Thursday, January 31, 2013

ရေလှိုင်းစစ်ဆင်ရေး (သို့) မေးခွန်းထုတ်စရာများ (၃)

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော် ရေလှိုင်းစစ်ဆင်ရေး (သို့မဟုတ်) မေးခွန်းထုတ်စရာများ (၃)

by Tamar Khin on Monday, January 28, 2013 at 5:33pm ·
 (၃)

တော်လှန်ရေးနယ်မြေတွေမှာ သူလျှိုလို့ သံသယအဖြစ်ခံရသူတွေကို ဖမ်းဆီးစစ်ဆေးမေးမြန်း ခဲ့တာတွေ ကြားဖူးနားဝ ရှိကြပါလိမ့် မယ်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ  ကိုယ့်ဘာသာကိုယ်ပဲ အသားအနာခံခဲ့ကြရုံသာမက အသတ်ခံပါခံလိုက်ကြရတဲ့အဖြစ်တွေ လည်း ရှိခဲ့ကြပါတယ်။

အသားနာတာကို အကြောင်းပြပြီး နန်းအောင်ထွေးကြည်လို “စစ်ဆင်ရေး”ဆိုတဲ့ခေါင်းစဉ် အကြီးကြီး တပ်ဖြေခဲ့တဲ့သူမျိုး ၊ ဉက္ကဌအပါအဝင်  ရဲဘော်ရဲမေတွေ တပြုံတမကြီး  ဆွဲထည့် သွားနိုင်ခဲ့တာမျိုးကို ဘယ်သူများ ကြားဖူးခဲ့ကြပါသလဲ။ ဒါကို ရည်ရွယ်ချက်ရှိရှိ အစီအစဉ်ရှိရှိ လုပ်ခဲ့ပါတယ်လို့ မပြောရင် ဘယ်လိုပြောရမှာပါလဲ။

ဘယ်သူက သူ့ကိုယ်သူ အဖမ်းခံ၊ အသားအနာခံ၊ အသေခံပြီး လုပ်ပါ့မလဲ။ စွပ်စွဲတဲ့လူနဲ့ စွပ်စွဲခံရ သူ ဘယ်သူက အစီစဉ်ကျကျ လုပ်ဖို့လွယ်မလဲ။

ဖြစ်သွားတဲ့အဖြစ်အပျက်ဟာ ဒီလောက်ရိုးရှင်းနေတာမျိုး မဟုတ်ပါဘူး။ ဒီရေလှိုင်းစစ်ဆင်ရေး ဆိုတာကို နန်းအောင်ထွေးကြည် အဖမ်းခံရတဲ့အချိန်ကျမှသာ သူလုပ်ခဲ့တာဖြစ်ခဲ့တဲ့အပြင် ဒီဇာတ်လမ်းတွေ စကတည်းက နန်းအောင်ထွေးကြည်ဟာ သူတော့ သေချာပေါက်ပါနိုင်တယ်ဆိုတာကို  ကြိုသိနေခဲ့ပါတယ်။ ဒီလိုတွေလုပ်ပြီးတာနဲ့ ထွက်ပေါက်အသင့် ရှိထားတယ်ဆိုတာ သိနေရင် လည်း လုပ်ဖို့က မခက်ပါဘူး။

ထူးခြားတာက ကေအိုင်ကေဘက်က လူတွေကိုဆွဲထည့်တာလည်း နန်းအောင်ထွေးကြည် တယောက်ပဲဖြစ်သလို အားလုံးထဲမှာမှ နန်းအောင်ထွေးကြည်တယောက်တည်းကိုသာ ကေအိုင်အေက ရွေးထုတ်ပြီး ကျောင်းသားရဲဘော်တွေမပါပဲ သီးသန့်ခေါ်ထုတ် မေးမြန်းခဲ့ကြတဲ့ ကိစ္စတွေပါ။  အဲဒီမှာလည်း သူဘာတွေပြောခဲ့ပြန်သလဲ။ သူရေးထားတာတွေရှိပေမဲ့ ဗြောင်လိမ် ရဲတဲ့သတ္တိက မသေးတော့ ကေအိုင်အေလူကြီးတွေကလွဲလို့ ဘယ်သူမှ အမှန်အတိုင်း မသိနိုင် ပါဘူး။

နန်းအောင်ထွေးကြည် လုပ်ခဲ့တဲ့ ရေလှိုင်းစစ်ဆင်ရေးနဲ့ ဒီလိုင်းတွေကို ယုံကြည်လက်ခံလုပ်ခဲ့တဲ့ သူတွေကလည်း  နန်းအောင်ထွေး ကြည်ပြောခဲ့တဲ့စကားအတိုင်း ပြန်ပြောရရင် “မန္တလေး ကျောင်းသားလှုပ်ရှားမှု့အကြောင်း ကောင်းကောင်းမသိတဲ့ စစ်ကြောရေးမှာ ပါတဲ့သူတွေကလည်းကွာ ဒီလောက်တောင် တုံးရသလား”ဆိုရမလိုပါပဲ။

၈၈မှာ တက်ကြွလှုပ်ရှားနေတဲ့ ကျောင်းသားလူငယ်တွေ ထုနဲ့ထေးရှိခဲ့သလိုပဲ အဲဒီလိုလှုပ်ရှားနေတဲ့ ကျောင်းသားလူငယ်တွေကြား မှာ တန်ပြန်ထောက်လှမ်းရေးသဘောမျိုးနဲ့ သတင်းယူပို့ ပေးရတာတွေကို အကြီးအကျယ် စွန့်စားမှု့ကြီးတခုအဖြစ် ကိုယ်ဘာသာ ကိုယ် ဂုဏ်ယူကျေနပ်စွာ လုပ်ကိုင်နေကြတဲ့ ကျောင်းသားလူငယ်တွေလည်း အများကြီး ရှိနေခဲ့ကြတာတွေကိုတော့ သတိရကြပါ လိမ့်မယ်။

ဖြစ်ခဲ့တဲ့အချိန်တုန်းကလည်း ကိုမျိုးဝင်းတို့ ကိုသံချောင်းတို့ ယုံကြည်လက်ခံသွားလောက်အောင် သူ့ကိုယ်သူ တကယ့်ထောက် လှမ်းရေးမတယောက်အသွင်မျိုးနဲ့ နန်အောင်ထွေးကြည် မင်သေသေ ပြောခဲ့ လုပ်ခဲ့တယ်။ အခုကျ သေသွားတဲ့ မဖြေရှင်းနိုင်တော့ တဲ့ ကိုမျိုးဝင်းအပေါ် အားလုံးပုံချပြီး အသားအနာမခံနိုင်လို့ပါ အကြောင်းပြ  ကျောင်းသားတပ်ကို မစွန့်ခွာချင်ပါပဲ စွန့်ခွာခဲ့ရတဲ့ အင်မတန် သနားဖွယ်ရာကောင်းတဲ့ရဲမေလေး ပြန်ဖြစ်နေပြန်တယ်။

ဒီအမျိုးသမီးဟာ မဟုတ်ခဲ့ရင်တော့ အတော်လေးကို သနားကြင်နာဖို့ကောင်းတာ အမှန်ပါ။ ဟုတ်ခဲ့ရင်တော့ အတော်လေးကို ကြောက်စရာကောင်းတဲ့ အနေအထား မီးစတဘက်-ရေမှုတ် တဘက်ကိုင်ထားတဲ့ တော်လှန်ရေးမပြောနဲ့ ကျောင်းသားစိတ်ဓါတ်မျိုး တောင်မရှိတဲ့ ရပ်တည် ချက်မမှန်တဲ့ မိန်းမမျိုးထဲကပါ။

(ဘယ်သူဘယ်ဝါမှန်းမသိ လမ်းမှာတွေ့တဲ့သူနဲ့ စကားပြောမိရာက အဲဒီလူနဲ့အတူ ရှစ်လေးလုံး လှုပ်ရှားမှု့တွေမှာ ပါဝင်လာခဲ့တယ် တဲ့။ ကြားမကြားဖူးခဲ့တဲ့ ရှားရှားပါးပါးပုံပြင်လေး တပုဒ်ပါပဲ။ ဒါလည်း တကယ်မရှိတဲ့ လူတယောက်ကိုသုံးပြီး ဇာတ်လမ်းဖော်ထား တဲ့ ပုံပြင်ပဲ ဖြစ်ရမယ်၊၊)

အဖမ်းခံခဲ့ကြရသူတွေအားလုံး ကိုယ့်အိမ်ကိုယ်တန်းပြန်ခဲ့ကြချိန်မှာ အိမ်တန်းမပြန်ပဲ နိုင်ငံခြား မှာ အကြာကြီးသောင်တင်နေတဲ့ နန်းအောင်ထွေးကြည်နဲ့ ကေအိုင်အေမှာ ဆက်နေပြီး တာဝန်ထမ်းဆောင်နေခဲ့ပါတယ်ဆိုတဲ့ ကိုညီညီဆမား၊ သူတို့နှစ်ယောက် လျှောက်တဲ့လမ်းကိုက တခြားခံရသူတွေနဲ့မတူပဲ သီးခြားကွဲထွက်နေခဲ့တာကလည်း စဉ်းစားစရာတချက်။

အထဲပြန်ဝင်သွားကြသူတွေရဲ့ ထင်မြင်ယူဆချက်တွေ၊ အခြေအနေတွေကို စောင့်ကြည့် အကဲခတ်နေတဲ့ သဘောမျိုး ဖြစ်နေပါ တယ်။

( ဒီလောက် အိမ်လွမ်းလှပြီဆိုတဲ့သူက အားလုံး ကိုယ့်အိမ်ကိုယ်တန်းပြန်ကြတဲ့အချိန်မှာ ဘာအကြောင်းကြောင့် အဲဒီအချိန်က အိမ်တန်းမပြန်ရဲ ခဲ့ရတာပါလဲ။ တောထဲမှာ ဒီလောက် ဆင်းရဲဒုက္ခရောက်ခဲ့ရသူတယောက်အတွက် ပြန်စရာ အဖေအမေအိမ်ထက် ပိုကောင်းတဲ့နေရာ ဆိုတာ ရှိနေသေးလို့လား။ ရိုးသားရင် အဲဒီအချိန်ကတည်းက အိမ်ပြန်ရောက်နေရမဲ့ကိစ္စ။ အိမ်တော့မပြန်နဲ့ သွားချင်ရင် မင်းအကိုဆီသွားဆိုပြီး ကေအိုင်အေကဘန်ကောက်ပို့ ပေးခဲ့ တာပါတဲ့။ ဟနေတဲ့အချက်မှန်သမျှ သူသိပါတယ်၊ အကုန်လိုက်ပိတ်ထားပြီး မေးလို့မရတော့တဲ့ သူတွေကို လက်ညိုးထိုးညွန်ပြလိုက်တာချည်းပဲ။)

အထဲပြန်ဝင်သွားတဲ့ ရဲဘော်အများစုကတော့ သူတို့ပြောသလိုပါပဲ ဘာမှန်းညာမှန်းမသိပဲနဲ့ကို ခံလိုက်ကြရတာပါ။ နောက်တခုက ဒီဇာတ်လမ်းအစပျိုးချိန်က အမှန်တရားဖော်ထုတ်ပေးဖို့ ကိုထွန်းအောင်ကျော်မှာသွားလို့ပါဆိုတဲ့ သူနှစ်ယောက်ကလည်း ထူးထူး ခြားခြား နန်းအောင် ထွေးကြည်နဲ့ ကိုညီညီဆမားပဲ ပြန်ဖြစ်နေပြန်ပါတယ်။ အခုကျတော့ ဒီလိုပဲ ကျမတို့အားလုံး တယောက်ကို တယောက်မှာကြတယ်နဲ့ ပြန်လျှောချသွားတယ်။ ကိုထွန်းအောင်ကျော် သူ့ကို ဒီလိုမှာသွားလို့လုပ်ရတာပါဆိုတာနဲ့ အစပျိုးလာချိန် ကတည်းက ရှင်းရှင်းပြောရရင် ကျမက တော့ မယုံကြည်ခဲ့ပါဘူး။

နန်းအောင်ထွေးကြည်ဖော်ခဲ့ လုပ်ခဲ့တဲ့ “ရေလှိုင်းစစ်ဆင်ရေး”ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီလိုင်းတွေအရပဲ လုပ်တဲ့သူတွေက ထောက်လှမ်း ရေးတွေအဖြစ်နဲ့ ညာတာမှု့မရှိပဲ လုပ်ခဲ့ကြတဲ့အတွက် ဉက္ကဌကိုထွန်းအောင်ကျော် အပါအဝင် လူတော်တော်များများဟာ မဟုတ်ပဲနဲ့ ခံလိုက်ရသလို  မရှိပဲနဲ့  လုပ်ကြံဖြေထားတဲ့အပေါ် လက်နက်တွေ ၊အဆိပ်တွေ၊ ဆက်သွယ်ရေးစက်တွေ ထုတ်မပေးမချင်း ရက်ရက် စက်စက် ညှင်းပမ်းနှိပ်စက်ခံခဲ့ကြရတယ်။ မရှိလို့ ထုတ်မပေးတာကို ခေါင်းမာတယ်ထင်ပြီး ထပ်ခါထပ်ခါ ညှင်းဆဲမေးမြန်းရင်း တချို့ စစ်ကြောရေးမှာပဲ သေဆုံးသွား ခဲ့ရတယ်။

