု နှုတ်ဆက်ခဲ့ပါတယ်။ ၄င်းတို့က ရေတပ်က ၁၁ ယောက် တိမ်းရှောင်ဘို့ လိုအပ်နေကြောင်း၊ ယခုလောလောဆယ် ဇရပ်ကွင်းက ပြည်ချစ်ပါတီမှ ဗိုလ်ကြီးဟောင်း ဦးဆင့်ထံမှာ ပုန်းခိုနေကြောင်း၊ သူတို့ရဲ့ ဆန္ဒကိုလည်း မေးပြီး လိုက်မယ်ဆိုရင် တပါတည်း ခေါ်ဆောင်သွားဘို့ တာဝန်ပေးပါတယ်။ ကျမလည်း သားသမီးတွေအတွက် ဆွေမျိုးများနှင့်တိုင်ပင် စီစဉ်ပြီး စရိတ်စကအတွက် လက်ဝတ်လက်စားအချို့ကို ထုခွဲ ရောင်းချလိုက်ပါတယ်။ ကျမတို့သုံးယောက် မန္တလေးမြို့ကို စတင် ထွက်ခွါလာခဲ့ကြပါတယ်။ မန္တလေးကနေ မိုးကုတ်ကားလမ်းဘေးမှာရှိတဲ့ ဇရပ်ကွင်းမြို့ကို ရောက်ရှိခဲ့ပါတယ်။ ဗိုလ်မှူးအောင် ပေးလိုက်တဲ့ လိပ်စာအတိုင်း ရှာဖွေရာ ညနေပိုင်းမှာ ဦးဆင့်အိမ်သို့ ရောက်ပါတယ်။ အိမ်က နှစ်ထပ်ပျဉ်ထောင် သွပ်မိုးဖြစ်ပြီး ဈေးဆိုင် ဖွင့်ထားတာ တွေ့ရတယ်။ သူရဲ့အမျိုးသမီးနဲ့ကလေးနှစ်ယောက် အလုပ်သမား ၃ ဦး ရှိပါတယ်။ ဇရပ်ကွင်းက အလွန် သာယာ စည်ကားလှပါတယ်။ မိုးကုတ်မြို့ကို ကျောက်တူးရန် အသွားအလာရှိကြပြီး မိုးကုတ်လမ်းတလျှောက်နေရာတွေမှာ နီလာကျောက် အကြီးအကျယ် ထွက်ရှိတာ ဖြစ်ပါတယ်။ မိုးနည်းရပ်ဝန်းဖြစ်ပြီး အတော်စည်ကားတာ တွေ့ရတယ်။ အဓိက စည်ကားရတဲ့အကြောင်းရင်းကို ဦးဆင့်က ပြောတာက ဇရပ်ကွင်းနဲ့ ၃ မိုင်အကွာကစပြီး ရိုးမတောကြီး ရှိတယ်။ အဲဒီမှာ ရွှေ အလွန်ထွက်တယ်။ သူက ရေတပ်က ရဲဘော်တွေကို အဲဒီနေရာမှာ ထားတယ်ဆိုတာပါ ဘဲ။ ဦးဆင့်က တုတ်တုတ်ခိုင်ခိုင် အရပ်ကတော့ ၅ ပေ ၅ လက်မလောက် ရှိမယ်လို့ ထင်ပါတယ်။ အစက ကရင်ပြည်နယ်တောထဲမှာ ပြည်ချစ်ပါတီရဲ့ တာဝန်နဲ့နေခဲ့ကြောင်း သူက ပြောပြပါတယ်။ ကေအင်ယူက ပြည်ချစ်ကို ရှင်းလင်းရေး လုပ်တော့ ကမ္ဘောဒီးယားကို ထွက်ပြေးပြီး ကျောက်တူးနေတာ တဲ့။ မြန်မာအစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ကြေငြာတော့ ဘဘနုတို့၊ ဗိုလ်မှူးအောင်တို့၊ ဗိုလ်ရန်နိုင်တို့နဲ့အတူ ပြန်လာခဲ့တာလို့ ပြောပြတယ်။ ကျမတို့ကိုလည်း သူရဲ့ဇနီးက ချက်ပြုတ်ကျွေးမွေးတာ စုံနေတာပါပဲ။ စားသောက်ပြီးတော့ ခဏနေပြီး အိပ်ယာဝင်ခဲ့ကြပါတယ်။ မနက်ကျတော့ ဦးဆင့်နဲ့သူ့အလုပ်သမားတယောက်ကိုယ်တိုင် ဂျစ်ကားမောင်းပြီး ကျမတို့ သုံးယော် ကအတွက် စားစရာမျိုးစုံ ငါးသေတ္တာဗူးတွေကော ယူလာပြီး လိုက်ပို့ပေးပါတယ်။ ၁၉ ကွက်လို့ ခေါ်တဲ့ ရွှေတောကိုရောက်တော့ သူတို့ ပို့ပေးထားတဲ့ ရေတပ်ရဲဘော်တွေရှိတဲ့ တဲမှာ ဆုံဖြစ်ကြပါတယ်။ အားလုံးက ကျမကို တွေ့တော့ အရမ်း ၀မ်းသာသွားကြတယ်။ ကိုသန်းမြင့်လို့ခေါ်တဲ့ ရဲဘော်က “အမရေ ကျနော်တို့ကို ဗိုလ်ချုပ်ကြီးတင်ဦးက တယောက်ကို သုံးထောင်ပေးပြီး ရှောင်ခိုင်းလိုက်တယ်။ အမက ပြောလိုက်လို့လို့ ပြောတယ်“ လို့ ကျမကိုပြောပြပါတယ်။ အားလုံးပေါင်း ၇၅ ယောက်ဆိုတော့ ကျမက ကျန်တဲ့သူတွေရောဆိုတော့ “တချို့က ထိုင်းဘက်ကို ထွက်သွားတယ်။ တချို့က အိန္ဒိယဘက်ကို သွားတယ်။ တချို့ကတော့ ကိုယ့်အရပ်ကို ပြန်မယ်ဆိုပြီး သွားကြတယ်” လို့ ပြောပြပါတယ်။ “ကျနော်တို့ လက်မတင်လေး လွတ်လာတာ ကျနော်တို့ ထွက်လာပြီး နှစ်ရက်မှာ မြကိုင်းရွာမှာလာပြီး မွှေနှောက် ဖမ်းဆီးလိုက်တာ ရွာကလူအချို့ပါ အဖမ်းခံရတယ်လို့ ကြားရတယ်။ ကျနော် စိတ်မကောင်းဘူး” လို့ ပြောပြပါတယ်။ အခု သူတို့ ရွှေတူးနေကြကြောင်း ပြောပါတယ်။ ကိုဇာနည် အဖမ်းခံရတာ သိလား မေးတော့ မသိဘူးလို့ ပြောပါတယ်။ ဦးဆင့်က “ဒါဆိုလဲ အေးအေးဆေးဆေး တိုင်ပင် ပြောဆိုကြပါ“ ဆိုပြီး ကျမတို့ကို ထားခဲ့ကာ ပြန်သွားပါတယ်။ နောက်နေ့မှာ ကျမ ရွှေတောကိုလိုက်ပြီး လေ့လာကြည့်ပါတယ်။ ကျမတို့ မြန်မာနိုင်ငံမှာ သယံဇာတတွေ ဒီလောက်ထွက်တာ အခုမှ သိရပါတယ်။ မြန်မာနိုင်ငံမှာ အဓိက ရွှေထွက်တဲ့နေရာတွေပါ၊ မြန်မာပြည်အရပ်ရပ်က ရောက်လာကြသူတွေ များပါတယ်။ စဥ့်ကိုင်၊ ၀က်လက်၊ ရွှေဘိုမြို့များမှ လူများနှင့် လက်ပံလှ၊ ချောင်းကြီးရွာ စသည်ဖြင့် ရွာပေါင်းများစွာက လူတွေ လာကြတာပါ။ အစိုးရက ရွှေရှာစက်နဲ့ ရွှေများများ ထွက်တဲ့နေရာတွေကို ဘဓရ (ဘူမိဗေဒနဲ့ ဓာတ်သတ္ထု ရှာဖွေရေး ကော်ပိုရေးရှင်း) ပိုင်တဲ့မြေ အဖြစ် ခြံဝင်းခတ်လိုက်ပါတယ်။ ဘေးက နေရာတွေမှာ အများပြည်သူတွေက ကိုယ်ပိုင် ရွှေတူးကြရပါတယ်။ ရွှေတွင်းဆိုတာ အကျယ် ၄ ပေ ဒါမှမဟုတ် ၆ပေ အကျယ် ပတ်လည် တူးရပါတယ်။ အနက်က အတောင် ၂၀ ဒါမှမဟုတ် ၂၂ တောင်အထိတူးရင် မြေသားဖြူဖြူက အပြာရောင်သန်းလာပြီး ခတ်ပျော့ပျော့လေး ဖြစ်နေရင် အဲဒါ ဗြုန်းလို့ ခေါ်ပါတယ်။ ဗြုန်းပေါ်ရင် အဲဒီ ဗြုန်းကို အပေါ်တင်ပေးရပါတယ်။ အဲဒီအတွက် ဘေးဘောင်တွေကို ခိုင်ခန့်အောင် ပျဉ်ချပ်တွေကို ဘောင်ရိုက်ပြီး ကပ်ထားရပါတယ်။ ရေတွင်း ဘောင်ကာသလိုပါဘဲ။ ပြီးတော့မှ အပေါ်ဘက်မှာ စက်သီးချိတ်ဖို့ တန်းရိုက်ပြီး ရေပုန်းနဲ့ကြိုးတွေ တပ်ဆင်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ တွင်းတူးတဲ့အခါ ပေါ်လာတဲ့မြေသားတွေကို ဆယ်ပြီး သွန်ပစ်ဖို့ ပါ။ ကျမ တခြားနေရာတွေဆီ လျှောက်ပြီးကြည့်တော့ စည်ကားလိုက်တာ လေဟာပြင်ဈေးတန်းကြီးတခုလိုပါဘဲ။ အစားအသောက်ဆိုင်တွေ မီးစက်တွေမောင်းပြီး ရောင်းနေလိုက်တာ အကြော်အလှော်ဆိုင်တွေကလည်း နှစ်ဆယ်လောက် ရှိတယ်။ အ၀တ်အထည်တွေနဲ့ ထွေလီကာလီဆိုင်တွေကလည်း နှစ်ဆယ်ကျော်မယ် ထင်ပါတယ်။ ကွမ်းယာဆိုင်ကတော့ ၃၀လောက် ရှိတယ်။ အရက်ဆိုင်တွေကလဲ အများကြီး ပါ။ အံ့သြစရာပါဘဲ။ ရွှေတူးတဲ့နေရာနဲ့ ဈေးတန်းက ငါးမိုင်လောက်ကွာမယ် ထင်ပါတယ်။ လမ်းတလျှောက်မှာတော့ ရွှေဝယ်တဲ့ဆိုင်တွေက အစီအရီ ပေါ့။ ဆိုင်ဆိုပေမယ့် စာပွဲတလုံး ချထားပြီး ရွှေချိန်တဲ့ချိန်ခွင်လေး တင်ထားလိုက်တာပါဘဲ။ ပြီးတော့ဘေးမှာ မီးသွေးမီးဖိုတခုမှာ မီးမွှေးထားပြီး ရွှေရောင်းမယ့်သူက မီးဖိုပေါ်မှာတင်ထားတဲ့ ကြေးဇွန်းထဲကို ရွှေတွေ လောင်းထဲ့ ပေးလိုက်ရပါတယ်။ ရွှေက ဖြူပြီး လုံးသွားရင် ဆယ်ယူပြီး ရွှေဝယ်သူက ချိန်ခွင်ထဲထဲ့ပြီး ချိန်လိုက်တယ် ပြီးတော့မှ ကျသင့်တဲ့ ငွေရှင်းပေးလိုက်တာပါဘဲ။ ရွှေတူးတော့ ထွက်လာတဲ့ မြေစာခဲတွေကို မျှော လို့ခေါ်တဲ့ ရွှေကျင်တဲ့ သံဇကာ ခင်းထားတဲ့ သုံးပေလောက်အရှည် တတောင်လောက် အနံရှိတဲ့ အထဲမှာ ရေနဲ့ကျင်းပြီး စစ်ခါ ကောက်ယူထားတဲ့ ရွှေခဲကလေးတွေ ပါ။ စွန့်ပစ်လိုက်တဲ့ မြေတွေကို အသက်ကြီးတဲ့သူတွေနဲ့ ခလေးတွေက ကြုံးယူပြီး ခမောက်လို သစ်သားပြား (အင်ဝိုင်း) ထဲမှာထဲ့ပြီး ချောင်းထဲမှာလှည့်ပြီး ကျင်ယူကြပါတယ်။ အဲဒီလိုကျင်လို့ရတဲ့ရွှေတွေကို ပြန်ရောင်းကြ့သူတွေဟာ တနေ့ကို ကျပ်၂၀၀ မှ ၅၀၀ အထိ ရကြတယ်လို့ ပြောပြပါတယ်။ ကျမရဲ့လေ့လာရေးက မဆုံးသေးပါဘူး။ ဒီရွှေတွေကို မန္တလေးမြို့က ရွှေချောင်းလုပ်တဲ့ တရုပ်လူမျိုး ရွှေဆိုင်ပိုင်ရှင်တွေက လာဝယ်ကြတာပါ။ ၀င်ငွေကောင်းတော့ လူအတော်များများလည်း ပျက်စီးနေကြတာပေါ့။ ဂျင်ဝိုင်း၊ ဖဲဝိုင်း၊ အံစာဝိုင်းတွေ အများကြီးပါဘဲ။ နယ်စုံက လာတာဆိုတော့ စရိုက်စုံပါဘဲလေ။ ရာဇ၀တ်မှု ကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင်လာသူတွေလည်း ရှိတယ် လေ။ စစ်တပ်ကအုပ်ချုပ်ပေမယ့် အကုန်လုံးကို လွတ်လပ်ခွင့် ပေးထားပါတယ်။ မြန်မာပြည်မှာ ဧည့်စာရင်း မတိုင်ရတဲ့ ထူးဆန်းတဲ့နေရာတခု ပါ။ အဆိုးဆုံးတခုက အိမ်သာမရှိတာပါဘဲ။ တောတိုးတဲ့ဓလေ့ ပေါ့။ ဒါကြောင့်လည်း တနှစ်တခါ ၀မ်းရောဂါ ကျရောက်ပြီး လူ ၄၀-၅၀ သေဆုံးနေရတာပေါ့။ အဲဒီလို ၀မ်းရောဂါဖြစ်ရင် စစ်တပ်က ၀င်လာပြီး မိုးပေါ်ထောင် သေနတ်သုံးချက် ဖောက်ပြီး သတိပေးတယ်။ ဒါဆိုရင် ချက်ချင်းဘဲ အားလုံး ထွက်ပြေးကြရပါတယ်။ တဲတွေကို မီးရှို့ပစ်လိုက်ပါတယ်။ တခြားးနေရာတခုကိုရွှေ့ပြီး စခန်းချ ဆက်လုပ်ကြရပြန်တာပေါ့။ နောက်နေ့မှာ ကျမတို့ရဲဘော်တွေ ရွှေတူးတဲ့နေရာသွားကြည့်တော့ အထူးအဆန်းဖြစ်ပြီး ထိုင်ကြည့်နေမိပါတယ်။ ညဘက်ရောက်တော့ ကျမတို့သုံးယောက်နဲ့ သူတို့တွေ စုပေါင်းပြီး တိုင်ပင်ကြတယ်။ အဆက်အသွယ်ရထားတာက အိန္ဒိယနှင့် ကေအိုင်အေစခန်းတို့ဆိုတော့ တပ်သားတချို့က မြန်မာ့တပ်မတော်သားတွေဆိုတော့ တိုင်းရင်းသားစခန်းဖက်ကို သူတို့မလိုက်ရဲဘူးလို့ ပြောပါတယ်။ ဒါကြောင့် အိန္ဒိယဘက်ကို ထွက်ဖို့ဆုံးဖြတ်ကြတယ်။ ကျမတို့ကတော့ ကေအိုင်အေစခန်းဖက်မှာ ကျောင်းသားစခန်းရှိတယ်ဆိုတော့ ကျမတို့သုံးယောက်က တရုပ်ပြည်လမ်းကို ရွေးလိုက်ပါတယ်။ နောက်တပါတ်မှာ ကျမတို့သုံးယောက် ဇရပ်ကွင်း ကားကြုံနဲ့ပြန်ပြီး ဦးဆင့်ကို နှုတ်ဆက်ခဲ့ပါတယ်။ ဇရပ်ကွင်းမြို့ကနေပြီး မန္တလေး ပြန် ဆင်း၊ မန္တလေးမှာ ဗိုလ်မှူးအောင်ဆီ စာရေးပြီး အကျိုးအကြောင်း သတင်းပို့ခဲ့ပါတယ်။ အဲဒီကနေ လားရှိုးကားစီးပြီး ရှမ်းပြည်မြောက်ပိုင်းကို တက်ခဲ့တယ်။ နမ့်ဖက်ကာမှာ ထမင်း ၀င်စားကြတယ်။ မုန်ညှင်းဟင်းချို၊ တို့ဟူးနွေး၊ ရှမ်းဆန်စည်းစည်းလေးနဲ့ ထမင်းမြိန်လှပါတယ်။ ရှမ်းပြည်ရဲ့အေးမြတဲ့လေညှင်းက လတ်ဆပ်ပြီး ရနံ့သင်းသင်းလေးနဲ့ တိုးဝှေ့လာလို့ စိတ်တွေ လန်းဆန်းလာရပါတယ်။ ရှမ်းတောင်တန်းတွေဟာ မြန်မာပြည်ရဲ့အလှအပကို ခန့်ခန့်ညားညား ဖော်ပြနေသလို ကိုယ့်မြေ ကိုယ့်ရေဆိုတာကိုလည်း သီးခြားဘောင်ခတ် ကာဆီးထားတာကို တွေ့မြင် ခံစားနေရပါတယ်။ ထင်းရှူးပင်ဆိုတာ မြေပြန့်မှာ မတွေ့နိုင်ပါဘူး။ မြေသားတွေကလည်း အနီရောင်နဲ့ရွှေရောင် ရောစွက် ခင်းကျင်းထားပါတယ်။ ကျမ အနှစ်သက်ဆုံးကတော့ ဒေလီယာပင်၊ ယုဇနပန်းပင်နဲ့ သစ္စာပန်းတွေပါဘဲ ပန်းခင်းတွေက တမျှော်တခေါ်နဲ့ ရောင်စုံကော်ဇောကြီး ခင်းထားသလိုပါဘဲ။ ပန်းကော်ဇောကြီးကို