ရုပ်ပိုင်းဆိုင်ရာအရ သူ့ထက်အဆပေါင်းများစွာ နာကျင်ခဲ့ရတဲ့သူတွေထက်  သူဆင်လိုက်တဲ့ ဇာတ်လမ်း သူလုပ်ခဲ့တဲ့လုပ်ရပ်တွေ အတွက်  တခြားလူတွေရဲ့ဘဝတွေ ဘယ်လောက်တောင် ထိခိုက်နစ်နာသွားခဲ့ရသလဲဆိုတာ သူကိုယ်တိုင်သာအသိဆုံးမို့ စိတ်ပိုင်း ဆိုင်ရာအရ  ကိုယ့် ကိုယ်ကို ဒဏ်ခတ်ချောင်ပိတ်မိနေခဲ့တဲ့အထိ ဆောက်တည်ရာမရ နန်းအောင်ထွေးကြည် ခံစားနေခဲ့ရတာတွေ ဟာ ဒါတွေကြောင့်ပါ။

(သို့မဟုတ်) အချိန်အခါတခုကိုစောင့်ပြီး သူ့ဆင်ခဲ့တဲ့ဇာတ်လမ်းကို သူပြန်ပြီးဆက် ”က” နေခြင်းမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။

တိုက်ဖော်တိုက်ဖက် ကျောင်းသားအချင်းချင်းကို ရန်သူ့လူထောက်လှမ်းရေးတွေလို့ ထင်မြင်သွားခဲ့ကြတဲ့အထိ  အဲဒီအချိန်က သွေးခွဲလှုံ့ဆော်တွန်းပို့ပေးခြင်းကို ခံခဲ့ကြရတာဟာ ဒီအဖြစ်အပျက်တခုလုံးရဲ့အရင်းခံ အကြောင်းတရားတွေပဲ ဖြစ်ပါတယ်။

နန်းအောင်ထွေးကြည်ရဲ့ တွန်းပို့ခဲ့မှု့အပေါ် ကိုမျိုဝင်းယုံကြည်လက်ခံသွားအောင် ထပ်ဆင့်တွန်းပို့ချောက်တွန်းလုပ်ခဲ့သူ နောက်တ ယောက်ကတော့ ကိုမျိုးဝင်း ယုံကြည်လို့ အဖမ်းခံရသူတွေကြား တမင်ထည့်ထားခဲ့တဲ့ ခို (ခ) ကိုခင်မောင်ဇော် (စစ်ရုံးအုပ်၊ မန္တလေး) ဆိုတာတော့ အသေအချာပါပဲ။

နန်းအောင်ထွေးကြည်ရဲ့ မင်သေသေနဲ့ ဖြေကြားချက်တွေ (သူ့စကားအရပြောရရင် သူရေးပေး လိုက်တဲ့ ဝတ္ထုဇာတ်လမ်းတွေအပေါ် ) ကျောင်းသားထောက်လှမ်းရေးဘက်က လူတွေ ဘယ် လောက်တောင် ယုံကြည်ပြီး လုပ်ဆောင်ခဲ့ကြသလဲဆိုတဲ့ သာဓကတွေပါ။
ဘာကြောင့်မို့ သူပြောတာတွေကို အလွယ်တကူယုံကြည် လက်ခံခဲ့ကြပါသလဲ စဉ်းစားကြည့်နိုင်ပါတယ်။ သူက ထောက်လှမ်းရေး မှူးတယောက်ရဲ့သမီး ဖြစ်နေခဲ့တဲ့အပြင် စရောက်လာကတည်းက သူတို့ရဲ့ပြောဆိုပြုမူလုပ်ကိုင်ခဲ့ပုံတွေအရကို သံသယအဖြစ်ခံ ခဲ့ရတဲ့သူတယောက် ၊ ဒါ့အပြင် အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ အခြေအမြစ်ရှိတဲ့အချက်တွေကို ဆွဲယူသုံးခဲ့လို့ပဲ ဖြစ်ပါ တယ်။

(၄)
  • Kyaw Lin, Zaw Ye and 6 others like this.
  • Hmone Shwe Yi 'အဖမ်းခံရသူတွေကိုယ်.အိမ်ကိုယ်တန်းပြန်ချိန်မှာအိမ်တန်းမပြန်ဘဲနိုင်ငံခြားမှာအကြာကြီးသောင်တင်နေတဲ.နန်းအောင်ထွေကြည်နဲ.ကေအိုင်အေမှာဆက်နေပြီးတာဝန်ထမ်းဆောင်နေတဲ.ကိုညီညီစမားသူတို.၂ယောက်လျှောက်တဲ.လမ်းဟာတခြားခံရသူတွေနဲ.မတူဘဲကွဲထွက်နေခဲ.တာကလဲစဥင်္းစားစရာပါ----နောက်တခုဒီဇာတ်လမ်းပျီုးချိန်ကအမှန်တရားဖော်ထုတ်ပေးဖို.ကိုထွန်းအောင်ကျော်ကမှာသွားလို.ပါဆိုတဲ.သူ၂ယောက်ကလဲထူးထူးခြားခြားနန်းအောင်ထွေးကြည်နဲ.ကိုညီညီစမားတို.ဖြစ်နေပြန်ပါတယ်-----အခုကြတော.ဒီလိုဘဲကျမတို.အားလုံးတယောက်ကိုတယောက်မှာကြတယ်နဲ.ပြန်လျှောချသွားတာလဲနန်းအောင်ထွေးကြည်ပါ-
  • Nweni Tun အဲဒီရေလှို င်း စစ်ဆင်ရေးဆိုတာ သူရေးပေးလိုက်တဲ့ ၀ထ္ထူတပုဒ်လို့  သူက ပြောရင်.. ဒါဟာ ကြိုတင်ရေးထားတဲ့ ၀ထ္ထုဘဲဆိုတာသေချာတာပေါ့.. နွယ်နီတို့ တွေမြန်မာပြည်မှာ ရှိစဉ်က စစ်ဆင်ရေးဆိုတဲ့ အသုံးအနုံးကိုသိပ်မသိဘူး.. ဒါတောင်နယ်မှာနေတာ.. အဲလိုစစ်တပ်နဲ့ ဆိုင်တဲ့ စကားလုံးတွေဆိုရင် ရန်ကုန်သူ၊ ရန်ကုန်သားတွေပိုတောင်မသိသေးတယ်..။ နွယ်နီသာအဲလိုအဖမ်းခံရရင် သူ့ လို စစ်ဆင်ရေးအကြီးကြီး ခေါင်းထဲက ထွက်လာဖို့ မပြောနဲ့  ငိုချည်းနေနေလို့  ငိုနေတာနဲ့ တင် အသက်ထွက်သွားမယ်..
  • Nweni Tun တကယ်တမ်းပြောရရင် ဒီပိုဒ် ၃ကိုဖတ်ပြီး စိတ်ထဲမှာ တော်တော်ခံပြင်းနေတယ်.. အရင်က မခင်ရွှေလှိုင်ရေးခဲ့ဘူးတဲ့  - တရားခံအစစ်က ဘယ်သူလဲ...ဆောင်းပါးတွေမှာ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီးနဲ့  အခြားထင်ရှားတဲ့ခေါင်းဆောင် တချို့ ကို ဆွဲထဲ့သွားတာ သူ၊ အဲဒီလူတွေ မပါပါအောင် ဆွဲထဲ့နိုင်ဖို့  ဒီရေလှိုင်းစစ်ဆင်ရေးကို လုပ်ခဲ့တာသူပါလို့  သူကိုယ်တိုင်ဝန်ခံခဲ့တာကို ရေးခဲ့ဘူးပြီးပြီ... အဲဒီအချက်ကို မပ အတွက် အမှန်တရားအတွက် ရပ်တည်ပေးနေတယ်ဆိုတဲ့ ကျောင်းသားစစ်စစ်ကြီးများက အချက်ကလေးတခုအဖြစ်တောင် စကားထဲ စာထဲ ထည့်မပြောခဲ့၊ အရေးမထားခဲ့တာ..ဒီလောက်အရေးကြီးတဲ့အချက်ကိုတောင် မသိမမြင်နိုင်ခဲ့ကြတာ.. ဘယ်သူတွေက ညံ့ပြီး ဘယ်သူတွေက ပိုတော်နေသလဲ ဆိုတာကို.. အဲဒီကျောင်းသားချစ်တဲ့ အမှန်တရားချစ်တဲ့ ကျောင်းသားစစ်တွေကိုဘဲမေးချင်နေတော့တယ်..
  • Hmone Shwe Yi ငါတို.မှာလဲနှလုံးသားရှိတယ်-ဒီလိုအကြီးကြီးဘာကြောင်.ဖြစ်သွားရတာလဲဆိုတာပေါဖို.လိုတယ်-ဒီအတိုင်းတော.ပြီးသွားလို.မရဘူးအဖြစ်အပျက်တွေအားလုံးပေါလွင်မှန်ကန်ဖို.ကြိုးစားရမယ်-ကိုထွန်းအောင်ကျော်ရောကိုညီညီကျော်(ကျော်ကြီး)ရောစစ်ဆေးမှု.တွေထဲမှာပါခဲ.ကြဘူးတယ်-ကိုထွန်းအောင်ကျောင်ကတော.သေပြီ-ခုကိုညီညီကျော်ကျန်သေးတယ်သူ.အနေနဲ.သူသိထားတာတွေကိုဘက်မလိုက်ဘဲအမှန်တရားအတိုင်းထပ်ရေးပြီးတင်သင်.တယ်-
  • Nweni Tun ငုံးရေ.ပိန်အခုလောလောဆယ်တော့.. ဒီ မပ ကိစ္စ အငြင်းပွားရင်း တို့ တွေနဲ့ တစခန်းထဲနေခဲ့တဲ့ bro တွေကအစ.. ABSDF တောင်ပိုင်းဗဟိုမှာ တာဝန်ကြီးကြီးယူခဲ့တဲ့ သူတွေအဆုံး သူတို့ တွေရဲ့  အထေ့အငေါ့တွေခံခဲ့ရတာကို ပြန်စဉ်းစားရင်း.. ဒေါသဘဲထွက်နေတော့တယ်.. မုန်းတီးနာကျည်းတာတွေတော့မပါပါဘူး..
  • Kyi Kyi Khin သူ့မျက်နှာကို မီးနဲ့ တို့တယ် ဘာညာနဲ့ နှိပ်စက်တာတွေရေးပြီး တကယ်အပြင်မှာ မြင်ဖူးတော့ မျက်နှာမှာဘာဒဏ်ရာမှလဲ မရှိဘူး။ အဲဒီကတည်းက ဘယ်လိုလဲလို့ စိတ်ထဲ ထင်မိခဲ့ဖူးတယ်။
  • Thiha Kyaw In this case,really she was , Ma Kyi2 Khin.
  • Kyi Kyi Khin ဟုတ်ကိုသိုက်။ တွေးမိဖူးတာ ပြောပြတာ။ ကျမလဲ အတော့်ကို စိတ်ဝင်စားနေပြီ။
  • Thiha Kyaw Yes,just I want you to know what really is.
  • San Dar တိုက်ဖော်တိုက်ဖက် ကျောင်းသားအချင်းချင်းကို ရန်သူ့လူထောက်လှမ်းရေးတွေလို့ ထင်မြင်သွားခဲ့ကြတဲ့အထိ အဲဒီအချိန်က သွေးခွဲလှုံ့ဆော်တွန်းပို့ပေးခြင်းကို ခံခဲ့ကြရတာဟာ ဒီအဖြစ်အပျက်တခုလုံးရဲ့အရင်းခံ အကြောင်းတရားတွေပဲ ဖြစ်ပါတယ်။

ရေလှိုင်းစစ်ဆင်ရေး (သို့မဟုတ်)မေးခွန်းထုတ်စရာများ(၂)

နန်းအောင်ထွေးကြည်ရဲ့နာမည်ကျော်ရေလှိုင်းစစ်ဆင်ရေး (သို့မဟုတ်)မေးခွန်းထုတ်စရာများ(၂)

by Tamar Khin on Sunday, January 27, 2013 at 12:48pm ·
(၂)

အဲဒီတော့ “ရေလှိုင်းစစ်ဆင်ရေး”ဆိုတဲ့နာမည်ဟာ ကျောင်းသားထောက်လှမ်းရေးအဖွဲ့က လူတွေက” ဟုတ်တယ်”လို့ဝန်မခံမချင်း ရိုက်နှက် လိုင်းတင်ပေးထား လုပ်ထားခဲ့တဲ့နာမည် မဟုတ်ဘူး၊ စတင်အဖမ်းခံခဲ့ရတဲ့ စိုးမင်းအောင်ပြောသွားခဲ့တဲ့ နာမည်လည်း မဟုတ်ပါဘူး။ နန်းအောင်ထွေးကြည် အဖမ်းခံရတဲ့ အချိန်ကျမှ “သူ လုပ်ထားတာပါ “လို့ “သူကိုယ်တိုင် ဝန်ခံထားတဲ့အတွက်” သူပေးထားခဲ့တဲ့နာမည်။

မြန်မာစာ မြန်မာစကားတတ်သူတိုင်း “ရေလှိုင်း”ဆိုတဲ့ အဓိပ္ပါယ်ကိုတော့ ကောင်းကောင်း နားလည်ပါလိမ့်မယ်။”အင်နဲ့အားနဲ့ အလုံးအရင်းနဲ့ ရိုက်ခိုက်ဖြိုခွဲတတ်တဲ့သဘော”။

ဘာကြောင့် “ရေလှိုင်းစစ်ဆင်ရေး”ဆိုတဲ့အမည်ကို နန်းအောင်ထွေးကြည်  ပေးခဲ့ပါသလဲ။

“ရေလှိုင်းစစ်ဆင်ရေး”ဆိုတဲ့နာမည်ကိုလည်း ငါအသားအနာမခံနိုင်တော့လို့ ကြားဖူးနားဝရှိတဲ့ ပါးစပ်ထဲတွေ့ရာအမည်ကို ငါလျှောက်ပြောခဲ့တာပါ”လို့ အသားနာခဲ့ရတာကိုပဲလွဲချ နှစ်သိမ့် ပြောပြောလာရင် ကိုယ်ချင်းစာ နားလည်မှု့အပြည့်နဲ့ လက်ခံပေးလိုက်ပါ့မယ်။

ဒါပေမဲ့ နောက်ထပ် မေးခွန်းတခုတော့ ထပ်မေးရပါလိမ့်မယ်။

“ဒါဆို မင်းပါးစပ်ထဲတွေ့ရာ လျှောက်ပေးခဲ့ လုပ်ခဲ့တဲ့ “ရေလှိုင်းစစ်ဆင်ရေး”ဆိုတဲ့ နာမည်နဲ့ ရော အဓိပ္ပါယ်နဲ့ပါ တထပ်တည်း ထပ်တူကျအောင် ကိုက်ညီသွားခဲ့ရတဲ့အထိ အဖွဲ့ရဲ့သုံးပုံတပုံ သောလူဉီးရေ  ဉက္ကဌအပါအဝင် လူပေါင်းအယောက်တရာ နီးပါးလောက် ဘာကြောင့်  ရေလှိုင်းအသွင် အလုံးအရင်းနဲ့ကို ထောက်လှမ်းရေးတွေ ဖြစ်ကုန်ခဲ့ကြရတာပါလဲ။”

ဒီမေးခွန်းကို “ရေလှိုင်းစစ်ဆင်ရေးက ငါလုပ်ထားတာ”ဆိုတဲ့ နန်းအောင်ထွေးကြည် ဘယ်လိုများ ဖြေမှာပါလဲ။

ပါးစပ်ထဲတွေ့ရာ လျှောက်ပြောခဲ့တာမှန်ရင် ပေးထားတဲ့ ခေါင်းစဉ်နဲ့ ထွက်လာတဲ့ရလဒ်တွေဟာ ကိုက်ညီနေဖို့မရှိပါဘူး။
တလွဲတချော်တွေ ကမောက်ကမတွေပဲ ဖြစ်နေကြရမှာပါ ။

လက်တွေ့မှာ နန်းအောင်ထွေးကြည်လုပ်ခဲ့ပါတယ်ဆိုတဲ့ “ရေလှိုင်းစစ်ဆင်ရေး”ခေါင်းစဉ်နဲ့ ရဲဘော်ရဲမေတွေ တပုံတခေါင်းကြီး ရေလှိုင်းအသွင်နဲ့ကို ထောက်လှန်းရေးတွေ ဖြစ်သွားခဲ့ကြရတဲ့ အခြေအနေရလဒ်က ညီမျှခြင်းချကြည့်လို့ရနေပါတယ်။

ဖြစ်ပျက်ခဲ့တဲ့အကျိုးရလဒ်တွေဟာ နန်းအောင်ထွေးကြည် လုပ်ခဲ့တဲ့ အကြောင်းအရာခေါင်းစဉ်နဲ့အညီကို ဖြစ်ပျက်သွားခဲ့ကြတာ တွေပါ။

နန်းအောင်ထွေးကြည် ပါးစပ်ထဲက တွေ့ရာလျှောက်ပြောခဲ့ပါတယ်ဆိုတဲ့ “ရေလှိုင်းစစ်ဆင်ရေး” ဆိုတဲ့ အမည်နာမအတိုင်း ဘာကြောင့် အရာအားလုံးဟာ အံဝင်ခွင်ကျ ဖြစ်ပျက်သွားခဲ့ကြရ ပါသလဲ။

“ရေလှိုင်းစစ်ဆင်ရေး”လို့ နန်းအောင်ထွေးကြည်ထုတ်ပြောလိုက်တာနဲ့ -------။

ရေလှိုင်းစစ်ဆင်ရေးဆိုတာဘာလဲ။

ဘယ်လိုပုံစံမျိုးလဲ။

ဘာတွေလုပ်ကြဖို့ အစီအစဉ်ရှိနေလဲ။

ဒီမေးခွန်းတွေကို နန်းအောင်ထွေးကြည် ဘယ်လိုဖြေခဲ့ ပါသလဲ။

ကိုသံချောင်းကို သူရေးပေးလိုက်ပါတယ်ဆိုတဲ့ ဝတ္ထုဇာတ်ညွန်းက ဘယ်လိုပုံစံမျိုးလဲ။

“ရေလှိုင်းစစ်ဆင်ရေးဆိုတာ---။ ဘယ်သူတွေလဲတော့ ကျမ မသိဘူး၊ ဒါပေမဲ့ စစ်ဆင်ရေး ဆိုတော့ လူအတော်များများတော့ ရှိနေလိမ့်မယ်။ ဒေသတခုစီမှာ လူတယောက်စီတော့ရှိနိုင်တယ်၊ အဲဒီတယောက်စီမှာ အနည်းဆုံး သူ့အဆက်အသွယ် ငါးယောက်လောက်တော့ အကြမ်းဖျဉ်း ရှိတယ် ။ ကျမအဆက်အသွယ်တွေကတော့ ကိုထွန်းအောင်ကျော်၊ ကိုစိုးလင်း၊ ကိုရဲလင်း၊ ကိုညီညီကျော်၊ ကေအိုင်အေဘက်မှာက မမညို၊ မမနှင်းမေတို့”လို့ သူပြောခဲ့၊ဖြေခဲ့ပါသလား။ ဒါကြောင့် လူတယောက်ကို ဖမ်းမိတိုင်း နောက်ထပ်လူငါးယောက် နာမည်မရမချင်း ရိုက်စစ် ခဲ့ကြတာလား။

ဒါပေမဲ့ ကြောင် (ခ) ကိုကျော်နိုင်ဉီး(သယာဝတီ)ပြောခဲ့တယ်။ သူကတော့ တယောက်မှ ဆွဲမထည့်ခဲ့ဖူးလို့ ဆိုပါတယ်။ ကိုညီညီကျော်ကတော့ ငါးယောက်အနည်းဆုံး ဆွဲထည့်ရတယ်လို့ ဆိုပါတယ်။ သူတို့ အချင်းချင်းကြားမှာကို ကွဲလွဲနေပါတယ်။

နန်းအောင်ထွေးကြည် ပြောခဲ့ဖူးသလို “သူ့အထက်က ဗိုလ်ကြီးက တိုက်ပိတ်(ခ) သန်းထွန်းစိုးပါ”ဆိုပြီး အားလုံးကို ထွက်ပြေးသွား တဲ့ သန်းထွန်းစိုးအပေါ်ပဲ အကုန်လွဲချခဲ့တယ်။” ဆိုတဲ့ စကားအရ ထည့်ပေါင်းရရင် နန်းအောင်ထွေးကြည် ဆွဲထည့်ခဲ့တာ ငါးယောက် မကပါ။ သူ့အထက်က ဗိုလ်ကြီးက တိုက်ပိတ်ပါလို့ဖြေခဲ့တယ်လည်းပြောတယ်။ သူတို့ပေးထားတဲ့ ရာထူးအရ နောက်ထပ် ( ဗိုလ်မှူးလား ဗိုလ်ကြီးလားတော့ ကျမ မသိ။ ဒါတွေက အခုချိန်မှ သူတို့ဘာသာ သူတို့ထုတ်ပြောလာလို့သာ ကျမတို့ရဲဘော်ရဲမေ အများစုက သိခဲ့ရတဲ့အရာတွေ ) အဆင့်ရှိတဲ့ ဉက္ကဌ ကိုထွန်းအောင်ကျော်ကိုလည်း ငါပဲဆွဲထည့်ခဲ့တာ ပြောခဲ့ပြန်တယ်။

သူပြောတဲ့စကားအရဆို သူ့အထက်မှာ အရာရှိက နှစ်ယောက်တောင် ဖြစ်နေပြီး သူက တော်တော်လေးအရေးပါခဲ့တဲ့ အနေအထား မျိုးကနေ ထွက်ဆိုထားခဲ့တာကို တွေ့မြင်နိုင်သလို  မြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့စဉ်ကလည်း သူကအဓိကကျတဲ့ ဇာတ်ဆောင် မင်းသမီးတယောက်လည်း ဖြစ်ခဲ့ပါတယ်။

ကေအိုင်အေအဆောင်မှာ ကျမသူ့ကိုသွားတွေ့တုန်းက “ကိုယ်မလုပ်ပဲနဲ့ ဘာတွေလုပ်သလဲ မေးရင် ဘယ်လိုလုပ်ဖြေမလဲ”ဆိုတဲ့ ကျမရဲ့မေးခွန်းကို  နန်းအောင်ထွေး ကြည် ဒီလိုဖြေခဲ့တယ်။

“အဲဒါက ငါတို့တယောက်နဲ့တယောက်မတူဘူး။ လိုင်းတွေခွဲထားတယ်။

၁။ ရဲဘော်နဲ့လူကြီးတွေကြား ရဲဘော်အချင်းချင်းကြား သွေးခွဲပေးတာကတလိုင်း (အပတ်စဉ်(၅)ဆန္ဒပြပွဲမှာ ဒီနည်းကိုသုံးပြီး တိုက်ပိတ်ဉီးဆောင်ခဲ့တယ်။ အဲဒီအပတ်စဉ်(၅) ဆန္ဒပြပွဲကိုပဲ  ပြန်လည်အသုံးချဖြေထားခြင်း) ၊

၂ ။ဉီးဆောင်တဲ့နေရာတွေ ရအောင်ယူပြီး ကိုယ်လိုချင်တဲ့ဘက်ကို ခေါ်သွားမှာကတလိုင်း (အပတ်စဉ်(၅)ဆန္ဒပြပွဲကတဆင့် ကိုထွန်းအောင်ကျော်အပါအဝင် ရန်ကုန်မန္တလေးကလူ အတော်များများ ဗဟိုကော်မတီဖြစ်လာကြခြင်းကို ဆွဲထည့်ဖို့ခိုင်လုံလောက် တဲ့အကြောင်းပြချက်အဖြစ်နဲ့ ပြန်လည်အသုံးချဖြေထားခြင်း၊ အသားအနာမခံနိုင်လို့ ရှာကြံဇာတ်လမ်းတွေ ရေးခဲ့ ဖြေခဲ့ရပါတယ် ဆိုရင်တောင်  ဒီလိုလိုင်းမျိုး ရေးဖို့ဖြေဖို့ အမှန်တကယ် လိုအပ်ခဲ့ပါသလား။ ဘယ်လိုစိတ်ကူးမျိုးနဲ့ပါလိမ့်)

၃ ။ဒါမှ မရရင်လက်နက်နဲ့ အာဏာသိမ်းမယ်။

၎ ။နောက်ဆုံးမရတော့ရင် လူကြီးတွေကို အဆိပ်ခပ်သတ်မယ်။ (ဒီလိုင်းတွေကြောင့်ပဲ မရှိတဲ့အဆိပ်ကို ရှာကျန်ဖန်တီး ထုတ်ပေးခဲ့ကြတာတွေ ဖြစ်လာခဲ့တာပါ။)

ဒီဖြစ်ရပ်မှာ ဒီလိုင်းတွေ ချထားတာကိုက ထူးခြားမှု့ တခုပါ။ ဒီတင်ထားတဲ့ လိုင်းတွေအရကို အပတ်စဉ်(၅)ဆန္ဒပြပွဲကို ဖော်ဆောင်ခဲ့တဲ့သူတွေရော  အဲဒီကတဆင့် ဗဟိုကော်မတီဖြစ်လာကြတဲ့ သူတွေကိုပါ ဉီးဆောင်တဲ့နေရာ ရအောင်ယူပြီး ကိုယ်လိုချင်တဲ့ လိုင်းရောက်အောင် ခေါ်သွားမဲ့ ရန်သူ့လူတွေအဖြစ်နဲ့ ညွန်းဆိုဖြေထားတဲ့သဘောကို တွေ့ရပါတယ်။