အပြာရောင်တောင်တန်းတွေက အနားသတ်ကွပ်ထားတယ် လေ။ သက်ကယ်မိုးအိမ်လေးတွေက ရှုခင်းရဲ့အလှကို ဖြည့်စွက်ရင်း တိုင်းရင်းသားတွေရဲ့ ရိုးသားဖြောင့်မတ်တဲ့သရုပ်ကို ဖော်ပြရင်း ရှမ်းပြည်အလှကို ပိုမိုပြည့်စုံအောင် ဖြည့်စွက်ထားသလိုပါဘဲ။ အချို့အိမ်လေးတွေက ရွှံ့နဲ့ သရိုးကိုင်ပြီးဆောက်ထားတာ ထူးဆန်းတဲ့ဓလေ့တခုကို ထင်းကနဲ တွေ့လိုက်ရတယ်။ မူဆယ်မြို့ကို ရောက်ခဲ့ကြပါပြီ။ မူဆယ်မှာ ဦးစိုင်းမြင့်လွင်တို့အိမ်မှာ တည်းကြပါတယ်။ တော်လှန်ရေးအတွက် မြေပြန့်က ထွက်လာတဲ့လူမှန်သမျှကို သူက ကြိုဆို ဧည့်ခံပါတယ်။ ဧည့်ဝတ် ကျေပွန်တာကတော့ ပြောမပြနိုင်လောက်အောင်ပါဘဲ။ ရှမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ဖွဲ့ပြီး လှုပ်ရှားနေကြောင်း သိရတယ်။ သူ့အိမ်က ပျဉ်ချပ်အပြားကြီးတွေကို အချပ်လိုက်ကာထားတာ တမျိုးဆန်းသလိုပါဘဲ။ သုံးရက်မြောက်တဲ့နေ့မှာ ရှမ်းလူမျိုးဖြစ်တဲ့ ညီညီက ရှမ်းပြည်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်သွယ်ပြီး လိုက်သွားပါတယ်။ ကျမနဲ့ ကိုထွန်းထွန်းဦးကိုတော့ ရှေ့နေကြီး ဦးဝဏ္ဏစိုးက လာခေါ်ပါတယ်။ ဦးဝဏ္ဏစိုးက ကျမတို့ကို ကျောင်းသားတပ်မတော်၊ ကချင် လွတ်မြောက်ရေးတပ်မတော်နဲ့ ဗမာပြည် ကွန်မြူနစ်ပါတီအတွက် ဆောင်ရွက်ပေးနေတဲ့ ကိုကျင်ထွန်း၊ မအေးစိန်တို့ဆီကို ပို့ပေးမယ် ပြောပါတယ်။ နှစ်ရက်လောက်နေတော့ ကျမတို့နှစ်ယောက်ကို သူရဲ့တပည့်တယောက်နဲ့လိုက်ပို့ခိုင်းပါတယ်။ ကျမတို့နှစ်ယောက် မူဆယ်ရဲ့ဆိပ်ကမ်းကို ရွှံ့ဗွက်တွေထဲမှာ ရုန်းကန်ရင်း လျှောက်ခဲ့ရတာပေါ့။ လှေဆိပ်ရောက်တော့ ဟိုဖက်ကမ်းကို ကူးမယ့် ကူးတို့လှေပေါ်တက်ပြီး လိုက်ခဲ့ကြတယ်။ နာရီဝက်ခန့်ကြာတော့ တရုတ်ပြည် ယူနန်နယ် ရွှေလီဆိပ်ကမ်းကိုရောက်ပါပြီ။ ကျမ လှေပေါ်ကအဆင်းမှာ အောက်ကိုကြည့်လိုက်တော့ ခြေထောက်ချရမှာ နည်းနည်း တွန့်ဆုတ်သွားမိတာ အမှန်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့မြန်မာပြည်ဘက်က ရွှံ့ဗွက်တွေနင်းပြီး ပေကျံနေတဲ့ ကျမခြေထောက်ကို ကျောက်သလင်း ဖြူဖြူပေါ်ကို ထိလိုက်ဖို့ အားနာနေလို့ပါဘဲ။ တိုင်းပြည်နှစ်ခုရဲ့အသေးစားကွာဟမှုက အလှမ်းကွာလှပါလား။ ၀င်ဂိတ်ရောက်တော့ ကျမတို့အမည်ကို စာအုပ်မှာ ရေးသွင်းရတယ်။ မှတ်တမ်းစာအုပ် တင်ထားတဲ့ မှန်စားပွဲပေါ်မှာ မြန်မာပြည်က အလိုရှိတဲ့ ရာဇ၀တ်မှုသမားတွေ၊ နိုင်ငံရေးသမားတွေရဲ့ဓာတ်ပုံတွေကို ကပ်ထားတာ တွေ့ရပါတယ်။