လက်နက်နဲ့ အာဏာသိမ်းမဲ့သူတွေအဖြစ် ညွန်းဆိုအဖြေခံခဲ့ရတဲ့ သူတွေကတော့ ဘယ်လိုမှ ရှာကြံထုတ်ပေးလို့ မရတဲ့အရာဖြစ်လို့ စစ်ကြောရေးမှာ  သေဆုံးသွားခဲ့ရတဲ့ ကိုကျော်ဝေ၊ ကိုကျော်ဌေး၊ အောင်ဖိုးတို့လို လူတွေဖြစ်ဖို့ အလားအလာရှိနေပြီး

အဆိပ်ခပ်သတ်မဲ့သူတွေကတော့ သူတို့ကိုယ်တိုင် ပြောခဲ့ရေးခဲ့ကြသလို ဓါတ်ခဲအဟောင်းတွေထဲက အမှုန့်တွေထုတ်ပေးတာမျိုး၊ ပန်းချီဆွဲတဲ့ မင်ပုလင်းထုတ်ပေးလိုက်တာမျိုးတွေ လုပ်နိုင်လို့ သက်သာရာရသွား ခဲ့ကြတယ် ထင်ပါတယ်။

ဒီလိုင်းတွေကို ကျောင်းသားထောက်လှမ်းရေးဘက်က လူတွေ လုပ်ခဲ့တာမဟုတ်တဲ့အတွက်ကြောင့်သာ လက်နက်တွေ၊ ဆက်သွယ်ရေးစက်တွေ၊ အဆိပ်တွေ မရမချင်း ထုတ်မပေးမချင်း နန်းအောင်ထွေကြည်ပြောခဲ့သလိုဆို ရိုးရိုးရိုက်နှက်စစ်တာမျိုး တောင် မဟုတ် မိုင်ကပ်၊ လက်ဖြတ် ၊ခြေဖြတ် ရက်စက်တဲ့နည်းပေါင်းစုံ ကိုသုံးပြီး ရိုက်နှက်စစ်မေးမြန်းနေခဲ့ကြတယ် ဆိုတာတွေ က  ထင်ရှားနေပါတယ်။

ဒါတွေတက်လာတဲ့အချိန် နန်းအောင်ထွေးကြည် ပြောခဲ့တဲ့ ဒီလိုင်းတွေခွဲထားခဲ့တာနဲ့ ပတ်သက်ပြီး ကျမ သူ့ကိုထပ်မေးတဲ့အခါ သူမဖြေတော့ပဲ စကားလမ်းကြောင်း လွဲခဲ့တယ်။ ဘာကြောင့် သူရိုးသားပွင့်လင်းမှု့ မရှိခဲ့ပါသလဲ။ ဒီကိစ္စကို အမှန်အတိုင်းဖြစ်အောင် ဖော်ထုတ်မယ်ဆိုတဲ့သူမှာ ဖုံးကွယ်ထိန်ချန်ထားစရာ ဘာအကြောင်းတွေများ ရှိနေပါသေးသလဲ။

“ငါမင်းကို ပြောခဲ့တဲ့ ရေလှိုင်းစစ်ဆင်ရေးဆိုတာလေ အဲဒါ ငါလုပ်ထားတာ”ဆိုတဲ့စကားအရ ရေလှိုင်းစစ်ဆင်ရေးဆိုတဲ့ နာမည်ကို ထည့်မပြောပဲ ကျမကို သူပြောခဲ့တဲ့ ဒီလိုင်းတွေကို နန်းအောင်ထွေးကြည်ပဲ လုပ်ထား ဖော်ထားခဲ့ခြင်း ဖြစ်ပါတယ်။

ကျောင်းသားထောက်လှမ်းရေးဘက်က ချပေးပြီး ဝန်မခံမချင်းရိုက်နှက်စစ်ဆေးထားတဲ့လိုင်းတွေ မဟုတ်ဘူးဆိုတာ ပိုပြီးရှင်း သွားပါတယ်။

“ရေလှိုင်းစစ်ဆင်ရေး”ဆိုတဲ့အမည်နာမနဲ့အတူ ဒီလိုင်းတွေကို နန်းအောင်ထွေးကြည် ဘယ်လို ရည်ရွယ်ချက်မျိုးနဲ့ ဖော်ခဲ့လုပ်ခဲ့ရ တာပါလဲ။

(၃)
  • Kayin Lay, Kyaw Lin, Zaw Ye and 8 others like this.
  • Zaw Ye အစ်မရေ အဲ့ဒီ ရေလိုင်းစစ်ဆင်ရေး ဆို တဲ့ နာမည် က ပါးစပ်က တွေ့ကရာပေးတာမဖြစ်နိုင်ဖူး ဗကပ ရဲ့ စီစီဝမ်း၊တာပန် တိုက်ပွဲတုံး က စစ်ဆင်ရေး နာမည် ၁၉၈၈ မတိုင်ခင် က ကျနော်အမှတ်မမှားဖူးဆိုရင် အခု သီဟသူရတင်အောင်မြင့်ဦး ဘွဲတဆိပ် ရခဲ့ဖူးတဲ့တိုက်ပွဲပေါ့

နာမည်ကျော် ရေလှိုင်းစစ်ဆင်ရေး (သို့မဟုတ်) မေးခွန်းထုတ်စရာများ

နာမည်ကျော် ရေလှိုင်းစစ်ဆင်ရေး

(သို့မဟုတ်) မေးခွန်းထုတ်စရာများ

by Tamar Khin on Saturday, January 26, 2013 at 4:23pm ·
                                    နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော်  ရေလှိုင်းစစ်ဆင်ရေး
                                                                       (သို့မဟုတ်)
                                                               မေးခွန်းထုတ်စရာများ

ကျမရေးသမျှ ကျမရဲ့ဖြတ်သန်းမှု့၊ ကျမရဲ့ ကိုယ်၊ စိတ်၊ နှလုံး၊ သုံးပါးနဲ့သာ ဖြစ်ပြီး ဖြစ်ပျက်ခဲ့သည့်အကြောင်းအရင်း အစစ်အမှန်ကိုသာ ရှာလို၍ ဖြစ်ပါကြောင်း ။

ကိုမောင်မောင်က မေးတယ်။”ဒီလောက်လူတွေအများကြီး ထောက်လှမ်းရေးတွေ ဖြစ်နိုင်ပါ့မလား”တဲ့။
ကျမမေးချင်တာက” ဒီလောက်လူတွေအများကြီး ဘယ်လိုအကြောင်းတွေကြောင့် ထောက်လှန်းရေးတွေ ဖြစ်ကုန်ခဲ့ကြရတာလဲ ။”
အားလုံးပဲ ဝိုင်းဝန်းစဉ်းစား ကြည့်ကြရအောင်ပါ။

အပတ်စဉ်(၅)ဆန္ဒပြပွဲမှာ တိုက်ပိတ်ဉီးဆောင်ခဲ့တဲ့ကိစ္စ၊ တိုက်ပိတ်ကြောင့် ဒေါ်အောင်ဆန်းဆု ကြည် တောတွင်း ဆက်သွယ်မှု့နဲ့ ပထမဆုံးတရားစွဲခံခဲ့ရတဲ့ကိစ္စ ၊ တောထဲမှာ တိုက်ပိတ်တို့ နန်းအောင်ထွေးကြည်တို့ ရိုက်ထားတဲ့ဓါတ်ပုံတွေ မြက်ခင်းသစ်မှာ ပါလာ တဲ့ကိစ္စ ၊ ဉီးစီးလွမ်းမိုး အဖမ်းခံရချိန်မှာ နန်းအောင်ထွေးကြည်ရဲ့ နားထင်ကို ပစ္စတိုနဲ့ ထောက်ပြီး အချိန်ခံခဲ့ရတဲ့ကိစ္စ၊  ရဲမေ တယောက်နဲ့ ပတ်သက်ပြီး ရဲဘော်ကောင်းတယောက် ဆုံးရှုံးသွားရတဲ့ပြသနာတခုကို ပိုပြီးကြီးသွားအောင် နန်းအောင်ထွေးကြည် ပါဝင် ပုံကြီးချဲ့ခဲ့တဲ့ ကိစ္စတွေအပါအဝင် တိုက်ပိတ်၊ နန်းအောင်ထွေးကြည်တို့အုပ်စုဟာ သူတို့ရဲ့နေထိုင်ပြုမူပြောဆို လုပ်ကိုင်ခဲ့ကြ ပုံတွေအရကို တောထဲ စရောက်လာကတည်းက သံသယဖြစ်ခြင်း ခံခဲ့ကြရပါတယ်။

ဒါကို တိုက်ပိတ်၊ နန်းအောင်ထွေးကြည်၊  မခင်ချိုဉီးတို့ ကိုယ်တိုင်လည်း သိနားလည်သဘော ပေါက်နေခဲ့တဲ့အတွက် နောက်ပိုင်းမှာ ခပ်အေးအေး ခပ်ကုပ်ကုပ်သာ နေထိုင်ခဲ့ကြပါတယ်။

(အဲဒီကတည်းက သံသယရှိခဲ့တယ်ဆိုတာ မြို့ကယူဂျီ ကိုညီညီဆမားရဲ့ နန်းအောင်ထွေးကြည် တို့ကို မဖမ်းဖို့ ရာဇဒဏ် ပေးခဲ့တယ် ဆိုတဲ့ ရေးသားချက်ကို ပြန်ရှာဖတ်ပါ။) အဲဒီတုန်းက သူတို့ကို ဖမ်းဆီးတာမျိုး မလုပ်ခဲ့သလို ဒီအဖြစ်အပျက်တွေ မဖြစ်သေးခင်ထိ ရဲဘော်ရဲမေလိုပဲ ဆက်ဆံခဲ့ကြပါတယ်။ ကျောင်းသားရဲမေဘဝတုန်းက သူဘယ်လို ပျော်မွေ့ခဲ့ရပုံတွေကို နန်းအောင်ထွေးကြည် ကိုယ်တိုင် ရေးထားတဲ့စာတွေအရ ဖတ်ကြည့်ရင် သိနိုင်ပါတယ်။

စတင်အဖမ်းခံရတဲ့ စိုးမင်းအောင်(မန္တလေး)ကလည်း ဒါတွေဖြစ်ခါနီးအလိုမှ မိုးညှင်းရင်း(၅) လမ်းကြောင်းအတိုင်း ရောက်ရှိလာတဲ့ လူသစ်တဉီးပဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ရင်း(၅) ဘက်မှာ နအဖထိုးစစ်က ခါတိုင်းနဲ့မတူပဲ ပိုပြီးပြင်းထန်လာတယ်။ ဆန်ဂိုဒေါင်တွေ ရန်သူ့ လက်ထဲရောက်သွားတယ်၊ ရဲဘော်တွေ ငတ်ကြပြတ်ကြဖျားကြနာကြသေကြတယ်။ လမ်းတလျှောက် သစ်ပင်တွေမှာ လမ်းပြထားတဲ့ အမှတ်လက္ခဏာတွေ ရှာတွေ့ခဲ့ကြတယ်။  စောင့်ကြည့်တော့ စိုးမင်းအောင်ကို သံသယဖြစ်စရာ အနေအထားမျိုးတွေနဲ့ တွေ့ရတယ်။

ဗန်းမော်ရင်းကတဆင့် ရင်းမှူးသိုက်ထွန်းဉီး အရံရဲဘော်အနေနဲ့ စိုးမင်းအောင် ဗဟိုကိုရောက် လာတယ်။ ရှစ်လေးလုံးမတိုင်ခင် စစ်သင်တန်းတက်ဖို့ ဗဟိုကနေ နောင်ရာဘာကို လွတ်လိုက် တဲ့ အချိန်မှာ ထွက်ပြေးခဲ့တယ်။ ပြန်လိုက်ဖမ်းပြီး ဗန်းမော်ရင်းကို ခေါ်သွားခဲ့တယ်။ သူ့ရဲ့အလုပ် က ရှိပြီးသားလူတွေကို ချိပ်ဆက်ပေးရတဲ့တာဝန်သာဖြစ်လို့ သူ့အလုပ်ပြီးသွားလို့ ပြန်တာပါလို့ ထွက်ဆိုခဲ့တယ်။

ဗဟိုမှာရှိတဲ့ကျောင်းသားထောက်လှမ်းရေးအဖွဲ့ မရောက်ခင် စိုးမင်းအောင်ကို အရင်ဆုံး ရိုက်နှက်စစ်ဆေးမေးမြန်းထားတဲ့ သူတွေက ဗန်းမော်ခရိုင်မှူးကိုညီညီကျော်(ခ) ကျော်ကြီး (အေဘီ၊မန္တလေး) ပါမပါတော့မသိ ဗန်းမော်ခရိုင်မှာ တာဝန်ရှိနေသူတွေ အရင်စစ်ဆေးမေးမြန်း ခဲ့ကြတာပါ။ (ကျောင်းသားထောက်လှန်းရေးတွေနဲ့အတူ လိုက်ပါသွားတဲ့ရဲဘော်တယောက် ကတော့” ပါတယ် သူတို့ကိုယ်တိုင် စစ်ကြတာပဲ၊ ကျွန်တော်တို့ ရောက်သွားတော့ ခြေထောက်တဘက်တောင် မီးရှို့ထားလို့ ပုတ်ပြီး တော်တော်အခြေ အနေဆိုးနေပြီ”လို့ ပြောခဲ့ပေမဲ့ ကာယကံရှင်သာ အသိဆုံးဖြစ်ပါလိမ့်မယ်။) အဲဒီကတဆင့် ဇာတ်လမ်းက ဗဟိုထိ ဆက်ရောက်လာခဲ့တာပါ။

နန်းအောင်ထွေးကြည် (ရန်ကုန်)၊ မခင်ချိုဉီး(ရန်ကုန်၊သေဆုံး)၊ သက်နိုင်(ရန်ကုန်၊သေဆုံး)၊ အောင်ဖိုး(ရန်ကုန်၊ လူသစ်၊သေဆုံး)၊ ရန်အောင်(မန္တလေး၊သေဆုံး)၊ ကိုကျော်ဝေ(မန္တလေး၊ လူသစ်၊သေဆုံး)၊ ကိုကျော်ဌေး(မန္တလေး၊လူသစ်၊သေဆုံး) တို့ကို ဖမ်းဆီးစစ်ဆေးမေးမြန်းနေ တဲ့အချိန် ဉက္ကဌကိုထွန်းအောင်ကျော်(မန္တလေး) ၊ ဗဟိုကော်မတီဝင် ကိုညီညီကျော် (ခ) ကျော်ကြီး (အေဘီ)(မန္တလေး)၊ ဗဟိုကော်မတီဝင် ကိုရဲလင်း(ရန်ကုန်)တို့ အာဏာလက်ရှိနဲ့ ဗဟိုမှာပဲရှိနေ မြင်နေ ကြားနေကြတဲ့အပြင် ကိုညီညီကျော်၊ ကိုရဲလင်းတို့ကိုယ်တိုင်လည်း တချို့လူတွေကို စစ်ဆေးမေးမြန်းခဲ့တဲ့ကိစ္စတွေမှာ ပါဝင်ပတ်သက်ခဲ့ကြပါတယ်။
နန်းအောင်ထွေးကြည်ရဲ့ ထွက်ဆိုချက်တွေကိုတောင် ဉက္ကဌကိုထွန်းအောင်ကျော်ကတဆင့် ကိုညီညီကျော်၊ ကိုရဲလင်းတို့ သိရကြားရနိုင်တဲ့အပြင် သူတို့အချင်းချင်းကြားမှာ  အမြင်ချင်း ဖလှယ်ပြောဆိုခဲ့တာတွေ ရှိကောင်းရှိနေနိုင်ပါတယ်။ အဲဒီတုန်းက ဘယ်သူမှ မတားမြစ်ခဲ့ကြ တာ ဉက္ကဌကိုထွန်းအောင်ကျော်၊ ကိုညီညီကျော်၊ ကိုရဲလင်းတို့ကိုယ်တိုင် နန်းအောင်ထွေးကြည် အပါအဝင် အဲဒီလူတွေကို ထောက်လှမ်းရေးအဖြစ် ယုံကြည်လက်ခံခဲ့ကြလို့ မဟုတ်ရင် ဘာကြောင့် တာဝန်ယူ မတားမြစ်ခဲ့ကြ ပါသလဲ။

“ရန်အောင်က မဖြစ်နိုင်ပါဘူး”လို့ ကျမသွားပြောတုန်းက   ဉက္ကဌကိုထွန်းအောင်ကျော်ရော ဗဟိုကော်မတီဝင် ကိုညီညီကျော် (ခ) ကျော်ကြီး (အေဘီ) ကိုယ်တိုင်ပါ “ရန်အောင်က ဟုတ်တယ်၊ မြို့မှာကတည်းက ငါတို့နောက်ကိုလိုက်ရင် သူဘယ်လောက် ဘယ်လောက် ရတယ်”လို့ ကျမကိုဖြေခဲ့တယ်ဆိုတာ ကျမရေးခဲ့ပြီးသားပါ။

ဒါက ဘာကိုပြနေသလဲဆိုရင်ဲ ဉက္ကဌအပါအဝင် မြောက်ပိုင်းဗဟိုကော်မတီဝင်တွေအားလုံး သဘောတူလုပ်ခဲ့ကြတဲ့ ကိစ္စတွေဖြစ် တယ်၊ ဒါတွေကို စစ်ရေးဘက်မှာ တာဝန်ရှိသူတွေက ဉီးဆောင်ဖြေရှင်းရတဲ့ တပ်အစဉ်အလာအတိုင်း နောက်တန်းလုံခြုံရေးကို တာဝန်ယူထားတဲ့ ဒုစစ်ဉီးချုပ်ကိုမျိုးဝင်းက တာဝန်ယူဉီးဆောင်ခဲ့တယ်။  လုပ်ခဲ့ကြတဲ့ အဲဒီအချိန်တုန်းက “ ဒါတွေဟာ မဖြစ်နိုင်ဘူး ထင်တယ်”လို့ တားမြစ်ခဲ့ကြတာမျိုး  ရဲဘော်ရဲမေတွေ ယုံကြည်လို့ ရွေးခြယ်တင်မြောက်ထားခဲ့တဲ့ ဘယ်ဗဟိုကော်မတီဝင် လူကြီး ဆီကမှ မကြားမိခဲ့တာ အမှန်ပါ။

လူကြီးတွေအားလုံး ဒါကို အဟုတ်ကြီး မှတ်ပြီး ယုံယုံကြည်ကြည်နဲ့ လုပ်ကိုင်ဆောင်ရွက်နေကြ သွားလာနေကြတာတွေကို တွေ့မြင်နေခဲ့ရသလို တခါတလေ ကေအိုင်အေဘက်က ထောက် လှမ်းရေးအရာရှိတွေလည်း ရောက်လာတတ်ကြပါတယ်။ ထောက်လှမ်းရေးတွေလို့ အမှန် တကယ်ယုံကြည်ခဲ့အတွက် ဖြစ်စဉ်တလျှောက်လုံး မှတ်တမ်းတွေယူ၊ ဓါတ်ပုံတွေ၊ ဗွီဒီယို မှတ်တမ်းတွေလည်း  ရိုက်ခဲ့ကြပါတယ် (ထုတ်ရှိုးထားတဲ့ ဗွီဒီယိုအခွေကို ဆိုလိုခြင်းမဟုတ်)။ သတင်းထောက်တွေအပြင် ဒါတွေနဲ့ပတ်သက်ပြီး တစုံတရာ မေးမြန်လာတာမျိုးတွေရှိခဲ့ရင် သက်သေပြနိုင်ဖို့ ချန်ထားတဲ့လူတချို့ရဲ့မိဘတွေကို တောထဲခေါ်ရှင်း ပြခဲ့ကြခြင်းလည်း ဖြစ်ပါ တယ်။ ရဲဘော်ရဲမေ အများစုကတော့ ဟုတ်လို့မှန်နေလို့သာ လူကြီးတွေ လုပ်နေကြတာဖြစ် မယ်လို့ပဲ ထင်မြင် ယူဆခဲ့ကြပါတယ်။

ဒီဆောင်းပါးမှာ ကျမအဓိကဆွေးနွေးချင်တာက နန်းအောင်ထွေးကြည်ရဲ့ နာမည် ကျော် ရေလှိုင်းစစ်ဆင်ရေး။
                                         “ရေလှိုင်းစစ်ဆင်ရေး ဆိုတာလေ အဲဒါ ငါလုပ်ထားတာ။ ငါ သံချောင်းကို ဝတ္ထုတပုဒ်ရေးပေး လိုက်တာ”နန်းအောင်ထွေးကြည်ကိုယ်တိုင် ပြောခဲ့ ဝန်ခံခဲ့တဲ့စကား။
(၂)

ကိုဖရယ်ဒီ အောင်သန်းရဲ့ညီမ မသင်းသင်းသို့

ကိုချိုကြီး (ခ) ကိုဖရယ်ဒီ အောင်သန်းရဲ့ ညီမ မသင်းသင်းသို့

by Tamar Khin on Sunday, January 20, 2013 at 3:17pm ·
ကိုချိုကြီး (ခ) ကိုဖရယ်ဒီ အောင်သန်းရဲ့ ညီမ မသင်းသင်းသို့

မြောက်ပိုင်းရဲမေ ခင်ရွေလှိုင်မှ အိတ်ဖွင့်ပေးစာ

ပထမဉီးဆုံးပြောချင်တာက မသင်းသင်းတို့အိမ်မှာ ကျမနေထိုင် စားသောက်ခဲ့တဲ့ ကျေးဇူးကို မမေ့ပါ။ နစ်နာခဲ့တဲ့ရဲဘော်တွေရဲ့ မိသားစုတွေ ဘာမှမသိလို့ ဘာမှမခံစားခဲ့ရသေးတဲ့အချိန် ဒီဖြစ်စဉ်ကြီး တလျှောက်လုံး ကိုယ်စိတ်နှလုံးသုံးပါးစလုံး ဘယ်လောက်ထိ ထိခိုက်ခဲ့ရ ခံစားခဲ့ရ တဲ့အကြောင်းတွေကိုလည်း စာဖွဲ့မပြချင်ပါ။ ကျမပြောနိုင်တာတခုက ဒီကိစ္စဟာ မသင်းသင်းတို့ သိထားသလောက် ရိုးရှင်းနေတာမျိုး မဟုတ်ပါ ဆိုတာပါပဲ။

မသင်းသင်းရေးတဲ့ စာအရအချက်(၃)ချက်ပဲတွေ့လို့ အဲဒီအချက်တွေကိုပဲ အကြောင်းပြန်စာ ရေးလိုက်ပါတယ်၊

(၁)”ကျမအသက်ဘေးအတွက် ကိုယ်လွတ်ရုန်းခဲ့ရပါတယ်။ မကာကွယ်မတားဆီးနိုင်ပါဘူးဆိုရင်တောင် အခုအချိန်မှာ အမှန်တရားအတွက် မင်းရဲ့ရပ်တည်မှု့က ဘယ်လိုလဲ”

အဖမ်းခံရသူနဲ့ သံသယနဲ့စောင့်ကြည့်ခံရသူ ဘယ်ခံစားမှု့က ပိုသက်သာမလဲ။ အဖမ်းမခံခဲ့ရ တော့ နိုင်းယှဉ်မပြတတ်ပါ။ ရင်မှူးသိုက်ထွန်းဉီးကတော့ “ငါ့ကို အဲဒီလို မကြည့်နဲ့ ဖမ်းချင်ရင် တခါတည်းဖမ်းလိုက်”လို့ပေါက်ကွဲအော်ဟစ်ပစ်ခဲ့တာပဲ။ ကိုယ်ကိုယ်တိုင် အဲဒီလို အနေအထား မျိုးနဲ့ အကွက်ဆင်ခံနေရသူတယောက်က ဘာတွေကို ကာကွယ်ပြီး ဘာတွေကို တားဆီးပေးရ မှာပါလဲ။ အဲဒီအချိန် ကျမလုပ်နိုင်တာ တခုပဲရှိပါတယ် သူတို့နည်းတူ အဖမ်းခံလိုက်ဖို့ပါပဲ။

ကျမအသက်ဘေးအတွက် ကိုယ်လွတ်ရုန်းဖို့ဆိုတာမျိုး ဖြတ်သန်းခဲ့တဲ့တလျှောက် စဉ်းတောင် မစဉ်းစားမိဖူးပါ။ အခုချိန်မှာ လိုအပ်ခဲ့ရင်တောင်  သမီးအပါအဝင် ကျမတို့မိသားစုသုံးယောက် လုံးရဲ့ ဘဝတွေကို ရင်းပစ်လိုက်ဖို့ ဝန်မလေးသေးပါ။

ကျမရေးပြီးသားအကြောင်းအရာထဲကနေ အကျဉ်းပြန်ပြောရရင် ရန်အောင်နဲ့နန်းစောအဖမ်းခံ ရချိန်က ဉက္ကဌကိုထွန်းအောင်ကျော်ကို ”မဟုတ်နိုင်ဘူး”လို့ ကျမကိုယ်တိုင် တက်ပြောခဲ့ တယ်။” ဟုတ်တယ်” လို့သူတို့ကိုယ်တိုင်က ပြောဆိုခဲ့ပြီး ဆက်လုပ်ခဲ့ကြတယ်။ စိတ်ထဲမှာ ထင့်နေလို့ ”ဉက္ကဌ (ကိုထွန်းအောင် ကျော်)နဲ့ GS(ကိုအောင်နိုင်)တို့ အဖမ်းခံရတယ်ဆို တာကြားရင် ကျမကိုမဖမ်းလည်း ကျမကိုယ်တိုင်လာအဖမ်းခံမယ်”လို့  ကိုသန်းဇော်နဲ့ဇော် ဇော်မင်းတို့ ကေအိုင်အေ ဆေးသင်တန်းဘက် နောက်တခေါက် လူလာဖမ်းတဲ့အချိန်က ကျမပြောခဲ့တယ်။