အတိတ်မှ အရိပ်များ (၁၁)

ခင်စန်းနွယ်၊ မတ် ၈ ရက်၊ ၂၀၁၂

ကျမတို့ကိုလိုက်ပို့သူက တရုပ်ငွေ ၅၀ ကို စားပွဲပေါ်တင်ပေးလိုက်တော့ ကျမတို့ကို ဓာတ်ပုံရိုက်ဖို့လာခေါ်ပါတယ်။ ဓာတ်ပုံရိုက်ပြီးတာနဲ့ စာအုပ်ပေါ်မှာကပ်ပြီး တုံးထုပေးလိုက်ပါတယ်။ (နောက်ပိုင်းမှာ ဦးဝဏ္ဏစိုး ထောင်အနှစ် ၂၀ ကျသွားကြောင်း သိလိုက်ရပါတယ်။) တရုပ်ပြည်ရဲ့အပြောင်းအလဲက အလွန်ပဲ မြန်ဆန်လှပါတယ်။ အဲဒီစာအုပ်ရတာနဲ့ ယူနန်ပြည်နယ်တခုလုံး သွားခွင့်ရှိတယ်လို့ ရှင်းပြပါတယ်။ ရွှေလီမြို့ထဲ ၀င်လိုက်တာနဲ့ တွေ့ရတာကတော့ နေရာတိုင်းမှာ တရုပ်အိမ်ဟောင်းကြီးတွေကို ဖြိုချပြီး တိုက်အသစ်ကြီးတွေ ဆောက်နေတာပါဘဲ။ အဲဒီထဲမှာ ရီစရာ ပြောရအုံးမယ်၊ ကျမတို့လမ်းတ၀က်မှာ ကားရပ်နားတော့ ဗိုက်ဆာဆာနဲ့ ခေါက်ဆွဲ စားကြတာ၊ မကြာပါဘူး၊ ဒိုင်း ဖောင်းဆိုပြီး အသံတွေ ဆက်တိုက်ထွက်လာတာ မြေကြီးတောင် အက်ကွဲမတတ်ပါဘဲ။ ကျမတို့နှစ်ယောက်က တိုက်ပွဲတွေဖြစ်ပြီထင်ပြီး ကြောက်ကြောက်လန့်လန့်နဲ့ပြေးပေါက်ရှာနေကြတာပေါ့။ ပါတ်ဝန်းကျင်ကလည်း ယမ်းငွေ့တွေနဲ့ မှုန်ဝါးနေတယ်။ ကျမတို့ကြည့်ပြီး သဘောပေါက်သွားတဲ့ သူငယ်ကလေးက ဘာမှမဖြစ်ပါဘူး၊ မင်္ဂလာဆောင်ရှိလို့ ဗျောက်အိုးဖောက်တာပါလို့ ပြောမှပဲ ကိုယ့်အဖြစ်ကိုယ် ရယ်ချင်မိတော့တယ်။ ဗျောက်အိုး တထောင်လောက်ကို တပြိုင်တည်း ဖောက်တာဆိုတော့ တခါမှ မကြုံဘူးဘူးလေ။ ရွှေလီမြို့ထဲက မိသားစုတည်းခိုခန်းမှာ တထောက် နားကြရပြန်ပါပြီ။ ကိုကျင်ထွန်းနဲ့ မအေးစိန်တို့က ပျူပျူငှာငှာ ဆီးကြိုကြပါတယ်။ ရွှေလီမြို့ထဲကိုပါ လိုက်ပို့ကြတယ်လေ။ နယ်စပ်မြို့ဆိုတော့ ကျောက်အရောင်းအ၀ယ်ဈေးတန်းတွေက များပါတယ်။ အခြားအများဆုံးကတော့ စားသောက်ဆိုင်တွေပါ။ လမ်းပမ်းဆက်သွယ်ရေးကို တရုတ်အစိုးရက အားသွန်လုပ်ထားတာဆိုတော့ လမ်းတွေ အလွန် ကောင်းပြီး နယ်စုံက ပစPည်းစုံနဲ့ ဆယ်တန်ကားတန်းကြီးတွေက မပြတ်မလတ်ပါ ဘဲ။ မြန်မာဘက်က သစ်တွေ၊ ၀ါးတွေ၊ တိရိစ္ဆာန်မျိုးစုံ၊ ဘယဆေးပင်မျိုးစုံ၊ပဲ၊ ငြုပ် အစုံပါပဲ။ ရောင်းဝယ်ဖောက်ကားမှုတွေက အလွန် စည်ကားပါတယ်။ လူစီးတဲ့မှန်လုံကားတွေကလည်း ၁၅ မိနစ် တစီး ထွက်နေတာတွေ့ရတယ်။ မြန်မာပြည်က သစ်တွေကိုကြည့်ပြီး နှမြောမိတဲ့အပြင် သစ်တောပြုန်းတီးပြီး ရာသီဥတုဖောက်ပြန်မှာ တွေးပြီး စိုးရိမ်မိတာ အမှန်ပါ။ တရုတ်ပြည်က ပိတ်အုပ်တွေနဲ့ အိမ်သုံးပစ္စည်းအမျိုးမျိုးက မြန်မာပြည်ဖက်ကို ထွက်နေကြပါတယ်။ တန်ဘိုးကြီးမားလှတဲ့ အဘိုးတန် မြန်မာပြည်ထွက်ကုန်တွေကို ဈေးပေါတဲ့ တရုတ်ကုန်တွေနဲ့ ဖလှယ်နေကြတာကို တွေ့နေရတော့ မြန်မာပြည်ရဲ့အနာဂတ်ကို မွဲဆေးဖော်နေကြတာလို့ပဲ နားလည်မိပါတယ်။ ကိုကျင်ထွန်းက ဘီစီပီ (မြန်မာပြည်ကွန်မြူနစ်ပါတီ) အတွက် အစစအရာရာ ဆောင်ရွက်ပေးနေတာလို့ သိရတယ်။ မံစီဘက်ကို သွားဖို့အတွက် နက်ဖန်မှာ ခရီးထွက်မှာဖြစ်ပါတယ်။ မအေးစိန်က ကချင်စကားလည်းတတ်တာမို့ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ ကျောင်းသားတပ်မတော်အတွက် ပံ့ပိုးကူညီနေသူ ဖြစ်ပါတယ်။ ရဲဘော်သစ်တွေ စုဆောင်းပေးတဲ့အလုပ်ကိုလည်း လုပ်ကြောင်း မကြာမီမှာ ရဲဘော်သစ်နှစ်ယောက် ကိုလောချူနဲ့ ရာကေး (ခ) ကျော်မြင့်တို့ ခေါ်ဘို့လာလိမ့်မယ်လို့ ပြောပြပါတယ်။ ရွှေလီက ရာသီဥတုကောင်းပါတယ်။ သိပ်ပြီးတော့လည်း မအေးဘူး၊ အပူလည်း မလွန်ကဲဘူး။ ဆိုင်မှာ ထမင်း ၀ယ်စားကြရတယ်။ နှစ်ရက်လောက်ကြာတော့ လောချူလို့ခေါ်တဲ့ ကျောင်းသားတပ်မတော် အဖွဲ့ဝင်နဲ့ ဗဟိုကော်မတီဝင် ရာကေး (ခ) ကျော်မြင့် ရောက်လာပါတယ်။ ကျမတို့ကို လာခေါ်တာပါ။ အဲဒီမှာ မန္တလေး၊ ဂေါဝိန်ဆိပ်က ကိုကျော်စိန်၊ ကိုအုန်းကြိုင်နဲ့ ကိုသန်းဇော်တို့လည်း ရောက်လာပါတယ်။ သူတို့အားလုံးက မန္တလေး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ ပါ။ ကျမတို့ငါးဦးကို လာခေါ်တာပါ။ မနက် ၆ နာရီမှာ ရွှေလီကနေပြီး ဖျင်ရန်မြို့ကို ကားစီးသွားရပါတယ်။ ဖျင်ရန်ရောက်တော့ ကျောင်းသားတပ်ဖွဲ့ဝင် ရဲမေ ကချင်မလေး အားအိုင်တီးလည်း လိုက်လာပါတယ်။ သူကတော့ ကျောင်းသားတပ်မတော် ဗဟိုမှာ နေတာပါ။ သူ့မိဘတွေဆီ ခဏ ပြန်လည်လာတာလို့ပြောပါတယ်။ ရင်ချမ်းမြို့မှာ ထမင်းစားကြရတယ်။ ရင်ချမ်းမြို့မှာလည်း တိုက်တွေဆောက်နေကြတာ အပြိုင်းအရိုင်း ပေါ့။ မြန်မာအလုပ်သမားတွေနဲ့ တရုတ်အလုပ်သမားတွေ ပါ။ အရင်တုံးက စနစ်မပြောင်းခင်မှာ တူညီဝတ်စုံ အပြာရင့်ရောင်တွေပဲ ၀တ်ကြရပြီး ဆန်ပြုတ်တောင်မှ အနိုင်နိုင်သောက်နေရတဲ့ နိုင်ငံမှာ လူကြီး၊ လူလတ်၊ လူငယ်တွေ ရောင်စုံ ၀တ်စား ဆင်ယင်နေကြပြီး တရုတ်မလေးတွေကလည်း ပြောင်းလဲနေလိုက်ကြတာ ရောင်စုံလိပ်ပြာလေးတွေလိုပါ ဘဲ။ သူတို့ရဲ့ သွက်လက် မြူးကြွနေပုံတွေကို မြင်လိုက်ရတော့ ပထမ ရင်ထဲမှာ ကြည်နူးမိပေမယ့် ခဏလေးမှာပဲ မြန်မာပြည်ရဲ့လူငယ်တွေမှာတော့ မျက်စေ့ပိတ်နားပိတ်နဲ့ ဘောင်ကျဉ်းကျဉ်းကလေးထဲမှာနေရတာကို သတိရပြီး ကျမတို့ နိုင်ငံကို ခေါင်းဆောင်နေသူတွေရဲ့ အတွေးကို နားမလည်နိုင်တော့ပါဘူး၊ ရာကေးက ကုလားလူမျိုး ဖြစ်ပေမယ့် လမ်းမှာ တရုတ်စကားကို ပိုင်ပိုင်နိုင်နိုင် ပြောတတ်တာ တွေ့ရပါတယ်။ ကားပေါ်က�€
· · · Share

  • 17 shares
    • ဘရာဇီး ငှက်ရိုး ‎1992 မှာမြောက်ပိုင်း ဖေဖော်ဝါရီ12ရက်နေ့ အကြောင်းလေး ကျော်ရေးသွားမှာပဲလို့ ထင်ပါတယ်....
      March 24 at 9:38am · · 1
    • Sein Sein Thu အတိတ်မှအရိပ်များ ကျန်တာတွေဘယ်မှာရှာရမလဲ ကျေးဇူးပြုပြီးပြောပြပေးပါ
    • Kyawnaing Oo ကိုဖာနည်က1989ကသာယာဝတီထောင်မှာရေကြည်အိုင်စစ်ကြောရေးကြောင့်ဂယောင်ဂရင်ဖြစ်ပြီးရန်ကုန်ပို့လိုက်ရသူဆိုရင်တော့သာယာဝတီထောင်ထဲကနိုင်ငံရေးအကျဉ်းသားတွေ န၀တရက်စက်မှုကိုစတင်မျှဝေခံစားခဲ့ရပါတယ်
    • Ah Yan တခြားအကြောင်းအရာတွေတော့မှန်မမှန်ကာယကံရှင်ကိုယ်တိုင်တွေဘဲသိမယ်တရုတ်ပြည်ရောက်တဲ့အချိန်ကစပြီးပါဝင်တဲ့နာမည်တွေနဲ့ပါဝင်ပုံစံစရေးတာနဲ့အားလုံး အားလုံး လုံးဝလုံးဝမဟာတလွဲအမှားတွေပဲလိုင်စင်မှာရေးတာတွေကောတခုမှမမှန်ပါဖန်တီးပြီးဇာတ်လမ်းဆင် Novel လိုစိတ်ကူယာဉ်ဆန်ဆန်အပြောကိုနားထောင်ပြီးစာရေးဆရာကရေးတဲ့ပုံပါမှားပါတယ် မခင်စန်းနွယ် or မောင်ခင်စန်းနွယ် Sawa Masha ni e Mashu Laika Hkum ka u.
    • Saw Soe Soe အားယမ်တီးရယ်..ထားလိုက်ပါ..ရေးပါစေကွာ...မခင်စမ်းနွယ်...နောင်ရာပါချောင်းနံဘေး ကေအိုင်အေနည်းဗျူဟာ (၃) စစ်သင်တန်းကွင်းကိစ္စလေးမှာ ရေးတာလေးတွေကိုမှန်မှန်ကန်ကန်ရေးပါ.. မခင်စန်းနွယ်ရဲ့ အဖြစ်အပျက်အားလုံး ကျနော့်မျက်စေ့အောက်မှာဖြစ်ခဲ့တာပါနော်...သတိယမယ်ထင်ပါတယ်... ကွှန်တော်ခင်ဗျားသင်တန်းဆရာပါ...
    • Saw Soe Soe တနေ့ တချိန်မှာ အားလုံးဟာ အမှန်တရားရဲ့ စီရင်မှုအောက်မှာ ဒူးထောက်ရမှာမလွဲပါဘူး...ပြုမူသူတွေဟာ ပြုခံရသူတွေအတွက်တာဝန်ရှိပါတယ်.. ခံစားချက်နဲ့ရေးသားတာကို ထင်ရာမြင်ရာတွေနဲ့ မရေးရင်ကောင်းမယ်..Fact ကို င်္Fiction မလုပ်နဲ့ ...သမိုင်းပေါ့သွားပါမယ့် အမရယ်