ဉက္ကဌအဖမ်းခံရတာကြားကြားချင်းပဲ ထောက်လှန်းရေးရုံးကိုသွားဖို့ ကျောင်းသားစခန်းရုံးမှာ အကြောင်းကြားခဲ့တာ သွားအဖမ်းခံမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ထောက်လှမ်းရေးရုံးမှာ အလုပ် လုပ်နေတယ်ဆိုပြီး သွားခွင့်မရခဲ့ပါ။ ဆေးခန်းထဲမှာ ကိုသံချောင်းနဲ့ကိုအောင်နိုင်တို့ကိုပဲ တွေ့ခဲ့စကားပြောခဲ့ရတယ်။ “မင်းတက်နေတဲ့ ဆေးသင်တန်းကို ပြီးအောင်လုပ်ပါ။ မင်းအလှည့် ရောက်လာရင်သာ ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ အသင့်ပြင်ထားပါ”ဆိုတဲ့ ကိုအောင်နိုင် စကားအရ ယူဂျီလိုင်းကနေ ဝင်လာသူတွေအားလုံးနီးပါး သံသယအဖြစ်ခံခဲ့ရခြင်းမျိုး ဖြစ်နေ တာတွေကြောင့် ကြိုက်တဲ့အချိန် ဖမ်းဆိုတဲ့စိတ်မျိုးနဲ့ပဲ ကျမ အသင့်ရှိနေခဲ့ပါတယ်။

(၁၉၉၅-၁၉၉၆)ထိ ကျမ မြောက်ပိုင်းမှာပဲ ရှိနေပါတယ်။ ထွက်မပြေးခဲ့ပါ။ အဖမ်းမခံခဲ့ရလို့  ကိုယ်လွတ်ရုန်းတယ်ဆိုလည်း သူတို့မဖမ်းခဲ့တာတော့ ကျမ မတတ်နိုင်ပါ။ အဲဒီအတွက် မဖမ်းတဲ့သူရော၊ ဆွဲမထည့်ခဲ့တဲ့သူရော၊ ကာကွယ်ပေးခဲ့တဲ့သူရော မည်သူ့ကိုမှ ကျေးဇူးမတင်မိပါ။

ယခုအချိန်မှာ အမှန်တရားအတွက် မင်းရဲ့ရပ်တည်မှု့က ဘယ်လိုလဲ။
“အမှန်တရားဆိုတာ ဘာကိုဆိုလိုချင်တာပါလဲ။” မသင်းသင်းနဲ့ကျမ အဓိပ္ပါယ်ဖွင့်ပုံချင်း တူချင်မှ တူပါလိမ့်မယ်။ ကိုယ့်ဘက်က ကြည့်ရင် လက်ဖဝါး၊ သူ့ဘက်ကြည့်ရင် လက်ဖမိုး အဲဒီအမှန်ကို ပြောတာလား။ အဲဒီလိုဆိုရင်တော့ တကယ့်အမှန်တရားနဲ့ ဝေးနေကြအုံးမှာပါပဲ။  ဘာပဲဖြစ်ဖြစ် ကျမရပ်တည်မှု့ကို ကျမ ပြောပြနိုင်ပါတယ်။

အာဏာရူးလို့ ဖြစ်တာ၊ ဒေသစွဲကြီးလို့ အညိုးနဲ့လုပ်ခဲ့တာ နန်းအောင်ထွေးကြည် ပေးထားတဲ့အကြောင်းပြချက်ကို လုံးဝ လက်မခံပါ။ ရည်ရွယ်ချက်ရှိရှိ ၊အစီစဉ်ရှိရှိ အကွက်ကျကျနဲ့ ဖြစ်ပျက်သွားခဲ့ကြတာ ကျမ အဲဒီလိုပဲ လက်ခံနားလည်ထားတယ်။၊
ဘက်နှစ်ဘက်ရှိပါတယ်။

တဘက်က မြောက်ပိုင်းခေါင်းဆောင်တွေ ဉနှောက်မရှိ လို့ပဲဖြစ်ဖြစ်၊ အသုံးမကျလို့ပဲ ဖြစ်ဖြစ်၊ ထောက်လှမ်းရေးတွေလို့ အမှန်တကယ်ယုံကြည်သွားခဲ့ကြလို့သာ လပေါင်းများစွာ ထိန်းသိမ်း ထားပြီး အကြိမ်ပေါင်းများစွာ သူတို့လိုချင်တာ ထုတ်မပေးမချင်း ဒီလောက်ရက်စက်တဲ့ နည်းမျိုးစုံကိုသုံးပြီး မေးမြန်းစစ်ဆေးနေခဲ့ကြတာတွေက နန်းအောင်ထွေးကြည်ကိုယ်တိုင် ပြောထားရေးထားတဲ့စာထဲမှာတင် အထင်အရှား တွေ့နိုင်မြင်နိုင်ပါတယ်။ ဒါက ဘာကိုပြနေလဲ ဆိုတော့ ကျောင်းသားမှန်းသိသိ ချည်းနဲ့ လုပ်ခဲ့ကြတာ မဟုတ်ဘူး။ ထောက်လှန်းရေးတွေဆိုပြီး ရက်ရက်စက်စက်ကို လုပ်ခဲ့ကြတယ်ဆိုတာ ရှင်းနေပါတယ်။

တဘက်ကလည်း အားလုံးက ထောက်လှန်းရေး မဟုတ်တာသေချာရင်တော့ ဘယ်သူမှ ဉက္ကဌ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ဉီးစိန်တို့လို လူမျိုးတွေကို ဆွဲထည့် လက်ညိုးထိုးပြခဲ့ကြမယ်  မထင်ပါဘူး။ အသားအနာမခံနိုင်လို့ ထောက်လှမ်းရေးပါလို့ ဝန်ခံလိုက်ရပါတယ် ဆိုရင်တောင် အောက်ခြေက ရဲဘော်လေးငါးယောက်လောက်နဲ့ ပြီးရမဲ့ကိစ္စ။ ဘာမှ ရဲဘော်တွေ တပုံတခေါင်း ကြီး ပါသွားစရာမလိုသလို   ဉက္ကဌတို့လို ကိုချိုကြီးတို့လို ယူဂျီတာဝန်ခံတွေအထိ ရောက်လာ စရာကို အကြောင်းမရှိပါ။

စိုးမင်းအောင်အပါအဝင် စတင်အဖမ်းခံခဲ့ရတဲ့ ဒီလူတွေအားလုံးဟာ  ယူဂျီလိုင်းကတဆင့် ဝင်လာခဲ့သူတွေဖြစ်တဲ့အပြင် အဖမ်းအဆီးခံခဲ့ရသူအများစုက ယူဂျီလိုင်းကနေ ရောက်လာခဲ့ သူ အားလုံးနီးပါးဖြစ်နေခြင်းက ဒီဖြစ်စဉ်ရဲ့ ထူးခြားချက်တခု။

မြင်ကြည့်ရရင် ကိုချိုကြီး၊ကိုထွန်းအောင်ကျော်တို့လို ထိပ်ပိုင်းယူဂျီခေါင်းဆောင်တွေကို ရှင်းထုတ်ပစ်နိုင်ခဲ့ခြင်းနဲ့အတူ တချက်ခုတ် နှစ်ချက်ပြတ် ယူဂျီလိုင်းကနေ ဝင်လာခဲ့ကြသူတွေ အားလုံးနီးပါး တဘရိတ်တည်းနဲ့ ကိုယ့်အိမ်ကိုယ်ပြန်ရောက်သွားကြရတဲ့ အဖြစ်မျိုး ဖန်တီးယူပြီး ကျောင်းသားတပ်အင်အားဖြိုခွဲခံလိုက်ရခြင်း။ တောနဲ့မြို့ ဆက်သွယ်နေမှု့ကို ဖြတ်တောက်ပစ် ခံလိုက်ရခြင်း။

အင်အားအလုံးအရင်းနဲ့ရှိနေတဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေထက် ကျောင်းသားတပ်ကို စစ်အစိုးရအကြောက်ဆုံးအရာက တောနဲ့မြို့ပြဆက်သွယ်ပြီး အလုပ်လုပ်နေကြတာတွေကိုပါ။ ဒီဖြစ်ရပ်မှာ အဓိကပစ်မှတ်ထား လုပ်သွားကြတဲ့ကိစ္စက တောနဲ့မြို့ဆက်သွယ်လုပ်နေကြတဲ့ ကိစ္စတွေက အဓိကဖြစ်ပါတယ်။ တောထဲမှာ ရှိနေတဲ့ ကျောင်းသားတပ်လောက်ကိုတော့ စစ်အစိုးရက မမူ့ပါဘူး။

လုပ်တဲ့သူပဲ တရားခံဆိုတဲ့ နာကျည်းတဲ့ခံစားချက်နဲ့တင်ရပ်မနေပဲ တခုလုံးကို ခြုံပြီး အတွင်းကို မြင်နိုင်အောင် ကြိုးစားကြည့်စေ ချင်ပါတယ်။ အားလုံးဟာ စစ်အစိုးရရဲ့သားကောင်တွေချည်း ပါ။

ခြုံကြည့်လိုက်ရင် တဘက်က ထောက်လှန်းရေးဆိုပြီး လုပ်ကြတယ်။ တဘက်က ငါတို့ အယောက်တရာလုံးတယောက်မှ ထောက်လှန်းရေး မဟုတ်ဘူးဆိုပြန်တယ်။ (ကိုယ့်ကိုယ်ကိုသာ အာမခံနိုင်တဲ့ခေတ်ကြီးထဲမှာ အဲဒီအယောက်တရာလုံး တယောက်မှ ထောက်လှမ်းရေး မဟုတ်ဘူးဆိုတာ အဲဒီလိုပြောတဲ့သူက အားလုံးကိုယ်စား အာမခံရဲတာ သေချာပါရဲ့လား၊ အားလုံးကို တာဝန် တကယ်ယူနိုင်ပါသလား၊ ဒါမျိုးက တဉီးချင်စီရဲ့ ရပ်တည်ချက်နဲ့ လုပ်ပုံကိုင်ပုံပြောဆိုပြုမူပုံတွေအလိုက် သုံးသပ်ဆုံးဖြတ်ကြရတဲ့ကိစ္စဖြစ်ပါတယ်၊ ခံခဲ့ရလို့ဆိုတဲ့စာနာစိတ်နဲ့ သုံးသပ်ဆုံးဖြတ်လို့ရတဲ့ကိစ္စမဟုတ်ပါ။)

အဲဒီလို ဘက်နှစ်ဘက်ရှိတဲ့ထဲမှာမှ ကြားထဲကနေ ဉက္ကဌကိုထွန်းအောင်ကျော်၊ကိုချိုကြီး၊ ဉီးစိန်တို့လို လူမျိုးတွေအပါအဝင် ဗဟိုကော်မတီတွေကို ထောက်လှမ်းရေးတွေ ဖြစ်သွားအောင် လုပ်သွားခဲ့တဲ့သူတွေ ဆွဲထည့်ခဲ့ကြတဲ့သူတွေက ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး  ရိုးသားမှု့ မရှိတဲ့သူတွေပဲ ဖြစ်တယ်ဆိုတာ ထင်ရှားနေပါတယ် ။  ဒီဖြစ်ရပ်ကို တမင်ဖန်တီးယူခဲ့ကြသူ တွေဟာ အဲဒီလူတွေပဲ ဖြစ်တယ်ဆိုတာ မြင်နိုင်ပါတယ်။ အဲဒီတော့ ကြားလူ ရှိနေတယ်။ ကျမရှာနေတဲ့ အမှန်တရားက အဲဒီကြားလူတွေကို အများသိရှိအောင် ဖော်ထုတ်နိုင်ဖို့ပါပဲ။ ဒါက ကျမရဲ့ ရပ်တည်ချက်။

(၂) AB မြောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှု့ကြီး ဖော်ထုတ်ပေးရေး ၊ အမှန်ကို မဖော်ထုတ်ပဲ ရေငုံနူတ်ပိတ်နေတာ၊ ကာကွယ်ပေးနေတာတွေဟာလည်း မမှန်ကန်ဘူး။

အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်အမှန်အတိုင်း ကျမမြင်ရတွေ့ရကြားသိရသမျှ ကျမ ရေးထားပြီးပါပြီ (www.naythit.net) မသင်းသင်းအသေအချာ ဖတ်ရမဖတ်ရ ကျမ မသိပါ။ အဲဒီဖြစ်စဉ်အပေါ် ကျမမြင်တဲ့အမြင်တွေကိုလည်း လူမိုက်လုပ်ပြီး ချပြခဲ့ပြီးပါပြီ။ ကိုယ်ဖြစ်စေချင်သလိုမျိုး အာဏရူးလို့ ဖြစ်ရတာပါ။ ကိုယ် မမြင်တွေ့ခဲ့ရပါဘဲနဲ့ ဟုတ်ပါတယ်၊ အဲဒီလို အဲဒီလိုတွေ လုပ်ခဲ့ကြတာပါလို့ လိမ်ညာမရေးခဲ့တဲ့အတွက် ကာကွယ်ပေးနေတာပါ၊ လက်မခံဘူး၊ မယုံဘူးဆိုလည်း ကျမ မတတ်နိုင်ပါ။ ကျမအနေနဲ့တော့ မဟုတ်ပါပဲ လုပ်ကြံဖန် တီးပြီး အားလုံးအကြိုက် လိုက်မရေးနိုင်ပါ။ ဒါက မြောက်ပိုင်းရဲမေတယောက်ရဲ့ မြောက်ပိုင်း ကျောင်းသားတပ်ရဲ့မှတ်တမ်း တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

ရေငုံနူတ်ပိတ်လည်း မနေတတ်သလို လေယူရာတိမ်းပြီးလည်း မယိမ်းတတ်ပါ။ ဒါကြောင့်လည်း အခုချိန်ထိ တကောင်တည်းပါပဲ၊ ဒါပေမဲ့ ကြွက်တော့ မဟုတ်ပါ။ ဒါတွေ ဖြစ်နေချိန်က စိတ်ထဲ ရှိတဲ့အတိုင်း ဗြောင်ပြော ဗြောင်ဖိုက်လုပ်နေလို့ “အဲဒါတွေက မင်းကို ပြန်ကယ်သွားခဲ့တာ၊ ထောက်လှမ်းရေးဆိုရင် နည်းပရိယာယ်ရှိတယ် မင်းလို ဘလိုင်းကြီးပြော ဘလိုင်းကြီးဖိုက် နေတာမျိုးတွေ မလုပ်ဘူး။”လို့ နောက်ပိုင်းမှာ ကျောင်းသားထောက်လှမ်းရေးတာဝန်ခံ ကိုသန်းဇော်ကိုယ်တိုင် ကျမကို ပြောခဲ့တာပါ။ ဟုတ်မဟုတ်တော့ မသိပါ။

ထောက်လှမ်းရေးဖြစ်ဖြစ် မဖြစ်ဖြစ် အရေးမပါဘူး။ ဒါကို လူ့အခွင့်အရေး ရှူ့ထောင့်ကကြည့်ပြီး လူ့အခွင့်အရေးချိုးဖောက်တာက အဓိကဆိုရင်တော့ အဲဒါက ကဏ္ဍတခုလို့ပဲ မြင်ပါတယ်။ ဒီလိုတွေ ဒီလိုတွေ ရက်ရက်စက်စက် လုပ်ခဲ့ကြပါတယ်ဆိုတာတွေကို နန်းအောင်ထွေးကြည်၊ ကိုအောင်မိုးဝင်း၊ ကိုညီညီကျော်တို့ ပြောကြ ရေးကြမှသာ မြောက်ပိုင်းရဲဘော်ရဲမေအများစုက သိခဲ့ကြရတာပါ။ ကျမတို့ကိုယ်တိုင် မြင်ခဲ့ရ တွေ့ခဲ့ရတာတွေ မဟုတ်ပါဘူး။

ကိုသန်းဇော်၊ ဇော်ဇော်မင်း၊ အောင်စိုးမြင့်တို့ကို တိုက်ရိုက်မေးကြည့်နိုင်မှ သူတို့ပြောခဲ့ကြ ရေးခဲ့ကြသလိုတွေ ဟုတ်မဟုတ် အမှန်အတိုင်းသိကြရမဲ့ ကိစ္စတွေလည်း ဖြစ်ပါတယ်။ (ရေးထားတဲ့ စာလေးနဲ့တင် ကျမကိုတော့ ကာကွယ်ပေးနေပါသလေး ညာလေးနဲ့ သံပြိုင်အော် နေတဲ့သူတွေက ဘာကြောင့် အဲဒီလူတွေကို စစ်ထောက်လှမ်းရေးက အမှန်တကယ်ကာကွယ် ပေးထားတာကျတော့ ကာကွယ်ပေးနေပါတယ်လို့ တခွန်းလေးတောင် လေးသံမဟကြဘူး။ ကြည့်ရတာ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး အများရှေ့မှာ စုံရှင်းကြရင် ပွဲပြတ်သွားမှာစိုး လုပ်စရာတွေကျန်နေသေးလို့ ထင်ပါရဲ့။ ) ကျမတောင် အဆောင်ရှေ့ကနေ လှမ်းမြင်လိုက်ရလို့ ဘာပဲဖြစ်ဖြစ် ငါသိကို သိနေရမယ်ဆိုတဲ့ စိတ်နဲ့ရောက်သွားခဲ့လို့ လူ(၁၅)ယောက်ကို တရားဝင်ပြဌာန်းထုတ် သတ်ခဲ့တာကို ကြားခဲ့ရ သိခဲ့ရတာ ။ လှမ်းမမြင်လိုက်ရရင် သိလိုက်မှာတောင် မဟုတ်ဘူး။ ဒါက ကျမတို့ ရဲဘော်ရဲမေ အများစုရဲ့ အနေအထား။

ကိုအောင်မိုးဝင်းတို့နန်းအောင်ထွေးကြည်တို့ရေးထားတဲ့ စာတွေထဲမှာ လူတဉီးချင်းစီအလိုက် ဘာတွေဘာတွေ အလုပ်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေရေးထားတာရှိပါတယ်။( ရေးသမျှအားလုံးဟာ နန်းအောင်ထွေးကြည် လေသံချည်းပါ) အဲဒါတွေကို ကိုယ်တိုင်မြင်ခဲ့ တွေ့ခဲ့ သိခဲ့ရသူတွေက ပြောခဲ့တာအမှန်ဖြစ်ခဲ့ရင် အဲဒီရဲဘော်တွေကသာ မျက်မြင်သက်သေစစ်စစ်တွေ ဖြစ်ကြပါတယ်။
သတင်းစာရှင်းလင်းပွဲတွေ အကြိမ်ကြိမ် အခါခါလုပ်ပြီး “လုပ်ခဲ့ကြပါတယ် လုပ်ခဲ့ကြပါတယ်” ဆိုတာတွေနဲ့တင် အက်ကြောင်းထပ် နေကြ မျက်ရည်တွေတွေကျနေကြမဲ့အစား  အဲဒီသက်သေရဲဘော်တွေကို သတင်းစာရှင်းလင်းပွဲမှာ ခေါ်ထုတ်ပြီး တခါတည်း ဖွင့်ချ ဖော်ထုတ် ၊ လုပ်မယ်ဆိုပြီးစခဲ့ကြမှတော့ အပြတ်လုပ်သင့်တယ် ထင်ပါတယ်၊ အသက်အန္တရာယ် စိုးရိမ်ရလို့တဲ့။ နအဖဘက်က အန္တရာယ်လား။ နအဖက သဘောတောင်ကျနေလွန်းလို့ တရားစွဲတာတောင် လက်ခံထား ပြီးပြီ၊ ကျောင်းသားတပ်ဘက်ကလား။ ကျောင်းသားတပ် အဲဒီလိုအလုပ်မျိုး မလုပ်ပါ။ တခါခါ ဇာတ်မရှည်ရှည်အောင် ဆွဲဆန့်နေသလို အပိုတွေလုပ် နေတာမျိုး တွေ့နေရတယ်။

လုပ်ခဲ့တဲ့သူတွေကိုလည်းသိနေပြီးသား။  ခံခဲ့ရသူတွေကလည်း အသင့်ရှိနေတယ်။ သက်သေ စစ်စစ်တွေလည်း ရှိထားပြီ်။  လူ့အခွင့်အရေးချိုးဖောက်မှု့လို့လည်း ခေါင်းစဉ်အသင့်တပ် ထားပြီးသား၊ တရားစွဲတဲ့လူကလည်း စွဲနေပြီ။ အသားအနာခံရလို့ ထောက်လှမ်းရေးဟုတ် တယ်ဆိုတာလည်း ကိုယ့်ဘာသာကိုယ်ပြောခဲ့ကြတာပဲ။ အခု အသားနာစရာလည်းမရှိတော့ တဲ့အတွက် မဟုတ်ပါဘူးဆိုတာလည်း ကိုယ်ဘာသာကိုယ်ပြောနေကြတာပဲလေ။သေသွားတဲ့ လူတွေ သမိုင်းကလည်း သူ့ဘာသာသူရှိ နေကြ မှာပဲ။ နောက်ထပ် ဘာကို ဖော်ထုတ်ပေးစေချင်တာပါလဲ။

ကိုအောင်နိုင်၊ကိုလှဆိုင်းတို့ကို ဂုတ်ဆွဲမပြီး နအဖလက်ထဲပဲ လာထည့်ပေးကြရတော့မလို တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်ပြောဆိုလုပ်ဆောင်နေမှု့တွေ ဖြစ်မှန်းမသိ ဖြစ်လာနေတာ တွေ့မြင်နေရပါတယ်။

မြန်မာပြည်ထဲမှာ အမှု့ဖွင့် တရားစွဲတဲ့ရည်ရွယ်ချက်က ဘာကိုဉီးတည်နေသလဲ။ ဘယ်လိုပဲခေါင်းစဉ်တပ်တပ်ပါ လိုရင်းက ကိုအောင်နိုင်၊ကိုလှဆိုင်းအပါအဝင် မြောက်ပိုင်း ဗဟိုကော်မတီဝင်တွေ အားလုံးကို စစ်အစိုးရလက်ထဲ ထိုးအပ်လိုက်ဖို့ လုပ်နေခြင်းပဲ မဟုတ်လား။ အဲဒီအတွက် ကျမက ဘာလုပ်ပေးရမှာပါလဲ။ အဲဒီအတွက် ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ဉီးစိန်တို့လို သေသွားတဲ့ရဲဘော်တွေက တော်လှန်ရေးရဲဘော်တွေသာ အမှန်ဖြစ်ခဲ့ရင် ဝမ်းသာပိတီဖြစ်နေကြလိမ့်မယ် ထင်ပါသလား။

ကျမသာ ကိုလဆိုင်းနေရာမှာဆို စစ်အစိုးရလက်ထဲတော့ အအပ်မခံနိုင်ဘူး။ စစ်အစိုးရကို တိုက်ရင်းနဲ့ပဲ အသေခံပစ်လိုက်မယ်။ လူ့အခွင့်အရေးချိုးဖောက်မှု့ကြီးတွေကို  ရာစုနှစ်ထက်ဝက်ကျော် တနိုင်ငံလုံးအတိုင်းအတာနဲ့ကျူးလွန်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ လည်ပင်းကြိုးကွင်းစွပ်နိုင်တဲ့နေ့ဟာ ကျမတို့နိုင်ငံမှာ အမှန်တကယ်တရားမျှတတဲ့ တရားရုံးတွေ ပေါ်ပေါက်လာတဲ့နေ့ဖြစ်သလို ကြိုးကွင်းစွပ်ခံရမယ်ဆိုလည်း စွပ်ပျော်ပါတယ်။

ဒီစစ်အစိုးရရဲ့မတရားတဲ့လုပ်ရပ်တွေအပေါ်မှာ အခြေခံပြီးမှ ဖြစ်ပျက်ခဲ့ကြရတဲ့ကိစ္စကြီးကို ဒီစစ်အစိုးရဲ့မတရားရုံးတွေအောက်ကနေ တရားမျှတတဲ့ဆုံးဖြတ်ချက်ကို မျှော်လင့်လုပ်နေကြ ပါတယ်ဆိုရင် အဲဒီလူတွေတော်လှန်ရေးရဲဘော်တွေတော့ မဖြစ်နိုင်တော့ဘူး။ စစ်အစိုးရအား ပေးတွေဖြစ်ရင်ဖြစ် မဖြစ်ရင် ရူးနေကြလို့ပဲ ဖြစ်လိမ့်မယ်။

ကိုယ့်ပတ်ဝန်းကျင်မှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရသူတွေကလည်း ထုနဲ့ထေး၊ ကိုယ်တိုင် လည်း အဖမ်းခံခဲ့ကြရတာကလွဲရင် ဘာကိုမှ မြင်ခဲ့တွေ့ခဲ့ရတာလည်းမဟုတ်၊ ကိုယ့်အိမ်ကို တောင် ပြန်ခွင့်ရသေးတာမဟုတ်၊ ကိုယ့်မိသားစုနဲ့လည်း ပွင့်ပွင့်လင်းလင်း မဆက်သွယ်နိုင် သေးတဲ့အပြင် ကိုယ်ကိုယ်တိုင်လည်း လူ့အခွင့်အရေးချိုးဖောက်ခံနေရဆဲ၊ တရားဝင်တာတွေ တရားမဝင်တာ တွေနဲ့ ပတ်သက်ပြီး ကုန်ကုန်ပြောရမယ်ရင် ကျမတို့လင်မယားတောင် တရားဝင်လင်မယားအရာ မမြောက်သေး၊ ကျမသမီးလည်း နိုင်ငံမဲ့မွေးဖွားလာသူတယောက် အဖြစ်သာရှိသေး။ တနိုင်ငံလုံးအတိုင်းအတာနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှု့တွေ ရှိနေသေး သမျှ ဒီစစ်အစိုးရအုပ်ချုပ်နေသမျှ ကျမအနေနဲ့ အဲဒီခေါင်းစဉ် နဲ့ပတ်သက်ပြီး တစုံတရာ အကူညီပေး နိုင်လိမ့်မည် မထင်ပါ။ အဲဒီခေါင်းစဉ်အတွက်ပဲ လုပ်နေကြသူတွေ အဖွဲ့အစည်းတွေ အများကြီးပါ၊  သူတို့ ကူညီပေးကြပါလိမ့်မယ် ဒီအတွက် စိတ်ပူနေစရာ အကြောင်းမရှိဘူး ထင်ပါတယ်။

(၃) ခင်ရွေလှိုင်ရေ--မင်းနဲ့ ယခုလက်ရှိအေဘီဉက္ကဌတို့ရဲ့ ပတ်သက်မှု့က ကြီးမားနေပြီး---။ ဒီအချိန် အမှန်တရားပေါ်ပေါက်ရေးက အင်တိုက်အားတိုက်ဖြစ်သင့်ပြီ။

အဖွဲ့အစည်းရဲ့ လုပ်ရိုးလုပ်စဉ်သဘောကို နားမလည်တဲ့ အရပ်သူတဉီးအနေနဲ့ ရိုးရိုးသားသား အားကိုးတကြီးပြောခဲ့တာလို့ပဲ မှတ်ယူလိုက်ပါတယ်။ ဒါပေမဲ့ မသင်းသင်းရဲ့အကိုကြီး ဘာတွေလုပ်နေ ကိုင်နေတယ်ဆိုတာ မသင်းသင်း မသိခဲ့ရသလိုပါပဲ။
အဖြစ်အပျက်ထဲမှာ ကိုယ်တိုင်ပါဝင်ခဲ့ကြ ၊ ခံခဲ့ကြရတဲ့သူတွေတောင် “ဘာကြောင့် အဲဒီလိုတွေ ဖြစ်ပျက်သွားခဲ့ကြရတယ် ထင်ပါသလဲ“ဆိုတဲ့ မေးခွန်းကို အခုထိ အတိအကျ မပြောနိုင်သေးပဲ ဟိုလိုလို ဒီလိုလို ယောင်ဝါးဝါးဖြေဆိုလျှက်သာ ရှိနေပါလျက်နဲ့ ကိုယ်တိုင်လည်းမပါဝင်ခဲ့၊ ဘာတွေဖြစ်ပျက်ခဲ့ကြတယ်ဆိုတာလည်း သူများပြောသလောက်သာ သိခွင့်ရကြတဲ့၊ ဘယ်သူ့ ကိုမှလည်း မမြင်ဖူးခဲ့၊ မဆက်ဆံဖူးခဲ့ကြတဲ့သူတွေက ဘယ်လိုနည်းနဲ့များ အမှန်တရား ဖော်ထုတ်ပေးကြမှာပါလိမ့်လို့ စိတ်ဝင်စားမိတာက လွဲရင် ကျမ သိလည်းမသိခဲ့ဘူး။ သိဖို့လည်း မကြိုးစားခဲ့ဘူး။ သိဖို့လည်း မလိုဘူးလို့ ယူဆပါ တယ်။

ဒါကြောင့် ကျမအမျိုးသားက ကျမကို ” မတော်တဆ အဖမ်းခံခဲ့ရလို့ကတော့ ဉက္ကဌမိန်းမလုပ် ပြီး မင်းဘာမှမသိဘူးဆို မင်းကို ဟိုကောင်တွေ ယုံမှာမဟုတ်ဘူး။ အတီးခံရတာနဲ့ပဲ မင်းတော့ သွားတွေ အကုန်ကျွတ်ကုန်မှာပဲ။”လို့ ပြောဖူးပါတယ်။
လင်မယားဆိုတာ ဆိုင်သာဆိုင်တာပါ ။ စိတ်ချင်း အလုပ်ချင်း ပေါင်းနေကြတာမျိုး မဟုတ်ပါ ဘူး။ သူ့စိတ်နဲ့ သူ့ယုံကြည်ချက်နဲ့ သူ့ဘာသာဆုံးဖြတ်လုပ်ခဲ့သမျှ သူဖြစ်ရင် သူ့ဘာသာသူပဲ ခံရမှာဖြစ်သလို ကျမစိတ်နဲ့ ကျမယုံကြည်ချက်နဲ့ ကျမဘာသာ ဆုံးဖြတ် လုပ်ခဲ့သမျှ ကျမဖြစ်ရင် လည်း ကျမဘာသာခံဖို့ ဝန်မလေးပါ။ အဲဒီသဘောနဲ့ပဲ သူလုပ်တာက သူနဲ့ပဲဆိုင်တယ် ကျမ တစုံတရာ ဝင်ရောက်ပြောဆိုတာမျိုး မရှိသလို ကျမလုပ်တာက ကျမနဲ့ပဲဆိုင်တယ် သူတစုံတ ရာ ဝင်ရောက်ပြောဆိုချင်ရင်တောင် ကျမ လက်ခံနိုင်မှ ဖြစ်မဲ့ကိစ္စပါ။ ဒါက ကျမတို့ နှစ်ယောက် ရဲ့ ဆက်ဆံရေးပါ။

လင်မယားဖြစ်တာနဲ့ ရောကြိတ်တတ်တဲ့ အိမ်ထောင်ဉီးစီးရာထူးလေသံနဲ့ ပြောတတ်ဆိုတတ် တာတွေ ကျင့်သားရနေကြ ရင်တော့ဖြင့် မတတ်နိုင်ပါ။ သေချာတာက ကျမအိမ်ရဲ့ အိမ်ထောင် ဉီးစီးက ကျမကိုယ်တိုင်ပဲ ဖြစ်သလို ကျမအမျိုးသားအတွက် ကျမ “လူ”ဖြစ်လာတာ မဟုတ်ပါ။

ဒါကြောင့် ကိုသံခဲက သူ့မိန်းမနဲ့သူ့သမီးကိုတော့ နိုင်ငံခြားပို့ထားပြီး----လို့ ပြောတာ ဆိုတာမျိုး ကြားရရင် ကျမနဲ့ကျမသမီးကို အဝတ်လိုသဘောထား သပ်သပ်ရပ်ရပ်ခေါက် သေတ္တာထဲထည့်ပိတ်ပြီး စာတိုက်သွားပို့နေတဲ့ ကိုသံခဲပုံကြီးကိုပဲ မြင်ယောင်နေမိ ပါတယ်။

“ဉက္ကဌသံခဲကတော်”ဆိုတဲ့ အသုံးအနူန်းကို ကြားရတိုင်းလည်း ထားရာနေ၊စေရာသွား၊ ယောကျာ်းအားကိုး၊ ယောကျာ်းသနားမှ နွားချမ်းသာရဆိုသလို ယောကျာ်းမျက်နှာအရိပ် တကြည့်ကြည့်နဲ့ အများသတ်မှတ်လေ့ရှိတဲ့ ဇနီးကောင်းတယောက်အဖြစ် သူသွားလေရာ သူ့ဘေးမှာ မားမားမတ်မတ်ကြီးရပ်နေတဲ့ပုံကို ကိုယ့်ဘာသာကိုယ်ပြေးမြင်ယောင်ကြည့်မိပြီး ရယ်မိတာများ မျက်ရည်တောင်ကျမိပါတယ်။ အဟုတ်။

စိန်နံကပ်အရောင်နဲ့ ပါးပြောင်ရတဲ့ဘဝမျိုးကို ကျမ အလွန်ရွံပါတယ်။ အဲဒါတွေထက်စာရင် ဘာမှအသုံးမကျပါဘူးဆိုတဲ့ ကျမရဲ့ ရဲမေဘဝကိုပဲ ကျမ ပိုမြတ်နိုးပါတယ်။ ကျမပြောဆို လုပ်ကိုင် ဆောင်ရွက်သမျှ ကျမနဲ့ပဲဆိုင်ပါတယ်။ ကျမအမျိုးသားဉက္ကဌ ဆိုတာကြီးနဲ့ မဆိုင်သလို အဖွဲ့အစည်းရဲ့သဘောထားလည်း မဟုတ်ပါ။

ရေးတဲ့သူတွေက အမှန်တကယ်ရိုးသားခဲ့ကြရင် ရဲမေခင်ရွှေလှိုင်ပဲ သုံးရရေးကြရမှာပါ။ မဆီမဆိုင် ကျမအမျိုးသားနာမည်နဲ့ ရာထူးကို တွဲဘက် ဖော်ပြခေါင်းစဉ်တပ် နေကြစရာ မလိုပါ ။ ဒီလိုသုံးနူန်းခြင်းကိုက မရိုးသားမှု့တွေကို ပြဆိုနေခြင်း ပဲ ဖြစ်တယ်လို့ ကျမယူဆပါတယ်။

ထိုနည်းတူ အေဘီဉက္ကဌကိုသံခဲနဲ့အဖွဲ့အစည်း လုပ်ကိုင်ဆောင်ရွက်နေတာတွေလည်း ကျမ သိလည်းမသိပါ ၊ ပါဝင်ပတ်သက်မှု့မရှိသလို ကျမနဲ့လည်းမသက်ဆိုင်ပါ။  ဒီလောက်ဆို ကျမ အနေအထားကို မသင်းသင်း သဘောပေါက်လိမ့်မယ် ထင်ပါတယ်။

နိဂုံးချုပ်အနေနဲ့ မသင်းသင်းကို ကျမ ပြောနိုင်တာက လက်ဖဝါးလည်းမဟုတ် လက်ဖမိုးလည်း မဟုတ်တဲ့ မဇ္ဈိမပဋိပဒါနည်းကျကျ အမှန်တရားကိုသာ ကျမ လိုလားတယ်။ အဲဒီအတွက် ကိုအောင်နိုင် ၊ကိုလှဆိုင်း၊ ကိုစိန်အေး၊ ကိုလှဌေး၊ ကိုစိုးလင်း ၊ ကိုညီညီကျော်၊ ကိုရဲလင်းစတဲ့ မြောက်ပိုင်းဗဟိုကော်မတီဝင်တွေ အားလုံးသာမက ကိုသန်းဇော်၊ ဇော်ဇော်မင်း၊ အောင်စိုးမြင့်၊ နန်းအောင်ထွေးကြည်၊ ကိုညီညီဆမား၊ ကိုခင်မောင်ဇော် (ခ) ခို၊ ကြောင် (ခ) ကိုကျော်နိုင်ဉီး တို့ပါမကျန် မြောက်ပိုင်းရဲဘော်ရဲမေ တွေအားလုံး မိဘပြည်သူတွေရဲ့ရှေ့မှာ မျက်နှာချင်းဆိုင် စုစုံဖြေရှင်းရမဲ့အချိန်ကို ကျမ စောင့်ကြိုနေပါတယ်။

ရင်နှင့်အမျှပါ ---- မသင်းသင်း။
ရဲမေ ခင်ရွှေလှိုင်
မပ-ဝ၀၃၆
ကျောင်းသားတပ်မတော်  (မြန်မာပြည်မြောက်ပိုင်း)
  • Hmone Shwe Yi and 11 others like this.
  • Kyi Kyi Khin အပြည့်အ၀ ထောက်ခံတယ်။
  • Nge Naing ကျွန်မဘလော့ဂ်မှာ ပေးစာနဲ့အတူ ပြန်ဖေါ်ပြထားပါတယ်။ http://nge-naing.blogspot.com.au/2013/01/absdf.html
    nge-naing.blogspot.com
    ပေးစာကို ရေးသူက ၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က ABSDF မြောက်ပိုင်းမှာ ရန်သူ့သူလျှိုအဖြစ်  သေဒဏ် ပေးခံရသူ ကိုချိုကြီးရဲ့ ညီမဖြစ်ပြီး ပြန်စာကို ရေးသူက ABSDF မြောက်ပိုင်း ရဲမေဟောင်းတဦး ဖြစ်သူ မခင်ဆွေလှိုင်ဖြစ်ပါတယ်။ ပေးစာကို နန်းအောင်ထွေးကြည် Facebook မှ ကူးယူဖေါ်ပြပြီး ပြန်စာကို မခင်ရွှေလှိုင် Facebook...
  • San Dar လက်ဖဝါးလည်းမဟုတ် လက်ဖမိုးလည်း မဟုတ်တဲ့ မဇ္ဈိမပဋိပဒါနည်းကျကျ အမှန်တရားကိုသာ ကျမ လိုလားတယ်။ အဲဒီအတွက် ကိုအောင်နိုင် ၊ကိုလှဆိုင်း၊ ကိုစိန်အေး၊ ကိုလှဌေး၊ ကိုစိုးလင်း ၊ ကိုညီညီကျော်၊ ကိုရဲလင်းစတဲ့ မြောက်ပိုင်းဗဟိုကော်မတီဝင်တွေ အားလုံးသာမက ကိုသန်းဇော်၊ ဇော်ဇော်မင်း၊ အောင်စိုးမြင့်၊ နန်းအောင်ထွေးကြည်၊ ကိုညီညီဆမား၊ ကိုခင်မောင်ဇော် (ခ) ခို၊ ကြောင် (ခ) ကိုကျော်နိုင်ဉီး တို့ပါမကျန် မြောက်ပိုင်းရဲဘော်ရဲမေ တွေအားလုံး မိဘပြည်သူတွေရဲ့ရှေ့မှာ မျက်နှာချင်းဆိုင် စုစုံဖြေရှင်းရမဲ့အချိန်ကို ကျမ စောင့်ကြိုနေပါတယ်။ရင်နှင့်အမျှပါ ---- မသင်းသင်း။

    ရဲမေ ခင်ရွှေလှိုင်